← Chapters

မှင်စက်ကလေးများ မြေကြီးပေါ်သို့ ကျသွားခြင်း ...

Vol. 8 Ch. 71

မှင်စက်ကလေးများ မြေကြီးပေါ်သို့ ကျသွားခြင်း ...

Vol. 8 Ch. 71

စုန့်ယန့်သည် အားချန်၏ အိမ်မှထွက်ခွာလာပြီးနောက်တွင် အန်းဖိင်ဖန်းတွင်ရှိသည့် သူ နေထိုင်ရာ ခြံဝင်းငယ်လေးတစ်ခုဆီသို့ ပြန်လာခဲ့လေသည်။

သူသည် ဒီနေရာကို ရှန့်ကျင်းသို့ ရောက်လာကတည်းက ငှားရမ်းထားခဲ့ခြင်းဖြစ်၏။ အိမ်ပိုင်ရှင် မိသားစုလေးဦးသည် ဘေးကလျက်က ခြံဝင်းအကြီးထဲတွင် နေထိုင်ကြသည်။

စုန့်ယန့်သည် တံခါးဖွင့်လိုက်ချိန်တွင် ဘေးခြံဝင်းက အိမ်ရှင်အဒေါ်ကြီးသည် အသံကြားလိုက်ရသဖြင့် တံခါးဖွင့်ကာ ထွက်လာခဲ့၏။ သူ့ကို မြင်လိုက်ရသောအခါ မျက်နှာထက်တွင် အပြုံးတစ်ခု ချက်ချင်းထွက်ပေါ်လာတော့သည်။ "ဆရာစုန့် ပြန်မလာတာ ရက်တော်တော်လေး ကြာပြီနော်"

"ကျွန်တော် မိတ်ဆွေတစ်ယောက်ဆီ အလည်သွားနေလို့ပါ" စုန့်ယန့်က သူမကို နူးညံ့ညင်သာသည့် လေသံဖြင့် ပြောလိုက်သည်။ ထိုနောက်တွင်တော့ သူက ဆက်ပြောလိုက်၏။ "ဒေါ်ဒေါ်ကူး အိမ်ကို ကျွန်တော် ဒီလကုန်အထိပဲ ငှားတော့မယ်။ သက်တမ်း ထပ်မတိုးတော့ဘူး။ ဒီနေ့ ကျွန်တော် ပြောင်းတော့မလို့ပါ"

"ဘာဖြစ်လို့လဲ။ ဆရာစုန့် အခက်အခဲများရှိလို့လား" အိမ်ရှင် အဒေါ်ကြီးသည် အနည်းငယ် အံ့အားသင့်သွကာ မေးလိုက်၏။

"မဟုတ်ပါဘူး ကျွန်တော် ဇာတိပြန်တော့မလို့ပါ"

"ဪ ဒီလိုလား" ဒေါ်ဒေါ်ကူးသည် မျက်နှာတွင် နှမြောတသမှု တချို့ထင်ဟပ်သွားတော့သည်။ သည် ဆရာစုန့်သည် ပြောဆိုဆက်ဆံရ အလွန်ကောင်းမွန်ပြီး ပြဿနာလည်း တစ်ခါမှမရှာဖွေတတ်ချေ။ စာအုပ်အနည်းငယ် ဖတ်ဖူးရုံမျှဖြင့် ထိုသူကဲ့သို့စျေးထဲတွင် လှုပ်ရှားရုန်းကန်နေရသူများကိုလည်း အထင်သေးတတ်သူလည်း မဟုတ်ချေ။ ရံဖန်ရံခါးတွင် သူမ၏ကလေးကိုပင် စာသင်ပေးတတ်သေးသည်။

စိတ်ထဲတွင် မခွဲခွာလိုသော်ငြားလည်း အိမ်ရှင်အဒေါ်ကြီးက ပြောရတော့သည်။ “ဇာတိပြန်တာလည်း ကောင်းပါတယ်။ ရှန့်ကျင်းက စည်းကားတယ် ဆိုပေမယ့် ကိုယ့်ဇာတိလောက်တော့ ဘယ်ကောင်းပါ့မလဲ"

"ဒေါ်ဒေါ်ကူး ပြောတာ မှန်ပါတယ်" အိမ်ရှင်အဒေါ်ကြီးနှင့် အနည်းငယ် စကားစမြည် ပြောဆိုပြီးနောက်တွင် စုန့်ယန့်သည် ခြံဝင်းထဲသို့ ဝင်လာခဲ့လေသည်။

တံခါးကို ဖွင့်လိုက်ပြီးနောက်တွင် စုန့်ယန့်သည် တံခါဝတွင် ရပ်ကာ အတွင်းသို့ လှမ်းကြည့်လိုက်၏။ အခန်းထဲတွင် ဟာလာဟင်းလင်း ဖြစ်လို့နေသည်။ သူသည် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သော်ငြား ဒီအခန်းထဲတွင် နေထိုင်သွားသည့် အငွေ့အသက် စိုးစဥ်းမျှပင် ကျန်ရစ်ခဲ့ခြင်းမရှိပေ။

စုန့်ယန်သည် အခန်းထဲသို့ ဝင်ရောက်သွားပြီး နံရံထောင့်ရှိ သေတ္တာထဲတွင် ခေါက်သိမ်းထားသည့် အဝတ်အစားများနှင့် ဖိနပ်များကို သေသပ်စွာ စီရီကာ အထုပ်ထဲသို့ ထည့်လိုက်တော့သည်။ ဒီလိုနှင့် ခရီးဆောင်အိတ်ကို ပြင်ဆင်ပြီးစီး သွားတော့၏။

သူသည် ရှန့်ကျင်းသို့ ရောက်လာစဉ်က အဝတ်အစားအပို အနည်းငယ်နှင့် စာသေတ္တာလေး တစ်လုံးကိုသာ ယူဆောင်လာခဲ့သည်။ ယခုထွက်ခွာမည့် အချိန်တွင်လည်း သူ၏ခရီးဆောင်အိတ်ထဲတွင် ဒီပစ္စည်းများသာ ရှိတော့သည်။

တစ်ချိန်က သူအလေးထားဆုံးဖြစ်ခဲ့သည့် မှင်သွေးကျောက်ကတော့ ယခုအချိန်တွင် မိန်းကလေးကျိ၏ လက်ထဲသို့ ရောက်ရှိသွားပြီဖြစ်သဖြင့် စိတ်ပူပန်နေစရာ မလိုတော့ချေ။

