အခန်း (၂၇၀)
Vol. 27 Ch. 270
ချင်းယွင်ကျစ်ဘက်မှ အိမ်ကိုမကြိုက်နှစ်သက်ကြောင်း ပြောခဲ့သော်လည်း လင်းရန်အနေဖြင့်တော့ အတော်လေး ကောင်းမွန်သော အိမ်တစ်လုံးကို မြင်လိုက်ရလေ၏။
ဤအိမ်မှာ ချင်းယွင်ကျစ်၏ အိမ် သို့မဟုတ် စားဖိုမှူးရှုန်း၏ အိမ်လောက် မကောင်းမွန်သော်လည်း လင်းမိသားစု၏ နေအိမ်ထက်စာလျှင် သာလွန်ပေသည်။
အရေးကြီးဆုံးသောအချက်မှာ ဤအိမ်က မြို့ပြဧရိယာတွင်ဖြစ်နေခဲ့သည်!
ဤနေရာသည်က လမ်းဟောင်းတစ်ခု ဖြစ်သော်လည်း အချိန်မရွေး တိုးတက်ပြောင်းလဲသွားနိုင်သည့် နေရာကောင်းတစ်ခုဖြစ်ပေ၏။
ထို့ကြောင့် ဤအိမ်၏ တန်ဖိုးမှာ နောက်ပိုင်းတွင် အဆမတန် တက်လာနိုင်ပေသည်။
ထိုအချက်ကို တွေးမိလျှင် လင်းရန်အနေဖြင့် ချင်းယွင်ကျစ်ကို မည်သို့ ကျေးဇူးတင်ရမည်ကိုပင် မသိတော့ပေ။
“အန်တီ...”
လင်းရန်၏ ပျော်ရွှင်နေသည့် အမူအရာကိုမြင်လျှင် ချင်းယွင်ကျစ်လည်း ပို၍ပင်ပျော်ရွှင်သွားခဲ့ရသည်။
သူမအနေဖြင့် ဤအိမ်ကို ဝယ်ရန် စီစဉ်ချိန်တွင် တခြားမည်သည့်အရာကိုမှ မစဉ်းစားခဲ့ပေ။
လင်းရန်အတွက် နေထိုင်စရာ ပြဿနာကို အမြန်ဆုံး ဖြေရှင်းပေးချင်ရုံသာဖြစ်သည်။
သို့သော် ယခုလင်းရန်၏ အမူအရာကို မြင်ချိန်တွင် လင်းရန်နှင့် သူမ၏သားတို့ကြားမှ ကိစ္စများက ပိုမို ခိုင်မြဲလာနိုင်မည်လားဟု တွေးမိကာ ပျော်ရွှင်ကျေနပ်လာခဲ့ရသည်။
ဟမ့်! ကြည့်ရတာ ဒီကမ္ဘာပေါ်မှာ ငါ့လောက်ကောင်းတဲ့အမေ မရှိနိုင်လောက်တော့ဘူး။
စုန့်ရှီးယန်က ငါ့လိုအမေမျိုးကို ရထားတာ တကယ်ကို ကံကောင်းတာပဲ!
“ရန်ရန်.. အန်တီက သမီးကို ကူညီချင်ရုံသက်သက်ပဲ.. စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုး မဖြစ်နဲ့၊ အေးအေးဆေးဆေး သက်သောင့်သက်သာပဲ နေလို့ရတယ်!”
ချင်းယွင်ကျစ်အနေဖြင့် “ငါတို့တွေက နောက်ပိုင်းမှာ မိသားစုဝင်တွေ ဖြစ်လာမှာပဲ” ဟူသောစကားကို ပြောရန် ရှက်ရွံ့နေသေးသောကြောင့် ချန်ထားခဲ့လေသည်။
နောက်ဆုံးတွင် လင်းရန်က လက်ဆောင်ကို စိတ်လှုပ်ရှားစွာဖြင့် လက်ခံလိုက်သော်လည်း နောင်တစ်ချိန်တွင် သူမ တတ်နိုင်ပါက ချင်းယွင်ကျစ်ကို ဆယ်ဆလောက်ပြန်၍ ကျေးဇူးဆပ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ကတိပေးလိုက်လေသည်။
...
