Have a Little Heart
Vol. 11 Ch. 108
ယွဲ့လင်း၏ဘဝင်ခိုက်နေသော အပြုံးကို ကျန်းကျီမြောင် နားလည်ရခက်စွာ ကြည့်လိုက်ပါသည်။
ဝတ္ထုထဲက ဇာတ်လမ်းအရဆို ယွဲ့လင်းက မင်းဆိုးမင်းညစ်ဖြစ်သည်။ နန်းတွင်းအရာရှိတွေကို စိတ်ရှိတိုင်း ကွပ်မျက်သုတ်သင်တတ်ပြီး အမျက်ဒေါသလည်း အလွန်ကြီးမားတာကြောင့်ဖြစ်ပါသည်။
ယခုလက်ရှိလည်း ယွဲ့လင်းက မင်းဆိုးမင်းညစ်ဖြစ်နေဆဲ ဖြစ်သည်။ အနောက်နန်းဆောင် ညီအစ်မတွေရှေ့စွပ်ပြုတ် သောက်ပြပြီး ရန်စခြင်းနှင့် တော်ဝင်စာကြည့်ဆောင်ထဲ အမတ်တွေရှေ့မှာ မစ်တီးပုလဲသီး စုပ်သောက်ပြကာ ရန်စနေခြင်းတို့က သာမန်မဟုတ်ပါ။
သေချာတယ်! တကယ့် မင်းဆိုးမင်းညစ်ပဲ!
ယွဲ့လင်း ကျန်းကျီမြောင်ကိုခေါ်လာပြီး သူ့ဘေးမှာ ထိုင်ခိုင်းလိုက်သည်။
ကျန်းကျီမြောင်ကို မြင်သောအခါ ရှစ်ယိုချန်းမျက်နှာ အနည်းငယ် အကျည်းတန်သွားကာ မနေနိုင်ဘဲ လျှောက်တင်လိုက်ပါသည်။
“အရှင်မင်းကြီး… အခု အရေးကြီးတဲ့ နန်းတွင်းရေးရာကိစ္စတွေကို ဒီငယ်သားတို့ ဆွေးနွေးတိုင်ပင်နေကြတာပါ,၊ အခုလို မိဖုရားကြီး ရုတ်တရက် ကြွမြန်းလာတော့ အရေးကိစ္စတွေ နှောင့်နှေးမသွားနိုင်ဘူးလား”
ထို့နောက် ယွဲ့လင်း၏စားပွဲပေါ်က ဆင်စွယ်ခွက်ကို ညွှန်ပြရင်း ရှစ်ယိုချန်း ဝေဖန်ပြောဆိုလိုက်သည်။
“ပြီးတော့ အဲ့ဒီ မစ်တီးဆိုတဲ့ဟာ… သာမန်အချိန်မှာ အရှင် မင်းကြီး တစ်ကိုယ်တည်းသုံးဆောင်တာ ကိစ္စမရှိပေမယ့် ဒီလို အခြေအနေမျိုးမှာ စိတ်ရှိတိုင်းသုံးဆောင်နေတာ မသင့် တော်ပါဘူး!”
ရှစ်ယိုချန်း စကားအဆုံးတွင် သူ့ဘေးမှာထိုင်နေသည့် တရားရေးရာဝန်ကြီးက ပုလဲသီးတစ်လုံးရဖို့အတွက် ပိုက်ကို အားရပါးရစုပ်လိုက်ပါသည်။ ပုလဲသီးပါမလာသော် လည်း အသံကတော အတော်လေးကျယ်လောင်သည်။
“ငါတစ်လုံးရသွားပြီ တစ်လုံးရသွားပြီ!”
ထုံးတမ်းရေးရာဝန်ကြီးက ပျော်ရွှင်မြူးထူးစွာ ရုတ်တရက် ထပြောလိုက်လေသည်။
“ဟုတ်လား တကယ်လား”
တခြားဝန်ကြီးမှူးမတ်တွေလည်း မနာလိုမုန်းတီးသော မျက် လုံးများဖြင့် ဝိုင််းကြည့်လိုက်ကြသည်။
ရှစ်ယိုချန်း: “???”
