← Chapters

အခန်း (၂၆၈)

Vol. 27 Ch. 268

အခန်း (၂၆၈)

Vol. 27 Ch. 268

အဘွားအိုမှာ သမီးဖြစ်သူ၏စကားကို ကြားလျှင် စိတ်လှုပ်ရှားသွားခဲ့ရသည်။

သမီးကြီးဖြစ်သူ၏ အိမ်မှာ တည်နေရာ ကောင်းသော်လည်း အလွန်ဟောင်းနွမ်းနေပြီး လူမနေကြာမြင့်နေမြင့်နေသောကြောင့် ညစ်ပတ်ပေရေနေပေလိမ့်မည်။

ထို့အပြင် ထိုနေရာမှာ သမီးကြီးဖြစ်သူတို့ ယခုအလုပ်လုပ်နေသော စက်ရုံနှင့်လည်း ဝေးကွာလှသောကြောင့် သူတို့ ပြန်နေရန် မဖြစ်နိုင်ပေ။ ထိုနေရာကိုအလကားထားမည့်အစား ပိုက်ဆံနှင့်လဲလှယ်လိုက်ခြင်းက ပို၍ ကောင်းမွန်ပေမည်။

“တကယ်လား? ဒါဆို ငါ သွားမေးပေးမယ်!”

“တကယ်ပြောတာပေါ့ အမေရဲ့.. အစ်မသာ သဘောတူရင် ကျွန်မ ဒီနေ့ညပဲ အဲဒီဧည့်သည်ကို ပြောလိုက်မယ်!”

“ကောင်းပြီ ကောင်းပြီ.. ငါ အခုပဲ သွားလိုက်ပါ့မယ်!”

ဝန်ထမ်းမလေးမှာ စိတ်အေးလက်အေးဖြင့် ထမင်းစားနေခဲ့ပြီး အဘွားအိုသည်ကား လက်ထဲမှ အလုပ်များကို ချကာ သမီးကြီးဆီသို့ အလျင်စလိုထွက်သွားလေတော့သည်။

သူမ၏ သမီးကြီးနှင့် သမီးကြီး၏ ခင်ပွန်းဖြစ်သူမှာ မူလက တခြားစက်ရုံတစ်ခုတွင် အလုပ်လုပ်ခဲ့ကြသော်လည်း လက်ထပ်ပြီးနောက်တွင် ခင်ပွန်းဖြစ်သူနှင့်အတူ စက်မှုစက်ရုံသို့ ပြောင်းရွှေ့ခဲ့ကြသည်။

သို့သော် သူမ၏သမီးကြီးက ယခင်အိမ်ဟောင်းအတွက် ပြုပြင်ထိန်းသိမ်းခပေးသွင်းထားသောကြောင့် ထိုအိမ်မှာ သူမ၏ ပိုင်ဆိုင်မှုအဖြစ် ရှိနေသေးပေ၏။

အဘွားအိုက စက်မှုစက်ရုံသို့ အပြေးအလွှား သွားခဲ့ပြီး ထိုနေရာသို့အရောက်တွင် တစ်စုံတစ်ဦးက သူမကို လှမ်းနှုတ်ဆက်လာခဲ့သည်။

“ဟေး.. ဒါက လျောင်မိသားစုက အဘွားမလား၊ ရှင့်ရဲ့ သမီးနဲ့ သမက်ကို လာတွေ့ပြန်တာလား?”

အဘွားအိုက ပြုံး၍ ခေါင်းညိတ်ပြသည်။

“ဟုတ်တယ်၊ စားပြီးကြပြီလား?”