နောက်နှစ်ရက်အတွင်း လင်းရန်နှင့် ချင်းယွင်ကျစ်တို့က အချိန်ရတိုင်း အိမ်သစ်အတွက် ပစ္စည်းများ ဝယ်ယူကာပြင်ဆင်ခဲ့ကြသည်။ ထို့နောက် တည်းခိုခန်းမှ ပြောင်းရွှေ့ကာ အိမ်သစ်သို့ အတူသွားရောက်နေထိုင်ခဲ့ကြသည်။
အိမ်သစ်က အတော်လေးပင် ကောင်းမွန်ပေ၏။ လင်းရန်ကို အပျော်ဆုံးဖြစ်စေသည့် အချက်မှာ သူမဘာသာ မီးဖိုချောင်တွင် ဟင်းချက်နိုင်ခြင်းပင်။
သူမအနေဖြင့် စားဖိုမှူးရှုန်းထံမှ ပညာများစွာ သင်ယူနေရသော်လည်း လက်တွေ့လေ့ကျင့်ရန် လိုအပ်နေသေးသည်။
ယခုတွင်တော့ သူမ အိမ်သို့ပြန်ရောက်လာတိုင်း သူမ သင်ယူခဲ့သမျှကို လက်တွေ့ပြန်လည် လေ့ကျင့်နိုင်ပေပြီ။
ထို့ကြောင့်တွင် လင်းရန်သည် ရေစုပ်ယူသော ဂွမ်းဖတ်လေးကဲ့သို့ ဟင်းချက်ပညာများကို အငမ်းမရ သင်ယူခဲ့ပြီး သူမ၏ လက်ရာမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမို တိုးတက်လာခဲ့သည်။
စားဖိုမှူးရှုန်းပင်လျှင် လင်းရန်မှာ ဤအလုပ်အတွက် မွေးဖွားလာသူဖြစ်ပြီး သူတွေ့ဖူးသမျှထဲတွင် ပါရမီအရှိဆုံးသူ ဖြစ်ကြောင်း ချီးကျူးလာခဲ့လေသည်။
တစ်ပတ်ခန့် ကြာပြီးနောက် တစ်နေ့တွင် စားဖိုမှူးရှုန်း လင်းရန်ကို မေးခွန်းတစ်ခု မေးလာခဲ့သည်။
သူက ပွဲအခမ်းအနားတစ်ခုအတွက် ဟင်းချက်ပေးရန်ရှိနေသောကြောင့် လင်းရန်အနေဖြင့် သူ့ကို ကူညီပေးချင်လားဟူသော မေးခွန်းပင်ဖြစ်ပေ၏။
လင်းရန်တစ်ယောက် ထိုစကားကို ကြားလျှင် ပျော်ရွှင်မှုအပြည့်ဖြင့် သဘောတူလိုက်လေသည်။
ဤရက်ပိုင်းအတွင်း သူမအနေဖြင့် ဟင်းချက်ပညာရပ်တွင် တိုးတက်လာရုံသာမက စားဖိုမှူးရှုန်း၏ မြို့ထဲရှိ ဂုဏ်သတင်းနှင့် အရှိန်အဝါကိုလည်း ပိုမို သိရှိလာခဲ့သည်။
ရက်အနည်းငယ်အတွင်းမှာပင် စားဖိုမှူးရှုန်းထံသို့ လာရောက်တွေ့ဆုံသူ အနည်းဆုံး သုံးဦးခန့်ရှိခဲ့ပြီး ထိုသူများမှာလည်း ညွှန်ကြားရေးမှူး၊ ဒု-ညွှန်ကြားရေးမှူး စသည့် အဆင့်မြင့် ပုဂ္ဂိုလ်များဖြစ်ကြသည်။
သို့သော် စားဖိုမှူးရှုန်း၏ရှေ့တွင်တော့ သူတို့က မာန်မာနထောင်လွှားခြင်း လုံးဝမရှိဘဲ လေးစားမှုတို့ဖြင့် ဆက်ဆံကြသည်ကို တွေ့မြင်ရသည်။
သို့သော် ထိုသို့ဖြစ်နေသော်လည်း စားဖိုမှူးရှုန်းမှာ အဆင့်မြင့်အရာရှိကြီးတစ်ဦးနှင့် တွေ့ဆုံနေရသော သာမန်အရပ်သားတစ်ဦးကဲ့သို့ ပြုမူခြင်းမရှိပေ။
သူသည်က နှိမ့်ချလွန်းကာ မျက်နှာချိုသွေးခြင်း သို့မဟုတ် မောက်မာ၍ထောင်လွှားခြင်းတို့မရှိဘဲ အလွန်ပင် တည်တည်ငြိမ်ငြိမ်ဖြင့်သာ ဆက်ဆံလေ့ရှိသည်။
တစ်ဖက်လူက သူ့အား ဟင်းချက်ပေးရန် ဖိတ်ခေါ်လျှင်ပင် စားဖိုမှူးရှုန်းက အချိန်ကြည့်ရဦးမည်ဟု တိုက်ရိုက်ပင် ပြောဆိုလေ့ရှိသည်။
သူတို့ကို မျက်နှာချိုသွေးကာ အလိုလိုက်အကြိုက်ဆောင်ခြင်းမျိုး လုံးဝမရှိပေ။
ကြည့်စမ်း!
