အခန်း (၂၆၁)
Vol. 27 Ch. 261
စုန့်စစ်ယွီတစ်ယောက် မှန်ထဲတွင်ကိုယ့်ကိုယ်ကိုယ် ကြည့်ကာ စိတ်ကျေနပ်သွားခဲ့သည်။ သူမအနေဖြင့် စိတ်ကြည်လင်စွာဖြင့် အောက်ထပ်သို့ ဆင်းလာချိန်တွင် ဆိုဖာပေါ်တွင် ထိုင်ကာ တစ်ခုခုကိုငုံ့ကြည့်နေသော လီရှို့လီကို တွေ့လိုက်ရသည်။
သူမ လှမ်းကြည့်လိုက်လျှင် လီရှို့လီက လင်းရန်၏ ဓာတ်ပုံကိုကြည့်နေကြောင်းကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။
လင်းရန် ဤအိမ်က ထွက်သွားသည်မှာ ကြာပြီဖြစ်ကာ မည်သူကမှ လင်းရန်၏နာမည်ကို မပြောလျှင် စုန့်စစ်ယွီပင် သူမ၏အကြောင်းကို မစဉ်းစားမိတော့ပေ။
သို့သော် လီရှို့လီသည် သူမ၏ မျက်စိအောက်တွင်ပင် လင်းရန်၏ ဓာတ်ပုံကို သတ္တိရှိစွာကြည့်နေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ဘာလဲ... သူမက သူမရဲ့သမီးကို လွမ်းလွန်းလို့တွေ့ချင်နေတာလား။
“ရှင် ဘာလုပ်နေတာလဲ!”
စုန့်စစ်ယွီ၏ အသံကို ကြားလျှင် လီရှို့လီလန့်ဖြန့်သွားရပြီး ဓာတ်ပုံကို သူမ၏ တင်ပါးအောက်သို့ အမြန်ဝှက်လိုက်သည်။
“မဝှက်နေနဲ့တော့၊ ကျွန်မ မြင်ပြီးပြီ”
စုန့်စစ်ယွီ အေးစက်စွာ ပြောလိုက်သည်။
လီရှို့လီက တုန်ရင်စွာဖြင့် ပြုံး၍ ရှင်းပြလိုက်သည်။
“ငါ... ငါ့မှာ တခြား ရည်ရွယ်ချက် မရှိပါဘူး.. ပစ္စည်းတွေ သိမ်းရင်းနဲ့ ဒီဓာတ်ပုံတွေ ထွက်လာလို့ပါ.. အချိန်ကြာနေပြီဆိုတော့ ဖုန်တွေ ပေနေမှာစိုးလို့ သုတ်ပေးနေတာပါ.. ကြည့်လေ... ဒီမှာ သူ့ပုံပဲရှိတာမဟုတ်ပါဘူး၊ မင်းရဲ့ပုံနဲ့ မင်းအဖေရဲ့ပုံတွေလည်း အကုန်ရှိတယ်!”
လီရှို့လီ၏ စကားက အမှန်သာ ဖြစ်သည်။ သူမက လင်းရန်၏ ပုံကို မတွေ့ခင် တခြားပုံများကို ဦးစွာသိမ်းဆည်းနေခဲ့ခြင်း ဖြစ်သည်။
သို့သော် လင်းရန်၏ ရင်းနှီးသော မျက်နှာကို မြင်လိုက်ရချိန်တွင် သူမ၏ရင်ထဲတွင် လွမ်းဆွတ်သည့်ခံစားချက်များ ရုတ်တရက်တိုးဝင်လာခဲ့သည်။
အထူးသဖြင့် လင်းရန် ထွက်သွားပြီးနောက်ပိုင်း သူမအနေဖြင့် စုန့်မိသားစုတွင် အဖော်မဲ့လာခဲ့ရကာ ဘေးဖယ်ခံထားရသည်။
