← Chapters

အခန်း (၂၆၉)

Vol. 27 Ch. 269

အခန်း (၂၆၉)

Vol. 27 Ch. 269

ရှုဇနီးမောင်နှံမှာ စိတ်အခြေအနေ ကောင်းမွန်စွာဖြင့် အိမ်သို့ ပြန်ရောက်လာချိန်တွင် တံခါးဝတွင် စောင့်နေသော အဘွားအိုကို တွေ့လိုက်ရသည်။

သူမ မည်မျှကြာအောင်စောင့်နေခဲ့သည်ကို မသိနိုင်ပါချေ။

“အမေ... ဘာလို့ ဒီကို ရောက်နေတာလဲ?”

အမေရှုက ကားပေါ်မှ ဆင်းကာ အလျင်အမြန် မေးလိုက်သည်။

အ နောက်ဘက်မှ ဒါရိုက်တာရှုကလည်း လှမ်းနှုတ်ဆက်လိုက်လေ၏။

“အမေ”

အဘွားအိုက အပြုံးတစ်ခုနှင့် ပြန်လည်နှုတ်ဆက်လိုက်ပြီး သူတို့နှစ်ဦးကို အိမ်ထဲသို့ အမြန်ခေါ်သွားသည်။ ထို့နောက် စကားကို ဝေ့ဝိုက်မနေတော့ဘဲ သူမ၏ သမီးငယ်ဖြစ်သူ ပြောခဲ့သည့် စကားများကို ဒါရိုက်တာရှုနှင့် သမီးဖြစ်သူအားပြောပြလိုက်လေသည်။

“မင်းတို့ ဒါကို မြန်မြန်လေးစဉ်းစားကြနော်.. အခုချိန်မှာ ဧည့်သည်က တကယ်ကို အရေးတကြီး လိုချင်နေတာ.. ဒီအခွင့်အရေးကို လက်လွတ်သွားရင် နောက်တစ်ကြိမ် ပြန်ရနိုင်မှာ မဟုတ်ဘူး!”

ဒါရိုက်တာရှုနှင် ရှုကတော်တို့လည်း တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီး တွေဝေသွားခဲ့ကြသည်။

အကယ်၍ သူမ၏ မိခင်က ထိုအိမ်အကြောင်းကို ရုတ်တရက်မပြောလာခဲ့လျှင် သူတို့ထံတွင်လမ်းဟောင်းဘက်၌ အိမ်တစ်လုံး ရှိသေးကြောင်းကိုပင် သူမ မေ့နေပေတော့မည်။

ဆိုရလျှင် သူမအနေဖြင့် ထိုအိမ်သို့ မသွားဖြစ်သည်မှာ ကြာမြင့်လှပေပြီ။ ယခုအချိန်တွင် သူတို့က စက်မှုစက်ရုံဝင်းအတွင်းရှိ နှစ်ထပ်အိမ်တွင် နေထိုင်ရသည်ကို အသားကျနေပြီဖြစ်ရာ ထိုအိုဟောင်း၍ပျက်စီးနေသော အိမ်ကို ပို၍ပင် စိတ်ပျက်နေခဲ့မိသည်။

သူမက ထိုအိမ်ကို ဟိုယခင်ကတည်းက မရောင်းချခဲ့သည်မှာ တခြားအကြောင်းကြောင့်မဟုတ်ဘဲ မေ့လျော့နေခဲ့ခြင်းသာဖြစ်သည်။

ယခုအချိန်တွင် ထိုအိမ်ကို ဝယ်ချင်သူရှိနေကြောင်းကို ကြားလိုက်ရသောကြောင့် ရှုကတော်က ပျော်ရွှင်စွာ သဘောတူလိုက်သည်။

“သဘောတူတယ်၊ အဲဒီအိမ်က ဘာပဲဖြစ်ဖြစ် လွတ်နေတာပဲလေ.. အခု ပိုက်ဆံပေးပြီး ဝယ်မဲ့လူ ရှိနေမှတော့ ရောင်းလိုက်တာပေါ့!”

