အတူတူပါပဲ
Vol. 8 Ch. 73
အားချန်သည် ထိုကွဲကျေသွားသည့် မှင်တုန်းကို ကိုင်ကာ အတန်ကြာအောင် ငေးကြည့်နေပြီးနောက် သေတ္တာကို ပြန်ပိတ်လိုက်ပြီး မူလနေရာတွင် ပြန်ထားလိုက်တော့သည်။
ဒီအချိန်တွင်သူမသည် အိပ်ချိန်စိတ် လုံးဝမရှိတော့ချေ။ ပြတင်းပေါက်နားသို့ လျှောက်သွားလိုက်ပြီး ပြတင်းပေါက်ကို ဖွင့်လိုက်သည်တွင် အေးမြမြ လေသည် သူမ၏မျက်နှာကို တိုးဝှေ့လာခဲ့၏။
အပြင်ဘက်တွင် မိုးက ဘယ်အချိန်ကတဲက ပြန်ရွာနေသည် မသိပေ။ လမင်းသည်လည်း မရှိတော့ဘဲ ပိုးမွှားများနှင့် ငှက်ကလေးများ၏ အော်မြည်သံသည်လည်း တစ်စက်စက်ကျနေသည့် မိုးသံများအောက်တွင် ပျောက်ကွယ်သွားလေသည်။
သူမသည် ကုလားထိုင်တစ်လုံးကို နေရာရွှေ့ကာ ပြတင်းပေါက် ရှေ့တွင် ထိုင်ချလိုက်ပြီး လက်တစ်ဖက်ဖြင့် မေးကိုထောက်ရင်း အပြင်ဘက်က မိုးရေများ ရောယှက်နေသည့် မိုးသားလိုက်ကာလေးကို ငေးကြည့်နေရင်းက ဦးနှောက်ထဲတွင်တော့ စုန့်ယန့် အကြောင်းကိုသာ တွေးနေ မိတော့သည်။
သူ စုန့်ယွိအတွက် လက်စားချေ ပြီးလောက်ပြီ ထင်တယ်။ သူက အဲလောက် အထိတော်တာပဲ။ ကျောက်တုံးကို ကြက်ဥနဲ့ ပစ်ပေါက်တယ် ဆိုရင်တောင် ကျောက်တုံးကို ကွဲအောင်လုပ်နိုင်မှာပါ။
အားချန်သည် ချန်ရစ်ထားခဲ့သည့် ထိုပန်းချီကားကို သိပ်ပြီးကျေနပ်ခြင်းတော့ မရှိချေ။ ဝမ်းနည်းစရာကောင်းသည်မှာ သူ မရှိတော့ပေ။ အကယ်၍ သူသာ ရှိနေသေးပါက သူမသည်သူ့ကို ပန်းချီကားအသစ်တချပ် ထပ်မံရေးဆွဲခိုင်းမိမှာ သေချာသည်။
‘ရေငတ်ပြေအောင် ဇီးသီးပင်ကိုကြည့်’ ဆိုသလို ဘယ်သူကများ ကြက်ဖတွန်သံ ပန်းချီကားကို အခန်းထဲမှာထားပြီး ချိတ်ထားမှာလဲ။ နေ့တိုင်း မျက်လုံးဖွင့်လိုက်တာနဲ့ ပန်းချီကားထဲက ခန့်ခန့်ညားညား ကြက်ဖကြီးကို မြင်နေရတော့ ခေါင်းထဲမှာတောင် ကြက်ဖတွန်သံ ပဲ့တင်ထပ်နေတာကို မထိန်းနိုင်တော့ဘူး။
သူ မရှိတော့တာတော့ ဝမ်းနည်းစရာပဲ။
အားချန်သည် နှုတ်ဆက်ခွဲခွာခြင်း များစွာကို ကြုံတွေ့ခဲ့ဖူးဟန်တူသည်။ တချိန်က သူမအပေါ် အလွန်ကောင်းမွန်ခဲ့သည့် ဆဌမဦးလေးသည် တစ်နေ့နေ့တွင် သူမကို အပြင်သို့အလည်အပတ် ခေါ်သွားမည်ဟု ပြောခဲ့ဖူးသော်ငြား ထွက်ခွာသွားပြီးနောက်တွင် ဘယ်သောအခါမှ ပြန်မလာတော့ပေ။
သူမသည် မိမိကိုယ်ကို နှုတ်ဆက်ခွဲခွာခြင်းများနှင့် အသားကျနေသည်ဟု ထင်မှတ်ခဲ့သော်ငြား အမှန်တွင်တော့ ထိုသို့မဟုတ်နိုင်သေးဘဲ အနည်းငယ် ဝမ်းနည်းနေမိဆဲပင်။
အားချန်သည် ဘယ်အချိန်ကမှန်းမသိ ပြတင်းပေါက် ဘေးတွင်မှီရင်း အိပ်ပျော်သွားတော့သည်။ ပြတင်းပေါက်အပြင်ဘက်က မိုးရေစက်များသည် ခေါင်မိုးအစွန်းတွင် တစ်စက်စက် ကျဆင်းနေပြီး ရံဖန်ရံခါဆိုသလို ရေစက်တချို့သည် ပြတင်းပေါက်အတွင်းသို့ လွင့်စင်လာကာ သူမ၏ကိုယ်ပေါ်သို့ ကျရောက်လာလေသည်။
သူမကတော့ အနှောင့်အယှက်ကင်းမဲ့စွာ အိပ်မောကျနေဆဲဖြစ်၏။
...
မိုးက တဖြည်းဖြည်း ရပ်တန့်သွားခဲ့သည်။
ညဉ့်နက်ပိုင်းတွင် မိုးရွာသွန်းခဲ့သဖြင့် မနက်ခင်းစောစောတွင်တော့ မြေပြင်ပေါ်တွင် စိုစွတ်လျက်ရှိကာ ခြေလှမ်းနင်းလိုက်သည်နှင့် ခြေရာများ ထင်ကျန်ရစ်နေတော့သည်။ မြို့စားအိမ်တော်က အစေခံများသည် မနက်အစောကြီးကတည်းက သန့်ရှင်းရေးစတင် ပြုလုပ်နေကြ၏။ သူတို့သည် သခင်များ၏ နှစ်လိုဖွယ်အိပ်မက်များကို အနှောင့်အယှက် ဖြစ်မည် စိုးရိမ်သဖြင့် အသံကျယ်ကျယ် လောင်လောင်ပင် မပြုရဲကြပေ။
မနက် ၁၁နာရီဝန်းကျင်သို့ ရောက်လာသောအခါ စုန့်မြို့စားကို ပြုစုလုပ်ကျွေးနေရသည့် အစေခံမလေးသည် အိမ်တော်ထိန်းကြီးကို လာရောက်ရှာဖွေပြီး မြို့စားကြီးက မည်သည့်နေရာသို့ သွားသည်မသိဘဲ စာကြည့်ခန်းနှင့် ပင်မခြံဝင်းထဲတွင် မတွေ့ရကြောင်း လာရောက်အကြောင်းကြားလေသည်။
ထိုတစ်ချိန်တည်းမှာပင် ဆက်ခံသူသခင်လေးသည် ခြံဝင်းထဲတွင် တာဝန်ထမ်းဆောင်နေသူများကလည်း ဆက်ခံသူသခင်လေးက အခန်းထဲက လုံးဝထွက်မလာခဲ့ကြောင်း သူတို့သည်လည်း အနှောင့်အယှက်ပေးရန် မဝံ့ရဲကြောင်း လာရောက် ပြောဆိုကြပြန်သည်။
အိမ်တော်ထိန်းသည် စိတ်ထဲကသံသယများကို ဖိနှိပ်ထားလိုက်ပြီး အစေခံမလေးများကို လမ်းပြခိုင်းကာ ဆက်ခံသူသခင်လေး ၏ခြံဝင်းသို့ အရင်ဆုံးသွားလိုက်တော့သည်။
