ဝမ်းနည်းစရာကောင်းသည်မှာ ဒီဘဝသည် တိုတောင်းလွန်းလှသည် ...
Vol. 8 Ch. 72
အိမ်မောကျနေစဉ်မှာပင် စုန့်မြို့စားသည် သူ့နဖူးပြင်ပေါ်တွင် အေးစက်စက် ခံစားချက်တစ်ခု ဖြတ်ပြေးသွားသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။ သူက အမှတ်တမဲ့ လက်ဖြင့်ပွတ်သပ်လိုက်ပြီး တစ်ဖက်သို့ လှည့်ကာ ဟောက်သံများကတော့ ဆက်ပြီးထွက်ပေါ်နေဆဲပင်။
ဒီအချိန်တွင် မှင်ကွက် တစ်ကွက်သည် စုန့်မြို့စားကြီး၏ နဖူးပေါ်တွင် ပေါ်ထွက်လာခဲ့၏။ ထိုမှင်ကွက်သည် အစပိုင်းတွင် အလွန်ကြီးမားသော်ငြားလည်း တဖြည်းဖြည်း ကျုံ့ဝင်သွားကာ သူ့ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသယောင်ပင်။
နောက်ဆုံးမှင်ကွက် ပျောက်ကွယ်သွားသည့်အချိန်မှပင် စုန့်မြို့စားကြီး၏ မျက်လုံးများသည် ပွင့်ထွက်လာ၏။ သို့သော်ငြား နောက်တစ်စက္ကန့်တွင် သူသည် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ပြီး သူ့နဖူးပေါ်က မှင်ကွက်ကြီးကလည်း တစ်ဖန်ပြန်ပေါ်လာခဲ့သည်။
"မင်းဘယ်သူလဲ" စုန့်မြို့စားကြီး၏အသံထဲတွင် ထိတ်လန့်မှုများ ပါဝင်နေ၏။ သူသည် အကူအညီတောင်းရန် ပါးစပ်ကို ဟလိုသော်ငြားလည်း လက်တစ်ဖက်က ရုတ်တရက် သူ့လည်ပင်းကို ဆွဲညှစ်လိုက်သလို စကားမပြောနိုင် တော့ချေ။
ဒါသည် စုန့်ယန့်အတွက် လူ့ခန္ဓာကိုယ်ကို ဒုတိယအကြိမ်မြောက် ပူးကပ်ခြင်း ဖြစ်လေသည်။ သို့သော်ငြား ဒီတကြိမ်တွင်တော့ ယခင်တစ်ကြိမ်လို လွယ်ကူချောမွေ့ခြင်းမရှိချေ။
သူသည် ပူးကပ်ခြင်း အောင်မြင်စသာ ရှိသေးသည်။ စုန့်မြို့စား၏ကိုယ်တွင်းက ထူးခြားသည့် စွမ်းအင်တစ်ရပ်က သူ့ကိုဖိနှိပ်ရန် ရုတ်တရက် ထွက်ပေါ်လာလေသည်။ အကယ် ၍အားချန်၏ ဘိုးဘေးထံမှ ရရှိခဲ့သည့် စွမ်းအင်ဖြင့် ထိုအရာကို မတားဆီးထားခဲ့လျှင် သူပူးကပ်ခြင်းမှာ ကျဆုံးသွားမှာ သေချာလှသည်။
စွမ်းအင်နှစ်မျိုး အပြန်အလှန် ထိပ်တိုက်ရင်ဆိုင်ခြင်း၏ အကျိုးရလဒ်အနေဖြင့် သူသည် စုန့်မြို့စားကြီး၏ခန္ဓာကိုယ်ကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းမရှိဘဲ စုန့်မြို့စား၏ အသိစိတ်သည်လည်း နိုးကြားလျက်ရှိ နေ၏။
စုန့်ယန့်နှင့် စုန့်မြို့စားကြီးတို့သည် ခန္ဓာကိုယ်ထိန်းချုပ်ခွင့်ကို အပြန်အလှန် လုယက်နေကြရာ မကြာမီတွင် စုန့်မြို့စားကြီးမှာ အရေးနိမ့်သွားတော့သည်။
သူ့ခန္ဓာကိုယ်အတွင်းက အလိုအလျောက် ပေါ်ထွက်လာသည့် စွမ်းအင်သည် တဖြည်းဖြည်း အားနည်းသွားပြီး နောက်ဆုံးတော့ လုံးဝဖိနှိပ်ခံလိုက်ရတော့၏။
နောက်တကြိမ် မျက်လုံးပြန်ဖွင့်လာသည့်တွင် စုန့်ယန့်သည် ဒီခန္ဓာကိုယ်ကို လုံးဝထိန်းချုပ် နိုင်သွားပြီဖြစ်၏။ သို့သော်ငြား ထိုစွမ်းအင်ကြောင့် စုန့်မြို့စားကြီး၏အသိစိတ်သည် နိုးကြားနေဆဲ ဖြစ်ကြောင်းကိုတော့ ခံစားမိနေသည်။ တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် သူသည် စုန့်မြို့စားကြီး၏ ခန္ဓာကိုယ်ကို အသုံးပြုကာ မည်သည့်အရာကိုပင် ပြုလုပ်ပါစေ ထိုလူက မြင်တွေ့နေရပေမည်။
ထိုအပြင် ဒီခန္ဓာကိုယ်ကို ထိန်းချုပ်ခြင်းသည်လည်း အားချန်၏ ဘိုးဘေးထံမှ ရရှိထားသည့်စွမ်းအင်ကို အဆက်မပြတ် သုံးစွဲနေရစေ၏။ အစက အားချန်က ငါ့ကို ၇ ရက်ထိန်းထားနိုင်မယ်လို့ ပြောတယ်။ အခု ဒီလို သုံးစွဲပုံမျိုးနဲ့ဆိုရင်တော့ ၃ရက်တောင်ပြည့်အောင် တောင့်ခံနိုင်မှာ မဟုတ်လောက်ဘူး။
ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ငါ လုပ်ရမယ့်ကိစ္စတွေက တစ်ရက်နဲ့ဆိုရင်တောင် လုံလောက်တယ်။
စုန့်ယန့်သည် ကုတင်ပေါ်မှ ထထိုင်လိုက်လေသည်။ ခဏလောက် လေ့ကျင့်လိုက်ရုံမျှဖြင့် စုန့်မြို့စားကြီး၏အမူအရာနှင့် ဟန်ပန်ကို တစ်ထပ်တည်းတူအောင် အတုခိုးနိုင်ခဲ့သည်။
သူသည် တခြားကိစ္စများကို လုပ်ဆောင်ရန် အလျင်မလိုဘဲ စားပွဲပေါ်တွင် ထိုင်ကာ မှင်တုံးကို ဖြည်းဖြည်းချင်း သွေးနေလိုက်၏။
မှင်သွေးပြီးသွားသောအခါ သူသည် စုတ်တံကိုကိုင်ကာ မှင်ထဲတွင်စိမ်လိုက်ပြီး ဗလာဖြစ်နေသည့် လျှောက်တင်လွှာပေါ်တွင် စာလုံးများစတင် ရေးသားလိုက်လေသည်။ စုန့်မြို့စားက ဒီအချိန်မှာ လျှောက်တင်လွှာ ရေးတယ်ဆိုတာကလည်း အပြစ်ဝန်ခံဖို့ပဲ ဖြစ်မှာပေါ့။ သူ၏စုန့်မြို့စား၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသည့်အတွက် ထိုလူ၏မပြီးပြတ်သေးသည့် ကိစ္စများကို အဆုံးသတ်ပေးရမည်။
