← Chapters

မြို့စားမင်း ကြွရောက်လာပေမယ့် မကြိုဆိုမိလိုက်ဘူး...

Vol. 8 Ch. 74

မြို့စားမင်း ကြွရောက်လာပေမယ့် မကြိုဆိုမိလိုက်ဘူး...

Vol. 8 Ch. 74

မင်ဝမ်သည် ပိုင်ရှိုးမင်ကို တအံ့တဩ လှမ်းကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်လေသည်။ "မင်းက မော့လင်ကို မှတ်မိသေးတာပဲ။ ကြည့်ရတာငယ်ငယ်က ငါ့စာကြည့်ခန်းထဲမှာ ခိုးဖတ်သွားတဲ့ စာအုပ်တွေ အလကားမဖြစ်ဘူးပဲ"

ပိုင်ရှိုးမင်သည် ကူကယ်ရာမဲ့သွားသည့် ရုပ်ကလေး ဖြစ်သွားတော့သည်။ "ဖုဝမ် အရေးကြီးတဲ့ကိစ္စကိုပဲ ပြောရအောင်ပါ"

မင်ဝမ်က လုံးဝဂရုမစိုက်ပဲ ပိုင်ရှိုးမင်ရှေ့တွင်ပင် သူ့ငယ်ဘဝအကြောင်းကို ဝမ်ကျုံ့အား ပြောပြလေသည်။ "သူ့အရင်တုန်းက မင်းသားတွေနဲ့အတူတူ စာဖတ်တဲ့အချိန်တုန်းက မော့လင်တစ်ကောင်ကို အရမ်းလိုချင်ခဲ့တာလေ။ ဝေစုပေးတာနဲ့ မှင်သွေးကျောက်တွေ သွားဝယ်တော့တာပဲ။ တစ်နေ့ တစ်နေ့ မျက်လုံးဖွင့်လိုက်တာနဲ့ တစ်ကောင်လောက် မွေးထားလို့ရပြီး သူ့ကိုယ်စား အိမ်စာတွေလုပ်ပေးဖို့ အမြဲတမ်း မျှော်လင့်နေခဲ့တာ"

ဝမ်ကျုံ့မှာ မနေနိုင်ဘဲ ရယ်မောမိတော့သည်။ ပိုင်ရှိုးမင်တွင်လည်း ဒီလိုကလေးဆန်သည့် အချိန်မျိုးရှိခဲ့လိမ့်မည်ဟု သူသည်အမှန်ပင် ထင်မထားခဲ့မိချေ။

ပိုင်ရှိုးမင် ကတော့ ကောင်းကင်ကို မော့ကြည့်ကာ မကြားသလိုပင် ဟန်ဆောင်နေလိုက်တော့သည်။

"လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက အရှင်မင်းကြီးက ငါ့ကို ပြောသေးတယ် မင်း သူ့ဆီက ရှေးဟောင်းမှင်သွေးကျောက် တစ်ခု ယူသွားပြန်ပြီဆို"

"အဲဒါက အရှင်မင်းကြီး ချီးမြင့်တာပါ" ပိုင်ရှိုးမင်ကတော့ ယုံကြည်ချက် အပြည့်ဖြင့် ပြန်ဖြေလာခဲ့သည်။

"ဪ အရှင်မင်းကြီးက မှင်သွေးကျောက်နဲ့ လူကို ပစ်ပေါက်တဲ့အကျင့် ပျောက်သေးပုံမရဘူး" မင်ဝမ်သည် အရှင်မင်းကြီးနှင့် သားဖြစ်သူ နှစ်ယောက်စလုံးကို ကောင်းစွာ နားလည်ထားပုံ ရလေသည်။

သူက ဆက်ပြောလိုက်၏။ "ငါက ပြောရမယ်ဆိုရင် မင်းက ရှေးဟောင်း မှင်သွေးကျောက်တွေစုပြီး အိမ်တော်မှာ အလှထားမယ့်အစား ဒီမှင်သွေးကျောက်တွေကို ဝမ်ကျုံ့အိမ်ကို ပို့လိုက်တာက ပိုတောင် ကောင်းအုံးမယ်။ တကယ်ကြီးပဲ မွေးလာလို့ ရနိုင်လောက်တယ်"

ဝမ်ကျုံ့သည် ထိုစကားကို ကြားလိုက်ရသည်တွင် အနည်းငယ် အံ့ဩသွားလေတော့သည်။ "ဒီမော့လင်ဆိုတဲ့အရာက တကယ်တော့ ဘယ်လိုပစ္စည်းမျိုးလဲ။ ဘယ်လိုမွေးမြူရတာလဲ"

သူက ဘယ်လိုလုပ်ပြီးတော့ မွေးမြူနိုင်မှာလဲ။ မင်ဝမ်ကလည်း သူ၏သံသယများကို ရှင်းပြလိုက်လေတော့သည်။ "ပြောရမယ်ဆိုရင်တော့ ဒါက ဝိညာဉ်မွေးဖွားလာတဲ့ အရာဝတ္ထုတစ်မျိုးလို့ သတ်မှတ်လို့ရတယ်။ မြင့်မြတ်တဲ့ ပါရမီရှင်တွေက ဝိညာဉ်စွမ်းအင်တွေကို အလွယ်တကူ နှိုးဆွနိုင်တယ်။ အဲဒီဝိညာဉ်မှာ အသိဉာဏ်ရှိလာပြီး လူစကားပြောနိုင်တယ်"

ဝမ်ကျုံ့သည် မော့လင်ကို ချက်ချင်း စိတ်ဝင်စားလာတော့သည်။ "ဒါကတော့ စိတ်ဝင်စားစရာပဲ။ ဒီအတိုင်းဘာမှမရှိပဲနဲ့ အသိဉာဏ်ရှိတဲ့ ဝိညာဉ်အရာဝတ္ထုမျိုးကို မွေးထုတ်နိုင်တယ်တဲ့လား"

"ဒီလောကကြီးထဲမှာ ထူးဆန်းအံ့ဩဖွယ်ရာ ကိစ္စရပ်တွေမျိုးစုံရှိတယ်။ မော့လင်တွေက မွေးရာပါအသိဉာဏ်ရှိတာက ဝိညာဉ်နှိုးဆွတဲ့သူနဲ့ သက်ဆိုင်တယ်။ ဒါပေမဲ့စိ တ်မကောင်းစရာက ဝိညာဉ်နှိုးဆွနိုင်တဲ့သူက အရမ်းကိုနည်းပြီး မော့လင်အကြောင်း ဖော်ပြချက်တွေလည်း နည်းနည်းပဲရှိတယ်"

ထိုနောက်တွင်တော့ မင်ဝမ်က ဆက်ပြောလိုက်၏။ "လက်ရှိ မှတ်တမ်းတွေထဲမှာ မော့လင်တွေ အားလုံးက မှင်သွေးကျောက်ကို မှီခိုပြီးမှ ဖြစ်တည်လာကြတာ။ ဒါပေမဲ့ သူတို့ရဲ့ ပင်မခန္ဓာကိုယ်ကတော့ မှင်ရည်ပဲ။ တစ်ခုရှိတာက မော့လင်တွေက အသိဉာဏ် ထူးကဲပေမယ့် သူတို့မှာအစွမ်းထက်တဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားတယ်လို့တော့ တစ်ခါမှ မကြားဖူးဘူး"

ပိုင်ရှိုးမင်ကလည်း ပြောလိုက်လေသည်။ "ဒါကြောင့် တကယ်ကို အကြီးမားဆုံး သံသယဖြစ်စရာအချက်ပဲ။ ဒါပေမဲ့ ကျွန်တော်ကတော့ မော့လင်က ပြင်ပအကူအညီက ရရှိသွားပြီး သူ့စွမ်းအားမဟုတ်တဲ့ တခြားစွမ်းအားကို ပိုင်ဆိုင်သွားတာမျိုး ဖြစ်နိုင်တယ်လို့ စဉ်းစားမိတယ်"

