Probing
Vol. 11 Ch. 110
နောက်ရက်တွေမှာလည်း ကျန်းကျီမြောင် မနက်ခင်းညီလာခံတိုင်းကို တက်ရောက်ခဲ့ပါသည်။
သူမမှာ တခြားရွေးချယ်စရာမရှိပါ။ အချိန်က တစ်လသာ ရှိသည်။ ထို့အပြင် ညီလာခံထဲမှာဆို မစ်ရှင်နှင့် သက်ဆိုင်သည့် အတင်းအဖျင်းများ သိရနိုင်ချေကပိုမြင့်သည်။ ချန်ကျင်းမင်၏လျှို့ဝှက်ချက်တိုင်းကို အတင်းအဖျင်းစနစ်မှ သိရှိလိုက်ရလျှင် အကောင်းဆုံးဖြစ်လိမ့်မည်။
သို့သော်…
ဖုန့်ယီနန်းဆောင်တုန်းကလိုပဲ စစချင်းရက်တွေမှာတော့ စိတ်ဝင်စားစရာကောင်းသည့် အတင်းအဖျင်းတွေပေါ်လာတတ်သည်။ သို့သော် နောက်ပိုင်းအသေးအဖွဲ အတင်းအ ဖျင်းတွေသာပေါ်လာတတ်သည့် ကာလတစ်ခုရှိပါသည်။
ထိုကာလကို တည်ငြိမ်ကာလဟု အမည်ပေးထားသည်။
စိတ်လှုပ်ရှားစရာကာလပြီးလျှင် တည်ငြိမ်ကာလက တစ်လလောက်အထိကြန့်ကြာတတ်သည်။ နောက်လထဲဝင်သောအခါ စိတ်လှုပ်ရှားစရာ အတင်းအဖျင်းတွေ ပြန်လည်ပေါ်ပေါက်လာတတ်ပါသည်။ ဒါကို ဗီဒီယိုဂိမ်းတစ်ခုအဖြစ် မြင်ကြည့်လိုက်လျှင် ညီလာခံက မြေပုံအသစ်ဖြစ်သည်။ မြေပုံအသစ်မှာ စိတ်လှုပ်ရှားစရာအတင်းအဖျင်းများဖြင့် စတင်ခဲ့သော်လည်း ယခုတော့ တည်ငြိမ်ကာလထဲကိုဝင် နေပါပြီ။
ကျန်းကျီမြောင် ရက်နည်းနည်းလောက်ကြာအောင် ညီလာ ခံသို့ ဆက်လက်တက်ရောက်ခဲ့သည်။ သူမ သိရှိခဲ့ရသည့် အတင်းအဖျင်းများက ဘယ်မိသားစုရဲ့အစေခံက လက် ဆက်ထိန်းမြှားတော့မှာ ဖြစ်ကြောင်း၊ ဘယ်သူက ငရုတ် သီးတွေ အစားများပြီး ဝမ်းချုပ်နေကြောင်းစသည့် အရေးမပါတာတွေသာ။
သို့သော် ထိုနေ့ညက ဖုန့်ယီနန်းဆောင်သို့ ယွဲ့လင်းကြွမြန်းလာခဲ့သည်။
ယွဲ့လင်း မျက်နှာထားကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းကျီမြောင် မျက်ခုံးတွန့်သွားခဲ့သည်။
ဒါ… သူ့ကြည့်ရတာ တစ်ခုခုသိလာရတဲ့ပုံစံပဲ။
ယွဲ့လင်း ခန်းဆောင်ထဲရှိ အခြွေအရံအားလုံးကို ထွက်သွားခိုင်းလိုက်ပြီး တိုးညှင်းစွာ မိန့်ကြားလိုက်ပါသည်။
