← Chapters

The Magic-Modified Plot

Vol. 12 Ch. 114

The Magic-Modified Plot

Vol. 12 Ch. 114

“စနစ်ကိုယ်တိုင် ဖန်တီးထားတာဆိုတော့ ဂန္ထဝင်အဆင့်ပဲ ဖြစ်နိုင်မှာပေါ့"

စနစ်က ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

“အေးပါ အေးပါ၊ ဘယ်လောက်ကောင်းမလဲ ကြည့်ရသေးတာပေါ့”

ကျန်းကျီမြောင် သာသာယာယာ ပြန်ပြောလိုက်လေသည်။

ဟွားမူလန်ရုပ်ရှင်ကို တပ်သားစုဆောင်းသည့် ဇာတ်ဝင်ခန်းနှင့် စတင်ထားပါသည်။ နောက်ခံဇာတ်ကြောင်းကိုရှင်းရှင်း လင်းလင်း ဖော်ပြမထားသော်လည်း နှစ်ပေါင်းများစွာ စစ်မက်ဖြစ်ပွားနေခဲ့သည့် တိုင်းပြည်တစ်ခုဟုသာ ဖော်ပြထားလေသည်။

ယောက်ျားသားတွေ အားလုံးနီးပါးကို စစ်သားအဖြစ် စုဆောင်းပြီး ရှေ့တန်းကိုပို့ဆောင်နေရခြင်းကြောင့် ကျေးရွာ အများစုမှာ ယောက်ျားသားတွေ မကျန်တော့ဘဲ လူအိုများ၊ မိန်းမသားများနဲ့ ကလေးများသာ ကျန်ခဲ့ကြသည်။

သို့သော် စစ်သားအင်အားက လုံလောက်မှုမရှိသေးပေ။ ရှေ့တန်းမှာ တပ်သားများ အဆက်မပြတ် သေဆုံးနေသဖြင့် သက်ကြီးရွယ်အိုများကိုပါစစ်သားအဖြစ်စုဆောင်းဖို့အကြောင်းဖန်လာခဲ့သည်။

ထိုအခါ စစ်သားအဖြစ်စုဆောင်းမည့် စာရင်းထဲ ဟွားမူလန်၏ဖခင်ဖြစ်သယ ပါဝင်သွားခဲ့သည်။ သူ့အဖေမှာ အလွန်အိုမင်းကာ အင်အားချည့်နဲ့နေပြီဖြစ်သဖြင့် စစ်မြေ ပြင်ကိုသာ ရောက်သွားပါက သေဖို့သာရှိပါလိမ့်မည်။

ရုပ်ရှင် အစောပိုင်းမိနစ်တွေမှာ ဟွားမိသားစု၏ အခက်အ ခဲအကြောင်းကို မြင်သာအောင်ပြသထားသည်။ ထို့နောက် ဟွားမူလန်ဟူသည့် မိန်းကလေးတစ်ယောက် ပေါ်လာခဲ့သည်။

ကျန်းကျီမြောင် အလွန်စိတ်ဝင်တစားစောင့်ကြည့်နေခဲ့ပါသည်။ စနစ်က သရုပ်ဆောင်တွေကို ဘယ်လိုများ ရွေးချယ်ထားသလဲ မသိသော်လည်း ထိုမိန်းကလေးရဲ့ မျက်လုံးတွေမှာ ရဲစွမ်းသတ္တိနဲ့ ခေါင်းမာမှုအပြည့် ထင်ဟပ်နေပြီး မြင်ရသူတိုင်းထံ ကူးစက်နိုင်သည်ဟုပင် ခံစားရသည်။

ထို့နောက် ဟွားမူလန်က ယောက်ျားလေးတစ်ဦးအဖြစ် အသွင်ဆောင်ကာ သူမ အဖေကိုယ်စားစစ်မြေပြင်သို့ ထွက်ခွာလာခဲ့ပါသည်။

“အဓိပ္ပာယ်မရှိတာ အဓိပ္ပာယ်မရှိလိုက်တာ”

