← Chapters

Speaking Blindly with Eyes Wide Open

Vol. 12 Ch. 116

Speaking Blindly with Eyes Wide Open

Vol. 12 Ch. 116

ကျန်းကျီမြောင်၏ အတွေးသံများကို ထပ်နားထောင်ကြည့်သောအခါ အန်းယွီပိုလို့ပင် ရူးသွပ်ချင်သွားခဲ့သည်။

ချန်ကျင်းမင်နဲ့ နှောင်းဧကရာဇ်မင်းကြီးတို့က…

မဖြစ်နိုင်ဘူး!

လုံးဝ မဖြစ်နိုင်ဘူး!

ချန်ကျင်းမင်နှင့် ပထမဆုံး တွေ့ဆုံခဲ့ဖူးသည့်အချိန်ကို အန်းယွီ ပြန်တွေးမိသည်။ အန်းယွီဖခင်ဖြစ်သူမှာ မြောက်ပိုင်းကိုကာကွယ်စောင့်ကြပ်ရသည့် စစ်သူကြီးတစ်ပါးဖြစ်ပြီး သူ့အစ်ကိုတော်နှစ်ယောက်ကလည်း သူ့ခမည်းတော်နှင့်အတူတူ မြောက်ပိုင်းနယ်စပ်တွေကို အတူတူကာကွယ်ခဲ့ကြသည်။ အန်းမိသားစု၏ထူးချွန်ပြောင်မြောက်သော စစ်သူကြီးသုံးဦးအား လူတိုင်းက ချီးမွမ်းထောပနာပြုခဲ့ကြပြီး လေးစားခဲ့ကြသည်။

သူတစ်ယောက်တည်းသာ စစ်ရေးမှာကော ပညာရေးမှာကော မထူးချွန်ဘဲမွေးဖွားလာခြင်းဖြစ်သည်။ ထို့ကြောင့် မြို့တော်မှာသာနေခဲ့ရပြီး မိခင်နှင့် အဘွားဖြစ်သူတို့ကို အဖော်ပြုပေးနေရပါသည်။

သူ့ကိုမြင်တိုင်း လူတွေက ‘စစ်သူကြီးအသေးစားအန်း’ဟု ခေါ်ဆိုလေ့ရှိကြသည်။ အပေါ်ယံမှာတော့ လေးစားသမှုဖြင့် ခေါ်ဆိုခြင်းဟုထင်ရသော်လည်း အမှန်တကယ်တော့ လှောင်ပြောင်သရော်မှုတွေ အများကြီးပါဝင်နေပါသည်။

ထိုအမည်ကို အန်းယွီအမုန်းဆုံးဖြစ်သည်။ ထိုလူတွေက တော့ အန်းယွီအား ထိုသို့ခေါ်ဝေါ်ရခြင်းအား သဘောအကျဆုံးဖြစ်သည်။

ညစာစားပွဲတစ်ခုတွင် အန်းယွီတက်ရောက်ဖို့ ဖိတ်ကြားခံခဲ့ရသည်။ သို့သော် သူတို့ကိုယ်သူတို့ ပညာရှိဟု သတ်မှတ်ထားကြသော လူတစ်စုက သူ့ကို ‘စစ်သူကြီးအသေးစားအန်း’ဟု တစ်ယောက်ပြီးတစ်ယောက် လှောင်ပြောင် ခေါ်ဆိုခဲ့သည်။ သွယ်ဝိုက်သော စကားများဖြင့် သူ့မျက်နှာရှေ့တည့်တည့်မှာ ပညာသားပါပါ လှောင်ပြောင်သရော်ရဲခဲ့ကြသည်။

သို့သော် အန်းယွီက အမှန်တကယ် အစွမ်းအစမရှိသူဖြစ်ပါသည်။ သူ့အား ပညာသားပါပါ လှောင်ပြောင်ဆဲဆိုနေတာကိုပင် အန်းယွီ နားမလည်ခဲ့ပါ။

ထိုအချိန်တုန်းက အန်းယွီ မျက်နှာဘယ်ထားရမှန်းမသိအောင် ရှက်ရွံ့ခဲ့ရသည်။ ထိုနေရာမှ ချက်ချင်းထွက်ပြေးချင်ခဲ့မိသည်။ ထိုလူတွေနဲ့ ဆက်ဆံရမည့်အစား မြို့တော်ဈေးလမ်းမတွေပေါ်မှာသာ သွားနေချင်ပါတော့သည်။