လျှောက်တင်လွှာ ရေးပြီးသွားသည့်နောက် မှင်ကို အခြောက်ခံပြီး သွားသောအခါ စုန့်ယန့်သည် လျှောက်တင်လွှာကိုလိပ်လိုက်ပြီး သူ့အသံကို မြင့်လိုက်၏။ "လူရှိလား"
"သခင်ကြီး" အပြင်ဘက်တွင် စောင့်နေသည့် အစေခံမလေးက ချက်ချင်းပြန်ထူးလာခဲ့သည်။
"အိမ်တော်ထိန်းကို သွားခေါ်ချေ"
"ဟုတ်ကဲ့ပါ" အစေခံမလေးသည် အမိန့်ကိုလက်ခံပြီး အိမ်တော်ထိန်းကို ရှာဖွေရန် မြန်မြန် ထွက်သွားလေတော့သည်။
သိပ်မကြာခင်မှာပင် မြို့စားအိမ်တော်၏ အိမ်တော်ထိန်းကြီးသည်။ အပြေးအလွှား ရောက်လို့လာခဲ့သည်။ "သခင်ကြီး ဘာများအမိန့်ရှိလိုပါသလဲ"
စုန့်ယန်က သူ့လက်ထဲက လျှောက်တင်လွှာကို စားပွဲပေါ်သို့ ပစ်တင်လိုက်ကာ "ဒီလျှောက်တင်လွှာကို မနက်ဖြန်မနက် အရှင်မင်းကြီးရဲ့ စားပွဲတော်ပေါ် ရောက်အောင် ပို့ပေးရမယ်။ တခြားလူတွေ အတွင်းကစာကို ကြည့်လို့မရဘူး။ နားလည်လား"
အိမ်တော်ထိန်းကြီးကလည်း သက်ပြင်းချလိုက် စိတ်ထဲမှတွေးလိုက်၏။ သခင်ကြီးက နောက်ဆုံးတော့ အပြစ်ဝန်ခံတဲ့ လျှောက်တင်လွှာကို ရေးဖြစ်သွားပြီပဲ။ တခြားသူတွေမြင်ရင် လှောင်ကြမှာစိုးလို့ သူ့ကို အထူးတလည် လာမှာကြားတာပဲဖြစ်ရမယ်။
သူသည် လျှောက်တင်လွှာကို အလျင်အမြန် သိမ်းဆည်းလိုက်ပြီး ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်တော့သည်။ "သခင်ကြီး စိတ်ချပါ။ ကျွန်တော်မျိုး အခုပဲသွားရောက် ဆောင်ရွက်လိုက်ပါမယ်။ မနက်ဖြန်မနက် အရှင်မင်းကြီးက သခင်ကြီးရဲ့လျှောက်တင်လွှာကို မြင်ရပါစေမယ်လို့ အာမခံပါတယ်"
"အင်း" စုန့်ယန့်ကလည်း ကျေနပ်စွာ ခပ်တိုးတိုး ပြန်ညီးလိုက်ပြီးမှ မေးလိုက်လေသည်။ "ဆက်ခံသူသခင်လေး ဘက်မှာလဲ"
"ဆက်ခံသူသခင်လေး စစ်ရေးလေ့ကျင့်ကွင်းမှာ သိုင်းလေ့ကျင့်နေပါတယ်။ သခင်ကြီး အဲဒီကိုသွားချင်လို့လား"
"မသွားတော့ဘူး။ မင်းက ဆက်ခံသူ သခင်လေးကြိုက်တဲ့ သေရည်တစ်အိုးကို ရွေးပြီးပို့လာခဲ့။ ညဘက်ကျရင် ရှီးအာနဲ့ အများကြီး သောက်မလို့"
အိမ်တော်ထိန်းကလည်း ချက်ချင်းပြုံးကာ ပြန်ဖြေလိုက်၏။ "ဆက်ခံသူသခင်လေးက သေရည်ပြင်းပြင်းကို အကြိုက်ဆုံးပဲ။ အရသာက ယခင်မြို့စားဟောင်းကြီးနဲ့ တပုံစံထဲပဲ။ ကျွန်တော်မျိုး အခုပဲ နဂါးသွေးသေရည်တစ်အိုး သွားယူလိုက်ပါမယ်"
စုန့်ယန့်က ကျေနပ်စွာ ခေါင်းငြိမ့်ပြလိုက်သည်ကို မြင်လိုက်ရသောအခါ အိမ်တော်ထိန်းကြီးသည် မိမိ၏စကားက မြို့စားကြီး၏အကြိုက်ကို ထိမှန်သွားကြောင်း သိလိုက်ရလေသည်။
ယခင်မြို့စားဟောင်းကြီးက မြို့စားကြီးအတွက် ချန်ထားခဲ့တဲ့ပုံရိပ်က အရမ်းကို ကြီးကျယ်ခမ်းနားလို့ပဲ ဖြစ်ရမယ်။ ဆက်ခံသူသခင်လေး မွေးလာပြီးတဲ့နောက်မှာ သခင်ကြီးက အိမ်တော်ဆက်ခံသူက နေရာတိုင်းမှာ ယခင်မြို့စားဟောင်းနဲ့ တူတယ်လို့ထင်နေတာ။
တကယ်တမ်းကျတော့ သူ့အမြင်မှာတော့ ဆက်ခံသူသခင်လေးရဲ့ စိတ်နေစိတ်ထားက မြို့စားကြီးနဲ့ ပိုပြီးတော့တောင် တူသေးတယ်။ မြို့စားကြီးက မေ့နေလောက်ရောပေါ့။ ယခင်မြို့စားဟောင်းကြီးက သေရည်သောက်ရတာကို သိပ်မှမကြိုက်ဘဲ။ ဒါပေမဲ့ ဒါကရော ဘာအရေးကြီးလို့လဲ။ ဘာပဲဖြစ်ဖြစ်ဒီစကားကို သခင်ကြီးက ကြားချင်နေတာပဲလေ။
အိမ်တော်ထိန်းကြီး ထွက်ခွာသွားပြီး မကြာခင်မှာပင် အစေခံလေးတစ်ယောက်က သေရည်အိုးကြီးတစ်လုံးကို ပွေ့ကာ စာကြည့်ခန်းသို့ ပို့ဆောင်လာလေသည်။
ထိုလူကို ပြန်လွှတ်လိုက်ပြီးနောက်တွင် စုန့်ယန့်သည် ထရပ်လိုက်ကာ သေရည်အိုးနားသို့ လျှောက်လာခဲ့လိုက်၏။ အားအနည်းငယ်သုံးလိုက်မှ သေရည်အိုးကို မလိုက်ကာ ရှေးဟောင်းထင်းရှူးပင် ပန်းချီကား၏ အောက်ဘက်တွင် ချထားလိုက်လေသည်။
ရွှံ့စေးအဖုံးကို ခွာလိုက်ပြီး အဖုံးကို ဖွင့်လိုက်ချိန်တွင် ပြင်းရှရှ သေရည်နံ့သည် နှာခေါင်းထဲသို့ တိုးဝင်လာခဲ့၏။ ထိုအထဲတွင် သွေးညှီနံ့ ခပ်ရေးရေးလည်း ရောယှက်လို့နေသည်။ နဂါးသွေးသေရည် ဆိုသည်မှာ နဂါးသွေးဖြင့် ချက်လုပ်ထားသည် မဟုတ်မှန်း သေချာနေသော်ငြား ပြုလုပ်စဉ်အချိန်တွင်တော့ တိရစ္ဆာန်၏သွေးကို ထည့်သွင်းထားခြင်း ဖြစ်၏။ သာမန်လူများအတွက်တော့ အားတိုးစေသည့် ဓာတ်စာတစ်ခုသာ ဖြစ်လေသည်။
စုန့်ယန့်၏ စူးရှလှသည့် အကြည့်အောက်တွင် ထင်းရှူးပင်ပန်းချီကားမှာ မှင်ကွက်ကြီးများက တစ်ဖန်စိမ့်ထွက်လာပြန်သည်။ အနက်ရောင် မှင်ရည်များသည် သေရည်အိုးထဲသို့ တစ်စက်ချင်းစီးကျသွားခဲ့၏။
