← Chapters

Everyone Feels The Danger

Vol. 12 Ch. 119

Everyone Feels The Danger

Vol. 12 Ch. 119

အရှင်မင်းကြီးနှင့် မိဖုရားကြီးတို့၏အပြုအမူများကို အရာရှိအမတ်များက အတွေးပေါင်းစုံဖြင့် ငေးကြည့်နေကြပါသည်။

ချန်ကျင်းမင် မျက်လုံးများလည်း အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ အရှင်မင်းကြီး၏အပြုအမူများနောက်ကွယ်မှာ ရည်ရွယ်ချက်တစ်ခုခု ရှိနေသည်ဟု သူခံစားမိပါသည်။

ကျန်းကျီမြောင်ကို သူဘယ်လောက် တန်ဖိုးထားကြောင်း အားလုံးသိအောင် ကြေညာနေသလို ဖြစ်နေသည်။

ယွဲ့လင်း မျက်နှာပေါ် နူးညံ့သိမ်မွေ့သည့် အပြုံးတစ်ခုရှိနေပြီး အမူအရာတွေကလည်း အပြစ်ပြောစရာမရှိအောင် သာယာနေခဲ့သည်။။ ယွဲ့ဟွာ ဘက်တော်သားများအနက် ချန်ကျင်းမင်သည် တစ်ဖွဲ့လုံး၏ ဦးနှောက်ဖြစ်သည်။ သို့ သော် ချန်ကျင်းမင်လည်း တစ်ခါတရံအတွေးလွန်တတ်သည့် အကျင့်ရှိသည်။

ထို့ကြောင့် ယွဲ့လင်း၏အပြုအမူများ ပိုပြီးထူးဆန်းလာလေလေ သူ့စိတ်ထဲ သံသယတွေ များလာလေလေဖြစ်သည်။

ဒီလိုလူမျိုးတွေက ကိုယ့်အတတ်နဲ့ကိုယ် သေတတ်ကြတာများသည်။ ယခင်က အဖြစ်အပျက်များကြောင့် ချန်ကျင်းမင်အကြောင်း ယွဲ့လင်းလည်း ကောင်းကောင်းသိနေသည်။

ယခင်တုန်းက အနောက်နန်းဆောင်မှာ လင်းချင်ချင် တစ် ယောက်တည်းအား ယွဲ့လင်း အရေးပေးခဲ့စဉ်တုန်းက လင်းချင်ချင်ကော ယွဲ့ဟွာကော သူ့အား သံသယမဝင်ခဲ့ကြပါ။ သို့သော် ချန်ကျင်းမင်ကမူ အရာရာကို သံသယမျက်လုံးဖြင့် ကြည့်နေတတ်သည်။

ချန်ကျင်းမင်၏စိတ်က အလွန်နက်ရှိုင်းသည်။ အချစ်စစ်ကိုတောင် သေသေချာချာ ဖုံးကွယ်ထားနိုင်သဖြင့် သူ့နှလုံး သားကို ဘယ်သူမှ ဖောက်ထွင်းမြင်နိုင်စွမ်းမရှိပါ။ ချန်ကျင်းမင်လိုလူမျိုးက အပေါ်ယံ သိသာထင်ရှားသည့် စိတ်ခံစားချက်တွေကို ယုံကြည်လေ့မရှိပေ။ ထို့ကြောင့် သူသံသယဖြစ်ချင်လည်း ယွဲ့လင်း သံသယဖြစ်ခွင့် ပေးလိုက်မည်သာ။

ချိုက်ထျဲ့ရွာမှာ ယမ်းမှုန့်များ ရှာဖွေတွေ့ရှိပြီးနောက် နန်း တော်သို့ ပြန်ကြရန် ယွဲ့လင်း အမိန့်ပေးကြေညာလိုက်ပါသည်။ အမဲလိုက်ထွက်သည့်ကိစ္စကို ထည့်တောင်မပြောတော့ပါ။

ယွဲ့ဟွာ အံကြိတ်လိုက်မိပါသည်။ သူထင်ထားသည့်အတိုင်းပင်။ ယွဲ့လင်း အတော်လေးအကြံအစည်ကြီးမားသည်။ အမဲလိုက်ထွက်လာခြင်းဟု ဆိုသော်လည်း အစက တည်းက ချိုက်ထျဲ့ရွာကို ဝင်စီးနှင်းဖို့ ကြံစည်ထားခဲ့ခြင်း ဖြစ်သည်။

