← Chapters

အခန်း (၂၆၃)

Vol. 27 Ch. 263

အခန်း (၂၆၃)

Vol. 27 Ch. 263

စုန့်စစ်ယွီအနေဖြင့် အမေရှုက သူမ၏ လှည့်ဖြားမှုကိုလက်မခံဘဲ တိကျသောအဖြေကို တောင်းဆိုလာသောကြောင့် အနည်းငယ်အံ့သြသွားပြီး တွန့်ဆုတ်သွားရသည်။

အကယ်၍ သူမသာ ယခုအချိန်တွင် ရှုကျစ်ဝမ်နှင့် လမ်းခွဲလိုက်မည်ဆိုပါက ဟောင်ဖင်းကို အမှမ်တကယ်ရနိုင်ပါမည်လား။

“ကောင်းပြီ၊ နင် ပြောချင်တဲ့ အဓိပ္ပါယ်ကို ငါ နားလည်ပြီ.. ငါ့သား ရှုကျစ်ဝမ်နဲ့ နင်တို့ကြားက ကိစ္စကို ဒီမှာတင် ရပ်လိုက်ကြရအောင်

နင်တို့နှစ်ယောက်က အတူဆုံဖို့ ကံမပါလာဘူးပဲ ထားလိုက်ကြတာပေါ့.. နင် နောက်ပိုင်းမှာ ပိုကောင်းတဲ့ ခင်ပွန်းကောင်းတစ်ယောက် ရပါစေလို့ ငါ ဆုတောင်းပေးပါတယ်!”

ထိုသို့ပြောပြီးနောက် အမေရှုက လီရှို့လီဘက်ကို လှည့်ကြည့်လိုက်သည်။

“လီရှို့လီ... ရှင်လည်း ကြားတယ်နော်.. ရှင့်သမီးက သူ့ဘာသာသူ ပြောတာ၊ ကျွန်မတို့ ရှုမိသားစုဘက်က ပြောတာ မဟုတ်ဘူး၊ အပြင်ဘက်မှာ ကျွန်မတို့မိသားစုအကြောင်းနှင့်ပတ်သက်ပြီး မကောင်းတာတွေ လျှောက်မပြောပါနဲ့!”

ထိုစကားကိုပြောပြီးသည်နှင့် အမေရှုက ဝမ်းသာအားရဖြင့် ချက်ချင်း ထွက်ခွာသွားတော့သည်။ သူမ၏ ခြေလှမ်းများမှာလည်း စုန့်စစ်ယွီ နောင်တရသွားမည်ကို စိုးရိမ်နေသည့်အလား အလွန်ပင် မြန်ဆန်လှသည်။

စုန့်စစ်ယွီအနေဖြင့် သူမက အလျင်အမြန် ပြေးထွက်သွားသည်ကို မြင်လိုက်ရပြီးနောက် နောင်တရလာခဲ့သည်။ သူမက ရှုကျစ်ဝမ်ကို လက်ထပ်ရန် စိတ်မကူးတော့သည်မှာ ကြာပြီဖြစ်သော်လည်း၊ အချက်အလက်များ ရယူနိုင်မည့်လူ တစ်ဦးကို ရုတ်တရက် ဆုံးရှုံးလိုက်ရသဖြင့် မကျေနပ်နိုင်ပါချေ

သူမ ပြောလိုက်သည့် စကားက မပြည့်စုံသော်လည်း အမေရှုက ၎င်းကို အခွင့်အရေးယူသွားခြင်းသာဖြစ်သည်။

ကိစ္စအားလုံးက ဤသို့ ဖြစ်သွားပြီဖြစ်၍ သူမအနေဖြင့် ဟောင်ဖင်းကိုသာ သေသေချာချာဆုပ်ကိုင်ထားရန် ဆုံးဖြတ်လိုက်လေ၏။

သူမက ဘေးနားတွင်ရှိနေသော လီရှို့လီကိုပင် လှည့်မကြည့်ဘဲ အပေါ်ထပ်သို့ တက်သွားခဲ့သည်။