“စားပြီးပြီ၊ စားပြီးပြီ.. အဘွားက နေ့လယ်ကြီးမှ ရောက်လာတာဆိုတော့ ထမင်းစားဖို့ အချိန်မရသေးဘူးထင်တယ် ကျွန်မတို့ဆီမီာဝင်စားသွားမလား”

အဘွားအိုက အပြုံးတစ်ခုဖြင့် ဗိုက်မဆာကြောင်း ပြန်ပြောနေခဲ့သည်။ သို့သော်လည်း သူမ၏စိတ်ထဲတွင်တော့ တစ်ခုခုကို စိုးရိမ်နေသောကြောင့် ထိုလမ်းသွားလမ်းလာနှင့် စကားရှည်နေရန် ဆန္ဒမရှိနေခဲ့ပေ။

သို့သော် တစ်ဖက်လူက သူမကို ရုတ်တရက် ပြန်တားလိုက်ပြန်သည်။

“အဘွား ကြည့်ပါဦး၊ ကျွန်မ မေ့သွားတာပဲ.. အဘွားရဲ့သမီးက ဒါရိုက်တာရှုနဲ့ အတူအပြင်ကိုသွားကြတယ်၊ အခု အိမ်မှာရှိမှာ မဟုတ်ဘူး!”

ဘာ! သမီးကြီးက အိမ်မှာမရှိဘူးလား?

အဘွားအို ကြောင်အ,သွားခဲ့သည်။ သူမအနေဖြင့် အရေးကြီးကိစ္စအတွက် သမီးကြီးနှင့် ဆွေးနွေးရန် အပြေးအလွှားလာခဲ့ခြင်း ဖြစ်ပေသည်။ သမီးဖြစ်သူသာမရှိပါက မည်သို့လုပ်ရမည်နည်း။

ထို့ကြောင့် အဘွားအိုက အလျင်အမြန် မေးလိုက်ရတော့သည်။

“ဒါဆို သူတို့ ဘယ်ကိုသွားကြလဲဆိုတာသိလား?”

“ကျွန်မလည်း အတိအကျတော့ မသိဘူး၊ ဒါပေမဲ့ ပစ္စည်းတွေကို သယ်သွားကြတဲ့ပုံအရ ကြည့်ရတာတော့ အဘွားရဲ့ မြေးလေးဆီကို သွားကြတာထင်တယ်”

ထိုအိမ်နီးချင်းက အမေရှုနှင့် ဆက်ဆံရသည်က ခက်ခဲသော်လည်း သူမ၏ မိခင်ဖြစ်သူ အဘွားလျောင်ကတော့ စကားပြောရလွယ်ကူကြောင်းကို သိထားသည်။

ထို့ကြောင့် ရရှိလာသည့် အခွင့်အရေးကို အသုံးချကာ သူမ နှစ်ရက်တိုင်တိုင် သိချင်နေသည့်ကိစ္စကို မေးမြန်းလိုက်လေ၏။

“အဘွား... အဘွားရဲ့မြေးကျစ်ဝမ်က စုန့်မိသားစုက ကောင်မလေးနဲ့ ပြတ်သွားကြပြီလား? သူတို့ကို အတူမတွေ့ရကြာပြီနော်.. နောက်ပြီးမနေ့က အဘွားမြေးပြန်လာတဲ့အချိန်တုန်းက ကြည့်ရတာ တစ်ခုခုကိုခံစားနေရတဲ့ပုံပဲ

ဟင်း... ကျွန်မက အစကတည်းက ပြောသားပဲ၊ စုန့်မိသားစုက ကောင်မလေးက အိမ်ထောင်ဖက်ကောင်း ဖြစ်မယ့်ပုံ မဟုတ်ဘူးလို့...”

အဘွားလျောင်အနေဖြင့် ဤနေရာသို့ မရောက်ဖြစ်သည်မှာကြာပေပြီ။ သို့သော် သမီးဖြစ်သူက စုန့်မိသားစုမှ သားအဖနှစ်ဦးက မည်မျှ ရွံစရာကောင်းကြောင်းနှင့် ရှုမိသားစုကို အမြဲတစေအနိုင်ကျင့်တတ်ကြောင်း သူမထံသို့ လာရောက်ညည်းညူဖူးသဖြင့် ထိုအကြောင်းတို့ကို သိထားခဲ့သည်။

