Hua Mulan
Vol. 12 Ch. 113
“အရှင်မင်းကြီး! မိဖုရားကြီး!”
ဝူကျီး အနည်းငယ် စိတ်လှုပ်ရှားသွားပြီး ဂါဝရ အမြန်ပြုလိုက်ပါသည်။
“အလွန်အကျွံ ဂါဝရပြုဖို့ မလိုအပ်ဘူး”
ယွဲ့လင်း လက်မြှောက်ပြကာ ပွင့်ပွင့်လင်းလင်း မိန့်ကြား လိုက်ပါသည်။
“ဒီကာလအတွင်း လောတိုင်းပြည်ကလှုပ်ရှားမှုတွေတဖြည်းဖြည်းစိပ်လာသလို ခံစားရတယ်၊ ဝူကျီး မကြာခင် တိုင်းပြည်နှစ်ခု စစ်မက်ဖြစ်ပွားတော့မှာ သေချာသလောက် ရှိတယ်၊ စစ်ပွဲကြီး စတင်တဲ့အခါ မင်းက စစ်ခေါင်းဆောင်အဖြစ် တာဝန်ယူရမယ်”
ဝူကျီး လေးနက်ပြတ်သားစွာ ချက်ချင်း လျှောက်တင်လိုက်ပါသည်။
“စစ်မြေပြင်မှာ ဒီငယ်သား အစွမ်းကုန်ကြိုးစားပြီး အရှင်မင်းကြီးအတွက် တာဝန်ကျေပွန်အောင် ထမ်းဆောင်ပါ့မယ်!”
သူ့လက်ထောက် စစ်သူကြီးတစ်ယောက်က သစ္စာဖောက်နေဖြစ်မှန်း ဝူကျီးသိလိုက်ရပြီဖြစ်သဖြင့် တခြားပြဿနာ မရှိနိုင်လောက်ပါ။
ယွဲ့လင်းကတော့ ဒီလိုမထင်မိပေ။ သူတို့ ဇာတ်လမ်းကို ကြိုသိကောင်းသိထားနိုင်သော်ငှား နောက်ကွယ်ကကြိုး ကိုင်သူလည်း အခြေအနေကို လိုသလို ပြောင်းလဲလိုက်လို့ရသည်။ ဝူကျီးလိုလူမျိုးက… သူများ လှည့်ကွက်ထဲကျရောက်သွားဖို့ အလွန်လွယ်ကူသည်။
ယွဲ့လင်း မျက်ခုံးပင့်ကာ မိန့်လိုက်သည်။
“ခုလေးတင် ကြင်ယာတော်သဲ့နဲ့ ကျန်းစကားပြောလာခဲ့တာ၊ မင်းညီမက သာမန်မဟုတ်ဘူးပဲ”
ညီမဖြစ်သူအကြောင်း ကြားရသောအခါ ဝူကျီးမျက်လုံးထဲ ဂုဏ်ယူဝံ့ကြွားမှုတွေ အပြည့်ပေါ်လာခဲ့သည်။
“ဒီငယ်သားရဲ့ ညီမတော်က မိန်းမသားတစ်ဦးအဖြစ် မွေးဖွားလာတာကြောင့်သာ ကံဆိုးသွားတာပါ၊ သူသာ သား ယောက်ျားလေးတစ်ဦးအဖြစ် မွေးဖွားလာမယ်ဆိုရင် မျိုးဆက်တစ်ခုရဲ့ အထူးချွန်ဆုံးစစ်သူကြီးတစ်ဦးဖြစ်လာနိုင်တယ်လို့ အဖေ ပြောဖူးတယ်”
“အရှင်မင်းကြီးကို မလှည့်စားဝံ့ပါဘူး၊ ညီမတော် လက် ဆက်မထိန်းမြှားခင်တုန်းက ဒီငယ်သားနဲ့ စစ်ဗျူဟာ ကစားနည်းတွေ အကြိမ်ကြိမ်ကစားခဲ့ဖူးတယ်၊ အမြဲတမ်း ဒီငယ်သားပဲ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရတာချည့်ပါပဲ၊ ခွန်အားပိုင်းကလွဲပြီး တခြားနေရာတွေမှာ ချုံးလန်ကို ဒီငယ်သား အနိုင်မယူနိုင်ပါဘူး”
ယွဲ့လင်း မျက်မှောင်ကြုတ်သွားသည်။
“ကြင်ယာတော်သဲ့မှာ ဒီလိုအစွမ်းအစမျိုးရှိနေရင် မင်းအဖေက ဘာလို့ အစောကြီးကတည်းက မပြောတာလဲ!”
