အခန်း (၂၆၆)
Vol. 27 Ch. 266
ပရော်ဖက်ဆာဟောင်က မြေးဖြစ်သူကို ထပ်မံ၍ ဆုံးမစကားပြောချင်ခဲ့သော်လည်း မြေးဖြစ်သူ၏ ရှက်ရွံ့နေသော မျက်နှာကို မြင်လိုက်ရသောကြောင့် စကားကိုရပ်တန့်လိုက်သည်။
အနည်းဆုံး ယခုအချိန်တွင် မြေးဖြစ်သူအနေဖြင့် စာအုပ်များကို ဝယ်လာခြင်းက တစ်ဦးတည်းအထီးကျန်နေသည်ထက်စာလျှင် ပိုကောင်းပေသည်။
“ကောင်းပြီ .. မင်း ကိုယ့်ဘာသာကိုယ် စာဖတ်လိုက်တော့.. အဘိုး ဒီနေ့ည အိမ်မှာထမင်းစားမှာမဟုတ်ဘူး.. အသိအကျွမ်းတစ်ယောက်ဆီကို ဧည့်သည်အဖြစ် သွားစားမလို့.. မင်းဘာသာမင်းပဲ စီစဉ်လိုက်တော့”
ဟောင်ဖင်းလည်း ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။
“ကောင်းပါပြီ အဘိုး”
မြေးဖြစ်သူ၏ လူမှုဆက်ဆံရေးက စိတ်ပူစရာဖြစ်နေသော်လည်း ဟောင်ဖင်းက ဟင်းချက်ဝါသနာပါသူဖြစ်သောကြောင့် ဗိုက်ဆာနေလိမ့်မည်ကိုတော့ ပရော်ဖက်ဆာဟောင် မစိုးရိမ်မိပေ။
ထို့အပြင် ယနေ့ည သူ၏သူငယ်ချင်းအသစ် ရှုန်းကန်း၏အိမ်တွင် ထမင်းသွားစားရမည်ကို တွေးမိလျှင် ပရော်ဖက်ဆာဟောင်တစ်ယောက် စိတ်လှုပ်ရှားလာခဲ့ရသည်။
ရှုန်းကန်းနှင့် သူက မကြာသေးမီကမှ သိကျွမ်းခဲ့ကြခြင်းဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က ခေါင်းဆောင်ကြီးတစ်ဦးက သူ့ကို ထမင်းကျွေးရန်အတွက် ရှုန်းကန်း၏ အိမ်သို့ ခေါ်သွားခဲ့သည်။
ထိုခေါင်းဆောင်က ပရော်ဖက်ဆာဟောင်ကို ကြွားဝါပြောဆိုခဲ့သည်။
“ဒီစားဖိုမှူးရဲ့လက်ရာကို တစ်ခါစားကြည့်ရင် ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး”
ပရော်ဖက်ဆာဟောင်သည်ကား မြို့တော်တွင် နေထိုင်စဉ်က နာမည်ကြီး စားဖိုမှူးများစွာ၏ လက်ရာကို မြည်းစမ်းဖူးသူဖြစ်ရာ ထိုခေါင်းဆောင်၏ စကားကို သိပ်ပြီးအလေးမထားခဲ့ပေ။
အစားအစာဆိုသည်မှာ မည်မျှပင် အရသာရှိသည်ဖြစ်စေ နောက်ဆုံးတွင် ပြာဖြစ်သွားမည့်အရာဟုသာ သူ တွေးထားခဲ့သည်။
သို့သော် မထင်မှတ်စွာဖြင့် စားဖိုမှူးရှုန်း၏ လက်ရာက အမှန်တကယ်ပင် ထူးကဲလှပြီး စားဖိုမှူးရှုန်း၏ စရိုက်ကိုလည်း သူ အလွန်သဘောကျသွားခဲ့သည်။
