A Born Military Talent
Vol. 12 Ch. 111
အမဲလိုက်ထွက်ဖို့ အစီအစဉ်ကို ယွဲ့လင်း ရုတ်တရက် ဆုံး ဖြတ်လိုက်ခြင်းဖြစ်သဖြင့် အနောက်နန်းဆောင်သို့ လူတွေလွှတ်ပြီး ကျန်းကျီမြောင် အမြန်အဆန် အကြောင်းကြားလိုက်ရပါသည်။
ဖြစ်ချင်တော့ ကြင်ယာတော်တွေ အားလုံးထဲမှာမှ ကြင်ယာတော်သဲ့တစ်ဦးတည်းသာ အမဲလိုက်ထွက်ဖို့ကို စိတ်ပါဝင် စားသည်။ ယွဲ့လင်းနဲ့ ကျန်းကျီမြောင် ဆွေးနွေးလိုက်ပြီး ကြင်ယာတော်သဲ့အား ခေါ်ဆောင်လာဖို့ ဆုံးဖြတ်လိုက်ကြသည်။
နောက်တစ်နေ့…
ကောင်းကင်ကြီး မီးခိုးရောင်သမ်းလာသော အရုဏ်တက်စအချိန်တွင် ကျန်းကျီမြောင် အလိုလို နိုးလာခဲ့သည်။ ဒီလို ထူးထူးဆန်းဆန်းပြောင်းလဲမှုကြောင့် သူ့ကိုယ် သူပင် အံ့ဩထိတ်လန့်သွားမိပါသည်။
သူမ… အိပ်ရာစောစောထရတာကို အသားကျနေပြီလား ?
ဒါ အလေ့အကျင့်ကောင်းမဟုတ်ဘူး!
အလုပ်များရသည့် ကာလပြီးဆုံးသွားမှ ခေါင်းမြှီးခြုံပြီး စိတ်လွတ်ကိုယ်လွတ် အိပ်စက်ပါဦးမည်။
အရာရှိ ရာဂဏန်းလောက်က နန်းတော်ဂိတ်ပေါက်မှာ ကြို တင်စောင့်မျှော်နေကြပြီဖြစ်သည်။ မြို့တော်ပြင်ပမှာ အမဲလိုက်ထွက်မည်ဟူသော ယွဲ့လင်း၏ ရုတ်ခြည်းဆန်သည့် ဆုံးဖြတ်ချက်ကို ညက အားလုံးကြားသိခဲ့ရပါသည်။
ဌာနပေါင်းစုံ ညတွင်းချင်း အသည်းအသန်ပြင်ဆင်လိုက်ရသည်။ ယခုလိုစိတ်ရှိတိုင်းထဆုံးဖြတ်တတ်သည့် ဧကရာဇ်မင်းတစ်ပါးကို ပုံမှန်အားဖြင့် လူမုန်းများလေ့ရှိပါသည်။
သို့သော် ယွဲ့လင်း၏အမိန့်ကို ကြားလိုက်ရသည်နှင့် အရာရှိအမတ်တွေအားလုံး အားကြိုးမာန်တက် ပြင်ဆင်ခဲ့ကြလေသည်။
မြို့တော်ပြင်ပကိုသွားမှာတဲ့!
အရှင်မင်းကြီးက မြို့တော်ပြင်ပကို အကြောင်းအရင်းမရှိ ထွက်ခွာချင်ပါ့မလား!
ခုတလော မြို့တော်ပြင်ပမှာ အခြေတည်တဲ့ အကြီးမားဆုံးသတင်းက ဘာတဲ့လဲ ?
ချန်ကျင်းမင်ရဲ့ လျှို့ဝှက်စံအိမ်ကြီးပဲ မဟုတ်လား!
