Caidie Village
Vol. 12 Ch. 117
“ပဉ္စမညီတော် ဘာမေးချင်တာရှိသေးလဲ”
ယွဲ့ဟွာထံ ယွဲ့လင်း အပြုံးဖြင့် ကြည့်လိုက်ပါသည်။
ယွဲ့ဟွာ စိတ်တွေ စတင်ချောက်ချားလာပြီဖြစ်သည်။ ဒီဝူကျီးက အရပ်မျက်နှာ မခွဲခြားတတ်သူဖြစ်လိမ့်မည်ဟု သူတစ်ခါမှ မထင်ခဲ့ဖူးပါ။ ဒီလမ်းကြောင်းအတိုင်း ဆက်သွားရင်း အမဲလိုက်နယ်မြေကိုရောက်ရှိသွားပါက အံ့ဖွယ်ဖြစ် ရပ်ဟုပင် မှတ်တမ်းတင်နိုင်လိမ့်မည်။
ယွဲ့ဟွာ အမြန်လျှောက်တင်လိုက်ပါသည်။
“အရှင်မင်းကြီး ဒီမြေပုံကို ကြည့်လိုက်ပါ…”
မြေပုံကို လက်ဖြင့်ထောက်ပြကာ သူတို့ လမ်းကြောင်းလွဲနေကြောင်းကို ယွဲ့လင်းနှင့် ဝူကျီးတို့အား သေချာနားလည်အောင် အသေးစိတ်ရှင်းပြလိုက်ပါသည်။
ယွဲ့လင်း သေသေချာချာနားထောင်ရင်း တစ်ခုခုကို သဘောပေါက်သွားပုံရပါသည်။
“ဒီလိုကိုး!”
ယွဲ့လင်းအား ယွဲ့ဟွာ မျှော်လင့်တကြီး ကြည့်လိုက်သည်။
နောက်ဆုံးတော့ လမ်းမှားနေမှန်း သိသွားပြီလား!
ပြန်လှည့်ဖို့ နောက်မကျသေးဘူးနော်။
“ဒါဆိုလည်း ရှေ့ဆက်သွားကြတာပေါ့၊ လမ်းကြောင်းက မှန်ပါတယ်”
ယွဲ့လင်း တိကျသေချာစွာ မိန့်လိုက်သည်။
ယွဲ့ဟွာ: “???”
“အမိန့်တော်အတိုင်းပါ”
ဝူကျီးလည်း အမိန့်နာခံလိုက်သည်။
ယွဲ့ဟွာ: “???”
သူ ဖျားချင်စိတ်ပင် ပေါက်သွားခဲ့သည်။
လောကကြီး ဘာတွေဖြစ်နေပြီလဲ!
ဘာလို့ ညတွင်းချင်း လူတွေ အရပ်မျက်နှာမခွဲခြားတတ်တော့တာလဲ!