ယွဲ့လင်း အမူအရာကို ကြည့်ခြင်းအားဖြင့် ယမ်းမှုန့်တွေအကြောင်းကို သိထားတာလည်း ကြာပြီထင်သည်။ ယွဲ့လင်း ဘယ်တုန်းက ဒီလောက်ထိ သတင်းအချက်အလက်ခိုင်လုံပြီး အာဏာကြီးမားလာရသလဲ ယွဲ့ဟွာ မစဉ်းစားတတ်တော့ပါ။

မနေ့ညက သူ့လျှို့ဝှက်ခံတပ်စခန်းတစ်ခုကို မြေလှန်သွားခဲ့သည်။ ဒီနေ့လည်း သူ့လက်နက်တိုက်တစ်ခုကို သိမ်းပိုက်သွားခဲ့ပြန်ပါပြီ။ ဒါတွေအားလုံးကို ယွဲ့လင်း ကြိုသိနေခဲ့တာ ယုံရခက်လှသည်။

ယွဲ့ဟွာ ရုတ်တရက်ကြီး ဒေါသထွက်လာမိလေသည်။ ယွဲ့လင်းက ၅ နှစ်သာ အသက်ရှင်ရမည့်လူဖြစ်ပါသည်။ ထို့ ကြောင့် အစကတော့ ယွဲ့လင်းသေသည့်အချိန်အထိ စိတ် ရှည်လက်ရှည်စောင့်ဖို့ ယွဲ့ဟွာ ကြံရွယ်ထားခဲ့သည်။ သူပြုလုပ်ခဲ့သည့် လုပ်ရပ်တိုင်းကလည်း ရှေ့လျှောက်ညီလာ ခံမှာ သူ့ကို ကန့်ကွက်သူတွေရှိမလာအောင် ကြိုတင်ဖိနှိပ်ထားသည့် သဘောသာဖြစ်သည်။

သို့သော် ဒီတိုင်းသာ ဆက်သွားလျှင် ၅ နှစ်ကြာသည်အထိ ယွဲ့ဟွာ စောင့်နိုင်တော့မည်မထင်ပါ။

၅ နှစ်ကြာလို့ ယွဲ့လင်း သေဆုံးသွားရင်တောင် သူကြိုးစားပန်းစား တည်ဆောက်ထားခဲ့ရသည့် အခြေခံအုတ်မြစ်တွေ အကုန်လုံးကို ယွဲ့လင်းမြေလှန်ပြီးလောက်ပါပြီ။ ထိုရင်း မြစ်မျာူမရှိဘဲ ယွဲ့ဟွာ နန်းတက်နိုင်မည်မဟုတ်ပါ။ ထို့ပြင် ယွဲ့လင်း သေဆုံးသွားလျှင်ပင် ညီအစ်ကို သုံးယောက်ကျန် ရှိနေပါသေးသည်။

ယွဲ့ဟွာ မျက်လုံးများ စူးရှသွားပြီး သတ်ချင်ဖြတ်ချင်စိတ်များ ရင်ထဲပေါ်လာခဲ့သည်။ ကြိုတင်ပြင်ဆင်ထားတာ မမှားနိုင်ပါ။ ယွဲ့လင်း ထီးနန်းကို ကြည်ကြည်ဖြူဖြူ လက်မလွှတ်ပါက သူအကြမ်းနည်းသုံးပြီး သိမ်းပိုက်ရလိမ့်မည်။

ချိုက်ထျဲ့ရွာ၏ခံတပ်စခန်းကို သိမ်းပိုက်ပြီးပြီဖြစ်တာကြောင့် ဒီနေ့တော့ ဘာမှဆက်မဖြစ်နိုင်တော့လောက်ဟု ယွဲ့ဟွာ ထင်ထားခဲ့သည်။ သို့သော် ခဏလောက် ခရီးနှင်ပြီးနောက် အတွေးနယ်လွန်နေသည့် ယွဲ့ဟွာ ရုတ်တရက် မှင်သက်သွားခဲ့ပြန်ပါသည်။

လမ်းကြောင်းထပ်ပြောင်းသွားသလိုပဲ…

မဟုတ်သေးပါဘူး… ဒီလူတွေ လာရာလမ်းအတိုင်း မပြန်တတ်ကြဘူးလား!

