One’s Own Happiness is Also Very Important
Vol. 12 Ch. 112
ကိုယ်ရံတော်တပ်ဖွဲ့၏စောင့်ကြပ်မှုဖြင့် ယွဲ့လင်းတို့ အမဲလိုက်အဖွဲ့ အရှိန်အဟုန်အပြည့် စတင်ထွက်ခွာခဲ့သည်။
တော်ဝင်အစောင့်တပ်သားများက အရှေ့အနောက် တင်း တင်းကြပ်ကြပ် ကာကွယ်စောင့်ကြပ်နေကြပြီး အရှင်မင်း ကြီးနှင့် မိဖုရားကြီးတို့၏တော်ဝင်မြင်းလှည်းနောက်မှာ စီးတော်မြင်းဖြင့် စစ်သူကြီးနှစ်ယောက်ရှိသေးသည်။ ထို့ပြင် နန်းတွင်းအရာရှိအများစုကလည်း ၎င်းတို့၏ မိသားစုဝင်များကို မြင်းလှည်းများဖြင့် တင်ခေါ်လာခဲ့ကြသည်။
ထို့ကြောင့် အမဲလိုက်ထွက်လာသည့် လူတန်းကြီးမှာ မိုင်ပေါင်းများစွာ ရှည်လျားနေလေသည်။
“ကြင်ယာတော်သဲ့ ဒီပုံစံနဲ့ တကယ်ကြည့်ကောင်းတာပဲ”
ကြင်ယာတော်သဲ့ကို ကျန်းကျီမြောင် ချီးကျူးလိုက်သည်။
ဝူချုံးလန် အနည်းငယ်ပြုံးသွားပါသည်။
“အရှင်မ၊ ဒီကြင်ယာတော် ငယ်စဉ်ကတည်းက သိုင်းပညာကို လေ့လာ သင်ယူခဲ့တာပါ၊ အဲ့ဒီနယ်ပယ်မှာတော့ ဒီကြင်ယာတော် ကိုယ့်အစွမ်းအစကိုယ် ယုံကြည်မှုရှိတယ်၊ အရှင်မ မြင်းစီးတတ်ချင်တယ်ဆိုရင် ဒီကြင်ယာတော် သင်ပေးနိုင်ပါတယ်”
မြင်းစီးသင်ရမယ် ဟုတ်လား…
ကျန်းကျီမြောင် ခေါင်းကို ဆက်တိုက်ခါရမ်းပစ်လိုက်ပါသည်။
“တော်ပါပြီ တော်ပါပြီ”
မြင်းစီးသင်ရမှာ အတော်လေးပင်ပန်းနိုင်သည်။ ထို့ကြောင့် ကိုယ်တိုင်ကိုယ်ကျ သင်ယူစရာမလိုဘဲ ဒီတိုင်းကြည့်နေရလျှင် လုံလောက်ပါပြီ။
“အရှင်မ ကိုယ်တိုင်သင်ယူစရာ မလိုပါဘူး၊ အရှင်မကို ဒီကြင်ယာတော် အမြဲတမ်း စောင့်ရှောက်ပေးမှာပေါ့…”
ဝူချုံးလန် နူးညံ့သိမ်မွေ့သည့် အသံလေးဖြင့် လျှောက်တင်လိုက်ပါသည်။
ထို့နောက် ယွဲ့လင်းထံကြည့်ကာ အလွန်တွန့်ဆုတ်စွာ လျှောက်တင်လိုက်သည်။
“အရှင်မင်းကြီးကောပဲ”
ထိုစကားက စိတ်မပါလက်မပါပြောသည့် စကားဖြစ်မှန်း အလွန်သိသာပါသည်။
ယွဲ့လင်း မျက်နှာ အနည်းငယ်မှောင်မိုက်သွားသည်။ သူအမှားလုပ်မိပါပြီ။ မနေ့က ဒီကြင်ယာတော်သဲ့ကို အတူလိုက်ပါခွင့် မပေးခဲ့သင့်ပေ။