ဒါက နာမည်ကျော်စားဖိုမှူးတစ်ယောက်ရဲ့ ယုံကြည်မှုမျိုးပဲမလား?
ဆိုရလျှင် ဤရက်ပိုင်းအတွင်း မည်သူကမှ စားဖိုမှူးရှုန်းကို အပြင်သို့ ဖိတ်ခေါ်နိုင်ခြင်းမရှိခဲ့ပေ။
ယခုတွင် သူက တစ်ဖက်လူအတွက် ထမင်းပွဲပြင်ဆင်ပေးရန် အပြင်ထွက်မည်ဟု ဆိုလာပြီဖြစ်ရာ သူ့ကို ဖိတ်ကြားနိုင်သူက သာမန်လူမဟုတ်သည်မှာ သေချာပေ၏။ ထို့အတူ စားဖိုမှူးရှုန်းနှင့် ပတ်သက်မှုမှာလည်း မရိုးရှင်းနိုင်ပေ။မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ စားဖိုမှူးရှုန်း၏နောက်သို့လိုက်ပြီး လောကကြီးအား အမြင်ကျယ်အောင် ကြည့်ရှုရမည်ဆိုသည့်အချက်ကပင် လင်းရန်အတွက် ကောင်းမွန်သောကိစ္စဖြစ်ပေသည်။
ထို့ကြောင့် သူမက စားဖိုမှူးရှုန်း၏ မေးခွန်းကို ချက်ချင်းသဘောတူလိုက်ပြီး ညနေပိုင်းတွင် ချင်းယွင်ကျစ်ကို သတင်းကောင်းပြောပြလိုက်သည်။
ချင်းယွင်ကျစ်သည်လည်း သူမအတွက် အလွန်ဝမ်းသာသွားပြီး လင်းရန်ထက် ပို၍ပင် နက်ရှိုင်းစွာတွေးတောလိုက်မိသည်။
စားဖိုမှူးရှုန်းကဲ့သို့သော လူတစ်ယောက်က လင်းရန်ကို အပြင်သို့ အမှန်တကယ်ခေါ်သွားချင်ပြီဆိုလျှင် တစ်ဖက်လူမှ လင်းရန်အပေါ် အားကိုးယုံကြည်နေပြီးဖြစ်ကာ သူမကို တခြားသူများနှင့် မိတ်ဆက်ပေးချင်နေခြင်းသာဖြစ်ရမည်။
သူမကို အနာဂတ်၏ “စားဖိုမှူးရှုန်း” အဖြစ် ပျိုးထောင်ပေးနေခြင်းပင် ဖြစ်နိုင်ပေသည်။
ထို့ကြောင့် ချင်းယွင်ကျစ်က စိတ်လှုပ်ရှားစွာဖြင့်လင်းရန်ကို အားပေးစကား ဆိုလိုက်သည်။
“ရန်ရန်.. ကြိုးစားထား!”
“ကောင်းပါပြီ အန်တီ!”
...