"တကယ်လို့တခြား မိစ္ဆာတွေကသာ စုန့်ရှီးဆီကို ကပ်လာမယ်ဆိုရင် ဝမ်းထဲကို မျိုချဖို့ မပြောနဲ့။ အလွယ်တကူ ရှာမတွေ့ဖို့ဘဲ နေဖို့တောင် ခက်ခဲလိမ့်မယ်။ မော့လင်တစ်ခုတည်းကပဲ သူကိုယ်တိုင် တမင်တကာ မဖော်ထုတ်ရင် ဘယ်သူကမှ သတိပြုမိမှာ မဟုတ်ဘူး ထင်တယ်"

မင်းဝမ်က ခေါင်းငြိမ့်လိုက်လေသည်။ "ကြည့်ရတာ မင်းမှာသဲလွန်စ ရထားပြီနဲ့ တူတယ်"

"သဲလွန်စတော့ မဟုတ်ပါဘူး။ စုန့်မြို့စားရဲ့မွေးနေ့တုန်းက သူ့မိန်းမရဲ့မောင်က ထင်းရှူးပင် ပန်းချီကားတစ်ချပ် ယူလာပေးခဲ့တယ်။ ဒီပန်းချီကားပေါ်မှာ ကျန်နေတဲ့စွမ်းအင်တချို့ ကပ်ငြိနေပြီး ကျွန်တော်သိထားတဲ့ စွမ်းအားတွေနဲ့ သိပ်မတူဘူး" ပိုင်ရှိုးမင်က ခဏလောက် စဉ်းစားလိုက်ပြီးမှ ဆက်ပြောလာခဲ့သည်။ "သာမန်လူတွေကြားထဲက အမွှေးတိုင် ပူဇော်ပသခြင်းကနေ ရလာတဲ့စွမ်းအားနဲ့ နည်းနည်းလေး ဆင်တူသလို ခံစားရတယ်"

"အမွှေးတိုင်ပူဇော်တာ ဟုတ်လား"

မင်ဝမ်သည် တစ်ခုခု တွေးမိသွားသည့်နှယ် အတွေးနစ်သွားလေတော့သည်။

"ဖုဝမ် ဒီစွမ်းအားကို သိလား" ပိုင်ရှိုးမင်က မေးလိုက်၏။

"ကြားဖူးရုံသက်သက်ပါ။ ဝူ(စုန်း)မျိုးနွယ်တွေကြီးစိုးတုန်းက ဒီနည်းလမ်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြတယ်။ ဒါပေမဲ့ သူတို့က ဘိုးဘေးတွေကိုပဲ ပူဇော်ပသကြတာ။ အန္တရာယ်နဲ့ကြုံလာရင် ဘိုးဘေးတွေရဲ့ အကာအကွယ်ကို တောင်းခံနိုင်တယ်။ တကယ်ပဲ ဘိုးဘေးတွေ ရှိ မရှိတော့ မသိပေမယ့် အစွမ်းကတော့ တကယ်ရှိတယ်"

"အရင်ကမိစ္ဆာတွေက ဒီနည်းလမ်းကို အတုခိုးဖို့ ကြိုးစားခဲ့ဖူးတယ်။ လူသားတွေကို လှည့်စားပြီး သူတို့ကို အမွှေးတိုင်ပူဇော်ခိုင်းခဲ့တာ။ ဒါပေမဲ့ ရလာတဲ့စွမ်းအားကတော့ အကန့်အသတ်ဖြစ်နေတယ်။ နောက်ပိုင်း သာမန်လူတွေကြားထဲမှာ အမွှေးတိုင် ပူဇော်ပသတာကနေပဲ ဆင်းသက်လာခဲ့တာ"

"ဒါပေမဲ့ ဝူမျိုးနွယ်က မျိုးတုံးသွားပြီ မဟုတ်ဘူးလား။ ဒီနည်းလမ်းကို သုံးနိုင်တဲ့သူ ရှိသေးလို့လား" ပိုင်ရှိုးမင်သည် ကြီးကြပ်ရေးမှူး ပြောခဲ့သည့် ဝူမျိုးနွယ်နှင့်ပတ်သက်ပြီး အကြောင်းအရာများကို မှတ်မိနေသေးသည်။

"ကြီးကြပ်ရေးမှူးက မင်းကိုပြောတာလား"

ပိုင်ရှိုးမင်က ပြန်မေးလိုက်သည်။ "ကြီးကြပ်ရေးမှူးပြောတာ မှားနေလို့လား"

"မှန်ပါတယ်။ ဒါပေမဲ့သူက သာ့ရှရဲ့ အပြင်ဘက်ကိုတောင် တစ်ခါမှမထွက်ဖူးတာ။ သူ သိတာကလည်း ပြန်ကြားရတဲ့ သတင်းတွေပဲလေ"

"ဒါဆိုရင် ဝူမျိုးနွယ်က ရှိနေသေးတာလား"

"အင်း သွေးသားမျိုးဆက်တွေတော့ ကျန်ရှိနေသင့်ပါတယ်" မင်ဝမ်သည် အလွန်တိကျသည့် လေသံဖြင့် ပြန်ပြောလိုက်လေသည်။ "တကယ်လို့ အဲဒီမော့လင်က ဝူမျိုးနွယ်ရဲ့ အကူအညီကို တိုက်တိုက်ဆိုင်ဆိုင် ရရှိခဲ့တယ်ဆိုရင် မင်းရဲ့ခန့်မှန်းချက်က အမှန်တကယ် ဖြစ်မလာနိုင်စရာ အကြောင်းမရှိဘူး။ ဒီသဲလွန်စအတိုင်း ဆက်ပြီးစုံစမ်းကြည့်လို့ရတယ်"

ပိုင်ရှိုးမင်က ခေါင်းငြိမ့်ပြလိုက်ကာ "အခုလောလောဆယ်တော့ ပန်းချီရောင်းတဲ့သူက တော်တော်လေး သံသယဖြစ်စရာ ကောင်းနေတယ်။ ကံဆိုးချင်တော့ စွန်းပေါ်အန်းကလည်း အဲဒီလူရဲ့နာမည်နဲ့ နေရပ်လိပ်စာကို မသိဘူး"

ခဏလောက် ရပ်တန့်လိုက်ပြီးမှ သူက ထပ်ပြောလိုက်လေသည်။ "လူကို ရှာတွေ့ခဲ့ရင်တောင် အသုံးဝင်တော့မှာမဟုတ်မှာ စိုးရိမ်မိတယ်"

မင်ဝမ်သည် သူပြောချင်သည့် စကားကို နားလည်ပြီး သက်ပြင်းချလိုက်လေသည်။ "ငှားလာတဲ့ စွမ်းအားက ပျောက်ကွယ်သွားတတ်တယ်။ စုန့်ရှီးကို သတ်နိုင်ခဲ့ပြီး မှင်ရည်တွေ အများကြီး ကျန်ခဲ့တယ်ဆိုတော့ တကယ်လို့ မော့လင်သာ ဖြစ်ခဲ့မယ်ဆိုရင် စုန့်ရှီးနဲ့အတူ တစ်ခါတည်း သေဆုံးသွားတဲ့သူ ဖြစ်နိုင်ခြေ အရမ်းများတယ်။ ပန်းချီရောင်းတဲ့သူက ဘာမှမသိတာလား။ ဒါမှမဟုတ် အသုံးချခံရတာလား ဆိုတာကိုတော့ ပြောဖို့ခက်တယ်"

ဝမ်ကျုံ့သည် သားအဖနှစ်ယောက် ပြောနေသည့် စကားကို အချိန်အကြာကြီး နားထောင်လာခဲ့ပြီးနောက် သူ့စိတ်ထဲက သံသယများကို ဖွင့်ပေးလိုက်တော့သည်။ "မော့လင်က ဝိညာဉ်တစ်ကောင်ဆိုမှတော့ သူက ဘာဖြစ်လို့ စုန့်မြို့စားသားအဖကို သတ်တာလဲ"