မကြာခင်မှာပင် မှင်ရည်များသည် သေရည်ပြင်းပြင်းထဲတွင် ပျော်ဝင်ကာ ပျောက်ကွယ်သွားပြီး သေရည်၏ အရောင်ကိုတော့ ပြောင်းလဲသွားခြင်း မရှိချေ။
နောက်ဆုံးမှင်တစ်စက် ကျဆင်းသွားသည့်အထိ စောင့်ဆိုင်းလိုက်ပြီးနောက် စုန့်ယန့်သည် သန့်ရှင်းသည့် လက်ဖက်ရည်ခွက် တစ်လုံးကိုယူကာ အထဲမှ သေရည်အနည်းငယ်ကို လောင်းထည့်လိုက်၏။ အရင်ဆုံး အနံ့ခံကြည့်လိုက်ပြီးနောက် တစ်ကျိုက်တည်း မော့သောက်လိုက်လေတော့သည်။
"ဒီသေရည်က တကယ်ပြင်းတာပဲ။ ဆက်ခံသူသခင်လေး သဘောကျမှာ သေချာတယ်" ဒီစကားသည် အသိစိတ်မပျောက်သေးသည့် စုန့်မြို့စားကို ရည်ရွယ်ကာ ပြောလိုက်ခြင်းပင်။
သူက ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ ကြည့်နေရမှာပေါ့လေ။ သူ့ရဲ့အချစ်ဆုံးသားက တဖြည်းဖြည်းနဲ့ ဘယ်လို နိဂုံးချုပ်သွားမလဲဆိုတာကိုပေါ့။
ညနေစောင်းလာချိန်တွင် အပြင်ဘက်တွင် မိုးများသည်းကြီးမဲကြီး ရွာသွန်းသွားလေသည်။
မိုးရေများသည် ခေါင်မိုးအစွန်းမှ ကျဆင်းလာကာ တစ်စက်စက် အသံများ ထွက်ပေါ်နေ၏။ မိုးရေကျသံများသည် ဆူညံသံဟု မခံစားရဘဲ လူ၏စိတ်အစဉ်ကိုပင် အလိုလို ပေါ့ပါးသွားစေသယောင်ပင်။
စုန့်ယန့်သည် ပြတင်းပေါက် အပြင်ဘက်က မိုးများကိုငေးကြည့်ပြီး သူ့မျက်ဝန်းများသည် ငြိမ်သက်လို့နေ၏။
ခဏအကြာတွင်တော့ စာကြည့်ခန်းအတွင်းက အလင်းရောင်များ မှိန်ဖျော့လာတော့သည်။ အစေခံမလေးက တိတ်ဆိတ်စွာ ဝင်ရောက်လာပြီး စာကြည့်ခန်းအတွင်းက ဖယောင်းတိုင်များကို ထွန်းညှိပေးလိုက်၏။ အိမ်တော်ထိန်းကြီးသည်လည်း မီးဖိုဆောင်ဘက်မှ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားသည့် ဟင်းလျာတစ်ပွဲစာကို စာကြည့်ခန်းသို့ ပို့ဆောင်ရန် လူလွှတ်လိုက်လေသည်။
အစေခံလေးများက တန်းစီကာဟင်းလျာများကို ခင်ချင်ပြီးစီးသွားသည်ကို စောင့်ဆိုင်းပြီးနောက် အိမ်တော်ထိန်းကြီးက သူတို့ကို ပြန်လွှတ်လိုက်လေသည်။ ထိုနောက်တွင်တော့ ကုလားထိုင်ပေါ်တွင် တည်တည်ငြိမ်ငြိမ် မျက်နှာထားဖြင့် ထိုင်နေသည့် စုန့်ယန့်ဘက်သို့ လှည့်ကာပြောလိုက်၏။ "သခင်ကြီး ဆက်ခံသူသခင်လေးက သခင်ငယ်လေးကို သွားကြိုနေတာ ဖြစ်ပါလိမ့်မယ်။ မကြာခင် ရောက်လာတော့မှာပါ"
စုန့်ယန့်ကလည်း ပေါ့ပေါ့ပါးပါး အင်းဟုသာ ပြန်ဖြေလိုက်၏။
စုန့်မြို့စားကြီးတွင် သားသမီးမနည်းလှသော်ငြားလည်း တရားဝင်ဇနီးမှ မွေးဖွားသည့် သားနှစ်ဦးသာ ရှိလေသည်။ အိမ်တော်ဆက်ခံသူ သခင်လေးအပြင် စုန့်ချဲ့ ဟုခေါ်သည့် သားငယ်တစ်ဦးလည်း ရှိသေးပြီး ယခုနှစ်တွင်တော့ ဆယ်နှစ်ပင်မပြည့်သေးချေ။
စုန့်မြို့စားကြီး၏ သားသမီးများတွင် စုန်းရှီး၏ ကျင့်ကြံခြင်းပါရမီကသာ အထူးခြားဆုံးနှင့် အံ့သြစရာအကောင်းဆုံး ဖြစ်လေသည်။
ပုံမှန်အချိန်များတွင် သူသည် တခြားမယားငယ်များ ကမွေးလာသည့် သားများအပေါ် မျက်နှာသာ မပေးတတ်ချေ။ ယခုအချိန်တွင် အိမ်တော်ထဲတွင် ကိစ္စများစွာ ဖြစ်ပွားနေပြန်သည်။ ယနေ့သည် သူ့မွေးနေ့ ဖြစ်သော်ငြား လူများကို မတွေ့လိုလျှင် ထိုမယားငယ်မှမွေးသည့် သားသမီးများသည်လည်း ရှေ့သို့ရောက်လာကာ ဂါရဝပြုရန် မဝံ့ရဲကြ ပေ။ စိတ်အနှောင့်အယှက်ဖြစ်မှာကို စိုးရိမ်ခြင်းကြောင့်ပင်။
မကြာမီမှာပင် စာကြည့်ခန်းအပြင်ဘက်က ကလေးငယ်လေးတစ်ဦး၏ စကားသံ ထွက်ပေါ်လာလေသည်။ ထိုနောက်တွင်တော့ စုန့်ရှီးသည် သူနှင့်ရုပ်ရည်ချင်းဆင်တူသည့် ကလေးငယ်လေး တစ်ဦးကိုဦးဆောင်ကာ စာကြည့်ခန်းထဲသို့ အတူတူဝင်ရောက် လာသည်ကိုတွေ့လိုက်ရ၏။
စုန့်ရှီးက ရောက်လာချိန်တွင် ထီးမဆောင်းလာခဲ့သော်ငြား သူနှင့် စုန့်ချဲ့ တို့၏ကိုယ်ပေါ်တွင် မိုးရေစက်များ စွန်းထင်းနေခြင်းမရှိချေ။
"အဖေ"
စုန့်ရှီးက စုန့်ယန့်ကို နှုတ်ဆက်ကာစပဲရှိသေးသည်။ စုန့်ခဲ့က ပြေးထွက်လာကာ မော့ကြည့်လိုက်ပြီး "အဖေဒီည သိုးသားကင် မရှိဘူးလား"
စုန့်ယန့်သည် မျက်လုံးများကို နှိမ့်ချလိုက်ကာ စုန့်မြို့စားကြီး ပုံမှန်နေ့ရက်တွင် ဆူပူနေသည့်ပုံစံအတိုင်း ပြောလိုက်လေသည်။ "စည်းကမ်းမရှိလိုက်တာ"
စုန့်ချဲ့ ကလည်း နှုတ်ခမ်းကို ဆူထားလိုက်၏။ အမြဲပဲ အဆူခံနေရတာပဲ။ သူတောင်မှ ကျင့်သားရနေပြီ။ အဖေက အစ်ကိုကြီးကိုမြင်မှပဲ တကယ်ပြုံးတတ်တော့တာ။