ဒီလူတွေအကုန် ရူးသွားတာပဲ ဖြစ်မယ်…
ရှစ်ယိုချန်း အသံကိုထပ်ကျယ်လိုက်ပြီး လျှောက်တင်လိုက်ပါသည်။
“လက်ရှိအခြေအနေကို မြင်ရဲ့လား အရှင်မင်းကြီး! မစ်တီးတစ်ခွက်ကြောင့် အရေးပါတဲ့ နန်းတွင်းရေးရာကိစ္စတွေကို ဆွေးနွေးလို့တောင် မရတော့ဘူး၊ ကျေးဇူးပြုပြီး မစ်တီးတွေကို သိမ်းဆည်းပြီး မိဖုရားကြီးကိုလည်း တော်ဝင် စာကြည့်ဆောင်ထဲက ထွက်သွားခိုင်းလိုက်ပါ”
ယွဲ့လင်း မျက်ခုံးပင့်ကာ မိန့်လိုက်ပါသည်။
“ဒုဝန်ကြီးရှစ်၊ ဒီလိုအသေးအဖွဲကိစ္စမျိုးကြောင့် စိတ်အနှောင့်အယှက် ဖြစ်တယ်ဆိုရင် အဲ့ဒီရာထူးက ဒုဝန်ကြီးရှစ်နဲ့ သင့်တော်မယ်မထင်ဘူး၊ ဒီ့ထက် ပိုသက်တောင့်သက်သာ ရှိတဲ့ရာထူးတစ်ခုကို ကျန်း ရွှေ့ပြောင်းပေးလိုက်ရမလား”
ထိုစကားလုံးများကြောင့် ရှစ်ယိုချန်း ဆွံ့အသွားရသည်။ သို့သော် မျက်နှာပေါ်မှာတော့ မကျေနပ်မှုအရိပ်အယောင်တွေ ပေါ်လွင်နေဆဲပင်။
ကျန်းကျီမြောင်ကတော့ စိတ်မဆိုးပါ။ ရှစ်ယိုချန်းကို ကရုဏာသက်စွာသာ ကြည့်နေလေသည်။
[အဲ့တာ ထုံးတမ်းရေးရာ ဒုဝန်ကြီးဆိုတာလား]
[BDSM ကြိုက်ပြီး ကိုယ်လုပ်တော်တစ်ယောက်ကို အရေးပေးလွန်းလို့ သူ့မိန်းမက အထီးကျန်မှုကို ခံနိုင်ရည်မရှိတော့ဘဲ သူများရင်ခွင်ထဲရောက်သွားတာ၊ ဖြစ်သင့်ပါတယ် ဟုတ်တယ်မလား]
ဘာ…
မိဖုရားကြီးရဲ့ အတွေးသံက ဘာကိုဆိုလိုတာလဲ!!!
အားလုံး မျက်လုံးများ အရောင်တောက်သွားခဲ့ကြသည်။ နန်းတွင်းရေးရာကိစ္စတွေကို ဆွေးနွေးရတာက အတင်းအ ဖျင်း နားထောင်ရတာလောက် စိတ်လှုပ်ရှားစရာမကောင်းပါ။ အားလုံးနားရွက်တွေ အလိုလိုထောင်သွားခဲ့ကြသည်။
[လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက ရှစ်ယိုချန်းရဲ့ မိန်းမနဲ့ ချန်ကျင်းမင် ပျော်ပါးနေခဲ့တာ၊ အခု ဆယ်နှစ်တောင် ကြာသွားပြီဆိုတော့ ရှစ်ယိုချန်းခေါင်းပေါ်က ဦးထုပ်စိမ်းလည်းတောင်တစ်လုံးစာလောက် ရှိနေလောက်ပြီပေါ့ ဟုတ်တယ် မလား]
[စိတ်ဝင်စားဖို့ အကောင်းဆုံးက ချန်ကျင်းမင်မှာ သားတစ်ယောက်နဲ့ သမီးငါးယောက် ရှိနေသေးတာပဲ၊ ဒါနဲ့ ရှစ်ယိုချန်းရဲ့သားက အသက်ဘယ်လောက်များ ရှိပြီလဲမသိဘူး]