"မေးခွန်းကောင်းပဲ။ ငါလည်းသိချင်နေတာ။ မင်းကရော မော့လင်ရဲ့ လက်ချက်ဖြစ်မယ်လို့ ဘာဖြစ်လို့ သံသယဝင်နေတာလဲ" မင်ဝမ်နှင့် ဝမ်ကျုံ့တို့သည် ပိုင်ရှိုးမင်ကို တပြိုင်နက်တည်း လှည့်ကြည့်လိုက်လေသည်။

ပိုင်ရှိုးမင်က ပြောလိုက်၏။ "ကျွန်တော် လူလွှတ်ပြီး ထန်မင်ကို သွားရှာခိုင်းခဲ့တယ်။ သူက စုန့်မြို့စားရဲ့ တရားဝင်သားဖြစ်သူအတွက် တိုင်ကြားစည်တော်ကို တီးခဲ့တဲ့အတန်းဖော် သူငယ်ချင်းပဲ။ သူ့ဆီကနေ စုန့်ယွိ အရင်ကရေးထားခဲ့တဲ့ စာပေတွေကဗျာတွေကို ယူလာခဲ့ပြီး ဟန်လင်းကျောင်းတော်က လူကြီးမင်းအနည်းငယ်ကို ကူညီပြီးတော့ ကြည့်ရှုခိုင်းခဲ့တယ်။

"ရေးထားတာကောင်းရဲ့လား" မင်ဝမ်ကလည်း သိချင်စိတ် ဖြစ်သွားတော့သည်။

"ကောင်းတယ်ဆိုတာ ထက်တောင်မှ ပိုပါသေးတယ်" ပိုင်ရှိုးမင်က ပြောလိုက်သည်။ "အဲဒီလူကြီးမင်းတွေရဲ့ သုံးသပ်ချက်က တညီတညွတ်တည်းပဲ။ စာပေအဆင့်အတန်းက ထူးကဲမြင့်မားပြီး အကြောင်းအရာကလည်း ပြည့်စုံတယ်။ ဒီလိုအဆင့်အတန်းနဲ့ဆိုရင် သူ စာမေးပွဲဝင်ဖြေဖို့ လုံလောက်နေပြီ။ ထန်မင် ပြောတာကတော့ ဒါတွေက စုန့်ယွိ လွန်ခဲ့တဲ့လေးနှစ်တုန်းက ရေးခဲ့တဲ့စာတွေချည်းပဲတဲ့။ ထန်မင်ရဲ့ အရည်အချင်းကလည်း မဆိုးပါဘူး။ စုန့်ယွိ အကြောင်း ထည့်ပြောလိုက်တိုင်း သူ့စကားလုံးတွေထဲမှာ စုန့်ယွိကို အရမ်းလေးစား ချီးကျူးတာ တွေ့ရတယ်"

မင်းပြောချင်တာက စုန့်ယွိရဲ့ အရည်အချင်းနဲ့ မော့လင်ကို နိုးထနိုင်ခဲ့တယ်ပေါ့။ ဒါဆိုရင် အဲဒီမော့လင်က စုန့်ယွိ အတွက် လက်စားပြန်ချေ ပေးတာလား။

ပိုင်ရှိုးမင်က.ခေါင်းငြိမ့်ပြလိုက်သည်။ "အရင်ဆုံး ဝတ္ထုဇာတ်လမ်းရဲ့ အကြောင်းအရာကို အသုံးချပြီး စုန့်မြို့စားအိမ်တော်ရဲ့ ကလေးချင်း လဲလှယ်တဲ့ကိစ္စကို ဖော်ထုတ်ခဲ့တယ်။ ပြီးတော့ ကျန်းပေမြို့စားကို ဒီကိစ္စလိုက်လံစုံစမ်းဖို့ လူလွတ်အောင် ဆွဲဆောင်နိုင်ခဲ့တယ်။ ဒီအခွင့်အရေးကို အသုံးချပြီး ဒုက္ခတွင်းထဲကို တွန်းချခဲ့တယ်။ စုန့်ရှီးကို ရှီးလင်ကနေ မြို့တော်ကို ပြန်လာခိုင်းခဲ့တယ်။ ကျွန်တော့်ထင်တာကတော့ စုန့်မြို့စားသားအဖ သေဆုံးမှုက အရင်က ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေနဲ့ လုံးဝကင်းရှင်းမှာ မဟုတ်လောက်ဘူး"

“ခဏလေး။ မင်း ကျန်းပေမြို့စား အိမ်တော်ကို သွားခဲ့တာလား" မင်ဝမ်သည် အဓိကအချက်ကို ရုတ်တရက် ဖမ်းဆုပ်မိလိုက်လေသည်။ ကျန်းပေမြို့စား၏ စိတ်နေစိတ်ထားအရဆိုလျှင် ပိုင်ရှိုးမင်သာ အိမ်တိုင်ရာရောက် သွားရောက်မေးမြန်းရဲခဲ့လျှင် သူ့ကိုလက်ပါမည့် စိတ်ဆန္ဒကို ထိန်းချုပ်ထားဖို့ရန် ခက်ခဲနိုင်လောက်ပေသည်။

"မသွားပါဘူး။ ကျန်းပေမြို့စားဘေးမှာရှိတဲ့ လေထုံ ဆိုတဲ့ ကိုယ်ရံတော်ကို ဖမ်းလိုက်ရုံပါပဲ။ သူက အခြေအနေကို နားလည်တတ်တာပဲလေ" ပိုင်ရှိုးမင်၏လေသံသည် တည်ငြိမ်အေးဆေးနေပြီး သူ့လုပ်ရပ်များက ဘာပြဿနာမှ ပြဿနာတစ်ခုခု ရှိသည်ဟုပင် မယူဆချေ။

"လူဖမ်းတဲ့ အကြောင်းပြချက်ကရော" မင်ဝမ်သည် ယနေ့ လူကို ဖမ်းဆီးလိုက်ပြီး မနက်ဖြန် ဧကရာဇ်၏ စားပွဲတော်ပေါ်တွင် ပိုင်ရှိုးမင်ကို ပြစ်တင်ရှုံ့ချသည့် လျှောက်တင်လွှာများ ပြည့်နှက်နေမှာကို အမှန်တကယ် စိုးရိမ်မိတော့သည်။

သူ၏ ဒီသားရတနာသည် အရာရာကောင်းမွန်သော်ငြား လုပ်ကိုင်ဆောင်ရွက်ရာတွင် အသေးအဖွဲ့ကိစ္စရပ်များကို လိုက်နာစောင့်စည်းမှု လုံးဝမရှိတတ်ပေ။ မင်ဝမ်သည် တစ်နေ့နေ့တွင် ပိုင်ရှိုးမင်က ပြဿနာအကြီးကြီးတစ်ခုကို မွှေနှောက်လိမ့်မည်ဟု အမြဲတစေ ခံစားနေရလေသည်။

မင်ဝမ်၏မျက်ခုံးများက ထောင်မတ်သွားသည်ကို မြင်လိုက်ရသည်တွင် ပိုင်ရှိုးမင်းကလည်း မတတ်သာတော့ဘဲ စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြရလေတော့၏။ "မင်ကျင့်စီးရဲ့တပ်မှူး ကျန်းချန်ကို လာဘ်ထိုးပြီး မင်ကျင့်စီးရဲ့ လျို့ဝှက်ချက်တွေကို ထောက်လှမ်းဖို့ ကြံစည်ခဲ့တယ်"

"သက်သေရှိလို့လား"

"ရှိပါတယ်" အစောပိုင်းက ချန်ဟွေ့၏ သတင်းပေါက်ကြားစဉ် ကတည်းက ပိုင်ရှိုးမင်သည် လေထုံကို နောက် ယောင်ခံလိုက်ခဲ့ပြီးသား ဖြစ်လေသည်။