သို့သော် သူမ၏မြေးကြီးဖြစ်သည့် ရှုကျစ်ဝမ်က ထိုမြေခွေးမလေးကို အလွန်အမင်း စွဲလမ်းနေသဖြင့် သူတို့လည်း မည်သို့မှမတတ်နိုင်ခဲ့ကြပေ။

မည်သို့ပင်ဆိုစေ သူမသည်လည်း စုန့်စစ်ယွီဆိုသည့် ကောင်မလေးကို လုံးဝ သဘောမကျပါချေ။

သို့သော် ထိုကိစ္စများကို သူတို့အချင်းချင်းသိနေလျှင် ပြဿနာမရှိသော်လည်း အပြင်လူရှေ့တွင်မူ သမီးနှင့် မြေးဖြစ်သူ၏ မျက်နှာကို ငဲ့ရဦးမည် မဟုတ်ပါလား။

“အိုး.. ဒီအဘွားကြီးကို လာမေးနေတော့ ဘာသိမှာလဲ? ကောင်းပြီကောင်ပြီ.. ငါ မပြောတော့ဘူး၊ ငါ့သမီးကို သွားရှာဦးမယ်”

အဘွားအိုက ထိုနေရာမှ အမြန် ထွက်ခွာလာခဲ့သည်။ တစ်ဖက်မှအမျိုးသမီးမှာ သူမကြားချင်သည့် အတင်းအဖျင်းများကို မကြားရသဖြင့် အလွန်ပင်စိတ်ပျက်သွားတော့သည်။

ထိုအဘွားအို အလွန်အမင်း အလျင်လိုနေသည်ကို ကြည့်ကာ မည်သည့်ကိစ္စများရှိနေသနည်းဟု တွေးတောရင်း ကျန်ရစ်ခဲ့လေသည်။

ထိုအမျိုးသမီးပြောသည့်အတိုင်းပင် ဒါရိုက်တာရှုနှင့်အမေရှုတို့က သားဖြစ်သူ ရှုကျစ်ဝမ်ထံသို့ ပစ္စည်းများ သွားပို့ကြခြင်း ဖြစ်ပေ၏။

လွန်ခဲ့သော နှစ်ရက်ခန့်က အမေရှုက သူမ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ စုန့်စစ်ယွီက လမ်းခွဲလိုကြောင်း ရှုကျစ်ဝမ်ကို ပြောပြခဲ့သည်။ ကျစ်ဝမ်တစ်ယောက် ထိုစကားကိုကြားလျှင် မယုံကြည်နိုင်စွာဖြင့် တုန်လှုပ် ဝမ်းနည်းသွားခဲ့သည်။အမေရှုအနေဖြင့် သားဖြစ်သူအတွက် ပျော်ရွှင်သော်လည်း တစ်ဖက်တွင်လည်း စိတ်မကောင်းဖြစ်မိသည်။

သို့သော် သူမက ရှုကျစ်ဝမ်၏ရှေ့တွင်တော့ စုန့်စစ်ယွီ၏ ဆုံးဖြတ်ချက်က မှန်ကန်ကြောင်း၊ သံယောဇဉ်မရှိဘဲ ဆက်သွားနေလျှင်လည်း အဆင်ပြေမည်မဟုတ်ကြောင်း နှစ်သိမ့်စကားများကို ပြောလိုက်ရသည်။

ထို့အပြင် သံယောဇဉ်မနက်ရှိုင်းမီ လမ်းခွဲလိုက်ခြင်းက ပိုကောင်းကြောင်းနှင့် ရှေ့တွင် ပိုကောင်းသည့်သူများ ရှိနေဦးမည်ဖြစ်ကြောင်း ပြောခဲ့လေသည်။

ရှုကျစ်ဝမ်တစ်ယောက် အလွန်ပင် စိတ်ဆင်းရဲသွားခဲ့ရသည်။ ထိတ်လန့်တုန်လှုပ်မှုများ ပြီးဆုံးသွားချိန်တွင် ဒေါသထွက်လာခဲ့ပြန်သည်။

