A Famous Scene
Vol. 12 Ch. 120
အရာရှိအမတ်များ သေသေချာချာ စဉ်းစားကြည့်လိုက်ကြသည်။
ချန်ကျင်းမင်နှင့် ပတ်သတ်သည့်လူတွေက သူ့လွှမ်းမိုးမှုကို ခံထားရသူတွေဖြစ်နိုင်သည်။ ထိုလူတွေက ချန်ကျင်းမင်လိုပဲ မိဖုရားကြီး၏အတွေးသံကို မကြားနိုင်လောက်ပါ။
ထို့ကြောင့် မိဖုရားကြီး၏အတွေးသံကို မကြားရသည့်လူတွေကိုသာ ရှေ့ဆုံးကထားပြီး သံသယဝင်သင့်တာဖြစ် သည်။ ဒီလိုနဲ့ လူတိုင်းရဲ့အာရုံစိုက်မှုကို တဖန်ခံလိုက်ရပြန်သော အရာရှိအမတ်တချို့ကြောင်စီစီဖြစ်သွားခဲ့ရပြန် သည်။
ဘာဖြစ်လို့လဲ! ဘာဖြစ်တာလဲ!
ဘာတွေ ဖြစ်နေကြတာလဲကွာ!
ချန်ကျင်းမင်၏စံအိမ်ကြီးထံသို့ အားလုံး တခမ်းတနား ရောက်ရှိလာခဲ့ကြသည်။ ချန်ကျင်းမင် ရှေ့ဆုံးမှ ဦးဆောင် လမ်းပြပေးခဲ့တာဖြစ်သည်။
သူ့မှာ အစီအစဉ်နှစ်ခုရှိသည်။ ထိုပုဂ္ဂိုလ် ရောက်မလာခဲ့လျှင် အကောင်းဆုံးဖြစ်သော်လည်း ရောက်လာခဲ့ပါက သူအကြောင်းပြချက်တစ်ခု အမြန်ပေးလိုက်မည်သာ။ သူတို့နှစ်ယောက်အား ကုတင်ပေါ်လက်ပူးလက်ကြပ်မိတာ မဟုတ်သရွေ့ ပေးစရာဆင်ခြေတွေ အများကြီးရှိပါသည်။
ထိုအတွေးဖြင့် အားလုံးကို ချန်ကျင်းမင် ဦးဆောင်လာခဲ့ပြီး ခြံရှေ့သို့ ရောက်လာခဲ့ပါသည်။။ ဒီစံအိမ်ကြီးသည် အလွန်ချောင်ကျကာ ပုံမှန်ဆို အလှည့်ကျစောင့်ကြပ်ရသည့် သူ့လူယုံတော်နှစ်ယောက်ကလွဲပြီး တခြားဘယ်သူမှ မရှိတတ်ပါ။ အစကတော့ ခြံစောင့်ကို မသိသလိုဟန် ဆောင်ဖို့ ချန်ကျင်းမင် ကြံရွယ်ထားခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း စံအိမ်ဝင်ပေါက်ကို စောင့်ကြပ်ပေးထားသူ တစ်ယောက်မှ ရှိမနေမှန်းမြင်သောအခါ ချန်ကျင်းမင် ကြက်သေသေသွားခဲ့ရလေသည်။ ထိုလက်အောက်ငယ် သားနှစ်ဦးမှာ ချန်ကျင်းမင်အယုံကြည်ရဆုံး လူယုံတော်များဖြစ်ကြသည်။
ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် စံအိမ်ရှေ့မှာ အနည်း ဆုံးတော့ တစ်ယောက်လောက်တော့ အမြဲတမ်းစောင့်ကြပ် ပေးခဲ့ကြတာဖြစ်သည်။ ဒီလို လျှို့ဝှက်နေရာတစ်ခုကို သူ များတွေ မတော်တဆ ရှာတွေ့သွားခဲ့လျှင် အရာရာပွဲသိမ်းသွားနိုင်တာကြောင့်ပင်။
ချန်ကျင်းမင် ရင်ထဲဒိတ်ခနဲမြည်အောင် တုန်ခါသွားသည်။
ဧကန္တ… သူ မသိလိုက်တဲ့အချိန် တစ်ခုခုများဖြစ်သွားခဲ့တာလား…
ချန်ကျင်းမင် တွန့်ဆုတ်နေချိန် ဝူကျီးက ခြံတံခါးကိုတွန်းဖွင့်လိုက်လေသည်။
ချန်ကျင်းမင်လည်း ခြံထဲအမြန်ဝင်လာခဲ့သည်။ ရှေ့နောက် ဘယ်ညာ အရပ်မျက်နှာပေါင်းစုံကို စစ်ဆေးကြည့်သော် လည်း ထူးထူးခြားခြား ဘာမှ မတွေ့ခဲ့ရပါ။ ထို့ကြောင့် ချန်ကျင်းမင် အနည်းငယ် စိတ်သက်သာရာရသွားပြီး သက် ပြင်းချဖို့ကြံလိုက်စဉ် ဆူညံသံတချို့ကို ရုတ်တရက်ကြား လိုက်ရလေသည်။
“ရန်မဖြစ်ကြပါနဲ့တော့! ရန်မဖြစ်ကြပါနဲ့ သခင်မတို့!”
“ဘာကိစ္စပဲရှိရှိ သခင်ကြီး ပြန်ရောက်လာတဲ့အထိစောင့်ပြီးမှ ဆုံးဖြတ်ကြပါ! နားလည်မှုလွဲနေတာပဲ ဖြစ်မှာပါ!”
ချန်ကျင်းမင် ကြက်သေသေသွားခဲ့သည်။ ထိုအသံတွေက သူ့လူယုံတော်နှစ်ယောက်၏အသံများဖြစ်သည်။ ထို့နောက် မိန်းမတစ်ဦး၏ စူးစူးဝါးဝါးအော်သံလည်း ထွက်ပေါ်လာခဲ့သည်။
“ပြီးတာပဲ ပြီးတာပဲ! ချန်ကျင်းမင်ကို အခုချက်ချင်းလာခိုင်းလိုက်! ငါ့တစ်ယောက်တည်းကိုပဲ တစ်သက်လုံး ချစ်ပါ့မယ်ဆိုတဲ့ ကတိစကားဘယ်ရောက်သွားပြီလဲလို့ မေးရမှ ကျေနပ်မယ်! ငါ့ရှေ့က ဒီအပျက်မနဲ့ကော ဘယ်လိုဇာတ်ညလမ်းမျိုးရှိနေတာလဲ သိချင်တယ်!”
ထိုအသံကို ကြားဖူးနေသလိုလိုရှိပါသည်… ထုံးတမ်းရေး ရာဒုဝန်ကြီး ခေတ္တကြက်သေသေသွားခဲ့သည်။
မဟုတ်တာ… မဖြစ်နိုင်ပါဘူး…!
“သောက်အဓိပ္ပာယ်မရှိတာ!”
နောက်ထပ် အမျိုးသမီးအသံတစ်သံ ထွက်ပေါ်လာပြီး ထိုအသံပိုင်ရှင်ကလည်း အတော်လေး ဒေါသထွက်နေပုံရသည်။
“အစ်ကိုကျင်းမင်နဲ့ ငါနဲ့ ငယ်ငယ်လေးကတည်းက မေတ္တာ သက်ဝင်ခဲ့ကြပြီး အတူတူကြီးပြင်းလာခဲ့ကြတာ! အချစ်စစ်အကြောင်း ပြောကြကြေးဆို သူ့အချစ်စစ်က ငါပဲ ဖြစ်ရမှာ!”