သို့သော်ငြား ထိုနောက်ပိုင်းတွင်တော့ ကျန်းပေမြို့စားက ယခင်မင်းကြီးအမိန့်ဖြင့် အိမ်တော်အတွင်း အကျယ်ချုပ် ကျခံနေရသည်တွင် သူသည် ကျန်းပေမြို့စား၏ ကိုယ်ရံတော်ကို ဆက်လက်အရေးယူရန် မလိုအပ်တော့ဘဲ အပြတ်ရှင်းလိုက်သည် ဟူသည့် နာမည်ဆိုးကို မလိုချင်ခဲ့ခြင်းပင်။

ယခုသုံးလ ပြည့်တော့မည်ဖြစ်ကာ အချိန်ကလည်း ကွက်တိ ဖြစ်လာခဲ့သည်။

မင်ဝမ်သည် စိတ်အေးသွားကာ ပြောလိုက်တော့၏။ "ဒါဆိုရင် ဆက်ပြောပါအုံး"

ပိုင်ရှိုးမင်ကလည်း ဆက်ပြောလိုက်၏။ "လေထုံ ပြောတာကတော့ စုန့်ယွိနဲ့ ပတ်သတ်တဲ့သတင်းကို လူတစ်ယောက်က ကျန်းပေမြို့စား အိမ်တော်ကို တကူးတက ပို့ပေးခဲ့တာတဲ့။ ဒါပေမဲ့ သူတို့က သတင်းပို့တဲ့သူကို ရှာမတွေ့ခဲ့ဘူး။ တစ်ဖက်လူက အရာအားလုံးကို အစောကြီးကတည်းက စီစဉ်ထားခဲ့ပြီးသား ဖြစ်ပုံရတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ စုန့်မြို့စားအိမ်တော်က တစ်ယောက်ယောက်က အပြစ်ကို ကိုယ့်ဟာကိုယ် ခံယူသွားလိမ့်မယ်လို့ ထင်မထားခဲ့မိတာပဲ"

"သိမ်မွေ့တဲ့နည်းလမ်းတွေက အသုံးမဝင်တော့ နောက်ဆုံးမှ လူသတ်တဲ့ နည်းလမ်းကိုပဲ ရွေးချယ်ခဲ့တာ။ ဒါကလည်း ကျိုးကြောင်းဆီလျော်မှုတော့ ရှိပါတယ်" မင်ဝမ်က ဝမ်ကျုံ့ကို လှမ်းကြည့်လိုက်လေသည်။ "ခင်ဗျားရော ဘယ်လိုထင်လဲ"

ဝမ်ကျုံ့က ပြောလာသည်။ "ပိုင်လူကြီးမင်းရဲ့ ခန့်မှန်းချက်က ကျိုးကြောင်းဆီလျော်ပြီး အထောက်အထားလဲ ခိုင်မာတယ်။ ဒါပေမဲ့ စုန့်မြို့စားကိုတောင် သတ်ပစ်ခဲ့မှာတော့ ကလေးလဲခဲ့တဲ့ စုန့်ချန်လျန်ကို ဘာဖြစ်လို့ အသက်ချမ်းသာပေးခဲ့တာလဲ"

"ဒါကိုတော့ ကျုပ် သိတယ်" မင်ဝမ်သည် အရှင်မင်းကြီးထံ သွားရောက်တွေ့ဆုံစဉ်က လျှောက်တင်လွှာကို သတိရသွားပြီး ပြောပြလိုက်တော့သည်။ "ဒီနေ့ အရှင်မင်းကြီးက စုန့်မြို့စားမသေဆုံးမီ တင်သွင်းခဲ့တဲ့ လျှောက်တင်လွှာကို ဖတ်ရှုခဲ့တယ်။ အထဲမှာ ကလေးလဲခဲ့တဲ့သူက သူကိုယ်တိုင်ဖြစ်ကြောင်း ဝန်ခံထားပြီး စုန့်ချန်လျန်က ကိုယ်စားတရားခံ တစ်ယောက်ပဲ။ ကျုပ် ခန့်မှန်းမိသလောက်တော့ အဲဒီလျှောက်တင်လွှာကလည်း စုန့်မြို့စားကိုယ်တိုင် ရေးထားတာ မဟုတ်လောက်ဘူး။ ရည်ရွယ်ချက်က အရှင်မင်းကြီးကို အမျက်ထွက်စေပြီး စုန့်မြို့စားအိမ်တော်ကိုပါ ပတ်သက်စေမယ့် ရည်ရွယ်ချက်ကို အောင်မြင်စေဖို့ပဲ ဖြစ်လိမ့်မယ်"

"ကိုယ်တိုင်ရေးထားတာ မဟုတ်လေလေ အမှန်တရားဖြစ်နိုင်ခြေ ပိုများလေလေပဲ။ တကယ်လို့မော့လင်က ဝမ်ရယ် ပြောသလို တကယ် ဉာဏ်ကောင်းတယ် ဆိုရင် အပြစ်မဲ့တဲ့သူတွေကို ပရမ်းပတာတော့ လျှောက်သတ်မှာတော့ မဟုတ်ဘူး။ ဒီလိုကြည့်ရရင်တော့ စုန့်မြို့စားကို ပူးကပ်ခဲ့တဲ့ကိစ္စက ဖြစ်နိုင်ခြေ အရမ်းများသွားပြီ။ သာမန်မိစ္ဆာတွေကတော့ လျှောက်တင်လွှာကို ရေးနိုင်လောက်မှာ မဟုတ်ကြဘူး" ဝမ်ကျုံ့၏ သုံးသပ်ချက်ရှုထောင့်သည် သူတို့နှင့် မတူညီသော်ငြားလည်း အလွန် ကျိုးကြောင်းဆီလျော်လေသည်။

"အမှန်ပဲ" မင်ဝမ်သည် သက်ပြင်းချလိုက်ကာ ကောင်းခါလိုက်လေသည်။ "တကယ်လို့ မော့လင်ကသာ သတ်ခဲ့တာဆိုရင်တော့ သူတို့သေတာ မတရားဘူးလို့ မဆိုနိုင်တော့ဘူး။ စုန့်ယွိ အတွက်ပဲ ဝမ်းနည်းစရာ ကောင်းတယ်။ ဒီလောက် အရည်အချင်းရှိရဲ့သားနဲ့ ထုတ်ဖော်အသုံးချခွင့် မရလိုက်ဘူး"

ဝမ်ကျုံ့သည်လည်း ထိုစကားကို ကြားလိုက်ရချိန်တွင် ငြိမ်သက်သွားလေတော့သည်။

ထိုနေ့က ညီလာခံအတွင်းတွင် အရှင်မင်းကြီးက ကိုယ်တိုင်အမှုစစ်ဆေးစဉ်တွင် သူသည် ဒီကိစ္စကို အမှန်တကယ် သိပ်ဂရုမစိုက်ခဲ့ချေ။

ဂုဏ်သရေရှိ မိသားစုကြီးများ၏ ညစ်ပတ်လှသည့် အရှုပ်တော်ပုံများကို သူ ကြားဖူးခဲ့သည်မှာလည်း မနည်းလှပေ။ အကယ်၍ တစ်စုံတစ်ယောက်က တိုင်ကြားစည်တော်ကို မထုခဲ့လျှင် အစေခံမယားငယ်က မွေးသည့်သားဖြင့် တရားဝင်သားကို လဲလှယ်ခဲ့သည့်ကိစ္စ မပေါ်ခဲ့လျှင် ဒီအဖြစ်အပျက်သည် ထူးထူးခြားခြား စိတ်ဝင်စားဖွယ်ရာ ကောင်းသည်ဟုပင် သတ်မှတ်၍ မရပေ။

သို့သော်ငြား ယခုအချိန် ပြန်လည်ကြားသိရသည်တွင် မတူညီသည့် ခံစားချက်များ ဖြစ်ပေါ်လာစေတော့သည်။