အရာအားလုံးကို သေသေသပ်သပ် ပြင်ဆင်ပြီးနောက်တွင် စုန့်ယန့်သည် စာသေတ္တာကို ကျောတွင်လွယ်ကာ အထုပ်ကိုဆွဲပြီး အခန်းတံခါးနှင့် တံခါမကြီးကို ဂရုတစိုက် သော့ခတ်လိုက်တော့သည်။ ထိုနောက်တွင်တော့ တံခါးသော့ကို ဘေးခြံဝင်းက ဒေါ်ဒေါ်ကူးထံ ပြန်အပ်နှံထားလိုက်ပြီး ခြေလှမ်းကျဲများဖြင့် ထွက်ခွာသွားလေတော့သည်။

ဒေါ်ဒေါ်ကူးသည် သူ၏မားမတ်လှသည့် ကျောပြင်ကို ကြည့်ရင်း စိတ်ထဲတွင် နှမြောတသ ဖြစ်နေမိတော့၏။ နောက်ပိုင်းတွင် ဒီလိုအိမ်ငှားကောင်းမျိုး ရှာဖွေရန် ခက်ခဲပေတော့မည်။

ဒေါ်ဒေါ်ကူး၏ သမီးငယ်လေးသည် မိခင်၏နောက်မှ ခေါင်းကလေး ပြူထွက်လာကာ ကြည်လင်ပြတ်သားနေသည့် အသံလေးဖြင့် မေးလာခဲ့၏။ "အမေ အစ်ကိုစုန့် အပြင်ထပ်ထွက်သွားပြန်တာလား"

ဒေါ်ဒေါ်ကူးက သမီးငယ်လေး၏ဦးခေါင်းကို ဖွဖွလေး ပွတ်သပ်ပေးရင်း အသံကလည်း နူးညံ့စွာ ပြောလိုက်တော့သည်။ "ဆရာစုန့်က အိမ်ပြန်တော့မလို့လေ"

"ဒါဆိုရင် နောက်ကျရင် သူ ပြန်လာဦးမှာလား" ကလေးမလေးက အပြစ်ကင်းစင်စွာ မေးလာသည်။

"ပြန်လာမှာပေါ့။ ဆရာစုန့်လို အရည်အချင်းရှိတဲ့သူက ဇာတိပြန်ပြီး အောင်မြင်မှုရသွားရင် ရှန့်ကျင်းကို ပြန်လာနိုင်တာပဲလေ"

ကလေးမလေးကလည်း ခေါင်းငြိမ့်လိုက်လေသည်။ " အစ်ကိုစုန့်က အရမ်းတော်တာပဲ။ သေချာပေါက် အောင်မြင်မှာပါ"

သူ၏ မူလက နေထိုင်ရာနေရာက ထွက်ခွာလာပြီးနောက် စုန့်ယန့်သည် ထျန်းကျဲ လမ်းမဆီသို့ တန်းတန်းမတ်မတ် လျှောက်လာခဲ့ပြီး လမ်းမပေါ်ရှိ ဧည့်ရိပ်သာတစ်ခုကို ရှာဖွေလိုက်လေသည်။ ဒီဧည့်ရိပ်သာသည် နေရာကောင်းတစ်ခုတွင်ရှိပြီး စျေးနှုန်းကလည်း မသက်သာလှချေ။ တစ်ညတည်းခိုလျှင် အနည်းဆုံး ဝမ် ၅၀၀ ကျားသင့်လေသည်။ စုန့်ယန့်သည် အောက်ထပ်အခန်းတစ်ခန်းကို ယူလိုက်ပြီး ငွေ ၃ လျန် ပေးချေက ၆ ညတာအတွက် ကြိုတင်မှာယူထားလိုက်၏။

သူ့ခရီးဆောင်အိတ်ကို အခန်းထဲတွင် ထားခဲ့ပြီးနောက် စုန့်ယန့်သည် ရေးဆွဲပြီးသား ထင်းရှူးပင်ပန်းချီကားကို ကိုင်ဆောင်ကာ ဧည့်ရိပ်သာမှ ထွက်လာခဲ့တော့သည်။

ဧည့ရိပ်သာက ထွက်လာပြီး ဘယ်ဘက်ကိုချိုးကာ အခန်းနှစ်ခန်း ကျော်ဖြတ်လာသည်နှင့် စွန်းပေါ်အန်း၏ စာအုပ်နှင့်ပန်းချီဆိုင်သို့ ရောက်ရှိလာလေတော့သည်။

စုန့်ယန့် ဝင်လာချိန်တွင် စွန်းပေါ်အန်းသည် ဆိုင်ဝန်ထမ်းနှင့် စကားပြောဆိုနေလေ၏။ သူ့ကို မော့ကြည့်လိုက်သောအခါ မျက်လုံးများက ချက်ချင်းဆိုသလို အရောင်တောက်သွားပြီး ဆိုင်ဝန်ထမ်းကို ကျော်ဖြတ်ကာ ကြိုဆိုရန် ထွက်လာလေတော့သည်။

"သခင်လေးက တကယ် အချိန်မှန်တာပဲ။ ကျွန်တော် လိုချင်တဲ့ ပန်းချီကာပြီးသွားပြီလား"

စုန့်ယန့်သည် ခေါင်းကိုအနည်းငယ်ငြိမ့်ပြလိုက်ပြီး သူလက်ထဲက ပန်းချီလိပ်ကို စွန်းပေါ်အန်းထံသို့ ကမ်းပေးလိုက်၏။

စွန်းပေါ်အန်းသည် ပန်းချီကားကို လက်ခံယူပြီးနောက် မစောင့်နိုင်တော့ဘဲ ဖြေကြည့်လိုက်ကာ ပန်းချီကားကိုကြည့်ရင်း ခေါင်းငြိမ့်လေတော့သည်။

"သခင်လေး ဒီထင်ရှူးပင် ဆွဲထားတာ သိပ်ကောင်းတာပဲ။ နင်းနဲ့မြူနှင်းတွေကြားမှာ ကြံ့ခိုင်မားမတ်ပြီး မလျော့တဲ့စိတ်ဓာတ်ကို ဖော်ကျူးထားနိုင်တယ်။ အဓိပ္ပာယ် အရမ်းကောင်းတယ်။ လက်ရာလည်း အရမ်းမြောက်တယ်"