ဝူကျီးခေတ္တကြက်သေသေသွားပြီး ချက်ချင်းဆိုသလို ထိတ်လန့်သွားခဲ့သည်။
“ညီမတော် ဓားရေးလှံရေးတွေ ကစားတာက အတိတ်မှာကျန်ခဲ့ပါပြီ အရှင်မင်းကြီး၊ အခု ညီမတော်က အနောက်နန်းဆောင်ရဲ့ ကြင်ယာတော်တစ်ပါးဖြစ်နေပြီမို့လို့ အဲ့လိုလုပ်ရပ်တွေကို ထပ်လုပ်မှာ မဟုတ်တော့ပါဘူး”
ကြင်ယာတော်သဲ့ ဓားတွေလှံတွေ ကိုင်နေသဖြင့် ယွဲ့လင်း မကျေမနပ်ဖြစ်နေတာဟု ဝူကျီး ထင်သွားခဲ့သည်။ ထို့ ကြောင့် ဒူးထောက် တောင်းပန်ချင်စိတ်ပါပေါက်သွားခဲ့ပါသည်။
ယွဲ့လင်း အေးစက်စွာ ရယ်မောလိုက်သည်။
“ရူးမိုက်လိုက်တာ၊ ယောက်ျားတစ်ယောက်ဆိုရင် မျိုးဆက်တစ်ခုအတွက် အထူးချွန်ဆုံး စစ်သူကြီးဖြစ်လာနိုင်မယ်တဲ့၊ မိန်းမတစ်ယောက်ဖြစ်နေရင်ကော အဲ့လိုမဖြစ်နိုင်တော့ ဘူးလား၊ မင်းတို့ နှစ်ယောက်ကြောင့် ယုံမင်းဆက်အတွက် ထူးချွန်တဲ့စစ်သူကြီးတစ်ယောက်ကို ဆုံးရှုံးလိုက်ရတော့မလို့!”
ဝူကျီး: “???”
ဝူကျီး အချိန်အတော်ကြာအောင် ဆွံ့အသွားခဲ့ပါသည်။
ကျန်းကျီမြောင်လည်း မှင်သက်သွားခဲ့ပြီး ယွဲ့လင်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
ဧကန္တ အရှင်မင်းကြီးက…
“သူ့မှာ စစ်ရေးအမြင်ရှိတယ်၊ စစ်မြေပြင်မှာ တောက်ပနိုင်စွမ်းရှိတယ်၊ ဒါပေမယ့် မင်းတို့က သူ့ကို အနောက်နန်းဆောင်ထဲ ပို့လိုက်ကြတယ်၊ အခုချိန်မှာ ကျန်း လိုအပ်နေတာ ကြင်ယာတော်တစ်ယောက်မဟုတ်ဘူး၊ နယ်စပ်တွေကို ကာကွယ်ပေးနိုင်တဲ့ စစ်သူကြီးတစ်ဦးကို လိုအပ်နေတာ!”