“မြောင်မြောင်… အဲ့ဒီစံအိမ်က ယွဲ့ဟွာရဲ့လျှို့ဝှက်သတင်းအချက်အလက် ခံတပ်စခန်းတစ်ခုဖြစ်ကြောင်း အတည် ပြုနိုင်ခဲ့ပြီ၊ အဲ့ဒီစံအိမ်ထဲ ထွက်သွားထွက်လာလုပ်နေတဲ့ ယောက်ျား၊ မိန်းမတွေကလည်း ဝန်ကြီးမှူးမတ်တချို့ရဲ့ အစေခံတွေပဲ၊ တချို့က မြို့တော်လမ်းမတွေပေါ်မှာ သတင်းအချက်အလက်တွေ စုဆောင်းပြီး သတ်မှတ်ထားတဲ့ အချိန်တစ်ခုရောက်ရင် အစီရင်ခံဖို့အတွက် အဲ့ဒီစံအိမ်ကို သွားလေ့ရှိတယ်”
“ကျန်းလူတွေ ရက်ပိုင်းလောက် စုံစမ်းခဲ့ကြပြီး အဲ့ဒီလူတွေ ဘယ်သူဘယ်ဝါဖြစ်မှန်း ဖော်ထုတ်နိုင်ခဲ့ကြတယ်၊ လွန်ခဲ့တဲ့ နာရီပိုင်းလောက်ကမှ စစ်မက်ရေးရာဝန်ကြီးက အဲ့ဒီလူတွေအကုန်လုံးကို တရားရေးရာဝန်ကြီးရဲ့ အကျဉ်းထောင်ထဲ အကုန်ဖမ်းထည့်လိုက်ပြီ”
“အဲ့ဒီစံအိမ်က ယွဲ့ဟွာရဲ့လျှို့ဝှက် ခံတပ်စခန်းတွေအများကြီးထဲက တစ်ခုပဲ ဆိုပေမယ့် အဲ့ဒီလူတွေကို ဖမ်းဆီးလိုက်ခြင်းအားဖြင့် သူ့သတင်းအချက်အလက်ကွန်ရက်ကို တစ်စိတ်တစ်ပိုင်း ဖျက်ဆီးလိုက်တာနဲ့ ညီမျှတယ်၊ ပြီးရင် လမ်း စကိုလိုက်ပြီး ကွန်ရက်တစ်ခုလုံးကို ဖျက်ဆိးနိုင်အောင် ကြိုးစားရမယ်”
ယွဲ့လင်း မျက်ဝန်းတွေထဲ ထူးထူးခြားခြားပျော်ရွှင်မှုအရိပ်အယောင် ထင်ဟပ်နေခဲ့သည်။
ယခင်တုန်းက သူဘယ်လောက် ကြိုတင်ပြင်ဆင်ထားခဲ့ပါစေ ယွဲ့ဟွာနှင့် ရင်ဆိုင်ရတိုင်း အမှားအယွင်းတစ်ခုမဟုတ်တစ်ခုဖြစ်လာကာ အရေးနိမ့်ခဲ့ရသည်။
သို့သော် ဒီတစ်ခါ သူ အောင်မြင်သွားခဲ့ရပါပြီ။
ယွဲ့ဟွာကို တိုက်ခိုက်လိုက်တိုင်း ကံကြမ္မာက ဝင်တားမြစ်နေသည် ဟူသည့်ခံစားချက်ကြီးလည်း ပျောက်ကွယ်သွားခဲ့လေပြီ။
ယခု သူနှင့် ယွဲ့ဟွာ စမှတ်ချင်း တူညီနေပြီဖြစ်သည်။ ယွဲ့ဟွာမှာ ထူးခြားသည့် စွမ်းရည်တွေရှိနေလျှင်တောင် ယွဲ့လင်း ဂရုမစိုက်ပါ။ ထိုစွမ်းရည်တွေကို ယွဲ့ဟွာ ကျွမ်းကျင်တတ်မြောက်သည်ဟု ယွဲ့လင်း မယုံကြည်ပေ။
တိုင်းသူပြည်သားများ၏မျက်နှာသာပေးမှုကိုသာ ရရှိလျှင် ယွဲ့လင်း မရှုံးနိမ့်နိုင်တော့ပေ။
ကျန်းကျီမြောင်လည်း မျက်လုံးများ အရောင်တောက်သွားခဲ့သည်။
“ဝမ်းသာစရာပဲပေါ့ အရှင်မင်းကြီး၊ ဒီတစ်ခေါက် အောင် မြင်မှုမှာ ကြင်ယာတော် ချန်ရှုယိနဲ့ အန်းကျောက်ရီတို့က အများကြီး ကူညီပေးခဲ့ကြတာ၊ နောက်ပိုင်း ယွဲ့ဟွာနဲ့ ချန်ကျင်းမင်တို့ကို စာရင်းရှင်းတဲ့အခါကျရင်…”