ခြံဝင်းထဲသို့ ဝင်ရောက်လာပြီးနောက် အိမ်တော်ထိန်းသည် ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်လိုက်သည်တွင် မိုးသားများ မည်းမှောင်စွာ ဖုံးလွှမ်းနေပြီး မှိုင်းညှို့လျက်ရှိ၏။ ဤသို့သော ရာသီဥတုသည် လူတို့၏စိတ်ကို အမည်မသိ လေးလံစေပြီး မကောင်းသည့်အရာ တစ်ခုခုဖြစ်တော့မည်ဟု အလိုလို ခံစားနေရတော့သည်။
အိမ်တော်ထိန်းကြီးက တံခါးကိုသုံးချက် ခေါက်လိုက်ပြီး လှမ်းပြောလိုက်၏။ "သခင်လေး နိုးပြီလား"
သူသည် အပြင်ဘက်တွင် ခဏလောက် စောင့်ဆိုင်းနေလိုက်ပြီး နောက်ထပ်တံခါးကို နှစ်ကြိမ်လောက် ခေါက်လိုက်သော်ငြားလည်း ဘာတုံ့ပြန်မှုမှ ပြန်မရသဖြင့် အလိုလို မျက်မှောင်ကြုတ် မိသွားတော့သည်။
ခဏလောက် တွေဝေသွားပြီးမှ သူက ထပ်ပြောလိုက်သည်။ "သခင်လေး ကျွန်တော်မျိုး ဝင်လာတော့မယ်နော်"
ထိုသို့ပြောလိုက်ပြီးနောက် သူသည် လက်ကိုမြှောက်ကာ တံခါးကိုအားနှင့် တွန်းဖွင့်လိုက်သော်ငြားလည်း တံခါးကတော့ အတွင်းဘက်မှ မင်းတုပ် ထိုးထားလေသည်။ သို့သော်ငြား ဒါက အိမ်တော်ထိန်းကြီးကို မတားဆီးနိုင်ပေ။ သူသည် ခြေထောက်ကို မြှောက်လိုက်ပြီး အားအနည်းငယ်သုံးကာ တံခါးကို ကန်ဖွင့်လိုက်သည်တွင် တံခါးဘောင်သည် နံရံနှင့်သွားရိုက်ခတ်မိပြီး ဂျိန်း ဟူသည့်အသံတစ်ခု ပြန်ကန်ထွက်လာခဲ့၏။
ဒီအချိန်တွင် တံခါးကို မည်သူကမှ ဂရုမစိုက်နိုင်တော့ပေ။ တံခါးပွင့်သွားသည့် ထိုအခိုက်အတန့်မှာပင် အပြင်ဘက်တွင် ရပ်နေသူများကလည်း အခန်းတွင်းက အခြေအနေများကို ရှင်းလင်းစွာ မြင်လိုက်ရလေတော့သည်။
အတွင်းခန်းတံခါးသည် ပွင့်နေပြီး အစေခံမလေးက နေရာအနံ့ လိုက်ရှာဖွေနေခဲ့သည့် မြို့စားသခင်ကြီးကလည်း ယခုအချိန်တွင် အတွင်းခန်းတံခါးကို မျက်နှာမူကာ ထုပ်တန်းပေါ်တွင် တွဲလောင်းကျနေတော့သည်။
သူ့ခြေထောက်အောက်တွင်တော့ အနက်ရောင်လိုလို အနီရောင်လိုလို သွေးအိုင်တစ်အိုင်ရှိနေပြီး လူတစ်ယောက်က ထိုသွေးအိုင်ထဲတွင် လဲကျနေလေသည်။
"အား ..." အစေခံမလေး၏ စူးရှသည့်အော်သံသည် တစ်နေရာပြီးတစ်နေရာ ထွက်ပေါ်လာတော့၏။ စစ်မြေပြင်မှ အနားယူခဲ့ပြီး လူသတ်ဖူးကာ သွေးမြင်ဖူးသည့် အိမ်တော်ထိန်းကြီးကပင် ခြေထောက်များ ပျော့ခွေသွားသလို ခံစားလိုက်ရတော့သည်။
"မြန်မြန်။ အာဏာပိုင်တွေကို မြန်မြန်သွားသတင်းပို့ ! ! !"
မနက်ခင်းညီလာခံ ပြီးဆုံးပြီးနောက်တွင် အရှင်မင်းကြီးသည် နံနက်စာ သုံးဆောင်ပြီးနောက် စာကြည့်ဆောင်သို့ ပြန်လာကာ လျှောက်တင်လွှာများကို ကြည့်ရှုစစ်ဆေးနေလေသည်။
သူ အလေးထား ကြည့်ရှုနေသည်မှာ ရှီးလင်ဘက်မှ အရာရှိများ ပေးပို့လာသည့် လျှောက်တင်လွှာများ ဖြစ်လေသည်။ မကြာသေးခင်က ရှီးလင်ဝမ်သည် နန်းတွင်းအမတ်များနှင့် ဆွေမျိုးတော်စပ်လိုစိတ် ရှိဟန်တူပြီး မည်သည့်မိသားစုကို မျက်စိကျနေသည် မသိပေ။
အရှင်မင်းကြီးက စဉ်းစားသုံးသပ်နေစဉ်မှာပင် အပြင်ဘက်က တစ်စုံတစ်ယောက်သည် တော်ဝင်စာကြည့်ဆောင်အတွင်းသို့ လှမ်းကာ လျှောက်တင်လာ၏။ "အရှင်မင်းကြီး မြို့တော်ဝန်က တွေ့ခွင့်တောင်းနေပါတယ်"
"ဝင်ခွင့်ပေးလိုက်"
မကြာခင်မှာပင် မြို့တော်ဝန်သည် တော်ဝင်စာကြည့်ဆောင်သို့ အလျင်အမြန် ဝင်ရောက်လာတော့၏။
"အရှင်မင်းကြီး စုန့်မြို့စားအိမ်တော်မှာ အမှုဖြစ်လို့ပါ"
အရှင်မင်းကြီးက မျက်လုံးများကို ပင့်ကြည့်လိုက်ကာ "ဘာကိစ္စဖြစ်တာလဲ"
"ကျွန်တော်မျိုး ခုနလေးတင်က စုန့်မြို့စားအိမ်တော်ကနေ အမှုလာတင်တာကို လက်ခံရရှိပါတယ်။ သူတို့ပြောတာကတော့ စုန့်မြို့စားကြီးက အိမ်တော်ထဲမှာ ကြိုးဆွဲချ သေဆုံးသွားတယ် လို့ဆိုပါတယ်" မြို့တော်ဝန်သည် ဒီစကားကို ပြောဆိုနေချိန်မှာပင် မဖြစ်နိုင်ပါဟု ခံစားနေရဆဲပင်။ သူသည် ခန့်ညားထည်ဝါလှသည့် မြို့စားတစ်ဦးဖြစ်ပြီး မည်သို့များ အလွယ်တကူ သေဆုံးသွားရပါသနည်း။
အရှင်မင်းကြီး၏ မျက်နှာတွင်လည်း အံ့သြသည့် အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။ "စုန့်မြို့စားကြီးသေပြီဟုတ်လား"
"ဟုတ်ပါတယ်" မြို့တော်ဝန်က တံတွေး ကိုမျိုချလိုက်တာ "အမှုလာတိုင်တဲ့သူ ပြောတာကတော့ စုန့်မြို့စားက ဆက်ခံသူသခင်လေး စုန့်ရှီးရဲ့ အခန်းထဲမှာ ကြိုးဆွဲချသေဆုံး နေခဲ့တာပါတဲ့။ စုန့်ရှီး ... လည်း သေဆုံးသွားပါပြီ။ သေဆုံးရတဲ့ အကြောင်းအရင်းကိုတော့ လောလောဆယ် မသိရသေးပါဘူး"