“မြောင်မြောင် မုန့်ပဲသရေစာ သုံးဆောင်ပါဦး”
ကျန်းကျီမြောင်၏အာရုံစိုက်မှုကို ပြန်ရဖို့အတွက် မုန့်ဖြင့် မျှားခေါ်ဖို့ ယွဲ့လင်း ကြိုးစားလိုက်ပါသည်။
“ဒီမိဖုရား မသုံးဆောင်ချင်သေးဘူး”
ကျန်းကျီမြောင် ခေါင်းခါလိုက်ပြီး ကြင်ယာတော်သဲ့ကို ပြန်လှည့်ကြည့်လိုက်ပါသည်။
“ကြင်ယာတော်သဲ့ ငယ်စဉ်တုန်းက သိုင်းပညာတွေလေ့ ကျင့်ခဲ့ရတော့ အခက်အခဲတွေ အများကြီးကြုံတွေ့ခဲ့ရလား”
ဝူချုံးလန် ခေါင်းခါလိုက်ပါသည်။ အတိတ်အကြောင်း ပြန်ပြောရသောအခါ သူမ စိတ်လှုပ်ရှားသွားခဲ့သည်။
“အခက်အခဲ ဟုတ်လား ? ဘာလို့ အခက်အခဲကြုံရမှာလဲ၊ နယ်စပ်မှာနေခဲ့ရတဲ့ ကာလတွေက ဒီကြင်ယာတော်အပျော် ရွှင်ရဆုံး ကာလတွေပဲ၊ အသက် ၁၂ နှစ်မပြည့်ခင် ဒီကြင်ယာတော်ရဲ့အတိုက်အခိုက်စွမ်းရည်တွေက အစ်ကိုတော်ထက်တောင် ပိုသာလွန်နေပြီ၊ ဒီကြင်ယာတော် လှံကိုင်ပြီး အစ်ကိုတော်နောက်ကို အမြဲတမ်းပြေးလိုက်ခဲ့တာ…”
ဝူချုံးလန်၏ မျက်နှာထားကရွှင်လန်းတောက်ပနေခဲ့သည်။ ကျန်းကျီမြောင်လည်း စိတ်ဝင်တစား နားထောင်နေခဲ့သည်။
နယ်စပ်မှာ ကျန်းကျီမြောင်မနေဖူးပါ။ သိုင်းပညာကိုလည်း မလေ့ကျင့်ဖူးချေ။ သို့သော် ဝူချုံးလန်ပြောပြတာတွေကို နားထောင်ရင်း ထိုဘဝကို သူမ ကိုယ်တိုင်ဖြတ်သန်းဖူးသလို ခံစားနေရသည်။
ယခု ကြင်ယာတော်သဲ့က ကြင်ယာတော်သဲ့မဟုတ်ဘဲ ရွှင် လန်းတောက်ပနေသည့် ဝူချုံးလန်သာ။
[ညီမချုံးလန်က တကယ်ကြည့်ကောင်းတာပဲ]
ကျန်းကျီမြောင် မျက်ဝန်းများ နူးညံ့သိမ်မွေ့လာခဲ့သည်။
ဝူချုံးလန် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်ပြီးမျက်နှာတစ်ခုလုံးလည်း ရှက်သွေးဖြာ နီမြန်းသွားခဲ့သည်။
ယွဲ့လင်း: “???”
ယွဲ့လင်း ချက်ချင်းခါးမတ်သွားခဲ့သည်။ ရင်ထဲမှာလည်း သတိဝီရိယ ကြီးသွားခဲ့ပါသည်။
ဒီသူခိုးလိုကြင်ယာတော်သဲ့ မိဖုရားကိုမြှူဆွယ်ဖြားယောင်း နေတာလား!