ယွဲ့လင်း ခေါင်းညိတ်လိုက်သည်။
“ကျန်းနားလည်ပါတယ်၊ ကြင်ယာတော်နှစ်ယောက်နဲ့ ဘာမှ မသက်ဆိုင်စေရဘူး”
[ငါပြောချင်တာ အဲ့တာမဟုတ်ဘူး၊ အဓိက ပြဿနာက နန်းတော်ထဲမှာ ချန်ရှုယိ မနေချင်တော့တာ၊ ဒါပေမယ့် ကြင်ယာတော်တစ်ယောက်ကို လွတ်လပ်ခွင့်ပေးတာမျိုး အရှင်မင်းကြီး သဘောတူနိုင်ပါ့မလား မသိဘူး၊ ချန်ကျင်းမင်ကို နှိမ်နင်းပြီးတဲ့ အခါကျမှ ဒီကိစ္စကို ဆွေးနွေးလိုက်တာ ပိုကောင်းမယ်]
ကျန်းကျီမြောင် စိတ်ဖိစီးသွားရသည်။
ထိုအတွေးသံကို ကြားသောအခါ ယွဲ့လင်း မအံ့ဩမိပါ။ ပြုံးသာပြုံးလိုက်ပြီး မိန့်ကြားလိုက်သည်။
“ကျန်းက မင်းဆိုးမင်းညစ်တစ်ပါးဆိုတာ မြောင်မြောင်သိတယ်မလား ? ရက်စက်ကြမ်းကြုတ်တဲ့အပြင် သာမန်မဟုတ်တဲ့ လုပ်ရပ်တွေကိုလည်း လုပ်နိုင်စွမ်းရှိတယ်”
ကျန်းကျီမြောင် ကြက်သေသေသွားသည်။
“အရှင်မင်းကြီး ကိုယ့်ကိုကိုယ် ကဲ့ရဲ့နှိမ့်ချဖို့ မလိုပါဘူး”
ယွဲ့လင်းက တည်ငြိမ်စွာသာ ပြန်မိန့်ကြားလိုက်ပါသည်။
“မင်းဆိုးမင်းညစ်ဆိုတဲ့ဘွဲ့ကို ရထားလို့ ဘာမှ မဆိုးရွားပါဘူး၊ မင်းကောင်းမင်းမြတ်တစ်ပါး မလုပ်နိုင်တဲ့ လုပ်ရပ်တွေကို မင်းဆိုးမင်းညစ်တစ်ပါးက လုပ်နိုင်စွမ်း ရှိတယ်”
“ကျန်းက မင်းဆိုးမင်းညစ်ဆိုတဲ့ နာမည်ကို ရထားပြီးသားဆိုမှတော့ ကောင်းကောင်းအသုံးချရတော့မှာပေါ့ မဟုတ်ဘူးလား”
ကျန်းကျီမြောင်ကို ယွဲ့လင်း ငေးကြည့်လိုက်သည်။
“အဲ့တာကြောင့် အခုချိန်မှာ မြောင်မြောင် ဘာမှစိတ်ပူဖို့ မလိုအပ်ဘူး၊ မင်သားအန်းဟယ်ရဲ့ အရေးကိစ္စကို ဖြေရှင်းပြီးတဲ့အချိန်ထိသာ စောင့်လိုက်၊ ပြီးရင် ကျန်း… အစဉ်အ လာနဲ့ မကိုက်ညီတဲ့ လုပ်ရပ်တွေဆိုရင်တောင် ဆောင်ရွက်သင့်တာတွေ အကုန်ဆောင်ရွက်ပေးမှာပါ”
ကျန်းကျီမြောင် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။
ကိုယ့်ကိုကိုယ် မင်းဆိုးမင်းညစ်ဟု ယွဲ့လင်း ခံယူလိုက်ခြင်းကြောင့် ကျန်းကျီမြောင် အတွေးများနက်ရှိုင်းသွားခဲ့ရသည်။
ဒါဆို… ချန်ရှုယိကို နန်းတော်က ထွက်သွားခွင့်ပြုဖို့ ဖြစ်နိုင်ချေရှိတာလား…