အရှင်မင်းကြီးသည် မျက်မှောင်ကြုတ် လိုက်မိတော့သည်။ စုန့်မြို့စားအိမ်တော်ကိုတောင် လက်စတုံးရဲတဲ့သူရှိတယ်။ ပုဂ္ဂိုလ်ရေး ရန်ငြိုးကြောင့်များလား။ ဒါမှမဟုတ် ငါ့ကို စိန်ခေါ်နေတာလား။
"အပြင်မှာ လူရှိလား" အရှေ့မင်းကြီးက ရုတ်တရက်ဖွင့်ဟကာ ပြောလိုက်သည်။
"အရှင်မင်းကြီး" ကုန်းကုန်းသည် မြန်မြန်ပြန်ထူးလာခဲ့သည်။
"ရာဇဝတ်မှုဌာနကို အကြောင်းကြားလိုက် ရာဇဝတ်မှုဌာနနဲ့ မြို့တော်ဝန်ရုံးကို စုန့်မြို့စား အသတ်ခံရတဲ့အမှုကို အတူတူ စစ်ဆေးခိုင်းလိုက်။ ကျန်းက စုန့်မြို့စားနဲ့ စုန့်ရှီး နှစ်ယောက်စလုံး ဘယ်လိုသေဆုံး သွားခဲ့တယ်ဆိုတာကို အတိအကျသိချင်တယ်"
"တင်ပါ့" ကုန်းကုန်းချုပ်ကြီးသည် နှောင့်နှေးခြင်းမရှိဘဲ ရာဇဝတ်မှုဌာနသို့ ဧကရာဇ်မင်းကြီး၏ အမိန့်တော်ကို ပို့ဆောင်ရန် အလျင်အမြန် လူ စေလွှတ်လိုက်လေသည်။
မြို့တော်ဝန်သည် အရှင်မင်းကြီးအမိန့်ကို ကြားလိုက်ရပြီးနောက် နောက်ဆုံးတွင်တော့ သက်ပြင်းချနိုင်သွားတော့၏။ ဒီလောက်ကြီးမားတဲ့အမှုက ရှုပ်ထွေးမှုတွေ အများကြီး ပါဝင်မယ်ဆိုတာ စဉ်းစားကြည့်ရုံနဲ့ သိနိုင်တယ်။ သူ့ရဲ့မြို့တော်ဝန်ရုံးက ဒီအမှုကိုတစ်ဦးတည်း ကိုင်တွယ်စုံစမ်းဖို့ကတော့ မလုပ်ရဲပါဘူး။ အခုရာဇဝတ်မှုဌာနနဲ့ အတူတူ စုံစမ်းရမယ်ဆိုတော့ ဘာပြဿနာပဲဖြစ်ဖြစ် ရာဇဝတ်မှုဝန်ကြီးဌာနက ဝန်ကြီးကပဲ ခေါင်းခံသွားလိမ့်မယ်။
မြို့တော်ဝန် ထွက်ခွာသွားပြီးနောက်တွင် အရှင်မင်းကြီးသည် တော်ဝင်စာကြည့် ဆောင်အတွင်း နှစ်ပတ်လောက် ခေါက်တုန့်ခေါက်ပြန် လျှောက်လိုက်ပြီးမှ မိန့်ကြားလိုက်လေသည်။ "မင်ဝမ်ကို နန်းတော်ကို ဆင့်ခေါ်လိုက်"
"တင်ပါ့"
မင်ဝမ်ကို သွားရောက်ပင့်ခေါ်ခိုင်းပြီးနောက် အရှေ့မင်းကြီး၏ စိတ်သည်လည်း အနည်းငယ် တည်ငြိမ်သွားတော့သည်။ သူသည် ကုလားထိုင်တွင် ပြန်ထိုင်လိုက်ကာ လျှောက်တင်လွှာများကို ဆက်လက် ကြည့်ရှုနေသော်ငြား စိတ်ကတော့ လွင့်မျောနေဆဲပင်။
ယနေ့ စုန့်မြို့စားအိမ်တော်က တင်သွင်းလာသည့် လျှောက်တင်လွှာကို လှန်လှောကြည့်ရှုမိသည့် အချိန်အထိပင်။
အရှင်မင်းကြီးသည် လျှောက်တင်လွှာကို ဖွင့်ဖတ်လိုက်လေသည်။ အစပိုင်းတွင်တော့ သူ့မျက်နှာတွင် မည်သည့်ခံစားချက်မှ မရှိသေးသော်ငြားလည်း ဖတ်လေလေ သူ့မျက်နှာထားက ပိုပြီး မှောင်မိုက်လာလေလေ ဖြစ်နေတော့၏။ နောက်ဆုံးတွင်တော့လက်ကို
ဝှေ့ယမ်းကာ စားပွဲပေါ်က လက်ဖက်ရည်ခွက်ကို ကြမ်းပြင်ပေါ်သို့ တိုက်ချလိုက်လေတော့သည်။
"တကယ်ကို လွန်လွန်းလှချည်လား !"
အရှင်မင်းကြီးသည် မျက်နှာထားတင်းမာစွာဖြင့် ထရပ်လိုက်ပြီး နောက်တခဏတွင်တော့ စုန့်မြို့စား သေဆုံးသွားပြီ ဖြစ်ကြောင်းသတိရကာ ပြန်လည်ထိုင်ချ လိုက်လေတော့သည်။
ဘေးတွင် စောင့်ဆိုင်းနေသည့် ကုန်းကုန်းသည် မည်သည့်ကိစ္စ ဖြစ်သွားခဲ့သည်ကို မသိရှိဘဲ သတိလေးဖြင့် လှမ်းခေါ်လိုက်၏။ "အရှင်မင်းကြီး"
အရှင်မင်းကြီးသည် ကုန်းကုန်းကို တစ်ချက်မှပင် လှယ်မကြည့်ဘဲ သူ့အကြည့်များက လက်ထဲက လျှောက်တင်လွှာပေါ်သာ ရှိနေဆဲပင်။ ကြည့်လေလေ အသက်ရှူသံက ပိုပြီးပြင်းထန်လာလေလေ ဖြစ်နေတော့၏။ လျှောက်တင်လွှာကို ကိုင်ထားသည့် လက်များကပင် တုန်ယင်လို့လာသည်။
ကုန်းကုန်းကြီး၏ စိတ်ထဲတွင်တော့ စိုးရိမ်ပူပန်သွားလေတော့သည်။ အရှင်မင်းကြီးက ဘယ်လိုအရာမျိုးကို တွေ့မြင်သွားလို့ ဒီလောက်အထိ ဒေါသထွက်နေရပါလိမ့်။
အဲဒီတုန်းက ချင်းကျိုးမှာ သဘာဝ ဘေးအန္တရာယ်ကြီး ဖြစ်သွားပြီး ကယ်ဆယ်ရေးငွေတွေ အလုအယက် ခံရတုန်းကတောင်မှ အရှင်မင်းကြီးက ဒီလောက်အထိ ဒေါသထွက်ခဲ့တာ မဟုတ်ဘူး။
ဒီအချိန်မှာပင် အပြင်ဘက်က လူတစ်ယောက်သည် မင်ဝမ် ရောက်ရှိလာကြောင်း လျှောက်တင်လေသည်။ မင်ဝမ်သည် တော်ဝင်စာကြည့်ဆောင်သို့ ခြေလှမ်းဝင်လာသည်ကို တွေ့မြင်လိုက်ရသောအခါ အရှင်မင်းကြီးသည် လက်ထဲက လျှောက်တင်လွှာကို ဘေးသို့ပစ်ချလိုက်ပြီး တိုက်ရိုက်ပြောဆိုလိုက်တော့သည်။ "ဟွမ်ရှူး (ဦးရီးတော်) စုန့်မြို့စားကြီးနဲ့ စုန့်ရှီးတို့ သေသွားကြပြီ"
"ဘယ်လိုသေသွားတာလဲ" မင်ဝမ်သည် အနည်းငယ် အံ့အားသင့်သွားကာ မေးလိုက်တော့သည်။