အခု ဘယ်ကို ဦးတည်နေပြန်ပြီလဲ!

ယွဲ့ဟွာ အနည်းငယ် ရီဝေသွားသော်လည်း ဒီတစ်ခါတော့ သိပ်ဂရုမစိုက်တော့ပါ။ ယခု ချိုက်ထျဲ့ရွာအရေးကိစ္စ ဘူးပေါ်သလို ပေါ်လာပြီဖြစ်သဖြင့် ဒီနယ်မြေမှာ ယွဲ့လင်းဖော် ထုတ်နိုင်သည့် လျှို့ဝှက်ချက်ဟူသည် မရှိနိုင်တော့ဟု ယွဲ့ဟွာ ယုံကြည်ထားပါသည်။

သို့သော် ချန်ကျင်းမင်၏မျက်နှာကမူ မှောင်သထက်မှောင် မိုက်လာခဲ့သည်။

မဟုတ်ဘူး… တစ်ခုခုလွဲနေပြီ!

ဒါအပြန်ခရီး ဖြစ်ရမှာ မဟုတ်ဘူးလား!

သူ့စံအိမ်ဆီကို ဦးတည်နေကြတဲ့ပုံစံ ဘာလို့ပေါက်နေတာလဲ!

ဒီလမ်းကြောင်းကို ဘယ်လိုများ ဆုံးဖြတ်လိုက်တာလဲ!

လမ်းကြောင်းမှားနေမှန်း ဒီလောက်သိသာနေတာကို!

ချိုက်ထျဲ့ရွာကို ယွဲ့လင်းရောက်သွားခဲ့ရခြင်းက သတင်းကြိုရထားတာကြောင့်သာဆိုလျှင် ယခုတစ်ခါကကော ရည်ရွယ်ချက်ရှိရှိ ဦးတည်နေခြင်းလား ချန်ကျင်းမင် မပြောတတ်‌တော့ပါ။

ချန်ကျင်းမင် မျက်လုံးသူငယ်အိမ်များ ကျုံ့ဝင်သွားသည်။ ဒီနေ့ စံအိမ်မှာတွေ့ဆုံဖို့အတွက် သူချိန်းဆိုထားခဲ့သူ တစ်ယောက်ရှိနေပါသည်။ သို့သော် အရှင်မင်းကြီးနဲ့အတူတူ ချန်ကျင်းမင် အမဲလိုက်ထွက်မှာဖြစ်မှန်း သူမ သိနေသဖြင့် ရောက်မလာလောက်ပါ။

သူမ ရောက်နေလျှင်တောင် ကိစ္စမရှိပါ။ ဒီနေ့တစ်နေကုန် အရှင်မင်းကြီးနောက်ကို ချန်ကျင်းမင် လိုက်နေခဲ့ရတာ ဖြစ်သဖြင့် စံအိမ်မှာ သူ မလုပ်သင့်တာတွေ လုပ်နေတာမျိုးမဟုတ်ပေ။ ထို့ကြောင့် ဆင်ခြေပေးဖို့ လွယ်ကူသည်။

ချန်ကျင်းမင် စိတ်ထဲ ဂနာမငြိမ်ဖြစ်သွားသော်လည်း မျက် နှာကမူ နည်းနည်းလေးတောင် ပျက်မသွားပါ။ အခြေအနေက ရှင်းလင်းနေပြီဖြစ်သည်။ ယွဲ့လင်း အရာရာကိုကြိုတင်စီစဉ်ထားပြီးသားဖြစ်သဖြင့် သူ့ဘက်ကလည်း လိုက် လျောညီထွေးဖြစ်အောင် ပြုမူဖို့သာလိုတော့သည်။

ချိုက်ထျဲ့ရွာအရေးကိစ္စနဲ့ ပတ်သတ်ပြီး သူတို့ သတိလက် လွတ်ဖြစ်သွားသဖြင့် ရှုံးနိမ့်ခဲ့ရတာမှန်သော်လည်း ဒီစံအိမ် ကိစ္စမှာတော့ တည်တည်ငြိမ်ငြိမ်ဖြေရှင်းဖို့လိုအပ်သည်။

နေမင်းကြီးက ကောင်းကင်ဗဟိုကို ရောက်ရှိနေပြီဖြစ်ကာ တစ်နေ့တာ၏ အပူပြင်းဆုံးအချိန်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ယွဲ့လင်း အမိန့်ပေးလိုက်သည်။