တော်ဝင်အစောင့်တပ်သားများအကြားမှ ဟန်ရုန်ကို ယွဲ့ဟွာ လှမ်းကြည့်လိုက်သည်။ ဟန်ရုန်ကလည်း အတော်လေး ဇဝေဇဝါဖြစ်နေပုံရပါသည်။ ဝူကျီးကို သူတစ်ခုခုပြောဖို့ကြိုးစားနေသော်လည်း ဝူကျီးကမူ နားမထောင်ဘဲ ခေါင်းမာစွာ ရှေ့ဆက်နေခဲ့လေသည်။
ယွဲ့ဟွာ အလွန်စိတ်ရှုပ်ထွေးလာပါပြီ။ ဟန်ရုန်နှင့် သူပတ်သတ်နေကြောင်း သူများတွေ့ရှေ့မှာ ထုတ်မပြချင်သေးပေ။ ထို့ကြောင့် ဟန်ရုန်အား ယခုစကားသွားပြောလို့ အဆင်မပြေပါ။
သူ့ စိတ်ရှိတိုင်းသာဆို ဝူကျီးနှင့် ဟန်ရုန်တို့ ဘာတွေငြင်းခုံနေကြသလဲ သွားနားထောင်ချင်မိသည်။ လမ်းကြောင်းလွဲနေသည်အား ဟန်ရုန်လည်း သိနေပုံရသည်။
မင်းသားတစ်ပါးဖြစ်တာကြောင့် တော်ဝင်အစောင့်တပ် သားများကို ယွဲ့ဟွာ အမိန့်ပေးဖို့ မသင့်တော်ပါ။ ထို့ကြောင့် သူ့မြင်းလှည်းထံကိုသာ စိတ်ပျက်လက်ပျက်ပြန်လာခဲ့ရပါသည်။
ဒီလူတန်းကြီး ချိုက်ထျဲ့ရွာမှာ မရပ်နားဘဲ ဒီတိုင်းဖြတ်သွားပါစေဟုသာ ယွဲ့ဟွာ တိတ်တဆိတ် ဆုတောင်းမိတော့သည်။
ယွဲ့ဟွာ၏ဆုတောင်းမှုများအောက်တွင် ချိုက်ထျဲ့ရွာသို့ အားလုံး ပိုပိုနီးကပ်လာခဲ့ကြသည်။ ဝူကျီးသည် ရပ်နားဖို့အစီအစဉ် မရှိသည့်ပုံစံပင်။ ထို့ကြောင့် ယွဲ့ဟွာ စိတ်သက် သာရာရသွားပြီး သက်ပြင်းချဖို့ကြံရုံရှိသေးသည်။
ယွဲ့လင်း အမိန့်သံ ရုတ်တရက်ထွက်ပေါ်လာခဲ့ပါသည်။ “စစ်သူကြီးဝူ၊ ခဏလောက် ရပ်နားကြရအောင်၊ ကျန်း နည်းနည်း ပင်ပန်းနေတယ်၊ ဒီရွာမှာ ခေတ္တအနားယူကြစို့”
“အမိန့်တော်အတိုင်းပါ”
ဝူကျီးလည်း ချက်ချင်းဆိုသလို ရပ်တန့်လိုက်ပါသည်။
ကျန်းကျီမြောင်လည်း စိတ်အေးသွားပြီးသက်ပြင်းချမိ သည်။ သူတို့ ချိုက်ထျဲ့ရွာကို ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဒီရွာက ယွဲ့ဟွာ ယမ်းမှုန့်တွေ လျှို့ဝှက်ထုတ်လုပ်နေသည့် ရွာဖြစ်သည်။ ယွဲ့လင်း မရပ်နားခိုင်လျှင်တောင် သူ ရပ်နား ခိုင်းဖို့ကြံရွယ်ထားခဲ့ပါသည်။
[အရှင်မင်းကြီးက ဘာလို့ ဒီရွာမှာ နားတာလဲ ? ဧကန္တ အရှင်မင်းကြီးလည်း တစ်ခုခုသိထားလို့များလား]
[ဖြစ်နိုင်တယ်! မဟုတ်ရင် ဒီလောက်ထိ တိုက်ဆိုင်စရာအကြောင်းမရှိဘူး၊ အရှင်မင်းကြီးရဲ့ လျှို့ဝှက်အာဏာတွေက သူများတွေထင်ထားတာထက် ပိုသာလွန်နေတာပဲ!]
ယွဲ့လင်းကို ကျန်းကျီမြောင် လေးစားသွားမိသည်။ သူမက အရာရာကို အတင်းအဖျင်းစနစ်ကြောင့် သိရှိနေရခြင်းဖြစ်သော်လည်း ယွဲ့လင်းကတော့ အမှန်တကယ်ကြိုးစားအား ထုတ်ပြီး စုံစမ်းခဲ့တာဖြစ်နိုင်သည်။ ဒီလိုအစွမ်းအစရှိသည့် ဘော့စ်မျိုးှင့် အလုပ်လုပ်ရတာ စိမ်ချမ်းသာစရာကောင်းသည်။
အရာရှိအမတ်များ: “…”
ဟုတ်ပါတယ် မှန်ပါတယ်…
အရှင်မင်းကြီးရဲ့ လျှို့ဝှက်အာဏာဆိုတာ အရှင်မ ကိုယ် တိုင်ပဲလေ!
