ဘိုးဘွားတွေမှာ ဘာလို့မရှိရမှာလဲ...
Vol. 8 Ch. 75
"ဆောင်းလယ်ပွဲတော် မရောက်ခင် တတ်နိုင်သလောက် ဂူသင်္ချိုင်းကို မြန်မြန်ရွှေ့ပေးမှ ဖြစ်မယ်" ကျင့်ယန် မြို့စားကြီးသည် အမှန်ပင် အလျင်လိုနေဟန်တူပြီး တစ်ရက်နောက်ကျသွားလျှင် တစ်ခုခု အရေးကြီးသည့် ကိစ္စနောက်နှေးသွားတော့မည့်နှယ်ပင်။
"အဲလောက်တောင် အလျင်လိုနေတာလား" အားချန်ကလဲ တုံ့ဆိုင်းသွားဟန် ပြုလုပ်လိုက်ပြီး "ဒါပေမဲ့ ကျွန်မ ကြားထားတာကတော့ ဂူသင်္ချိုင်း မရွှေ့ခင်မှာ ဖုန်းရွှေကို စစ်ဆေးဖို့ မင်္ဂလာရှိတဲ့နေရာတစ်ခုကို ရွေးချယ်ရဦးမယ်တဲ့။ မင်္ဂလာရှိတဲ့ နေရာတစ်ခုကို ရလာပြီဆိုမှ အုတ်ဂူကိုဖြိုဖို့ သင့်တော်တဲ့ရက် တစ်ခုကို ရွေးချယ်ရမှာ ဆယ့်ငါးရက်နေ့က နည်းနည်းလေး မြန်နေမလားဘဲ"
ကျင့်ယန် မြို့စားကြီးသည် မျက်နှာပေါ်တွင် အနည်းငယ် စိတ်မရှည်သွားသည့် အမူအရာ ဖြစ်သွားကာ "ဒါက ဂူသင်္ချိုင်း တစ်ခုလေး ရွေ့တာပဲလေ။ ဘာတွေအဲ့လောက် ဒုက္ခများနေတာလည်း"
"ကျင့်ယန်မြို့စားစကားက မှားနေပြီ။ မြို့စားကြီးရဲ့အိမ်မှာ တစ်စုံတစ်ယောက်ကို မြှုပ်နှံပေးရမယ့် အချိန်တုန်းကတော့ ဖုန်းရွှေကို ဖတ်ခဲ့တာပဲလေ။ ကျွန်မအမေ အလှည့်ကျမှ ဘယ်လိုလုပ်ပြီးတော့ ပေါ့ပေါ့တန်တန် လုပ်ရမှာလဲ"
ကျင့်ယန်မြို့စားကြီးသည် မျက်မှောင်ကြုတ် လိုက်ပြီး သူ့နောက်တွင် ရပ်နေသည့် အမျိုးသမီးက ထုတ်ပြောလာခဲ့၏။
"ကလေးမ မင်းကျင့်ယန် မြို့စားရဲ့ကိစ္စကို ဝင်စွပ်ဖတ်စရာမလိုဘူး။ တကယ်လို့ မင်းက အုတ်ဂူကို မရွှေ့ချင်ဘူးဆိုရင်လည်း ရပါတယ်။ ဒါပေမဲ့ လင်းရှိရဲ့ အရိုးတွေဘယ်ရောက် သွားမလဲဆိုတာကိုတော့ ပြောရခက်သွားလိမ့်မယ်"
အားချန်ကလည်း မျက်လုံးပင့်လိုက်ကာ လှမ်းကြည့်လိုက်ပြီး လုံးဝ ဒေါသမထွက်ပြလိုက်ချေ။ သူမက ဒီအတိုင်းသာ ပြောလိုက်လေသည်။ "သူ ပြောချင်တဲ့စကားက မြို့စားကြီးပြောချင်တဲ့စကားလား"
"ဟုတ်တယ်" ကျင့်ယန် မြို့စားကြီးသည် စကားပြောလာသည့် အမျိုးသမီးကို တချက်လှမ်းကြည့်လိုက်ကာ ပြန်ဖြေလိုက်လေသည်။
ထိုသူသည် ရွှဲရှီ၏ အနားတွင် ခစားသူဖြစ်လေသည်။ ယနေ့ ထွက်မလာခင်က ရွှီရှီက သူ့ကို သူမအားမဖြစ်မနေ ခေါ်သွားရန် တိုက်တွန်းခဲ့သည်။ အကြောင်းမှာလဲ သူက ကျိချန်၏ စကားတစ်ခွန်း နှစ်ခွန်းနှင့် စိတ်ယိမ်းယိုင်သွားမှာကို စိုးရိမ်ခဲ့ခြင်းကြောင့်ပင်။