အတိုင်ပင်ခံအမတ်ကြီးက ပွစိပွစိ ရေရွတ်လိုက်ပါသည်။

သူ့ဘေးမှာ ထိုင်နေသည့် ဇနီးဖြစ်သူက မျက်စောင်းထိုးကာ မေးလိုက်သည်။

“ဘာကို အဓိပ္ပာယ်မရှိတာလဲ”

အတိုင်ပင်ခံအမတ်ကြီး ဂုတ်တိုသွားခဲ့ပါသည်။ မိဖုရားကြီး၏အတွေးသံကို ဇနီးဖြစ်သူလည်းကြားနိုင်မှန်း အတိုင် ပင်ခံအမတ်ကြီး ယနေ့မှ သိခဲ့ရတာဖြစ်သည်။

ပထမတော့ ဇနီးဖြစ်သူ အလွန်အံ့အားသင့်ခဲ့သည်။ သို့ သော် ရုပ်ရှင်ပုံရိပ်တွေ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဇာတ်လမ်းထဲမျောပါသွားခဲ့သည်။ ဇာတ်လမ်းထဲမှာ ပြသနေသည့် အကြောင်းအရာတွေက မှားယွင်းသည်ဟု အတိုင်ပင်ခံအမတ်ကြီး ခံစားမိသော်လည်း ဇာတ်လမ်းက ဆွဲဆောင်မှုရှိနေတာကိုတော့ ငြင်းမရပေ။

ထိုမိန်းကလေးက အဖေဖြစ်သူကို ကယ်တင်ဖို့အတွက် ဒီလိုလုပ်ရတာဖြစ်သည်ဟုသာ အတိုင်ပင်ခံအမတ်ကြီး ဖြည့်တွေးပေးနေရသည်။

ထို့နောက် စစ်တပ်နှင့်အတူ စစ်မြေပြင်ဆီသို့ ဟွားမူလန် ရောက်ရှိသွားခဲ့သည်။ မိန်းကလေးတစ်ဦးဖြစ်ကြောင်း သူများတွေ သိမသွားစေဖို့အတွက် သာမန်လူတွေ စိတ်ကူးတောင်မယဉ်နိုင်သည့် အခက်အခဲပေါင်းများစွာကို ရင်ဆိုင် ဖြတ်သန်းခဲ့ရသည်။ ဆုံးဖြတ်ချက်ခိုင်မာပြီး ရဲစွမ်းသတ္တိအပြည့်ရှိသည့် ဟွားမူလန်ကိုကြည့်ရင်း ဇနီးသည်များစွာ မျက်ရည်ဝဲမိကြပါသည်။

အရှင်မင်းကြီး၏ တော်ဝင်မြင်းလှည်းနားကို အတင်းအ ကြပ်လိုက်ကပ်နေကြသော မြင်းလှည်းတချို့ကို မြင်သွားပြီးနောက် အနောက်က အမတ်တွေလည်း တစ်ခုခုကို နားလည်သွားကြပြီး အရှေ့သို့ အမြန်အဆန်တိုးလာခဲ့ကြပါသည်။ နေရာလွတ်တွေအများကြီးရှိနေသေးသဖြင့် အရှက်သိက္ခာမငဲ့နိုင်တော့ဘဲ လူအုပ်ထဲဝင်တိုးခဲ့ကြလေတော့သည်။

မိန်းမသားဖြစ်သည့် ဟွားမူလန်၏ရဲစိမ်းသတ္တိနှင့် ကြိုးစားအားထုတ်မှုတို့ကို ထင်ထင်ရှားရှား ဖော်ပြထားသည်။ အရာရှိအမတ်များက မိန်းမသားမဟုတ်ကြသော်လည်း ဟွားမူလန်ကို လေးစားအားကျမိကြလေသည်။

စစ်မြေပြင်ပေါ်သို့ ရောက်ရှိသောအခါ ယောက်ျားသားတွေထက် ဟွားမူလန် ရွတ်ရွတ်ချွံချွံတိုက်ပွဲဝင်ခဲ့သည်။ စစ်ချီတက်သည့်အခါတွင်လည်း ဟွားမူလန်ကမူ ရှေ့ဆုံးမှချီတက်လေ့ရှိသည်။ အောင်ပွဲတွေ ဆက်တိုက် ရရှိခဲ့တာကြောင့် လက်ထောက်စစ်သူကြီး ရာထူးအထိ တိုးမြှင့်ပေးခြင်းကို ခံခဲ့ရသည်။