သူ့ချီးကျူးစကားကို ကြားလိုက်ရသည်တွင် စုန့်ယန့်၏ မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးလေးတစ်ခု ပေါ်ထွက်လာခဲ့၏။

စွန်းပေါ်အန်းက ကြည့်ရှုလို့ ဝသွားသောအခါမှ စုန့်ယန့် ဘက်သို့လှည့်ကာ ပြောလာလေသည်။ "ဒီပန်းချီကားကို ကျွန်တော် အရမ်းသဘောကျတယ်။ ငွေ လျန် ၂၀၀ သခင်လေး ဘယ်လိုသဘောရလဲ"

စုန့်ယန့်က ဒီအခွင့်အရေးကို အသုံးချကာ စျေးတက်လိမ့်မည်ဟု ထင်မှတ်ခဲ့သော်ငြားလည်း သူသည် အလွန်ကျေနပ်စွာပင် သဘောတူလိုက်သည်ကို တွေ့လိုက်ရလေသည်။ "ဒီဈေးက တော်တော်လေး မျှတပါတယ်"

စွန်းပေါ်အန်းသည် စိတ်ထဲတွင် အလွန်ဝမ်းသာသွားပြီး ဆိုင်ဝန်ထမ်းကို လျန်ငွေ ၂၀၀ တန် ငွေစက္ကူ မြန်မြန်သွားယူခိုင်း လိုက်တော့သည်။

စုန့်ယန့်က ငွေစက္ကူများကို လက်ခံယူပြီးသည့်နှင့် ထွက်ခွာရန်ပြင်လိုက်သည်တွင် စွန်းပေါ်အန်းက သူ့ကို မြန်မြန်လေး လှမ်းတားလိုက်၏။ "သခင်လေးမှာ ရောင်းစရာပန်းချီကား အသစ်တွေရှိသေးရင် ကျွန်တော့်ဆီကို အချိန်မရွေး လာလို့ရပါတယ်"

"လာခဲ့ပါ့မယ်"

စုန့်ယန့် တံခါးအပြင်သို့ ထွက်ခွာသွားပြီးနောက် စွန်းပေါ်အန်းသည် ဆိုင်ထဲရှိ ပန်းချီကားဘောင်ကပ်သည့် ပညာရှင်ကို မြန်မြန်ခေါ်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် မှာကြားလိုက်၏။

"ဆရာကျန်း ကျွန်တော် အသစ်ရှာလာတဲ့ ပန်းချီကားပဲ။ ခင်ဗျား ဒါကို သေသေချာချာလေး ဘောင်ခတ်ပေး။ နောက်ရက်အနည်းငယ်ကျရင် ကျွန်တော် ဒါကို လက်ဆောင်ပေးမလို့"

ဆရာကြီးကျန်းသည် ပန်းချီကားကို လှမ်းယူလိုက်ပြီး အကြိမ်အနည်းငယ် ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်လေသည်။ "သူဌေး စိတ်သာချပါ။ သူဌေးရဲ့အရေးကြီးကိစ္စကို အနှောင့်အယှက် မဖြစ်စေရပါဘူး။

တံခါးအပြင်ဘက်တွင် ရပ်နေသည့် စုန့်ယန့်သည် ထိုစကားဝိုင်းကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လာပြီး အနည်းငယ် ပြုံးလိုက်တော့သည်။ ထိုနောက်တွင်တော့ ဧည့်ရိပ်သာသို့ လှည့်ပြန်သွားလေတော့၏။

ညဘက်တွင် ထျန်းကျဲလမ်းမ တစ်လျှောက်လုံး တိတ်ဆိတ်ငြိမ်သက်လို့နေသည်။ ရံဖန်ရံခါတွင် ကင်းလှည့်နေသည့် အစောင့်စစ်သားများ ဖြတ်သန်းသွားလာတတ်ပြီး ခြေသံများမှာ ညီညာသော်ငြား အလွန်တိုးညှင်းလှ၏။

စုနိ့ယန့်၏ အခန်းထဲတွင်တော့ ဖယောင်းတိုင်မီးက တောက်လောင်နေဆဲပင်။ သူသည် စားပွဲရှေ့တွင်ထိုင်ကာ စာရေးနေပြီး ဖယောင်းတိုင်မီးတောက်က သူ့အရိပ်ကို နံရံပေါ်တွင် ထင်ဟပ်လို့ နေစေသည်။

စာရေးပြီးသွားသောအခါ သူသည် စုတ်တံကို ချထားလိုက်ပြီး စာကိုစာအိတ်ထဲသို့ မထည့်ဘဲ ဒီအတိုင်းဖြန့်ကာ စားပွဲပေါ်တွင် တင်ထားလိုက်လေသည်။

ထိုနောက်တွင်တော့ သူသည် ဖယောင်းတိုင်ကို မီးမှုတ်လိုက်ပြီး အဝတ်အစားများကို မချွတ်ဘဲ ကုတင်ပေါ်တွင် လှဲချလိုက်တော့၏။

ညသည် တဖြည်းဖြည်း ပိုပြီးနက်လာကာ အချိန်ကလည်း တစ်စတစ်စ ကုန်ဆုံးလာခဲ့လေသည်။ မောင်းခေါက်သံ ထွက်ပေါ်လာခဲ့၏။ ည သန်းခေါင်ယံအချိန်သို့ ရောက်ရှိလာခဲ့သည်။

ဧည်ရိပ်သာအခန်းထဲတွင် စုန့်ယန့်သည် ပက်လက်အနေအထားဖြင့် လှဲလျောင်းလို့နေ၏။ သူ၏ဟန်ပန်မှာ အရုပ်တစ်ရုပ်ကဲ့သို့ တောင့်တင်းနေပြီး အနည်းငယ် နိမ့်ချီမြင့်ချီဖြစ်နေသည့် ရင်အုပ်ကသာ သူ့အိပ်မောကျနေခြင်း ဖြစ်ကြောင်းကို သိရှိစေလေသည်။