ဝမ်ကျုံ့က အသက်ပြင်းပြင်း ရှူသွင်းကာ ပြောလိုက်လေသည်။ "တကယ်လို့ စုန့်မြို့စားက စုန့်ယွိကို အခွင့်အရေး နည်းနည်းလောက် ပေးခဲ့ပြီး သူ့ကို တော်ဝင်စာမေးပွဲဖြေခွင့် ပေးခဲ့မယ်ဆိုရင် သူ့ရဲ့အရည်အချင်းတွေကို သိရှိသွားလောက်တယ်။ ဒီနေ့ ဒီလို အဆုံးသတ်မျိုးလည်း ကြုံတွေ့ရမှာ မဟုတ်လောက်ဘူး"

မင်ဝမ်ကတော့ သရော်ကာ ရယ်မောလိုက်တော့သည်။ "စုန့်မြို့စားက သူ့အဖေကို အတုခိုးချင်ခဲ့တာ။ ဒါပေမဲ့ သူ့အဖေရဲ့ ရန်သူတွေကို ရှင်းလင်းတဲ့ နည်းလမ်းကိုပဲ သင်ယူတတ်မြောက်ခဲ့ပြီး အဲဒါတွေ အားလုံးကိုလည်း သူ့ရဲ့သွေးသားရင်းချာ သားဖြစ်သူအပေါ်မှာပဲ သုံးသွားခဲ့တယ်။ သူတို့အိမ်တော်မှာ ညီအကိုချင်း သတ်ဖြတ်တဲ့ကိစ္စ ဖြစ်ပွားတာလည်း မဆန်းပါဘူး။ စုန့်မြို့စားလိုလူမျိုးက စုန့်ရှီး လိုသားမျိုး မွေးထုတ်နိုင်တာ တကယ်တော့ နည်းနည်းလေးမှ မထူးဆန်းဘူး"

စုန့်မြို့စားကြီးတွင် ငယ်ငယ်ရွယ်ရွယ်နှင့် အဆင့်သုံးကျင့်ကြံသူ သားတစ်ယောက်ရှိသည်ကို အားကျကြသော်ငြားလည်း မင်ဝမ်၏ အမြင်တွင်တော့ ထိုအရာသည် အရေးပါလှသည့် ကိစ္စတစ်ခု မဟုတ်ချေ။

ကျင့်ကြံမှုအဆင့်ထက် စာရိတ္တကောင်းမွန်ဖို့ကသာ အရေးအကြီးဆုံး ဖြစ်လေသည်။

လူနှစ်ယောက် ပြောဆိုနေကြသည်တွင် ပိုင်ရှိုးမင်ကတော့ဘေးမှ နားထောင်ကာ ဝင်ရောက် ပြောဆိုခြင်းမပြုလိုက်ပေ။

စကားပြီးဆုံးသွားသည့် အချိန်မှ မင်ဝမ်က ပိုင်ရှိုးမင်ကို ပြောလိုက်၏။ "အရှင်မင်းကြီးက သူတို့နှစ်ယောက်ရဲ့ သေဆုံးရတဲ့ အကြောင်းအရင်းကို သိချင်လို့ စိတ်စောနေတယ်။ အသုံးဝင်တဲ့ သက်သေတချို့ကို အမြန်ဆုံးရှာဖွေပြီး အရှင်မင်းကြီးကို ပြန်လျှောက်တင်လိုက်ဦး"

ဝမ်ကျုံ့ရှိနေသေးသဖြင့် မင်ဝမ်သည် အလွန်ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ခြင်း မရှိသော်ငြား ပိုင်ရှိုးမင်ကတော့ သူပြောချင်သည့် စကားကို နားလည်သဘောပေါက် သွားလေသည်။

အရှင်မင်းကြီးသည် စုန့်မြို့စားကြီးကို သတ်ခဲ့သည့် လူသတ်သမားကို စိတ်ဝင်စားနေခြင်း မဟုတ်ပေ။ သို့သော်ငြား သူ သိရှိရန် လိုအပ်သည့်အရာမှာ စုန့်မြို့စားနှင့် စုန့်ရှီး တို့၏သေဆုံးမှုသည် ပိုမိုနက်ရှိုင်းသည့် ပူးပေါင်းကြံစည်မှုများနှင့် ပတ်သက်ဆက်နွယ်နေခြင်း ရှိမရှိကိုပင်။

"ဟုတ်ကဲ့ပါ"

ဝမ်ကျုံ့သည် မင်ဝမ်၏အိမ်တွင် ညနေပိုင်းအထိ နေထိုင်ခဲ့ပြီး အိမ်တော်က မြင်းလှည်းကို စီးနင်းကာ သူ၏ ကိုယ်ပိုင်အိမ်တော်သို့ ပြန်သွားလေတော့သည်။

အိမ်တံခါးဝတွင် ကျက်သရေရှိလှသည့် ကိုယ်ဟန်ပိုင်ဆိုင်ထားသည့် အိမ်တော်ထိန်းကြီးက အချိန်အတော်ကြာကတည်းက စောင့်ဆိုင်းနေခဲ့ပြီး ဖြစ်၏။ သူသည် မြင်းလှည်းပေါ်က ဆင်းလာသည်ကို မြင်လိုက်သည်တွင် အလျင်အမြန် ရှေ့သို့တက်လာကာ ကြိုဆိုလိုက်တော့သည်။ "သခင်လေး စောစော ပြန်လာမယ်လို့ ပြောထားတယ် မဟုတ်လား။ ဘာဖြစ်လို့ဒီလောက် နောက်ကျမှ ပြန်လာရတာလဲ"

အိမ်တော်က အိမ်တော်ထိန်းကြီးသည် ဝမ်ကျုံ့က သူ၏မွေးရပ်မြေမှ ခေါ်ဆောင်လာခဲ့သူဖြစ်ပြီး ငယ်စဉ်ကတည်းက သူ့ကိုစောင့်ရှောက်ခဲ့သူ ဖြစ်လေသည်။ ယခုအခါ ဝမ်ကျုံ့သည် အဆင့်၃အမတ်ကြီး ဖြစ်နေပြီဖြစ်သော်ငြား သူ့ကိုသခင်လေးဟုပင် ခေါ်ဝေါ်နေဆဲပင်။

ဝမ်ကျုံ့ကလည်း စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလိုက်၏။ "ဝမ်ရယ်နဲ့ စကားစမြည်ပြောရင်း အချိန် မေ့သွားလို့ပါ"

သူသည် အိမ်တော်ထိန်းကြီးနှင့်အတူ အိမ်တော်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး အိမ်တော်ထိန်းကြီးက သူ့လက်ထဲတွင် ကိုင်ထားသည့် ပန်းချီလိပ်ကို မြင်တွေ့လိုက်ရကာ မေးလာခဲ့လေသည်။ "ဒါက ဝမ်ရယ်က သခင်လေးကို လက်ဆောင်ပေးလိုက်တဲ့ ပန်းချီကားလား"

ဝမ်ကျုံ့သည် လက်ထဲက ပန်းချီကားလိပ်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းခါကာ ပြန်ဖြေလိုက်၏။ "ဒါက ကျွန်တော့်ရဲ့ မိတ်ဆွေငယ်လေးတစ်ယောက် ပေးခဲ့တဲ့လက်ဆောင်ပါ"

အိမ်တော်ထိန်းကြီး၏ မျက်လုံးများမှာ အရောင်လက်သွားလေတော့၏။ သူ၏သခင်လေးသည် မကြာသေးခင်က စိတ်ဝင်စားစရာကောင်းသည့် မိတ်ဆွေငယ်လေးတစ်ဦးနှင့် တွေ့ဆုံခဲ့ကြောင်း ပြောပြခဲ့ဖူးလေသည်။ သူသည် ပန်းချီကား ပေးပို့သူကို ချက်ချင်းခန့်မှန်းမိလိုက်ပြီး မြန်မြန်ဆန်ဆန်ပင် ပြောလိုက်လေတော့သည်။ "သခင်လေးနဲ့ မကြာခဏ စစ်တုရင် ထိုးတတ်တဲ့ အဲဒီမိတ်ဆွေငယ်လေးလား"