ယွဲ့လင်း ဒေါသတကြီး မိန့်လိုက်သည်။
ယခုကြင်ယာတော်သဲ့က အနောက်နန်းဆောင်ထဲရောက်ရှိနေပြီဖြစ်သဖြင့် စစ်မြေပြင်ကို လွှတ်ဖို့ အခက်အခဲတွေ အများကြီးရှိလာနိုင်သည်။
ဝူကျီး ထပ်မံကြက်သေသေသွားခဲ့ပြန်သည်။
“ဒါပေမယ့် ရှေးယခင်ကတည်းက အခုချိန်ထိ မိန်းမသားတွေက…”
“ရှေးယခင်တုန်းက မရှိခဲ့ဖူးတာနဲ့ပဲ အခု မရှိနိုင်တော့ဘူးလား၊ အနာဂတ်မှာကော ရှိမလာနိုင်ဘူးလား”
ယွဲ့လင်း ခံစားချက်မဲ့စွာ မိန့်လိုက်သည်။
“စစ်သူကြီးကောင်းတစ်ယောက်ဆိုတာ စစ်မြေပြင်မှာ ဘယ်လောက်ထိ စွန့်လွှတ် အနစ်နာခံနိုင်သလဲဆိုတဲ့အချက်ကို ကြည့်ပြီး ဆုံးဖြတ်ရတာ! အဲ့ဒီ ရှေးယခင်က အစဉ်အလာတွေ စည်းမျဉ်းစည်းကမ်းတွေက ပိုအရေး ကြီးတာလား၊ မင်း တပ်သားတွေရဲ့ အသက်တွေက ပိုအ ရေးကြီးတာလား”
ယွဲ့လင်း စကားတွေကြောင့် ဝူကျီး မျက်နှာနီရဲသွားခဲ့သည်။
“ဒီ… ဒီငယ်သား အယူသီးလွန်းခဲ့မိပါတယ်”
“ကျန်းမေးချင်တာ တစ်ခုပဲရှိတယ်၊ ဒီစစ်ပွဲကြီးမှာ ကြင်ယာတော်သဲ့သာ မင်းနဲ့အတူတိုက်ပွဲဝင်မယ်ဆိုရင် အောင်ပွဲ ရနိုင်ချေ ဘယ်လောက်ရှိလဲ”
ယွဲ့လင်း မေးမြန်းလိုက်သည်။
ဝူကျီးတစ်ကိုယ်လုံး ထုံတက်သွားပြီး တွန့်ဆုတ်မှုမရှိဘဲ လျှောက်တင်လိုက်ပါသည်။
“ချုံးလန်ရဲ့ အကူအညီနဲ့သာဆို ၈၀ ရာခိုင်နှုန်းလောက်အထိ အောင်ပွဲရနိုင်ချေရှိပါတယ်၊ လောစစ်တပ်ကို တွန်း လှန်နိုင်ချေ ၈၀ ရာခိုင်နှုန်းအထိရှိပါတယ် အရှင်မင်းကြီး!”
“ကောင်းပြီ”
ယွဲလင်း ခေါင်းညိတ်လိုက်ပြီး ကျန်းကျီမြောင်နဲ့အတူ ပြန်ကြွသွားခဲ့သည်။
ဝူကျီး ခေါင်းကုတ်လိုက်မိပါသည်။
အရှင်မင်းကြီး ဘာကို ဆိုလိုတာလဲ…
ဧကန္တ… သူ့ညီမလေးကို စစ်မြေပြင်ဆီစေလွှတ်မလို့လား
သူ့ညီမလေးကတော့ ငယ်စဉ်ကတည်းက စစ်သူကြီးတစ်ဦးဖြစ်ချင်ခဲ့သည့်အတွက် ပျော်ရွှင်မှာသေချာသည်။ သို့ သော်… သူ့ညီမလေးသည် ယခု အနောက်နန်းဆောင်၏ ကြင်ယာတော်သဲ့ဖြစ်နေပြီဖြစ်သည်။ စစ်မြေပြင်ကို ထွက်နိုင်ဖို့ ခက်ခဲပါလိမ့်မည်။ အရှင်မင်းကြီး အကြံအစည်အား ဝူကျီး နားမလည်နိုင်ပေ။
ယွဲ့လင်းကို ကြည့်ရင်း ကျန်းကျီမြောင်ရင်ထဲ ထူးထူးဆန်းဆန်းခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
[အရှင်မင်းကြီး လျစ်လျူရှုခံရတာကိုမကြိုက်လို့ ငါနဲ့အတူ မြင်းစီးထွက်တာလို့ ထင်ထားတာ၊ အရှင်မင်းကြီးကို ငါအထင်သေးလိုက်မိပြီပဲ၊ ယွဲ့လင်းရင်ထဲမှာ တိုင်းပြည်ရေး ရာအတွက် အမြဲတမ်းရှိနေတာပဲ]