ပါးနပ်သည့် အမတ်တချို့က ထိုခရီးစဉ်၏ရည်ရွယ်ချက်မှာ ချန်ကျင်းမင်ဖြစ်ကြောင်း အစောကြီးကတည်းကခန့်မှန်းနိုင်ခဲ့ကြသည်။
ဒီကိစ္စကို အနှေးနဲ့အမြန် ဖြေရှင်းလိုက်တာ အကောင်းဆုံးဖြစ်ပါလိမ့်မည်။ မဟုတ်ပါက အမတ်တွေအားလုံး ကိုယ့်ဇနီးကိုယ် စိတ်မချဘဲ အမြဲတမ်းစိတ်သောကရောက်နေရပါလိမ့်မည်။
မနက်အစောကြီးဖြစ်သော်လည်း အားလုံး ထူးထူးခြားခြား တက်ကြွနေကြသည်။ ဒီအမဲလိုက်ခရီးစဉ်ကို အားလုံး မျှော်လင့်ထားကြသည်။
အရှင်မင်းကြီးက တကယ့် သားရဲတိရိစ္ဆာန်တွေကို အမဲလိုက်ထွက်မှာလား၊ ချန်ကျင်းမင်လို့ လူ့သားရဲတစ်ကောင်ကို အမဲလိုက်ထွက်မှာလားဆိုတာကိုသာ မသိကြသေးခြင်းဖြစ်သည်။
မျက်နှာအပျက်ဆုံးဖြစ်နေသူတွေက ယွဲ့ဟွာနဲ့ သူ့ဘက် တော်သားများဖြစ်သည်။ ရင်ထဲကဒေါသကို ယွဲ့ဟွာမထိန်း သိမ်းနိုင်တော့သဖြင့် မျက်နှာတစ်ခုလုံး ရှုံ့တွဖြူဆုပ်နေပါပြီ။
မနေ့ညက သူ့ခံတပ်စခန်းတစ်ခုကို စစ်မက်ရေးရာဝန်ကြီး ရုတ်တရက် ဝင်ရောက်စီးနှင်းခဲ့ပြီး လူတွေအားလုံးဖမ်းဆီးသွားခဲ့သည်။ ထိုလူတွေ အဖမ်းဆီးခံလိုက်ရသည်နှင့် မြို့တော်မှာ တည်ဆောက်ထားသည့် ယွဲ့ဟွာ၏သတင်းအချက်အလက် ကွန်ရက်တစ်စိတ်တစ်ပိုင်းကျိုးပဲ့ ပျက်စီးသွားခဲ့ရသည်။
ထိုခံတပ်စခန်းက အရေးပါဆုံးစခန်းတစ်ခု မဟုတ်ဘဲ ထိုသူလျှိုတွေကလည်း ယွဲ့ဟွာကို ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးကြသူတွေ မဟုတ်သော်လည်း ဒီလို ဖမ်းဆီးခံလိုက်ရခြင်းကြောင့် သူ့သတင်းရင်းမြစ်တချို့ ထိခိုက်သွားတာကိုတော့ ငြင်းမရပေ။
နောက်ကွယ်က ကြိုးကိုင်သူမှာ ယွဲ့ဟွာဖြစ်မှန်း ဖမ်းဆီးခံရသူတွေ မသိကြသဖြင့် သူ့ကို ပြဿနာ လာနွယ်ဖို့ဆိုတာ မဖြစ်နိုင်သေးပါ။ သို့သော်… နန်းတော်တွင်းရှိ ဝန်ကြီးမှူး မတ်များမှာ ငတုံးများမဟုတ်ကြပေ။
သူတို့ အိမ်တော်တွေအကုန်လုံး ဖောက်ထွင်းခံခဲ့ရသည်။ နန်းတော်အတွင်းမှာ ထိုကဲ့သို့ အာဏာပါဝါမျိုးရှိသူက များများစားစားမရှိပါ။ အရှင်မင်းကြီး၏အမိန့်တော်ဖြင့် ဆောင်ရွက်ခဲ့ကြတာဖြစ်သဖြင့် အရှင်မင်းကြီးအား သံသယဝင်ကြမည် မဟုတ်ပေ။
ထို့ကြောင့် အရှင်မင်းကြီးကို ဖယ်လိုက်လျှင် သံသယဖြစ်စရာအကောင်းဆုံးက ယွဲ့ဟွာသာ။ သက်သေခိုင်ခိုင်လုံလုံ မရှိသေးလျှင်ပင် သူ့အား သံသယဖြစ်နေကြရုံနှင့် အရေးနိမ့်နေပြီဟု ဆိုနိုင်သည်။
