Uprooting the Stronghold
Vol. 12 Ch. 118
ထိုကုန်ကြမ်းပစ္စည်းများကို ကြည့်ရင်း ယွဲ့ဟွာမျက်နှာ အလွန်အကျည်းတန်သွားခဲ့သည်။ သို့သော် မျှော်လင့်ချက် သေးသေးလေးတစ်ခုကို ဆုပ်ကိုင်လျက်တိုးညှင်းစွာ လျှောက်တင်လိုက်ပါသည်။
“အစ်ကိုတော်… နားလည်မှုလွဲနေပြီထင်တယ်၊ ဒီပစ္စည်းတွေက ဘာမှထူးခြားတဲ့ပုံလည်း မပေါ်ဘူးနော်”
[ဒီကုန်ကြမ်းတွေကို ကြည့်ရုံနဲ့တော့ ဘာမှထူးခြားမှာ မဟုတ်ဘူး၊ ဒါပေမယ့် ရွာထဲမှာ လက်စသတ်ပြီးသား ထုတ်ကုန်တွေ အများကြီး သိုလှောင်ထားတာရှိတယ်၊ အဲ့ဒီ ထုတ်ကုန်တွေကို ရှာတွေ့ရင်တော့ ထူးခြားသွားလိမ့်မယ်၊ ယွဲ့ဟွာ ဖန်တီးထားတဲ့ ယမ်းမှုန့်တွေ ဘယ်အဆင့်ထိရောက်နေပြီလဲဆိုတာ ငါလည်း သိချင်နေတာ]
“ဒါဖြင့်ရင် ဆက်ရှာဖွေလိုက်ပါ”
ယွဲ့လင်း အမိန့်ပေးလိုက်သည်။
တော်ဝင်အစောင့်တပ်သားများလည်း တစ်ရွာလုံးကို ပိုက်စိပ်တိုက် ရှာဖွေခဲ့ကြပါသည်။
ယွဲ့ဟွာဘက်ကလည်း အတော်လေးကြိုးစားပန်းစား သိုဝှက်ထားခဲ့ပုံရသည်။ ရွာသားများ၏အိမ်တွေအောက်မှာ မြေအောက်ခန်းတွေကိုယ်စီ ရှိနေကြသည်။ ယွဲ့ဟွာ ထိုမြေအောက်ခန်းများကို တစ်ခုနှင့်တစ်ခု ဆက်သွယ်ဖို့ ဥမင်လှိုဏ်ခေါင်းများ တူးကာ ဧရာမ လျှို့ဝှက်မြေအောက်ခန်းကြီးတစ်ခုပင် ဖန်တီးခဲ့သေးသည်။
ကုန်ကြမ်းပစ္စည်းများကို ရွာသားများ၏အိမ်များထံ ခွဲဝေသိမ်းဆည်းထားခြင်းဖြစ်သည်။ သန်းခေါင်ယံအချိန်ကို ရောက်ခါမှ မြေအောက်ခန်းတွေထဲကို ဆင်းပြီး ယမ်းမှုန့်ထုတ်လုပ်ခြင်းကို ဆောင်ရွက်လေ့ရှိကြပါသည်။
တော်ဝင်အစောင့်တပ်သားများ၏ ပိုက်စိပ်တိုက်ရှာဖွေမှုကြောင့် ထိုမြေအောက်လမ်းကြောင်းများကို ခပ်မြန်မြန်ပဲ ရှာတွေ့သွားကြသည်။ တော်ဝင်အစောင့်တပ်သားများက အရှေ့မှ လမ်းကြောင်းရှင်းပေးလိုက်ပြီး အားလုံးလည်း သတိကြီးကြီးထားကာ မြေအောက်ခန်းများထံသို့ ဆင်း သက်လာခဲ့ကြသည်။ တစ်ခန်းချင်းစီကို သေချာ ရှာဖွေကြည့်သောအခါ အခြေအနေတွေက ရှင်းလင်းလာခဲ့ပါသည်။