အန်းယွီလည်း ကြက်သေသေသွားသည်။
ဒီအသံကိုလည်း… ကြားဖူးနေသလိုပဲ…
အဲ့တာ သူ့ဇနီးအသံ မဟုတ်လား…
ချန်ကျင်းမင် ရူးသွပ်ချင်သွားသည်။
ဘာတွေဖြစ်နေတာလဲ!
သူ သခင်မအန်းနဲ့ပဲ ချိန်းဆိုထားခဲ့တာပါ!
ရှစ်ယိုချန်းရဲ့ဇနီးကပါ ဘာလို့ ရောက်လာခဲ့တာလဲ!
သူတို့နှစ်ယောက် ထိပ်တိုက်တွေ့သွားပြီး ရန်ဖြစ်နေကြတာလား!
တခြားသူများ၏မျက်နှာကို ချန်ကျင်းမင် လှည့်မကြည့်ရဲတော့ပါ။ သူ့နဖူးပေါ် ချွေးသီးချွေးပေါက်တွေ စီးကျလာပြီး ထိုအမျိုးသမီးနှစ်ယောက်ထံ ချက်ချင်းပြေးသွားချင်မိသည်။ သူမတို့နှစ်ယောက်သာ စကားဆက်များနေလျှင် မပြောသင့်သည့်စကားတွေပါ ထွက်လာနိုင်သည်။
“ဝန်ကြီးချန် ခဏနေပါဦး”
ယခင်တုန်းက ချန့်လုံအား ဖမ်းချုပ်ဖူးသကဲ့သို့ ချန်ကျင်းမင်ကိုလည်း ဝူကျီး လည်ဂုတ်မှဆွဲဖမ်းလိုက်လေသည်။
“ဝန်ကြီးချန်နဲ့ ပတ်သတ်ပြီး သခင်မနှစ်ယောက် အငြင်း ပွားစရာရှိနေတဲ့ပုံပဲနော်”
ချန်ချင်းမင် တစ်ကိုယ်လုံးကြက်သီးမွေးညှင်းများ ထသွားကာ အမြန်ပြောလိုက်သည်။
“ဟုတ်တယ်… နားလည်မှုတစ်ခုခု လွဲနေပြီထင်တယ်…”
“အဲ့ဒီအသံကို ကြားဖူးသလိုပဲ”
လွီယု ရုတ်တရက် ဝင်ပြောလိုက်ပြီး ရှစ်ယိုချန်းထံလှည့်ကြည့်လိုက်သည်။ ရှစ်ယိုချန်းတစ်ယောက် မျက်နှာတစ်ခုလုံးပြာနှမ်းနေလေပြီ။
ကျန်းကျီမြောင်ကမူ အားလုံးကို စိတ်ဝင်တစားစောင့်ကြည့်နေခဲ့သည်။ ခရီးရှည်ကြီးကို နှင်ခဲ့ရပြီးနောက် နောက်ဆုံးတော့ ကျန်းကျီမြောင် ကြွေးကြော်နိုင်ပါပြီ။
တန်သွားပြီ!
အားလုံး ပွဲသိမ်းသွားပြီ!
ရှစ်ယိုချန်း သည်းမခံနိုင်တော့ဘဲ အသံလာရာဘက်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပြီး အမှန်တရားကို ချက်ချင်း သိရဖို့ ပြေးထွက်သွားရန်ပြင်လိုက်ပါသည်။
“မသွားနဲ့ဦး မသွားပါနဲ့ဦး!”