ယွဲ့လင်းအား ရန်စသောအကြည့်မျိုးဖြင့် ကြင်ယာတော်သဲ့ ကြည့်လိုက်ပြီး ကျန်းကျီမြောင်ကိုနွေးနွေးထွေးထွေး လျှောက်တင်လိုက်ပါသည်။
“အရှင်မ ဒီလိုအကြောင်းအရာတွေ နားထောင်ရတာနှစ် သက်တယ်ဆို ဒီကြင်ယာတော် နေ့စဉ်နေ့တိုင်းလာပြောပြပေးပါ့မယ်”
“နှစ်သက်ပါတယ်”
ကျန်းကျီမြောင် ချက်ချင်း သဘောတူလိုက်သည်။
“ချုံးလန်ရဲ့ချပ်ဝတ်တန်ဆာကလည်း အရမ်းကြည့်ကောင်းတယ်၊ ပြီးတော့ ဒီလှံကို ချုံးလန်ကိုင်တာ သိပ်မတွေ့ဖူးဘူးနော်”
လက်ထဲမှ လှံရှည်ကို ကြည့်လိုက်ပြီး ဝူချုံးလန် မျက်လုံးများအနည်းငယ်မှေးမှိန်သွားခဲ့သည်။ သူ တိုးညှင်းစွာ လျှောက်တင်လိုက်ပါသည်။
“အရှင်မ… မိန်းမသားတစ်ယောက်ရဲ့ကံကြမ္မာက လက် ဆက်ထိန်းမြှားဖို့ပါပဲ၊ လက်ဆက်ထိန်းမြှားပြီးတာနဲ့ ကိုယ့်ခင်ပွန်းယောကျ်ားကို ပြုစုရမယ်၊ ယောက္ခမတွေကို ပြုစုစောင့်ရှောက်ရမယ်၊ ပြီးရင် ကလေးတွေ မွေးပေးပြီး ပျိုးထောင်ပေးရမယ်၊ ဒီကြင်ယာတော်ရဲ့ လှံရေးအတတ်က ထူးချွန်တယ်ဆိုရင်တောင် ဒီလိုဘဝမှာ ဘာမှအသုံးမဝင်တော့ပါဘူး”
ဝူချုံးလန်၏လေသံက တည်ငြိမ်နေသည်။ ထိုစကားတွေက သူမ စကားတွေမဟုတ်ပါ။ ဖခင်ဖြစ်သူ၏စကားများသာဖြစ်သည်။ ထိုအချိန်တုန်းက သူမ ပုန်ကန်သည့်စကားများပြောခဲ့ဖူးသည်။
သို့သော်ဖခင်ဖြစ်သူကမူ ‘ဒီလောကကြီးထဲမှာ ဘယ်မိန်းမသားက ဒီလိုလုပ်ဖူးလို့လဲ’ဟူ၍သာ အမြဲတမ်း အ ကြောင်းပြချက်ပေးလျက် ပြန်ပြောလေ့ရှိပါသည်။
ဝူချုံးလန် သက်ပြင်းချလိုက်သည်။ သူ လောကကြီးတစ်ခုလုံးကို ပြောင်းလဲနိုင်စွမ်းမရှိသဖြင့် လိုက်လျောညီထွေးဖြစ်အောင် နေထိုင်တတ်ဖို့သာသင်ယူခဲ့ရသည်။ မဟုတ်ပါက သူ့ ဘဝ ပိုဆိုးရွားသွားရုံသာရှိလိမ့်မည်။ နောက်ဆုံးမှာတော့ အနောက်နန်းဆောင်ထဲ ဝင်ရောက်နိုင်ခြင်းကသာ သူ့အတွက် အကောင်းဆုံးရလဒ်ဖြစ်ခဲ့သည်။
အနည်းဆုံးတော့ အလွန့်အလွန် စိတ်သဘောထား ဖြူစင်သည့် အရှင်မလိုလူမျိုးနဲ့ ဆုံတွေ့ခဲ့ရခဲ့သည်။ အရှင်မင်း ကြီးလည်းပါသည်။