ယွဲ့လင်း မသိမသာပြုံးလိုက်သည်။ တကယ်တော့ ကျန်းကျီမြောင် ထင်နေတာလည်းမမှားပါ။ သို့သော် ဝူကျီးကို ပြောခဲ့သည့် စကားတွေကလည်း အလိမ်အညာမဟုတ်ပေ။
“အရှင်မင်းကြီး”
ကျန်းကျီမြောင် တိုးညှင်းစွာ မေးကြည့်လိုက်သည်။
“အရှင်မင်းကြီးက ကြင်ယာတော်သဲ့ကို စစ်မြေပြင်ဆီ စေလွှတ်မလို့လား”
ယွဲ့လင်း မဖုံးကွယ်ဘဲ ခေါင်းညိတ်လိုက်ပါသည်။
“ကျန်း အဲ့လို ရည်ရွယ်ထားပြီးသားပါ၊ ဒါပေမယ့်… ကန့် ကွက်မှုတွေ ရှိလာမှာကိုတော့ စိုးရိမ်ရတယ်”
ကန့်ကွက်သူတွေရှိနေလျှင်လည်း ရှိပါစေတော့။ ယွဲ့လင်းရင်ထဲမှာ အားလုံးတွက်ချက်ထားပြီးသား ဖြစ်သည်။ ကြင်ယာတော်သဲ့သာ အမှန်တကယ် အစွမ်းအစရှိသူဆိုလျှင် စစ်မြေပြင်မှာ တောက်ပနိုင်ပါလိမ့်မည်။
ထိုအချိန်ကျလျှင် ဝေဖန်ကန့်ကွက်သံတွေလည်း မီးခိုးတိမ်တိုက်တွေလို ပျောက်ကွယ်သွားလိမ့်မည်။ ယွဲ့လင်း အလောင်းအစားလုပ်ဝံ့ပါသည်။
ယွဲ့လင်း နောက်ကျောကို ငေးကြည့်ရင်း ကျန်းကျီမြောင် မျက်လုံးများ အရောင်တောက်သွားခဲ့သည်။ ကြင်ယာတော်သဲ့ စစ်မြေပြင်ဆီသွားချင်တာကို သူမ လည်း မြင်နိုင်ပါသည်။ သို့သော် ထိုဆန္ဒကို ယွဲ့လင်း အမှန်တကယ် ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟုတော့ ကျန်းကျီမြောင် ထင်မထားခဲ့ပါ။
ဒီလို စိတ်ဓာတ်မျိုးနဲ့လူက ဝတ္ထုစာအုပ်ထဲမှာ မင်းဆိုးမင်းညစ်တဲ့လား…အရာရာ ဆန့်ကျင်ဘက်ဖြစ်နေသည့် ယွဲ့ဟွာကိုတော့ မင်းကောင်းမင်းမြတ်ဟု ခေါ်ဆိုနေကြသည်။
ဝတ္ထုက ယွဲ့ဟွာနန်းတက်ခြင်းနဲ့ ဇာတ်သိမ်းသွားခဲ့တာ ဆိုးသည်။ မဟုတ်ပါက ယွဲ့ဟွာထီးနန်းရရှိပြီးနောက် တိုင်း ပြည်ကို ဘယ်လိုပျက်သုဉ်းအောင် အုပ်ချုပ်သွားမလဲဆိုတာ ကျန်းကျီမြောင် သိချင်မိသည်။
လောတိုင်းပြည်နှင့် ပူးပေါင်းပြီး လျှို့ဝှက်တပ်ဖွဲ့တွေ စုဆောင်းကာ ဝန်ကြီးမှူးမတ်တွေဆီမှာလည်း သူလျှိုတွေ ထည့်သွင်းပေးထားသေးသည်။ ဒီလိုလူမျိုးကို မင်းကောင်းမင်းမြတ်ဟု ခေါ်ဆိုနေကြတာ ကျန်းကျီမြောင် နားမလည်နိုင်တော့ပါ။ ယွဲ့ဟွာက ယွဲ့လင်း၏ခြေချောင်းတစ်ချောင်းကိုတောင် မမှီနိုင်သူဖြစ်သည်။