ထို့ကြောင့် သူတို့နှစ်ဦးက မိတ်ဆွေများ ဖြစ်သွားကြလေသည်။ ယနေ့မနက်ပိုင်းတွင် ရှုန်းကန်းက သူ့ထံသို့ ရောက်လာခဲ့ပြီး လိပ်တစ်ကောင်ရထားသည့်အတွက် ညနေပိုင်းတွင် စွပ်ပြုတ်လုပ်ကျွေးမည်ဟု ဖိတ်ခေါ်ထားသောကြောင့် သူ ပျော်ရွှင်မှုအပြည့်ဖြင့် သွားရန်ပြင်ဆင်ထားခဲ့သည်။
*
တစ်ဖက်တွင်မူ လင်းရန်နှင့် ချင်းယွင်ကျစ်တို့က ဟောင်ဖင်းနှင့် လမ်းခွဲပြီးနောက် လမ်းပြပေးမည့်သူကို ရှာတွေ့ခဲ့ပြီး စားဖိုမှူးရှုန်း၏ အိမ်ရှေ့သို့ ရောက်ရှိသွားကြသည်။
သူတို့နှစ်ဦး တံခါးခေါက်လိုက်သည်နှင့် တံခါးကချက်ချင်းပင် ပွင့်လာခဲ့သည်။ ထို့နောက် မုတ်ဆိတ်များထူထဲစွာရှိသော ဦးလေးကြီးတစ်ယောက်က ပြုံးရွှင်စွာဖြင့် အော်ဟစ်နှုတ်ဆက်လာသည်။
“ဒီနေ့ စောစောရောက်လာတာပဲ၊ ဟောင်တာ့ကော!”
ဟောင်တာ့ကော?
လင်းရန်နှင့် ချင်းယွင်ကျစ်တို့နှစ်ယောက်မှာ ခဏမျှ ရပ်တန့်သွားကြပြီး စားဖိုမှူးရှုန်း၏ “ဟောင်တာ့ကော” ဆိုသော စကားကြောင့် အံ့သြသွားကြသည်။
ရှုန်းကန်းသည်လည်း ထိုသို့နှုတ်ဆက်ပြီးမှ သူ့ရှေ့တွင် ရှိနေသူမှာ ပရော်ဖက်ဆာဟောင် မဟုတ်ဘဲ အမျိုးသမီးနှစ်ဦးဖြစ်နေသည်ကို သတိပြုမိသွားလေသည်။
သူ့အနေဖြင့် ငယ်ရွယ်သောမိန်းကလေးကို မမှတ်မိသော်လည်း ဘေးက အမျိုးသမီးကိုမူ ရင်းနှီးနေသကဲ့သို့ ခံစားရသဖြင့် မသေချာစွာဖြင့် မေးလိုက်သည်။
“ချင်းမိသားစုက မိန်းကလေးလား?”
ချင်းယွင်ကျစ်လည်း ရှုန်းကန်းက သူမကို မှတ်မိနေသည်ကိုမြင်လျှင် အပြုံးတစ်ခုဖြင့် ပြန်ပြောလိုက်သည်။
“ကျွန်မပါ ဦးလေးရှုန်း.. ချင်းယွင်ကျစ်ပါ!”
“အိုး .. တကယ်ပဲ မင်းကိုး!”
ချင်းယွင်ကျစ်က မည်သူဖြစ်ကြောင်း အတည်ပြုပြီးနောက် ရှုန်းကန်းလည်း သူမ၏ဘေးရှိ မိန်းကလေးက မည်သူဖြစ်ကြောင်းကိုပါ ခန့်မှန်းမိသွားသည်။
ဤကလေးမလေးမှာ သူ့၏စီနီယာအစ်မ(အဘွားဝူ)၏ စာထဲတွင် ရေးထားသော ပါရမီရှင်မိန်းကလေး လင်းရန် ဖြစ်ရမည်။
ထိုသို့တွေးမိပြီးနောက် သူ လင်းရန်ကို ကြည့်လိုက်သည်။
“မင်းက လင်းရန်လား?”