စုန့်ရှီးသည် ရှေ့သို့တိုးလာပြီး ညီငယ်လေး၏ဦးခေါင်းကို ပွတ်သပ်ပေးလိုက်၏။ ထိုနောက်တွင်တော့ သူ့ကိုခေါ်ဆောင်ကာ စုန့်ယန့် ရှေ့တည့်တည့်တွင် အတူဝင်ထိုင်လိုက်လေသည်။
မိသားစုဝင်များ အတူတူထိုင်လိုက်ကြပြီး စုန့်ယန်က တူကို ကောက်ကိုင်လိုက်သည့်အချိန်မှသာ စုန့်ရှီးနှင့် စုန့်ချဲ့ တို့ကလည်း တူများကို စကိုင်လိုက်ကြ၏။
စာကြည့်ခန်းအတွင်းကလေထုသည် အနည်းငယ် တိတ်ဆိတ် ငြိမ်သက်လို့နေသည်။ စုန့်ခဲ့သည် နောက်ထပ်စကားပြောမိလျှင် အဆူခံရမည်ကို စိုးရိမ်နေသဖြင့် စကားတစ်ခွန်းမှ မပြောတော့ဘဲ ခေါင်းငုံ့ကာ ထမင်းစားနေလိုက်တော့၏။ စုန့်ရှီးနှင့် စုန့်ယန့် တို့သည်လည်း စကားနည်းကြသူများဖြစ်သဖြင့် ဘယ်သူကမှ စကားစမပြောခဲ့ကြချေ။
စားသောက်ပြီး တစ်ဝက်အရောက်တွင်တော့ စုန့်ယန့်သည် နံဘေးတွင်ရှိသည့် သေရည်အိုးကို ညွှန်ပြလိုက်ကာ စုန့်ရှီးကို ပြောလိုက်တော့သည်။ "ဒါက မင်းအကြိုက်ဆုံး နဂါးသွေးသေရည်လေ"
စုန့်ရှီးသည် ခဏလောက် ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ မျက်လုံးများထဲတွင် လှုပ်ရှားမှုတစ်ခု ဖြတ်ပြေးသွားတော့၏။
သူက စုန့်ယွိ ကိစ္စဖြစ်ပြီးကတည်းက အဖေ့စိတ်ထဲမှာ သံသယတွေရှိနေမှာပဲ။ သူ့အပေါ်မှာလည်း နည်းနည်းတော့ စိမ်းကားသွားမယ်လို့ ထင်ထားတာ။ အဖေ့မွေးနေ့မှာတောင် သူ့အကြိုက်ကို မှတ်မိနေပြီး သူ့အမြဲတမ်း။သောက်နေကျ သေရည်ကိုတောင် ပြင်ဆင်ပေးလိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး။
စုန့်ရှီးသည် ထရပ်လိုက်ကာ စုန့်ယန့်အတွက်သေရည် တစ်ပန်းကန် ငှဲ့ပေးလိုက်ပြီး မိမိကိုယ်တိုင်အတွက်လည်း တစ်ပန်းကန် ငှဲ့လိုက်လေသည်။ သေရည်အနံ့သည် ချက်ချင်းဆိုသလိုပင် စာကြည့်ခန်းတစ်ခုလုံးကို ပြည့်နှက်သွားလေတော့၏။
စုန့်ချဲ့၏ မျက်လုံးများကလည်း လျင်လျင်မြန်မြန် လှုပ်ရှားသွားလေတော့သည်။ သေရည်နံ့ကို ရလိုက်သည်တွင် သူလည်း မြည်းစမ်းချင်စိတ် ဖြစ်လာတော့၏။ သူ့တူများက သေရည်ပန်းကန်ထဲသို့ မရောက်ခင်မှာပင် စုန့်ယန့်၏ တူတစ်ချက်ဖြင့် လှမ်းပုတ်ခြင်း ခံလိုက်ရတော့၏။
သူက ချက်ချင်းဆိုသလို လက်ကိုပြန်ရုပ်သိမ်းလိုက်ပြီး ထိုင်ခုံပေါ်တွင် လိမ်လိမ်မာမာလေး ပြန်ထိုင်ကာ အစ်ကိုကြီး၏ သေရည်ပန်းကန်ကို တချက်လေးပင် ထပ်ပြီးမကြည့်ရဲတော့ချေ။
စုန့်ယန့်ကို အရိုအသေပေးလာသည့် သေရည် တစ်ပန်းကန်ကို စုန့်ယန့်ကလည်း တဝက်လောက်သာ သောက်သုံးလိုက်သော်ငြား စုန်းရှီးကတော့ ပန်းကန်ထဲက သေရည်ကို တစ်ကျိုက်တည်း မော့သောက်လိုက်လေသည်။
သူသည် ပန်းကန်လွတ်ကို ချထားလိုက်ပြီးမှ အရင်ဆုံးပြောလာခဲ့၏။ "အဖေ ဒါတွေအားလုံး သား မလိမ္မာလို့ပါ။ မြို့စားအိမ်တော်ကို အခက်တွေ့ရစေခဲ့တယ်"
စုန့်ယန့် ကတော့ ဘာတစ်ခွန်းမှ မပြောဘဲထရပ်ကာ စုန့်ရှီးအတွက် သေရည်တစ်ပန်းကန် ထပ်ဖြည့်ပေးလိုက်လေသည်။ ထိုနောက်မှ ဆက်ပြောလိုက်၏။ "ကိစ္စတွေက ပြီးသွားပြီ။ နောက်ဆိုရင် ထပ်မပြောနဲ့တော့။ အဖေလည်း အသက်ကြီးပြီ။ နောက်ပိုင်းကျရင် မြို့စားအိမ်တော်က မင်းကိုပဲအားကိုးရတော့မှာ"
ထိုသို့ပြောလိုက်ပြီးနောက် နှစ်ဦးသားသည် ပန်းကန်များကို တိုက်လိုက်ကြပြီး စုန့်ရှီးက သေရည်တစ်ခွက်ကို ထပ်ပြီးမော့သောက်လိုက်ပြန်သည်။
စုန့်ရှီး တစ်ယောက်ကတော့ အကြောင်းအရင်းကို နားမလည်ခဲ့ ချေ။ ဒီနေ့ အဖေကပိုပြီးတော့ ငြိမ်းချမ်းသလို ခံစားရတယ်။ စကားတစ်ခွန်း ပြောလိုက်တိုင်း သူ့မှာ စိတ်မလှုပ်ရှားဘဲ မနေနိုင်အောင်ဖြစ်ရတယ်။
ဒီနှစ်တွေအတွင်းမှာ သူသိုင်းကျင့်ခဲ့တဲ့ ပင်ပန်းမှုတွေ မြို့စားအိမ်တော်အတွက် ပေးဆပ်ခဲ့တဲ့ ကြိုးစားမှုတွေကို အဖေက ကိုယ်တိုင်မျက်မြင် တွေ့ခဲ့တာပဲလေ။
အဖေက ပြောတယ်။ သူက အဘိုးနဲ့အတူဆုံးပဲတဲ့။ မြို့စားအိမ်တော်ရဲ့ ဝန်ထုတ်ဝန်ပိုးကို သေချာပေါက် ထမ်းပိုးနိုင်မှာပါတဲ့။
သေရည်ပြင်းပြင်းသည် အစာအိမ်သို့ရောက်ရှိသွားပြီးနောက် စုန့်ရှီး၏ တစ်ကိုယ်လုံး ပူနွေးလာကာ စိတ်ဓာတ်များကလည်း တက်ကြွလာတော့သည်။ စုန့်ယန့်၏ စကားတစ်ခွန်းကို ကြားလိုက်ရပြီးနောက် သူ့စိတ်သည် ပိုလို့ပင်လှုပ်ရှားလာတော့သည်။ ဒီတစ်ခေါက် မတော်တဆမူက ငါ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ ငါက မကြာခင် ဒါမှမဟုတ်လည်း နောင်တစ်ချိန်မှာ အဘိုးလိုမျိုးစစ်မြေပြင်မှာ ထင်ပေါ်ကျော်ကြားတဲ့ လူဖြစ်လာစေရမယ်။