ကျင့်ယန် မြို့စားသည် စိတ်ထဲတွင် ဘာမှမတတ်နိုင်တော့သလို ခံစားလိုက်ရ၏။ သူသည် ကတိပေးပြီးသား ဖြစ်နေမှတော့ ကျိချန်ကြောင့်မည်သို့ စိတ်ယိမ်းယိုင်ပါမည်နည်း။
သိပ်မကြာခင်မှာပင် ရွှဲရှီသည် ဖုန်းရွှေတွက်ချက်ပေးသည့် ပညာရှင်တစ်ယောက်ကို ရှာဖွေကာ သူတို့၏ကျောင်းအာ ဒီလိုဖြစ်ရခြင်းမှာ လင်းရှီ၏အုတ်ဂူကို မရွှေ့ရသေးသောကြောင့် ဖြစ်ပြီး ထိုအရာက မြို့စားအိမ်တော်၏ ဖုန်းရွှေကို အနှောင့်အယှက် ဖြစ်နေစေခြင်း ဖြစ်သည်ဟု ပြောလာလေသည်။
သူတို့၏ကလေး အန္တရာယ်ကင်းကင်း မွေးဖွားလာနိုင်ရန်အတွက် ကျိချန်သည် မည်သို့ပင်ဖြစ်စေ လင်းရှီ၏အုတ်ဂူကို ရွှေဆိုင်းရပေမည်။ ကျင့်ယန် မြို့စားကြီးသည် ဖုန်းရွှေအယူအဆကို မယုံကြည်သော်ငြားလည်း စိတ်ထဲတွင်တော့ ရွှဲရှီကိုအားနာစိတ် ဖြစ်မိလေ၏။ ထိုအပြင် သူမက ရွှဲကျောင်းသေဆုံးမှုကြောင့် အသည်းအသန် ဝမ်းနည်းကြေကွဲနေပြီး ကိုယ်ဝန်ကို စိတ်ဖြောင့်လက်ဖြောင့် မလွယ်နိုင်သည်ကို မြင်လိုက်ရသည်တွင် သဘောတူလိုက်ရခြင်း ဖြစ်တော့သည်။
"ကောင်းပြီလေ။ ဒီရက်ပိုင်းအတွင်း ကျွန်မ နေရာကောင်းရွေးဖို့ လူတစ်ယောက် ရှာလိုက်မယ်။ အုတ်ဂူရွှေ့မယ့်နေ့ကျရင် မြို့စားကြီးကို အကြောင်းကြား လိုက်ပါ့မယ်"
အားချန်က နောက်ဆုတ်ပေးလိုက်သည်ကို တွေ့လိုက်ရသောအခါ အဘွားကြီး၏မျက်နှာထက်တွင် ကျေနပ်သွားသည့် အရိပ်အယောင် ပေါ်ထွက်လာခဲ့လေသည်။
မျှော်လင့်မထားဘဲ အားချန် နောက်ထပ်ပြောလိုက်သည့် စကားကို ကြားလိုက်ရလေသည်။ "အမေကတော့ ကျွန်မကိုနား လည်ပေးနိုင်မှာပါ။ ဘာပဲဖြစ်ဖြစ် မြို့စားကြီးရဲ့အိမ်က မျိုးရိုးအုတ်ဂူမှာ နေရာက အကန့်အသတ် ရှိနေတာကိုး။ သူ ထွက်သွားမှ တခြားသူ လဲလျောင်းဖို့ နေရာရမှာပေါ့။ မြို့စားကတော်က နေကောင်းကျန်းမာရဲ့လားတော့ မသိဘူး။ ဒီအသက်အရွယ်ကျမှ သားတစ်ယောက် ဆုံးထားတာဆိုတော့လည်း မြို့စားကတော် ကျန်းမာရေးကို ဂရုစိုက်ဦးမှပဲ"
"နင် မိုက်ရိုင်းလှချည်လား။ ငါတို့ဖူးရန်ကိုတောင်မှ ကျိန်ဆဲရဲတယ် !" ထိုအဘွားကြီးသည် ဒေါသထွက်ကာ အားချန်ကို လက်ညှိုးထိုးပြီး ပြောဆိုလေတော့သည်။ "မြို့စားကြီးနဲ့ ဖူးရန်က နင့်ကိုမျက်နှာသာ ပေးထားတာကို နင်က အလိုက်မသိဘူး။ နင်က လင်တကာနဲ့ပျော်ပါးတဲ့ မိန်းမကနေမွေးထားတဲ့ ..."