ဝူချုံးလန် ဝန်မခံချင်သော်လည်း အရှင်မင်းကြီးက အမြော် အမြင်ရှိသည့် မင်းတစ်ပါးဖြစ်သည်။ ထို့ကြောင့် အနောက်နန်းဆောင်ထဲ သူမ ဘဝအား အေးအေးချမ်းချမ်းတည်တည်ငြိမ်ငြိမ် ဖြတ်သန်းနိုင်မှာသေချာသည်။
သို့သော်… သူ့ရင်ထဲမှာတော့ အခုချိန်ထိ မအေးချမ်းနိုင်သေးပါ။
“ဘာလို့ အဲ့လိုပြောရတာလဲ”
ကျန်းကျီမြောင် နားလည်ရခက်သော လေသံဖြင့် မိန့်လိုက်သည်။
“လှံရေးလေ့ကျင့်တာ ကြင်ယာတော်သဲ့အတွက် ပျော်စရာမကောင်းဘူးလား၊ ယောက္ခမတွေ၊ ခင်ပွန်းယောက်ျားတွေကို ပြုစုစောင့်ရှောက်တာ၊ သားသမီးတွေကို ပျိုးထောင်ရတာတွေထက် ကိုယ့်အတွက်ကိုယ် ပြန်မစဉ်းစားဖူးဘူးလား၊ ဘဝမှာ ကိုယ်တိုင်ပျော်ရွှင်ရဖို့က အရေးအကြီးဆုံးပဲလေ”
ကျန်းကျီမြောင်က ရိုးရိုးတန်းတန်း ပြောလိုက်ခြင်းဖြစ်သော်လည်း ဝူချုံးလန် ကြက်သေသေသွားခဲ့သည်။
ဘဝမှာ ကိုယ်တိုင်ပျော်ရွှင်ရဖို့က အရေးအကြီးဆုံးတဲ့လား…
ငယ်စဉ်အချိန်ကစလို့ ယခုအချိန်အထိ သူမကို ထိုစကားမျိုး ဘယ်သူမှမပြောခဲ့ဖူးပါ။ သူကြားဖူးသည့် စကားတွေဆိုလို့ မိန်းမသားတစ်ဦးက နူးညံ့သိမ်မွေ့ရမည်၊ အနစ်နာခံနိုင်စွမ်း၊ သည်းခံနိုင်စွမ်းရှိရမည် ဟူသည့်စကားတွေသာ ဖြစ်သည်။ သူမရဲ့ပျော်ရွှင်မှုက အရေးပါကြောင်း တစ်ဦးတစ်ယောက်မှ မပြောခဲ့ဖူးပေ။
“ကြင်ယာတော်သဲ့ သဘောကျတယ်ဆိုရင် ရှေ့လျှောက် ဆက်လေ့ကျင့်ပေါ့၊ ကြင်ယာတော်သဲ့ရဲ့ လှံရေးစွမ်းရည်ကို ဒီမိဖုရား မြင်ချင်ပါသေးတယ်”
ကျန်းကျီမြောင် အပြုံးဖြင့် မိန့်လိုက်သည်။
“အရှင်မ…”
ဝူချုံးလန် နှလုံးသား တုန်ခါသွားခဲ့ရပြီး နီမြန်းနေသော မျက်ဝန်းများဖြင့် ခေါင်းညိတ်လိုက်သည်။
“ကောင်းပါပြီ၊ အရှင်မ နေ့တိုင်း ကြည့်ရှုနိုင်ဖို့အတွက် ဒီကြင်ယာတော် လှံရေးလေ့ကျင့်ပေးပါ့မယ်”
ပြောပြောဆိုဆိုနဲ့ ဝူချုံးလန် လက်ထဲကလှံကို ပန်းတစ်ပွင့်လိုဖြစ်သွားအောင် လှည့်ပြလိုက်သည်။ ကျန်းကျီမြောင်ကမူ လက်ခုပ်လက်ဝါးတီးကာ အားပေးလိုက်ပြန်သည်။
ယွဲ့လင်း: “…”