နောက်ဆုံး စစ်ပွဲကြီးသည် အောင်ပွဲအဖြစ်အဆုံးသတ်သွားခဲ့သည်။ ကျန်းကျီမြောင် သေချာအာရုံစိုက်လိုက်သည်။ ဟွားမူလန်မှာ ဗားရှင်းအမျိုးမျိုးရှိပြီး ဇာတ်သိမ်းတွေလည်း မတူညီကြပါ။

လူသိအများဆုံး ‘Ballad of Mulan’ ထဲတွင် ဟွားမူလန် အောင်မြင်မှုများစွာ ရရှိခဲ့သဖြင့် အရှင်မင်းကြီးက သူမကို ဆုလာဘ်ပေါင်းများစွာ ချီးမြှင့်ချင်ခဲ့သည်။ သို့သော် ဟွားမူလန် ဘာကိုမှ လက်မခံခဲ့ဘဲ မွေးရပ်မြေသို့ ပြန်နိုင်ခွင့်ကိုသာတောင်းဆိုခဲ့သည်။ ထို့နောက် မှန်ရှေ့မှာ အဝါရောင်ပန်းမှုန့်တွေ ခြယ်သပြီး မိန်းကလေးတစ်ဦးအဖြစ်ပြန် လည် ပြောင်းလဲသွားခဲ့သည်။

သူမနှင့်အတူ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာခဲ့သည့် စစ်သည်တော်များကမူ ညည်းတွားနိုင်ရုံသာ ရှိတော့သည်။

“မူလန်က မိန်းကလေးဆိုတာကို မသိဘဲ ၁၂ နှစ်တိုင် အောင် တိုက်ပွဲအတူတူ ဝင်ခဲ့ကြတယ်၊ ယုန်ထီးတွေရဲ့ ခြေထောက်က သွက်လက်လျှင်မြန်ပြီး ယုန်မတွေရဲ့ မျက်လုံးတွေက မှေးမှိန်နေတတ်တယ်တဲ့၊ ဒါပေမယ့် ယုန်နှစ်ကောင် အတူတူယှဉ်ပြေးတဲ့အခါမှတော့ အထီးအမ ဘယ်ခွဲနိုင်တော့မလဲ”

ထိုကဲ့သို့ ဇာတ်သိမ်းမျိုးကို ဆိုးရွားသည်ဟု မဆိုနိုင်သော် လည်း ကျန်းကျီမြောင်ရင်ထဲမှာတော့ အနည်းငယ်စိတ်ကသိကအောက် ဖြစ်ခဲ့မိသည်။ အောင်ပွဲဆင်နွှဲနိုင်ခဲ့သည့်လူတွေအားလုံးကို ဘွဲ့ရာထူးတွေချီးမြှင့်ခဲ့ကြသည်။

ထိုဆုလာဘ်တွေကို မူလန် လက်မခံခဲ့ရတဲ့အကြောင်းအရင်းက လက်မခံချင်လို့လား၊ ဒါမှမဟုတ် လက်မခံနိုင်ခဲ့တာကြောင့်လား…

ဆုလာဘ်တွေကို လက်ခံပြီးနောက် မိန်းမသားတစ်ဦးဖြစ် ကြောင်း ပေါ်သွားခဲ့လျှင် အောင်မြင်မှုတွေကို အောင်မြင်မှုလို့ သတ်မှတ်နိုင်ကြပါဦးမလား…

လူ့သဘာဝ၏ရှုထောင့်မှ သုံးသပ်ကြည့်လိုက်လျှင် ဆုလာဘ်တွေကို ငြင်းဆန်ပြီး ဇာတိမြေကိုပြန်သွားခဲ့ရသည့် ရွေးချယ်မှုကို ဟွားမူလန် မတတ်သာလို့ ရွေးချယ်ခဲ့ရခြငိးပင်။ အရာရာကို စွန့်လွှတ်မှသာ သူမ သာမန်ဘဝနှင့် ပြန်လည် နေထိုင်နိုင်မည်ဖြစ်ပါသည်။