သူ၏ ပြောင်ရှင်းနေသည့် နဖူးတွင် ရုတ်တရက် မှင်စွန်းတစ်ခု ပေါ်ပေါက်လာခဲ့၏။ တဖြည်းဖြည်းနှင့် ထိုမှင်စွန်းအရောင်သည် ပိုပိုပြီး ကြီးမားလာကာ အနက်ရောင်မှင်ရည်များသည် သူ၏ပါးပြင်တစ်လျှောက် စီးဆင်းကာ ခေါင်းအုံးပေါ်သို့ ရောက်ရှိသွားသော်ငြား မှင်စက်တစ်စက်မှပင် ကျန်ရစ်ခဲ့ခြင်း မရှိချေ။

ထိုမှင်ရည် အစုအဝေးသည် ဒီခန္ဓာကိုယ်မှ ထွက်ခွာသွားပြီးနောက် အမှောင်ထုထဲတွင် ပျောက်ကွယ်သွားကာ ထပ်မတွေ့ရတော့ချေ။

စွန်းပေါ်အန်း၏ ဆိုင်ခန်းထဲတွင် မှင်အစုအဝေးတစ်ခုသည် တံခါးကြားမှ တွန်းဝင်လာခဲ့လေသည်။ ဆိုင်အနောက်ဘက်ရှိ ဘောင်ကပ်ခန်းထဲတွင် ဘောင်မကပ်ရသေးသည့် ရှေးဟောင်းထင်ရှူးပင်ပန်းချီကားကို ကျယ်ပြန့်သော စားပွဲကြီးပေါ်တွင် တင်လျက်ထားလေ၏။

မှင်ရည်များသည် စားပွဲပေါ်တွင် လှုပ်ရှားသွားလာကာ ပန်းချီကားပေါ်သို့ ရောက်ရှိသွားတော့သည်။ ထိုနောက်တွင်တော့ ရုတ်တရက်ပျံ့နှံ့သွားခဲ့၏။ မှင်ရောင်များသည် ပန်းချီကားထဲရှိ ကြမ်းတမ်းလှသည့် ကျောက်ဆောင်များနှင့် သန်မာထွားကျိုင်းလှသည့် ထင်းရူးပင်များကြားထဲသို့ ပေါင်းစပ်ကာ စိမ့်ဝင်သွားသည်တွင် ပန်းချီကားကို အသက်ဝင်လှုပ်ရှားလာစေသည့်နှယ် ဖြစ်သွားပြီးနောက် ဘာလှုပ်ရှားမှုမှ ဖြစ်မလာတော့ချေ။

နောက်တစ်နေ့ မနက်စောစောတွင် ပန်းချီဘောင်ကပ်ပေးသည့် ဆရာကြီးသည် အလုပ်လုပ်ရန် အစောကြီးရောက်ရှိလာခဲ့ပြီး နေ့ခင်း ရောက်ချိန်တွင်တော့ ပန်းချီကားကို ဘောင်ကပ်ခြင်း အပြီးသတ်နိုင်ခဲ့၏။

စွန်းပေါ်အန်းသည် ပန်းချီကား ဘောင်ခတ်ပြီးစီးကြောင်း သိလိုက်ရသည်တွင် ပန်းချီကားကို လာရောက်ကြည့်ရှုရင်း ရုပ်တရက် ဟင်ခနဲ အသံပြုမိတော့သည်။

"သူဌေး တစ်ခုခု အဆင်မပြေတာ တွေ့လို့လား" ဘောင်ခတ်ပေးသည့် ဆရာကြီးသည် မိမိ၏လက်ရာကိုထိုလူက မကျေမနပ်ဖြစ်သွားမှာကို စိုးရိမ်သဖြင့် စိတ်လှုပ်ရှားကာ မေးလိုက်တော့၏။

စွန်းပေါ်အန်းက ခေါင်းခါပြလိုက်ကာ "ဘာမှမမှားပါဘူး။ ဒါပေမဲ့ ဒီပန်းချီကားက မနေ့ကထက် ပိုပြီးအသက်ဝင်နေသလို ခံစားရလို့ပါ"

ဘောင်ကပ်ပေးသည့်ဆရာကြီးက ထိုကွာခြားချက်ကို မမြင်နိုင်သော်ငြား ပြဿနာမရှိလျှင် ပြီးရောဟုသဘောထားကာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်တော့သည်။

စွန်းပေါ်အန်းကလည်း သာမန်ကာလျှံကာ ပြောလိုက်ခြင်းဖြစ်ပြီး ထိုကိစ္စကိုစိတ်ထဲတွင် မထားတော့ချေ။ မနေ့က ပန်းချီကားကို ကြည့်ရှုစဉ်က မိမိကိုယ်တိုင် သေသေချာချာ မကြည့်မိခြင်းကြောင့် ဖြစ်ပြီး ယနေ့မှ သေသေချာချာလေး ကြည့်လိုက်တော့ ဒီပန်းချီကားက ပို့ပြီးကောင်းမွန်သည်ဟုသာ ယူဆလိုက်တော့၏။

သူသည် ပန်းချီကားကို သေသပ်စွာ သိမ်းဆည်းထားလိုက်ပြီး ပန်းချီကားထည့်သည့် ဝါးကျီတောက်ထဲသို့ ထည့်သိမ်းထားလိုက်လေသည်။

နောက်နှစ်ရက်ကြာလျှင် သူ၏ ယောက်ဖမွေးနေ့ ဖြစ်သည်။ ယခုအချိန်သည် အတိတ်ကနှင့် မတူတော့သဖြင့် မြို့စားအိမ်တော်တွင် တခြားဧည့်သည်များ ရှိလိမ့်မည်မဟုတ်ဟု တွေးမိ၏။ သူ၏ ဒီတစ်ခုတည်းသော မွေးနေ့လက်ဆောင်ကသာ ယောက်ဖဖြစ်သူကို နှစ်သိမ့်းမှု ရရှိလိမ့်မည်မှာ သေချာသလောက်ပင်။

ယောက်ဖဖြစ်သူ၏ အိမ်တော်သည် အခက်အခဲအချို့ ကြုံတွေ့ခဲ့ရသော်ငြား စွန်းပေါ်အန်း ကတော့ မြို့စားအိမ်တော်သည် ဤအကြောင်းကြောင့် ပြန်လည်နာလံထူနိုင်လိမ့်မည် မဟုတ်ဟု မထင်မှတ်ချေ။

အိမ်တော်တွင် ဆက်ခံသူရှိနေသေးလျှင် မြို့စားအိမ်တော်သည် အနှေးနှင့်အမြန် ကြီးပွားလာပေလိမ့်မည်။ သူ လုပ်ရန်လိုအပ်သည်မှာ စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းရုံသာရှိ၏။