ဒီနေ့ ယွဲ့ဟွာ သတိထားမိခဲ့တာတစ်ခုရှိသည်။ ယွဲ့ဟွာ သူ လျှိုတွေထည့်ထားသည့် အိမ်တော်များမှ အရာရှိအမတ်တွေမှာ သူ့အားတလေးတစားဆက်ဆံသော်လည်း သူစိမ်းဆန်အေးစက်သည့် မျက်လုံးမျိုးတွေရှိနေကြသည်။
ယခင်တုန်းက သူ့ပညာရည်ဂုဏ်သတင်းကို ဆုံးရှုံးခဲ့ရပြီး တိုင်းသူပြည်သားများ၏ မေတ္တာကို ဆုံးရှုံးခဲ့ရသော်လည်း ယွဲ့လင်း သိပ်အရေးမစိုက်ခဲ့ပါ။ ဘာပဲဖြစ်ဖြစ် သမိုင်း ကြောင်းဆိုတာ အောင်နိုင်သူလက်ထဲမှာသာ ရှိသည်။
သူသာ ထီးနန်းကို အောင်အောင်မြင်မြင် သိမ်းပိုက်နိုင်ပါက သူ့ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်နိုင်မည်ဖြစ်ကာ လူအများ၏ လေးစားကြည်ညိုမှုကိုလည်း ပြန်လည်ရယူနိုင်ပါလိမ့်မည်။
သူ့စစ်မြေပြင်အစစ်အမှန်က ညီလာခံသာ ဖြစ်သည်။
သို့သော် ညီလာခံအစည်းအဝေးကို ကျန်းကျီမြောင် စတင်တက်ရောက်လာသည့်အချိန်ကစလို့ သူ့အပေါ် နန်းတွင်းအရာရှိအများစု ဆက်ဆံသည့် အချိုးများ ပြောင်းလဲသွားသလို ယွဲ့ဟွာခံစားလိုက်ရသည်။
ယခင်တုန်းကဆို သူ့အား သဘောမကျလျှင်ပင်ဟန်ဆောင်ပန်ဆောင်နေပြကြသေးသည်။ သို့သော်လည်း ဒီနေ့တော့ ဟန်ပင်မဆောင်နိုင်တော့ဘဲ သူ့ကို လျစ်လျူရှုထားကြပါသည်။ ပြည်သူများထံမှ မေတ္တာကိုသာ ဆုံးရှုံးခဲ့ရခြင်းမဟုတ်ဘဲ ယခု အရာရှိအမတ်များ၏ အရေးပေးမှုကိုပါ ဆုံးရှုံးလိုက်ရလေပြီ။
ထိုဆုံးရှုံးမှုက အလွန်ကြီးမားလွန်းလှသည်။
ယွဲ့ဟွာတစ်ခုခုရှင်းပြချင်မိသည်။ သို့သော် ဒီလိုအခြေအ နေမှာ ရှင်းပြလိုက်ပါက ပြဿနာပိုဆိုးရွားသွားနိုင်သည်။ ချန်ကျင်းမင်၏ဂုဏ်သတင်းမွှေးပျံ့မှုနဲ့ အဆက်အသွယ်ကျယ်ပြန့်မှုကြောင့်သာ မဟုတ်လျှင် သူလုံးဝ ဖယ်ကြဉ်ခံလိုက်ရမှာကို ယွဲ့ဟွာ စိတ်ပူမိသည်။
“အရှင်မင်းသား… သိပ်ပြီး အရေးမစိုက်ပါနဲ့”
ချန်ကျင်းမင် တိုးညှင်းစွာ သတိပေးလိုက်သည်။
“အရှင်မင်းသား ဘာမှမဖြစ်သလို ပြုမူနိုင်ရင် သံသယထပ်များလာစရာအကြောင်း မရှိဘူး၊ ဒါပေမယ့် အရှင်မင်းသား အခုလိုမျက်စိပျက် မျက်နှာပျက်ဖြစ်နေမယ်ဆိုရင်တော့ အားလုံးကျိန်းသေပေါက် သံသယဝင်ကြလိမ့်မယ်၊ စိတ်ချပါ ဒီငယ်သား ရှိနေသေးသရွေ့ အချိန်တစ်ခုကြာရင် ဒီလိုအသေးအဖွဲကိစ္စတွေကို အားလုံးမေ့မေ့ပျောက်ပျောက် ဖြစ်သွားကြပါလိမ့်မယ်”