စုန့်စစ်ယွီနှင့် စုန့်ဝေ့တို့၏ မျက်နှာကိုသာ နေ့တိုင်း ကြည့်၍နေရသဖြင့် သူမ၏ရင်ထဲတွင် နာကျည်းချက်များစွာ စုပုံနေခဲ့သည်။
သူမအနေဖြင့် ဤနေရာတွင် မနေချင်တော့သော်လည်း စုန့်မိသားစုကလွဲ၍ သွားစရာနေရာလည်း မရှိသဖြင့်သာ ခါးသက်စွာနှင့်သာ နေထိုင်နေလဲ့ရခြင်းဖြစ်သည်။
ဤဘဝမှာ အမှန်ပင်စိတ်ပျက်စရာ ကောင်းလှသည်။ သို့သော် ဤနေရာတွင် ဆက်နေချင်သေးလျှင် စုန့်ဝေ့နှင့်သူ၏သမီးကို မျက်နှာချိုသွေးနေရပေဦးမည် ။
စုန့်စစ်ယွီ နှာခေါင်းရှုံ့လိုက်ပြီး ပြောလာခဲ့သည်။
“ကျွန်မ အရင်က ပြောဖူးသလိုပဲ.. ဒါက ကျွန်မရဲ့ စုန့်မိသားစုပဲ.. စုန့်မိသားစုဝင်တွေရဲ့ ပုံကလွဲလို့ တခြား စိတ်အနှောင့်အယှက်ဖြစ်စရာ လူတွေရဲ့ ပုံကို ကျွန်ရဲ့မျက်စိရှေ့မှာ မတွေ့ပါစေနဲ့
မဟုတ်ရင်တော့ ရှင့် သူ့ကို တကယ်တွေ့ချင်နေတယ်လို့ ယူဆပြီး သူ့ဆီကိုပဲ အပြီးပြန်ပို့ပေးလိုက်မယ်.. ဘယ်လိုလဲ?”
စုန့်စစ်ယွီ၏ ဆိုလိုရင်းမှာ ရှင်းပေသည်။ လီရှို့လီသာ လင်းရန်၏အကြောင်းကို ထပ်ပြောနေဦးမည်ဆိုပါက သူမကို လင်းမိသားစုထံသို့ အပြီးအပိုင် ပြန်ပို့ပစ်လိမ််မည် ။
ထိုစကားကို ကြားလျှင် လီရှို့လီတစ်ယောက် ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်သည်။
“မရှိပါဘူး... ငါ့စိတ်ထဲမှာ တခြား ဘာအတွေးမှ မရှိပါဘူး.. အခု ငါ့ရဲ့ရင်ထဲမှာ မင်းနဲ့ မင်းအဖေပဲ ရှိတာပါ.. စစ်ယွီ... အထင်မလွဲပါနဲ့!”
“ဘာပဲဖြစ်ဖြစ်... ရှင့်ဘာသာ သိထားရင် ပြီးတာပဲ.. ဒါကို နောက်ဆုံးအကြိမ်လို့သလောထားလိုက်မယ်”
ထိုသို့ပြောပြီးနောက် စုန့်စစ်ယွီက လီရှို့လီ မည်မျှစိတ်မသက်မသာ ဖြစ်နေသည်ကို ဂရုမစိုက်တော့ဘဲ ခေါင်းကိုမော့ကာ အပြင်သို့ ထွက်သွားလေသည်။
သူမ ထွက်သွားပြီးနောက် လီရှို့လီ၏ နှိမ့်ချသော မျက်နှာက နာကျည်းသောအမူအရာသို့ ချက်ချင်း ပြောင်းလဲသွားသည်။
“ဟမ့်! နင် ဘာတွေများအဟုတ်ကြီး ထင်နေတာလဲ.. စုန့်ဝေ့က မင်းအဖေဖြစ်နေလို့သာပေါ့၊ မဟုတ်ရင် နင်က ဘယ်အဆင့်ရှိလို့ ဒီလောက်တောင် လက်ဖျားခြေဖျားခါနေနိုင်မှာလဲ!”
