အခန်း (၂၆၅)
Vol. 27 Ch. 265
“ပစ္စည်းတွေအားလုံး ထည့်ပြီးပြီလား? ဘာမှ ကျန်မခဲ့စေနဲ့ဦး၊ ဘယ်သူမှ လိုက်ပို့ပေးမှာ မဟုတ်ဘူးနော်!”
အဘွားလင်းတစ်ယောက် ခြံဝင်းတံခါးဝတွင် ရပ်နေရင်း သူမ၏ မြေးကြီး လင်းကွမ်းချင်းကိုမမြင်ချင်သကဲ့သို့ ကြည့်၍ ပြောလိုက်သည်။
လင်းကွမ်းချင်းက နှာခေါင်းကို ပွတ်သပ်ရင်း နာခံမှုရှိစွာဖြင့်ပြန်ဖြေလိုက်၏။
“အားလုံး ထည့်ပြီးပါပြီ”
မနေ့ညက ထမင်းဝိုင်းတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စကြောင့် သူ့အနေဖြင့် အပြစ်မကင်းသကဲ့သို့ ခံစားနေရသောကြောင့် အဘွားဖြစ်သူက သူ့ကို အမြန် နှင်ထုတ်နေသကဲ့သို့ ဖြစ်နေသော်လည်း တိတ်တဆိတ်သာငြိမ်ခံနေလိုက်ရသည်။
သို့သော်လည်း အနည်းငယ်တော့ စိတ်မကောင်းဖြစ်မိပေသည်။
ဟင်း... နောက်တစ်ကြိမ်ကျရင်တော့ ပါးစပ်ကို ထိန်းမှ ဖြစ်တော့မယ်။
အဘွားအိုက သူ ကျောပိုးထားသည့် ခရီးဆောင်အိတ်ကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြီး လက်ဝေ့ယမ်းလိုက်သည်။
“ကောင်းပြီ... အားလုံး အဆင်သင့်ဖြစ်ရင်လည်း သွားကြတော့၊ ကားနောက်ကျနေဦးမယ်”
တစ်နှစ်ပတ်လုံး မတွေ့ရသည့်အချိန်တွင် အဘွားလင်းအနေဖြင့် လင်းကွမ်းချင်းကို အမှန်တကယ်ပင် လွမ်းဆွတ်မိသော်လည်း အိမ်တွင် ကြာကြာနေသည့်အချိန်တွင်တော့ အမြန်ထွက်သွားလျှင် ပိုကောင်းမည်ဟု ခံစားမိပြန်သည်။
အထူးသဖြင့် မနေ့ညကဲ့သို့ အချိန်မျိုးတွင် တစ်ဖက်လူက နေ့တိုင်း အိမ်မှာ ရှိနေသည်က မျက်စိစပါးကြည် စရာပင်။
နောက်ဆုံးတွင်တော့ အဘွားအို၏ စောင့်ကြည့်မှုအောက်၌ လင်းကွမ်းချင်း၊ လင်းရန်နှင့် ချင်းယွင်ကျစ်တို့ မြို့သို့အတူ ထွက်ခွာလာခဲ့ကြသည်။
လင်းကျန်းအန်းနှင့် တခြားသူများမှာတော့ ထိုအချိန်ကို အခွင့်ကောင်းယူကာ တောင်ပေါ်သို့ တက်သွားကြလေသည်။
မြို့သို့သွားသည့် လမ်းမှာ ပုံမှန်အတိုင်းပင် ရှည်လျားနေခဲ့သည်။
သူတို့မြို့လေးသို့ သွားပြီး ထိုနေရာမှတစ်ဆင့် ဘတ်စ်ကားစီးကာ ခရိုင်သို့ သွားရသည်။
