← Chapters

အခန်း (၂၆၂)

Vol. 27 Ch. 262

အခန်း (၂၆၂)

Vol. 27 Ch. 262

စုန့်စစ်ယွီတစ်ယောက် ဟောင်ပင်းနှင့်တွေ့ရ၍ ပင်ပန်းနွမ်းနယ်နေခဲ့သော ခန္ဓာကိုယ်ဖြင့် အိမ်သို့ပြန်ရောက်လာပြီးနောက် ဆိုဖာပေါ်တွင် မထိုင်ရသေးမီ ဒေါသတကြီး အမူအရာဖြင့် ရောက်ရှိလာသည့် ရှာကျစ်ဝမ်၏ မိခင်နှင့် တွေ့ဆုံရသည်။

“စုန့်စစ်ယွီ... ထစမ်း!”

အမေရှုမှာ ပုံမှန်အားဖြင့် သိက္ခာနှင့် မျက်နှာကို အလွန်ဂရုစိုက်သူဖြစ်သော်လည်း ယခုအချိန်တွင်မူ မည်သည့်အရာကိုမှဂရုမစိုက်နိုင်တော့ပေ။

သူမက စုန့်စစ်ယွီကို မီးမြိုက်ချင်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။

စုန့်စစ်ယွီတစ်ယောက် သူမ၏ အပြုအမူကြောင့် လန့်သွားပြီး ချက်ချင်း ထရပ်လိုက်မိသည်။ သူမ၏ နှလုံးသားထဲတွင် အပြစ်ရှိသကဲ့သို့ ခံစားနေရသဖြင့် အပြင်ပန်းတွင် ပို၍ပင်အပြစ်ကင်းစင်ယောင်ဆောင်လိုက်သည်။

“အန်တီ ရောက်လာတာလား၊ မြန်မြန်ထိုင်ပါဦး ဘာများဖြစ်လို့လဲ.. အတော်လေး စိတ်တိုနေပုံပဲ၊ သမီး တစ်ခုခု မှားလုပ်မိလို့လား?”

စုန့်စစ်ယွီက အလွန်ပင်အပြစ်ကင်းစင်သော မျက်နှာအမူအရာဖြင့် ကြည့်လာခဲ့သည်။

သူမ၏အမူအရာကို မြင်လျှင် အန်တီရှုက သူမ လူမှားသွားပြီလားဟုပင် ထင်မှတ်သွားရသည်။ သို့သော် မွန်းလွဲပိုင်းက အတင်းအဖျင်းပြောတတ်သည့် မိန်းမများလာပြောသွားသည့် စကားများကို ပြန်တွေးမိသောအခါ သူမ၏ ဒေါသများ ပြန်လည်ထွက်ပေါ်လာပြန်သည်။

“ငါ့ရှေ့မှာ လာပြီးဟန်ဆောင်မနေနဲ့၊ ဒီနေ့ နင် ဘယ်ကိုသွားခဲ့လဲဆိုတာ အမှန်အတိုင်း ပြောစမ်းပါ!”

အမေရှုက စုန့်စစ်ယွီကို ဒေါသတကြီး လက်ညှိုးထိုးရင်း မေးလာခဲ့သည်။

“နင်က နေ့တိုင်းအလုပ်လည်း မသွားရဘဲ ဘာလို့ ဒီလောက်တောင်ပြင်ဆင်ထားရတာလဲ၊ အပြင်က ယောက်ျားတွေနဲ့ သွားတွေ့နေတာလား?”

သူမ ရောက်လာသည့်အချိန်မှာ တိုက်ဆိုင်လွန်းပေသည်။ စုန့်စစ်ယွီအနေဖြင့် အပြင်မှ ပြန်ရောက်ကာစ ဖြစ်ပြီး အဝတ်ပင် မလဲရသေးသောကြောင်း အမေရှု၏ လက်ပူးလက်ကျပ် ဖမ်းမိခြင်းကို ခံလိုက်ရသည်။

စုန့်စစ်ယွီ သူမကိုယ်သူမ ဒေါသထွက်မိသွားရသည်။

ဘာလို့ အဝတ်အစားကိုအမြန်မလဲလိုက်တာလဲ။

ရှုမိသားစု၏ မျက်စိကို ရှောင်ရှားရန်အတွက် ယနေ့တွင် သူမက ရည်ရွယ်ချက်ရှိရှိဖြင့် ဘေးတံခါးမှ ထွက်ခဲ့သောကြောင့် မည်သူမှ မမြင်နိုင်လောက်ဟု ထင်ခဲ့မိသည်။