နောက်တစ်နေ့ မနက်စောစောတွင် လင်းရန် အိပ်ယာမှထပြီးနောက် စားဖိုမှူးရှုန်း၏အိမ်သို့ သွားခဲ့သည်။
မမျှော်လင့်ဘဲ သူမ အိမ်ထဲသို့ဝင်လိုက်သည်နှင့် စားဖိုမှူးရှုန်း၏အိမ်၌ တခြားလူတစ်ယောက် ရောက်နှင့်နေသည်ကို တွေ့လိုက်ရလေသည်။
လင်းရန်တစ်ယောက် စားဖိုမှူးရှုန်းက တခြားလက်ထောက်တစ်ယောက်ကို ထပ်ခေါ်ထားသည်ဟု ထင်မှတ်သွားခဲ့လေ၏။
သို့သော်လည်း သေသေချာချာ ကြည့်လိုက်ချိန်တွင်တော့ တစ်ဖက်လူမှာ ယခင်က စားဖိုမှူးရှုန်း၏အိမ်တွင် ထမင်းလာစားခဲ့ဖူးသော ပရော်ဖက်ဆာဟောင်ဖြစ်နေခဲ့သည်။
ပရော်ဖက်ဆာဟောင်ကလည်း လင်းရန်ကို မှတ်မိနေဆဲဖြစ်ပြီး အပြုံးတစ်ခုဖြင့် နှုတ်ဆက်လာခဲ့သည်။
“ရဲဘော်လင်းရန်..နေကောင်းရဲ့လား”
“အဘိုးဟောင်ရောက်နေတာပဲ.. ကျွန်မ နေကောင်းပါတယ်”
လင်းရန်အနေဖြင့် ယခုအချိန်တွင် စားဖိုမှူးရှုန်း၏ တပည့်တစ်ဝက် ဖြစ်နေပြီဖြစ်၍ ပရော်ဖက်ဆာဟောင်ကို ဧည့်ခံနှုတ်ဆက်ပြီးနောက် စားဖိုမှူးရှုန်းထံသို့ အပြေးအလွှား သွားခဲ့သည်။
စားဖိုမှူးရှုန်းနှင့် တွေ့ပြီးနောက်တွင် ယနေ့မွေးနေ့ပွဲ၏ ဧည့်သည်များထဲတွင် ပရော်ဖက်ဆာဟောင်လည်း တစ်ဦးအပါအဝင်ဖြစ်ကြောင်း သိလိုက်ရလေ၏။
စားဖိုမှူးရှုန်းက ဟင်းချက်ပေးမည်ဖြစ်ကြောင်း သိသောကြောင့် သူက ပို၍ စည်ကားစေရန် အတူလိုက်ပါလာခြင်းသာဖြစ်သည်။
ထိုအချိန်မှသာ လင်းရန်လည်း နားလည်သွားခဲ့လေသည်။ တစ်ချိန်တည်းမှာပင် ပရော်ဖက်ဆာဟောင်၏ အဆင့်အတန်းမှာ အမှန်တကယ်ပင် ထူးခြားလှကြောင်းကို ပို၍ သိမြင်လာခဲ့သည်။
“ဒါနဲ့.. မင်းတို့တွေ ဘယ်အချိန် ထွက်ကြမှာလဲ? ငါ့ရဲ့မြေးကို ပစ္စည်းတွေ ဝယ်ခိုင်းထားတာ လာနေပြီလား မသိဘူး”
ပရော်ဖက်ဆာဟောင်က လမ်းကြားထဲသို့ ခေါင်းထုတ်ကာ လှမ်းကြည့်ရင်း ပြောလိုက်သည်။
ယနေ့ပွဲကို လူသိထင်ရှားကိစ္စအဖြစ် ကျင်းပခြင်းဖြစ်သော်လည်း ထမင်းစားမည့်နေရာမှာတော့ အတွင်းရေးမှူး၏ နေအိမ်တွင်ဖြစ်သောကြောင့် လက်ဆောင်တစ်ခုခု ယူသွားခြင်းက ပို၍ ယဉ်ကျေးရာရောက်ပေမည်။
ယနေ့ပွဲသည်က စက်မှုလုပ်ငန်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရေးနှင့် ပတ်သက်သော ဆွေးနွေးပွဲဖြစ်သော်လည်း တရားဝင်ပွဲ မဟုတ်သည့်အပြင် လာရောက်သူများမှာလည်း ရင်းနှီးသူများသာဖြစ်သည်။
ထို့ကြောင့် သူတို့က စကားပြောရင်း စားသောက်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပေ၏။
အတွင်းရေးမှူးက ပရော်ဖက်ဆာဟောင်နှင့် စားဖိုမှူးရှုန်းတို့ကို မိတ်ဆက်ပေးခဲ့သည့် ကြားလူဖြစ်သောကြောင့် သူတို့သုံးယောက်လုံးက ရင်းနှီးသော သူငယ်ချင်းဟောင်းများအဖြစ် မှတ်ယူနိုင်ပေသည်။
စားဖိုမှူးရှုန်း: “ဒါဆိုလည်း ဟောင်တာ့ကော သွားကြည့်လိုက်ဦးလေ၊ ကျွန်တော်တို့တွေ မြန်မြန်သွားသင့်တယ်”
သူ့အနေဖြင့် ပွဲအတွက်ချက်ပြုတ်ရမည်ဖြစ်သောကြောင့် ပစ္စည်းများကို ပြင်ဆင်ရန်လိုအပ်ပေ၏။
“ကောင်းပြီ.. ငါ သွားကြည့်လိုက်ဦးမယ်၊ ငါ့ကို စောင့်ဦးနော်!”