သူ၏ အလိုလိုသိစိတ်က မှန်နေခဲ့သည်။ စုန့်စစ်ယွီတွင် အပြင်၌ တခြားလူရှိနေလိမ့်မည်။ မဟုတ်လျှင် သူတို့ာ မသင့်တော်ဟု ရုတ်တရက်ပြောလာစရာအကြောင်းမရှိပေ။

ထို့ကြောင့် ရှုကျစ်ဝမ်တစ်ယောက် ထိုညမှာပင် စုန့်မိသားစုအိမ်သို့ သွားရောက်ကာ စုန့်စစ်ယွီ ကို အမျိုးမျိုးမေးမြန်း၍ပြဿနာရှာခဲ့သည်။

သို့သော် နောက်ဆုံးတွင် စုန့်စစ်ယွီ ၏ စကားတစ်ခွန်းက သူ့ကို ဆွံ့အသွားစေခဲ့သည်။ သူမက ရှုကျစ်ဝမ်သာ ယောက်ျားစစ်စစ်ဖြစ်ပါက သူမကို ထပ်ပြီးမနှောင့်ယှက်နှင့်ဟု ပြောလိုက်ခြင်းပင်။

ဤစကားက တခြားအရာအားလုံးထက် ပို၍ပြင်းထန်နေခဲ့သည်။ ရှုကျစ်ဝမ်အနေဖြင့် သူကိုယ်သူ ယောက်ျားမဟုတ်ဟု ဝန်မခံနိုင်သောကြောင့် နောက်ဆုံးတွင် မည်မျှပင် မကျေနပ်သော်လည်း ဒေါသတကြီးဖြင့်သာ ပြန်လှည့်လာခဲ့ရသည်။

ဤသို့ဖြင့် သူနှင့် စုန့်စစ်ယွီတို့၏ကြားမှ အရာအားလုံး ပြီးဆုံးသွားခဲ့သည်။

သို့သော် ထိုသို့ပြီးဆုံးသွားခဲ့သော်လည်း စုန့်စစ်ယွီသည်က သူ၏ ပထမဆုံးချစ်သူဖြစ်ရာ သူမ၏အကြောင်းကို တွေးမိတိုင်း ဝမ်းနည်းနေမိဆဲပင်။

အမေရှုက သားဖြစ်သူကို သနားသောကြောင့် မနက်စောစောထကာ စွပ်ပြုတ်နှင့် အရသာရှိသော ဟင်းများကို ချက်ပြုတ်ခဲ့သည်။

ထို့နောက် ဒါရိုက်တာရှု အလုပ်ဆင်းသည့် နေ့လယ်ပိုင်းတွင် သားဖြစ်သူကို အားဖြည့်စာများ သွားပို့ခဲ့ခြင်း ဖြစ်လေ၏။

ရှုကျစ်ဝမ်၏ အလုပ်ဌာနသို့ ရောက်လျှင် သားဖြစ်သူက ဝိတ်ကျသွားပြီး ပင်ပန်းနွမ်းနယ်နေသည်ကို မြင်လိုက်ရသောကြောင်း အမေရှုတစ်ယောက် ရင်ထဲတွင် မချိလောက်အောင် ခံစားလိုက်ရသည်။

ထို့ကြောင့် ထမင်းစားနေချိန်အတွင်း၌ သူမက ဤအခွင့်အရေးကို အသုံးချကာ ဖျောင်းဖျစကားများ ပြောလိုက်ကာ ပိုကောင်းသည့် အဖော်တစ်ယောက် ရှာပေးမည်ဖြစ်ကြောင်း ကတိပေးလိုက်သည်။

စုန့်စစ်ယွီကို အပြစ်တင်စကားများ ပြောလိုက်မှသာ ရှုကျစ်ဝမ်၏ မျက်နှာက အနည်းငယ်ပြန်လရ်ကြည်လင်လာခဲ့သည်။

နေ့လယ်စာ စားပြီးနောက် သူမနှင့် ဒါရိုက်တာရှုတို့ အိမ်သို့ပြန်လာခဲ့ကြသည်။ လမ်းတွင် အမေရှုက စက်ရုံထဲမှ အခြေအနေကို မေးမြန်းလိုက်သည်။

“အခု စုန့်ဝေ့ စက်ရုံထဲမှာ ဘယ်လိုနေလဲ? ရှင် သူ့ကို ပြသနာတစ်ခုခုဖြစ်အောင်မလုပ်ဘူးလား?”