ချန်ရှုယိကို ဥပမာပေးပြီး မေးမြန်းကြည့်ဖို့ ခက်နေသဖြင့် ကျန်းကျီမြောင် ခေတ္တစဉ်းစားကာ လျှောက်တင်လိုက်ပါသည်။
“ဒါဆို… အရှင်မင်းကြီးအတွက် အခြေအနေတွေ အားလုံးတည်ငြိမ်သွားတဲ့အခါ… ဒီမိဖုရားက ဧကရီမိဖုရားအဖြစ် ဆက်မနေချင်တော့ဘဲ နန်းတော်ကနေ ထွက်ခွာချင်တယ် ဆိုရင်ကော…”
ယွဲ့လင်းကို ကျန်းကျီမြောင် စမ်းသပ်ကြည့်လိုက်တာဖြစ် သည်။
ယွဲ့လင်းမျက်လုံးတွေ အစက အရောင်တောက်နေခဲ့သော် လည်း ထိုမေးခွန်းကို ကြားသောအခါ အပြုံးများရုတ်တ ရက် အေးခဲသွားရသည်။
မြောင်မြောင်က… ထွက်သွားချင်တယ် ဟုတ်လား ဘယ် ကိုသွားချင်တာလဲ ?
မြောင်မြောင်ကို လွတ်လပ်ခွင့်ပေးဖို့ သူကြံရွယ်ထားပြီးသားဖြစ်သည်။ သို့သော် ဒီလောကကြီးထဲ သူ မရှိတော့သည့် အချိန်ကျမှသာဖြစ်သည်။
ယွဲ့လင်း ရင်ထဲ နာကျင်သွားရသည်။
မဟုတ်သေးဘူး…
သူ ၅ နှစ်လောက် အသက်ဆက်ရှင်ရဦးမှာဖြစ်သည်။ ထို ၅ နှစ်အတွင်း မြောင်မြောင်ကို နန်းတော်ထဲမှာ ပိတ်လှောင်ထားရမည်ဆိုပါက သူမအတွက် မတရားလှပါ။
ယွဲ့လင်း၏နှလုံးသား ပွက်ပွက်ဆူနေသည့် ရေနွေးထဲ ထည့်ပြုတ်ခံထားရသလို ခံစားနေရပြီး နာကျင်လွန်းသဖြင့် တစ်ကိုယ်လုံးထုံကျင်နေသည်။
ယွဲ့လင်း အံကြိတ်လိုက်မိသည်။ မြောင်မြောင် သူ့ကို အများကြီး ကူညီပေးခဲ့တာဖြစ်သည်။ သူ့ဘက်ကတစ် ကိုယ်ကောင်းဆန်ပြီး အနားမှာ ၅ နှစ်လောက် ဆက်နေခိုင်းဖို့ မတောင်းဆိုရက်ပါ။ မြောင်မြောင် ထွက်သွားချင်လျှင် သူမဆန္ဒကို ဖြည့်ဆည်းပေးရပါမည်။
ယွဲ့လင်း သဘောတူဖို့ မိန့်ကြားချင်သော်လည်း အချိန်အတော်ကြာအောင် ပါးစပ်မဟနိုင်ခဲ့ပါ။
[ဘုရား ဘုရား အရှင်မင်းကြီးမျက်နှာ အကျည်းတန်သွားလိုက်တာ၊ ကြည့်ရတာ ကြင်ယာတော်တွေကို နန်းတော်ကနေ လွတ်လပ်ခွင့်ပေးတာမျိုး သူ မလုပ်နိုင်ဘူးထင်တယ်၊ ငါ နင့်အတွက် စမ်းသပ်ကြည့်ပြီးသွားပြီ ချန်ရှုယိ၊ လော လောဆယ်တော့ အခက်အခဲရှိနိုင်သေးတယ်၊ နည်းနည်းလောက်ကြာမှ ပြန်ကြိုးစားကြည့်ကြတာပေါ့]
ကျန်းကျီမြောင် စိတ်ထဲမှ ညည်းတွားလိုက်သည်။
ယွဲ့လင်း: “???”