ပရော်ဖက်ဆာဟောင်က သူတို့ကိုမှာပြီးနောက် လမ်းကြားထဲသို့ အပြေးအလွှား ထွက်သွားခဲ့သည်။
သို့သော် သူ ထွက်လာသည့်အချိန်မှာပင် မြေးဖြစ်သူ ဟောင်ဖင်းက သူ ဝယ်ခိုင်းထားသော သစ်သီးများကို ကိုင်ဆောင်ကာ နေရာသို့လျှောက်လာသည်ကို တွေ့လိုက်ရသည်။
“အဘိုး.. ကျွန်တော် ပစ္စည်းတွေ ဝယ်လာပြီ၊ မှန်ရဲ့လား ကြည့်ပါဦး”
ဟောင်ဖင်းက မောဟိုက်စွာဖြင့် ပစ္စည်းများကို ပရော်ဖက်ဆာဟောက်ထံသို့ ပေးလိုက်သည်။
ပရော်ဖက်ဆာဟောင်လည်း စစ်ဆေးကြည့်လိုက်လျှင် ဝယ်လာသည့် ပစ္စည်းများက မှန်ကန်သည်ကိုတွေ့လိုက်ရသည်။
သို့သော်လည်း နိုင်ငံပိုင်သစ်သီးဆိုင်မှာ လမ်း၏အပြင်ဘက်တွင်သာရှိနေခြင်းဖြစ်ပေသည်။
ဒီကလေးက ဘာလို့ ဒီလောက်တောင် အမောတကောနဲ့ပြေးလာရတာလဲ။
“မင်း ခုနက တခြားဘယ်ကိုသွားထားသေးလဲ?”
ပရော်ဖက်ဆာဟောင်၏ အလိုလိုသိစိတ်မှာ အလွန်ပင် ထက်မြက်လွန်းသောကြောင့် ဟောင်ဖင်း တစ်နေရာရာသို့ သွားခဲ့ကြောင်းကို တစ်ချက်ကြည့်ရုံဖြင့် သိလိုက်လေသည်။
ဟောင်ဖင်းတစ်ယောက် သူ၏အဘိုးက ဤမျှ မျက်စိလျှင်မည်ဟု မထင်ထားသောကြောင့် ထိတ်လန့်သွားရကာ အဘိုးဖြစ်သူ၏ အကြည့်ကို ရှောင်ရှားရန် ခေါင်းငုံ့လိုက်မိသည်။
“ဟင့်အင်း.. ဘယ်ကိုမှ မသွားပါဘူး၊ ကျွန်တော် သစ်သီးပဲသွားဝယ်ခဲ့တာလေ...”သူ့၏အမူအရာတို့က အပြစ်ရှိသကဲ့သို့ခံစားနေရကြောင်း သိသာလွန်းသောကြောင့် ပရော်ဖက်ဆာဟောင် ပို၍ပင်မျက်မှောင်ကြုတ်သွားသည်။
သို့သော် ယခုအချိန်တွင် သူ့ကို ဆုံးမနေရန်အတွက် အချိန်မရှိသောကြောင့် အလျင်အမြန်ပင် ပြောလိုက်လေ၏။
“ဟောင်ဖင်း ... မင်း အဘိုးကို မလိမ်ရဘူးနော်.. အဘိုးက မင်းကို အမြဲတမ်း ရိုးသားဖို့ သင်ပေးခဲ့တယ်မလား”
“အဘိုး...”
ပရော်ဖက်ဆာဟောင်၏ စကားသံထဲမှ စိတ်ပျက်သည့်အရိပ်အယောင်ကို ကြားလိုက်ရလျှင် ဟောင်ဖင်းတစ်ယောက် အလွန်ပင် စိတ်မသက်မသာ ဖြစ်သွားရသည်။
သို့သော် သူ့အနေဖြင့် စုန့်စစ်ယွီကို ကတိပေးထားခဲ့သည့်အပြင် သူ၏အဘိုးသည်က စုန့်စစ်ယွီကို မည်သည့်အချိန်ကမှ သဘောမကျခဲ့ကြောင်း သိနေသောကြောင့် အဘိုးဖြစ်သူကို ဒေါသမထွက်စေရန်အတွက် ရှင်းပြမည့်စကားများကို ပြန်မျိုချလိုက်ရသည်။
“ကျွန်တော် သိပါပြီ၊ နောက်မလုပ်တော့ပါဘူး”
*