သူမ ထွက်သွားပြီးနောက် လီရှို့လီ၏ မျက်နှာတွင် အံ့သြသင့်သော အမူအရာ ပေါ်လာခဲ့သည်။ စုန့်စစ်ယွီက ရှုကျစ်ဝမ်နှင့် အမှန်တကယ်လမ်းခွဲလိုက်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

စုန့်သားအဖက ရှုမိသားစုကို အမြဲတမ်း မျက်နှာချိုသွေးရမယ်လို့ အရင်က ပြောခဲ့ကြတာ မဟုတ်ဘူးလား။ ဘာလို့ ဒီလိုမျိုး ရုတ်တရက်ကြီး အဆုံးသတ်သွားရတာလဲ။

အကယ်၍ ရှုမိသားစုကသာ စုန့်စစ်ယွီကို ပြဿနာမရှာပါက သူမ၏ ရင်ထဲက အမုန်းတရားများကို မည်သူက ဖြေဖျောက်ပေးမည်နည်း။

ညနေပိုင်းတွင် စုန့်ဝေ့ ပြန်ရောက်လာပြီးနောက် စုန့်စစ်ယွီက ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်သည်။ စုန့်ဝေ့လည်း ထိုအကြောင်းကို ကြားလျှင် မျက်မှောင်ကြုတ်သွားခဲ့သည်။

“စစ်ယွီ ... မင်း ဒီကိစ္စကို ကိုင်တွယ်တဲ့ပုံစံက အတော်လေး ညံ့ဖျင်းလွန်းတယ်.. တကယ်လို့ ဟောင်ဖင်းဘက်က တစ်ခုခု လွဲချော်သွားရင် ဘယ်လိုလုပ်မလဲ?”

ရှုကျစ်ဝမ်၏ကိစ္စမှာ သေချာနေသောကြောင့်သာ စုန့်ဝေ့က စုန့်စစ်ယွီအား ဟောင်ဖင်းနှင့် ဆက်သွယ်ရန် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုတွင်တော့ ဟောင်ဖင်းနှင့် ကိစ္စမပြတ်သေးမီ ရှုမိသားစုနှင့် အဆုံးသတ်လိုက်ပြီ ဖြစ်ရာ၊ တစ်ခုခု လွဲချော်သွားပါက မည်သည့်အရာကိုမှရလိုက်နိုင်တော့မည် မဟုတ်ပေ။

သို့သော် စုန့်စစ်ယွီကတော့ ဟောင်ဖင်းအပေါ် ပို၍ယုံကြည်ချက် ရှိနေသည်။

“အဖေ... စိတ်မပူပါနဲ့.. ဟောင်ဖင်းနဲ့ ပတ်သက်ရင် လုံးဝပြဿနာမရှိစေရဘူး.. သမီးဆီက သတင်းကောင်းကိုပဲစောင့်နေလိုက်၊ ဒီတစ်လအတွင်းမှာ သူ့ကို အရဖမ်းပြမယ်လို့ ကတိပေးတယ်!”

ထိုအဆင့်သို့ ရောက်နေပြီဖြစ်ရာ စုန့်ဝေ့အနေဖြင့် သက်ပြင်းချရုံမှလွဲ၍ မတတ်နိုင်တော့ပေ။

“ဘာပဲဖြစ်ဖြစ်... နောက်ဆိုရင် ပိုပြီးတော့ သတိထားရမယ်!”

စုန့်ဝေ့အနေဖြင့် စိတ်မအေးနိုင် ဖြစ်နေခဲ့သည်။ အထူးသဖြင့် လွန်ခဲ့သည့် နှစ်ရက်က မြို့တော်ခန်းမသို့ သွားစဉ်က မြင်တွေ့ခဲ့ရသော မြင်ကွင်းများကို ပြန်တွေးမိတိုင်း အလွန်ပင်စိုးရိမ်လာရသည်။

သို့သော် သမီးဖြစ်သူ၏ ပျော်ရွှင်နေသော မျက်နှာကိုကြည့်ကာ သူမ စိတ်မကောင်းဖြစ်မည်စိုးရိမ်သောကြောင့် မည်သည့်အရာကိုမှမပြောတော့ပေ။