ယခုအချိန် လီရှို့လီ၏ စိတ်ထဲတွင် တစ်ချိန်က သူမ အလွန်ချစ်ခဲ့သော သမီးဖြစ်သူ စုန့်စစ်ယွီက သူမ၏ အမုန်းဆုံးလူ ဖြစ်နေခဲ့ပြီ။ ဒုတိယ အမုန်းဆုံးလူမှာ စုန့်ဝေ့ ဖြစ်သည်။
သို့သော် စုန့်ဝေ့မှာ တစ်အိမ်လုံး၏ အာဏာကို ဆုပ်ကိုင်ထားသူဖြစ်၍ သူမ ထုတ်မပြောဝံ့ပေ။ စုန့်စစ်ယွီကိုသာ သူမ၏ ကွယ်ရာတွင် အမြဲတစေ ကျိန်ဆဲနေတတ်သည်။
ယခု စုန့်စစ်ယွီ ပြင်ဆင်ပြီး ထွက်သွားသည်ကို မြင်လျှင် သူမသည်က ယောက်ျားတစ်ယောက်နှင့် သွားတွေ့မည်ဖြစ်ကြောင်း၊ ထိုသူမှာလည်း သူမနှင့် စေ့စပ်ထားသည့် ရှုကျစ်ဝမ် မဟုတ်ကြောင်းကို လီရှို့လီ ရိပ်မိသည်။
စုန့်စစ်ယွီက ရှုမိသားစုနှင့် ရှုကျစ်ဝမ်တို့ကဲ့သို့ ငတုံးများကို လှည့်ဖြားနိုင်သော်လည်း သူမကိုတော့ လှည့်ဖြား၍ မရပေ။ အဘယ်ကြောင့်ဆိုသော် လီရှို့လီက တစ်နေ့လုံး အလုပ်မရှိသောကြောင့် အိမ်မှုကိစ္စပြီးသည်နှင့် အပြင်သို့ထွက်ကာ လမ်းလျှောက်တတ်သောကြောင့် ဖြစ်သည်။
သူမက စုန့်စစ်ယွီ တခြားယောက်ျားတစ်ယောက်နှင့် လမ်းလျှောက်နေသည်ကို တစ်ကြိမ်ထက်မက တွေ့ခဲ့ဖူးပြီး၊ စုန့်စစ်ယွီ၏ မျက်နှာမှာလည်း ရှက်သွေးဖြာနေသော မိန်းမပျိုလေးကဲ့သို့ဖြစ်နေသည်ကို မြင်ခဲ့ရသည်။သူမ ထိုယောက်ျားကို ကြိုက်နေကြောင်းကို မည်သူမဆို သိနိုင်ပေသည်။ သို့သော် ပြဿနာမှာ ထိုလူငယ်က ရှုကျစ်ဝမ်မဟုတ်ခြင်းပင်။
ထို့ကြောင့် စုန့်စစ်ယွီက လှေနံနှစ်ဘက်နင်းနေခြင်းဖြစ်ကြောင်းကို လီရှို့လီ ချက်ချင်း သဘောပေါက်လိုက်သည်။
ဘုရားရေ... ကမ္ဘာပေါ်မှာ ဒီလောက်ထိ အရှက်မရှိတဲ့ မိန်းမ ရှိနေသေးတာလား။
သူမက အမျိုးသမီးထုတစ်ရပ်လုံးကို အရှက်ခွဲနေခြင်းသာဖြစ်သည်။ စုန့်စစ်ယွီက အလွန်လိမ္မာယဉ်ကျေးသူဟု သူမ ထင်ခဲ့မိသည်များကို ပြန်စဉ်းစားမိတိုင်း လီရှို့လီတစ်ယောက် မိမိကိုယ်ကိုယ် နောင်တရမိသည်။
သို့သော် သူမသည်က စုန့်မိသားစုတွင် ဆက်နေရဦးမည်ဖြစ်ရာ ဤလျှို့ဝှက်ချက်ကို သိသော်လည်း ထုတ်မပြောဝံ့သေးပေ။
သို့ဖြစ်သော်လည်း စကားများတတ်သော လီရှို့လီအတွက် ဤလျှို့ဝှက်ချက်ကို ရင်ထဲတွင် သိမ်းထားရခြင်းက နှိပ်စက်မှုတစ်မျိုးဖြစ်နေခဲ့သည်။
သူမအနေဖြင့် စိတ်ကို ထိန်းထားရမည်ဟု ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးနေရသည်။ အကယ်၍ စုန့်စစ်ယွီကသာ သူမကို အမှန်တကယ် ဒေါသထွက်အောင် လုပ်လာလျှင်တော့ ဤသတင်းကို ဖြန့်ဝေပြီး လက်စားချေမည်ဟု ဆုံးဖြတ်ထားခဲ့သည်။