ဒီနေ့တွင်တော့ စွန်းပေါ်အန်းသည် ဆိုင်ကစောစီးစွာ ထွက်ခွာလာခဲ့ပြီး ဘောင်ကပ်ပြီးသား ပန်းချီကားကိုလည်း တစ်ခါတည်း ယူဆောင်သွားခဲ့လေသည်။

ထိုအချိန်မှာပင် သူ့ဆိုင်နှင့် မီတာ၁၀ဂဏန်းမျှသာ ကွာဝေးသည့် ဧည့်ရပ်သာတစ်ခုတွင် အိပ်မောကျနေသော စာပေပညာရှင်လေးသည် နိုးထလာခဲ့၏။

စာပေပညာရှင်လေးသည် ကုတင်ပေါ်က ထထိုင်လိုက်ပြီး မရင်းနှီးသည့် နေရာတစ်ခုသို့ ရောက်ရှိနေသည်ကို အံ့အားသင့်စွာ တွေ့လိုက်ရတော့သည်။

သူသည် အနည်းငယ် ငေးကြောင်ကြောင် ဖြစ်သွားတော့သည်။ ပြတင်းပေါက် အပြင်ဘက်က အသံများကို ကြားလိုက်ရသည်တွင် သူသည် ခေါင်းကို အပြင်ထုတ် ကြည့်လိုက်ပြီးမှ လုံးဝကို ကြက်သေ သေသွားတော့သည်။

ပြတင်းပေါက် အပြင်ဘက်တွင် မြင်းလှည်းမျာရှုပ်ထွေးစွာ သွားလာနေကြ၏။ ကျယ်ပြန့်လှသည့် လမ်းမတစ်လျှောက် အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်တွင် ခမ်းနားထည်ဝါလှသည့် နန်းတော်မြို့ရိုးကြီး၏ ပုံရိပ်သည် သူ့မျက်လုံးထဲသို့ ဝင်ရောက်လာလေတော့သည်။

စာပေပညာရှင်လေးသည် သူ့မျက်လုံးများကို ပွတ်သတ်လိုက်တော့၏။ သူက တရေးအိပ်ပျော်သွားရုံလေးပါ။ ဘယ်လိုလုပ်ပြီးတော့ မျက်လုံးတွေ ပြာသွားရတာလဲ။

အချိန်အတော်ကြာသည်အထိ မျက်စိရှေ့က မြင်ကွင်းသည် ပျောက်ကွယ်မသွားသေးသည်တွင် စာပေပညာရှင်လေးသည် နောက်ဆုံးတော့ အရှိတရားကို စတင်လက်ခံလာနိုင်တော့သည်။

သူသည် အခန်းထဲတွင် ခေါက်တုန့်ခေါက်ပြန် လျှောက်သွားနေမိပြီး မိမိ၏ဇာတိမြို့တွင် တရေးအိပ်ပျော်သွားပြီး နိုးလာသောအခါ ရှန့်ကျင်းမြို့တော်သို့ ရောက်ရှိနေသည်ဟူသည့် ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်ကို လက်မခံနိုင်သေးချေ။ နောက်ဆုံးတွင်တော့ သူသည် စားပွဲပေါ်တွင် သူ့အတွက်ရေးသားထားသည့် စာတစ်စောင်ကို တွေ့ရှိသွားလေတော့သည် ...

စာထဲကလက်ရေး လက်သားများက သူ့လက်ရေးနှင့်တစ်ထပ်တည်း တူညီနေပြီး မည်သည့်လက်မှတ်မှ ချန်ရစ်ထားခဲ့ခြင်း မရှိချေ။

စာရေးသူက အစပျိုးရာတွင်ပင် သူ့ကို တောင်းပန်ထားလေသည်။ သူ့တွင် မပြီးပြတ်သေးသည့် ဆန္ဒတစ်ခုရှိနေပြီး သူ့ကိုအမှတ်မထင် တွေ့ရှိခဲ့သဖြင့် သူ့ခန္ဓာကိုယ်ကို ပူးကပ်ကာ ရှန့်ကျင်းသို့ ရောက်ရှိလာခဲ့ကြောင်း ဆိုထားလေသည်။

ယခုအချိန်တွင် ဆန္ဒများ ပြည့်ဝသွားပြီဖြစ်သဖြင့် သူ့ခန္ဓာကိုယ်မှ ထွက်ခွာသွားခဲ့ပြီဖြစ်ကြောင်းနှင့် လျော်ကြေးအဖြစ် ငွေ လျန် ၁၀၀၀ ကို ချန်ရစ်ခဲ့ကြောင်းပင် ထည့်သွင်းရေးသား ထားသေးသည်။

ဒီနေရာသို့ ရောက်လာချိန်တွင် စာပေပညာရှင်လေးသည် သေတ္တာကို သွားရောက် မွှေနောက်ကြည့်လိုက်ရာ အထဲဖက်တွင် ထူထဲသည့် ငွေစက္ကူတစ်ထပ် အမှန်တကယ်ရှိနေသည်ကို တွေ့လာရ၏။

မူလက ရင်ထဲအပြည့်ရှိနေသည့် မကျေနပ်ချက်များသည် ငွေစက္ကူကို မြင်လိုက်ရသည့်အချိန်တွင် ရုတ်တရက် ပျောက်ကွယ်သွားလေတော့သည်။ တရေးနိုးလာတော့ ရုတ်တရက် ငွေအများကြီးရလာတယ်။ နောက်ဆိုရင် စားဝတ်နေရေးအတွက် ပင်ပန်းစရာမလိုတော့ဘူး။ ဒါက ဝမ်းသာစရာ ကိစ္စတစ်ခုလို့ပဲ သတ်မှတ်လို့ ရမလားပဲ။

စာပေပညာရှင်လေးသည် စပြီးစဉ်းစားလေတော့သည်။ ဇာတိကို ပြန်ရောက်ရင် မြစ်ကမ်းနားမှာ အိမ်တစ်လုံးဝယ်ရမယ်။ ပြီးတော့ အစေခံတချို့ငှားမယ်။ ဖြစ်နိုင်ရင် ဆိုင်တစ်ဆိုင်လောက် ဖွင့်လိုက်ရင်ကောင်းမလား။