“နဂိုအစီအစဉ်အရဆို ဒီလိုအချိန်မှာ ကျန်းတို့ အရိပ်အကာထဲနားနေရတော့မှာ၊ သို့ပေမယ့် ဒီနေ့ အပြောင်းအလဲလေးတချို့ ရှိခဲ့တာကြောင့် ခရီးစဉ်လည်း ပြောင်းလဲသွားရတယ်၊ အခု ရာသီဥတု အရမ်းပူနေပြိမို့လို့ နားခိုစရာ နေရာတစ်ခုခု အရင်ရှာပြီး အနားယူသင့်တယ်၊ ပြီးမှ ခရီးဆက်နှင်ကြတာပေါ့”

“ဝူကျီး… ဒီနားမှာ ကျန်းတို့အနားယူဖို့ ငှားရမ်းနိုင်မယ့် စံအိမ်တွေဘာတွေရှိသလား သွားစုံစမ်းလိုက်ပါ”

ယွဲ့လင်း၏အပြုအမူတွေကြောင့် ဒီခရီးစဉ်ရဲ့ ရည်ရွယ် ချက်ကို အားလုံးနီးပါးသိနေကြပြီဖြစ်သည်။ ချန်ကျင်းမင်တောင် ကောင်းကောင်းကြီးနားလည်နေပြီဖြစ်သည်။

ဝူကျီးကမူ အားလုံးထက် ပိုနားလည်သည်။ မနေ့ညက ယွဲ့လင်းအတွက် လက်ရေးလက်သားပုံတူကူး ကျွမ်းကျင်သူတစ်ယောက်ကို ဝူကျီး ရှာဖွေပေးခဲ့ရပြီး ထုံးတမ်းရေးရာဒုဝန်ကြီး၏ ဇနီးထံကို စာတစ်စောင်ပေးပို့ခဲ့သည်။

ယနေ့ အမဲလိုက်ထွက်သည့်အဖွဲ့ထဲ ထုံးတမ်းရေးရာဒုဝန် ကြီး၏ ဇနီး ပါမလာခဲ့ပါ။ နာမကျန်းဖြစ်နေသဖြင့် အိမ်မှာ အနားယူနေသည်ဟု ဆင်ခြေပေးသော်လည်း အရှင်မင်း ကြီးတို့ နန်းတော်အတွင်းမှ ထွက်ခွာသွားသည်နှင့်တစ်ပြိုင် နက် သူမလည်း မြင်းလှည်းတစ်စီးဖြင့် တိတ်တဆိတ် ထွက်ခွာသွားခဲ့လေသည်။

ခြေရာခံတော်သည့် လက်အောက်ငယ်သားများကို ယွဲ့လင်း စေလွှတ်ပြီး သူမနောက်ကို လိုက်ခိုင်းခဲ့သည်။ ထိုဇနီး၏ မြင်းလှည်းကပေါ့ပါးသဖြင့် သူတို့အားလုံးထက် ပိုမြန်ဆန်ပါသည်။ လွန်ခဲ့သည့် နာရီဝက်လောက်ကမှ စံအိမ်ကို သူမ ရောက်ရှိသွားပြီဖြစ်သည်။

ခြေရာခံသူများက လမ်းတစ်လျှောက်လုံး လျှို့ဝှက်အမှတ် အသားတွေ ချန်ထားပေးခဲ့သဖြင့် ထိုအမှတ်အသားများနောက် လိုက်သွားလျှင် ချန်ကျင်းမင်၏စံအိမ်ကို ရှာတွေ့ပါလိမ့်မည်။

ချန်ကျင်းမင် မျက်လုံးများပြောင်းလဲသွားပြီး ချက်ချင်း လျှောက်တင်လိုက်ပါသည်။

“အရှင်မင်းကြီး… ဒီအနီးနားမှာ ဒီငယ်သားရဲ့မိတ်ဆွေတစ်ယောက်က စံအိမ်တစ်လုံး ပိုင်ဆိုင်ထားပါတယ်၊ အဲ့ဒီစံအိမ်မှာ အရှင်မင်းကြီးတို့ ခေတ္တအနားယူလို့ ရနိုင်ပါလိမ့်မယ်။ ဒီငယ်သားရဲ့ မိတ်ဆွေကလည်း စိတ်ရှိမှာမဟုတ်ပါဘူး”