ထိုအချိန်တွင် ချန်ကျင်းမင်ရောက်ရှိလာခဲ့သည်။ သူက တန်ဟွားပညာရှင်တစ်ယောက်ဖြစ်ပြီး ကိုယ်နှုတ်အမူအရာ ယဉ်ကျေးသိမ်မွေ့သူဖြစ်ကာ သံသယဖြစ်စရာမရှိအောင် အရည်အချင်းပြည့်ဝသူဖြစ်ပါသည်။ ထိုကဲ့သို့လူမျိုးတွေက ပုံမှန်းအားဖြင့် အန်းယွီကဲ့သို့ အစွမ်းအစမရှိဘဲ အပျော် အပါးမက်မောတတ်သူတွေကို လှောင်ပြောင်ကဲ့ရဲ့လေ့ရှိသည်။

အန်းယွီရှောင်ထွက်သွားဖို့ ကြံခဲ့သော်လည်း ချန်ကျင်းမင်က စကားလာပြောခဲ့ပါသည်။ သူ့ကို ချန်ကျင်းမင်ကမူ မလှောင်ပြောင်သည့်အပြင် ထိုလူတွေကို သူ့ဘက်မှ ပညာသားပါပါ ကူညီခုခံပေးခဲ့သည်။

ချန်ကျင်းမင်၏ ပညာစကားတွေကို အန်းယွီနားမလည်သော်လည်း သူ့ကိုလှောင်ပြောင်ခဲ့သူများကတော့ အရှက် ကြီးစွာ ရသွားခဲ့ကြပြီး တစ်ယောက်ချင်းစီပြန်တောင်းပန်သွားကြလေသည်။ အန်းယွီဘဝမှာ ဒီလို အခွင့်ထူးမျိုး ပထမဆုံးအကြိမ် ခံစားဖူးတာဖြစ်ပြီး သူ့ရင်ထဲ ထူးထူး ခြားခြားခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့ပါသည်။

ထို့နောက်တွင် သူနဲ့ ချန်ကျင်းမင်တို့ပိုပိုပြီး ရင်းနှီးလာခဲ့ကြသည်။ နှစ်ယောက်အကြား ခံစားချက်ကလည်း တဖြည်း ဖြည်းပြောင်းလဲလာခဲ့ပါသည်။ သို့သော်လည်း ဘာတွေပဲဖြစ်လာပါစေ သူအချစ်ရဆုံးလူက အန်းယွီဖြစ်သူဟု ချန်ကျင်းမင် အခိုင်အမာပြောဆိုခဲ့သည်မှာ သေချာသည်။

ချန်ကျင်းမင်ကို အန်းယွီထံလှည့်ကြည့်လိုက်သည်။ သူ့ရင်ထဲ နိမိတ်တွေ မကောင်းဘဲ တစ်ခုခုလေးလံလာသလို ခံစားလိုက်ရသည်။ သို့သော် အန်းယွီ ခေါင်းခါပစ်လိုက်ပြီး အတွေးတွေကို ဖယ်ထုတ်ပစ်လိုက်လေသည်။

မဟုတ်ဘူး… မဖြစ်နိုင်ပါဘူး…

မိဖုရားကြီးဆီက သတင်းအချက်အလက်တွေက မှန်ကန်မယ်လို့ ဘယ်သူ အာမခံနိုင်လို့လဲ…

ချန်ကျင်းမင်က အဲ့လိုလူမျိုးလုံးဝ မဟုတ်ဘူး!!!

ထိုသို့တွေးနေရင်းနဲ့ပင် အန်းယွီစိတ်က အလွန်ဂယောင်ချောက်ချားဖြစ်နေခဲ့သည်။

‘ထိုနေရာ’ ကိုရောက်ခါမှ ချန်ကျင်းမင်ကိုသွားတွေ့ပြီး သေချာမေးမြန်းရပါမည်။

နေပါဦး… အဲ့ဒီနေရာကို ရောက်ရင်ဟုတ်လား…

အန်းယွီတစ်ခုခုကို ရုတ်တရက် သတိထားမိသွားပြီး ဘေးပတ်လည်ကိုကြည့်ကာ သူ့ဘေးနားက လူတစ်ယောက်ကို တိုးညှင်းစွာ မေးမြန်းလိုက်ပါသည်။

“အဲ… တော်ဝင်အမဲလိုက်နယ်မြေက ဒီဘက်မှာ မဟုတ်ဘူးထင်တယ်နော်…”

ထိုလူကလည်း တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်ပါသည်။

“ဒီဘက်မှာဆိုတာ သေချာပါတယ်”

အန်းယွီ: “???”