သူသည် အချိန်တစ်ခုအထိ တစ်ယောက်တည်း စိတ်ကူးယဉ်နေပြီးမှ စာကိုဆက်ပြီး ဖတ်ရှုလိုက်၏။

စာထဲတွ င်ဒီငွေကြေးရင်းမြစ်သည် အလွန်သန့်ရှင်းစင်ကြယ်သော်လည်း သူက အာဏာပိုင်များကို တိုင်ကြားခဲ့ပါက မလိုလားအပ်သည့် ပြဿနာများစွာကို ဆွဲဆောင်နိုင်သကဲ့သို့ ဖြစ်သွားနိုင်ကြောင်း စာကို ဖတ်ပြီးသည့်နောက်တွင် ဖျက်ဆီးပစ်လိုက်ခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း ရေးသားထားလေသည်။

စာ၏ အကြောင်းအရာသည် ရုတ်တရက် အဆုံးသတ်သွားခဲ့၏။ စာပေပညာရှင်လေးသည် စာရွက်ကို ကိုင်ရင်း အနည်းငယ် တွေဝေသွားပြီးနောက် စာကို ဆုပ်ဖြဲကာ ရေထဲတွင် စိမ်ထားလိုက်၏။ စာလုံးများမှာ လုံးဝ ပျောက်ကွယ်သွားသည်အထိ စောင့်ဆိုင်းနေလိုက်လေသည်။

ဖြေရှင်းမရနိုင်သည်သည့် သံသယများစွာ ကျန်ရစ်နေသေးသော်ငြား အဖြစ်အပျက်များမှာ ဖြစ်ပျက်ခဲ့ပြီးပြီဖြစ်သည်။ တစ်ဖက်လူကလည်း လုံလောက်သည့် လျော်ကြေးငွေကို အပ်ခဲ့ပြီးဖြစ်၏။။ စာပေပညာရှင်လေးသည် စိတ်ထဲက တွေးလိုက်လေသည်။ ဒီကိစ္စကို ထူးဆန်းတဲ့ အတွေ့အကြုံတစ်ခုလို့ပဲ သဘောထား လိုက်တော့မယ်။

ဧည့ရိပ်သာတွင် နောက်ထပ်ငါးရက် တည်းခိုလို့ရသေးသည် ဒီရက်များအတွင်းတွင် သူသည် မြို့တော်ထဲတွင်ကောင်းစွာ လှည့်ပတ်ပြီးနောက်မှ ဇာတိမြို့သို့ပြန်ရန် ကုန်သည်များ၏ ယာဥ်တန်းတစ်ခုကို ရှာဖွေရပေမည်။

စာပေပညာရှင်လေးသည် သူ၏ ခရီးစဉ်ကို အစီအစဉ်တကျ စီမံခန့်ခွဲလိုက်တော့၏။ ဒီခန္ဓာကိုယ်ထဲတွင် အသိစိတ်တစ်ခု ပြောင်းလဲသွားသည်ကိုတော့ ဘယ်သူမှသတိမထားမိကြပေ။

တစ်ဖက်တွင်တော့ စွန်းပေါ်အန်းသည် နှစ်ရက်တိုင်တိုင် စောင့်ဆိုင်းခဲ့ပြီးနောက် နောက်ဆုံးတွင်တော့ စုန့်မြို့စား၏ မွေးနေသို့ ရောက်ရှိလာတော့၏။ မနက်ခင်းစောစောတွင် သူသည် အစေခံများကို မြင်းလှည်းမောင်းနှင်ကာ စုန်မြို့စားအိမ်တော်သို့ သွားရန် တိုက်တွန်းနေတော့သည်။

ယခင်နှစ်များ၏ ဒီနေ့ရက်တွင် စုန့်မြို့စားအိမ်တော်သည် ဧည့်သည်အများဖြင့် အမြဲတစေ ပြည့်နှက်နေတတ်လေသည်။ ယနေ့တွင်တော့ တံခါးမကြီးမှာ ပိတ်ထားပြီး အထူးပင် အထီးကျန်ကာ ဆိတ်ငြိမ်နေသကဲ့သို့ ထင်ရလေသည်။

စွန်းပေါ်အန်းသည် မြင်းလှည်းပေါ်မှ ဆင်းလာကာ ရှေ့သို့တက်လာပြီး တံခါးခေါက်လိုက်၏။ အတန်ကြာမှ တံခါးငယ်လေးသည် အတွင်းဘက်မှ ပွင့်လာခဲ့လေသည်။ တံခါးစောင်က စွန်းပေါ်အန်းဖြစ်နေသည်ကို မြင်လိုက်ရသည်တွင် မှောင်နေသောမျက်နှာတွင် နောက်ဆုံးတော့ အပြုံးတစ်ခု ပေါ်လာတော့သည်။ "ဪ သခင်မကြီးရဲ့ မောင်ဖြစ်နေတာကိုး။ ခဏစောင့်ပေးပါဦး"

စွန်းပေါ်အန်းကလည်း ဘေးတံခါးတွင် စိတ်ရှည်လက်ရှည် ရပ်စောင့်နေလိုက်၏။ မကြာခင်တွင် စုန့်မြို့စားကိုယ်တိုင် လာရောက်ကြိုဆိုသည်ကို အံ့အားသင့်ဖွယ် တွေ့လိုက်ရတော့သည်။

"ယောက်ဖ" စုန့်မြို့စားကို မြင်လိုက်ရသောအခါ စွန်းပေါ်အန်းသည် မြန်မြန်

ရှေ့တိုးကာ အရိုအသေပြု နှုတ်ဆက်လိုက်လေသည်။

စုန့်မြို့စားသည် အပြစ်ပေးခံရကာ ပြန်လည်သုံးသပ်နေရသည့် ကာလအတွင်းတွင် စွန်းပေါ်အန်းသည် အိမ်သို့လာရောက်တွေ့ဆုံသည့် တစ်ဦးတည်းသောသူ ဖြစ်လေသည်။ စုန့်မြို့စားသည် သူ့ကို မြင်လိုက်ရချိန်တွင် စိတ်ထဲ၌နွေးထွေးမှုကို ခံစားလိုက်ရ၏။

"ပေါ်အန်း ဘယ်လိုလုပ်ပြီး ဒီနေ့မှရောက်လာတာလဲ"