အမေရှုအနေဖြင့် ယခုရလဒ်ကို ကျေနပ်သော်လည်း သားဖြစ်သူ ဝမ်းနည်းနေသည်ကို တွေးမိတိုင်း စုန့်မိသားစုမှ သားအဖနှစ်ဦးကို ဒေါသပုံချလိုစိတ်ဖြစ်နေခဲ့သည်။

သူမက စုန့်စစ်ယွီကို တိုက်ရိုက်မလုပ်နိုင်သော်လည်း ဒါရိုက်တာရှုထံတွင် စုန့်ဝေ၏ဘဝကို “မပျော်ရွှင်”အောင် လုပ်နိုင်မည့် နည်းလမ်းများ ရှိနေပေသည်။

ဒါရိုက်တာရှုက ထိုစကားကို ကြားလျှင် ရယ်မောလိုက်ပြီး အဓိပ္ပာယ်ရှိသည့်အကြည့်ဖြင့် ပြောလိုက်သည်။

“မင်းက ငါ သူ့ကို ဒီအတိုင်း လွှတ်ပေးမယ်လို့ ထင်နေတာလား?”

သူနှင့် စုန့်ဝေ့၏ကြားတွင် အမုနားတရားအဟောင်းနှင့် အသစ်များရှိနေသည်။ ယခုအချိန်တွင် မိသားစုနှစ်ခုက လုံးဝပတ်သက်မှုမရှိတော့သည့်အတွက် သားဖြစ်သူကို ငဲ့ကွက်ကာ တစ်ဖက်လူကို လွှတ်ပေးထားရန် မလိုအပ်တော့ပေ။

ထို့ကြောင့် အမေရှုမှ စုန့်စစ်ယွီနှင့် သားဖြစ်သူတို့ အဆက်အသွယ်ဖြတ်တော့မည်ဟု ပြောပြကတည်းက သူ စတင်လှုပ်ရှားခဲ့ခြင်း ဖြစ်လေ၏။

သူက နေ့စဥ်နေ့တိုင်း စုန့်ဝေ့နှင့် သူ၏ ဌာနအတွက် အလုပ်များကို တမင် ခက်ခဲအောင် ဖန်တီးခဲ့သည်။ စုန့်ဝေ့က သူ့၏ရုံးခန်းသို့ လာရောက် မေးမြန်းသည့်အချိန်တွင်တော့ မှားသွားခြင်းဖြစ်ကြောင်း ပြောကာ နေ့ခင်းဘက်တွင် ထပ်မံဒုက္ခပေးပြန်သည်။

အချုပ်အားဖြင့် သူသည်က စုန့်ဝေ့ကို ကြီးကြီးမားမားပြသနာဖြင့် အရေးမယူနိုင်သော်လည်း စိတ်ဓာတ်ကျအောင်တော့ လုပ်နိုင်ပေသည်။

စုန့်ဝေမှာလည်း ဤကိစ္စများကြောင့် အလွန်ပင် စိတ်ဆင်းရဲနေခဲ့ရသည်။

ဤကိစစများက သူ၏ ကိုယ်ပိုင်စိတ်ခံစားချက်နှင့် အလုပ်ကိုပါ ထိခိုက်စေခဲ့သည်။ ထို့ကြောင့် စုန့်ဝေတစ်ယောက် ဤရက်ပိုင်းအတွင်း အလွန်အမင်း အလုပ်ရှုပ်နေခဲ့ရသည်။

ထိုအကြောင်းကို ကြားလျှင် အမေရှုက စိတ်သက်သာရာ ရသွားခဲ့သည်။

“ဟမ့်! ဒီသားအဖက ဒါနဲ့ပဲ ထိုက်တန်တာ!”

All Chapters