ဒီလိုနှင့် သားအဖနှစ်ယောက်သည် စကားစမြည်ပြောဆိုရင်း သေရည် သောက်သုံးလိုက်ကြပြီး မကြာခင်မှာပင် နဂါးသွေးသေရည် သေရည်တစ်အိုး၏ တစ်ဝက်ကျော်ကျော်က စုန့်ရှီး၏ ဝမ်းဗိုက်ထဲသို့ ရောက်ရှိသွားလေတော့သည်။
စုန့်ချဲ့က တော့ဘေးတွင်ထိုင်ရင်း အဖေနှင့်အစ်ကိုဖြစ်သူတို့ စကားပြောဆို စားသောက်နေကြသည်ကို နားထောင်ရင်း အနည်းငယ် စိတ်မရှည် ဖြစ်လာသော်ငြားလည်း လိမ်လိမ်မာမာလေးပင် ဘေးတွင် ထိုင်နေလိုက်၏။
သေရည်များ ကုန်ဆုံးသွားသည့်အထိ အပြင်ဘက်မှ မိုးစက်များသည်လည်း တဖြည်းဖြည်း ရပ်တန့်သွားတော့သည်။ စုန့်ရှီး၏ ကိုယ်ပေါ်တွင် သေရည်နံ့ပြင်းပြင်းများ ထွက်ပေါ်နေသော်ငြား မျက်လုံးများကတော့ ကြည်လင်နေဆဲပင်။
သူသည် အချိန်နောက်ကျနေသည်ကို တွေ့လိုက်ရသဖြင့် ထရပ်ကာ စုန့်ယန့်ကို နှုတ်ဆက်ပြီး ပြန်သွားလေတော့သည်။
စုန့်ယန့်သည်လည်း သူ့ကိုမတားဆီးတော့ဘဲ ညီအစ်ကိုနှစ်ယောက်ကို အစေခံများအား လိုက်လံပို့ဆောင်ပေးခဲ့လေသည်။ ထိုနောက်မှ အစေခံမလေးများကိုခေါ်ကာ ကျန်နေသည့်အရာများကို ရှင်းလင်းခိုင်းလိုက်တော့၏။
စာကြည့်ခန်းထဲက အစေခံမလေးများက န်းကန်ခွက် ယောက်များကို ရှင်းလင်းသယ်ဆောင်ကာ ထွက်သွားကြပြီး စုန့်ယန်သည် တံခါးကိုပိတ်ကာ ကုလားထိုင်တွင် ပြန်လာကာ ထိုင်နေလိုက်တော့သည်။
နဂါးသွေးသေရည်အများစုကို စုန့်ရှီးက သောက်သုံးခဲ့သော်ငြား စုန့်ယန့်သည်လည်း သုံးပန်းကန်အပြည့် သောက်သုံးခဲ့လေသည်။ ယခုအခါ မူးဝေခြင်းကို မခံစားရသဖြင့် စုန့်မြို့စားကြီး၏ သေရည်သောက်နိုင်စွမ်းက မဆိုးလှဟု ယူဆမိ၏။
သူသည် မိမိကိုယ်တိုင်အတွက် လက်ဖက်ရည်ပူပူတစ်ခွက် ငှဲ့လိုက်ပြီး စာအုပ်စင်ပေါ်က စစ်ရေးကျမ်းစာအုပ်တစ်အုပ်ကို လှမ်းယူကာ ဖယောင်းတိုင်မီး အလင်းရောင်အောက်တွင် ဖတ်ရှုနေလိုက်သည်။
သည်စစ်ရေးကျမ်းစာအုပ်သည် သက်တမ်း တော်တော်လေး ကြာမြင့်နေလောက်ပြီ။ အပေါ်တွင် မှတ်စုများစွာ ရေးသားထားပြီး လက်ရေးကလည်း စုန့်မြို့စားကြီးကဲ့သို့ တောင့်တင်းမနေဘဲ ပိုပြီးလွတ်လွတ်လပ်လပ် ရေးသားထားသည်ကို တွေ့ရ၏။ အပေါ်ကစာလုံးများသည် ယခင်မြို့စားဟောင်း ချန်ထားခဲ့ခြင်းဖြစ်မည်ဟု စုန့်ယန့်က ခန့်မှန်းမိ လိုက်လေသည်။
သူသည် ယခင်မြို့စားဟောင်းအတွက် သီးသန့်ဝတ္ထုတစ်ပုဒ် ရေးသားခဲ့သော်ငြား သူသိရှိထားသည့်အရာက စာအုပ်များထဲတွင် မှတ်တမ်းတင်ထားခြင်းများကိုသာ အခြေခံထားပြီး အများစုကတော့ ခန့်မှန်းချက် သက်သက်သာ ဖြစ်လေသည်။ ယခင်မြို့စားဟောင်းကြီးသည် မည်သို့သော ပုဂ္ဂိုလ်ဖြစ်သည်ကိုတော့ သူအမှန်တကယ်မသိရှိချေ။
သို့သော်ငြား ဒီစစ်ရေးကျမ်း စာအုပ်ပေါ်က မှတ်စုများကတော့ ပုဂ္ဂိုလ်ရေးလက္ခဏာများ ထင်ရှားလျက်ရှိလေသည်။ တစ်ခါတစ်ရံ တင်းကျပ်ပြီး တစ်ခါတစ်ရံ ခေါင်းစဉ်နှင့် လွဲချော်သွားတတ်သည်။ ပညာဉာဏ်ကြီးမားပြီး ပျော်ပျော်ရွှင်ရွှင် နေတတ်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေမည်။
စာအုပ်ကို တစ်ဝက်လောက် ဖတ်ရှုပြီးသွားသောအခါ စုန့်ယန့်က စစ်ရေးကျမ်းစာအုပ်ကို ပိတ်ထားလိုက်တော့၏။ တကယ်လို့သာ ယခင်မြို့စားဟောင်းကြီး အသက်ရှင်နေသေးမယ်ဆိုရင် စုန့်ယွိရဲ့ ဘဝကလည်း ဒီလောက်အထိ ကြမ်းတမ်းနေမှာ မဟုတ်လောက်ဘူး။
ဝမ်းနည်းစရာ ကောင်းတာကတော့ ဒီလောကထဲမှာ ‘တကယ်လို့’ ဆိုတာမရှိတာပဲ။
ကိစ္စတွေကလည်း ဖြစ်ပျက်ပြီးသွားပြီ။ ဒီလိုရလဒ်မျိုး ထွက်လာခဲ့ပြီးပြီ။ စုန့်ယွိမှာလည်း ဘာဆိုဘာမှမကျန်ခဲ့ဘူး။ သူကတော့ စုန့်ယွိကို ဒီလိုအပြတ်အသတ် ဆုံးရှုံးသွားတာမျိုးကို လက်မခံနိုင်ဘူး။ ဒီလုပ်ရပ်တွေအတွက် တစ်ယောက်ယောက်ကတော့ တန်ရာတန် ကြေး ပေးဆပ်ရမယ်။
စုန့်ယန့်သည် သူ့မျက်လုံးများကို ပင့်လိုက်ချိန်တွင် သူ့မျက်လုံးအိမ်သည် မှင်ရောင်များဖြင့် မည်းနက်လို့နေ၏။ ယခုအချိန်တွင် သူ၏မူလခန္ဓာကိုယ်ကို နှစ်ပိုင်းခွဲထားပြီးသား ဖြစ်၏။ တစ်ပိုင်းကို စုန့်မြို့စား၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားရန်သုံးပြီး ကျန်တစ်ပိုင်းကတော့ စုန့်ရှီး၏ သွေးသားထဲသို့ လုံးဝပေါင်းစပ် ထားခဲ့ပြီးဖြစ်သည်။
အဆင့်သုံးနယ်ပယ် ရောက်ရှိနေပြီးသား ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ရန်မှာ အလွန်ခက်ခဲသည်ကတော့ သံသယဖြစ်ရန် မလိုချေ။ သူသည် နည်းလမ်းပေါင်းများစွာ စဉ်းစားခဲ့ဖူးသော်ငြား စုန့်ရှီးကို သတ်နိုင်သည်ဟု အာမခံနိုင်သည့် နည်းလမ်းတစ်ခုမှ မတွေ့ရှိခဲ့ ချေ။