“ဟုတ်ပါတယ်၊ ကျန်းမာပါရဲ့လား အဘိုးရှုန်း.. ခွင့်ပြုချက်မတောင်းဘဲ ရုတ်တရက် လာနှောင့်ယှက်မိတာကို စိတ်မရှိပါနဲ့!”
လင်းရန် ရှုန်းကန်းကို ရိုသေစွာဖြင့် နှုတ်ဆက်လိုက်သည်။ ရှုန်းကန်းက အဘွားဝူ၏ စာကို ရရှိထားပုံရသောကြောင့် ရှေ့ဆက်ရမည်ကိစ္စက ပို၍ လွယ်ကူသွားပေလိမ့်မည်။
“ကောင်းပြီ ကောင်းပြီ၊ အထဲကို အရင်ဝင်ကြဦး”
ရှုန်းကန်းက ပြုံး၍ ခေါင်းညိတ်လိုက်ကာ တံခါးကို ကျယ်ကျယ်ဖွင့်ပေးပြီး လင်းရန်နှင့် ချင်းယွင်ကျစ်တို့ကို အိမ်ထဲသို့ ဖိတ်ခေါ်လိုက်လေသည်။
သူတို့နှစ်ဦး အိမ်ထဲသို့ဝင်ရန် ခြေလှမ်းပြင်လိုက်စဉ်မှာပင် ပရော်ဖက်ဆာဟောင်၏ အသံက နောက်ဘက်မှ ထွက်ပေါ်လာသည်။
“ရှုန်းတိ... ဒီနေ့ တခြားဧည့်သည်တွေလည်း ရှိသေးတာလား?”
ပရော်ဖက်ဆာဟောင်၏ ခြေလှမ်းများ တုံ့ဆိုင်းသွားခဲ့သည်။ သူ့အနေဖြင့် ရှုန်းကန်း၏ မိသားစုနှင့် သူသာလျှင် ရှိမည်ဟု ထင်ထားသဖြင့် ယနေ့ မည်သည့်အရာကိုမှ ဝယ်မလာခဲ့ပေ။
အကယ်၍ တခြားဧည့်သည်များ ရှိနေမည်ကို သိခဲ့လျှင် ထမင်းဝိုင်းအတွက် အရက်ကောင်းတစ်ပုလင်းလောက်လောက် ဝယ်လာခဲ့ပေလိမ့်မည်။
ရှုန်းကန်းက သူရောက်လာသည်ကို မြင်သောအခါ ချက်ချင်းပင် ရယ်မောလိုက်သည်။“အဆင်ပြေပါတယ်... ဒါက ကျွန်တော့်ရဲ့ ဆွေမျိုးဝေးတွေလေ.. မြန်မြန်ဝင်လာခဲ့၊ ဘယ်သူ့အတွက်မှ ဟင်းမပြတ်စေရဘူး၊ တာ့ကောအတွက်လည်း အဝစားလို့ရအောင် ဟင်းတွေ အဆင်သင့်ရှိတယ်!”
ရှုန်းကန်း၏ ဆွေမျိုးများဖြစ်ကြောင်း ကြားလိုက်ရလျှင် ပရော်ဖက်ဆာဟောင် စိတ်သက်သာရာ ရသွားခဲ့သည်။
“ဟားဟား... မင်းကတော့ ငါ့ရဲ့စိတ်ကို သိနေတာပဲ!”