ဒါရိုက်တာရှုကတော့ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် မေးလိုက်သည်။

“တကယ် ရောင်းမှာလား? အိမ်က ဟောင်းနေပေမဲ့ တစ်ချိန်ချိန်မှာ တန်ဖိုးတက်လာနိုင်တယ်မလား?”

ထိုခေတ်က “အိမ်ဖျက်သိမ်းခြင်း” ဆိုသည့် အယူအဆ မရှိသေးသော်လည်း ဒါရိုက်တာရှုထံတွင် အတွေးအခေါ် အနည်းငယ်ရှိနေသည်။

ထိုအိမ်က လူများစွာမဆံ့သော်လည်း ရှိနေခြင်းနှင့် မရှိခြင်းက လုံးဝ ကွာခြားလှသည်။ ပိုက်ဆံ အနည်းငယ်အတွက်နှင့် အိမ်ကို ရောင်းရန်မလိုအပ်ဟု သူ ယူဆလေသည်။

ရှုကတော်လည်း ထိုစကားကိုကြားလျှင် မှန်ကန်သကဲ့သို့ တွေးမိပြန်သည်။

သို့သော် အဘွားအိုကတော့ အမြင်ကျဉ်းလွန်းလေ၏။ သူမ၏ သမီးငယ်လေးကလည်း ထိုကိစ္စ အောင်မြင်လျှင် သူမကို “ကျေးဇူးတင်လက်ဆောင်” ပေးမည်ဟု ဆိုထားသောကြောင့် ဤသည်မှာ အိမ်ဖိုးတင်မကဘဲ အပိုဝင်ငွေပါ ရဦးမည် မဟုတ်ပါလား။

တွက်ချက်ကြည့်ပြီးနောက် သူတို့အတွက် အမြတ်ထွက်မည်ဖြစ်၍ ရှုကတော်ကလည်း မိခင်ဖြစ်သူ၏ စည်းရုံးမှုအောက်တွင် နောက်ဆုံး၌ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။

“ကောင်းပြီ.. ရောင်းမယ်၊ ရောင်းမယ်!”

ဒါရိုက်တာရှုလည်း ထိုအခြေအနေကို မြင်လျှင် မည်သည်ကိုမှ ဝင်မပြောတော့ပေ။ သူ့အနေဖြင့် ယောက္ခမဖြစ်သူ၏ရှေ့တွင် သူမ၏ ဆန္ဒကို ငြင်းဆန်ရန်မှာ သင့်တော်ခြင်းမရှိနေခဲ့။

နောက်ဆုံးတွင်တော့ အဘွားအိုက အပြုံးများအပြည့်ဖြင့် ထွက်ခွာသွားပြီး သမီးငယ်ထံသို့ သတင်းကောင်း သွားပို့လေသည်။

“ဒါဆို အဆင်ပြေသွားပြီ၊ ကျွန်မ အဲဒီဧည့်သည်ကို အမြန်ပြောလိုက်မယ်!”

ထိုနေ့ နေ့ခင်းပိုင်းမှာပင် ချင်းယွင်ကျစ်တစ်ယောက် စိတ်ကျေနပ်ဖွယ် အဖြေကို ရရှိခဲ့ပြီး ဝန်ထမ်းမလေးနှင့်အတူ မနက်ဖြန်တွင် အိမ်ကိစ္စများကို အမြန်ဆုံး ဆောင်ရွက်ရန် သဘောတူလိုက်ကြသည်။

နောက်တစ်နေ့တွင် ချင်းယွင်ကျစ်က လင်းရန်နှင့် ထပ်မံလမ်းခွဲခဲ့ပြန်သည်။ သို့သော် မနက်ပိုင်း လမ်းမခွဲမီတွင် သူမက သတင်းတချို့ကို အရိပ်အမြွက်ပြောပြလိုက်သေးသည်။

“ရန်ရန် .. မင်း ညနေဘက်ပြန်လာရင် အန်တီက အံ့သြစရာတစ်ခုပေးဖို့ရှိတယ်!”