ထို့အပြင် သူ မြင်လိုက်ရသည်က မှားယွင်းနေခြင်းလည်းဖြစ်နိုင်သည်။ ထိုစဉ်က မြို့တော်ခေါင်းဆောင်နှင့် စကားပြောနေသူမှာ လင်းကျန်းအန်း မဟုတ်ဘဲ သူနှင့် ရုပ်ချင်းဆင်သူတစ်ဦးသာ ဖြစ်နိုင်ပေသည်။

လင်းကျန်းအန်းသည်က လယ်သမားတစ်ယောက်သာ ဖြစ်သောကြောင့် ခေါင်းဆောင်များနှင့် ပတ်သက်နိုင်စရာ အကြောင်းမရှိပေ။ စုန့်ဝေ့ ကိုယ်တိုင်ပင် စက်မှုစက်ရုံမှ အင်ဂျင်နီယာတစ်ယောက်ဖြစ်သော်လည်း မြို့တော်ခေါင်းဆောင်များနှင့် ထိုမျှ နီးနီးကပ်ကပ် စကားပြောခွင့် မရခဲ့ဖူးပါချေ။

ထို့ကြောင့် သူ အမြင်မှားယွင်းခြင်းသာ ဖြစ်ရမည်။

စုန့်ဝေ့တစ်ယောက် ပင်ပန်းနွမ်းနယ်စွာဖြင့် မျက်လုံးကို ပွတ်လိုက်သည်။ ယခုအချိန်တွင် သူ မျှော်လင့်နိုင်သည်မှာ လင်းကျန်းအန်းနှင့် လင်းရန်တို့တွင် ထူးခြားချက်များမရှိဘဲ ကျေးလက်ဒေသတွင်သာ ရှိနေစေဖို့ကိုပင်။

သို့မဟုတ်ဘဲ ထိုသားအဖနှစ်ဦးသာ အခွင့်အရေးအသစ်များ ရရှိသွားပါက သူနှင့် သူ့၏သမီး စုန့်စစ်ယွီအပေါ်တွင် သေချာပေါက် လက်စားချေကြလိမ့်မည်။ထိုအချိန်သို့ရောက်လျှင် စုန့်စစ်ယွီ၏ အောင်မြင်မှုလမ်းကြောင်းက မသေချာသေးခင် လင်းသားအဖ၏ လက်စားချေမှုကိုပါ ခံရမည်ဆိုပါက အရှေ့တွင် ဝံပုလွေ၊ အနောက်တွင် ကျား ရှိနေသကဲ့သို့ ဖြစ်နေလိမ့်မည်။

ထို့ကြောင့် စုန့်ဝေ့တစ်ယာက် လင်းကျန့်အန်းနှင့် လင်းရန်တို့ ထိုဆင်းရဲနုံချာသောဘဝတွင်သာ ရှိနေပြီး မရ်သည့်အရာမှ ဖြစ်မလာရန်သာ ဆုတောင်းနေခဲ့သည်။

...

သို့သော် လက်တွေ့တွင်တော့ စုန့်ဝေ့ မျှော်လင့်ထားသည်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။ သူနှင့် သမီးဖြစ်သူ စုန့်စစ်ယွီတို့က ဟောင်ဖင်း၏ မြေကွက်ငယ်လေးကိုသာ စောင့်ကြည့်နေချိန်တွင် လင်းကျန်းအန်းနှင့် လင်းရန်တို့၏ အောင်မြင်မှုက အဆင့်သစ်တစ်ခုသို့ ရောက်ရှိနေခဲ့ပေပြီ။

ပထမဦးစွာ၊ ဆေးဘက်ဝင်အပင် ရှာဖွေရေးအဖွဲ့ကို အချိန်အတော်ကြာ လမ်းညွှန်သင်ပြပေးပြီးနောက် လင်းကျန်းအန်းက သူတို့ကို ခေါ်ဆောင်ကာ တောင်ပေါ်သို့ တက်သွားခဲ့သည်။