သို့သော် စနစ်က ဇာတ်လမ်းတွေကို မှော်ဆန်ဆန်ပြောင်းလဲနိုင်စွမ်းရှိသည်။ ထို့ကြောင့် စနစ်ဖန်တီးထားသည့် ဇာတ်လမ်းက ဘယ်လိုဖြစ်မလဲဆိုတာ ကျန်းကျီမြောင် အလွန်စိတ်ဝင်စားနေမိသည်။

စစ်ပွဲမှာ အောင်ပွဲရရှိပြီးနောက် ဟွားမူလန် ဘဝမှာ အကြီးမားဆုံးအခက်အခဲတစ်ခုကို ကြုံတွေ့ခဲ့ရပါသည်။ သူမက မိန်းမသားတစ်ဦးဖြစ်ကြောင်းကို သူ့လက်အောက်ရှိ တပ်မှူးတစ်ယောက်က သိရှိသွားခဲ့သည်။

ထိုတပ်မှူးက ဟွားမူလန်ကို လက်ဆက်ချင်သည်ဟု ဖွင့်ပြောလာခဲ့ပါသည်။ ဟွားမူလန် ယောက်ျားလေးအဖြစ် ဟန်ဆောင်ပြီး စစ်တပ်ထဲ ဝင်ရောက်လာခြင်းက အရှင် မင်းကြီးကို လှည့်စားရာရောက်ပြီး တိုင်းပြည်၏အစဉ်အ လာကို စော်ကားရာကျသည်။ ထို့ကြောင့် ဟွားမူလန်သာ ကိုယ့်အသက် ကိုယ် တန်ဖိုးထားပါက သူ့ကို လက်ဆက်သင့်သည်ဟု ထိုတပ်မှူးကခြိမ်းခြောက်ခဲ့လေသည်။

ဟွားမူလန်ကိုသာ လက်ဆက်နိုင်လျှင် သူမ အောင်မြင်မှုတွေကလည်း ထိုတပ်မှူး၏အောင်မြင်မှုတွေ ဖြစ်သွားပါလိမ့်မည်။ သူအောင်မြင်ကျော်ကြားလာသည့်အခါ ဟွားမူလန်၏အကူအညီအထောက်အပံ့များကို မေ့လျော့မည် မဟုတ်ကြောင်း ပြောခဲ့သေးသည်။

သူမအသက်နှင့်ရင်းပြီး ရရှိခဲ့သည့် အောင်မြင်မှုများကို ဘာကြောင့် တစ်ပါးသူလက်ထဲ အပ်သင့်ကြောင်းကို ဟွားမူလန် မေးခွန်းထုတ်ခဲ့သည်။ တပ်မှူးကမူ သူ ယောက်ျားလေးတစ်ဦးဖြစ်နေတာကြောင့်ဟုသာဖြေခဲ့သည်။ ယောက်ျားလေးတစ်ဦးဖြစ်နေတာကြောင့် အောင်မြင်မှုကို လက်ကိုင်ပြုပြီး အရာရာဆောင်ရွက်ဖို့ လွယ်ကူသည်ဟု ဆိုခဲ့သည်။

ယောက်ျားလေးတစ်ဦး၏ အောင်မြင်မှုအတွက် မိန်းက လေးတစ်ဦးက အထောက်အကူပြုပေးပါက သူမကို အားလုံး ချီးမြှောက်ကြမည်ဖြစ်သည်။ ဒီလိုမှမဟုတ်ဘဲ ယောက်ျားလေးတွေထက် တစ်ဦးတည်းသာလွန်ချင်နေပါက ထိုမိန်းကလေးကို လူတိုင်း ဝေဖန်ရှုတ်ချကြလိမ့်မည်ဟု ဆိုသည်။ ဒါတွေကို ဟွားမူလန် မယုံကြည်ဘဲ ထိုတပ်မှူး၏ တောင်းဆိုချက်ကိုလည်း ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ပါသည်။