သို့သော်လည်း ယခုတွင်တော့ သူမ၏ သွားလာလှုပ်ရှားမှုက ပေါ်သွားခဲ့ပေပြီ။

စုန့်စစ်ယွီတစ်ယောက် မည်သည့်နေရာတွင် မှားယွင်းသွားသနည်းဟု စဉ်းစားမရ ဖြစ်နေသော်လည်း လီရှို့လီကိုတော့ လုံးဝ သံသယမဝင်ပေ။

ဆိုရလျှင် လီရှို့လီအနေဖြင့် ဤအိမ်တွင် ဆက်မနေချင်တော့လျှင်သာ ရှုမိသားစုထံသို့ သွားတိုင်ရဲမည်ဟု သူမယူဆထားခဲ့သည်။

ထို့ကြောင့် စုန့်စစ်ယွီက အမေရှု၏ မေးခွန်းကိုဖြေချိန်တွင် လိမ်မာပါးနပ်စွာဖြင့် သူမ အပြင်ထွက်သည်ကို မည်သူက ပြောလာခြင်းဖြစ်ကြောင်းကို ပြန်လည် စုံစမ်းလိုက်သည်။

“အန်တီ.. သမီး ဒီနေ့ စာအုပ်ဆိုင်ကိုပဲ သွားခဲ့တာ.. ရှုကျစ်ဝမ်ရော၊ အန်တီနဲ့ အန်ကယ်ပါ အသိပညာတွေရှိတဲ့သူတွေဆိုတာကို သမီး သိထားတယ်၊ ဒါကြောင့် သမီးလည်း အားတဲ့အချိန်မှာ စာအုပ်တွေ ပိုဖတ်ထားချင်တာ

နောင်ပိုင်းကျရင် အသိပညာ နည်းနေမှာစိုးလို့ ... တကယ်တော့ အန်တီတို့ကို အံ့သြသွားအောင် တိတ်တိတ်လေး လုပ်မလို့ပါပဲ၊ ဒါပေမဲ့ အန်တီက သိသွားပြီဆိုတော့...

ဒါကို ဘယ်သူ လာပြောတာလဲဆိုတာပြောလို့ရမလား၊ သမီး တကယ်ကို စိတ်မကောင်းဖြစ်မိလို့ပါ”

ထိုသို့ပြောရင်း စုန့်စစ်ယွီက သူမပြောသည်မှာ အမှန်ဖြစ်ကြောင်းကို သက်သေပြရန် ယနေ့ဝယ်လာသော စာအုပ်ကို ထုတ်ပြလိုက်သည်။

အမေရှုသည်လည်း ထိုစာအုပ်ကို မြင်လိုက်ရချိန်တွင် စိတ်ထဲ၌ယုံကြည်သွားခဲ့သည်။ အထူးသဖြင့် စုန့်စစ်ယွီက သူတို့မိသားစုနှင့် ထိုက်တန်အောင် ကြိုးစားနေခြင်းဖြစ်သည်ဟု ကြားရချိန်တွင် သူမ၏ စိတ်ထဲတွင် ပို၍ ကျေနပ်သွားသည်။

“ဘယ်သူပြောတာလဲဟုတ်လား? လူတွေအများကြီးပဲရှိတယ်.. နင်က ဒီဝန်ထမ်းအိမ်ရာဝင်းထဲမှာ နင်တစ်ယောက်တည်းပဲရှိတယ်လို့ ထင်နေတာလား? နေရာတိုင်းမှာ မျက်လုံးတွေ ရှိတယ်၊ နင်ဘာပဲလုပ်လုပ် မြင်နေရတာပဲ!”

အမေရှုက စုန့်စစ်ယွီကို ကြောက်သွားအောင် တမင်သက်သက်ခြောက်လှန်း၍ပြောလိုက်ခြင်း ဖြစ်သည်။

ယနေ့ကိစ္စမှာ ထိုအတင်းအဖျင်း ပြောတတ်သူများ၏ အပိုတွေးတောမှုဟု ထင်ရသော်လည်း နောက်တစ်ကြိမ်မဖြစ်နိုင်ဟု အာမမခံနိုင်ပေ။

စုန့်စစ်ယွီက သူမကို လူအများအပြား မြင်သွားကြောင်းကို ကြားလျှင် သူမ အပြင်ထွက်သွားချိန်က တစ်ယောက်ယောက် မြင်သွားခြင်းဖြစ်မည်ဟုတွေးလိုက်မိသည်။

သူမ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်မိလေ၏။

‘နောက်တစ်ခါကျရင် ပိုပြီးသတိထားရမယ်’

မူလက သူမဘက်မှ နားလည်မှုလွဲခြင်းကို ရှင်းပြပြီးလျှင် အမေရှု ပြန်သွားလိမ့်မည်ဟု ထင်ခဲ့သော်လည်း မမျှော်လင့်ဘဲ အမေရှုက ထပ်မံ ပြောဆိုလာပြန်သည်။