ရှစ်ယိုချန်းထံ အားလုံးပြိုင်တူ ဝိုင်းကြည့်လိုက်ကြသည်။ ရှစ်ယိုချန်းသားသည် မကြာသေးခင်ကမှ အသက် ၈ နှစ် ပြည့်တာဖြစ်သည်။ ထို့ပြင် ထိုကလေးက အလွန်ဉာဏ် ထက်မြက်သည်ဟုလည်း ဆိုကြသည်။
ရှစ်ယိုချန်းက သူ့ပဏာမကြင်ယာတော်ကို သဘောမကျသော်လည်း သားဖြစ်သူကိုတော့ အတော်ချစ်ပုံပေါ်သည်။ သူ့သားအကြောင်း မကြာခဏဆိုသလို ဝံ့ကြွားပြောဆိုလေ့ရှိသည်။
ရှစ်ယိုချန်း ကြွားဝါတာကို အားလုံး အကြိမ်ကြိမ်ကြားဖူးကြပါသည်။ ထိုကလေးက အလွန်ရုပ်ရည်ချောမောကြောင်း၊ အနာဂတ်မှာ တော်ဝင်မင်းသမီးတစ်ပါးကိုတောင် လက်ဆက်နိုင်ကြောင်း၊ အထုံပါရမီ အလွန်ရှိကြောင်း၊ နောက် ၁၀ နှစ်၊ နှစ် ၂၀ လောက်အကြာတွင် ရှစ်မိသားစုမှာ အလွန်ဂုဏ်ရည်မြင့်မားသည့် ပညာတတ်တစ်ယောက် မွေးဖွားလာမည် ဖြစ်ကြောင်း စသည်ဖြင့် စုံလင်အောင် ကြွားဝါတတ်သည်။
ထိုစကားလုံးတွေကြောင့် အားလုံး နားရွက်များ အသားမာတက်မတတ် ဖြစ်ခဲ့ရပါသည်။
ရှစ်ယိုချန်းကို အားလုံး ကရုသာသက်စွာ ဝိုင်းကြည့်လိုက်ကြပါသည်။
တော်တော်သနားစရာကောင်းတဲ့လူပဲ!
အားလုံး၏အကြည့်ကြောင့် ရှစ်ယိုချန်းလည်း ကြောင်စီစီ ဖြစ်သွားခဲ့ပါသည်။ ယခင်တုန်းကဆို တခြားအမတ်တွေ မျက်နှာတွေနီ၊ လည်ပင်းသွေးကြောတွေထောင်သည်အထိ သူနဲ့ ငြင်းခုံခဲ့ကြဖူးသည်။ ရှစ်ယိုချန်းက မကြောက်ရွံ့ပါ။ သူ့ကို အနိုင်မယူနိုင်ဘဲ ဒေါသသာ ထွက်နိုင်ကြသည့် ထိုမျက်နှာတွေကို အရသာခံကြည့်ရှုပြီး ပျော်ရွှင်နေခဲ့တာ ဖြစ်သည်။
သို့သော် ယခုတော့… သူတို့ မျက်လုံးတွေထဲက ဒေါသအရိပ်အယောင်တွေ ပျောက်ကွယ်သွားပြီး ကရုဏာသက်မှုတွေ ပေါ်လွင်လာသလိုပင်။
ကရုဏာသက်နေတာလား…
သူ့ကို ကရုဏာသက်စရာ လိုလို့လား…
ရှစ်ယိုချန်း အနည်းငယ် စိတ်ချောက်ချားသွားသည်။ ယခင်တုန်းက ညီလာခံမှာလည်း ဒီအမတ်တွေအားလုံး ရူးသွပ်သည့် အပြုအမူများ မကြာခဏ ပြုလုပ်တတ်ကြသည်။ ယခုလည်း ရူးသွပ်နေကြပြန်ပြီထင်ပါသည်။
ရှစ်ယိုချန်းကို ကျန်းကျီမြောင် စိတ်မကောင်းဖြစ်စွာကြည့်ရင်း တွေးလိုက်သည်။