ထို့နောက် တပ်မှူးက ဟွားမူလန် မိန်းကလေးတစ်ယောက် ဖြစ်ကြောင်းကို လူသိရှင်ကြားဖြစ်အောင် ထုတ်ပြောခဲ့သည်။ ထိုအခါ တစ်တိုင်းပြည်လုံး အုတ်အော်သောင်း တင်းဖြစ်ကာ ဟွားမူလန်ကိုလည်း အရှင်မင်းကြီးထံ ပို့ဆောင်လိုက်ကြသည်။

အရှင်မင်းကြီးက ဟွားမူလန်ကို ထိုတပ်မှူးနဲ့ လက်ဆက်ဖို့ ဖြောင်းဖြခဲ့သည်။ တိုင်းပြည်မှာ ယခင်က အမျိုးသမီး စစ်သူကြီးဟူ၍ မရှိခဲ့ဖူးသဖြင့် ထိုတပ်မှူးကိုသာလက် ဆက်လိုက်ပါက အရာရာကို အချိန်မှီ ဖုံးကွယ်လို့ ရနိုင် သည်ဟု ဆိုခဲ့ပါသည်။

သို့သော် ဟွားမူလန် ခေါင်းမာစွာငြင်းဆန်ခဲ့သည်။ ထို့ ကြောင့် အရှင်မင်းကြီး အမျက်ဒေါသထွက်သွားခဲ့ပြီး ဟွားမူလန်ကို သူကိုယ်တိုင် အတင်းအကြပ်သိမ်းပိုက်ခဲ့သည်။ တပ်မှူးကလည်း ဟွားမူလန်၏ရာထူးကို ရရှိသွားပြီး လက်ထောက်စစ်သူကြီးတစ်ဦး ဖြစ်သွားခဲ့သည်။

တစ်ချိန်တုန်းက ရဲစွမ်းသတ္တိအပြည့်နှင့် တိုက်ပွဲဝင်ခဲ့သည့် ဟွားမူလန်ကမူ အနောက်နန်းဆောင်ထဲပိတ်လှောင်ကာနေထိုင်ခဲ့ရတော့သည်။

နောက်ပိုင်း တိုင်းပြည်များအကြား စစ်မက်ပြန်လည်ဖြစ် ပွားလာသောအခါ ဟွားမူလန်၏ရာထူးကို ရရှိသွားသော တပ်မှူးမှ စစ်မြေပြင်သို့ ဦးဆောင်တိုက်ခိုက်ခဲ့ပါသည်။ သို့သော် သူ့အစွမ်းအစနှင့် ထိုမျှကြီးလေးသည့် တာဝန်ကို ထမ်းဆောင်ဖို့ မလုံလောက်ခဲ့ချေ။ ထို့ကြောင့် တိုက်ပွဲမှန်သမျှကို ဆက်တိုက်ဆိုသလို ရှုံးနိမ့်ခဲ့ရသည်။

အဘက်ဘက်မှ အရေးနိမ့်နေချိန်တွင် အရှင်မင်းကြီးသည် သူ့ကြင်ယာတော် ဟွားမူလန်အားသတိရသွားခဲ့သည်။ ဟွားမူလန်အား ဆင့်ခေါ်ပြီး စစ်မြေပြင်မှာ ဦးဆောင်ဖို့ တိုက်တွန်းခဲ့သည်။

သို့သော် အနောက်နန်းဆောင်ထဲမှာ နှစ်ပေါင်းများစွာ ပိတ်လှောင် နေထိုင်ခဲ့ရသဖြင့် သူမလက်တွေ ထုံကျင်နေပြီ ဖြစ်ကာ လှံတွေကိုမကိုင်နိုင်တော့သလို စီးတော်မြင်းအားလည်း စီးနှင်းနိုင်စွမ်းမရှိတော့သလို စစ်မြေပြင်သို့သွား ရောက်နိုင်စွမ်းမရှိတော့ကြောင်း ဟွားမူလန်တည်တည်ငြိမ်ငြိမ် လျှောက်တင်ခဲ့သည်။

အရှင်မင်းကြီး အလွန်စိတ်ချောက်ချားသွားခဲ့ရသည်။ ဇာတ်သိမ်းပိုင်းတွင် ဟွားမူလန်၏ရာထူးကို လုယူသွားသော တပ်မှူးသည် စစ်မြေပြင်တွင် ခေါင်းဖြတ်အသတ်ခံလိုက်ရပြီး ရန်သူ့စစ်တပ်များက မြို့တော်တံတိုင်းတွေဆီကို ချီတက်လာခဲ့သည်။