“စစ်ယွီ ငါ တခြားဟာတွေ မပြောတော့ပါဘူး၊ နင် အခုတလော အရမ်းအားနေပုံပဲ.. နင့်မှာ အချိန်တွေ အများကြီးရှိနေရင် ငါ့ရဲ့သား ရှုကျစ်ဝမ်ဆီကို သွားကြည့်ပါဦး

သူ အခုတလော အလုပ်တွေရှုပ်နေတယ်၊ ဒါပေမဲ့ ခွင့်ရလို့ ပြန်လာတိုင်း နင့်အကြောင်းတွေကိုပဲ ပြောနေတာ.. သူ နင့်ကို အရမ်းလွမ်းနေတယ်တဲ့ ဒါပေမဲ့ နင့်ဘက်ကတော့ သူ့ကို မတွေ့ခဲ့ဘူးဆို”“နင် ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ၊ နင် ငါ့သားနဲ့ ဆက်မတွဲချင်တော့တာလား? တကယ်လို့ မတွဲချင်တော့ရင်လည်း ငါတို့က အတင်းအကျပ် မလုပ်ပါဘူး၊ ငါတို့မိသားစုနှစ်ခုကြားက ကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်ကြတာပေါ့”

အမေရှုက ဖောက်ပြန်မှုကို ဖမ်းဆီးရန် ဒေါသတကြီးရောက်လာခဲ့သော်လည်း အမှန်တကယ်တမ်းတွင် သူမက စုန့်စစ်ယွီကို ချွေးမအဖြစ် လိုချင်နေခြင်း မဟုတ်ပါချေ။

သူမက ရှုမိသားစု၏ သိက္ခာကိုသာ ကာကွယ်ချင်ခဲ့သည်။ အကယ်၍ စုန့်စစ်ယွီတွင်သာ တခြားယောက်ျားနှင့် ပတ်သက်နေသည်ဆိုပါက သူမ၏သားဖြစ်သူ ရှုကျစ်ဝမ်အတွက် အရှက်ရစရာဖြစ်ရပေလိမ့်မည်။

သူမ၏ စုန့်စစ်ယွီအပေါ် ရှိနေသော ထင်မြင်ချက်မှာတော့ ယခင်အတိုင်းရှိနေဆဲဖြစ်ကာ အထင်သေးနေဆဲပင် ဖြစ်သည်။ သို့သော်လည်း ယခုအခြေအနေအရ မိသားစုနှစ်ခုကြားတွင် နာမည်ပျက်ဖြင့် ဆက်နွယ်နေသောကြောင်း တိုက်ရိုက်လမ်းခွဲရန်မှာ ခက်ခဲနေခဲ့သည်။

ငြိမ်းချမ်းစွာ လမ်းခွဲနိုင်မည်ဆိုပါက အကောင်းဆုံးပင်။

ယနေ့မတိုင်မီကသာ အမေရှုက ဤသို့မေးလျှင် စုန့်စစ်ယွီက ချက်ချင်းပင် သူမနှင့် ရှုကျစ်ဝမ်တို့က ဆက်လက်တွဲသွားမည်ဟု အာမခံပေလိမ့်မည်။

သို့သော် ယနေ့တွင်တော့ ဟောင်ဖင်းက သူမကို အောင်မြင်မှုအတွက်မျှော်လင့်ချက် ပေးလာခဲ့သည်။

ထိုသို့ဆိုလျှင် သူမအနေဖြင့် ရှုမိသားစုကို ယခင်ကကဲ့သို့ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားရန် မလိုအပ်တော့ပေ။ ယခုအချိန်တွင် ရှုမိသားစုကို အရိပ်အမြွက်စတင်ပေးထားခြင်းက ပိုကောင်းပေလိမ့်မည်။

ထိုသို့ဆိုပါက သူမနှင့် ဟောင်ဖင်းတို့ တွဲဖြစ်သွားသောအချိန်တွင်လည်း ရှုမိသားစုအတွက် လက်ခံရန် ပိုမိုလွယ်ကူသွားလိမ့်မည်။

ထို့ကြောင့် စုန့်စစ်ယွီ၏ အမူအရာက ပြုံးနေရာမှ စကားပြောရန်အတွက်ဝန်လေးနေသည့် ပုံစံသို့ ပြောင်းလဲသွားသည်။

“အန်တီ...”