[ထားလိုက်ပါတော့ ထားလိုက်ပါတော့၊ကလေးက အသက် ဘယ်နှနှစ်ပဲ ရှိပါစေ သူ့မျိုးရိုးအမည်ကို ဆက်ခံထားတာပဲ မဟုတ်လား၊ မျိုးရိုးအမည်ဆက်ခံထားရင် တော်ပြီပေါ့၊ ကျန်တာ ဂရုစိုက်စရာမလိုပါဘူး၊ ချန်ကျင်းမင်ရဲ့ ကလေး ဖြစ်နေရင်တောင် ချန်ကျင်းမင် အသိအမှတ်ပြုလို့မရဘူးလေ၊ လူတစ်ယောက်ဖြစ်လာပြီဆိုရင် သဘောထားကြီးပေးတတ်ရတယ်၊ ဘဝမှာပျော်ရွှင်ချင်တယ်ဆိုရင် အားလုံး ဦးထုပ်စိမ်းလေးတစ်ခုစီတော့ ဆောင်းထားရမှာပဲ]
နန်းတွင်းအရာရှိများ ထိုအတွေးသံကို ကြားပြီး တုန်ယင်သွားကြသည်။ ယခုဆို မိဖုရားကြီးတွေးသည့် ‘ဦးထုပ်စိမ်း’ဆိုတာ ဘာမှန်း သူတို့ နားလည်နေကြပြီဖြစ်သည်။ နားလည်သွားပြီးနောက် ပိုလို့တောင် ကြောက်ဖို့ကောင်းလာခဲ့ပါသည်။
‘ဘဝမှာ ပျော်ရွှင်ချင်တယ်ဆိုရင် အားလုံးဦးထုပ်စိမ်းလေးတစ်ခုစီတော့ ဆောင်းထားရမှာပဲ’တဲ့…
မိဖုရားကြီး ဘယ်လိုကြောက်စရာကောင်းတဲ့ အတွေးမျိုးတွေ တွေးနေတာလဲ!
[အဲ့လိုကိစ္စမျိုးက အသားကျသွားရင် ဘာမှမဖြစ်တော့ဘူး၊ အရှင်မင်းကြီးလို မြင့်မြတ်တဲ့လူမျိုးတောင် ဦးထုပ်စိမ်းတစ်လုံး ဆောင်းထားရတာပဲ မဟုတ်ဘူးလား]
အရာရှိအမတ်များ: ???
အားလုံး ယွဲ့လင်းကို ဝိုင်းကြည့်လိုက်ကြသည်။
ယွဲ့လင်း: “…”
ယွဲ့လင်း ဆင်စွယ်ခွက်ကို ကောက်ကိုင်လိုက်ပြီး ပုလဲသီးတွေ ထပ်စုပ်သောက်ပြလိုက်သည်။ ဦးထုပ်စိမ်းတွေ ဘာတွေ သူ ဘာမှ မကြားမိပါ။
အားလုံး ရယ်ချင်စိတ်ကိုထိန်းချုပ်လိုက်ပြီး ထိုကိစ္စကို မေ့ထားလိုက်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ ထို့နောက် မစ်တီးတွေ ကိုယ်စီသောက်ရင်း နန်းတွင်းရေးရာကိစ္စတွေကို ဆက်ဆွေးနွေးခဲ့ကြသည်။
ထိုဆွေးနွေးမှုတွေကို ကျန်းကျီမြောင် ပျင်းရိပျင်းတွဲနား ထောင်နေရပါသည်။ ဒီနေ့အတွက် အခမဲ့အပိုင်းတွေကိုလည်း ကြည့်ရှုပြီးသွားပြီဖြစ်ကာ အမှတ်တွေကိုလည်း သုံးရမှာ တွန့်တိုနေလေသည်။
ဘာမှလုပ်စရာမရှိတော့သဖြင့် စားပွဲပေါ်က ပစ္စည်းတွေကို ကစားနေမိသည်။ စက္ကူဖိအတုံးနှင့်ကစားဖို့ ယူလိုက်သော််လည်း အလွန်လေးလံလွန်းပါသည်။ စုတ်တံနှင့်ကစားဖို့ ယူလိုက်သော်လည်း အလွန်ရှည်လျားလွန်းနေပြန်သည်။