လင်းရန်နှင့် ချင်းယွင်ကျစ်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့ ရောက်လာချိန်က အနည်းငယ်တိုက်ဆိုင်သွားသည်ဟု ခံစားလိုက်ရသည်။
စားဖိုမှူးရှုန်းက ယနေ့တွင် သူငယ်ချင်းများကို အိမ်သို့ဖိတ်ထားပုံရပေသည်။ သို့သော် ဤနေရာသို့ရောက်လာပြီဖြစ်၍ ရုတ်တရက်ပြန်လှည့်ထွက်သွားရန် အကြောင်းပြချက် မရှိသောကြောင့် သူတို့နှစ်ယောက်လည်း မတတ်နိုင်စွာဖြင့်နောက်မှလိုက်ဝင်လာခဲ့ကြရသည်။
ရှုန်းကန်း၏ ခြံဝင်းထဲသို့ဝင်သွားပြီးနောက် ရှုန်းကန်းနှင့် အဘွားဝူတို့က မောင်နှမအရင်းများကဲ့သို့ပင် အကြိုက်တူကြောင်း လင်းရန် သတိပြုမိသွားသည်။
ဤခြံဝင်းကို ပြင်ဆင်ထားသည့် ပုံစံမှာ အဘွားဝူ၏ အိမ်နှင့်ထပ်တူကျလောက်အောင်ပင်တူညီနေခဲ့သည်။
အနည်းငယ်လောက်သော ကွဲပြားမှုများသာ မရှိလျှင် သူမအနေဖြင့် အဘွားဝူ၏အိမ်သို့ ပြန်ရောက်နေသည်ဟုပင် ထင်မှတ်မိပေလိမ့်မည်။
အိမ်ထဲတွင် ရှုန်းကန်းအပြင် သူ၏ ဇနီးသည် အဘွားရှုန်းလည်း ရှိနေသည်။ အဘွားရှုန်း၏ ရုပ်ရည်မှာ ရှုန်းကန်းနှင့် လုံးဝဆန့်ကျင်ဘက်ပင်။
သူမသည်က အလွန်ပင် ကြင်နာတတ်မည့်ပုံရှိသော အဘွားအိုတစ်ဦးဖြစ်ပုံရပြီး လက်ထဲတွင်လည်း မြေးမလေးတစ်ဦးကို ချီထားသည်။
အဘွားအို၏ စရိုက်က သူမ၏ ရုပ်ရည်အတိုင်းပင် ဖြစ်ပုံရသည်။
သူမက လင်းရန်နှင့်ချင်းယွင်ကျစ်တို့ကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်း ဖြစ်သော်လည်း အလွန်ပင်ဖော်ဖော်ရွေရွေရှိနေခဲ့သည်။
အဘွားဝူထံမှ စာကိုသူမလည်း ဖတ်ဖူးပုံရပြီး သူတို့နှစ်ဦးကို မိသားစုဝင်များကဲ့သို့ဆက်ဆံလာခဲ့လေသည်။
အဘွားရှုန်း၏ ဖော်ရွေမှုကြောင့် လင်းရန်၏ စိတ်လှုပ်ရှားမှုများလည်း လျော့ပါးသွားခဲ့သည်။
“လာကြလာကြ... သမီးတို့ ဒီမှာ အရင်ထိုင်ကြဦး.. တခြားကိစ္စတွေ ရှိရင်တောင်မှ အရင်ဆုံး ထမင်းစားပြီးမှ ပြောကြတာပေါ့”
အဘွားရှုန်းက လင်းရန်နှင့် ချင်းယွင်ကျစ်တို့ကို ပြုံးရွှင်စွာ နှုတ်ဆက်ပြီးသည်နှင့် ခြံထဲတွင် ပရော်ဖက်ဆာဟောင်နှင့်အတူ ငါးကန်ထဲမှ ငါးများကို ကြည့်နေသော ရှုန်းကန်းကို လှမ်းအော်ပြောလိုက်သည်။
“ရှုန်းကန်း... ရှင် အဲဒီမှာ ဘာရပ်လုပ်နေတာလဲ? မြန်မြန်သွားပြီး ဟင်းမချက်သေးဘူးလား!”