ယခုအချိန်တွင် သူမက စုန့်စစ်ယွီ၏ အမူအရာကို မကျေနပ်သော်လည်း ပေါက်ကွဲရမည့် အခြေအနေအထိတော့ မရောက်သေးပေ။
သို့သော် စုန့်စစ်ယွီနှင့် တိုက်ရိုက် ရန်မဖြစ်နိုင်သေးသော်လည်း သူမအတွက် ပြဿနာတချို့ကို ဖန်တီးပေးခြင်းကတော့ အဆင်ပြေနိုင်ပေသည်။
ထို့ကြောင့် လီရှို့လီက မျက်လုံးကို လှန်လိုက်ပြီး ဓာတ်ပုံများကို အမြန်သိမ်းကာ အပြင်သို့ ထွက်လာခဲ့သည်။
သူမအနေဖြင့် စုန့်စစ်ယွီ၏ အရှက်မရှိသော အပြုအမူကို တိုက်ရိုက် မဖော်ထုတ်နိုင်သော်လည်း၊ အရိပ်အမြွက်တချို့ကိုတော့ စတင်ပြောဆိုနိုင်သည်။
ထိုသတင်းစကားက ရှုမိသားစုထံသိာ့ ရောက်သွားလျှင် အကောင်းဆုံးပင်။ စုန့်စစ်ယွီမှ ရှုမိသားစုကို ပြီးခဲ့သည့်အကြိမ်ကလို အလွယ်တကူ ထပ်မံ လှည့်ဖြားနိုင်လိမ့်မည်ဟု သူမ မယုံကြည်ပါချေ။
လီရှို့လီတစ်ယောက် စုန့်စစ်ယွီကို ပြဿနာရှာပေးနိုင်မည်ဟု တွေးမိသည်နှင့် အလွန်ပင် ပျော်ရွှင်လာခဲ့သည်။
.......
စုန့်စစ်ယွီ စာအုပ်ဆိုင်သို့ ရောက်ပြီးနောက် ဟောင်ဖင်းနှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် ဟောင်ဖင်းက သူမကို စာအုပ်ဆိုင်ထဲသို့ ခေါ်ဆောင်သွားခဲ့ပြန်သည်။
သူမအနေဖြင့် အလွန်ပင် စိတ်ပျက်ငြီးငွေ့နေသော်လည်း ဟောင်ဖင်းနှင့်အတူ စာအုပ်များကို ရှာဖွေလေ့လာရသည်ကို စိတ်ဝင်စားသကဲ့သို့ဆက်လက်ဟန်ဆောင်နေခဲ့သည်။
သူမ ဒုက္ခခံနေရသည်ဟု ခံစားနေရချိန်တွင် လီရှို့လီက တခြားလူများထံတွင် သူမ လှပစွာပြင်ဆင်၍ အပြင်သို့ ထွက်သွားကြောင်းကို အောင်မြင်စွာ ပုံဖော်ပြောဆိုနေသည်ကို မသိရှိခဲ့ပေ။
လီရှို့လီက အတော်လေး ပါးနပ်သည်။ အကယ်၍ သူမသာ စုန့်စစ်ယွီမှ တခြားသူနှင့် ချိန်းတွေ့ရန် ထွက်သွားသည်ဟု တိုက်ရိုက်ပြောလျှင် ရှုမိသားစု ရောက်လာချိန်တွင် သူမ၏နာမည်ကိုထည့်ပြောလာမည်ကို သိသည်။
ထို့ကြောင့် သူမက ဤသိုသာ ပြောဆိုလိုက်သည်။
“ငယ်ရွယ်တာက တကယ်ကို ကောင်းတာပဲ၊ ကျွန်မတို့အိမ်က စစ်ယွီလိုမျိုးလေ၊ သူမက အပြင်ကိုသွားဖို့ ရိုးရိုးရှင်းရှင်းလေးပြင်ဆင်သွားရင်တောင် အရမ်းကြည့်ကောင်းနေတာ”
သူမ ထိုသို့ပြောလိုက်သည်နှင့် စကားဝိုင်းက စုန့်စစ်ယွီဘက်သို့ သဘာဝကျစွာ လည်ပတ်သွားပြီး ပတ်ဝန်းကျင်ရှိ လူများကလည်း စုန့်စစ်ယွီ မည်သည့်နေရာသို့ သွားကြောင်းကို စတင်မေးမြန်းကြတော့သည်။