"အခုထိတော့မသိသေးဘူး။ မနေ့ညက ကျန်းပေ မြို့စားက သူ့အိမ်တော်ထဲက ထွက်ခွာသွားသေးလား" အရှင်မင်းကြီးက မေးလာသည်။
စုန့်မြို့စားအိမ်တော်သို့ စုန့်ရှီး မသိအောင်ခိုးဝင်နိုင်ပြီး သူ့ကိုအလွယ်တကူ သတ်ဖြတ်နိုင်သူသည် သူ့ထက်ကျင့်ကြံမှုအဆင့် ပိုမြင့်သည့် ကျင့်ကြံသူတစ်ဦး ဖြစ်နိုင်ခြေ အများဆုံး ဖြစ်တော့သည်။ မြို့တော်ထဲတွင် စုန့်ရှီးထက် ကျင့်ကြံသူအဆင့်ပိုမြင့်ပြီး သူနှင့် ရန်ငြိုးရှိသူမှာ ကျန်းပေမြို့စားသာပင်။
မင်ဝမ်က ခေါင်းခါပြလိုက်၏။ "ကျန်းပေမြို့စားက အိမ်တော်ကနေ ထွက်ခွာသွားခြင်း မရှိပါဘူး"
“ကျန်းပေမြို့စား မဟုတ်ဘူးဆိုရင် ဘယ်သူဖြစ်နိုင်ဦးမှာလဲ။ ဟွမ်ရှူး ပြောကြည့်ပါဦး ဒီကိစ္စက ရှီးလင်နဲ့များ ပတ်သက်နေမလား" ရှီးလင်ကို ထည့်သွင်း ပြောဆိုလိုက်သည်နှင့် အရှင်မင်းကြီး၏ မျက်လုံးများက စူးရှလာလေတော့သည်။
"စုန့်ရှီးက ရှီးလင်ဝမ် အတွက် ထိန်းချုပ်စရာတော့ မဟုတ်ပါဘူး။ ပြောရမယ်ဆိုရင် သူတို့က စုန့်ရှီးကို လက်စတုံးဖို့လည်း မလိုအပ်ပါဘူး။ ဒါပေမဲ့ဒီကိစ္စက တကယ်ကို ထူးဆန်းနေတာတော့အမှန်ပဲ။ သေသေချာချာလေး စုံစမ်းသင့်ပါတယ်"
"ဒါဆိုရင် ဟွမ်ရှူးကိုပဲ အပ်လိုက်တော့မယ်"
"ဟုတ်ကဲ့ပါ" မင်ဝမ်က ခေါင်းငြိမ့်ကာ လက်ခံလိုက်လေသည်။ ကိစ္စများကို မှာကြားပြီးသွားသော်ငြား အရှင်မင်းကြီးသည် မင်ဝမ်ကို ပြန်လည်ထွက်ခွာခွင့်မပေးဘဲ ဆက်ပြောလိုက်တော့၏။ "အခု စုန့်မြို့စားရော စုန့်ရှီးရော နှစ်ယောက်စလုံး သေသွားပြီ။ ဟွမ်ရှူး စဉ်းစားကြည့် ဒီမြို့စားအိမ်တော်ရဲ့ ဘွဲ့ထူးဂုဏ်ထူးကို ဆက်ပြီးလက်ဆင့်ကမ်းသွားဖို့ လိုအပ်သေးလား"
မင်ဝမ်မှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ အရှင်မင်းကြီးက မြို့စားအိမ်တော်ရဲ့ ဘွဲ့ထူးဂုဏ်ထူးတွေကို ပြန်သိမ်းဖို့ စဉ်းစားနေတာလား။
အရှင်မင်းကြီးသည် မျိုးရိုးမြင့်များအပေါ် တင်းကျပ်လေ့မရှိချေ။ စုန့်မြို့စားပင် သေဆုံးသွားခဲ့ပြီ ဖြစ်သော်ငြား အရှင်မင်းကြီးကတော့ ဘွဲ့ထူးကို ပြန်လည်ရုပ်သိမ်းလိုသည်။ သူ့ကို မည်သို့များ အနှောင့်အယှက် ဖြစ်နေစေပါသနည်း။
"စုန့်မြို့စားကများ ကြီးမားတဲ့ ပုန်ကန်မှုတစ်ခုကို ကျူးလွန်ခဲ့လို့လား" မင်ဝမ်ကလည်း မေးလိုက်၏။
အရှင်မင်းကြီးက စကားမပြောဘဲ စားပွဲပေါ်က လျှောက်တင်လွှာကို မင်ဝမ်ဆီသို့ ပစ်ပေးလိုက်တော့သည်။
မင်ဝမ်သည်လည်း လျှောက်တင်လွှာကို လက်ခံယူပြီး ဖွင့်ကြည့်လိုက်၏။ နှစ်ချက်လောက်သာ ကြည့်ရသေးသည်။ သူ့မျက်ခုံးများမှာ မြင့်တက်သွားလေတော့သည်။
လျှောက်တင်လွှာကို ရေးသားထားသည်မှာ အလွန်စိတ်ဝင်စားဖွယ် ကောင်းနေတော့၏။ ရှေ့ပိုင်းတွင် စကားလုံးတိုင်းသည် အမှားကို ဝန်ခံထားသော်ငြား သားချင်းလဲလှယ်ခဲ့သည့်ကိစ္စကို ထည့်သွင်းပြောဆိုလာချိန်တွင် လျှောက်တင်လွှာ၏ အကြောင်းအရာသည် စုန့်မြို့စားကြီး ထိုနေ့က ညီလာခံထဲတွင် ပြောဆိုခဲ့သည်များနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေတော့သည်။
လျှောက်တင်လွှာထဲတွင် သူကိုယ်တိုင်က တရားဝင်သားနှင့် မယားငယ်သားကို လဲလှယ်ခဲ့ကြောင်း ရေးသားထားလေသည်။ ထို့အပြင် အရှင်မင်းကြီးကိုပင် အပြစ်တင်ထားသေးသည်။ အကယ်၍သာ မြို့စားဟောင်းကြီး ကွယ်လွန်ပြီးနောက် မြို့စားအိမ်တော်ကို အရှင်မင်းကြီးက အေးစက်စက် ဆက်ဆံခဲ့ခြင်းမရှိပါလျှင် သူသည် ဒီလိုစိတ်နှလုံး ယုတ်မာရက်စက်လှသည့် အမှုကို မည်သို့ကျူးလွန်နိုင်ပါမည်ဟုပင် ဆိုထားလေသေးသည်။
စုန့်ယွိ သေဆုံးရခြင်းတွင် အရှင်မင်းကြီးသည်လည်း အနည်းဆုံးတော့ ကြံရာပါတစ်ဦးအဖြစ် ထည့်သွင်းရေးသားထားသေးသည်။
နောက်ပိုင်းတွင် အရှင်မင်းကြီးသည် စုန့်ရှီးကို အသုံးပြုခဲ့ပြီးဖြစ်သော်ငြား နန်းတွင်းအမတ်များ၏ အကြောင်းမဲ့ အသရေဖြတ်မှုကြောင့် လူကိုမြို့တော်သို့ ပြန်ခေါ်ယူခဲ့သည်မှာ ပြောသည့်စကားကို ပြန်ပြင်ချင်တာ ဖြစ်သည်ဟုဆိုလေသည်။
ထိုထက် နောက်ပိုင်းအကြောင်းအရာများက အနည်းငယ် ပုန်ကန်လိုသည့် သဘောပင် သက်ရောက်နေသေးသည်။ စုန့်မြို့စားကြီးသည် လျှောက်တင်လွှာထဲတွင် ထိုစဉ်က အရှင်မင်းကြီး နန်းမတက်မီက ဖအေတူမအေကွဲ အစ်ကိုတော်တွမ်းဝမ်နှင့် ပေါ်တင်တစ်မျိုး လျှို့ဝှက်တစ်ဖုံ တိုက်ခိုက်ခဲ့ကြပြီး နောက်ဆုံးတွင်တော့ ထီးနန်းကိုအောင်မြင်စွာ ရရှိခဲ့သည့်ကိစ္စကိုပင် ထည့်သွင်းရေးသားထားသေးသည်။