ဘေးကလူတွေက ရှစ်ယိုချန်းကို အတင်းလှမ်းဆွဲထားလိုက်ကြသည်။
“ခဏလောက် ဆက်နားထောင်ပါဦး၊ နားလည်မှုလွဲတာ မဖြစ်နိုင်ဘူးလား”
“ဟုတ်တယ် ဟုတ်တယ်၊ သခင်မရှစ်ကို အထင်အမြင်လွဲသွားရင် မကောင်းဘူးလေ”
ရှစ်ယိုချန်းကို သေသေချာချာ ဖမ်းချုပ်ထားကြပြီး တစ်ယောက်တစ်မျိုး ဖြောင်းဖြလိုက်ကြပါသည်။
ဟာသပဲ… ရှစ်ယိုချန်းကိုလွှတ်ပေးလိုက်ရင် သူတို့ ပွဲကြီး ပွဲကောင်းကြည့်လို့ရပါဦးမလား!
အခြေအနေတွေမူမမှန်တာကို ယွဲ့ဟွာလည်း သတိထားမိသွားပြီး အချိန်မလွန်ခင် တစ်ခုခုအော်သတိပေးဖို့ ပါးစပ်ဟလိုက်သည်။ အနည်းဆုံးတော့ ထိုအမျိုးသမီးနှစ်ယောက်ကို ပါးစပ်ပိတ်အောင် အရင်တားရမည်။ ချစ်စိတ်မွှန်နေသည့် အမျိုးသမီးနှစ်ယောက်၏ပါးစပ်မှ ယခုချိန်မှာ ဘာမဆို ထွက်လာနိုင်တာကြောင့်ဖြစ်သည်။
ကျန်းကျီမြောင်ကလည်း ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်ပါသည်။ စနစ်စတိုးဆိုင်မှ အသံတိတ်အဆောင်ပစ္စည်း တစ်ခုကို ၁၀ မှတ်ဖြင့်ဝယ်ယူထားသည်။ ထိုအဆောင်ပစ္စည်းကိုအသုံးပြုလိုက်ပါက ဒီဘက်ကလူတွေ ဘယ် လောက်ပဲ ဆူညံပွက်လောရိုက်အောင် အော်ပြောပါစေ အသံသည် သတ်မှတ်ထားသည့် အကွာအဝေးအလွန်ကို ရောက်ရှိနိုင်မှာမဟုတ်ပါ။
အခြားတစ်ဖက်မှ လူတွေအတွက် အရာအားလုံးတိတ် ဆိတ်နေပါလိမ့်မည်။
ယွဲ့ဟွာ အော်ကြီးဟစ်ကျယ် စတင်သတိပေးလေသည်။
“ဟိုသခင်မနှစ်ယောက် ရန်ဖြစ်နေတာ ရပ်လိုက်ကြစမ်း! ပြောစရာရှိတာကို အေးအေးဆေးဆေး ထိုင်ပြောကြပါ!”
သူ့အသံက အလွန်ကျယ်လောင်သဖြင့် ထိုအမျိုးသမိးနှစ်ယောက် ကြားနိုင်လိမ့်မည်ဟု မျှော်လင့်ထားမိသည်။ တခြားသူတွေလည်း ယွဲ့ဟွာအားဝိုင်းကြည့်လိုက်ကြသည်။ မင်းသားအန်းဟယ်ကို ထိန်းချုပ်ထားဖို့ သူတို့ မေ့လျော့သွားခဲ့ကြသည်။
သို့သော် ယွဲ့ဟွာ ဘယ်လောက်ပဲကျယ်ကျယ်လောင်လောင် အော်ဟစ်နေပါစေ ထိုအမျိုးသမီးတွေကတော့ လုံးဝကြားပုံမပေါ်ဘဲ အချင်းချင်းငြင်းခုံရင်းနဲ့သာ အလုပ်များနေကြသည်။
“နင့်လို တောကြိုအုံကြားက မိန်းမကများ ဝန်ကြီးချန်နဲ့ ငယ်ချစ်ဦးဖြစ်ဖို့ ထိုက်တန်တယ် ထင်နေတယ်ပေါ့! တစ်ကိုယ်လုံး တောနံ့ကဖြာထွက်နေတာပဲ! အန်းယွီလို လူမျိုးက နင့်ကိုလက်ခံထားတာတောင် ကံကောင်းလှပြီ! ဒါတောင် ဝန်ကြီးချန်ကို မှန်းရဲသေးတယ်!”