ထိုအခြေအနေကို ယွဲ့လင်း ခေတ္တစောင့်ကြည့်နေခဲ့ပြီး သူ့လက်ကိုကမ်းပေးလိုက်သည်။ ကျန်းကျီမြောင် သူ့အား ကြောင်စီစီဖြင့် ကြည့်လိုက်သည်။
ယွဲ့လင်း တိုးညှင်းစွာ မိန့်လိုက်၏။
“ဒါနဲ့ ကစားလေ”
ကျန်းကျီမြောင် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်ပြီး ယွဲ့လင်းလက်ကို ဆုပ်ကိုင်လိုက်သည်။ သူတို့ အကြိမ်ကြိမ် လက်ကိုင်ထားဖူးသော်လည်း ယွဲ့လင်းလက်ကို အသေး စိတ်အကဲခတ်ဖူးတာ ဒါပထမဆုံးအကြိမ်ဖြစ်သည်။
ဧကရာဇ်မင်းတစ်ပါး ဖြစ်နေသော်လည်း သူ့လက်ပေါ်မှာ အသားမာတွေအများကြီးတက်နေသည်။ ကိုင်ရတာလည်း ကြမ်းတမ်းပါသည်။ သို့သော် ကစားလို့တော့ ကောင်းသည်။
ယွဲ့လင်းလက်ကို ဟိုလှန်ဒီလှန်လုပ်ရင်း ကျန်းကျီမြောင် စိတ်ကြိုက်ဆော့ကစားလိုက်ပါသည်။ သူ့လက်ထဲ ကိုင်စရာ တစ်ခုခုရှိနေသရွေ့ ငြိမ်ငြိမ်ထိုင်နေနိုင်သည်။ အရှင် မင်းကြီးနဲ့ အရှင်မတို့ လှုပ်လှုပ်ရွရွဖြစ်နေတာကို အရာရှိအမတ်များ မသိချင်ယောင်ဆောင်လိုက်ကြပြီး ဆွေးနွေးစရာရှိတာ ဆက်ဆွေးနွေးခဲ့ကြပါသည်။
ခဏလောက်ကစားပြီးနောက် ကျန်းကျီမြောင် ခပ်တိုးတိုး သမ်းဝေလိုက်ပါသည်။
[သူတို့ မပြီးကြသေးဘူးလား ? ချန်ရှုယိနဲ့ အန်းကျောက်ရီတို့က မိသားစုဝင်တွေကို စတေးပြီး အဲ့ဒီ စံအိမ်ကြီးအကြောင်း စုံစမ်းထားရတာ၊ အဲ့ဒီစံအိမ်ကြီးက ချန်ကျင်းမင်နဲ့ ပတ်သတ်နေနိုင်တယ်၊ ခံတပ် စခန်းတစ်ခုလည်း ဖြစ်နေနိုင်တယ်၊ သူတို့ ငြင်းလို့ခုံလို့ပြီးရင် အရှင်မင်းကြီးကို အဲ့အကြောင်း လျှောက်တင်ရမယ်]
အားလုံးမျက်လုံးများ ဂနာမငြိမ်ဖြစ်သွားကြသည်။
ချန်ကျင်းမင်နဲ့ ပတ်သတ်တဲ့ စံအိမ်ဟုတ်လား…
ယခုဆို ချန်ကျင်းမင်ဟူသည့် အမည်ကို ကြားတိုင်း ဦးထုပ်စိမ်းတွေကို အားလုံးမြင်ယောင်နေကြပါပြီ။ ချန်ကျင်းမင်က မြို့တော်ပြင်ပမှာ ခံတပ်စခန်းရှိသည်ဟု ဆို သည်။
ဒါဆို မြို့တော်အတွင်းမှာကော…
မြို့တော်အတွင်းမှာလည်း စခန်းတစ်ခုခုရှိနေနိုင်သည်။ ထိုစခန်းမှာ သူ့အလှအပလေးတွေကို သွယ်ဝှက်ထားတာဖြစ်ကောင်းဖြစ်နိုင်သည်။