သူသည် စွမ်းအင်များကို ငှားရမ်းနိုင်ခဲ့လျှင်ပင် အဆင့်သုံးနယ်ပယ် ကျင့်ကြံသူ၏ ပြိုင်ဘက် လုံးဝမဟုတ်ပေ။ သူ၏ တစ်ခုတည်းသော အားသာချက်မှာ သူသည် နတ်ဆိုးလည်း မဟုတ်သလို မိစ္ဆာလည်း မဟုတ်ခြင်းပင်။ သူသည် စိတ်နှလုံးထဲတွင် ပုန်းလျှိုးကွယ်လျှိုး နေလိုလျှင် ကျင့်ကြံသူများကလည်း သူ့ကိုရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။
စုန့်ရှီးသည် သူ၏တည်ရှိမှုကို မခံစားနိုင်သဖြင့် သူသည် ဒီအစီအစဉ်ကို အကောင်အထည်ဖော်ရန် အခွင့်အရေး ရရှိခဲ့ခြင်းပင်။
စုန့်ရှီးကို သတ်ဖြတ်လိုလျှင် အကောင်းဆုံးနည်းလမ်းမှာ အတွင်းပိုင်းမှ ပြိုကွဲစေခြင်းပင် ဖြစ်တော့သည်။ ထင်မှတ်ထားသလောက် မရိုးရှင်းသော်ငြားလည်း ဒါသည် အောင်မြင်မှုနှင့် အနီးစပ်ဆုံး နည်းလမ်းသာ ဖြစ်၏။
ဒီအချိန်တွင် ညသည် ညဥ့်နက်နေပြီ ဖြစ်လေသည်။ စုန့်ရှီးက သူ၏ခြံဝင်းသို့ ပြန်သွားပြီးနောက် အစေခံမလေးကို ရေချိုးသန့်စင်ရန် ပြင်ဆင်ခိုင်းလိုက်ပြီး ကုတင်ပေါ်တွင်လှဲချကာ အိပ်စက်လိုက်တော့သည်။
အိပ်မောကျနေသည့် သူသောက်သုံးလိုက်သည့် မင်ရည်များက သူ့သွေးကြောများထဲသို့ စိမ့်ဝင်သွားပြီးတော့ သွေးများနှင့်ရောနှောကာ ပေါင်းစပ်သွားသည်ကိုတော့ သတိမပြုမိလိုက်ပေ။
ရုတ်တရက် အသက်ရှူမဝသည့် ခံစားမှုကြောင့် စုန့်ရှီးသည် မျက်လုံးများကို ဆတ်ခနဲ ဖွင့်လိုက်တော့သည်။
သို့သော်ငြား အသက်ရှူမဝသည့် ခံစားချက်က ပျောက်ကွယ်မသွားချေ။ စုန့်ရှီးသည် မိမိကအဆိပ်မိသွားပြီ ဖြစ်ကြောင်း ချက်ချင်းသတိပြုမိလိုက်၏။ ချက်ချင်းဆိုသလို စိတ်ကိုတည်ငြိမ်အောင် ထားလိုက်ပြီး အတွင်းအားကို လည်ပတ်ကာ ကိုယ်တွင်းကို စစ်ဆေးကြည့်လိုက်လေသည်။
သို့သော်ငြား အတွင်းအားကို တစ်ပတ်လည်း ပတ်ပြီးသော်ငြား ကိုယ်အတွင်း၌ မည်သည့်မူမမှန်သည့် အချက်ကို ရှာမတွေ့ခဲ့ချေ။
စုန့်ရှီးသည် အတွင်းအားကို မရပ်မနား ဆက်လက် လည်ပတ်နေသဖြင့် အသက်ရှူမဝသည့် အခြေအနေက အနည်းငယ် သက်သာသွားသော်ငြားလည်း နှလုံးခုန်နှုန်းကတော့ ပိုပိုပြီး မြန်ဆန်လာတော့သည်။ သူသည် ဦးခေါင်းများ ထူပူလာသလို ခံစားလိုက်ရပြီး နားထဲတွင်လည်း စူးရှသည့်အသံများ မြည်ဟီးလာတော့သည်။
ခန္ဓာကိုယ်၏ မူမမှန်ဖြစ်စဉ်ကြောင့် စုန့်ရှီးသည် သူ၏အတွင်းအား လည်ပတ်နှုန်း မြန်ဆန်လာသည်ကို အခိုက်အတန့် သတိမပြုမိလိုက်ချေ။
ဖောင်းခနဲ အသံတစ်ခုနှင့်အတူ သူ့ခန္ဓာကိုယ်အတွင်းတွင် တစ်စုံတစ်ခု ပေါက်ကွဲသွားသလို ခံစားလိုက်ရလေသည်။
ဒီအခြေအနေက အစပျိုးခြင်းတစ်ခုနှင့် ဆင်တူလှ၏။ ထိုနောက်တွင်တော့ သူ့ခန္ဓာကိုယ်အတွင်းမှ ထူးဆန်းသည့်အသံများ အကြိမ်ကြိမ် ပေါ်ထွက်လာပြီး လည်ပတ်နေသည့် အတွင်းအားသည်လည်း ရုတ်တရက် ရပ်တန့်သွားကာ ပြင်းထန်သည့် နာကျင်မှုက တစ်ကိုယ်လုံးကို ပျံ့နှံ့သွားတော့သည်။
ထိုအချိန်ကျမှ စုန့်ရှီးသည် သူ၏သွေးကြော အမှတ်များတွင် ပြဿနာ တက်သွားပြီ ဖြစ်ကြောင်းသဘောပေါက်လိုက်၏။
ကျင့်စဉ် မှားယွင်းသွားတာလား။ စုန့်ရှီး၏ ဦးနှောက်ထဲတွင် အတွေးတစ်ချက် ဖြတ်ပြေးသွားသော်ငြား သူသည် ထိုကိစ္စကို စဉ်းစားဖို့ရန် အချိန်မရတော့ချေ။
အသက်ရှူမဝသည့် ခံစားချက်က တစ်ဖန်ပြန်လည် တိုက်ခိုက်လာပြန်သည်။ အတွင်းအား၏ အထောက်အပံ့ မရှိတော့သဖြင့် စုန့်ရှီး၏ မျက်နှာမှာ တဖြည်းဖြည်း နီရဲလာတော့သည်။ သူသည်မိမိ၏ လည်ပင်းကို ဆုပ်ကိုင်ရင်း ကုတင်ပေါ်မှဆင်းရန် လူးလွန့်လိုက်၏။
ခြေထောက်များက မြေပြင်ပေါ်သို့ ကျသွားသည်နှင့် ခြေဖဝါးက ပြင်းထန်သည့် နာကျင်မှုကြောင့် ခန္ဓာကိုယ်သည် မတည်မငြိမ်ဖြစ်သွားပြီး မြေပြင်ပေါ်သို့ တိုက်ရိုက်လိမ့်ကျ သွားလေတော့သည်။
သူသည် ပုံမှန်အချိန်များတွင် အစေခံများကို ကိုယ်တိုင်ကိုယ်ကျ ပြုစုစောင့်ရှောက်ခြင်း မနှစ်သက်သဖြင့် သူ့အိပ်စက်ချိန်တွင်လည်း အခန်းထဲတွင် အစေခံများကို စောင့်ကြပ်ခိုင်းခြင်း မရှိချေ။ ထိုကြောင့် ဒီအချိန်တွင် သူက မူမမှန်ဖြစ်နေသည်ကို ဘယ်သူကမှ သတိပြုနိုင်မည် မဟုတ်ပေ။