ဒါကိုကြားတော့ အန်းယွီထံ အားလုံး မသိမသာဝိုင်းကြည့်လိုက်ကြပါသည်။ အန်းယွီ၏ဇနီးမှာ သာမန်အရပ်သားတစ်ဦးဖြစ်ခဲ့ဖူးမှန်း လူတိုင်းသိကြသည်။ ထိုအချိန်တုန်းက သူ့ဇနီးနှင့် လက်ဆက်ခွင့်ပြုဖို့အတွက် အန်းမိသားစုထံ အန်းယွီ ဆန္ဒပြသောင်းကျန်းခဲ့သေးသည်။
ဇနီးဖြစ်သူအား အန်းယွီ အရိုးထိအောင် ချစ်မြတ်နိုးသည်ဟု အားလုံးထင်ထားခဲ့ကြပါသည်။ ပထမတော့ ရန်ဖြစ်နေသည့် အမျိုးသမီးနှစ်ဦးထဲမှ တစ်ဦးက အန်းယွီဇနီးဖြစ်နေမှန်း လူတိုင်းမသိကြသေးပါ။ ထို့ကြောင့် အန်းယွီ အမည်ကိုကြားလိုက်ရမှ တုန်လှုပ်ချောက်ချားသွားခဲ့ကြတာဖြစ် သည်။
ဒါဆို… နှစ်ယောက်ထဲက တစ်ယောက်က အန်းယွီရဲ့ ဇနီးပေါ့…
ပြီးတော့ သူက ချန်ကျင်းမင်ရဲ့ ငယ်ချစ်ဦးတဲ့…
အန်းယွီ မျက်နှာ ငိုမဲ့မဲ့ပင် ဖြစ်နေပါပြီ။
ချန်ကျင်းမင်နှင့် စတင်ချစ်ကျွမ်းဝင်ကတည်းက မိန်းမယူဖို့ အန်းယွီစိတ်ကူးမရှိခဲ့ပါ။ သို့သော် ထိုမိန်းမနှင့် သူ့အား ချန်ကျင်းမင်ကိုယ်တိုင် မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။ ထိုမိန်းမ၏မိသားစုက နိမ့်ပါးပြီး သနားစရာကောင်းလွန်းသဖြင့် သူ့ကိုယ်စား ကူညီထောက်ပံ့ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်သည်။
အန်းယွီလည်း ချန်ကျင်းမင် တောင်းဆိုသမျှကိုဖြည့်ဆည်း ပေးခဲ့ပါသည်။ လက်ဆက်ပြီးနောက် ထိုမိန်းမကို အန်းယွီလက်ဖျားနဲ့တောင် မထိတွေ့ခဲ့ပါ။ နောက်တော့ ချန်ကျင်းမင်၏ဖြောင်းဖြမှုကြောင့် ဆက်ခံသူတစ်ယောက် ရှိလာစေဖို့အတွက် အန်းယွီ ရင်တွေနာကျင်နေသော်လည်း သူ့ဇနီးနှင့် ချန်ကျင်းမင်တို့အား ကလေးယူခွင့်ပေးခဲ့ရသည်။
သို့သော် ချန်ကျင်းမင်ကိုယ်တိုင် ပြောခဲ့ဖူးပါသည်။ ဆက်ခံသူတစ်ယောက် မွေးဖွားဖို့အတွက်သာ ထိုအမျိုးသမီးကို ထိတွေ့ခဲ့ရခြင်းဖြစ်သည်ဟု သူပြောခဲ့သည်။ အပေါ်ယံမှာတော့ သခင်မအန်းကိုယ်ဝန်ရရှိသွားပြီးနောက် ချန်ကျင်းမင် အဆက်အသွယ် လုံးဝမလုပ်တော့ပါ။
သို့သော် အပေါ်ယံမှာသာဖြစ်ပြီး နောက်ကွယ်မှာတော့ အမြဲမပြတ် ခိုးတွေ့နေခဲ့ကြခြင်းဖြစ်သည်။
ချန်ကျင်းမင် သတိပင်လစ်ချင်သွားရသည်။
ဒီမိန်းမတွေ ရူးနေကြပြီလား!