ချန်ကျင်းမင် အားပေးစကားကြောင့် ယွဲ့ဟွာ ခေါင်းညိတ် လိုက်မိပါသည်။ သူ့ဗျူဟာပညာရှင်ကြီးကို ယွဲ့ဟွာ အလွန် ယုံကြည်ပါသည်။
သူအခုလို အာဏာပါဝါ ကြီးမားလာရခြင်းက ချန်ကျင်းမင်၏ကျေးဇူးတွေကြောင့်သာ။ ထို့ပြင် ချန်ကျင်းမင် စွမ်းရည်များမှာ သာမန်ထက် ထူးကဲလွန်းသဖြင့် ဘယ်လိုပြဿနာမျိုးပဲ ပေါ်လာပါစေ ချန်ကျင်းမင်သာ ရှိနေလျှင် အလိုလိုပြေလည်သွားပါလိမ့်မည်။
ယွဲ့ဟွာ တဖြည်းဖြည်း စိတ်ပြန်တည်ငြိမ်သွားခဲ့သည်။ ချန်ကျင်းမင်မျက်နှာပေါ်မှာလည်း အပြုံးတစ်ခုပေါ်လာခဲ့သည်။
“အရှင်မင်းသား အခုလိုနားလည်သွားတာ ကောင်းပါတယ်၊ ဒီနေ့ အမဲလိုက်ထွက်တဲ့အခါ အရှင်မင်းသား စိတ်အပန်း ဖြေဖို့ကလွဲပြီး ကျန်တာဘာမှ အာရုံမစိုက်ပါနဲ့”
ယွဲ့ဟွာ ခေါင်းညိတ်လိုက်ပြီး ချန်ကျင်းမင့်ကို လေးစားစွာ ပြောလိုက်ပါသည်။
“ဝန်ကြီးချန်ရှိနေသေးလို့ တော်သေးတာပေါ့”
ချန်ကျင်းမင် သိမ်မွေ့စွာ ပြုံးလိုက်သည်။
“ဒီငယ်သားက အမြဲတမ်းရှိနေမှာပါ”
ယွဲ့ဟွာကို ချန်ကျင်းမင် နှစ်သိမ့်နေစဉ် အရှင်မင်းကြီးနှင့် မိဖုရားကြီးတို့၏ဝေါယာဉ်ရောက်ရှိလာခဲ့ပြီဖြစ်သည်။ အမဲလိုက်ထွက်မှာဖြစ်တာကြောင့် ယွဲ့လင်း ဒီနေ့ စစ်ဝတ်တန်ဆာများ ဝတ်ဆင်ထားပြီး ကျန်းကျီမြောင်ကလည်း လှုပ်ရှားရလွယ်ကူသည့် အဝတ်အစားများကိုသာ ဝတ်ဆင်ထားပါသည်။ နှစ်ယောက်သား ဘေးချင်းကပ်ရပ် ယှဉ်ထိုင်နေကြပြီး အလွန်လိုက်ဖက်လွန်းလှသည်။
သို့သော် ဒီနေ့ မျက်စိကျစရာအကောင်းဆုံးက အရှင်မင်း ကြီးမဟုတ်သလို မိဖုရားကြီးလည်း မဟုတ်ပါ။ တော်ဝင် အစောင့်တပ်သားများကဲ့သို့ ချပ်ဝတ်တန်ဆာများဝတ် ဆင်ထားပြီး စစ်မြင်းတစ်ကောင်ကို စီးနှင်းလာသည့် ကြင်ယာတော်သဲ့ ဖြစ်နေပါသည်။
အနီတောက်တောက် ချပ်ဝတ်တန်ဆာကို ဆင်မြန်းထားကာ လက်ထဲမှာလည်း လှံရှည်တစ်လက်ကို ကိုင်ဆောင်ထားပြီး ကြင်ယာတော်သဲ့ အလွန်တင့်တယ်ခံ့ညားလျက်ရှိနေလေသည်။
“ကြင်ယာတော်သဲ့က ဘယ်လိုဖြစ်တာလဲ”
“အဲ့တာ နန်းတော်စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီဘူးနော်”
“အနောက်နန်းဆောင် ကြင်ယာတော်တစ်ယောက် ဒီလို စစ်မြင်းတစ်ကောင်စီးလာတာမျိုး ဖြစ်သင့်ရဲ့လား”