ပုံမှန်အချိန်များတွင် သိပ်ပြီးအထင်မကြီးလှသည့် ဇနီးဖြစ်သူ၏မောင်ကို အိမ်ထဲသို့ကြိုဆိုရင်း စုန့်မြို့စားကမေးလိုက်၏။

"ဒီနေ့ ယောက်ဖရဲမွေးနေလေ။ ကျွန်တော်က ယောက်ဖ မွေးနေ့အတွက် ပန်းချီကားတစ်ချပ်ကို အထူးတလည် ရှာဖွေလာခဲ့တာပါ"

စုန့်မြို့စား၏ ခြေလှမ်းများမှာ ရပ်တန့်သွားပြီး ကိုယ်ကိုလှည့်ကာ စွန်းပေါ်အန်း၏ပခုံးကို အားရပါးရ လှမ်းပုတ်လိုက်၏။ "ပေါ်အန်း မင်း တကယ် စိတ်ထဲမှာထားတာပဲ"

"မိသားစုအချင်းချင်းပဲကို ယောက်ဖက ဘာလို့ဒီလောက် အားနာနေရတာလဲ" စွန်းပေါ်အန်းက ရယ်ရင်းမောရင်း ပြောဆိုလိုက်ပြီး စုန့်မြို့စားနှင့်အတူ သူ့စာကြည့်ခန်းထဲသို့ လိုက်ပါသွားတော့သည်။

စွန်းပေါ်အန်းအတွက်တော့ ဒီနေရာသို့ဝင်ရောက်ခဲ့ ရရှိခြင်းမှာ ပထမဦးဆုံးအကြိမ်ပင်။ စာကြည့်ခန်းထဲသို့ ရောက်လာသည်တွင် သူသည်ပတ်ဝန်းကျင်ကို မဝံ့မရဲ ကြည့်ရှုလိုက်ပြီး လက်နှစ်ဖက်ဖြင့် ပန်းချီကားကို လှမ်းပေးလိုက်၏။

စုန့်မြို့စားသည် ဇနီးဖြစ်သူ၏မောင်က လက်ဆောင်ပေးလာသည့် ပန်းချီကားအပေါ် သိပ်ပြီးမျှော်လင့်မထားချေ။ မြို့တော်ထဲက လူတိုင်းသည် သူ့ပန်းချီကို နှစ်သက်ကြောင်း သိကြလေသည်။ ယခင်နှစ်များ၏ မွေးနေ့များတွင်လည်း သူရရှိခဲ့သည့် လက်ဆောင်အများစုမှာ ရှေးဟောင်းနှင့် ခေတ်သစ်ပန်းချီ ကားကောင်းများသာ ဖြစ်လေသည်။ ဇနီးဖြစ်သူ၏မောင်မှာ ကုန်သည်တဦးမျှသာ ဖြစ်သဖြင့် အလွန်တန်ဖိုးကြီးသည့် ပန်းချီကားများကို ရှာဖွေနိုင်မည် မဟုတ်ချေ။ သို့သော်ငြား ယနေ့တွင်တော့ သူတစ်ဦးတည်း ရောက်ရှိလာခဲ့သဖြင့် လက်ဆောင်မှာအလွန်ပင် တန်ဖိုးကြီးမားသွားသလို ဖြစ်နေတော့သည်။

စုန့်မြို့စားသည် ပန်းချီလိပ်ကို ဝါးကျည်‌တောက်ထဲက ထုတ်ယူလိုက်ပြီး အမှတ်မထင် ဖြန့်ခင်းလိုက်၏။

စုန့်မြို့စားကြီးသည် ပန်းချီကားကို အတန်ကြာအောင် စိုက်ကြည့်နေလိုက်ပြီး စကားတစ်ခွန်းမှ မပြောသည်ကို မြင်လိုက်ရသည်တွင် စွန်းပေါ်အန်း၏ မျက်နှာတွင် ကျေနပ်သည့် အရိပ်အရောင်တချို့ ဖြတ်ပြေးသွားကာ မေးလိုက်တော့၏။ "ယောက်ဖ ဒီပန်းချီကားကို ဘယ်လိုမြင်လဲ"

"ပန်းချီကားကောင်းပဲ" စုန့်မြို့စားကလည်း ချီးကျူးပြီး ချက်ချင်းပင် ပြန်မေးလိုက်၏။ "ဒါကို ဘယ်ပညာရှင်ကြီးက ရေးဆွဲခဲ့တာလည်း မသိဘူး"

သူသည် ပန်းချီကားပေါ်က လက်မှတ်ကို ကြည့်လိုက်သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ ပန်းချီဆွဲသူသည် စာလုံးများသာ ရေးသားပြီး အမည်နာမကို ချန်ရစ်ထားခြင်းမရှိချေ။

"ပညာရှင်ကြီး မဟုတ်ပါဘူး။ ကျွန်တော် အမှတ်မထင်တွေ့ခဲ့တဲ့ အရည်အချင်းရှိတဲ့ လူငယ်လေးတစ်ယောက် ဆွဲထားတာပါ။ ကျွန်တော်က သူ့လက်ရာ အရမ်းကောင်းတာကိုတွေ့လို့ ယောက်ဖကို လက်ဆောင်ပေးဖို့ ဒီပန်းချီကားကို ရေးဆွဲခိုင်းခဲ့တာပါ"

စုန့်မြို့စားကြီးက ခေါင်းငြိမ့်လိုက်တော့၏။ ပညာရှင်ကြီး ရေးဆွဲထားခြင်း မဟုတ်သော်ငြား ဒီပန်းချီကားကို သူသည် အမှန်တကယ် သဘောကျမိလေသည်။ ရှေးဟောင်း ထင်ရှူးပင်ပန်းချီကား ... အပြင်ဘက်တွင် နှင်းမုန်တိုင်းများ တိုက်ခတ်နေသော်ငြား ၎င်းသည် တုန်လှုပ်ခြင်းမရှိ ခိုင်မာစွာရပ်တည်လို့နေသည်။

ပန်းချီကားသည်လည်း ကောင်းမွန်သည့် အဓိပ္ပာယ်မှာလည်း ကောင်းမွန်လှ၏။

မြို့စားအိမ်တော်ကလည်း ဒီပန်းချီကားထဲက ထင်ရှူးပင်လိုပဲ ဖြစ်ရမယ်။ အပြင်ကလူတွေ ဘယ်လောက်ပဲ ကဲ့ရဲ့နေပါစေ ထိုက်တောင်ကြီးလို မယိမ်းမယိုင် တည်ငြိမ်နေရမယ်။