အားလုံးထင်ထားတာထက် ပိုမိုသာလွန်နေတာလည်း မှန် ကန်သည်။ ကျန်းကျီမြောင် တစ်ဦးတစ်ယောက်တည်းက စစ်သည်တော်ပေါင်း ထောင်သောင်းမကထက် အစွမ်းအစ ပိုရှိနေလေသည်။
“အစ်ကိုတော် နားလို့မဖြစ်ဘူး!”
ယွဲ့ဟွာကတော့ တခြားဘာမှနားမလည်နိုင်ဘဲ ဖြူဖပ်နေသော မျက်နှာဖြင့် ချက်ချင်းအော်တားလိုက်ပါသည်။
သူ့ကို ယွဲ့လင်း လှည့်ကြည့်လိုက်သည်။
“ဘာလို့ မဖြစ်ရမှာလဲ”
ချန်ကျင်းမင်လည်း ရှေ့ထွက်ကာ လျှောက်တင်လိုက်ပါသည်။
“အရှင်မင်းကြီး… ဒီရွာမှာ သာမန်အရပ်သားပြည်သူတွေ အများကြီး နေထိုင်ကြနေတာပါ၊ ဒီငယ်သားတို့တွေ ဝင်ရောက်မယ်ဆိုရင် သူတို့ရဲ့ တစ်နေ့တာ လုပ်ငန်းတွေကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်၊ အရှင်မင်းကြီးက အမြော်အမြင်ရှိပြီး သနားကြင်နာတတ်တဲ့ ဧကရာဇ်မင်းတစ်ပါးမို့ တိုင်းသူပြည်သားတွေကို အနှောင့်အယှက်ဖြစ်စေမယ့် လုပ်ရပ်မျိုး လုပ်မှာမဟုတ်လောက်ပါဘူး”
ယွဲ့လင်းကို ချန်ကျင်းမင် မြှောက်ပင့်ပြောဆိုကာ ဖြောင်းဖြလိုက်ပါသည်။
ယွဲ့လင်းမျက်ခုံးပင့်လိုက်သည်။
“ဝန်ကြီးချန်ပြောတာ အားလုံးနီးပါး မှန်ပါတယ်၊ သို့ပေမယ့်… ကျန်းဘယ်တုန်းက အမြော်အမြင်ရှိပြီး သနားကြင် နာတတ်တဲ့ ဧကရာဇ်မင်းဖြစ်သွားတာလဲ ? တိုင်းသူပြည် သားတွေအကြားမှာ ကြားရတဲ့ ကောလဟာလတွေအရတော့ ဒီအရှင်မင်းကြီးက ပြိုင်စံရှား မင်းဆိုးမင်းညစ်တဲ့လေ၊ မင်းဆိုးမင်းညစ်တစ်ပါးက ဘာမဆိုလုပ်ရဲတာ အံ့ဩစရာမရှိပါဘူး၊ ရွာထဲ ဝင်ကြစို့ ဝူကျီး”
ဝူကျီး ချက်ချင်း အမိန့်နာခံလိုက်ည်။
ချန်ကျင်းမင် ကြက်သေသေသွားခဲ့ပါသည်။ သူက စကားအပြောအလွန်ကောင်းသူဖြစ်ပြီး လူတိုင်းကိုလည်းအလွယ် တကူ ဖြောင်းဖြတတ်သူဖြစ်သည်။ သို့သော် ယခုမူ ချန်ကျင်းမင် အမှန်တကယ်ဆွံ့အနေမိပါပြီ။