လျှို့ဝှက်မြေအောက်ခန်းကြီးထဲတွင် ယမ်းမှုန့်ထုတ်လုပ်ရေးက အခြေခိုင်မာသည့် လုပ်ငန်းကြီးတစ်ခုလိုတောင် ဖြစ်နေပါပြီ။ လက်စသတ်ပြီးသား ယမ်းမှုန့်များ သိုလှောင်ထားသည့် အခန်းကျယ်ကြီး နှစ်ခန်းလည်းရှိနေသည်။
“အရှင်မင်းကြီး… ဒီထူးထူးဆန်းဆန်း ပုံသဏ္ဌာန်နဲ့ ပစ္စည်းတွေကိုလည်း ရှာတွေ့ခဲ့ပါတယ်။ ဘာတွေလဲဆိုတာတော့ ဒီငယ်သား မသိပါဘူး”
ပြောင်းလုံးရှည်အသွင်ရှိသည့် သံထည်ပစ္စည်းတစ်ချို့ကို ဝူကျီး ယူဆောင်လာခဲ့သည်။
ထိုပစ္စည်းတွေကိုမြင်သောအခါ ကျန်းကျီမြောင် ကြက်သေ သေသွားခဲ့သည်။
[ဘုရားရေ! သေနတ်တွေပါလား ? ယွဲ့ဟွာက သေနတ်တွေတောင် ထုတ်လုပ်နိုင်နေပြီပေါ့!]
ဒီဇိုင်းပုံကြမ်းတွေ၊ ဖော်မြူလာတွေရှိနေလျှင်တောင် ရှေးခေတ်မှာ သေနတ်တွေကို ပြန်လည်ဖန်တီးဖို့ဆိုတာ မဖြစ်နိုင်သလောက် ခက်ခဲသည့် အလုပ်တစ်ခုဖြစ်သည်။ သို့ သော် ယွဲ့ဟွာကမူ အောင်အောင်မြင်မြင်ဖန်တီးနိုင်ခဲ့သည်။
သူ့ဝှက်ဖဲအစစ်အမှန်က .txt စာဖိုင်တွေမဟုတ်ဘဲ သူပိုင် ဆိုင်ထားသည့် ကြောက်စရာ ကံကောင်းမှုပင်။
သို့သော်… သူ့ကံကောင်းခြင်းကို ကျန်းကျီမြောင် အနည်း ငယ် ဖဲ့ယူနိုင်ခဲ့သဖြင့် ဒီလောက်ထိသက်သာသွားတာဟု ဆိုနိုင်ပါသည်။
ကျန်းကျီမြောင်၏ အတွေးသံကို ယွဲ့လင်း သိပ်နားမလည်သော်လည်း တည်ငြိမ်စွာ မိန့်လိုက်သည်။
“အားလုံးကို အပေါ် ပို့ဆောင်လိုက်၊ လောတိုင်းပြည်ရဲ့ သူလျှိုတွေက ဒါတွေထုတ်လုပ်ဖို့အတွက်နဲ့ တာ့ယုံတိုင်း ပြည် နယ်နိမိတ်အတွင်းကိုပါဝင်ရောက်လာခဲ့တာ၊ ဒီပစ္စည်း တွေက သူတို့အတွက် အရမ်းအရေးပါလိမ့်မယ်၊ ဒါတွေကို ကျန်းတို့ အချိန်ယူ လေ့လာလိုက်ရင် နားလည်သွားမှာပါ”
ကျန်းကျီမြောင် စိတ်ပူပန်သွားသည်။
[ယမ်းမှုန့်တွေကို လေ့လာရမှာ အန္တရာယ်များတယ်၊ အမှားအယွင်းတစ်ခုခုဖြစ်တာနဲ့ အသက်တွေဆုံးရှုံးနိုင်တယ်]