လင်းရန်က ချင်းယွင်ကျစ်တစ်ယောက် မည်သည့်အရာများကို ကြံစည်နေသည်ကို အလွန်သိချင်နေသော်လည်း အောင့်အီးထားလိုက်ရသည်။

ထို့နောက် သူမက စားဖိုမှူးရှုန်းကန်းထံတွင် ပညာဆက်လက်သင်ယူနေခဲ့သည်။

ချင်းယွင်ကျစ်သည်ကား ဝန်ထမ်းမလေး၏ ခေါ်ဆောင်မှုဖြင့် ရှုကတော်နှင့် အောင်မြင်စွာ တွေ့ဆုံနိုင်ခဲ့သည်။

ဤသည်မှာ သူမနှင့် ရှုကတော်တို့၏ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်ပြီး တစ်ဦးကိုတစ်ဦး မသိကြပေ။

သို့သော် ဝန်ထမ်းမလေး၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် သူတို့နှစ်ဦးက အခြေအနေများကို အပြန်အလှန် နားလည်ခဲ့ကြသည်။

ချင်းယွင်ကျစ်က အိမ်ကို အမြန်ရလိုပြီး ရှုကတော်ကလည်း ကိစ္စများ ရှုပ်ထွေးနေမည်ကို မလိုလားသောကြောင့် သူတို့နှစ်ဦးက အလျင်အမြန်ပင် သဘောတူညီမှု ရရှိခဲ့ကြသည်။

သူမက အိမ်ဟောင်းကို ချင်းယွင်ကျစ်အား ယွမ် ၂၀၀ ဖြင့် ရောင်းချလိုက်သည်။ သို့သော် အိမ်တွင် လူမနေသည်မှာကြာမြင်နေပြီဖြစ်သောကြောင့် ရှုကတော်က နေ့ခင်းဘက်တွင် အိမ်ကိုအမြန်ဆုံးသန့်ရှင်းရေး လုပ်ပေးရလိမ့်မည်။

အိမ်ဟောင်းတစ်လုံးကို ယွမ်နှစ်ရာဖြင့် ဝယ်ရသည်က မပေါ့လှပေ။သို့သော် ချင်းယွင်ကျစ်တွင် ပိုက်ဆံများ မရှားပါးပါချေ။ သူမအတွက် အလိုချင်ဆုံးက အချိန်သာဖြစ်ပေသည်။ သူမ ထိုအိမ်ကို သွားကြည့်ခဲ့ဖူးသည်။

အိမ်က အနည်းငယ် ဟောင်းသော်လည်း မြို့လယ်နှင့်လည်း နီးသည်။ လင်းရန်အနေဖြင့် စားဖိုမှူးရှုန်းထံသို့ နေ့တိုင်းပညာသင်သွားရန် အလွန်အဆင်ပြေမည် မဟုတ်ပါလား။

လမ်းလျှောက်လျှင် ဆယ်မိနစ်ပင် မကြာပေ။ အိမ်ကို ပြန်လည်ပြုပြင်လိုက်လျှင်လည်း ဆိုးရွားနေလိမ့်မည်မဟုတ်ပေ။

ချင်းယွင်ကျစ်က သူမ၏ အမြင်ကို အလွန် ယုံကြည်မှုရှိနေသည်။ သူမ ပျော်ရွှင်နေသည်ကို မြင်လျှင် ရှာကတော်မှာလည်း ပို၍ပျော်ရွှင်သွားပြီး နေ့ခင်းဘက်တွင်ပင် ချင်းယွင်ကျစ်ကို အိမ်သို့ခေါ်သွားခဲ့သည်။

ချင်းယွင်ကျစ်က သူမကိုယ်တိုင် နေထိုင်ရန် ဝယ်ယူသည်ဟု ရှုကတော်က ထင်ထားခဲ့လေသည်။ သို့သော် အိမ်ပိုင်ရှင်အသစ်၏ အမည်ကို စာရင်း ရေးသွင်းသောအချိန်တွင် ချင်းယွင်ကျစ်က အလျင်အမြန် ပြောလိုက်သည်။

“ဒီအိမ်ပိုင်ရှင်နေရာမှာ ကျွန်မရဲ့နာမည် မရေးပါနဲ့၊ လင်းရန်လို့ပဲ ရေးပေးပါ!”