ကြင်ယာတော်သဲ့အတွက် တော်ဝင်မြင်းလှည်ပေါ်ကနေ သူနေရာ ဖယ်ပေးလိုက်သင့်လား…
“အရမ်းတော်တာပဲ”
ကျန်းကျီမြောင် ချီးမွမ်းလိုက်ပါသည်။
“အခု စစ်သူကြီးဝူနဲ့ ကြင်ယာတော်သဲ့နဲ့ ဘယ်သူ ပိုသန်မာမယ်ထင်လဲ”
ဝူချုံးလန်က မခံချင်စွာ ပြောလိုက်သည်။
“အစ်ကိုတော်က ယောက်ျားတစ်ယောက်ဖြစ်တဲ့အတွက် သူ့ခွန်အား အားသာချက်ကိုပဲ အားကိုးနေတာ၊ နည်းစနစ်အရဆို ဒီကြင်ယာတော်က အပုံကြီးပိုသာတယ်၊ ဒါပေမယ့် တကယ်တမ်း ယှဉ်ပြိုင်တိုက်ခိုက်တဲ့အခါကျရင်တော့ သူ့ကို ဒီကြင်ယာတော် မယှဉ်နိုင်ပါဘူး၊ သာမန်တပ်သားတွေဆိုရင်တော့ ဒီကြင်ယာတော်ရဲ့လှံကိုသုံးပြီး ဆယ်ဂဏန်းလောက် အသာလေးအနိုင်ယူနိုင်တယ်”
အတိုက်အခိုက်အကြောင်း ပြောရသည့်အခါ ဝူချုံးလန်၏ မျက်လုံးများက အလွန်တောက်ပနေခဲ့သည်။
“စစ်မြေပြင်က အကြောင်းတွေပြောပြပါဦး”
ကျန်းကျီမြောင် မေးလိုက်သည်။
ဝူချုံးလန် ခေါင်းညိတ်လိုက်ပါသည်။
“ဒီကြင်ယာတော် စစ်မြေပြင်ထဲတော့ ကိုယ်တိုင် မရောက်ဖူးဘူး၊ အစ်ကိုတော် ပြောပြဖူးတာတွေပဲကြားဖူးတယ်၊ အဲ့ဒီအကြောင်းတွေ အရှင်မကို ပြန်ပြောပြပါ့မယ်”
ထို့နောက် စစ်မြေပြင်အကြောင်းကို ဝူချုံးလန် အားကြိုး မာန်တက် စီကာပတ်ကုံးပြောလေတော့သည်။
စစ်ပွဲတွေ တစ်ခုပြီးတစ်ခုအကြောင်း လေးလေးနက်နက် ပြောဆိုခဲ့သည်။ အောင်ပွဲရစစ်ပွဲတွေအကြောင်း ပြောဆိုသောအခါ သူမမျက်နှာ တောက်ပနေတတ်သလို အရေးနိမ့်ခဲ့ရသည့် စစ်ပွဲတွေအကြောင်း ပြောဆိုသောအခါ သူမမျက်နှာနာကျင်ညှိုးငယ်နေခဲ့ကာ ဘယ်လိုတိုက်ခိုက်ခဲ့သင့်ကြောင်းကိုလည်း သုံးသပ်ပြသေးသည်။
အစကတော့ ယွဲ့လင်း သဝန်တိုနေရုံသာရှိသည်။ သို့သော် ကြင်ယာတော်သဲ့ပြောပြသည့် အကြောင်းများ နားထောင်ရင်း ယွဲ့လင်း မျက်လုံးများပြောင်းလဲသွားခဲ့သည်။
ဝူချုံးလန် စကားအား သာမန်ကာလျှံကာ ပြောပြနေခြင်းမဟုတ်ပါ။ စစ်မြေပြင်အကြောင်း လေးလေးနက်နက် သုံးသပ်ပြနေခြင်းသာ။