သူ့ကို အရှင်မင်းကြီး ပစ်မှတ်ထားနေမှန်း သေချာနေပါပြီ။ ထို့ကြောင့် ရှောင်နေလို့လည်း မထူးတော့သဖြင့် ချန်ကျင်းမင် ပွင့်ပွင့်လင်းလင်း ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်သည်။

ပထမတော့ ကျန်းကျီမြောင် စိတ်မဝင်စားခဲ့သော်လည်း ချန်ကျင်းမင်၏လျှောက်တင်မှုကြောင့် ရုတ်တရက် ခါးမတ်သွားခဲ့သည်။

[ဟင်… ‘သူငယ်ချင်းတစ်ယောက်ရှိတယ်’ဆိုတဲ့ စကားကြီးက ရိုးအီနေတဲ့ အကြောင်းပြချက်ကြီး မဟုတ်ဘူးလား ? ဧကန္တ အဲ့ဒီစံအိမ်ကြီးက ချန်ကျင်းမင်ရဲ့အချစ်တော်တွေကို ဖွက်ထားတဲ့ စံအိမ်များလား ? အဲ့ဒီနေရာကို အရှင်မင်း ကြီး ဘယ်တုန်းကရှာတွေ့သွားခဲ့တာလဲ!]

မြင်းလှည်း၏လှုပ်ခါမှုကြောင့် ကျန်းကျီမြောင်အနည်းငယ် ခေါင်းမူးနေခဲ့သော်လည်း ထိုအတွေးဖြင့် ရုတ်ခြည်းဆိုသလို အားအင်များပြန်လည်ပြည့်ဝသွားခဲ့ပါသည်။

[အတင်းအဖျင်း! အတင်းအဖျင်း ရှိလာတော့မှာလား! ဒီနေ့အဖွဲ့ထဲမှာ အဲ့ဒီစံအိမ်ကို ရောက်ဖူးတဲ့လူ ရှိကိုရှိရမယ်! မိဖုရားကြီးဆိုတဲ့ ဂုဏ်သိက္ခာကို ထိန်းနေရတာကြောင့်သာ မဟုတ်ရင် မြင်းလှည်းပေါ်က ခုန်ချပြီး အားလုံးရဲ့မျက်နှာတွေကို စေ့စေ့စိုက်ကြည့်လိုက်ချင်တယ်!]

မိဖုရားကြီး၏အတွေးသံကိုကြားသည့်လူတိုင်း ကိုယ့်အနားကလူများအား သံသယမျက်လုံးများဖြင့် ကြည့်လိုက်ကြပါသည်။

တရားရေးရာဝန်ကြီးနှင့် အတိုင်ပင်ခံအမတ်ကြီးတို့ အကြည့်ချင်းဆုံသွားကြသည်။

တရားရေးရာဝန်ကြီး မျက်ခုံးပင့်သွားလေသည်။

‘ဧကန္တ ဒီကို ရောက်ဖူးတဲ့လူဆိုတာ ခင်ဗျားလား’

အတိုင်ပင်ခံအမတ်ကြီး ဒေါသထွက်လွန်းသဖြင့် မုတ် ဆိတ်ကို ကြမ်းကြမ်းတမ်းတမ်း ပွတ်သပ်ပစ်လိုက်သည်။ ‘ငါ့အသက်ကဖြင့် ဘယ်လောက်ရှိနေပြီလဲ! ဒီကိုရောက်ဖူးတဲ့လူ ရှိမယ်ဆို မင်းပဲဖြစ်မှာ!’

တရားရေးရာဝန်ကြီး: ‘မဖြစ်နိုင်တာ… အဲ့လို ရုပ်ရည်ဗန်း ပြပြီး လုပ်စားတဲ့လူမျိုးကို ကျုပ် အမုန်းဆုံးပဲ!’

တရားရေးရာဝန်ကြီးနှင့် အတိုင်ပင်ခံအမတ်ကြီးတို့ မျက် လုံးချင်း စကားပြောပြီးနောက် တခြားသူတွေကိုပါပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။

ချန်ကျင်းမင်နဲ့… ခြေရှုပ်နေတာ ဘယ်သူများလဲ…

အရာရှိအမတ် ရာဂဏန်းလောက်ရှိသည့်အထဲ အားလုံးနီးပါး အန္တရာယ်နှင့် မလွတ်ကင်းသလို ခံစားလိုက်ရလေတော့သည်။

All Chapters