စွန်းပေါ်အန်းသည် စုန့်မြို့စား ကျေနပ်သွားသည်ကို မြင်ရသောအခါ သူ့ရင်ထဲက အလုံးကြီးသည်လည်း လုံးဝကို ပြုတ်ကျသွားတော့၏။ သူသည် ပန်းချီကားကို လက်ဆောင်ပေးပြီးနောက် မြို့စားအိမ်တော်တွင် အချိန်ကြာကြာ မနေခဲ့ပေ။ အရှင်မင်းကြီးက တခြားသူများ မြို့စားအိမ်တော်သို့ မဝင်ရဟု အမိန့်မထုတ်ထားသော်ငြား အချိန်ကြာမြင့်စွာ နေထိုင်မိပါကလည်းသူများ တခြားသူများ သိရှိသွားပါက ကောင်းမွန်မည် မဟုတ်ပေ။

မိမိ၏စေတနာကို ပေးပို့ပြီးသွားပြီဖြစ်သဖြင့် သူ့ယောက်ဖကလည်း ဒီစေတနာကို နားလည်လက်ခံသွားပြီဖြစ်ရာ သူသည်လည်း ပြန်သင့်လေပြီ။

စွန်းပေါ်အန်း ပြန်သွားပြီးနောက်တွင် စုန့်မြို့စားကြီးသည် စာကြည့်ခန်းထဲတွင် ရှိနေဆဲပင်။ သူသည် ယခင်က အနှစ်သက်ဆုံးဖြစ်သည့် ပန်းချီကားကို ဖြုတ်ချလိုက်ပြီး ဒီရှေးဟောင်းထင်ရှူးပင် ပန်းချီကားကြီးကို ချိတ်ဆွဲထားလိုက်လေသည်။

စုန့်မြို့စားသည် စားပွဲဆီသို့ ပြန်လာပြီးနောက် မော့ကြည့်လိုက်သည်နှင့် ထိုးပန်းချီကားကို တန်းတန်းမတ်မတ် မြင်တွေ့နေရသည်။

မနက်ခင်းတစ်ခုလုံးတွင် စုန့်မြို့စားသည် စာကြည့်ခန်းထဲတွင်သာ ထိုင်နေခဲ့သည်။ သူသည် ခဏလောက် လက်ရေးလေ့ကျင့်လိုက်ပြီး စစ်ဘက်ကျမ်းတချို့ကို ဖတ်ရှုလိုက်၏။ နောက်ဆုံးတွင်တော့ စားပွဲရှေ့တွင်ထိုင်ကာ ဗလာအတိ ဖြစ်နေသည့် လျှောက်တင်လွှာ တစ်စောင်ကို အတန်ကြာ စိုက်ကြည့်နေမိလေသည်။ အကြိမ်ပေါင်းများစွာ စုတ်တံကို ကိုင်ကာ ရေးသားရန်ကြိုးစားသော်ငြား ဘာကိုရေးရမည် မသိအောင် ဖြစ်နေလေ၏။

အဖြစ်အပျက်များ ဖြစ်ပွားခဲ့သည်မှာလည်း ရက်အနည်းငယ် ကြာမြင့်နေခဲ့ပြီ။ အရှင်မင်းကြီးလည်း ဒီလောက်ထိ ဒေါသထွက်တော် မမူလောက်တော့ဘူး ထင်တယ်။ ဒီအချိန်မှာ အပြစ်ဝန်ခံတဲ့ လျှောက်တင်လွှာတစ်စောင် ရေးတင်သင့်တယ်။ တကယ်လို့ အရှင်မင်းကြီးရဲ့ စိတ်နှလုံးကို လှုပ်ရှားနိုင်ခဲ့ရင် တစ်နှစ်တာ ပြန်လည်သုံးသပ်ရမယ့် အချိန်ကလည်း လျော့နည်းသွားနိုင်တယ်။

သို့သော်ငြား စုန့်မြို့စားသည် မူလကတည်းက စာပေအရေးအသားတွင် မကျွမ်းကျင်သူ ဖြစ်လေရာ လျှောက်တင်လွှာ ရေးသားခြင်း ဆိုလျှင်တော့ ပြောဖွယ်ရာ မရှိတော့ချေ။ အတန်းကြာအောင် ဟန်ရေးပြနေသော်ငြား စာလုံးတစ်လုံးမှ ထွက်မလာခဲ့ချေ။ နေ့လယ်စာ အရင်စားလိုက်ဦးမယ်။ ပြီးမှပဲ ဆက်စဉ်းစားတာပေါ့။

နေ့လယ်စာ စားပြီးနောက်တွင် အိမ်တော်တွင် မွေးမြူထားသည့် ကချေသည် အမျိုးသမီးက ဖီဖာကို ခဏလောက် လာရောက် တီးခတ်ပေးလေသည်။ စုန့်မြို့စားသည် အနည်းငယ် ငိုက်မျဥ်းလာသည်ဟု ခံစားရသဖြင့် ထိုသူများကို ပြန်လွှတ်လိုက်ပြီး မိမိကိုယ်တိုင် စာကြည့်ခန်း၏ အတွင်းခန်းငယ်လေးထဲသို့ ပြန်ဝင်ကာ အနားယူလိုက်တော့သည်။

မကြာမီမှာပင် အတွင်းခန်းငယ်လေးထဲက ဟောက်သံများ ထွက်ပေါ်လာတော့၏။ သူသည် အိပ်ပျော်သွားခဲ့လေပြီ။

ရှင်းလင်းနေသည့် စာကြည့်ခန်းထဲတွင် စားပွဲ၏ရှေ့တည့်တည့်တွင် ချိတ်ဆွဲထားသည့် ထင်းရှူးပင်ပန်းချီကားမှ ရုတ်တရက် မှင်အစွန်းအထင်း အကွက်ကြီးများ စိမ့်ထွက်လာခဲ့သည်။ ထိုမှင်စက်များသည် မြေပြင်ပေါ်သို့ တစ်စက်စက် ကျဆင်းလာပြီး တဖြည်းဖြည်း အစုအဝေးတစ်ခုအဖြစ် ပေါ်ထွက်လာလေတော့၏။

....

All Chapters