ထိုအသံမှာ အားမာန်အပြည့်ရှိနေပြီး ခြံတစ်ခုလုံးကို ဟိန်းထွက်သွားခဲ့သည်။
လွန်ခဲ့သော တစ်စက္ကန့်ကမှ အဘွားရှုန်းကို နူးညံ့သိမ်မွေ့သော အဘွားအိုဟု ထင်မှတ်ထားသည့် လင်းရန်: “...”
စိတ်မကောင်းပါဘူး။ သူမ အမြင်တိမ်သွားတာပဲ။
မုတ်ဆိတ်ဗလပွနှင့် ကြမ်းတမ်းမည့်ပုံပေါက်သော ရှုန်းကန်းမှာတော့ ဇနီးဖြစ်သူ၏ ဟိန်းဟောက်သံကို ကြားသည်နှင့် ချက်ချင်းပင် ခြင်္သေ့ကြီးဘဝမှ သိုးငယ်လေးတစ်ကောင်ကဲ့သို့ ဖြစ်သွားသည်။
“ကောင်းပြီ ကောင်းပြီ ... လာနေပြီ၊ လာပြီ၊ ဟင်းသွားချက်တော့မယ်!”
သူက ထိုသို့ပြောကာ မီးဖိုချောင်သို့ သုတ်သုတ်သုတ်သုတ်ဖြင့် ဝင်သွားလေတော့သည်။ သူ နေရာမှထွက်လာချိန်တွင် ပရော်ဖက်ဆာဟောင်ကိုလည်း မျက်စိတစ်ချက်မှိတ်ပြကာ သူ့ကို ကူညီရန် ခေါ်သွားခဲ့သည်။
ပရော်ဖက်ဆာဟောင်သည်လည်း လုပ်စရာမရှိသောကြောင့် သူနှင့်အတူ လိုက်သွားလေသည်။
လင်းရန်နှင့် ချင်းယွင်ကျစ်တို့မှာတော့ အဘွားရှုန်းနှင့်သာ စကားဖြစ်ခဲ့ကြသည်။
မီးဖိုချောင်ထဲတွင် ပရော်ဖက်ဆာဟောင်က လင်းရန်နှင့် ချင်းယွင်ကျစ်တို့အကြောင်းကို သိချင်စိတ်တို့ဖြင့် စပ်စုမေးမြန်းနေခဲ့သည်။
သူ့အနေဖြင့် လင်းရန်ကို မြင်လိုက်ရချိန်တွင် မြေးဖြစ်သူကိုသတိရသွားပြီး သက်ပြင်းချမိလေသည်။
“ဒီကောင်မလေးက အိမ်ထောင်ကျပြီးပြီလားမသိဘူး၊ သူမကို ကြည့်ရတာ အတော်လေး တက်ကြွလန်းဆန်းတဲ့ပုံပဲ”
သူ့၏အရွယ်သို့ရောက်လာသည့် လူကြီးအများစုကဲ့သို့ပင် သူသည်လည်း မြေးအရွယ်ကလေးများကို အိမ်ထောင်အမြန်ပြုစေချင်သည့် ဝါသနာပါလာခဲ့သည်။
သူ၏မြေးက ဤကိစ္စတွင် မည်သည်ကိုမှ နားမလည်သေးသော်လည်း အရွယ်ကတော့ ထိုအရွယ်သို့ရောက်နေပြီပင်။
အကယ်၍ သင့်တော်သော လက်တွဲဖော်တစ်ယောက် ရှာပေးလိုက်လျှင် ထိုကလေးသည်လည်း လူကြီးဆန်လာနိုင်မည် မဟုတ်ပါလား။
ထို့အပြင် လင်းရန်သည်က ရုပ်ရည်ချောမောပြီး အသက်ကလည်း သိပ်မကြီးလှပေ။ ထို့ကြောင့် အခွင့်အရေးရှိလျှင် သူ၏ အသုံးမကျသော မြေးလေးနှင့် စပ်ဟပ်ပေးကြည့်ရမည်ဟု တွေးမိလေသည်။
သို့သော် ကံမကောင်းစွာဖြင့် ရှုန်းကန်းကိုယ်တိုင်လည်း လင်းရန်နှင့် ယနေ့မှသာ စတွေ့ခြင်းဖြစ်နေခဲ့သည်။
“ဒါကိုတော့ ကျွန်တော်လည်း ဘယ်သိမလဲ၊ ဒီကလေးမလေးက ကျွန်တော့်ရဲ့အိမ်ကိုလာတာ ဒါ ပထမဆုံးအကြိမ်ပဲ”
“ဟမ်.. သူက မင်းရဲ့ ဆွေမျိုးမဟုတ်ဘူးလား?”