ထိုမှတစ်ဆင့်သွားမှ မြို့ထဲသို့ရောက်ရှိခဲ့ကြလေသည်။ သူတို့အနေဖြင့် မနက်ပိုင်းတွင် ထွက်လာခဲ့ကြသော်လည်း မွန်းလွဲပိုင်းသို့ရောက်မှသာ ဘတ်စ်ကားပေါ်မှ ဆင်းနိုင်ခဲ့ကြသည်။
မြို့ထဲသို့ ရောက်ပြီးနောက် လင်းကွမ်းချင်းက မထွက်ခွာမီ သူ၏ အဒေါ်ဖြစ်သူ လင်းကျန်းဖူကို နှုတ်ဆက်ရန် ဆုံးဖြတ်ထားသောကြောင့် သူတို့သုံးယောက် ကုန်တိုက်ကြီးသို့ နောာ်တစ်ခေါက်သွားကာ လင်းကျန်းဖူနှင့် ခဏတာလောက်စကားပြောခဲ့ကြသည်။
ထို့နောက်မှသာ ရထားဘူတာသို့ သွားခဲ့ကြလေသည်။
ရထားဘူတာသို့ ရောက်လျှင် လက်မှတ်ဖြတ်ပြီးနောက် ရထားကို စောင့်နေခဲ့ကြသည်။
လင်းကွမ်းချင်းအနေဖြင့် လင်းရန်တို့နှစ်ယောက်က စားဖိုမှူးဆရာကြီးထံကို သွားရှာရဦးမည်ကို သိသောကြောင့် သူနှင့်အတူ စောင့်မနေခိုင်းတော့ပေ။
“ဒါဆို ရန်ရန်၊ မင်းတို့ ကိစ္စရှိတာ သွားလုပ်ကြတော့လေ.. အစ်ကိုကြီးက အရွယ်ရောာ်နေတဲ့အမျိုးသားတစ်ယောက်ပဲ၊ လမ်းပျောက်စရာ အကြောင်းမရှိပါဘူး.. တပ်ထဲကို ရောက်ရင် စာရေးလိုက်မယ်”
လင်းရန်လည်း စဉ်းစားကြည့်ပြီး တစ်ဖက်လူကို ဘူတာအထိ ပို့ပေးပြီးပြီဖြစ်သဖြင့် ဆက်စောင့်နေရန် အကြောင်းမရှိတော့ဟု ယူဆကာ ချင်းယွင်ကျစ်နှင့်အတူ ဆရာကြီးထံသို့ သွားရှာရန်ပြင်လိုက်သည်။
သို့သော် သူမ လှည့်ထွက်ခါနီးတွင် လင်းကွမ်းချင်းက ရုတ်တရက် လှမ်းတားလိုက်ပြန်သည်။
“ဒါနဲ့... ရန်ရန်၊ မနေ့ညက ငါ ပြောလိုက်တာတွေက တကယ် ရည်ရွယ်ပြီးပြောတာ မဟုတ်ပါဘူး.. ဒီတော့ ငါ ပြောတာတွေကို စိတ်ထဲမှာ မထားပါနဲ့.. အိမ်ထောင်ရေးဆိုတာက သေးငယ်တဲ့ ကိစ္စမဟုတ်ဘူး၊ သေသေချာချာ ဂရုတစိုက်နဲ့ စဉ်းစားဆုံးဖြတ်ရမှာနော်!”
လင်းကွမ်းချင်း၏ စကားမှာ စုန့်ရှီးယန်နှင့် လက်ထပ်မည့်ကိစ္စကို ပို၍ သေသေချာချာ စဉ်းစားရန် တိုက်တွန်းနေခြင်းသာဖြစ်သည်။
ထိုစကားကို ကြားသည်နှင့် ချင်းယွင်ကျစ်က လှမ်းကြည့်လိုက်ပြန်သည်။
ဒီကောင်လေးကတော့! မနေ့ညက ငါ့ကို ကူညီနေတယ် ထင်တာ။ အခုထိ အကွက်ချနေတုန်းပဲ!