သူ တခြားကဏ္ဍတွေမှာ မထူးချွန်သော်လည်း နေရာစုံလင်အောင် သွားလာဖူးသူဖြစ်သည်။ ဒီဘက်မှာ အမဲလိုက်နယ် မြေ လုံးဝမရှိနိုင်ပါ။

“သခင်ကြီးအန်း အမှတ်မှားတာဖြစ်မှာပါ၊ တော်ဝင်ကိုယ်ရံ တော်တပ်သားတွေကိုယ်တိုင် ဦးဆောင် လမ်းပြပေးနေတာလေ၊ ဘယ်လိုလုပ် မှားနိုင်မှာလဲ”

ထိုလူက ထပ်လောင်းဖြည့်ပြောလိုက်သည်။

အန်းယွီ ခေါင်းကုတ်လိုက်မိပါသည်။ မှန်တော့မှန်ပါသည်။ တော်ဝင် ကိုယ်ရံတော်တပ်သားများစွာက ရှေ့မှ ဦးဆောင်ပေးနေတာဖြစ်ပြီး လက်ထဲမှာလည်း မြေပုံတွေကိုင်ထားကြသေးသည်။

ထို့ကြောင့် လမ်းမှားနေတာတော့ မဖြစ်နိုင်ပါ။ ဧကန္တ လမ်း ကြောင်းအသစ်များလား…

ယွဲ့ဟွာလည်း မျက်မှောင်ကြုတ်သွားပြီး ယွဲ့ချန်းအား မေးမြန်းလိုက်ပါသည်။

“စတုတ္ထအစ်ကိုတော်… ဒီလမ်းကိုကြည့်ရတာ တစ်ခုခုလွဲနေသလိုပဲနော်”

ယွဲ့ချန်းက တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်လေသည်။

“တစ်ခုခုလွဲနေတယ် ဟုတ်လား ? ဘာကို လွဲရမှာလဲ”

အခြေအနေကို ယွဲ့ချန်းကောင်းကောင်း နားလည်ပါသည်။ မိဖုရားကြီးသည် ဒီအခွင့်အရေးအားအရယူပြီး ချန်ကျင်းမင်စံအိမ်နှင့် ယွဲ့ဟွာ ယမ်းမှုန့်များထုတ်လုပ်နေသည့် ထိုချိုက်တျဲရွာကို ရှာဖွေဖို့ကြိုးစားနေတာဖြစ်မည်။ အမဲလိုက်ထွက်ခြင်းဆိုတာကလည်း ဆင်ခြေသက်သက်သာ။

အမှန်ပင်…

ယွဲ့ဟွာကိုတော့ သူဒါတွေ ထုတ်ပြောမည်မဟုတ်ပေ။

အားလုံးကို အကဲခတ်ရင်း ယွဲ့ဟွာ ကိုယ့်စိတ် ကိုယ် သံသယဖြစ်လာမိသည်။

ပြဿနာမရှိတာ သေချာရဲ့လား…

လမ်းမှားနေတယ်ဆိုရင်တောင် ဒီလောက်လူတွေအများကြီးကို သတိထားမိတဲ့လူတစ်ယောက်တလေတော့ ရှိမှာပဲလေ ဟုတ်တယ်မလား…

ဘယ်သူမှ သတိမပေးကြဘူးဆိုတော့ သူပဲ အမှတ်မှားသွားတာလား…

ယွဲ့ဟွာ တွန့်ဆုတ်နေဆဲဖြစ်သည်။ အစပိုင်းမှာတော့ လမ်း မှားနေတာ သိပ်မသိသာသေးသော်လည်း မကြာခင် လမ်း ကြောင်းလွဲနေတာကြီးက အတော်လေးသိသာလာပါပြီ။

ယွဲ့ဟွာ ဒီတိုင်း ရပ်မနေနိုင်တော့ပါ။ အမဲလိုက်နယ်မြေနဲ့ အတော်ကြီးကွာခြားနေတာကြောင့်သာ မဟုတ်ဘဲ ဒီလမ်းအတိုင်းဆက်သွားပါက မကြာမီ ချိုက်တျဲရွာသို့ရောက်ရှိသွားနိုင်သောကြောင့်ပင်။

ချိုက်တျဲရွာတွင် သူယမ်းမှုန့်တွေ အများကြီး ထုတ်လုပ်ထားကာ အရေးပေါ်အချိန်မှာ လူသတ်လက်နက်များအဖြစ်အသုံးပြုဖို့ သိမ်းဆည်းထားခြင်းဖြစ်သည်။