ယွဲ့ဟွာကို ယွဲ့လင်းချက်ချင်း လှည့်ကြည့်လိုက်သည်။
“ဒီပစ္စည်းတွေကို သုတေသနပြု လေ့လာရမယ့် တာဝန်ကို ပဉ္စမညီတော်ထံ အပ်နှင်းမယ်၊ နန်းတော်ကို ပြန်ရောက်တဲ့အခါ ဝူကျီးနဲ့ လက်အောက်ငယ်သားတွေကို ဦးဆောင်ပြီး ဒီပစ္စည်းတွေကို သေသေချာချာလေ့လာပါ ညီတော်”
ယွဲ့ဟွာ မျက်နှာဖြူရော်သွားသည်။ ဒီလူတွေက ယမ်းမှုန့်ဆိုတာ ဘာမှန်းမသိကြသဖြင့် သုတေသနပြုနေစဉ်မတော် တဆမှုတစ်ခုဖြစ်လာပါက လက်လျှော့သွားကြလိမ့်မည်ဟု ယွဲ့ဟွာ အပိုင်တွက်ထားတာဖြစ်သည်။
သို့သော် သုတေသနကို သူက ဦးဆောင်ရမှာတဲ့လား…
မတော်တဆမှုတစ်ခုခုဖြစ်ရင် သူပါ သေသွားမှာပေါ့!
“ဝူကျီး မင်း မှတ်မိလား ? မင်းသားအန်းဟယ်က ပညာပါရမီထူးချွန်ပြီး ဉာဏ်ရည်လည်း ထက်မြက်တယ်၊ ဘယ်သူမှ နားမလည်နိုင်တဲ့ အရာတွေအတွက် ပဉ္စမညီတော်ကို ဦးဆောင်လေ့လာခိုင်းလိုက်တာ အသင့်တော်ဆုံးပဲ၊ အဲ့အချိန်ကျရင် ဘာပဲလုပ်လုပ် မင်းသားအန်းဟယ်နားက တဖဝါးမှ မခွာဘဲ သူလုပ်သမျှကို တစ်လှမ်းချင်းလိုက် ဆောင်ရွက်ပါ၊ သူ့အမိန့်ကိုလည်း သေချာနာခံ” ယွဲ့လင်း မှာကြားလိုက်သည်။
ဝူကျီးလည်း သဘောပေါက်နားလည်စွာ ခေါင်းညိတ်လိုက်ပါသည်။
ကျန်းကျီမြောင် ရယ်ချင်သွားသည်။ ယွဲ့လင်းကမူ အတော်လေး လူလည်ကျနေပါပြီ။ ယွဲ့ဟွာနားမှ တဖဝါးမှ မခွာဖို့ ဝူကျီးကို အလေးပေး မှာကြားထားတာဖြစ်သည်။
ယွဲ့ဟွာသာ တစ်ခုခုကြံစည်ဖို့ ကြိုးစားလျှင် ပေါက်ကွဲမှုထဲပါမည့် ပထမဆုံးလူက သူကိုယ်တိုင်ဖြစ်သွားလိမ့်မည်။
ဝူကျီး ဦးဆောင်မှုဖြင့် မြေအောက်ခန်းထဲက ပစ္စည်းတွေအားလုံးကို အပေါ်သို့ သယ်ဆောင်ခဲ့ကြသည်။ ထို့နောက် တစ်ရွာလုံးကို ဖမ်းဆီးဖို့လည်း ယွဲ့လင်း အမိန့်ထုတ်ပြန်ခဲ့ပါသည်။ ပြစ်ဒဏ်အသေးစိတ်ကိုတော့ နန်းတော်သို့ပြန် လည် ရောက်ရှိကာ စစ်ဆေးမေးမြန်းပြီးမှဆုံးဖြတ်ရမည်။