သို့သော် လင်းကွမ်းချင်းက အလွန် လျင်မြန်လှသည်။ ဤစကားကို ပြောပြီးသည်နှင့် ချင်းယွင်ကျစ်မှ ဆူပူခွင့် မရခင်မှာပင် တစ်ဖက်သို့လှည့်ကာ ထွက်ပြေးသွားတော့သည်။
လင်းရန်အနေဖြင့် မူလက လင်းကွမ်းချင်း ပြောသည့်စကားကို အရေးကြီးကိစ္စမဟုတ်ဟု ယူဆထားသော်လည်း တစ်ဖက်လူမှ အသည်းအသန် ပြေးသွားသည်ကို မြင်လျှင် ရယ်မောမိသွားရသည်။
ချင်းယွင်ကျစ်လည်း သူမ ရယ်မောနေသည်ကိုမြင်မှ လင်းရန်အနေဖြင့် ထိုစကားကို စိတ်ထဲတွင်မထားကြောင်းသိရှိသွားကာ စိတ်အေးသွားတော့သည်။
“ကဲ... ရန်ရန်၊ ဦးလေးရှုန်းကို သွားရှာကြရအောင်”
ဦးလေးရှုန်း၏ အမည်အပြည့်အစုံမှာ ရှုန်းကန်းဖြစ်ပြီး အဘွားဝူ၏ ဂျူနီယာမောင်ဖြစ်ပေသည်။ ချင်းမိသားစုနှင့် ဝူမိသားစုမှာ ငယ်စဉ်ကတည်းက ခင်မင်ခဲ့ကြသဖြင့် ဝူမိသားစု၏ တပည့်အဖြစ် လက်ခံခြင်းခံရသော ရှုန်းကန်းမှာလည်း ချင်းယွင်ကျစ်တို့နှင့်အလွန် ရင်းနှီးပေသည်။
သို့သော် ရှုန်းကန်းသည် လွန်ခဲ့သော နှစ်အနည်းငယ်က တခြားမြို့များသို့ ပြောင်းရွှေ့သွားခဲ့သဖြင့် ချင်းယွင်ကျစ်နှင့်မတွေ့ဖြစ်သည်မှာ ကြာမြင့်နေခဲ့ပပြီဖြစ်သည်။
ကံကောင်းသည်မှာ အဘွားဝူက လိပ်စာပေးလိုက်သောကြောင့် ရှာရသည်က မခက်ခဲလှပေ။
လင်းရန်တစ်ယောက် အဘွားဝူပေးသော လိပ်စာကို ကြည့်လိုက်ကာ ရင်းနှီးနေသလို ခံစားလိုက်ရသည်။အဘယ်ကြောင့်ဆိုသော် စားဖိုမှူးရှုန်းမှာ မြို့တော်ခန်းမ၏အနီးတွင် နေထိုင်နေသောကြောင့်ပင် ဖြစ်လေ၏။
စားဖိုမှူးရှုန်းက မြို့တော်အစိုးရနှင့် ပတ်သက်မှု ရှိနေသည်လား၊ သို့မဟုတ် တိုက်ဆိုင်စွာဖြင့် ထိုအနီးတွင် နေထိုင်နေခြင်းလားဆိုသည်ကို သူမ မဝေခွဲနိုင်ခဲ့ပေ။
အကယ်၍ ပထမအချက်သာ မှန်ကန်ပါက တစ်ဖက်လူမှာ သူမ ထင်ထားသည်ထက် ပို၍အရှိန်အဝါကြီးမားသူ ဖြစ်ပေလိမ့်မည်။
မြို့တော်ခန်းမက ရထားဘူတာနှင့် သိပ်မဝေးလှသောကြောင့် သူတို့နှစ်ဦး လမ်းအနည်းငယ် လျှောက်လိုက်ရုံဖြင့် ရောက်ရှိသွားသည်။
“ဒီလမ်းအတိုင်း သွားရမှာ ထင်တယ်?”
လင်းရန်တစ်ယောက် အရှေ့တွင်ရှိသော လမ်းကြားနှစ်ခုကို မသေချာစွာဖြင့် ကြည့်လိုက်မိသည်။
သူမအနေဖြင့် မြို့၏ တည်နေရာ အနေအထားကိုသိသော်လည်း အသေးစိတ်ကိုတော့ အတိအကျ မသိပေ။ ချင်းယွင်ကျစ်ကတော့ သူမလောက်ပင်မသိပါချေ။
“တခြားလူတွေကိုပဲ မေးကြည့်ကြမလား?”
လင်းရန် ခေါင်းညိတ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် လမ်းသွားလမ်းလာ တစ်ယောက်ကို တွေ့လိုက်ရသည်။
ထိုသူက ခေါင်းငုံ့ထားခဲ့ပြီး လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်ထားကာ စာအုပ်ဆိုင်မှ အိမ်သို့ ပြန်လာသည့်ပုံပင်။
လင်းရန်၏ မျက်လုံးများ တောက်ပသွားပြီး ထိုသူကို လှမ်းခေါ်လိုက်သည်။
“မင်္ဂလာပါ ၊ နေကောင်းရဲ့လား ရဲဘော်!”