ယွဲ့လင်းရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးခဲ့မိတာ မှားများသွားပြီလား…
ယွဲ့လင်းက သူ့ရဲ့ မင်းဆိုးမင်းညစ်ဆိုတဲ့ ဘွဲ့ကို တော်တော်သဘောကျနေတဲ့ပုံပဲ…
ချန်ကျင်းမင် ခေါင်းခါလိုက်ပြီး အတွေးတွေကို ဖယ်ထုတ်လိုက်သည်။ ယွဲ့လင်းကို တိုင်းသူပြည်သားတွေရဲ့အမြင်မှာ မင်းဆိုးမင်းညစ်တစ်ပါးဖြစ်အောင် ဖန်တီးခဲ့တာ မမှားနိုင်ပါ။ တစ်ခါတလေ ယွဲ့လင်းက ထိုမင်းဆိုးမင်းညစ်ဟူသည့် ဘွဲ့ကို အားသာချက်အဖြစ် အသုံးချတတ်ရုံသာရှိသည်။
ချန်ကျင်းမင် ထပ်ပြီး ဖြောင်းဖြချင်သော်လည်း အခြား အရာရှိအမတ်များက ယွဲ့လင်းနဲ့အတူ ရွာထဲ အစုလိုက် အပြုံလိုက် ဝင်သွားကြပြီဖြစ်သည်။
ချန်ကျင်းမင်: “…”
ဒီလူတွေကို ယွဲ့လင်း ဘယ်လိုများ စိတ်ညှို့ထားသလဲ ချန်ကျင်းမင် နားမလည်တော့ချေ။
ယွဲ့လင်း ရုတ်တရက်ကြီး ဘာလို့ ဩဇာညောင်းသွားခဲ့တာလဲ…
သူ့ဖာသာ သူ အဓိပ္ပာယ်မဲ့တဲ့လုပ်ရပ်တွေလုပ်တာ ကိစ္စမရှိပေမယ့် လူတိုင်းကပါ သူနဲ့အတူ ဘာလို့ အဓိပ္ပာယ်မဲ့တာတွေ လိုက်လုပ်နေကြတာလဲ!
ယွဲ့ဟွာနှင့် ချန်ကျင်းမင်တို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ ဒီပြဿနာ၏လေးနက်မှုကို တစ်ယောက်မျက်လုံးတွေထဲမှာ တစ်ယောက်မြင်နေကြရသည်။
ချိုက်ထျဲ့ရွာ၏လျှို့ဝှက်ချက်ကို ယွဲ့လင်း ရှာဖွေတွေ့ရှိသွားလို့ မဖြစ်ပါ။ သူတို့ အရာရာကို ကြိုတင်ပြင်ဆင်ထားပြီး ဖုံးကွယ်ထားကြသော်လည်း ချန်ကျင်းမင်ရင်ထဲ နိမိတ်မရှိသကဲ့သို့ လေးလံနေခဲ့သည်။
တော်ဝင်အမဲလိုက်နယ်မြေကို သွားနေရင်းက ဘာကြောင့် ချိုက်ထျဲ့ရွာကို ရုတ်တရက်ကြီး ရောက်လာကြသလဲ သူတို့ မရှင်းပြတတ်တော့ပါ။ ဦးတည်ချက် အရပ်မျက်နှာတွေကလည်း အရှေ့နှင်ါအနောက် ဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။
ဒါတိုက်ဆိုင်မှု မဖြစ်နိုင်တော့ပေ။
ဧကန္တ ယွဲ့လင်း သိထားတာ ကြာပြီလား ?