လီရှို့လီက အမှန်တရားကို သိသော်လည်း လူများ၏ရှေ့တွင် တိုက်ရိုက်မပြောဘဲတစ်ခုလုကိုဖုံးကွယ်သကဲ့သို့ ဟန်ဆောင်ကာပြောလိုက်သည်။
“အပြင်မှာ သွားကစားတာ ဖြစ်မှာပါ”
လူတိုင်းက ထိုစကားကို ကြားလျှင် အမျိုးမျိုး ခန့်မှန်းကြတော့သည်။
ယခုအချိန်တွင် ဝန်ထမ်းအိမ်ရာဝင်းအတွင်းရှိ လူတိုင်းက စုန့်စစ်ယွီနှင့် ရှုကျစ်ဝမ်တို့၏အကြောင်းကို သိကြသည်။
အစိုးရပိုင်ဟိုတယ်တွင် စားသောက်စဉ်က ဖြစ်ခဲ့သော ဟာသပြဇာတ်မှာ ယခုအချိန်ထိ ပြောနေကြဆဲဖြစ်သောကြောင့် ထိုမိသားစုနှစ်ခုက လုံးဝကို ဆက်နွယ်နေပြီဟု အားလုံးက ယူဆထားကြသည်။
ထို့ကြောင့် စုန့်စစ်ယွီက ယခုအချိန်တွင် ရှုကျစ်ဝမ်နှင့် သွားတွေ့နေခြင်းလားဟု တွေးမိကြသည်။
သို့သော် ရှုမိသားစု၏ သားဖြစ်သူမှာ မနေ့က ပြန်မလာခဲ့ပေ။ ထိုသို့ဆိုလျှင် သူမက မည်သူ့ကို သွားတွေ့သနည်း။
စုန့်စစ်ယွီသည်က အလုပ်မရှိဘဲ တစ်နေ့လုံး အိမ်တွင်သာ အချိန်ဖြုန်းနေသူဖြစ်ကြောင်းကို အားလုံးသိထားကြသည်။
သူမ အပြင်သို့ထွက်သည်ဆိုလျှင် ကိစ္စတစ်ခုခု သို့မဟုတ် လူတစ်ယောက်ယောက်နှင့် တွေ့ရန်သာ ဖြစ်ရမည်။
ရှုကျစ်ဝမ်က အိမ်တွင်မရှိနေခဲ့ဘဲ သူမက ဤမျှ လှပစွာပြင်ဆင်၍ ထွက်သွားသည်ဆိုလျှင်...
အတင်းအဖျင်း ပြောတတ်သော အမျိုးသမီးကြီးတချို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ရဲတင်းသော အတွေးတစ်ခု ဝင်လာကြသည်။
“သူမ တခြားယောက်ျားတစ်ယောက်နဲ့ သွားတွေ့နေတာများလား”
သူတို့က လီရှို့လီကို အရိပ်အမြွတ် မေးမြန်းကြသော်လည်း လီရှို့လီက မည်သည်ကိုမှမသိဟန်ဖြင့် အမြန်ပင် ငြင်းဆိုခဲ့သည်။
ထို့ကြောင့် သူတို့က ရှုမိသားစုထံသို့သာ သွားရန် ဆုံးဖြတ်လိုက်ကြသည်။ လီရှို့လီက မိထွေးဖြစ်သောကြောင့် စုန့်စစ်ယွီတွင် တစ်ခုခုဖြစ်နေလျှင်ပင် ထုတ်ပြောလိမ့်မည်မဟုတ်ပေ။ထို့ကြောင့် ရှုမိသားစုထံသို့သွားကာ သူတို့၏သားဖြစ်သူ ရှုကျစ်ဝမ်နှင့် စုန့်စစ်ယွီတို့ လမ်းခွဲလိုက်ပြီလားဆိုသည်ကို စုံစမ်းရန် ပြင်ဆင်ကြတော့သည်။
“ ငါ အလုပ်လေးရှိလို့ အိမ်ကိုအရင်ပြန်လိုက်ဦးမယ်”
“ငါလည်း အလုပ်ရှိနေသေးတယ်!”
“ဟေး... နေဦးလေ၊ ငါလည်း လိုက်မယ်!”
ထိုအမျိုးသမီးများ အလုအယက် ထွက်ခွာသွားသည်ကို မြင်လျှင် လီရှို့လီတစ်ယောက် သူမ၏ အောင်မြင်မှုအတွက် တိတ်တဆိတ် ဖုံးကွယ်၍ ပြုံးလိုက်လေသည်။