စာရေးက အသံတစ်ချက်ပြုကာ လက်ရှိအိမ်ပိုင်ရှင် ရှုကတော်ကို ကြည့်လိုက်သည်။ သူမသာ ခေါင်းညိတ်ပေးလျှင် နာမည်ပြောင်းပေးနိုင်ပေသည်။

ရလဒ်အနေဖြင့် ရှုကတော်၏ အမူအရာမှာ တစ်စုံတစ်ခုကို တွေးမိသွားသကဲ့သို့ ထူးဆန်းသွားသည်ကို တွေ့လိုက်ရသည်။

လင်းရန်?

ဒီခေတ်မှာ ဒီနာမည်ကို သုံးတဲ့လူတွေ ဘာလို့ ဒီလောက်တောင် များနေရတာလဲ? လမ်းတစ်ခါထွက်ရင် လင်းရန်နဲ့တစ်ခါ ဆုံနေတာလားလို့တောင်ထင်ရတယ်။

ရှုကတော်က ဤ “လင်းရန်” ကို စုန့်ဝေ့၏ သမီးလင်းရန်နှင့် လုံးဝ ဆက်စပ်မတွေးမိပေ။

အဘယ်ကြောင့်ဆိုသော် သူမ သိထားသည့် လင်းရန်မှာ ကျေးလက်ဒေသတွင်ရှိနေသော ပညာတတ် လူငယ်တစ်ဦးသာဖြစ်သည်။

သူမအနေဖြင့် မြို့ထဲသို့ရောက်လာရန် သို့မဟုတ် ဤမျှ ချမ်းသာသော အမျိုးသမီးတစ်ဦးနှင့် တွေ့ဆုံရန်က လုံးဝ မဖြစ်နိုင်ဟု ယူဆထားခဲ့သည်။

ထို့ကြောင့် ရှုကတော်က ချက်ချင်းပင် စိတ်ပြန်လျှော့လိုက်ကာ အိမ်ကို “လင်းရန်” နာမည်ဖြင့် ပြောင်းပေးလိုက်လေသည်။

ကိစ္စများ ပြီးဆုံးသွားပြီးနောက် သူမသည် အိမ်ကို သန့်ရှင်းရေးလုပ်ရန် လူရှာခဲ့ပြီး ချင်းယွင်ကျစ်ကလည်း အနီးကပ် ကြီးကြပ်ပေးခဲ့သည်။

ညနေစောင်းချိန်တွင် အိမ်က လုံးဝပင် သန့်ရှင်းသွားခဲ့ပေပြီ ။

သန့်ရှင်းသွားသော အိမ်ကို ကြည့်ရင်း ရှုကတော်တစ်ယောက် နှမြောစိတ် အနည်းငယ် ပေါ်လာပြန်သည်။ ဤအိမ်မှာ စက်မှုဝင်းထဲမှ အိမ်လောက် မကောင်းသော်လည်း သိပ်ပြီးမဆိုးလှပေ။

အရှေ့ဘက်တွင် ခြံဝင်းအလွတ် ရှိသဖြင့် ဟင်းသီးဟင်းရွက်များ စိုက်နိုင်သည်။ နောက်ဘက်တွင်လည်း မြစ်နှင့် နီးသောကြောင့် မြင်ကွင်းမှာလည်း လှပသည်။

သို့သော် သူမ ရရှိထားသော ယွမ်နှစ်ရာကို တွေးမိပြီးနောက် ထိုနှမျောစိတ်များ ပျောက်ကွယ်သွားပြန်သည်။

ထားပါတော့။ ငါလည်း ဒီအိမ်မှာ နေမှာ မဟုတ်ဘူး။ ဒီယွမ်နှစ်ရာနဲ့ လက်ဝတ်ရတနာ ဝယ်လိုက်တာ ပိုကောင်းပါတယ်။