အရှင်မင်းကြီးကပင် ဤသို့ပြုမူခဲ့သေးသည်ဖြစ်ရာ စုန့်ရှီးသည်လည်း အရှင်မင်းကြီးကို အတုယူရုံမျှသာဖြစ်ပြီး မည်သည့်အမှား ရှိပါသနည်းဟုပင် သူက ဆိုထားသေးသည်။
သူတို့ စုန့်မြို့စားကြီးအိမ်တော်သည် အရှင်မင်းကြီးကို သစ္စာစောင့်သိရန်အတွက် တရားဝင်သားကိုပင် စွန့်လွှတ်ခဲ့ရသည်။ ဤသည်မှာလည်း ဘုရင်ကို သစ္စာရှိပြီး တိုင်းပြည်ကို ချစ်မြတ်နိုးခြင်း မလုံလောက်သေးသတဲ့လား။
မင်ဝမ်သည် လျှောက်တင်လွှာကိုကိုင်ကာ နှစ်ကြိမ်လောက် သေသေချာချာလေး ဖတ်ရှုလိုက်မိ၏။ ဒီလေသံနဲ့ ဒီလိုသာမန်လူများနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် တွေးခေါ်ပုံများသည် စုန့်မြို့စားကြီးနှင့် တစ်ပုံစံတည်း တူညီနေသည်ဟု အမြဲခံစားနေရလေသည်။ သို့သော်ငြား စုန့်မြို့စားကြီးသည် ရူးသွပ်မသွားခဲ့လျှင် ဒီလိုအပြစ်ဝန်ခံသည့် လျှောက်တင်လွှာမျိုးကို ရေးသားခဲ့ကာ အရှင်မင်းကြီး၏ စားပွဲတော်သို့ ပေးပို့မည်တော့ မဟုတ်ပေ။
"ဟွမ်ရှူး ဘယ်လိုသဘောရလဲ" အရှင်မင်းကြီးက ဒီအချိန်တွင်တော့ မည်းမှောင်နေသည့် မျက်နှာဖြင့် မေးလာခဲ့၏။
"စုန့်မြို့စားကြီးက ရှေ့ကလျှောက်တင်လွှာ ရေးပြီးပြီချင်း နောက်မှာ သေဆုံးသွားခဲ့တယ်။ ဒီကိစ္စမှာ တခြားလျှို့ဝှက်ချက်တွေ ရှိနေနိုင်သေးတယ်။ အရှင်မင်းကြီးထပ်ပြီး မစုံစမ်းချင်တော့ဘူးလား"
မင်ဝမ်ကတော့ စိတ်ထဲတွင် ကြိတ်ပြီးစဉ်းစား လိုက်မိတော့သည်။ ဒီလျှောက်တင်လွှာကို စုန့်မြို့စားကြီး ရေးတာပဲဖြစ်ဖြစ် တခြားသူရေးတာပဲဖြစ်ဖြစ် ဒါကအရှင်မင်းကြီးရဲ့ဒေါသကို အောင်အောင်မြင်မြင် ဆွပေးလိုက်တာပဲ။
အရင်တုန်းက ယခင်မင်းကြီးက ရှန်ဖေးကမွေးတဲ့ တွမ်းဝမ်ကို ပိုပြီးအလေးထားခဲ့တယ်။ မိဖုရားကြီးကမွေးတဲ့ လက်ရှိအရှင်မင်းကြီးပေါ်မှာတော့ အေးစက်စက် ဆက်ဆံခဲ့ပြီး အိမ်ရှေ့စံကိုတောင် လဲလှယ်ဖို့ တစ်ခါတုန်းက ကြံစည်ခဲ့ဖူးသေးတယ်။
တွမ်းဝမ်ကလည်း ဒါကြောင့်ဘဲ လောဘတွေ တက်လာခဲ့ပြီး အရှေ့မင်းကြီးကို လုပ်ကြံဖို့ အကြိမ်ကြိမ်လူလွတ်ခဲ့တယ်။ ညီအစ်ကို နှစ်ယောက်က သေမှပြီးဆုံးမယ့်ရန်သူတွေ ဖြစ်လာတယ်။
အရှင်မင်းကြီး နန်းတက်ပြီး မကြာခင်မှာပဲ တွမ်းဝမ်ကို သေဒဏ်ပေးခဲ့ရတယ်။ ဒီအတွက်ကြောင့်ပဲ တော်ဝင်မျိုးနွယ်တွေနဲ့ နန်းတွင်းအမတ်တွေက မကျေမနပ်ဖြစ်ခဲ့ကြပြီး အရှင်မင်းကြီးနဲ့ တော်တော်လေးကို အနှိမ်ခံခဲ့ရတယ်။
လျှောက်တင်လွှာထဲမှာ တွမ်းဝမ်အကြောင်း ထည့်ရေးရဲတယ်တဲ့။ တကယ်လို့ စုန့်မြို့စားကသာ ဒီနေ့မသေခဲ့ဘူးဆိုရင် အရှင်မင်းကြီးက သူ့ခေါင်းကို သွားဖြတ်ယူချင်လောက်အောင် ဖြစ်နေမှာပဲ။
"ကျန်းကတော့ ထင်တယ်။ စုန့်မြို့စားက မတော်တဆ တစ်ခုခုနဲ့ ကြုံတွေ့ခဲ့ရလို့ သူ့ရဲ့စိတ်ရင်းအမှန်ကို ချရေးထားတာပဲဖြစ်ရမယ်" အရှင်မင်းကြီးသည် ထပ်မံပြောဆိုလိုက်၏။ "ဒါပေမဲ့ ဟွမ်ရှူး ပြောတာလည်း ဟုတ်ပါတယ်။ ဒီကိစ္စကိုထပ်ပြီး စုံစမ်းသင့်တာပေါ့"
ထိုသို့ပြောလိုက် သော်ငြားလည်း ပုံစံကိုကြည့်ရသည်မှာကတော့ လျှောက်တင်လွှာကို စုန့်မြို့စားကြီးက မသေမီ ရေးသားခဲ့သည်ဖြစ်စေ မရေးသားခဲ့သည်ဖြစ်စေ ဒီအပြစ်ကို စုန့်မြို့စားအိမ်တော်အပေါ်သို့ ပုံချလိုက်ပြီ ဖြစ်လေသည်။
မင်ဝမ်သည်လည်း ထပ်ပြီး ဖျောင်းဖျမနေတော့ချေ။
မကြာမီတွင် စုန့်မြို့စားအိမ်တော်အတွင်း အမှုဖြစ်ပွားသွားသည့် သတင်းသည် အပြင်သို့ ပျံ့နှံ့လာခဲ့တော့သည်။ နန်းတွင်းအမတ် များစွာတို့သည် စိတ်ထဲတွင် စိုးရိမ်ပူပန်လာကြပြီး တစ်စုံတစ်ယောက်ကများ သူတို့ကိုလာပြီး စာရင်းရှင်းလေးမလားဟု စိုးရိမ်နေကြတော့၏။ အရပ်ထဲတွင်လည်း အလားတူ ကောလဟာလများ ထွက်ပေါ်နေပြီး ပြည်သူများ၏ တုံ့ပြန်မှုများကတော့ တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။
လူတစ်စုသည် လက်ရှိနန်းတွင်း မြို့စားတစ်ဦးကို မည်သူက သတ်ဖြတ်နိုင်သည်ကို ပိုလို့ပင် စိတ်ဝင်စားနေကြပြီး တခြားတစ်စုကတော့ တိတ်တဆိတ်လေးကြိတ်ပြီး လက်ခုပ်တီးကာ အားပေးနေကြလေသည်။
တချို့ကတော့ သေဆုံးသွားသည့် စုန့်ယွိက ကြောက်မက်ဖွယ်ရာ သရဲတစ္ဆေအဖြစ် ပြောင်းလဲသွားပြီး သူ့ကိုသတ်သည့် လူသတ်သမားများကို လာရောက်လက်စားချေခြင်း ဖြစ်မည်ဟု ယူဆကြ၏။