စုန့်ရှီးသည် မြေပြင်ပေါ်တွင် ခွေခွေလေးဖြစ်နေပြီး သူ့ကိုယ်တွင်းက သွေးကြောများက တစ်လက်မချင်း စတင် ပေါက်ကွဲလာတော့၏။ အကယ်၍များ သူ၏သွေးကြော အမှတ်များက အကောင်းပကတိအတိုင်း ရှိနေသေးလျှင် အချိန်တော်တော်ကြာအောင် ကြံ့ကြံ့ခံနိုင်ဦးမည် ဖြစ်သော်ငြား ယခုအချိန်တွင်တော့ သူ့တွင် အချိန်အများကြီး မကျန်ရစ်တော့ ချေ။
သူသည် ဦးနှောက်ထဲတွင် အသည်းအသန် စဉ်းစားနေလေသည်။ ဘယ်သူလဲ။ ဘယ်အချိန်က ငါ့ကို စာရင်းရှင်းလိုက်တာလဲ။ ငါက ဘာဖြစ်လို့ မူမမှန်တဲ့ကိစ္စကို လုံးဝ သတိမထားမိခဲ့တာလဲ။
ကျန်းပေမြို့စားလား ဒါမှမဟုတ် ရှီးလင်ဝမ်လား။ ငါက ရှီးလင်ကနေ ထွက်လာပြီးပြီပဲ။ ဘာဖြစ်လို့ ငါ့ကို သတ်ချင်နေရသေးတာလဲ။
ဒီအခိုက်မှာပင် တံခါးသည် အပြင်ဘက်မှ တွန်းဖွင့်ခံလိုက်ရပြီး ရင်းနှီးနေသည့် ပုံရိပ်တစ်ခုက လျောက်ကာဝင်လာခဲ့၏။
သူ့အဖေပဲ။
ဒီအချိန်တွင် သူသည် စုန့်မြို့စားကြီးက ဒီလိုအချိန်မှာမှ ပေါ်ထွက်လာသည့် အကြောင်းအရင်းကို မစဉ်းစားနိုင်တော့ ချေ။
သူသည် ထိုအရိပ်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်ပြီး သူ့အဖေက တစ်ယောက်ယောက်ကို အကူအညီ လှမ်းတောင်းမည်ဟု မျော်လင့်ထားသော်ငြား ထိုလူသည်သူ့ထံသို့ ဖြေးညင်းစွာ လျှောက်လာခဲ့ပြီး အသံတစ်ချက်မှမလှုပ်ချေ။
စွမ်းအင်အများစုကို စုန့်ရှီး၏ ခန္ဓာကိုယ်အား ဖျက်ဆီးရန် အသုံးပြုလိုက်ရခြင်းက လွယ်ကူသည့်ကိစ္စတော့ မဟုတ်ချေ။ စုန့်ရှီးသည် အလွန်အစွမ်းထက်လှပြီး သူ့ကိုယ်တွင်းက စွမ်းအင်များ၏ ဒဏ်ပြန်တိုက်ခိုက်မှုကြောင့် စုန့်ယန့်မှာ ငှားရမ်းထားသည့် စွမ်းအင်များ လျင်မြန်စွာ ပျောက်ကွယ်နေသည်ကို ခံစားနေရလေသည်။
အချိန်တိုအတွင်းတွင် သူသည် စုန့်မြို့စားကြီးကို ထိန်းချုပ်မှု အပြီးတိုင် လွတ်ကင်းသွားတော့မည်ဟု ခံစားနေရ၏။
ဒါပေမဲ့ ကိစ္စတော့ မရှိတော့ပါဘူး။ လုပ်သင့်တာတွေ အားလုံး လုပ်ပြီးသွားပြီပဲ။
စုန့်ယန့်သည် စုန့်ရှီး၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်ချလိုက်၏။ သူ့အသံသည် ထူးထူးကဲကဲ တည်ငြိမ်လို့နေတော့သည်။ “ရှီးအာ စုန့်ယွိကို သတ်ခဲ့ပြီးတဲ့နောက်မှာ ခဏလေးဖြစ်ဖြစ် နောင်တရခဲ့ဖူးလား"
စုန့်ရှီးသည် စုန့်ယန့်ကို သေမတတ် စိုက်ကြည့်လို့နေ၏။ သူ့မျက်နှာသည် သည်းခံထားရသဖြင့် ပြာနှမ်းနေကာ ဘာအသံမှမလုပ်နိုင်ပေ။
ဒီအခိုက်အတန့်တွင် သူ့ကို လက်စတုံးလိုက်သူမှာ အဖေဖြစ်သူ စုန့်မြို့စားကြီးဖြစ်ကြောင်း နောက်ဆုံးတော့ သဘောပေါက် သွားတော့သည်။
စုန့်ရှီး၏ ရင်ထဲတွင် မျှော်လင့်ချက်ကင်းမဲ့မှုများ ပြည့်နှက်သွားတော့သည်။ သူသည် မျက်လုံးများဖြင့် ဘာဖြစ်လို့လဲဟူသည့် သံသယကို ဖော်ပြရန် ကြိုးစားလိုက်လေသည်။
အဖေပဲ စုန့်ယွိက အရေးမကြီးဘူးလို့ ပြောခဲ့တယ် မဟုတ်လား။
သို့သော်ငြား ဖခင်ကတော့ မည်သည့်အဖြေမှ ပြန်မပေးလာခဲ့ချေ။ သူ ကြားလိုက်ရသည်မှာ အေးစက်စက် အသံတစ်ခုသာ ဖြစ်လေသည်။
"ကြည့်ရတာ နောင်တမရခဲ့ဘူး ထင်တယ်။ ဒါဆိုရင်တော့ မင်းက စုန့်ယွိ အတွက် အသက်ပြန် ပေးဆပ်ရတော့မှာပဲ"
စုန့်ရှီး၏ မျက်လုံးအိမ်များသည် တဖြည်းဖြည်း ပြန့်ကားလာခဲ့၏။ အဖေက သူ့ကို အပြစ်မတင်ဘူးလို့ ပြောခဲ့တာပဲ။ မြို့စားအိမ်တော်ကိုလည်း သူ့လက်ထဲ အပ်မယ်လို့ ပြောခဲ့တာပဲ။ ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ။
စုန့်ရှီး၏ အသိစိတ် မပျောက်ကွယ်မီ အချိန်အထိ သူသည် လက်မခံနိုင်ခဲ့ချေ။ သူသည် နန်းတော်အတွင်းတွင် ကျော်ကြားထင်ရှားအောင် မလုပ်ဆောင် နိုင်ခဲ့သေးချေ။ စစ်မြေပြင်တွင် ထင်ပေါ်အောင် မစွမ်းဆောင်ရသေးပေ။ သူ့တွင် အချိန်များစွာ ကျန်နေသေးသည်ဟု ထင်မှတ်ခဲ့သော်ငြား နောက်ဆုံးတွင်တော့ အိမ်ထဲတွင်သာ ဒီလို အသုံးမကျစွာ သေဆုံးခဲ့ရလေသည်။
စုန့်ရှီး၏ ရင်အုပ်သည် နိမ့်ချီမြင့်ချီ ဖြစ်နေခြင်းမှ ရပ်တန့်သွားသည်ကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုရင်း သူ့မျက်နှာ နား နှာခေါင်းပေါက်များမှ အနက်ရောင်အရေများ ရောနှောနေသည့်သွေးများ စီးကျလာလေတော့၏။ စုန့်ယန့်က လက်ကိုမြှောက်ကာ သူ့မျက်နှာကို ပွတ်သပ်လိုက်လေသည်။ မည်သည့် အချိန်ကတည်းကမှန်း မသိဘဲ မျက်ရည်များက တမျက်နှာလုံး စီးကျလို့နေ၏။
"သားတစ်ယောက် သေသွားတာပဲဟာ။ စုန့်မြို့စားကြီးက ဒီလောက်တောင် ဝမ်းနည်းနေစရာ မလိုပါဘူး" စုန့်ယန့်သည် စုန့်မြို့စားကြီး၏ ခန္ဓာကိုယ်ကို အသုံးပြုရင်း ပြုံးကာပြောလိုက်၏။