အိမ်ကလည်း နောက်ပိုင်းမှာ ပိုပြီးပျက်စီးလာမှာပဲ။

ဤသို့ဖြင့် အိမ်အရောင်းအဝယ်က လျင်မြန်စွာ ပြီးဆုံးသွားခဲ့သည်။ ချင်းယွင်ကျစ်တစ်ယောက် အိမ်တံခါး သော့များကို ပြောင်းလဲလိုက်ပြီး တည်းခိုခန်းသို့ ပြန်ကာ လင်းရန်ကို စောင့်နေခဲ့လေသည်။

လင်းရန် ပြန်ရောက်လာသည်နှင့် သူမ၏ အံ့သြပျော်ရွှင်စရာကိစ္စကို ထုတ်ဖော်ပြောဆိုလိုက်တော့သည်။

“ရန်ရန် အန်တီ မင်းကို နေရာတစ်ခုဆီကို ခေါ်သွားမယ်၊ လိုက်ခဲ့ဦး!”

လင်းရန်အနေဖြင့် ထိုနေရာက မနက်ဘက်မှ အန်တီချင်း ပြောခဲ့သည့် အံ့သြစရာဖြစ်မည်ကို သိသောကြောင့် မျှော်လင့်ချက် အပြည့်ဖြင့် လိုက်သွားခဲ့သည်။

သူတို့နှစ်ဦး လမ်းအနည်းငယ် လျှောက်ပြီးနောက် အိမ်ရှေ့သို့ ရောက်ရှိသွားကြသည်။

ချင်းယွင်ကျစ်က လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ လင်းရန်ကို ပြောလိုက်သည်။

“ရန်ရန် ဒီနေ့ကစပြီး ဒါကသမီးရဲ့ အိမ်ပဲ.. သမီးအတွက် အန်တီ ပေးတဲ့ လက်ဆောင်လေးလို့ယူဆလို့ရတယ်.. သမီး ကြိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်!”

လင်းရန်: “???”

လင်းရန် အချိန်ခဏလောက်ကြောင်အသွားခဲ့လေသည်။ စက္ကန့်အနည်းငယ်ကြာမှသာ သူမ သတိပြန်ဝင်လာပြီး မယုံနိုင်စွာ မေးလိုက်သည်။

“အန်တီ၊ အန်တီ နောက်နေတာ မဟုတ်ဘူးမလား?”

ချင်းယွင်ကျစ်က အိမ်ပိုင်ဆိုင်မှု အထောက်အထားကို ထုတ်ပြလိုက်သည်။

“မဟုတ်ဘူး၊ ဒီမှာကြည့်လိုက်လေ၊ အိမ်ပိုင်ရှင်ရဲ့နာမည်ကသမီးနာမည် ဖြစ်နေပြီ!”

လင်းရန်တစ်ယောက် ထိုစာရွက်ပေါ်တွင် သူမ၏နာမည် ရှိနေသည်ကို မြင်လျှင် ပို၍ပင် မူးနောက်သွားတော့သည်။

“အန်တီ.. ဒါက...”

သူမ စကားမဆုံးမီမှာပင် ချင်းယွင်ကျစ်က ဖြတ်ပြောလိုက်သည်။

“တခြားဘာမှမပြောနဲ့ဦး.. အန်တီ သမီးကို အိမ်ထဲကို အရင်ခေါ်ပြမယ်.. တကယ်တော့ အန်တီလည်း ဒီအိမ်ကို အစကသိပ်မကြိုက်ဘူး၊

ဒါပေမဲ့ သန့်ရှင်းရေး လုပ်ပြီးသွားတော့ သိပ်မဆိုးဘူးလို့ထင်မိတာပဲ.. အဓိက,က အန်တီတို့တွေက ဒီမှာ တစ်လ၊နှစ်လလောက်ပဲ နေမှာလေ၊ နောက်ပိုင်း သမီး ဒီအိမ်ကို ဒီအတိုင်း ထားချင်ရင်ထားလို့ရတယ်.. ဒါမှမဟုတ် ပြန်ရောင်းချင်လည်း ရောင်းလို့ရတယ်!”

*

All Chapters