ဝမ်ကျုံ့သည် လက်ဖက်ရည်ဆိုင် တစ်ဆိုင်အနီးမှ ဖြတ်သန်းသွားချိန်တွင် ပြည်သူအများအပြားက ဒီကိစ္စကို ဆွေးနွေးနေကြသည်ကို ကြားလိုက်ရလေသည်။ လူတိုင်းကတော့ ဒီအဖြစ်အပျက်သည် မကောင်းသူတို့က မကောင်းသည့် အဖြစ်အပျက်ကို ပြန်လည်ခံစားရခြင်း ဖြစ်သည်ဟု ယုံကြည်ကြဟန်တူ၏။
စုန့်မြို့စားကြီးနှင့် စာလျှင်တော့ သူတို့သည် ပေါင်မု စာရေးဆရာကြီး၏ စာအုပ်ထဲက အကြောင်းအရာများကို ပိုပြီးယုံကြည် လိုကြဟန်တူသည်။
ဝမ်ကျုံ့သည် လမ်းဘေးတွင် ခဏလောက်ရပ်ပြီး နားထောင်လိုက်ပြီးနောက် မလှမ်းမကမ်းတွင် ရင်းနှီးနေသည့် ပုံရိပ်တစ်ခုကို ရုတ်တရက် တွေ့လိုက်ရ၏။ သူသည် အနည်းငယ် အံ့အားသင့်သွားပြီး ခြေလှမ်းမြန်မြန်လှမ်းကာ ရှေ့သို့တိုးလာခဲ့သည်။ "စုန့်သခင်လေး ဒီနေ့ ဘယ်လိုလုပ်ပြီး ဒီမှာရောက်နေတာလဲ"
ရှေ့က လျှောက်နေသူသည် သူ့စကားကို မကြားလိုက်သည့်နှယ် ခေါင်းပင် လှည့်မကြည့်ပေ။
ဝမ်ကျုံ့၏ စိတ်ထဲတွင် အနည်းငယ် တွေဝေသွားပြီး လက်ကို မြောက်ကာ ရှေ့ကလူ၏ပခုံးကို လှမ်းပုတ်လိုက်လေသည်။
ထိုသူကလည်း မြန်မြန်လှည့်လာခဲ့၏။ အမှန်ပင် စုန့်ယန့် ဖြစ်နေသော်ငြား လှည့်ကြည့်လာသည့် မျက်လုံးများကတော့ သတိကြီးကြီးနှင့် ဖြစ်နေလေ၏။
"ဒီက လူကြီးမင်း ကျွန်တော် ခင်ဗျားကို သိလို့လား" ထိုလူကအရင်ဆုံး ဖွင့်ဟကာမေးလာပြီး ဝမ်ကျုံ့ကို ကြည့်နေသည့် အကြည့်များကလည်း လုံးဝကိုစိမ်းသက်လို့ နေတော့သည်။
ဝမ်ကျုံ့မှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားတော့၏။ “စုန့်သခင်လေး ကျွန်တော်နဲ့ လာနောက်နေတာတော့ မဟုတ်ပါဘူးနော်"
ထိုလူသည် တစ်စုံတစ်ခုကို သတိရသွားဟန်တူပြီး အကြည့်က အနည်းငယ် ရှောင်လွဲသွားကာ "လူကြီးမင်း လူမှားနေလောက်ပါပြီ။ ကျွန်တော်ရဲ့မျိုးရိုးက ဖန်းပါ။ စုန့် မဟုတ်ပါဘူး"
ထိုသို့ပြောလိုက်ပြီးနောက် ဝမ်ကျုံ့၏ တုံ့ပြန်မှုကိုပင် မစောင့်ဘဲ လက်နှစ်ဖက်ကိုယှက်ကာ အရိုအသေပြုလိုက်၏။ "ကျွန်တော့်မှာ ကိစ္စရှိသေးလို့ အရင်သွားလိုက်ပါဦးမယ်"
စကားဆုံးသည်နှင့် လူအုပ်ကြီးထဲသို့ မြန်ဆန်သည့် ခြေလှမ်းများဖြင့် ဝင်ရောက်သွားပြီး မကြာမီတွင် ပျောက်ကွယ်သွား လေတော့သည်။
ဝမ်ကျုံ့သည် ထိုပုံရိပ် ပျောက်ကွယ်သွားသည့် လားရာဘက်ကို ကြည့်ရင်း သူ့မျက်နှာပေါ်တွင်လည်း လေးနက်သည့် အတွေးတစ်ခု ဖြစ်သွားလေတော့သည်။
ထိုနေရာတွင် အချိန်တစ်ခုလောက် ရပ်နေခဲ့ပြီးနောက် သူသည် ချန်းဖိင်ဖန်း ရှိရာဘက်သို့ လှည့်ထွက်လာ ခဲ့လေတော့သည်။
နေ့လယ်သုံးနာရီ ကျော်သည်နှင့် ဒီအချိန်တွင် ရာသီဥတုသည် ပိုအိုက် စိုစွတ်နေတတ်ပြီး ဧည့်သည်များကလည်း မလာတတ်ကြပေ။
အားချန်သည် မနေ့ညက နောက်ကျသည်အထိ နေခဲ့သဖြင့် ဆိုင်ထဲတွင် ငိုက်မြည်းလို့နေလေသည်။ ဝမ်ကျုံ့ ရောက်လာချိန်တွင် တံခါးဘေးတွင် ချိတ်ဆွဲထားသည့် ဆည်းလဲလေးကို ဝင်တိုက်မိသွားမှာသာ သူမသည် သာယာသည့် ဆည်းလဲသံလေးကို ကြားပြီး မျက်လုံးများကို ဖွင့်ကြည့်လိုက်တော့၏။
"လူကြီးမင်းဝမ်" အားချန်သည် မျက်လုံးများကို ပွတ်သပ်လိုက်သည့် အမူအရာမှာ အနည်းငယ် ငိုက်မြည်းနေဆဲဖြစ်၏။ "အမွှေးတိုင် လာဝယ်တာလား"
ဝမ်ကျုံ့က သူမ၏ပုံစံကို မြင်လိုက်သည်တွင် လေသံကို လျှော့ထားလိုက်တော့သည်။ "ကျွန်တော် ခုနလေးတင် ဘေးအခန်းက သူဌေးရွှီ ပြောတာကို ကြားလိုက်တယ်။ မိန်းကလေးကျိက သူ့ကို စုန့်သခင်လေးဇာတိ ပြန်သွားပြီလို့ ပြောလိုက်တယ်ဆို"
"ဟုတ်တယ်လေ" အားချန်ကလည်း ဘေးက လက်ဖက်ရည်ကြမ်းခွက်ကို ကောက်ယူကာ သောက်လိုက်ပြီး အနည်းငယ် လန်းဆန်းသွားမှ ထပ်ပြောလာခဲ့သည်။ "စုန့်သခင်လေးက အစောပိုင်းရက်တွေထဲက ဇာတိပြန်တော့မယ်လို့ ပြောနေခဲ့တာ။ အိမ်နဲ့ခွဲနေရတာလည်း အရမ်းကြာလို့ အိမ်ကိုလွမ်းနေပြီ ထင်ပါတယ်"
"ဒီလိုလား" ဝမ်ကျုံ့၏ မျက်နှာသည်အနည်းငယ် နှမြောတသသည့်ဟန် ဖြစ်သွားတော့သည်။ "ဝမ်းနည်းစရာပဲ ကျွန်တော်တို့ အရင်တစ်ခေါက်က ကျားထိုးတာ ပြီးအောင် မလုပ်လိုက်ရဘူး”
အားချန်၏ မျက်နှာပေါ်က အပြုံးသည်လည်း မှေးမှိန်သွားတော့၏။ "ဟုတ်လား တကယ်ဝမ်းနည်းစရာပဲ"