ယွဲ့လင်းအသက်ကို ကယ်တင်ဖို့ ကျန်းကျီမြောင် ဆုံးဖြတ် ချက် ပိုပိုပြီးခိုင်မာလာခဲ့ပါပြီ။ ယွဲ့လင်းထက် ပိုမိုကောင်း မွန်သည့် ဧကရာဇ်မင်းကြီးဆိုတာ မရှိနိုင်ပါ။ သူမ ဘော့စ် သက်ရှည်ကျန်းမာမှ သူလည်းတစ်သက်တာ အေးအေးချမ်းချမ်း နေထိုင်နိုင်မည်ဖြစ်သည်။
ကျန်းကျီမြောင်နှင့်အတူ ရှုခင်းများလှည့်လည်ကြည့်ရှုပြီးနောက် တော်ဝင်မြင်းလှည်းဆီသို့ ယွဲ့လင်း ပြန်လာခဲ့သည်။ ယွဲ့လင်း အစီအစဉ်ကို ကြင်ယာတော်သဲ့အား ကျန်းကျီမြောင်မပြောပြခဲ့ပါ။
သို့သော် စိတ်ထဲမှာတော့ ကျိန်းသေပေါက် တွေးလိုက်မိပါသည်။
[တစ်နေ့ကျရင် စစ်မြေပြင်ကို သွားနိုင်တော့မယ့်အကြောင်း ချုံးလန်သာသိသွားရင် ဘယ်လောက်ဝမ်းသာလိုက်မလဲ မသိဘူး]
လှံရှည်ကို ကိုင်ဆောင်ထားသည့် ဝူချုံးလန်လက်တို့အနည်းငယ် တုန်ယင်သွားခဲ့သည်။ သူ့ မျက်လုံးတွေလည်း မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့သည်။
အရှင်မ… အရှင်မ ဘာပြောလိုက်တာ…
သူ စစ်မြေပြင်ကို သွားနိုင်တော့မယ် ဟုတ်လား…
ဒါ သူ တစ်သက်လုံးမျှော်လင့်ခဲ့ရတဲ့ အိပ်မက်လေ…
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…
[အရှင်မင်းကြီးက ဝူကျီးဆီသွားပြီး ကြင်ယာတော်သဲ့ရဲ့ စွမ်းရည်တွေကို အစောကြီးကတည်းက ဘာလို့ ထုတ်မပြောခဲ့တာလို့ သွားဆူခဲ့တာ၊ ကြင်ယာတော်သဲ့ကို အနောက်နန်းဆောင်ထဲမှာ ပိတ်လှောင်ထားမယ့်အစား နယ်စပ်မှာ ပြောင်ပြောင်မြောက်မြောက် တာဝန်ထမ်းဆောင်နိုင်တဲ့ စစ်သူကြီးတစ်ဦးကို ပိုအလိုရှိတာလို့ပြောခဲ့သေးတယ်]
ကျန်းကျီမြောင် တစ်ယောက်တည်း တွေးလိုက်သည်။
ယွဲ့လင်းထံ ဝူချုံးလန် လှည့်ကြည့်လိုက်လေသည်။
အရှင်မင်းကြီး… အရှင်မင်းကြီးက အစ်ကိုတော်ကို အဲ့လို သွားပြောခဲ့တယ်ပေါ့…
ခုနက ယွဲ့လင်း၏လုပ်ရပ်ကို သဘောထားသေးသိမ်သည်ဟု သူ ထင်ခဲ့မိသည်။ သို့သော် ယွဲ့လင်းသည် သူ့အစ်ကိုဖြစ်သူအား သွားတွေ့ပြီး ထိုစကားများ ပြောပေးခဲ့ခြင်း ဖြစ်သည်။
ဝူချုံးလန် စိတ်ခံစားချက်များ မတည်မငြိမ်ဖြစ်နေခဲ့သည်။ မျှော်လင့်ချက်တွေ ပြည့်ဝလာသလိုကြောက်လည်း ကြောက်ရွံ့နေမိကာ စိတ်မတည်ငြိမ်နိုင်တော့ပေ။
ဝူချုံးလန် အံ့အားသင့်နေစဉ် တော်ဝင်မြင်းလှည်းနှင့် နီးနီးကပ်ကပ်မှာရှိနေသည့် အရာရှိအမတ်များလည်းတုန်လှုပ် ချောက်ချားသွားခဲ့ကြသည်။
ဘာဖြစ်တယ်…
အရှင်မင်းကြီးက ကြင်ယာတော်သဲ့ကို စစ်မြေပြင်ဆီ စေလွှတ်မှာတဲ့လား…
သူ ရူးနေပြီလား!