ယမ်းမှုန့်တွေကို မြင်းလှည်းတွေပေါ် ဂရုတစိုက် တင်ခဲ့ကြသည်။ ဘေးကင်းလုံခြုံစေဖို့အတွက် ယမ်းမှုန့်များတင်ထားသည့် မြင်းလှည်းတွေရဲ့ အလည်တည့်တည့်မှာ ယွဲ့ဟွာကို နေရာချထားဖို့ ယွဲ့လင်း အမိန့်ပေးခဲ့သည်။
ယွဲ့ဟွာ: “…”
သူ့ယမ်းမှုန့်နည်းပညာက အတော်လေးတိုးတက်နေပြီဖြစ်ကာ နှစ်ပေါင်းများစွာတိုင်အောင် ဘာမတော်တဆမှုမှ မဖြစ်ခဲ့သော်လည်း ဒီလို ဘေးပတ်ပတ်လည်မှ ယမ်းမှုန့်များ ၏ဝန်းရံမှုကို ခံထားရသည့် ခံစားချက်ကြီးကတော့ ကြောက်စရာ ကောင်းလွန်းသည်။
ယွဲ့ဟွာ သံသယပင် ဝင်လာမိသည်။ ယမ်းမှုန့်ဆိုတာ ဘာမှန်း ယွဲ့လင်း သိပြီးသားဖြစ်သဖြင့် သူ့ကိုတမင်တကာ နှိပ်စက်အပြစ်ပေးနေခြင်းဖြစ်နိုင်သည်။
သို့သော် ယွဲ့လင်းက ရှေးခေတ်လူတစ်ယောက်ဖြစ်သဖြင့် ဒါတွေကို သိနိုင်စရာအကြောင်းမရှိပါ။
နေပါဦး…!
ယွဲ့ဟွာမျက်နှာ အနည်းငယ်ပြောင်းလဲသွားခဲ့သည်။ ယွဲ့လင်းဘေးမှာ ‘ကူးပြောင်းလာသူ’နောက်တစ်ယောက် ရှိနေမှန်း ယွဲ့ဟွာ မေ့လုနီးပါး ဖြစ်သွားခဲ့သည်။ ထိုကူးပြောင်းလာသူက သူ့လို ရွေလက်ချောက်မျိုး ပိုင်ဆိုင်မထားလျှင်တောင် အနည်းဆုံးတော့ ယမ်းမှုန့်ဆိုတာ ဘာမှန်း သိနေလောက်ပါသည်။
ဘယ်သူလဲကွ!
အဲ့ဒီကူးပြောင်းလာသူက ဘယ်သူလဲ!
အခုကော အဲ့ဒီလူ ပါလာသေးလား!
တရားရေးရာဝန်ကြီးလား!
အတိုင်ပင်ခံ အမတ်ကြီးလား!
ဒါမှမဟုတ် ဝူကျီးပဲလား!
ယွဲ့ဟွာအတွက် အားလုံး သာတူညီမျှ သံသယဖြစ်စရာကောင်းနေသည်။ သို့သော် တစ်ယောက်မှပုံစံမကျလှပါ။
နောက်ဆုံးတော့… ကျန်းကျီမြောင်ထံ သူ့အကြည့်ရောက်ရှိသွားခဲ့သည်။
ပုံမှန်ဆို မိန်းမတွေကို ယွဲ့ဟွာ အထင်မကြီးတတ်ပါ။ ကမ္ဘာကြီးအတွက် ယှဉ်ပြိုင်တိုက်ခိုက်ရမှာက ယောက်ျားတွေရဲ့ အလုပ်ဖြစ်သည်။ သူ့အမြင်မှာတော့ မိန်းမများက ဘယ် တော့မှ ဇာတ်လိုက်ဖြစ်လာနိုင်မည်မဟုတ်ပါ။
သူအကြိမ်ကြိမ်အခါခါ ရှုံးနိမ့်ခဲ့ရသဖြင့် ယွဲ့လင်းဘေးမှာ ကူးပြောင်းလာသူတစ်ယောက် ရှိနေနိုင်မှန်း ယွဲ့ဟွာနား လည်သွားခဲ့ရသည်။ ထို့ကြောင့် နန်းတွင်းအရာရှိအမတ် ရာပေါင်းများစွာအတွင်း ထိုကူးပြောင်းလာသူကို ရှာဖွေခဲ့ပြီး ယွဲ့လင်းဘေးက မိန်းမစိုးများကိုပင် သေချာစုံစမ်းစစ်ဆေးခဲ့ပါသေးသည်။