သို့သော်ငြား မျက်ရည်များကတော့ ရပ်တန့်မသွားခဲ့ချေ။
စုန့်ယန့်က ထရပ်လိုက်၏။ "စုန့်ယွိ သေတုန်းက စုန့်မြို့စားကြီး ဝမ်းနည်းခဲ့ရဲ့လား"
ခဏလောက် ရပ်တန့်သွားပြီးမှ သူက ထပ်ပြီးပြောလာခဲ့သည်။ "ကျွန်တော် မှန်းကြည့်ရဲပါတယ်။ ဝမ်းမနည်းခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ အရမ်းဝမ်းနည်းတယ်။ စုန့်မြို့စားကြီး သိချင်နေမှာပေါ့။ ကျွန်တော်က ဘယ်လိုကောင်မျိုးလဲ ဆိုတာလေ"
စုန့်ယန့်သည် ကုလားထိုင်တစ်လုံးကို ဆွဲယူလာခဲ့၏။ စုန့်ရှီး၏ ခန္ဓာကိုယ်ပေါ်က ခါးပတ်ကို ဖြုတ်ယူလိုက်ပြီး စုန့်မြို့စားကြီး၏ ကိုယ်ပေါ်တွင် ချည်နှောင်ထားသည့် ခါးပတ်ကိုလည်း ဖြည်လိုက်ပြီး ခါးပတ်နှစ်ခုကို အတူတူ ချည်နှောင်လိုက်ပြီး ကြိုးထုံးတစ်ခုကို ချည်လိုက်၏။
"ကျွန်တော်က မော့လင်ပဲ။ စုန့်ယွိ ဖန်တီးခဲ့တဲ့ မော့လင်ပေါ့"
စုန့်ယန့်သည် စကားပြောရင်း ကုလားထိုင်ပေါ်သို့ တက်ရပ်လိုက်လေ၏။ သူသည် ခါးပတ်ကြိုးကို အခန်း၏ထုပ်တန်းပေါ်တွင် တင်လိုက်ပြီး ကြိုးထုံးတချို့ကို မြဲနေအောင် ထပ်မံချည်နှောင် ထားလိုက်သည်။
စုန့်ယန့်သည် ကြိုးကွင်းကို လည်ပင်းတွင် စွပ်လိုက်ပြီး ရယ်မောကာ ပြောလိုက်၏။ "စုန့်မြို့စားကြီးက တကယ်ကံကောင်းတာပဲ။ ဒီလောက် အရည်အချင်းရှိတဲ့ သားတစ်ယောက်ကို မွေးထားနိုင်ခဲ့တာ။ ဝမ်းနည်းစရာ ကောင်းတာက သူ့ရဲ့အရည်အချင်းတွေက ခင်ဗျားရဲ့စိတ်ထဲကို တစ်ခါမှ ဝင်မလာခဲ့ဖူးဘူး။ သူ သေသွားရတာ တကယ်ကို မထိုက်တန်ဘူး ..."
စုန့်ယန့်၏အသံသည် တဖြည်းဖြည်း တိုးဝင်ကာ ပျောက်ကွယ်သွားတော့သည်။ စုန့်ရှီးကို သတ်လိုက်ပြီးနောက် သူ၏မူလခန္ဓာကိုယ်နှင့် စွမ်းအင်များသည် စုန့်ရှီးနှင့်အတူ ပျက်စီးသွားခဲ့ပြီ ဖြစ်၏။
သူ့ အသိစိတ်သည်လည်း တဖြည်းဖြည်း ဝေဝါးလာတော့သည်။ သူသည် မိမိကိုယ်ကို ပျောက်ကွယ်သွားတော့မည် ဖြစ်ကြောင်း သိနေလေသည်။
ငါ့ရဲ့ဒီလိုတိုတောင်းလှတဲ့ ဘဝလေးကို ပြန်စဉ်းစားကြည့်လိုက်တော့ ... မိတ်ဆွေသုံးလေးယောက်နဲ့ သိကျွမ်းခဲ့ရတယ်။ အဖြစ်အပျက်တွေ အများကြီးကိုလည်း တွေ့မြင်ခဲ့ရတယ်။ တစ်ခုတည်းသော ဆန္ဒကလည်း အခုတော့ ပြီးမြောက်သွားခဲ့ပြီ။
ဒီဘဝမှာ ... နေရတာ အဓိပ္ပာယ်မရှိတာတော့ မဟုတ်ပါဘူး။
စုန့်ယွိသာ စုန့်မြို့စားအိမ်တော်ရဲ့နိဂုံးကို သိခွင့်ရမယ်ဆိုရင် ပျော်နေမလား မသိဘူး။ သူကစည်းကမ်း လိုက်နာတတ်တဲ့လူစားမျိုး။ ဒီလိုမျိုးကိုတော့ ကျေနပ်မှာ မဟုတ်လောက်ဘူး။ ဒေါသထွက်ရင်လည်း ထွက်ပါစေတော့။ ကိုယ်တိုင်ကျေနပ်ရင် ပြီးတာပဲလေ။
ဒီလောကကြီးက တကယ်တော့ ကောင်းပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက ဒီဘဝကအရမ်းကို တိုတောင်းလွန်းတယ်။
အသံတစ်ချက်နှင့်အတူ ကုလားထိုင်ကို တွန်းလှဲလိုက်တော့သည်။
စုန့်မြို့စားကြီး၏ ခန္ဓာကိုယ်သည် ထုတ်တန်းပေါ်တွင် တွဲလဲကျနေသည့် အချိန်မှာပင် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသည့် ထိုအသိစိတ်ကလည်း လုံးဝပျောက်ကွယ်သွားတော့၏။ စုန့်မြို့စားကြီးသည် မိမိ၏ခန္ဓာကိုယ်ကို ထိန်းချုပ်ခွင့် ပြန်လည်ရရှိသွားသော်ငြား ကံဆိုးချင်တော့ အချိန်နှောင်းသွားခဲ့ပြီ။
သူသည် ထုပ်တန်းပေါ်တွင် တွဲလောင်းကျရင်း အဆက်မပြတ် ရုန်းကန်နေမိသည်။ သို့သော်ငြား နောက်ဆုံးတွင်တော့ လည်ပင်းပေါ်မှ ထိုကြိုးတစ်ချောင်း၏ အနှောင်အဖွဲ့မှ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ချေ။
တဖြည်းဖြည်းနှင့် ရုန်းကန်နေရသည့် အင်အားများကလည်း ပျောက်ကွယ်လာခဲ့သည်။ စုန့်မြို့စားကြီးသည် ထုတ်တန်းပေါ်တွင် တွဲလောင်းကျနေတာ ခန္ဓာကိုယ်သည်ဖြေးညင်းစွာ လွဲယမ်းရင်း နောက်ဆုံးတော့ ရပ်တန့်သွားလေတော့၏။
သူ့ခြေထောက် အောက်တွင်တော့ သူ့အချစ်ရဆုံးသောသား၏ အလောင်း ရှိနေလေသည်။
...
ညသန်းခေါင်တွင် အားချန်သည် ရုတ်တရက် လန့်နိုးလာခဲ့၏။
သူမသည် ခြေဗလာဖြင့် ကုတင်ပေါ်မှ ပြေးဆင်းလိုက်ပြီး မှန်တင်ခုံပေါ်က သေတ္တာလေးထဲမှ စုန့်ယန့် ချန်ထားခဲ့သည့် ထို မှင်သွေးကျောက်ကို ထုတ်ယူကြည့်လိုက်သည်။
ဒီအချိန်တွင်တော့ မှင်သွေးကျောက်သည် သူ၏တောက်ပနေသည့် အရောင်အဝါကို လုံးဝ ဆုံးရှုံးသွားခဲ့ပြီဖြစ်ကာ အစိပ်စိပ်အမွှာမွှာ ကွဲကြေသွားပြီး မည်သို့မှ ပြန်လည် ဆက်စပ်ရနိုင်တော့မည် မဟုတ်ချေ။
...