ထို့နောက်… မြို့တော်တံတိုင်းရှေ့ကို ရန်သူ့စစ်တပ်များ ရောက်ရှိလာသည့်ပုံရိပ်များဖြင့် ရုပ်ရှင်မှာ ရုတ်တရက် ပြီးဆုံးသွားခဲ့သည်။

ကျန်းကျီမြောင် ငိုင်ကျသွားလေသည်။

ဒီစနစ်က… အိုဗာဖြစ်တဲ့ ဇာတ်လမ်းတွေ ဖန်တီးတဲ့နေရာမှာ တော်တော်ထူးချွန်တာပဲ…

“စနစ်၊ ဇာတ်လမ်းကို ဒီလိုပြောင်းလိုက်ရင် ဟွားမူလန်အစစ် နင့်ကို ပါးထွက်ရိုက်လောက်တယ်နော်”

ကျန်းကျီမြောင် ပြောလိုက်သည်။

စနစ်ကမူ ဂရုမစိုက်စွာ ပြန်ဖြေလိုက်ပါသည်။

“ဒါပေမယ့် ငြင်းလို့တော့မရဘူးလေ၊ ဒီလို အိုဗာဖြစ်တဲ့ ဇာတ်လမ်းတွေကမှ လူတွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်တာ၊ ဇာတ်သိမ်းက ဘယ်လောက်တောင် ခမ်းနားလိုက်သလဲ ကြည့်ပါဦး၊ အဲ့လိုဇာတ်သိမ်းမျိုး ဘယ်သူမှမေ့နိုင်မှာ မဟုတ်ဘူး!”

ကျန်းကျီမြောင်: “…”

ကျန်းကျီမြောင် ဝန်ခံပါသည်။ ထိုဇာတ်သိမ်းကြောင့် သူမရင်ထဲ တင်းကြပ်သွားခဲ့သည်။ အနောက်နန်းဆောင်ထဲ စွမ်းရည်တွေတဖြည်းဖြည်း မှေးမှိန်သွားသည့် ဟွားမူလန်ကိုကြည့်ရင်း ကြင်ယာတော်သဲ့ကို သတိရမိသည်။

ကြင်ယာတော်သဲ့လည်း အနောက်နန်းဆောင်ထဲမှာ တစ် သက်လုံး နေထိုင်သွားပါက ရုပ်ရှင်ထဲက ဟွားမူလန်လိုပဲ အဆုံးသတ်သွားမလား မပြောတတ်ပါ။ ဝတ္ထုထဲက ကြင်ယာတော်သဲ့၏ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားသော ဇာတ်သိမ်းကိုသတိရကာ ကျန်းကျီမြောင်ရင်ထဲ စူးစူးရှရှနာ ကျင်သွားခဲ့ရသည်။

စနစ်မှော်ဆန်ဆန် ပြောင်းလဲထားသည့် ဇာတ်လမ်းက ဇာတ်နာလွန်းသည်။ ကြင်ယာတော်သဲ့ကိုလည်း ထိုသို့ဇာတ်နာသွားခွင့်ပြုလို့မဖြစ်ပါ။

ကံကောင်းစွာဖြင့်… ယုံမင်းဆက်၏ ဧကရာဇ်မှာ ယွဲ့လင်းဖြစ်နေသည်။ ယွဲ့လင်းအား လှည့်ကြည့်လိုက်မှ ကျန်းကျီမြောင်စိတ်တွေ ပြန်လည်တည်ငြိမ်သွားခဲ့သည်။

ယွဲ့လင်းဟည် အမှောင်ထဲမှထွက်လာသူဖြစ်သော်လည်း အတောက်ပဆုံးနှလုံးသားကို ပိုင်ဆိုင်ထားသည်။ ယွဲ့လင်းသာ ရှိနေပါက ရုပ်ရှင်ထဲက ဟွားမူလန်လို ကြင်ယာတော်သဲ့ ဇာတ်သိမ်းမည် မဟုတ်မှန်းသေချာပါသည်။

All Chapters