သို့သော်… သေသေချာချာ စဉ်းစားကြည့်မှ ကြီးကြီးမားမားပြောင်းလဲမှုတစ်ခုကိုကြုံတွေ့ရတိုင်း ထိုနေရာမှာ ကျန်းကျီမြောင် ရှိနေတတ်သည်။
သူ့ပညာရည်ဂုဏ်သတင်း ပျက်စီးသွားခဲ့ရသည့် ကြာပန်းကြည့် ညစာစားပွဲညမှာလည်း ကျန်းကျီမြောင် ရှိနေခဲ့သည်။ သူ့မျက်နှာ ဝက်ခေါင်းပမာဖြစ်သည့်အထိ မြို့စားရှဲ့၏ထိုးကြိတ်မှုကို ခံခဲ့ရစဉ်တုန်းကလည်း ကျန်းကျီမြောင် ရှိနေခဲ့သည်။ ထို့အပြင် ညီလာခံအတွင်းက အရာရှိအမတ်များရဲ့ ထူးထူးခြားခြားပြောင်းလဲလာမှုကလည်း ကျန်းကျီမြောင် ညီလာခံပထမဆုံးတက်ရောက်လာသည့်နေ့က စတင်ခဲ့ခြင်းဖြစ်သည်။
ကျန်းကျီမြောင် ဘယ်လိုလုပ်ထားမှန်း ယွဲ့ဟွာ နားမလည်သော်လည်း တိုက်ဆိုင်မှုတွေ အများကြီးကိုဆက်နွယ်ကြည့်လိုက်သောအခါ တိုက်ဆိုင်မှုမဖြစ်နိုင်တော့ပါ။
ဧကန္တ… ကူးပြောင်းလာသူနောက်တစ်ယောက်က ကျန်းကျီမြောင်များလား!
ကျန်းကျီမြောင်ကိုကြည့်ရင်း ယွဲ့ဟွာ မျက်မှောင်ကြုတ်သွားခဲ့သည်။
မိန်းမတစ်ယောက်ကလား…
မိန်းမတစ်ယောက်က သူ့ကို ဒီလို ဆိုးဆိုးရွားရွားအခြေအ နေထိရောက်အောင် ကြံစည်နိုင်ခဲ့တာလား…
ယွဲ့ဟွာ ယုံရခက်နေသည်။ သို့သော် သူ့ရင်ထဲက သံသယ ပျောက်ကွယ်မသွားခဲ့ပါ။ အခုချိန်ကစပြီး မိဖုရားကြီးကို သေသေချာချာ စောင့်ကြည့်မှဖြစ်ပါတော့မည်။
ယွဲ့ဟွာ အကြည့်ကို ယွဲ့လင်းလည်း သတိထားမိသွားပြီး မျက်မှောင်ကြုတ်မိသွားသည်။ ထို့နောက် ယွဲ့ဟွာရှေ့မှာ သူ့ခန္ဓာကိုယ်ဖြင့် ကာလိုက်ပါသည်။
ယွဲ့ဟွာလည်း အရိပ်အကဲနားလည်ကာ ခေါင်းငုံ့လိုက်လေသည်။
“အရှင်မင်းကြီး ဘာဖြစ်လို့လဲ”
ယွဲ့လင်း ရုတ်တရက်ကြီး ကုန်းသွားသဖြင့် ကျန်းကျီမြောင် ကြောင်စီစီ ဖြစ်သွားခဲ့သည်။
“ဘာမှမဖြစ်ပါဘူး”
ယွဲ့လင်း တည်တည်ငြိမ်ငြိမ် မိန့်လိုက်သော်လည်း ရင်ထဲမှာတော့ သတိကြီးလာခဲ့ပါသည်။