"အင်း"

"သခင်လေးကသာ လူတစ်ယောက်နဲ့ ရိုးရိုးသားသား ပေါင်းသင်းဆက်ဆံ ချင်တယ်ဆိုရင် အိမ်တော်ကိုဖိတ်ခေါ်ပြီးတော့ ဧည့်ခံလို့ရပါတယ်" အိမ်တော်ထိန်းကြီးက တတွတ်တွတ် ပြောဆိုလာခဲ့၏။ "သခင်လေးရဲ့အမြင်မှာ တော်တယ်လို့ သတ်မှတ်ခံရတဲ့သူက စာရိတ္တ မကောင်းဘဲနေမှာ မဟုတ်ဘူး။ သခင်လေးရဲ့ ဂုဏ်ပုဒ်ကို သိသွားတော့ရော ဘာဖြစ်လဲ။ မြို့တော်ကို ရောက်လာကတည်းက သခင်လေးက လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာကို မကြိုက်တော့ဘူး။ မင်ဝမ်တစ်ယောက်တည်း ရှိနေရုံနဲ့တော့ ဘယ်ဖြစ်ပါ့မလဲ"

ဝမ်ကျုံ့သည် အိမ်တော်ထိန်းကြီး စကားပြောပြီးသည့်အထိ နားထောင်လိုက်ပြီးမှ ပြန်ပြောလိုက်၏။ "အခွင့်အရေး မရှိလောက်ဘူး ထင်တယ်။ သူ ... မြို့တော်မှာ မရှိတော့ဘူး"

"မြို့တော်မှာမရှိတော့ဘူး။ ဒါဆိုရင်မွေးရပ်မြေကို ပြန်သွားတာလား" အိမ်တော်ထိန်းကြီးသည် ဝမ်ကျုံး၏မျက်နှာပေါ်က ဝမ်းနည်းသည့်အမူအရာကို လှမ်းကြည့်လိုက်ပြီး နားလည်သဘောပေါက် သွားလေတော့သည်။

သို့သော်ငြား သူ့မှာမနေနိုင်ဘဲ အားပေးစကားပြောရသေးသည်။ "အဲဒီမိတ်ဆွေငယ်လေးက မထွက်ခွာခင်မှာတောင် သခင်လေးကို လက်ဆောင်ပေးဖို့မမေးခဲ့ဘူး။ စိတ်ထဲမှာ သခင်လေးကို သတိတရ ရှိနေမှာသေချာတယ်။ နောက်ပိုင်း သခင်လေးတို့နှစ်ယောက် ပြန်တွေ့ကြဦးမှာပါ"

ဝမ်ကျုံ့သည် နှုတ်ဆိတ်ကာသာနေပြီး ပြန်မဖြေလိုက်ပေ။

ပြန်မတွေ့မှာ မဟုတ်မှာကိုပဲ စိုးရိမ်နေမိတယ်။

တကယ်လို့ ဒီနေ့ သူ့ကို လုံးဝမမှတ်မိတော့တဲ့ စုန့်ယန့်ကို မမျှော်လင့်ဘဲ မတွေ့ခဲ့ရရင်၊ မင်ဝမ်နဲ့ ပိုင်ရှိုးမင်တို့ရဲ့စကားကို မကြားခဲ့ရဘူးဆိုရင် သူလည်း သူဌေးရွှီလိုပဲ မိန်းကလေးကျိရဲ့စကားကိုယုံပြီး စုန့်ယန့်က မြို့တော်မှာ မနေချင်တော့လို့ တိတ်တိတ်လေး မွေးရပ်မြေကို ပြန်သွားတယ်လို့ပဲ ထင်မိနေမှာ။ နောင်တစ်ချိန်မှာ စုန့်ယန့်ကို ပြန်သတိရတဲ့အခါ စိတ်ထဲမှာသူ့ကို ကိုယ်တိုင်နှုတ်ဆက်ပြီး မထွက်လိုက်ရလို့ နည်းနည်းလောက် ဝမ်းနည်းမိရုံပဲရှိမှာ။

ဒါပေမဲ့ အခုကျတော့ သံသယပေါင်းစုံက စိတ်ထဲမှာပေါ်လာနေမှတော့ သူက ဘယ်လိုလုပ်ပြီး ယုံကြည်နိုင်တော့မှာလဲ။

အရည်အချင်းတွေ အပြည့်ရှိရဲ့သားနဲ့ ထုတ်ဖော်ခွင့်မရဘဲ ဝမ်းနည်းစရာကောင်းလောက်အောင် သေဆုံးသွားခဲ့တဲ့ စုန့်ယွိ။ နောက်ပြီး စုန့်ယွိအတွက် လက်စားချေဖို့ နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့တဲ့ မော့လင်။

စုန့်ယန့်။ စုန့်ယွိနဲ့ မျိုးရိုးနာမည်တူတူပဲ။ ယန့်(မှင်သွေးကျောက်) ဆိုတဲ့နာမည်ကို သုံးခဲ့တယ်။

ပိုင်ရှိုးမင်က သက်သေမရှာနိုင်သေးတော့ အလွယ်တကူတော့ ကောက်ချက် မချရဲသေးဘူး။

ဒါပေမဲ့ သူကတော့ သူတို့ရဲ့ခန့်မှန်းချက်တွေက အမှန်တရားပဲ ဖြစ်ရမယ်လို့ လုံးဝကိုသေသေချာချာ သိနေသလောက်ပဲ။

သူ့ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ မိတ်ဆွေငယ်လေးက စုန့်ယွိ နှိုးထခဲ့တဲ့မော့လင်ပဲ ဖြစ်ရမယ်။

လောကကြီးမှာ ဒီလောက်များပြားတဲ့ ပါရမီရှင်တွေ ဘယ်မှာရှိနိုင်မှာလဲ။ သူ့အစောကြီးကတည်းက သံသယဝင်ခဲ့သင့်တာ။

မော့လင်က စုန့်ရှီးနဲ့တစ်ခါတည်း အတူတူ သေဆုံးသွားနိုင်ခြေ အရမ်းများတယ်လို့ မင်ဝမ် ပြောတာကို စဉ်းစားမိတော့ စိတ်ထဲမှာလည်း တော်တော်လေးကို ဝမ်းနည်းကျန်ရစ်ခဲ့ရတယ်။

ပြီးတော့ နောင်တာလည်း ရမိသားပဲ။ အဲဒီနေ့က ညီလာခံထဲမှာ စုန့်ယွိရဲ့အမှုကို အဆုံးစွန်ထိ အဖြေရှာပေးဖို့မကြိုးစားခဲ့မိဘူး။

အမှန်တရားကတော့ ... ဒါကတော့ သူ့ရဲ့ ကိုယ်ပိုင်အတ္တဆန္ဒ လို့ပဲ သတ်မှတ်လိုက်ပါတော့မယ်။ မော့လင်က သေသွားခဲ့ပြီ။ စုန့်ယန့် ကတော့ သူ့ရွာကို ပြန်သွားခဲ့တာပါ ...