ဒါတွေကိုသာ ယွဲ့လင်းတို့ တွေ့ရှိသွားပါက ပြဿနာအကြီး အကျယ် တက်ပါလိမ့်မည်။

ယွဲ့ဟွာ မျက်နှာ အလွန်အကျည်းတန်လာသည်။ သူသည်းမခံနိုင်တော့ဘဲ မြင်းကိုစီးနှင်ကာ ယွဲ့လင်းဘေးသို့ ရောက်ရှိလာခဲ့ပါသည်။

“အရှင်မင်းကြီး လမ်းကြောင်းတစ်ခုခုလွဲနေသလိုပဲ၊ ဒီတိုင်းဆက်သွားမယ်ဆိုရင် အမဲလိုက်နယ်မြေနဲ့ လွဲသွားမှာ စိုးရိမ်ရတယ်”

ယွဲ့လင်း ဂရုမစိုက်စွာ ပြန်မိန့်လိုက်ပါသည်။

“လမ်းကြောင်းလွဲနေတယ် ဟုတ်လား ? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ! တော်ဝင်ကိုယ်ရံတော်တပ်သားတွေက အားလုံးကို လမ်းမှားပြီးခေါ်လာတာလို့ ပြောချင်တာလား ? လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာ ယုံမင်းဆက်ကို စတင်တည်ထောင်ကတည်းက ဒီလိုအဓိပ္ပာယ်မဲ့တဲ့ အမှားအယွင်းမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး၊ ပဉ္စမညီတော် အတွေးလွန်နေတာဖြစ်ပါလိမ့်မယ်”

“အရှင်မင်းကြီး တကယ်လမ်းမှားနေပြီနော်”

ယွဲ့ဟွာ လေးလေးနက်နက် လျှောက်တင်လိုက်ပါသည်။

“ဘဏ္ဍာရေးဝန်ကြီးငယ်စဉ်တုန်းက စိုက်ပျိုးရေးလုပ်ငန်းတွေကို အားပေးအားမြှောက်ပြုဖို့အတွက် ဒီနားကနယ် မြေတွေအားလုံးကို လှည့်လည်သွားလာဖူးတယ်လို့ ဒီညီတော်ကြားသိရပါတယ်၊ အဲ့တာကြောင့် ဒီနယ်မြေတွေနဲ့ သူအကျွမ်းတဝင် ရှိလောက်တယ်၊ သူ့ကို ဆင့်ခေါ် မေးမြန်းကြည့်လိုက်ပါလား”

“အင်း... အမှားအယွင်းတော့ မရှိလောက်ပါဘူး၊ သို့ပေမယ့် ပဉ္စမညီတော် စိတ်မချနိုင်ဖြစ်နေတယ်ဆိုရင်မေးမြန်းကြည့် ရတာပေါ့”

ထို့နောက် ဘဏ္ဍာရေးဝန်ကြီးကို ယွဲ့လင်း ဆင့်ခေါ်လိုက်သည်။

“ဝန်ကြီးလီ… ဒီလမ်းကြောင်းက မှားယွင်းနေသလား”

ယွဲ့လင်း အဓိပ္ပာယ်ပါပါ မေးမြန်းလိုက်ပါသည်။

ဘဏ္ဍာရေးဝန်ကြီးက မုတ်ဆိတ်ကို ပွတ်လျက် လျှောက်တင်လိုက်သည်။

“မှားယွင်းတယ်ဟုတ်လား ? ဘာလို့ မှားယွင်းရမှာလဲ ? မင်းသားအန်းဟယ် အမှတ်မှားတာဖြစ်မှာပါ၊ ဒါ ဖြတ်လမ်းလေ”

ယွဲ့ဟွာ ကြက်သေသေသွားသည်။

ဒါက… ဖြတ်လမ်းဟုတ်လား ?

သူလည်း မသိခဲ့ရပါလား!

မတူညီတဲ့ အရပ်မျက်နှာနှစ်ခုက ဖြတ်လမ်းတဲ့လား!

“ဖြတ်လမ်းဆိုတာ သေချာပါတယ်”

ဘဏ္ဍာရေးဝန်ကြီးက အတည်ပြု ပြောဆိုလိုက်ပါသည်။

“ပဉ္စမညီတော် အမှတ်မှားသွားပြီထင်တယ်”

ယွဲ့လင်း လက်ရမ်းပြလိုက်ပါသည်။

ယွဲ့ဟွာလည်း သူ့မြင်းလှည်းထံ ရီဝေစွာပြန်လာခဲ့ရသည်။ လမ်းကြောင်းကမူ တဖြည်းဖြည်းနှင့် ချိုက်ထျဲ့ရွာသို့ နီးကပ်လာမှန်း သူမြင်နေရပါသည်။