ဒီကို ရည်ရွယ်ချက်ရှိရှိ လာခဲ့တာလား…
မဖြစ်နိုင်ဘူး… လုံးဝ မဖြစ်နိုင်ဘူး…
ဒီရွာက အရေးအကြီးဆုံး နေရာတစ်ခုဖြစ်သဖြင့် သူတို့အားလုံး အထူးတလည် သတိပြုခဲ့ကြသည်။ ယမ်းမုန့် ချက်လုပ်သည့်လူတွေဆို ဒီရွာကနေပင် မထွက်ခွာကြပါ။
နေ့ဘက်မှာ သာမန်အရပ်သားတွေလို အလုပ်လုပ်ကြပြီး ညဘက်ရောက်ခါမှ ယမ်းမုန့်တွေ လျှို့ဝှက်ချက်လုပ်ကြခြင်းဖြစ်သည်။ ထိုလျှို့ဝှက်ချက် ဘယ်လိုပေါ်သွားနိုင်မလဲဆိုတာ ချန်ကျင်းမင် သေသေချာချာ စဉ်းစားသုံးသပ်နေမိပါပြီ။
သူအတွေးလွန်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ယွဲ့လင်း အမှန်တကယ် ပင်ပန်းနေ၍အနားယူချင်တာလည်း ဖြစ်နိုင်သည်။
မြင်းလှည်းတွေ မြင်းတွေကို ရွာပြင်မှာ ရပ်ထားခဲ့ကြပြီး တော်ဝင်အစောင့်တပ်သားများက လမ်းကြောင်းရှင်းပေးကာ ရွာထဲ ဝင်လာခဲ့ကြသည်။ အပေါ်ယံကကြည့်ရင်တော့ ချိုက်ထျဲ့ရွာက သာမန်ရွာလေးတစ်ရွာဖြစ်ပြီး သံသယဖြစ်စရာ ဘာမှမရှိပါ။
လယ်မြေတွေထဲမှာ စိုက်ပျိုးရေးလုပ်နေကြသည့် ရွာသားများစွာကိုမြင်ရသည်။ အားလုံး ပုံမှန်အတိုင်းပင်။
သို့သော် တော်ဝင်အစောင့်တပ်သားများစွာကိုမြင်သော အခါ ထိုရွာသားများ၏မျက်လုံးထဲ ချောက်ချားမှု အရိပ်အ ယောင်များ ပေါ်လာခဲ့ပါသည်။
“အစ်ကိုတော်… ဒီသာမန်အရပ်သားတွေကို အနှောင့်အ ယှက်မပေးပါနဲ့လား”
ယွဲ့ဟွာ လျှောက်တင်လိုက်လေသည်။
ယွဲ့လင်းကို ယွဲ့ဟွာ အသည်းအသန်ဖြောင်းဖြနေစဉ် ဝူကျီးက သူ့တပ်သားတွေကိုအမိန့်ပေးပြီး တစ်ရွာလုံးကို ဝန်းရံထားပြီးနေပြီဖြစ်သည်။
ယွဲ့ဟွာ မျက်ခွံများ လှုပ်သွား၏။
ဒါဘယ်လိုအခြေအနေကြီးလဲ!
“အရှင်မင်းကြီး! စစ်သူကြီးဝူ ဘာလုပ်နေတာလဲ ? ဒီလူတွေက ဘာအပြစ်မှမရှိတဲ့ အရပ်သားတွေလေ!”
ယွဲ့ဟွာ ကန့်ကွက်လိုက်ပြီး တခြားသူတွေရဲ့အကူအညီကိုပါ ရယူဖို့ ကြိုးစားသည်။
သို့သော် ယခင်တုန်းက စကားကို မရပ်မနားပြောခဲ့ကြသည့် စိစစ်ကွပ်ကဲရေးအမတ်တွေကလည်း ယခုမူ ဆွံ့အနားမကြားဖြစ်ချင်ယောင်ဆောင်နေကြပါသည်။ ယွဲ့ဟွာရှိသည့်နေရာကလွဲပြီး တခြားအရပ်မျက်နှာပေါင်းစုံကိုရူးချင်ယောင်ဆောင်ကာ ကြည့်နေကြသည်။
ယွဲ့ဟွာ နှလုံးရပ်မတတ် ချောက်ချားသွားခဲ့သည်။ နောက် ဆုံးတော့ သူအတည်ပြုနိုင်ခဲ့ပါပြီ။ ဒါတိုက်ဆိုင်မှုမဟုတ်သလို မတော်တဆလည်း မဟုတ်ပါ။
ချိုက်ထျဲ့ရွာသို့ ယွဲ့လင်း ရည်ရွယ်ချက်ရှိရှိရောက်လာခဲ့ခြင်းသာဖြစ်သည်။
လမ်းပျောက်တယ်ဟုတ်လား!