ကြင်ယာတော်သဲ့၏ဖခင်မှာ အလွန်အသက်ကြီးနေပါပြီ။ လောလောဆယ် ယုံမင်းဆက်အတွက် အထူးချွန်ဆုံးစစ် သူကြီးသည် ကြင်ယာတော်သဲ့၏အစ်ကိုဖြစ်သူ ဝူကျီးပင်။
ဝူကျီးသည် တိုက်ရည်ခိုက်ရည် ထူးချွန်သော်လည်း ဗျူဟာပိုင်းမှာ အားနည်းချက်ရှိသည်။ မဟုတ်ပါက မြောင်မြောင့် အတွေးထဲကလို သူ့လက်ထောက်စစ်သူကြီးတစ်ဦး၏လုပ်ကြံမှုကို ခံခဲ့ရမည်မဟုတ်ပါ။ ထိုအချိန်တုန်းကသာ ဝူကျီးဘေးမှာ ဝူချုံးလန် ရှိနေခဲ့လျှင် ထိုကြမ္မာဆိုးကို ကာကွယ်နိုင်ခဲ့လောက်သည်။
ယွဲ့လင်း ခါးမတ်သွားပြီး ဝူချုံးလန်စကားများကို လေးလေးနက်နက် နားထောင်လိုက်သည်။ ဝူချုံးလန်၏ သုံးသပ်ချက်တချို့ကို ကြားသောအခါ ယွဲ့လင်း အံ့အား သင့်တုန်လှုပ်ခဲ့ရသည်။
ဒီလိုလူမျိုးက မျိုးဆက်တစ်ခု၏အထူးချွန်ဆုံး စစ်သူကြီးတစ်ပါးဖြစ်လာနိုင်ပါလျက်နှင့် အနောက်နန်းဆောင်ထဲ ကြင်ယာတော်တစ်ပါးအဖြစ် ရောက်ရှိနေခဲ့ရသည်။
ယွဲ့လင်း ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး မိန့်လိုက်သည်။
“မြောင်မြောင်၊ ကျန်းနဲ့အတူ ခဏလောက် မြင်းစီးထွက်ရအောင်”
ကျန်းကျီမြောင် စိတ်ပါဝင်စားစွာ နားထောင်နေစဉ် ယွဲ့လင်း၏ရုတ်တရက် ကြားဝင်ဖြတ်မှုကိုခံလိုက်ရသည်။ ဝူချုံးလန်လည်း ယွဲ့လင်းကို မကျေမနပ်ကြည့်လိုက်ပါသည်။
ဟွန်း! အရှင်မကို ထပ်လုဖို့ ကြိုးစားနေပြန်ပြီ!
“ချုံးလန်၊ နောက်မှ ဒီမိဖုရား ဆက်နားထောင်ပေးမယ်နော်”
ကြင်ယာတော်သဲ့ထံ ကျန်းကျီမြောင် အားနာပါးနာကြည့်လိုက်ပြီး ယွဲ့လင်းမြင်းပေါ် တက်လိုက်ပါသည်။
အရှင်မင်းကြီး ဘာလို့ ရုတ်တရက် စိတ်ပြောင်းသွားတာလဲ…
ကျန်းကျီမြောင် မြင်းပေါ်မှာ ထိုင်လိုက်သော်လည်း နည်းနည်းလေးမှမလှုပ်ရဲပါ။ ထို့နောက် သူ သေချာစဉ်းစားကြည့်လိုက်သည်။
ဧကန္တ ကြင်ယာတော်သဲ့ကိုပဲ စကားတွေများနေပြီး အရှင် မင်းကြီးကို လျစ်လျူရှုသလို ဖြစ်သွားလို့များလား…
“ဝူကျီးကို သွားတွေ့ကြစို့”
ကျန်းကျီမြောင်ကို မြင်းပေါ်တင်ပြီးနောက် မြင်းကိုစီးနှင်းလျက် ဝူကျီးဘေးသို့ ယွဲ့လင်း သွားရောက်ခဲ့သည်။