ယခုတစ်ကြိမ်တွင် ဘေးဘက်တပ်မဟာများမှ လူများကလည်း သူတို့တပ်မဟာမှ လူများနှင့် ပူးပေါင်းလာသဖြင့် အဖွဲ့မှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမိုကြီးမားလာသည်။

ထို့ကြောင့် မမျှော်လင့်ထားသည့် အခက်အခဲများ မရှိခဲ့လျှင် ယခုတစ်ကြိမ် စုဆောင်းရရှိမည့် ဆေးဖက်ဝင်ပစ္စည်း ပမာဏမှာလည်း ယခင်ကထက် သေချာပေါက် အဆပေါင်းများစွာ ပိုများလာပေလိမ့်မည်။

ယခုတစ်ကြိမ် တောင်ပေါ်သို့တက်သည့်ခရီးစဉ်တွင် အကျိုးအမြတ်အများဆုံးရရှိရန်အတွက် လင်းကျန်းအန်းက တောင်ပေါ်တွင်နေထိုင်မည့်အချိန်ကို ဆယ်ရက်အထိ ပြတ်သားစွာ တိုးမြှင့်လိုက်သည်။

ယခင်တစ်ကြိမ်က သူတို့ညီအစ်ကိုများ၊ စုန့်စရှီးယန်တို့နှင့်အတူ တောင်ပေါ်သို့တက်ချိန်တိင် သုံးရက်မှ ငါးရက်ခန့်သာ ကြာမြင့်ခဲ့သည်။

ပထမဆုံးအချက်မှာ လူနည်းသဖြင့် လူစုကွဲသွားပါက အန္တရာယ်ရှိမည်ကို စိုးရိမ်ရခြင်းကြောင့်ဖြစ်ပြီး၊ ဒုတိယအချက်မှာ တောင်ပေါ်လမ်းများကို သိပ်မကျွမ်းကျင်သေးသောကြောင့် လျှောက်ပတ်ကြည့်ရင်းဖြင့်သာ ဆေးမြစ်ရှာဖွေနေရခြင်းကြောင့် ဖြစ်သည်။

သို့သော် ယခင်အတွေ့အကြုံနှစ်ခုကြောင့် တောင်ပေါ်သို့ အကြိမ်ကြိမ်တက်ခဲ့ဖူးသူများက တောတောင်ရေမြေကို ကျွမ်းကျင်လာကြပေပြီ

ဆေးဖက်ဝင်အပင်များ မည်သည့်နေရာတွင် ပိုထွက်သည်ကိုလည်း သူတို့ ကောင်းကောင်းသိနေကြပြီဖြစ်ရာ ယခုတစ်ခေါက်တွင်တော့ အများအပြား သယ်ဆောင်လာနိုင်ရန် ဆုံးဖြတ်ထားကြသည်။

သို့သော် တောင်ပေါ်သို့မတက်မီ လင်းမိသားစုတွင် လုပ်စရာတစ်ခုရှိနေသေးသည်။

ထိုသည်မှာ မိသားစုထဲမှ အကြီးဆုံးသားဖြစ်သည့် လင်းကွမ်းချင်းက တာဝန်ကျရာသို့ ပြန်သို့ရန် အချိန်ရောက်လာခြင်းပင်။

မူလက သူပြန်လာရခြင်းမှာ စုန့်ရှီးယန်၏ ကိစ္စကြောင့်သာဖြစ်သည်။ သူ့ကိုပေးထားသော တာဝန်မှာ စုန့်ရှီးယန်ကို စောင့်ကြည့်ရန်ဖြစ်သော်လည်း၊ မထင်မှတ်ဘဲ စုန့်ရှီးယန်က လင်းရန်ကို အိမ်သို့ပြန်ခေါ်သွားခဲ့ပြီးနောက်ထိုနေရာမှပင် တပ်ဖွဲ့သို့ အရင်ပြန်သွားခဲ့သည်။