အားလုံး တီးတိုးဝေဖန်ပြစ်တင်လိုက်ကြလေသည်။
ထိုအခါ ယွဲ့လင်း ခံစားချက်မဲ့စွာမိန့်လိုက်သည်။
“ဒီနေ့ ကြင်ယာတော်သဲ့ကို ချပ်ဝတ်တန်ဆာ ဆင်မြန်းခွင့်နဲ့ စစ်မြင်း စီးနှင်းခွင့်တို့ကို ကျန်းကိုယ်တိုင် ခွင့်ပြုပေးထားတာ၊ မကျေနပ်တဲ့လူရှိရင်လည်း မြင်းပေါ်တက်ပြီး လိုက်ခဲ့လို့ရတယ်”
အရာရှိအမတ်များ ဆွံ့အသွားကြသည်။ စစ်မက်အရာရှိတချို့ကလွဲပြီး တခြားသူတွေအားလုံး ဒီလိုခရီးရှည်အတွက် မြင်းစီးနိုင်မှာမဟုတ်ကြပါ။
ထို့အပြင် ထိုမြင်းတွေက စစ်မြင်းတွေဖြစ်သည်။ သာမန်လူတွေ ယဉ်ပါးအောင် လုပ်နိုင်မည့် မြင်းတွေ မဟုတ်ပေ။ သို့သော် ကြင်ယာတော်သဲ့ကတော့ စစ်မြင်းတစ်ကောင်ကို ယဉ်ပါးအောင် အလွယ်တကူ ပြုလုပ်နိုင်ခဲ့ပါသည်။
ရင်ထဲမှ မကျေမနပ် တွေးတောလိုက်ကြသော်လည်း နှုတ်မှထုတ်မပြောရဲကြချေ။
“အရှင်မကို ကာကွယ်ပေးဖို့အတွက် အရှင်မရဲ့ ညာဘက်မှာ ချုံးလန်ရှိနေပါ့မယ်”
အနောက်နန်းဆောင်ထဲက ကြင်ယာတော်သဲ့နှင့် မတူဘဲ လက်ရှိ ဝူချုံးလန်က အခြားတစ်ယောက်လိုပြောင်းလဲသွားကာ ရဲစွမ်းသတ္တိအပြည့်နှင့် သူရဲကောင်းဆန်နေသည်။
ကျန်းကျီမြောင် စိတ်အခြေအနေ အနည်းငယ် ရှုပ်ထွေးသွားသော်လည်း နူးညံ့ပျော့ပြောင်းသည့် လေသံဖြင့် နွေးထွေးစွာ မိန့်လိုက်ပါသည်။
“ကောင်းပါပြီ။ အားကိုးပါတယ် ချုံးလန်”
ဝူချုံးလန် အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။
အားလုံးကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ကိုယ်ရံတော် တပ်ဖွဲ့ကို ဝူကျီး ဦးဆောင်လာခဲ့သည်။ ဝူချုံးလန်ကို မြင်သောအခါ ဝူကျီးအကြည့်များ နူးညံ့သိမ်မွေ့သွားခဲ့သည်။
သူ့ညီမက ဖခင်ဖြစ်သူပြောခဲ့သလိုပင် စစ်မက်ပါရမီနှင့် မွေးဖွားလာခဲ့သူဖြစ်သည်။ စွမ်းရည်ချင်း ယှဉ်ရမည်ဆိုလျှင် သူ့ညီမသည် သူနှင့် တန်းတူနီးပါး ထူးချွန်ပါသည်။
ငယ်စဉ်တုန်းကဆို ညီမဖြစ်သူ၏အနိုင်ယူထိုးကြိတ်မှုကိုပင် ဝူကျီး ခံရဖူးသည်။ သို့သော် အရွယ်ရောက်လာသော အခါ ယောက်ျားမိန်းမ သဘာဝအရ ခွန်အားကွာခြားမှုတို့ကြောင့် အခြေအနေတွေ ပြောင်းလဲလာခဲ့ရသည်။
ယခင် နယ်စပ်မှာ တင်းမာမှုတွေဖြစ်ခဲ့စဉ်က နယ်စပ်ကို ကာကွယ်ဖို့အတွက် ဝူမိသားစုကို တာဝန်ပေးအပ်ခဲ့ကြသည်။ ဝူချုံးလန်ကလည်း နယ်စပ်မြို့ငယ်တစ်ခုမှာ နေထိုင်ခဲ့ရသည်။