အမေရှုက ဤကိစ္စအတွက် မျှော်လင့်ချက် သိပ်မထားခဲ့ပေ။

သူမ၏အမြင်အရ စုန့်သားအဖမှ ရှုမိသားစုကို မျက်နှာချိုသွေးနေသည့် ပုံစံမှာ အလွန်ပင် ရွံစရာကောင်းလှသည်။ ထို့ကြောင့် သူတို့က သူမ၏ သားဖြစ်သူကို လုံးဝလက်လွှတ်မည်မဟုတ်ဟု ထင်ထားခဲ့လေ၏။

သို့သော် ယနေ့ စုန့်စစ်ယွီက သူမအား အံ့သြစရာတစ်ခု ပေးလာလိမ့်မည်ဟု မည်သူကထင်ထားမည်နည်း။

သူမတွင် တခြားစိတ်ကူးရှိနေသရွေ့၊ သို့မဟုတ် တခြားယောက်ျားကို စိတ်ဝင်စားနေသရွေ့ အမေရှုက စိတ်ဆိုးမည် မဟုတ်သည့်အပြင် ပို၍ပင် ကျေနပ်ပေလိမ့်မည်။

“ဘာဖြစ်လို့လဲ၊ ပြောစရာရှိတာကို ပြော”

အမေရှုက သူမကို မျှော်လင့်တကြီး ကြည့်နေသည်ကို မြင်လျှင် စုန့်စစ်ယွီတစ်ယောက် စိတ်ထဲတွင် လှောင်ပြုံး ပြုံးလိုက်လေသည်။

အမေရှုက သူမကို အထင်သေးနေသော်လည်း သူမ(စုန့်စစ်ယွီ)သည်လည်း သူတို့မိသားစုကို အရန်အဖြစ်သာ သဘောထားထားနေကြောင်းကို မသိရှာပေ။

“အန်တီ.. သမီးထင်တာတော့ သမီးနဲ့ ရှုကျစ်ဝမ်တို့က အခုချိန်မှာ ငယ်သေးတယ်မလား.. ဒီတော့ ကိစ္စတော်တော်များများကို သေသေချာချာ မစဉ်းစားရသေးဘူး

ကျွန်မတို့တွေ အတူတူရှိနေခဲ့တုန်းက အမြဲတမ်း စိတ်ခံစားမှုနောက်ကိုပဲ လိုက်ခဲ့ကြတာ..

အန်တီလည်းသိတဲ့အတိုင်း လူငယ်တွေဆိုတာ ခဏတာလောက် စိတ်လှုပ်ရှားမှုကြောင့် ဆုံးဖြတ်ချက်အမှားတွေ လုပ်မိတတ်ကြတယ်မလား

သမီးတို့ အတူရှိခဲ့တာက မှားတယ်လို့ ပြောတာမဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီကာလအတွင်းမှာ သူ့နဲ့ တွေ့တာနည်းသွားတော့ ဘဝက ပိုပြီးတည်ငြိမ်လာတယ်လို့ ခံစားရတယ်.. စိတ်ထဲက ခံစားချက်တွေကလည်း အရင်လို မနက်ရှိုင်းတော့ဘူး...”

အမေရှုတစ်ယောက် အချိန်ကြာမြင့်စွာ နားထောင်နေပြီးနောက်တွင်ပင် စုန့်စစ်ယွီ၏စကားများက လိုရင်းကို မရောက်သေးသောကြောင့် ဒေါသထွက်လာခဲ့ရသည်။

“ဒီတော့ နင် ပြောချင်တာက ဘာလဲ?”

“ကျွန်မ ဆိုလိုတာက ..ကျွန်မနဲ့ ရှုကျစ်ဝမ် ခဏလောက် ခွဲနေကြည့်ကြရင် ကောင်းမလားလို့လေ.. အဲဒီအချိန်အတွင်းမှာ ကျွန်မတို့နှစ်ယောက်လုံး အမြင်သစ်တွေ ရလာနိုင်မလားလို့ တွေးမိတယ်”

“ဒီတော့ နင်က ငါ့သားနှင့် လမ်းခွဲမယ်လို့ ပြောတာလား၊ မခွဲဘူးလို့ ပြောတာလား?”

အမေရှုအနေဖြင့် အဖြေအမှန်ကို အလွန်အမင်း သိချင်နေခဲ့သည်။

သူမက စုန့်စစ်ယွီထက် အသက်များစွာ ပိုကြီးသူဖြစ်သောကြောင့် စုန့်စစ်ယွီ၏ ကစားကွက်လေးကို မည်သို့ မသိဘဲ နေပါမည်နည်း။

သူမ၏ အကြံအစည်က ယခင် သူမကိုယ်တိုင် သားဖြစ်သူ ရှုကျစ်ဝမ်ကို ပြောခဲ့သကဲ့သို့ ‘ စုန့်စစ်ယွီနှင့် ဆက်တွဲနေလို့ရတယ် ဒါပေမဲ့ လက်ထပ်ဖို့အထိတော့ မပြောနဲ့၊ အချိန်ဆွဲထားလိုက်’ ဆိုတဲ့ ပုံစံမျိုးပဲမဟုတ်ဘူးလား?

All Chapters