မြောင်မြောင် စွမ်းရည်များကို ကိုယ်တိုင်ကြုံတွေ့ဖူးသူများကလွဲပြီး တခြားသူတွေ ဘယ်လောက်ပဲခန့်မှန်းကြပါစေ သိရှိနားလည်နိုင်မှာမဟုတ်ပါ။ ချန်ကျင်းမင်လို ဦးနှောက်မျိုး ၁၀ လုံးနဲ့တောင် ဒီလို ဆန်းကြယ်ဖြစ်ရပ်မျိုးကို ရိပ်မိမှာ မဟုတ်ပေ။
သို့သော် ယွဲ့ဟွာ၏အကြည့်များက… မြောင်မြောင်အားသံသယဖြစ်နေသလိုပင်။
အကြိမ်ကြိမ်ဖိနှိပ်ခံထားရသော်လည်း ယွဲ့ဟွာသည်ကံကြမ္မာ၏ မျက်နှာသာပေးမှုကို ခံထားရသူဖြစ်သည်။ ယွဲ့လင်းသာ တစ်ချက်လောက် သတိမဲ့သွားသည်နှင့် အခြေအ နေတွေကို ယွဲ့ဟွာ ပြောင်းပြန်လှန်ပစ်လိုက်နိုင်သည်။
သူ့အတွက်သူ ယွဲ့လင်း စိတ်မပူပါ။ သို့သော် မြောင်မြောင် ပစ်မှတ်ထားခံရပြီး အန္တရာယ်တစ်ခုခု ကြုံလာရသည့်အခါ သူ ရူးသွပ်သွားလိမ့်မည်။
ယွဲ့လင်း အာရုံထဲအတွေးများစွာ ဝင်ရောက်လာခဲ့သည်။ သူ့လက်တွေကတော့ ကျန်းကျီမြောင်အတွက် စပျစ်သီးကို ကျွမ်းကျွမ်းကျင်ကျင် အခွံနွှာပေးနေပါသည်။
“စပျစ်သီးစားပါဦး”
ကျန်းကျီမြောင် ရုတ်တရက် ရှက်ရွံ့သွားပြီး ဘေးက ဝူချုံးလန်ကို လှည့်ကြည့်လိုက်သည်။ ဝူချုံးလန်ကမူကောင်းကင်ကြီးကို မော့ကြည့်ကာ မမြင်ချင်ယောင်ဆောင်လိုက်ပြီး ဝူကျီးအနားသို့ ထွက်ခွာသွားလေတော့သည်။
ကျန်းကျီမြောင် ပိုလို့ရှက်ရွံ့သွားပြီး တီးတိုးလျှောက်တင်လိုက်ပါသည်။
“ဒီမိဖုရား ကိုယ့်ဖာသာ ကိုယ် အခွံနွှာလို့ ရပါတယ်”
“ကျန်းလက်တွေက သန့်ပါတယ်၊ ခုနကမှ ရေဆေးထားတာ” ယွဲ့လင်း စိတ်မကောင်းဖြစ်စွာ ပြောလိုက်သည်။
ကျန်းကျီမြောင်: “အရှင်မင်းကြီးလက်တွေက ညစ်ပတ်တယ်လို့ ပြောတာမဟုတ်ပါဘူး…”
ယွဲ့လင်း စပျစ်သီးကိုကိုင်ကာ သူမ နှုတ်ခမ်းနားတေ့ပေး လိုက်သည်။ ကျန်းကျီမြောင်လည်း ရွေးချယ်စရာမရှိတော့ဘဲ စားလိုက်ရသည်။
ယွဲ့လင်းနှုတ်ခမ်းထက် အပြုံးတစ်ခုပေါ်လာပြီး စပျစ်သီးတွေကို အခွံဆက်နွှာရင်း အလုပ်ရှုပ်နေခဲ့တော့သည်။