စစ်ပွဲတွေ တစ်ခုပြီးတစ်ခုကို သူမ မျက်မြင်ကြုံတွေ့ခဲ့ရပြီး ငယ်စဉ်ကတည်းက စစ်မြေပြင်မှာ တိုက်ပွဲဝင်ချင်သည့် စိတ်ဓာတ်မျိုးရှိခဲ့သည်။ သို့သော် ခမည်းတော်ကမူ စစ် မြေပြင်ပေါ်မှာ မိန်းမသားဆိုတာ တစ်ခါမှမရှိခဲ့ဖူးကြောင်း ပြောကြားကာ တားမြစ်ခဲ့ပါသည်။
ထိုချိန် ညီမဖြစ်သူ မျက်ရည်တွေဝဲပြီး အကြောင်းအရင်းကို အကြိမ်ကြိမ်မေးမြန်းခဲ့သည်။ သို့သော် ခမည်းတော်ကလည်း အဖြေကို တိတိကျကျမပေးနိုင်ခဲ့ပါ။ ထိုအချိန်မှစ၍ ဝူချုံးလန်အား တံတိုင်းတွေအနား ကပ်ခွင့်မပေးတော့ပေ။
ထို့နောက် ဝူချုံးလန်က အိမ်တော်ခြံဝန်းထဲမှာသာ လှံပညာလေ့ကျင့်ခဲ့နေရသည်။ စာဖတ်ရတာ သဘောမကျသော် လည်း စစ်ရေးပညာနှင့်ပတ်သတ်သည့် စာအုပ်တွေကို အလွတ်ရသည်အထိ ဖတ်ရှုလေ့လာခဲ့သူဖြစ်သည်။
စစ်မြေပြင်အကြောင်းတွေပြောပြဖို့ ဝူကျီးကိုလည်း မကြာ ခဏ နားပူနားဆာလုပ်ဖူးပါသည်။ ထို့ကြောင့် ကလေးတစ်ယောက်ကို ပုံပြောပြသလိုမျိုး ဝူကျီးပြောပြခဲ့ရသည်။ ဝူချုံးလန်က ဒါတွေကို နားထောင်ပြီး သူ့ကို အကြံဉာဏ်များပင်ပေးတတ်သေးသည်။
ဝူကျီး အလွန်အံ့အားသင့်ခဲ့ရသည်။ ဝူချုံးလန်က သူပြောပြသည့် စစ်မြေပြင်အကြောင်းအရာတွေကို ကြားရုံနှင့်မှန် ကန်စွာ အကဲဖြတ်သုံးသပ်နိုင်စွမ်းရှိသည်။ စစ်ပွဲတစ်ခုဖြစ်ပွားသည့်အခါ သူ့ဘေးမှာ သူ့ညီမလေးသာ ရှိနေခဲ့ပြီး သူ့ညီမလေးပေးသည့် အကြံဉာဏ်တွေကိုသာ နားထောင်ခဲ့လျှင် ဆုံးရှုံးမှုအတော်များများကို ရှောင်လွှဲနိုင်ခဲ့လောက်သည်။
ဝူချုံးလန်က တကယ်ပဲ စစ်မက်ပါရမီရှင်တစ်ယောက်ဖြစ်သည်။ သို့သော်… သူမက မိန်းမသားတစ်ဦးဖြစ်သည်။ ထို့ကြောင့် ပါရမီဘယ်လောက်ပဲ ရှိနေပါစေ အသုံးမဝင်တော့ပါ။ နောက်ဆုံးတော့ အနောက်နန်းဆောင်ထဲကို ရောက်ရှိသွားပြီး အရှင်မင်းကြီး၏ကြင်ယာတော်သဲ့ ဖြစ် လာရသည်။
ကံကောင်းစွာဖြင့် အရှင်မင်းကြီးနှင့် မိဖုရားကြီးတို့က သဘောထားဖြူစင်ပြီး သက်ညှာမှုရှိကြသည်။ ဒီနေ့ သူ့ညီမလေး ချပ်ဝတ်တန်ဆာများဝတ်ဆင်ပြီး လက်ထဲမှာလည်း လှံရှည်တစ်လက်ကို ကိုင်ဆောင်ခွင့် ရခဲ့ပါသည်။
ယခု သူ့ညီမလေး… အလွန်ပျော်ရွှင်နေလောက်သည်။
ဝူချုံးလန်ကို ကြည့်ရင်း ဘာကြောင့်ရယ်မှန်းမသိဘဲ ဝူကျီးမျက်ဝန်းများ စိုစွတ်လာခဲ့သည်။