ယွဲ့လင်းရင်ထဲက ပွက်ပွက်ဆူနေသည့် ရေနွေးများချက် ချင်းဆိုသလို အေးစက်သွားလေသည်။ ကျန်းကျီမြောင်ထံ နားလည်ရခက်သော မျက်နှာမျိုးဖြင့် ကြည့်လိုက်သည်။
စမ်းသပ်တာဟုတ်လား… ဒီတိုင်း စမ်းသပ်တာတဲ့လား…
ချန်ရှုယိကို နန်းတော်နေထွက်ခွာခွင့် ပေးနိုင်လားလို့ ပွင့်ပွင့်လင်းလင်းမေးလိုက်ရင် သူ့မျက်နှာ ဒီလောက် အကျည်းတန်နေစရာအကြောင်း ရှိပါ့မလား!
ယွဲ့လင်း အသက်ဝဝ ရှူလိုက်ပြီး စိတ်တည်ငြိမ်အောင်ထားလိုက်ပါသည်။ သို့သော် အတည်ပြုဖို့အတွက် သူ မေးကြည့်မိသေးသည်။
“အရှင်မ တကယ်ထွက်သွားချင်လို့လား”
“ဒီမိဖုရား ကျီစယ်နေတာပါ”
ကျန်းကျီမြောင် အပြုံးဖြင့် လျှောက်တင်လိုက်လေသည်။
[ငါ နန်းတော်ထဲက ထွက်ရမယ်ဟုတ်လား၊ နန်းတော်ကနေ ထွက်သွားပြီး ၉၉၆ အလုပ်ရှာရမှာလား၊ မဖြစ်ဘူး၊ လုံးဝပဲ၊ ဒီဘဝမှာတော့ ရွှေပုံငွေပုံတွေပေါ်ထိုင်ပြီး သေမယ့်အချိန်ကို စောင့်နေရရင် လုံလောက်ပြီ]
ကျန်းကျီမြောင် ရည်မှန်းချက်အိပ်မက် ဘာမှမရှိသလို တွေးလိုက်သည်။
ယွဲ့လင်း ကိုယ့်စိတ်အခြေအနေကိုယ်ပင် နားမလည်နိုင်တော့ပါ။ သူ့စိတ်ထဲ အတွေးတစ်ခုသာရှိသည်။
ယွဲ့ဟွာ၏ငွေရှာနည်းတွေကို သူလည်း သင်ယူရမည်။ မြောင်မြောင်အတွက် ရွှေပုံငွေပုံတွေ ဖန်တီးပေးနိုင်အောင် ကြိုးစားရမည်။
ယွဲ့လင်း စိတ်ဆုံးဖြတ်ချက် ချလိုက်ပြီးနူးညံ့သိမ်မွေ့စွာ မိန့်လိုက်ပါသည်။
“စကားမစပ် ကျန်းမိန့်စရာတစ်ခု ရှိသေးတယ်”
“ဟင်”
ကျန်းကျီမြောင် စိတ်ဝင်စားသွားသည်။
“ခုတလော အသားဟင်းလျာတွေကို သုံးဆောင်ရတာ အရသာမဲ့နေသလို ကျန်းခံစားရတယ်၊ အခု အမဲလိုက်ဖို့ ကောင်းမွန်တဲ့ ရာသီကို ရောက်လာပြီလေ၊ ပြီးတော့ မနက်ဖြန်လည်း ပိတ်ရက်တစ်ရက်ပဲ၊ အဲ့တာကြောင့် အရာရှိ ရာဂဏန်းလောက်ခေါ်ပြီး မြို့တော်ပြင်ပက တော်ဝင်အမဲလိုက်နယ်မြေမှာ အမဲလိုက်ထွက်မလို့”
ယွဲ့လင်းမိန့်ကြားလိုက်ပါသည်။
မြို့တော်ပြင်ပမှာဟုတ်လား…
ကျန်းကျီမြောင် မျက်လုံးများ ဝိုင်းစက်သွားခဲ့သည်။