စာအုပ်ကိုင်ထားသော လူက ခေတ္တရပ်သွားပြီးမှ လင်းရန်ကို ဖြည်းဖြည်းချင်း မော့ကြည့်လာသည်။
“နေကောင်းပါတယ်... ဘာကိစ္စရှိလို့လဲ?”
တစ်ဖက်လူ မော့ကြည့်လိုက်သောအချိန်မှသာ ထိုသူက မျက်မှန်တပ်ထားသော လူငယ်တစ်ဦးဖြစ်နေသည်ကို လင်းရန် တွေ့လိုက်ရသည်။
ထိုသူက ကြည့်ရသည်မှာ နူးညံ့သိမ်မွေ့သော်လည်း အမူအရာကတော့ အနည်းငယ် တုံးအအနိုင်နေသည်ဟု ထင်ရသည်။ သို့သော် ထိုသူက လမ်းကိုတော့ သိလောက်ပေသည်။
ထို့ကြောင့် လင်းရန်က စားဖိုမှူးရှုန်း၏ အိမ်နံပါတ်ကို ပြော၍ မေးလိုက်မိသည်။
“ရဲဘော်... ဒီအိမ်က ဘယ်လမ်းထဲမှာ ရှိလဲဆိုတာသိလား?”
မထင်မှတ်ဘဲ ထိုလူငယ်က သူ၏မျက်မှန်ကို အားနာစွာဖြင့် ပင့်မ,လိုက်ပြီး ပြောလာခဲ့သည်။
“စိတ်မကောင်းပါဘူး ရဲဘော်၊ ကျွန်တော်လည်း ဒီကို ရောက်တာ မကြာသေးလို့ပါ၊ မင်းပြောတဲ့ အိမ်က ဘယ်မှာလဲဆိုတာ ကျွန်တော် တကယ် မသိဘူး”
သူက ထိုသို့ပြောရင်း အပြစ်မကင်းစွာ ခေါင်းကို အနည်းငယ် ငုံ့လိုက်မိသည်။ အမှန်စင်စစ်တွင် သူနှင့် သူ့၏အဘိုး ဤမြို့သို့ ရောက်နေသည်မှာ တစ်လခွဲခန့်ရှိပြီဖြစ်သည်။ သို့သော် သူသည်က တခြားသူများနှင့် ဆက်ဆံရသည်ကို မနှစ်သက်သောကြောင့် စာအုပ်ဆိုင်နှင့် မြို့တော်ခန်းမမှလွဲ၍ ကျန်သည့်နေရာသို့ မသွားခဲ့ပေ။
ထို့ကြောင့် လင်းရန်မေးသည့် လိပ်စာကို သူ အမှမ်တကယ်ပင် မသိခြင်း ဖြစ်ပေသည်။
သာမန်လူတစ်ယောက်ဆိုလျှင် ဤနေရာတစ်ဝိုက်ကို ရင်းနှီးနေလောက်ပြီ ဖြစ်သော်လည်း သူ၏ စရိုက်အရ သူ့ဘက်မှ စတင်၍ မလေ့လာတတ်ခဲ့ပေ။
ဟောင်ဖင်း ထိုအချက်ကို တွေးမိကာ အနည်းငယ် စိတ်ပျက်သွားမိသည်။
သို့သော် သူ ခေါင်းငုံ့လိုက်သည့် ခဏတွင် လက်ထဲရှိ စာအုပ်ကို မြင်လိုက်ရပြီး ဤစိမ်းသက်သော မြို့တွင် သူ့၌ စိတ်တူကိုယ်တူ သူငယ်ချင်းတစ်ယောက် ရှိနေသေးသည်ကို သတိရကာ စိတ်အေးသွားခဲ့သည်။
လင်းရန်ကတော့ သိပ်ပြီးမတွေးမိပါချေ။
“ရပါတယ်၊ ကျေးဇူးတင်ပါတယ်၊ ကျွန်မ တခြားလူကိုပဲ မေးလိုက်ပါ့မယ်”
ထို့နောက် ချင်းယွင်ကျစ်နှင့်အတူ လမ်းညွှန်ပေးမည့်သူ အသစ်ကို ဆက်ရှာရန် ထွက်ထားခဲ့သည်။
ဟောင်ဖင်းလည်း ထိုသူများ ထွက်သွားသည်ကိုမြင်မှသာ အိမ်သို့ အမြန် ပြန်လာခဲ့သည်။
သူ တံခါးကိုဖွင့်လိုက်သည်နှင့် အိမ်တွင် ပန်းပင်များ၊ အပင်များကို ပြုစုနေသော အဘိုးဖြစ်သူကို မြင်လိုက်ရကာ ထိတ်လန့်သွားခဲ့ရသည်။
“အဘိုး ဒီနေ့ အစောကြီး ပြန်ရောက်နေတာလား?”