စုန့်မြို့စားအိမ်တော်၏ အမှုဖြစ်ပွားခဲ့သည်မှာ သုံးလေးရက်ခန့် ကြာမြင့်သွားခဲ့လေသည်။ အားချန်သည် အစကတော့ နန်းတော်က စုန့်ယန့် အကြောင်း ရှာဖွေတွေ့ရှိသွားမှာကို စိုးရိမ်ပူပန်နေခဲ့မိသည်။ အကယ်၍ စုန့်ယန့်ကို စစ်ဆေးတွေ့ရှိသွားခဲ့ပါက စုန့်ယန့်နှင့် ရင်းနှီးကျွမ်းဝင်ခဲ့သည့် သူတို့လိုလူများကိုလည်း မလွဲမသွေ လာရောက် စစ်ဆေးကြပေလိမ့်မည်။

တခြားသူများလာရောက် စုံစမ်းမေးမြန်းခြင်းကို သူမက မစိုးရိမ်သော်ငြား ပိုင်ရှိုးမင်က သတိပြုမိပြီး သူ့ကို ဆွဲဆောင်မိမှာကိုတော့ စိုးရိမ်မိလေသည်။

ရလဒ်အနေဖြင့် လွန်ခဲ့သည့်၂ရက်ခန့်က ရာဇဝတ်မှုဌာနနှင့် မြို့တော်အုပ်ချုပ်ရေးရုံးတို့က တခမ်းတနား စစ်ဆေးခဲ့ကြသော်ငြားလည်း သူတို့ အထိ ရောက်ရှိလာခြင်းမရှိဘဲ ထိုနောက်တွင်တော့ မည်သည့်လှုပ်ရှားမှုမှ မရှိတော့ချေ။

အားချန်သည်အိမ်တွင်ပင် ပိုင်ရှိုးမင်ကိုမည်သို့ ရင်ဆိုင်ရမည်ကို ၂ရက်တိတိ အသည်းအသန် စဉ်းစားခဲ့သော်ငြားလည်း ရလဒ်ကတော့ အချီးနှီးဖြစ်ခဲ့၏။ ပုံမှန်အားဖြင့်တော့ မြို့စားတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်တွင် အရှင်မင်းကြီးသည် ဒီလောက် အေးစက်စက် တုံ့ပြန်မှုမျိုး မလုပ်သင့်ချေ။ သို့သော်ငြား စုန့်မြို့စားအိမ်တော်၏အမှုကတော့ ဒီလိုနှင့်ပင် အေးစက်စက် တိတ်ဆိတ်သွားခဲ့လေသည်။

နောက်ပိုင်း ရက်အနည်းငယ် ကြာမြင့်သွားခဲ့ပြီး လကုန်ပိုင်းသို့ပင် ရောက်ရှိလာခဲ့လေသည်။ သူမကလည်း ဒီအမှုကို တစ်ယောက်ယောက်က ထည့်သွင်းပြောဆို သည်ကိုပင် မကြားရတော့ချေ။

စျေးထဲတွင်တော့ စုန့်မြို့စားအိမ်တော်က သခင်လေးတချို့သည် မြို့စားအိမ်တော်၏ အရိုက်အရာကို လုယူနေကြသည့် အကြောင်းအရာများသာ ပျံ့နှံ့နေတော့သည်။ မူလက မြို့စားရာထူးကို ရနိုင်ခြေအရှိဆုံးမှာ စုန့်မြို့စား၏တရားဝင် ဒုတိယသား ဖြစ်သော်ငြား ယခုအချိန်တွင် ဒီသခင်လေး၏မိခင်သည် အကျဉ်းထောင်ထဲတွင် ရှိနေဆဲဖြစ်ပြီး ဖခင်နှင့်အစ်ကိုတို့ကလည်း သေဆုံးသွားပြီဖြစ်သည်။ သူသည်လည်း အရွယ်မရောက်သေးသဖြင့် ကျန်ရှိနေသည့် အရွယ်ရောက်ပြီးသား မယားငယ်က မွေးသည့် အစ်ကိုများကို အနိုင်ယူကာ ခုခံနိုင်စွမ်းမရှိချေ။

စုန့်မြို့စား၏မယားငယ်က မွေးသည့်သားသုံးဦးထဲက မည်သူက အနိုင်ရဖို့ ဖြစ်နိုင်ချေများကြောင်း ဈေးထဲတွင် လောင်းကြေးထပ်သူများပင် ရှိလာကြသေးသည်။ မည်သည့် မယားငယ်က မွေးသည့်သားက အရိုက်အရာကို အောင်အောင်မြင်မြင် ဆက်ခံနိုင်မည့်အကြောင်း လောင်းကြေးပင် ထပ်နေကြလေသည်။

အားချန်ကလည်း ဒီအကြောင်းကို အထူးတလည်ပင် လေ့လာခဲ့သေးသည်။ မယားငယ်ကမွေးသည့် သားအကြီးဆုံး၏ အခွင့်အလမ်းက ပိုများနိုင်သည်ဟု တွေးထင်မိ၏။ ထိုသူသည် ကျင့်ကြံမှု အနည်းငယ်ရှိပြီး စာပေစွမ်းရည်ကတော့ သာမညဖြစ်သော်ငြား တော်ဝင်ကျောင်းတော်တွင် စာပေသင်ကြားခဲ့ဖူးသဖြင့် အထက်တန်းစားများနှင့် နှိုင်းယှဉ်လျှင် မမှီသော်ငြားလည်း အောက်အလွှာများ ထက်စာလျှင်တော့ သာလွန်သည်ဟု သတ်မှတ်နိုင်သေးသည်။

ရက်အနည်းငယ် ကြာပြီးနောက်တွင် စုန့်မြို့စားအိမ်တော်၏ အမွေဆက်ခံမည့်သူက ညီအစ်ကိုကို လုပ်ကြံသတ်ဖြတ်ခဲ့ပြီး စုန့်မြို့စားက သူ့သားကို အကာအကွယ်ပေးကာ တခြားသူအား အပြစ်ပုံချခဲ့သည့်ကိစ္စသည် မျှော်လင့်မထားဘဲ ရုတ်တရက် ပျံ့နှံလာခဲ့လေသည်။

အရှင်မင်းကြီးသည် စုန့်မြို့စားမသေဆုံးခင် နောင်တရရှိခဲ့ပြီး အမှန်တရားကို အရှင်မင်းကြီးထံ လျှောက်တင်ခဲ့သည်ကို ထောက်ထားလျက် စုန့်မြို့စားအိမ်တော်တစ်ခုလုံး၏ ဘုရင်ကို လိမ်လည် လှည့်ဖျားခဲ့သည့်အပြစ်ကို ဆက်ပြီး အရေးယူခြင်းမပြုရန် ဆုံးဖြတ်ခဲ့လေသည်။ သေဒဏ်မှ လွတ်ငြိမ်းခွင့်ရခဲ့သော်ငြား အပြစ်ဒဏ်ကတော့ လွတ်မြောက်နိုင်မည် မဟုတ်ဘဲ မြို့စားအိမ်တော်က ဆက်ခံလာသည့် အရိုက်အရာသည် စုန့်မြို့စားထံတွင်ပင် အဆုံးသတ်ရပ်စဲ စေခဲ့လေသည်။

တနည်းအားဖြင့် စုန့်မြို့စား၏အရိုက်အရာသည် ဘွဲ့ထူးဂုဏ်ထူးသည် အပြီးတိုင်ပျောက်ကွယ် သွားခဲ့လေပြီ။

စျေးထဲက လူအများသည် အဖြစ်အပျက်၏ အပြောင်းအလဲပေါ် အံ့အားသင့်နေကြ သော်ငြားလည်း အားချန်ကတော့ ဒီအရာများထဲတွင် စုန့်ယန့်၏ လက်ချက်များ ပါဝင်နိုင်ဖွယ်ရှိသည်ကို သိနေခဲ့၏။

သူ မည်သို့လုပ်ခဲ့သည်ကို မသိသော်ငြားလည်း သူသည် နောက်ဆုံးတော့ စုန့်ယွိ သေဆုံးမှု၏အမှန်တရားကို လူအများထံသို့ ချပြနိုင်ခဲ့ပြီး ထိုအဓိကတရားခံနှစ်ဦးကို လွတ်မြောက်ခွင့်မပေးခဲ့သလို စုန့်မြို့စားအိမ်တော်ကိုလည်း ချမ်းသာခွင့်မပေးခဲ့ ချေ။