ချက်ချင်းဆိုသလို သူမကလည်း ထပ်ပြီးပြောလိုက်လေသည်။ "ဒါနဲ့လေ စုန့်သခင်လေး မထွက်ခွာခင်က လူကြီးမင်းဝမ်အတွက် လက်ဆောင်တစ်ခု ချန်ပေးခဲ့သေးတယ်။ ခဏလောက် စောင့်ပေးပါနော်"
ထိုသို့ပြောလိုက်ပြီးနောက် သူမသည် ဂါဝန်လးကို မကာ ဒုတိယထပ်သို့ တက်သွားပြီး မကြာမီတွင် ပန်းချီလိပ်တစ်လိပ်ကို ကိုင်ကာ ပြန်ဆင်းလာခဲ့၏။
အားချန်သည် ပန်းချီလိပ်ကို ဝမ်ကျုံ့၏ လက်ထဲသို့ ထည့်ပေးလိုက်လေသည်။ ဝမ်ကျုံ့ကလည်း ပန်းချီကားကိုယူကာ ဖွင့်ကြည့်လိုက်သည်တွင် ပန်းချီကားပေါ်တွင် ချစ်စဖွယ် လှုပ်ရှားသက်ဝင်နေသည့် ကြောင်ငယ်လေးတစ်ကောင်ကို ရေးဆွဲထားပြီး ကြောင်ကလေး၏ လက်သည်းအောက်တွင် ကြွက်တစ်ကောင်ကို ဖိထားလေသည်။ ကြောင်ငယ်လေးသည် ရင်ကို ကော့ထားပြီး အလွန်ဂုဏ်ယူနေဟန်တူ၏။
ဝမ်ကျုံ့က ပန်းချီကားကို မြင်လိုက်ပြီးနောက် အလိုလိုပြုံး မိနေတော့သည်။ "ကျွန်တော်က စုန့်သခင်လေးကို အိမ်က ကြောင်လေးအကြောင်း နှစ်ကြိမ်ပဲ ပြောဖူးတာပါ။ သူက အခုထိ မှတ်မိနေလိမ့်မယ်လို့ မထင်ထားမိဘူး"
အားချန်သည် ပန်းချီကားကိုငုံ့ကြည့်ရင်း ဝမ်ကျုံ့၏ စကားကို ကြားလိုက်ရသည်တွင် ထုတ်ပြောမိတော့သည်။ "စုန့်သခင်လေးက တကယ်စေတနာ ကောင်းတဲ့သူပါ။ သူက လူကြီးမင်းဝမ်ကို အရင်းနှီးဆုံး မိတ်ဆွေတစ်ယောက်လို့ အမြဲတမ်း သဘောထားခဲ့တာ"
"ကျွန်တော်လည်း အတူတူပါပဲ" ဝမ်ကျုံ့ကလည်း ပြန်ပြောလာသည်။
အားချန်က မျက်လုံးများကို ကျုံ့ကာ ဝမ်ကျုံ့ကို လှမ်းကြည့်လိုက်ပြီးနောက် ပြုံးပြလိုက်တော့၏။
ဝမ်ကျုံ့သည် ထိုပန်းချီကားချပ်ကို ကိုင်ဆောင်ရင်း အားချန်၏ အမွှေးနံ့သာဆိုင်ထဲက ပြန်ထွက်လာခဲ့တော့သည်။ သူသည် မြင်းလှည်းတစီးကို ငှားရမ်းလိုက်ပြီး ထိုမြင်းလှည်းကသူ့ကို မင်ဝမ် အိမ်တော်သို့ ပို့ဆောင်ပေးခဲ့၏။
မင်ဝမ်အိမ်တော်တံခါးသည် ဝမ်ကျုံ့ ရောက်ရှိလာသည်ကို မြင်လိုက်သည်တွင် အလျင်အမြန် သွားရောက် သတင်းပို့ ပေးလေသည်။ မကြာမီတွင် အိမ်တော်အတွင်းက အိမ်တော်ထိန်း ကုန်းကုန်းတစ်ဦး ကိုယ်တိုင်ထွက်၍ လာရောက်ကြိုဆိုပေး၏။
"လူကြီးမင်းဝမ် မလာတာ အတော်ကြာသွားပြီနော်။ ဝမ်ရယ်ကတောင် ခင်ဗျားကို ခဏခဏ သတိတရ ရှိနေသေးတာ" အိမ်တော်ထိန်း ကုန်းကုန်းသည် သူ့ကိုဥယျာဉ်တော်ဘက်သို့ ဦးဆောင်ကာ ခေါ်သွားရင်း ပြုံးကာပြောလာခဲ့၏။
"ခင်ဗျားတို့ဝမ်ရယ်ရဲ့ ကျားထိုးပညာက အရမ်းညံ့ဖျင်းလွန်းလို့ပဲ အပြစ်တင်ရမယ်။ မကြာသေးခင်က ကျွန်တော်က လက်ရည်တူ ပြိုင်ဘက်တစ်ယောက်ကို ရှာတွေ့ထားတော့ သူ့ကို သဘာဝကျကျ အထင်မကြီးနိုင်တော့ဘူးလေ"
"ဒါဆိုရင် မင်းက ပန်ဝမ်(ဒီဦးရီးတော်)ဆီကို ဘာလာလုပ်သေးတာလဲ" မင်ဝမ်၏ အသံသည် ရေပေါ်ဇရပ်ဆီမှ ပေါ်ထွက်လာခဲ့လေသည်။
ဝမ်ကျုံ့က မျက်နှာအရောင်မပြောင်းလဲပဲ ရေပေါ်ဌရပ်အဆောင်ထဲသို့ ဝင်ရောက်သွားလေတော့၏။ "ကံဆိုးချင်တော့ ကျွန်တော့်ရဲ့ မိတ်ဆွေငယ်လေးက မြို့တော်ကနေ ထွက်သွားပြီလေ။ ဒါကြောင့် ကျွန်တော်က ဝမ်ရယ်ကို လာရှာရတော့တာပေါ့"
"ပန်ဝမ်ရဲ့ ကျားထိုးပညာက ညံ့တယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား" မင်ဝမ်က သူ့ကိုမျက်စောင်းဖြင့် လှမ်းကြည့်လိုက်၏။
"ညံ့တာတော့ ညံ့တာပေါ့လေ။ ဒါပေမဲ့ ဝမ်ရယ်က ကျား ထိုးတဲ့နည်းလမ်းကို အမျိုးစုံတော့ တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတယ်လို့ သတ်မှတ်လို့ရပါတယ်"
မင်ဝမ်၏ နဖူးပေါ်က သွေးကြောစိမ်းမှာ ထောင်တက်လာ လေတော့သည်။
ဝမ်ကျုံ့ကလည်း မင်ဝမ်၏ ရှေ့တည့်တည့်တွင် ဝင်ထိုင်လိုက်ပြီး လက်ထဲကပန်းချီကားကို ဘေးချကာ သက်သောင့်သက်သာလေး နေလိုက်တော့သည်။
"ဒါကဘာလဲ" မင်ဝမ်က ဝမ်ကျုံ့၏ လက်ထဲက ပန်းချီကားကို ကြည့်ရင်း သိချင်စိတ်ဖြင့် မေးမြန်းလိုက်တော့၏။
"ကျွန်တော့်ရဲ့ မိတ်ဆွေငယ်လေးက ကျွန်တော့်ကို ပေးသွားတဲ့ ခွဲခွာခြင်းလက်ဆောင်မှာ"
မင်ဝမ်က အဆက်မပြတ် ကြည့်နေသည်ကို တွေ့ရသဖြင့် သူကလည်းထပ်ပြီး ပြောလိုက်တော့သည်။ "တကယ်လို့ ဝမ်ရယ် စိတ်ဝင်စားရင် ဖွင့်ကြည့်လို့ရပါတယ်"
မင်ဝမ်သည် ပန်းချီလိပ်ကို ကောက်ယူကာ ဖွင့်လိုက်လေသည်။ အပေါ်တွင်ရေးဆွဲထားသည့် ကြောင်ငယ်လေးကို မြင်လိုက်ရသည်တွင် မျက်ခုံးများ မြင့်တက်သွားတော့၏။ "ဆွဲထားတာ မဆိုးဘူးပဲ။ တကယ်ပဲ အသက်ဝင်နေသလိုပဲ"