ဒီနှုန်းအတိုင်းသာ ဆက်သွားမည်ဆိုလျှင် နာရီဝက်အချိန်အတွင်း ချိုက်ထျဲ့ရွာထံ ရောက်ရှိသွားလိမ့်မည်။

ယွဲ့ဟွာ စိတ်ထိန်းထားဖို့ကြိုးစားသော်လည်း နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘဲ ယွဲ့ဟွာကို ထပ်သွားတွေ့ခဲ့ပြန်သည်။

“အစ်ကိုတော် ဝူကျီးကို ဆင့်ခေါ်ပြီး မေးမြန်းကြည့်ရ အောင်၊ ဒီလမ်းကြောင်းက… ဘယ်လိုပဲကြည့်ကြည့် မှား နေတယ်နော်”

ယွဲ့လင်း သက်ပြင်းချလိုက်သည်။

“ပဉ္စမညီတော် ဘာလို့ သံသယတွေ အရမ်းများနေရတာလဲ ? တကယ်လမ်းမှားနေတာဆိုရင် အရာရှိအမတ်တွေ ဒီလောက်အများကြီး ဘာလို့ နှုတ်ဆိတ်နေမှာလဲ”

ယွဲ့ဟွာလည်း ဒါကိုနားမလည်နိုင်ခဲ့ပါ။ လူတွေအများကြီးရှိနေသော်လည်း လူနည်းစုကသာ အနည်းငယ်ကြောင်စီစိ ဖြစ်နေကြပုံပေါ်သည်။ လူများစုကမူ ဒါကို သာမန်လိုသာ ပြုမူနေကြသည်။

“ရှိစေတော့ ရှိစေတော့၊ ဝူကျီးကို ဆင့်ခေါ်လိုက်ပါ”

ဝူကျီးအား ယွဲ့လင်း ဆင့်ခေါ်လိုက်ပါသည်။

“အရှင်မင်းကြီးကို ဂါဝရပြုပါတယ်”

ဝူကျီး အရင်ဆုံး ဂါဝရပြုလိုက်သည်။

“စစ်သူကြီးဝူ”

ယွဲ့ဟွာ စိတ်မရှည်စွာ မေးမြန်းလိုက်ပါသည်။

“စစ်သူကြီးဆီမှာ ဒီနယ်မြေအတွက် မြေပုံရှိတယ်မလား ? မြေပုံကို ထုတ်လိုက်စမ်း၊ အတူတူ စစ်ကြည့်ကြစို့”

ယွဲ့လင်း ခေါင်းအနည်းငယ် ညိတ်ပြလိုက်ရာ ဝူကျီးလည်း မြေပုံကို ထုတ်ပြလိုက်သည်။

မြေပုံကို မြင်သောအခါ ယွဲ့ဟွာမျက်လုံးများ ချက်ချင်း အရောင်တောက်သွားခဲ့သည်။ မြေပုံကို အမြန်လက်ညှိုး ထိုးပြကာ သူပြောလိုက်ပါသည်။

“ဒီမှာကြည့်စမ်း စစ်သူကြီးဝူ! လမ်းကြောင်းက သိသိသာ သာလွဲနေတယ်! အမဲလိုက်နယ်မြေက အရှေ့အရပ်မှာရှိသင့်တာလေ၊ ဘာလို့ အခု အနောက်အရပ်ကို ဦးတည်နေကြတာလဲ”

ဝူကျီး မြေပုံထဲက အမဲလိုက်နယ်မြေကို လက်ညှိုးဖြင့် ထောက်ပြလိုက်သည်။ ထို့နောက် သူတို့ရဲ့ လက်ရှိတည် နေရာကို လက်ညှိုးဖြင့် ထောက်ပြလိုက်ပါသည်။

“အနောက်အရပ်ကို ဦးတည်နေတယ်ဟုတ်လား ? မဖြစ်နိုင်တာတွေ ဒီဦးတည်ချက်အတိုင်းဆက်သွားရင် မကြာခင် အမဲလိုက်နယ်မြေကို ရောက်ရှိတော့မှာပါ”

ယွဲ့ဟွာ တစ်ကိုယ်လုံး ထုံကျင်သွားခဲ့သည်။

မဟုတ်ဘူးလေ… ဒီမှာ မြေပုံကြီး တစ်ခုလုံးချပြထားတာကို…

မျက်လုံးနှစ်လုံးပြူးပြီး မျက်ကန်းဖြစ်ချင်ယောင် ဆောင်နေကြတာလား!!!

All Chapters