[ချန်ကျင်းမင်ရဲ့ စံအိမ်ကလည်း မြို့တော်ပြင်ပမှာ မဟုတ်ဘူးလား ? အခွင့်အရေးရလို့ အဲ့ဒီကို သွားကြည့်နိုင်ရင် အဆင်ပြေမှာပဲ]
[ဒါပေမယ့် အဲ့ဒီတော်ဝင်အမဲလိုက်နယ်မြေဆိုတာက လမ်း မကြုံဘူးထင်တယ်]
ယွဲ့လင်း ပြုံးလိုက်သည်။ တကယ်ပဲ လမ်းမကြုံပါ။
သို့သော်… သူတို့ လမ်းပျောက်သွားခဲ့ရင်ကော
လမ်းပျောက်သွားပြီး ချန်ကျင်းမင် စံအိမ်ကြီးကိုမတော် တဆ ရောက်သွားခဲ့ရင်ကော…
ဒါဆိုလျှင်တော့ အလွန်ယုတ္တိရှိသွားပါလိမ့်မည်။
ပုံမှန်ဆို ထိုစံအိမ်သို့ ချန်ကျင်းမင် မသွားတတ်ပါ။ သို့သော် သူ့အချစ်တော်တွေက များလွန်းလှသည်။ ထို့ကြောင့် ပိတ်ရက်ရောက်တိုင်း မြို့တော်မှထွက်ခွာရပါသည်။ ဒီတစ်ခါ ချန်ကျင်းမင် အချိန်ဇယားထဲ အလှည့်ကျသူက ဘယ်သူ ဘယ်ဝါဖြစ်မလဲ မသိရသေးပါ။
သို့သော် ယွဲ့လင်း ချန်ကျင်းမင်၏လက်ရေးလက်သားနှင့်တူအောင် စာတစ်စောင် အတုဖန်တီးခိုင်းထားသည်။ စာထဲမှာ မနက်ဖြန် ရှစ်ယိုချန်း၏ဇနီးအား တွေ့ဆုံဖို့ချိန်းဆိုထား သည်။
ရှစ်ယိုချန်းဇနီးနောက်ကိုသာ လိုက်သွားလျှင် ချန်ကျင်းမင်၏လျှို့ဝှက်စံအိမ်ကြီးကို ရှာတွေ့နိုင်လိမ့်မည်။
“အမဲလိုက်ထွက်တာက ပျော်စရာကောင်းပါတယ်။ ဒီတစ် ခါ အရာရှိတွေလည်း သူတို့မိသားစုဝင်တွေကိုခေါ်လာကြမှာ မြောင်မြောင်လည်း လိုက်ခဲ့ပါလား”
ယွဲ့လင်း ကမ်းလှမ်းလိုက်သည်။
အမဲလိုက်တာကို ကျန်းကျီမြောင် ဂရုမစိုက်ပါ။ သို့သော် အမဲလိုက်နယ်မြေက မြေပုံအသစ်ဖြစ်သဖြင့် စိတ်လှုပ်ရှားစရာ အတင်းအဖျင်းအသစ်တွေ ပေါ်လာနိုင်မလား မျှော် လင့်မိသည်။
ကျန်းကျီမြောင် သဘောတူဖို့ ကြံလိုက်စဉ် တစ်ခုခုကိုသတိရသွားပြီး မေးမြန်းလိုက်ပါသည်။
“အရှင်မင်းကြီး… မိသားစုဝင်တွေကို ခေါ်ဆောင်နိုင်တယ်ဆိုတော့ အနောက်နန်းဆောင်ကြင်ယာတော်တွေကိုလည်း ခေါ်ဆောင်လာလို့ ရမလား သိချင်ပါတယ်”
ယွဲ့လင်း သိပ်ဂရုမစိုက်ပါ။
“အရှင်မ ဆန္ဒရှိသလိုသာ စီစဉ်ပါ”
ထို့ကြောင့် ကျန်းကျီမြောင် စတင် စဉ်းစားသုံးသပ်လေတော့သည်။