ပရော်ဖက်ဆာဟောင်က အသံပြုလိုက်ပြီး ဟောက်ဖျင်လက်ထဲက စာအုပ်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“စာအုပ်ဆိုင်ကို သွားပြန်ပြီလား? ဟောင်ဖင်း ... မင်း ဒီရက်ပိုင်း စာအုပ်ဆိုင်ကို ခဏခဏသွားနေတယ်.. စာအုပ်အသစ်တွေလည်း အများကြီး ဝယ်လာတယ်.. မင်း အကုန်ရောဖတ်နိုင်ရဲ့လား?”
“စာအုပ်ဆိုတာက ဖတ်တဲ့အချိန်မှာ အရေအတွက်နဲ့ အမြန်နှုန်းကိုပဲ ဦးစားမပေးရဘူး.. စာအုပ်တစ်အုပ်ချင်းစီရဲ့ အသိပညာနဲ့ အနှစ်သာရကို သေသေချာချာ နားလည်အောင် လုပ်ရမယ်
မဟုတ်ရင် စာအုပ်တွေ ဘယ်လောက်ပဲ ဝယ်ဝယ် အလဟဿ ဖြစ်ကုန်လိမ့်မယ်”
ပရော်ဖက်ဆာဟောင်က အဘိုးတစ်ယောက်အနေဖြင့် မြေးဖြစ်သူ စာဖတ်ဝါသနာပါသည်ကို ဝမ်းသာသော်လည်း စာဖတ်ရာတွင် အလျင်စလို မလုပ်ရန် ဆုံးမလိုက်လေ၏။
ဟောင်ဖင်းလည်း ထိုစကားကို ကြားလျှင် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်သည်။
“အဘိုး ကျွန်တော် သိပါတယ်၊ ကျွန်တော်က ဒီအတိုင်း...”
သူ့အနေဖြင့် စုန့်စစ်ယွီ၏ စာအုပ်ဆိုင်သို့သွားရန် ဖိတ်ခေါ်မှုကို မည်သို့ ငြင်းရမည်ကို မသိခြင်းသာ ဖြစ်သည်။ ထို့အပြင် ဤမြို့တွင် သူ၏တစ်ဦးတည်းသော သူငယ်ချင်းမှာ စုန့်စစ်ယွီသာဖြစ်နေသဖြင့် သူမကိုလည်း မငြင်းရဲပေ။
“ကောင်းပြီ၊ အဘိုး သိပါတယ်.. မင်းသူငယ်ချင်းက စာအုပ်ဆိုင်သွားဖို့ ထပ်ခေါ်ပြန်တာ မဟုတ်လား?”
ပရော်ဖက်ဆာဟောင်က မြေးဖြစ်သူ၏ အမူအရာကိုကြည့်ကာ ခန့်မှန်းမိသွားသည်။ သူက လက်ဝေ့ယမ်းကာ သက်ပြင်းတစ်ချက် ချလိုက်သည်။“ဟောင်ဖင်း ၊ အဘိုးက မင်းကို တခြားသူတွေနဲ့ ပိုပြီး ဆက်ဆံစေချင်တယ်၊ သူငယ်ချင်းတွေလည်း များများရှိစေချင်တယ်၊ ဒါပေမဲ့ အဲဒါက မင်းမှာ ငြင်းပယ်ခွင့်မရှိဘူးလို့ ဆိုလိုတာ မဟုတ်ဘူး
သူငယ်ချင်းဖြစ်တယ်ဆိုတာက တစ်ဖက်သတ် အမြဲတမ်း လိုက်လျောနေရုံနဲ့ ရေရှည် မတည်မြဲနိုင်ဘူး...”