ဒီလက်ဆောင်သည် အမှန်တကယ်ပင် မိတ်ဆွေကိုပေးသည့် လက်ဆောင်နှင့် တူပေသည်။ သိပ်ပြီးလေးနက်ခြင်းမရှိသော်ငြား ဝမ်ကျုံ့၏ နှလုံးသားကိုတော့ တည့်တည့်မတ်မတ် ဝင်ရောက်သွားနိုင်ခဲ့၏။
ဝမ်ကျုံ့သည်လည်း ထိုပန်းချီကားကို ကြည့်ရင်း ခပ်ယဲ့ယဲ့လေး ပြုံးလိုက်တော့၏။ "တကယ်ကောင်းပါတယ်"
ပန်းချီကားကို ကြည့်ပြီးနောက်တွင် နှစ်ယောက်စလုံးသည် စကားစမြည်ပြောရင်း ကျားကွက်ပေါ်တွင် ကျားကျောက်တုံးများကို အဆင်ပြေသလို ချထားလိုက်တော့သည်။ ဝမ်ကျုံ့သည် ယနေ့တွင် အနည်းငယ် စိတ်မပါသလို ဖြစ်နေတော့၏။ ပြိုင်ဘက် ပြောင်းသွားသဖြင့် အနည်းငယ် အသားမကျခြင်းလည်းဖြစ်နိုင်ရာ အမှားနှစ်ကွက်ကို ဆက်တိုက်ချမည်သဖြင့် မင်ဝမ်ကိုတော့ စိတ်ကျေနပ် သွားရစေတော့သည်။
ဒီအချိန်မှာပင် ရေပေါ်ဇရပ် အပြင်ဘက်တွင် စောင့်ကြပ်နေသည့် အိမ်တော်ထိန်းကုန်းကုန်းက ရှေ့သို့တိုးလာကာ လျှောက်တင်လိုက်တော့၏။ "ဝမ်ရယ် ကုန်းဇီ ရောက်လာပါပြီ"
သူ့ပါးစပ်ဖျားတွင် ထွက်လာသည့် ကုန်းဇီဆိုသူမှာ မင်ဝမ်၏မွေးစားသား ပိုင်ရှိုးမင်ဖြစ်သည်မှာ သေချာလှသည်။
"သူ့ကို လာဖို့ခေါ်လိုက်"
"ပိုင်ရှိုးမင်သည် မျက်နှာထားတည်တည်ဖြင့် ရေပေါ် ဇရပ်ဆောင်ထဲသို့ ဝင်ရောက်လာခဲ့၏။ ဝမ်ကျုံ့သည်လည်း ရှိနေသည်ကို မြင်လိုက်ရသောအခါ ပါးစပ်ဖွင့်ကာ နှစ်ဦးလုံးကို နှုတ်ဆက်လိုက်လေတော့သည်။ "ဖုဟွမ်။ လူကြီးမင်းဝမ်"
ဝမ်ကျုံ့က အနည်းငယ် ခေါင်းငြိမ့်ကာ ပြန်နှုတ်ဆက်လိုက်သည်။
"ဘယ်လိုလဲ စုံစမ်းပြီးပြီလား" မင်ဝမ်၏အာရုံသည် ကျားကွက်ပေါ်တွင်သာ ရှိနေဆဲဖြစ်ပြီး အနည်းငယ် စိတ်မပါသလို မေးလာလေသည်။
ပိုင်ရှိုးမင်ကလည်း ပြန်ဖြေလိုက်၏။ "စုန့်မြို့စားကြီးက ကိုယ့်ကိုယ်ကို သတ်သေသွားတာ သေချာပါတယ်။ ဒါပေမဲ့ အဲဒီနေ့က သူ့မွေးနေ့ပါ။ သူက တရားဝင်သား နှစ်ယောက်နှင့်အတူ ထမင်းစားခဲ့တယ်။ အဲဒီအချိန်အတွင်းမှာ သူ့ပုံစံက စိတ်ဓာတ်ကျနေတာ မတွေ့ရပါဘူး။ စကားပြောဆိုတာတွေကလည်း ပုံမှန်အတိုင်းပါပဲ။ ကိုယ့်ဟာကိုယ် သတ်သေမယ့် အကြောင်းအရင်း မရှိပါဘူး"
"ကျွန်တော် သံသယရှိတာကတော့ သူက တစ်ခုခု ပူးကပ်ခံလိုက်ရတာ ဖြစ်နိုင်တယ်"
"အရာရှိတွေကို ပူးကပ်ချင်တိုင်း ပူးကပ်လို့ရတာ လွယ်တာမှတ်လို့။ တကယ်လို့သာ ဒီလောက် လွယ်လွယ်ကူကူ ထိန်းချုပ်ခံရမယ်ဆိုရင် နှစ်တိုင်း နှစ်စမှာ ပူဇော်ပသပွဲကြီး ကျင်းပနေစရာတောင် မလိုတော့ဘူး"
နန်းတွင်းမှူးမတ်များသည် သာ့ရှ၏ တိုင်းပြည်၏ကံကြမ္မာဖြင့် အကာအကွယ်ပေးခြင်း ခံထားရလေသည်။ မိစ္ဆာတစ္ဆေများက အရာရှိများ၏ ကိုယ်ပေါ်တွင် ပူးကပ်လိုပါက တန်ပြန်အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေမည်။ တနည်းအားဖြင့် ဝိညာဉ်များသည် အလွန်အားပျော့ကြသည်တွင် တန်ပြန်အကျိုးသက်ရောက်မှုက ဝိညာဉ်များကို ပြင်းထန်စွာ ထိခိုက်စေပြီး အတူတူပျက်စီးသွားလိမ့်မည်။ ပူးကပ်ရန်ရွေးချယ်မှုသည်က ဉာဏ်ရှိသည့် လုပ်ရပ်တစ်ခုတော့ မဟုတ်ချေ။
"ကျွန်တော် သိပါတယ်။ ဒီကိစ္စကိုဆက်ပြီး စုံစမ်းသွားမှာပါ"
"အင်း" မင်ဝမ်သည် စကားအများကြီး မပြောတော့ချေ။ ပူးကပ်ရန် မလွယ်ကူသော်ငြားလည်း ပိုင်ရှိုးမင်က ထိုသို့ ထုတ်ပြောရဲသည်မှာ အတိုင်းအတာတစ်ခုအထိ သေချာနေသောကြော င့်ဖြစ်နိုင်သည်။ သူကလည်း အလွန်အကျွံ ဝင်ရောက်စွက်ဖက်လိုခြင်း မရှိချေ။
ချက်ချင်းဆိုသလို သူက ထပ်မေးလိုက်တော့သည်။ "စုန့်ရှီးကရော ဘယ်လိုဖြစ်တာလဲ"
"စုန့်ရှီးရဲ့ကိုယ်ထဲမှာ ဆေးဝါးအဆိပ်အတောက်ကို တစ်ခုမှ မတွေ့ရပါဘူး။ သူ့ရဲ့သွေးထဲမှာ ရောနှောနေတဲ့ အရည်က မှင်ရည်ပါ"
"မှင်ရည်က သူ့ကိုယ်ထဲ ဘယ်လိုဝင်သွားတာလဲ"
ပိုင်ရှိုးမင်က ပြောလိုက်၏။ "စုန့်ရှီးရဲ့ နောက်ဆုံးညစာကို စုန့်မြို့စားရဲ့ စာကြည့်ခန်းထဲမှာ စားသောက်ခဲ့တာပါ။ သူက စုန့်မြို့စားနဲ့အတူ သေရည်တစ်အိုး သောက်ခဲ့သေးတယ်။ မှင်ရည်က သေရည်ထဲကို ရောနှောပါဝင်သွားဖို့ ဖြစ်နိုင်ခြေ အများဆုံးပဲ”
"ဒီအမှုက တကယ် ထူးဆန်းတာပဲ။ မှင်ရည်ကို သုံးပြီး အဆင့်၃ ကျင့်ကြံသူတစ်ယောက်ကို သတ်ပစ်လိုက်တယ်။ ဒါကဘယ်လို ရှေးဟောင်း မှင်တုံးကများ အစောင့်နတ် ဖြစ်သွားတာလဲ။ ဒါမှမဟုတ် ..."
"မော့လင်" ပိုင်ရှိုးမင်သည် ဆက်ပြောလိုက်လေတော့သည်။
...