သူတို့သည် မြို့စားအိမ်တော်အတွက် စုန့်ယွိကို စတေးခဲ့ကြပြီး စုန့်ယန့်ကလည်း မြို့စားအိမ်တော်ကို အပြီးတိုင် ပျောက်ကွယ်သွားခဲ့စေသည်မှာ အလွန်မျှတပေသည်။

စုန့်မြို့စားအိမ်တော်၏ ကောလဟာလ သတင်းများကို တဖြည်းဖြည်းနှင့် ဘယ်သူကမှလည်း ထည့်သွင်းပြောဆိုခြင်း မရှိတော့ချေ။ အားချန်သည် တစ်ခါတစ်ရံ သူဌေးရွှီနှင့် စကားပြောဆိုသည့် အခါမှသာ မြို့တော်က ထွက်ခွာသွားပြီဖြစ်သည့် သခင်လေးအကြောင်းကို ပြောလာသည်ကို ကြားရတတ်လေသည်။

မျက်စိတစ်မှိတ်အတွင်းပင် ၈လပိုင်းသို့ ရောက်ရှိလာခဲ့၏။ နေ့ခင်းဘက်တွင် ရာသီဥတုက ပူပြင်းနေဆဲဖြစ်သော်ငြား ညနေစောင်းသို့ ရောက်လာသည်တွင် အပူချိန်က အနေတော်လေး ဖြစ်လာခဲ့သည်။

အားချန်သည် ဆိုင်ထဲတွင် နေရစ်ခဲ့ပြီး ဆိုင်သိမ်းရန် ပြင်ဆင်လို့နေသည်။ ဟွေ့ညန်ကတော့ သူတို့ အထူးမှာယူထားသည့် လမုန့်ပုံစံခွက်များကို သွားယူရန် လက်သမားဆိုင်သို့ ထွက်လာခဲ့တော့သည်။

သူမက အလုပ်ရှုပ်နေချိန်တွင် ရုတ်တရက် မြင်းလှည်းတစီးသည် ဆိုင်တံခါးဝတွင် ရပ်တန့်သွားပြီး အတွင်းကလူနှစ်ဦး ထွက်လာသည်ကို တွေ့လိုက်ရ၏။

ခေါင်းမော့ကြည့်လိုက်သည်တွင် ကျင့်ယန် မြို့စားကြီး၏မျက်နှာကို မြင်လိုက်ရသဖြင့် အားချန်မှာ အနည်းငယ် ဝေခွဲမရဖြစ်သွားတော့၏။ သူ ဘာဖြစ်လို့ ဒီကိုရောက်လာတာလဲ။

သူမသည် တံခါးဝနားသို့ လျှောက်သွားပြီး သိပ်ပြီးကြိုဆိုလိုစိတ် မရှိသည့်လေသံဖြင့် မေးလိုက်တော့သည်။ "မြို့စားမင်း ကြွရောက်လာတာကို မကြိုဆိုမိလို့ ခွင့်လွှတ်ပါ"

ယဉ်ယဉ်ကျေးကျေး ပြောဆိုနေသော်ငြား သူကတော့တံခါးဝတွင် ပိတ်ဆီးကာ ရပ်တန့်နေပြီး ရောက်လာသူကို အကဲခတ်ကာ ကြည့်ရှုနေလေသည်။

ရွှဲကျောင်း သေဆုံးပြီးနောက်တွင် ရွှဲရှီသည် သူမကို အဓိကတရားခံအဖြစ် သတ်မှတ်ကာ သူမကို အလွတ်ပေးလိမ့်မည်မဟုတ်ဟု ထင်ထားခဲ့သော်ငြားလည်း တစ်ဖက်က ရုပ်တရက် လှုပ်ရှားမှု မရှိတော့ပေ။ ယနေ့အချိန်အထိ ကျင့်ယန် မြို့စားတစ်ယောက်တည်းကသာ ပထမဦးဆုံးအကြိမ် ပေါ်ထွက်လာခဲ့လေသည်။

ကျင့်ယန် မြို့စားသည် အားချန်ရှေ့သို့ လျှောက်လာခဲ့ပြီး သူမက တံခါးဝတွင်ရပ်နေကာ သူ့ကို အတွင်းသို့ ဝင်ရောက်ရန် ဖိတ်ခေါ်မည့်ပုံ မပေါ်သည်ကို မြင်လိုက်သဖြင့် မျက်လုံးထဲတွင် မကျေနပ်သည့် အရိပ်အယောင် တချို့ဖြတ်သန်းသွားသော်ငြားလည်း ဖွင့်ဟကာပြော လိုက်လေသည်။ "ငါ မင်းကို ပြောစရာရှိလို့"

"မြို့စားကြီး ကျေးဇူးပြုပြီးတော့ ပြောပါ"

"ဒီနေရာမှာပဲလား။ အိမ်တော်မှာတုန်းက ဧည့်သည်တွေကို ဧည့်ဝတ်ပြုရတဲ့စည်းကမ်းကို ဘယ်သူမှ မသင်ပေးခဲ့ဘူးလား" ကျင့်ယန် မြို့စားကြီးသည် နောက်ဆုံးတော့ မထိန်းနိုင်တော့ဘဲ စကားတခွန်းဖြင့် ဆူပူကျိန်းမောင်းလေတော့သည်။

အားချန်ကလည်း ခပ်တိုးတိုး ရယ်မောလိုက်ကာ "မြို့စားက ဖိတ်ကြားခြင်းမရှိဘဲ ကြွရောက်လာတာလေ။ ဧည့်သည်လို့ သတ်မှတ်လို့ မရပါဘူး။ မြို့စားက ကျွန်မကို ပြောချင်တဲ့ စကားကလည်း တိုင်းပြည်ရဲ့ အရေးကြီးကိစ္စတွေ မဟုတ်လောက်ဘူးလို့ ထင်ပါတယ်။ တခြားသူတွေ ကြားသွားမှာ မစိုးရိမ်ဘူးဆိုရင် ဒီနေရာမှာပဲပြောပါ။ တကယ်လို့ မပြောချင်ဘူး ဆိုရင်တော့ ကျေးဇူးပြုပြီးတော့ ပြန်လိုက်ပါတော့"

ကျင့်ယန်မြို့စားသည် အားချန်သဘောထားကို တော်တော်လေး မကျေမနပ် ဖြစ်မိသော်ငြား ယခင်က သူမကို အခက်တွေ့အောင် လုပ်ခြင်းဖြင့် ထိုငရဲမင်း ပိုင်ရှိုးမင်ကို ပစ်မှားခဲ့မိသည့်အကြောင်း ပြန်စဉ်းစားမိလိုက်ပြီးနောက် နောက်ဆုံးတော့ အလျှော့ပေးလိုက် လေတော့သည်။

"မင်းရဲ့အမေဆုံးသွားတာလည်း အချိန်တစ်ခု ကြာသွားပြီ။ သူရဲ့ ခေါင်းတလားကို ငါတို့ ကျိမျိုးနွယ်ရဲ့ သင်္ချိုင်းမှာမြှုပ်နှံဖို့ မသင့်တော်ဘူး။ ဖုန်းရွှေ ပျက်စီးသွားမှာစိုးလို့"

အားချန်က မျက်တောင်လေးကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး သူ့ဆိုလိုရင်းကို ရုတ်တရက် နားလည်သွားတော့သည်။ "မြို့စားကြီး ပြောချင်တာက ကျွန်မကိုအုတ်ဂူ ရွှေ့ခိုင်းနေတာလား"

"ဘာလဲ။ မင်းက မလုပ်ပေးချင်တာလား"

ကျင့်ယန် မြို့စားမင်းသည် အားချန်၏တုံ့ပြန်မှုက ပြင်းထန်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ သော်ငြားလည်း သူမကတော့ အလွန်အေးစက်စက် သဘောထားဖြင့် ပြန်လည်ပြောဆိုလာခဲ့လေသည်။

"လုပ်ပေးနိုင်ပါတယ်။ ဘယ်အချိန်လဲ"

...

All Chapters