ဘာလို့ အော်ကြီးဟစ်ကျယ် လျှောက်ပြောနေကြတာလဲ!
သူ ယနေ့ ချိန်းဆိုထားသည့်လူမှာ သခင်မအန်းသာဖြစ် သည်။
အကြောင်းအရင်းကတော့ ရိုးရှင်းပါသည်။ မနေ့ညက ဝင်ရောက်စီးနှင်းခံရသည့် ခံတပ်စခန်းကိစ္စမှာ အန်းယွီ၏ လက်စလက်န ပါဝင်နေသည်ဟု ချန်ကျင်းမင် သံသယဝင်မိသောကြောင့်ဖြစ်သည်။
ယွဲ့လင်းကို အန်းယွီဘာကြောင့် ကူညီပေးနေရသလဲဆိုတာ ချန်ကျင်းမင် နားမလည်နိုင်ပါ။ ထို့ကြောင့် သခင်မအန်းနှင့် တွေ့ဆုံဖို့ ချိန်းဆိုခဲ့ပြီး အချက်အလက်တချို့နှိုက်ထုတ်ဖို့ ကြံစည်ခဲ့တာဖြစ်သည်။
သို့သော် ထင်မှတ်မထားစွာဖြင့် ဒီချိန်းဆိုမှုလေးတစ်ခုကြောင့် နှစ်ပေါင်းများစွာကြာအောင် သူ မွေးထားခဲ့သည့် ငါးတွေအကုန်လုံး ကန်ထဲမှခုန်ထွက်ကုန်ကြလေပြီ။
ထိုအမျိုးသမီးနှစ်ယောက်ကတော့ ဘာကိုမှဂရုမစိုက်ဘဲ တစ်ယောက်နှလုံးသားကိုတစ်ယောက် ဓားဖြင့် ထိုးစိုက်နိုင်ဖို့အရေး ကြိုးပန်းနေကြဆဲဖြစ်သည်။
“ဟင်း ဟင်း ဟင်း~”
သခင်မအန်းကလည်း လွယ်လွယ်နှင့် အရှုံးပေးတတ်သူမဟုတ်ပါ။
“မိသားစု အရှိန်အဝါကလွဲပြီး နင့်မှာ တခြား ဘာများဝံ့ကြွားစရာရှိလို့လဲ ? ပွင့်ပွင့်လင်းလင်း ပြောရရင် အစ်ကိုကျန်းမင်ကို ငါက သမီးလေးတစ်ယောက်တောင် မွေးပေးထားတာ! နင်က ကော? နင်ကော သူ့အတွက် ဘာများလုပ်ပေးဖူးလို့လဲ!”
ချန်ကျင်းမင်မှာ ချန်ရှုယိအပြင် သားတစ်ယောက် သမီးငါးယောက် ရှိနေသေးမှန်းအားလုံးသိပြီးကြပြီဖြစ်သည်။
ဟုတ်ပြီ… တစ်ယောက်တော့ ပေါ်လာခဲ့ပြီ။
အန်းယွီထံ အားလုံးဝိုင်းကြည့်လိုက်ကြပြန်သည်။ အန်းယွီကတော့ အတော်လေး တွေဝေမိန်းမောနေပါပြီ။ ချန်ကျင်းမင်ကို စိုက်ကြည့်ရင်း သူ့ကမ္ဘာထဲမှာ သူ တစ်ယောက်တည်း အတွေးနယ်လွန်နေခဲ့တော့သည်။