သောက်အဓိပ္ပာယ်မရှိတဲ့ ဆင်ခြေတွေ!
သူတို့ အရပ်မျက်နှာ ခွဲခြားနိုင်စွမ်းမရှိတော့တာဟု ယွဲ့ဟွာ တကယ်ကြီး ယုံကြည်ခဲ့မိသည်…
“မင်းသားအန်းဟယ်”
ယွဲ့ဟွာကို ယွဲ့လင်း ပြုံးတစ်ဝက်မဲ့တစ်ဝက်ဖြင့် ကြည့်လိုက်သည်။
“ဒီရွာက တာ့ယုံတိုင်းပြည်အတွင်းမှာ လောတိုင်းပြည် လျှို့ဝှက် တည်ဆောက်ထားတဲ့ ခံတပ်စခန်းတစ်ခုဖြစ်တယ်လို့ ကျန်းသတင်းရထားတယ်၊ သတင်းပေါက်ကြားမှုမရှိစေဖို့အတွက် အမဲလိုက်ထွက်တာကို ကျန်း အကြောင်း ပြချက်ပေးခဲ့တာ၊ တိုင်းသူပြည်သားတွေကို မင်းသားအန်းဟယ် ဒီလိုဂရုစိုက်တာကိုမြင်တော့ ကျန်းဝမ်းမြောက်မိပါတယ်၊ စိတ်မပူပါနဲ့၊အပြစ်မရှိတဲ့လူတွေကို အပြစ်ပေးမှာမဟုတ်ဘူး၊ မင်းသားအန်းဟယ်ကိုလည်း ကျန်း အပြစ်မတင်ပါဘူး”
ယွဲ့ဟွာနှုတ်ခမ်းများ တုန်ယင်သွားသည်။ ဒေါသထွက်လွန်းသဖြင့် ရူးချင်နေပါပြီ။ သို့သော် သူ့မျက်နှာပေါ် အပြုံးတစ်ခု ခက်ခက်ခဲခဲဆောင်ကာ လျှောက်တင်လိုက်သည်။
“အစ်ကိုတော်… အဲ့ဒီသတင်းကို အတည်ပြုပြီးပြီလား ? နားလည်မှု လွဲနေတာ မဖြစ်နိုင်ဘူးလား”
“အရှင်မင်းကြီး! ရွာအတွင်းမှာ ထူးဆန်းတဲ့ ကုန်ကြမ်းတချို့ကို ရှာတွေ့ထားပါတယ်”
လက်ထဲမှာ အိတ်ကြီးတစ်အိတ်ကို သယ်ယူရင်း ဝူကျီး ပြန်လည်ရောက်ရှိလာပြီး လျှောက်တင်လိုက်ပါသည်။
“ဒီမှာလည်း တွေ့မိပါတယ်”
“ဒီမှာကောပဲ”
ရွာသားများ၏အိမ်တွေထဲ တော်ဝင်အစောင့်တပ်သားများ ပစ္စည်းမျိုးစုံ ရှာတွေ့ခဲ့ကြသည်။ ကျန်းကျီမြောင်လည်း ခေါင်းပြူလျက် လှမ်းကြည့်လိုက်မိပါသည်။
[ဆာလ်ဖာ… ယမ်းစိမ်း… မီးသွေး… ဟုတ်တယ်… ဒါ ယမ်းမှုန့်ထုတ်လုပ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းတွေပဲ]