ကျန်းကျီမြောင်၏အတွေးသံကို ၁၀ မီတာဝန်းကျင်အတွင်းက လူများသာ ကြားနိုင်တာဖြစ်သည်။ သို့သော် ကြားလိုက်ရသူတိုင်း အံ့ဩတုန်လှုပ်သွားခဲ့ကြသည်။
[ညီလာခံမှာကန့်ကွက်မှုတွေတော့ ကျိန်းသေပေါက် ရှိလာမှာပဲ၊ အဲ့ကျရင် အခက်အခဲတွေ ဖြစ်လာနိုင်တယ်၊ ဒါပေမယ့် နယ်စပ်ကို ဆက်ထိန်းချုပ်နိုင်ဖို့နဲ့ အပျက်အစီး ဆုံးရှုံးမှုတွေကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ဖို့က အဓိကပဲ မဟုတ်ဘူးလား ? ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ဘာများ ကွာခြားလို့လဲ]
ကျန်းကျီမြောင် ညည်းညူရင်း ‘ဟွားမူလန်’ ရုပ်ရှင်ကို ဖွင့်ကြည့်လိုက်ပါသည်။
[ဒီကမ္ဘာကြီးထဲမှာ အမျိုးသမီးတစ်ယောက် စစ်သူကြီးဖြစ်ခဲ့ဖူးတဲ့ အစဉ်အလာမရှိဘူး၊ ဒါပေမယ့် ငါ့ကမ္ဘာမှာတော့ ဖူဟောက်၊ မူကွေ့ယင်းကစလို့ ဟွားမူလန်အထိ အမျိုးသမီးစစ်သူကြီးတွေရဲ့သမိုင်းကြောင်းတွေ အများကြီးရှိတယ်]
ဒီနေ့ အခမဲ့အပိုင်းအတွက် ဟွားမူလန်ကိုကြည့်ရှုဖို့ ကျန်းကျီမြောင် ဆုံးဖြတ်ထားသည်။ ဒီရုပ်ရှင်ကိုလည်း စနစ်ကိုယ်တိုင် ဖန်တီးထားခြင်းဖြစ်သည်။ ဟွားမူလန်ရုပ်ရှင် အားစနစ်က ဘယ်လိုပြန်လည်ဖန်တီးထားမလဲဆိုတာ ကျန်းကျီမြောင် စိတ်ဝင်စားမိသည်။
ဟွားမူလန် ဟုတ်လား…
အဲ့တာ အမျိုးသမီးစစ်သူကြီးတစ်ယောက်ရဲ့ ဇာတ်လမ်းလား…
ကြင်ယာတော်သဲ့ နားရွက်များထောင်ပြီး အာရုံစိုက်လိုက်မိသည်။ မြင်းလှည်းအနောက်မှ အရာရှိအမတ်တွေလည်း မသိမသာ ရှေ့ကိုတိုးလာခဲ့ကြသည်။
သူတို့လည်း ဟွားမူလန်ရုပ်ရှင်ကို ကြည့်ချင်ကြလေသည်။