ပရော်ဖက်ဆာဟောင်က နားမလည်နိုင်စွာကြည့်လိုက်မိသည်။ သူ့အနေဖြင့် လင်းရန်ကို သူ့မြေးနှင့် မိတ်ဆက်ပေးချင်နေသည်မှာ ရှုန်းကန်း၏ ဆွေမျိုးဟု ထင်မှတ်နေသောကြောင့်သာ ဖြစ်ပေ၏။
သိကျွမ်းသူအချင်းချင်းဆိုလျှင် မိတ်ဆက်ပေးရသည်က ပြဿနာမရှိနိုင်ပေ။ရှုန်းကန်းက လင်းရန် ရောက်လာသည့် အကြောင်းရင်းကို ပရော်ဖက်ဆာဟောင်ထံသို့ ဖုံးကွယ်ထားခြင်းမရှိဘဲ ပြောပြလိုက်သည်။ ထိုအခါမှ ပရော်ဖက်ဆာဟောင်လည်း ချီးကျူးမိလေ၏။
“ဒီခေတ် ကောင်မလေးတွေက တကယ်ကို တော်ကြတာပဲ”
ရှုန်းကန်း ခေါင်းညိတ်လိုက်သည်။
“ကျွန်တော့်ရဲ့စီနီယာအစ်မကိုယ်တိုင်က အာမခံထားတာဆိုတော့ ဒီကလေးမရဲ့ လက်ရာကလည်း မဆိုးလောက်ဘူး”
သူသည်က သူ၏ စီနီယာအစ်မကို အလွန်ယုံကြည်သူဖြစ်ပေသည်။
စာထဲတွင် အဘွားဝူက လင်းရန်ကို အလွန်အမင်း ချီးကျူးထားပြီး သူမတွင် ပါရမီရှိကြောင်း၊ လက်ရှိလက်ရာမှာလည်း အလွန်ကောင်းမွန်ကြောင်း ၊ သို့သော်လည်း အသေးစိတ်အချက်တချို့ကိုတော့ ထပ်မံ မြှင့်တင်ရန် လိုအပ်နေသေးကြောင်း ရေးသားထားခဲ့သည်။
ထို့ကြောင့် ရှုန်းကန်းအနေဖြင့် လင်းရန်၏ လက်ရာကို မမြင်ဖူးသေးသော်လည်း သူမကို အတွေ့အကြုံမရှိသော အဆင့်သစ်သင်တန်းသူတစ်ဦးကဲ့သို့ သဘောမထားပါချေ။
ပရော်ဖက်ဆာဟောင်သည်လည်း လင်းရန်က ပညာသင်ရန် ရောက်လာခြင်းဖြစ်ကြောင်းကို ကြားလိုက်ရချိန်တွင် မြေးဖြစ်သူအတွက် စေ့စပ်ပေးမည့် စိတ်ကူးများအားလုံးလုံးဝပင် ပျောက်ကွယ်သွားတော့သည်။
လူတစ်ယောက်က အလုပ်ကိစ္စနှင့် ရောာ်လာသည်ကို သူက အနှောင့်အယှက် မပေးလိုပါချေ။