မြို့တော်ပြင်ပက စံအိမ်နဲ့ပတ်သတ်ပြီး မကြာခင် အဖြေတွေ ရရှိလာတော့မည်ဖြစ်သည်။ ယခု မြို့တော်အတွင်းက ခံတပ်စခန်းတစ်ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြပြီဖြစ်သည်။ ချန်ကျင်းမင်၏ လျှို့ဝှက်ချက်တွေ ပေါက်ကြားသွားတာနဲ့ တစ်ပြိုင်နက် ညီလာခံတစ်ခုလုံး တုန်လှုပ်သွားပါလိမ့်မည်။
ထို့အပြင် သနားစရာ ရှစ်ယိုချန်းကလည်း…
ရှစ်ယိုချန်းကို အားလုံး ကရုဏာသက်စွာ ဝီုင်းကြည့်လိုက်ကြပြန်သည်။
ယွဲ့လင်း မျက်ခုံးပင့်လျက် မိန့်လိုက်၏။
“လွန်ခဲ့တဲ့ နှစ် ၃၀ တုန်းက စိစစ်ကွပ်ကဲသူဖေးကိစ္စနဲ့ ပတ်သတ်ပြီး ၇ ရက် ကြာတဲ့အခါ ရလဒ်ကို မြင်ချင်တယ်၊ ဒီအမှုကို တရားရေးရာဝန်ကြီးက ဦးဆောင်ရမယ်၊ ထုံးတမ်းရေးရာဝန်ကြီးဌာနနဲ့ စိစစ်ကွပ်ကဲမှုရေးရာဌာနတို့ကလည်း အပြည့်အဝ ပူးပေါင်းပါဝင်ကူညီပေးရမယ်၊ မှတ်တမ်းဟောင်းတွေအားလုံးကို အလိုရှိသလို ပြန်လည်စစ်ဆေးနိုင်တယ်၊ နားလည်ရဲ့လား”
အားလုံး အမိန့်နာခံလိုက်ပါသည်။ ကန့်ကွက်ချင်သည့်သူတွေလည်း အပေါ်ယံ အမိန့်နာခံလိုက်ကြရသည်။
တော်ဝင်စာကြည့်ဆောင်ပြင်ပကို ရောက်ရှိသောအခါ ရှစ်ယိုချန်း အိမ်ပြန်ဖို့ ကြံလိုက်စဉ် သူ့အထက်လူကြီး လွီယု ရောက်ရှိလာပြီး သူ့ပခုံးကိုကရုဏာသက်စွာ ဆုပ်ကိုင်လိုက်ပါသည်။
“ယိုချန်း၊ မင်းရဲ့သားက အရမ်းချောမောပြီး ချစ်စရာ ကောင်းတယ် မဟုတ်လား”
ရှစ်ယိုချန်း ခေတ္တကြက်သေသေသွားသော်လည်း ပျော်ပျော်ကြီး ခေါင်းညိတ်ပြလိုက်ပါသည်။
“အမှန်ပါပဲ၊ ရှစ်မိသားစုထဲမှာ ဒီလောက် ရုပ်ရည်ချောမောတဲ့ ကလေးမျိုး တစ်ခါမှမမြင်ဖူးလို့ အားလုံး အံ့အားသင့်နေကြတာ”
သာမန်မှ သာမန်အဆင့်သာရှိသော ရှစ်ယိုချန်း၏ရုပ်ရည်ကို ကြည့်ရင်း လွီယု သက်ပြင်းချလိုက်ပါသည်။
“ဝန်ကြီး ဘာဖြစ်လို့လဲ”
ရှစ်ယိုချန်း ရီဝေသွားသည်။
“ဘာမှမဖြစ်ပါဘူး…”
လွီယုသက်ပြင်းထပ်ချလိုက်သည်။ လွီယု ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးနောက် ရှစ်ယိုချန်းထံ ပြန်ရောက်လာပြီး မှာကြားလိုက်သည်။
“သဘောထားကြီးပေးလိုက်ပါကွာ”
ရှစ်ယိုချန်း: “???”