လင်းကွမ်းချင်းမှာ ဒဏ်ရာရထားသူ မဟုတ်သဖြင့် ဤနေရာတွင် အကြာကြီး ဆက်နေ၍ မရတော့ပေ။

ထို့ကြောင့် လင်းရန်နှင့် ချင်းယွမ်ကျစ်တို့ကို အိမ်အရောက် ပို့ဆောင်ပေးပြီးနောက်တွင် သူ၏တာဝန်က ပြီးမြောက်သွားပြီဖြစ်ရာ တပ်သို့ပြန်သွားရန် စတင်တွေးတောခဲ့သည်။

လင်းကွမ်းချင်းအနေဖြင့် အိမ်တွင် တစ်လခွဲ၊ နှစ်လနီးပါး ကြာအောင်နေခဲ့သော်လည်း နှစ်ပေါင်းများစွာ ခွဲခွာနေခဲ့ရသည့် လင်းမိသားစုအတွက်ျော့ ဤအချိန်မှာ အလွန်ပင် တိုတောင်းလှသည်။

သူတို့က နောက်ထပ် လအနည်းငယ်ခန့် ထပ်နေစေချင်သော်လည်း မတတ်နိုင်ခဲ့ကြပေ။ သူ့တွင် တာဝန်နှင့် ဝတ္တရားရှိနေသောကြောင့် မိသားစုဝင်များ ခွဲခွာရမည်ကို မည်မျှပင် တွန့်ဆုတ်နေသည်ဖြစ်စေ ထွက်ခွာသွားရမည်သာ ဖြစ်သည်။

လင်းကွမ်းချင်း မထွက်ခွာမီညတွင် မိသားစုဝင်အားလုံး အိမ်သို့စောစောပြန်လာခဲ့ကြသည်။

လင်းရန်ကလည်း မီးဖိုချောင်ထဲသို့ဝင်၍ အကိုဖြစ်သူမသွားခင် ဝဝလင်လင် စားနိုင်ရန် အရသာရှိသော ဟင်းလျာများကို စားပွဲအပြည့် ချက်ပြုတ်ပေးခဲ့သည်။

လင်းကွမ်းချင်းတစ်ယောက် အားရပါးရ စားသောက်နေရင်းဖြင့် လင်းရန်ကို မော့ကြည့်ကာ မေးမြန်းလိုက်လေ၏။

“ရန်ရန်၊ မင်းနဲ့ အစ်ကိုစုန့်တို့ အစီအစဉ်တွေ ညှိပြီးပြီလား? မင်း ဘယ်တော့လောက်ကို တပ်ကို လိုက်လာမှာလဲ?”

လင်းကွမ်းချင်းအနေဖြင့် လင်းရန်ချက်ပြုတ်သည့် ဟင်းများကို မစားရတော့မည့်အကြောင်းကို တွေးမိတိုင်း စိတ်မသက်မသာ ဖြစ်နေခဲ့ရသည်။

သို့သော် သူ ရုတ်တရက် တွေးမိခဲ့လေ၏။

လင်းရန်နှင့် စုန့်စစ်ယန်တို့က တွဲနေကြတာ မဟုတ်ဘူးလား။

နောက်ပိုင်း သူတို့ လက်ထပ်လိုက်မယ်ဆိုရင် သူမလည်း တပ်ထဲကို လိုက်လာရမှာပဲလေ။ အဲဒီအချိန်ကျရင် သူလည်း လင်းရန်ရဲ့ လက်ရာကို ပြန်ပြီးစားရလိမ့်မယ်!

ထိုသို့သောအတွေးများဖြင့် လင်းကွမ်းချင်းက စိတ်လှုပ်ရှားစွာ မေးလိုက်သော်လည်း ထမင်းဝိုင်းတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။

အဘွားလင်းက သူ့ကို မျက်စောင်းထိုးနေသည်ကို မဆိုထားနှင့်။

ချင်းယွမ်ကျစ်ပင်လျှင် သူ့ကို ကူကယ်ရာမဲ့စွာ ကြည့်လာခဲ့လေ၏။

All Chapters