"ပါးစပ်ပိတ်စမ်း" ထိုအဘွားကြီး မဆဲဆိုရသေးခင်မှာပင် ကျင့်ယန် မြို့စားက လေသံခပ်မာမာဖြင့် တားမြစ်လိုက်လေသည်။
ထိုအဘွားကြီးသည် ကျင့်ယန် မြို့စားကို တစ်ချက်ကြည့်လိုက်ပြီး မကျေမချမ်းဖြင့် ပါးစပ်ပိတ်သွားတော့၏။
"ဒါဆိုရင် ကျွန်မ နားလည်မှု လွဲသွားတာပဲ။ မြို့စားကြီးက အုတ်ဂူရွှေဖို့ လာတာမဟုတ်ဘဲ ကျွန်မနဲ့ ကျွန်မအမေကို အရှက်ခွဲဖို့ တမင်တကာ လူခေါ်လာခဲ့တာကိုး။ မြို့စားကြီးက အရင်တစ်ခေါက်က ပိုင်လူကြီးမင်း ရှေ့မှာတုန်းကတော့ ဒီလိုပုံစံ မဟုတ်ခဲ့ပါဘူး။ ပိုင်လူကြီးမင်း မရှိတော့ ကျွန်မကို အနိုင်ကျင့်ရ လွယ်ကူတယ်လို့ ထင်နေတာများလား" အားချန်ကလည်း ဖြည်းညင်းပျော့ပျောင်းစွာဖြင့် ပြောလိုက်လေသည်။
"အခုထိ မတောင်းပန်သေးဘူးလား" ကျင့်ယန့် မြို့စားကြီး၏ အကြည့်များသည် အေးစက်သွားကာ ခေါင်းလှည့်ပြီး ဟိန်းဟောက်လိုက် တော့သည်။
ထိုအဘွားကြီးသည်လည်း ပြန်မခံပြောရဲတော့ဘဲ မျက်နှာပေါ်တွင် အလိုမကျ ဖြစ်နေဟန်ဖြင့် ပါးစပ်ဖွင့်လာတော့သည်။ "ဒီအဘွားကြီး ကျွန်မက ပါးစပ်စည်းမစောင့်နိုင် ဖြစ်သွားတာပါ။ မိန်းကလေးကျိ ခွင့်လွှတ်ပေးပါ"
"ဪ ... မြို့စားကြီးအိမ်တော်က တောင်းပန်နည်းကို ဒီလိုမျိုး သင်ပေးထားတာကိုး။ ဆဲဆိုပြီးသွားမှ လူကို ခွင့်လွှတ်ခိုင်းရတယ်လို့။ ဒါက ကျွန်မအတွက်တော့ ခက်ခဲသွားပြီ"
ကျင့်ယန် မြို့စားကြီးသည် ထို့အဘွားကြီး၏ တကောက်ကွေးနေရာကို ခြေထောက်ဖြင့် တစ်ချက်ကန်လိုက်သည်တွင် သူမသည် မြေကြီးပေါ်သို့ တိုက်ရိုက်ဒူးထောက် ကျသွားပြီး နာကျင်မှုကြောင့် အော်ဟစ်လိုက်ရတော့သည်။ သူမက ဒူးထောက်ချလိုက်ချိန်တွင် သူမ၏ဒူးသည် မြေကြီးပေါ်က ကျောက်စရစ်ခဲလေးများနှင့် ဆောင့်မိသွားတော့၏။ နာကျင်မှုမှာ အသည်းခိုက်အောင် ဖြစ်ရသော်ငြား မလှုပ်ရှားရဲတော့ချေ။
အားချန်ကတော့ ထိုအမျိုးသမီးကိုပင် မကြည့်ဘဲ ကျင့်ယန်မြို့စားကြီးကိုသာ ပြောလိုက်တော့သည်။ "မြို့စားကြီး ပြန်ပါတော့။ နောက်ရက်အနည်းငယ်ကြရင် ကျွန်မ ဂူနေရာရွေးပြီးသွားမှ ရှင့်ဆီကို လူလွတ်ပြီး အကြောင်းကြားလိုက်ပါ့မယ်"
"ကောင်းပြီလေ" ကျင့်ယန်မြို့စားကြီးသည်လည်း ထပ်ပြီး အရှုပ်အထွေး မဖြစ်စေတော့ဟန် တူသည်။ သူမက သဘောတူလာသည်ကို တွေ့လိုက်ရသောအခါ သူသည်လည်း ကိုယ်ကိုလှည့်ကာ လှည်းပေါ်သို့ ပြန်တက်သွားတော့သည်။
တို့အဘွားကြီးကတော့ မြေပြင်ပေါ်က မြန်မြန်ပြန်ထလိုက်ပြီး လှည်းထဲသို့လည်းမဝင်ရဲတော့ဘဲ ခြေထောက် ထော့နဲ့ထော့နဲ့ဖြင့်သာ လှည်းဘေးမှ လိုက်ပါသွားရလေသည်။
မြင်းလှည်း ထွက်ခွာသွားသည်နှင့် ချန်ဟွေ့၏ အရိပ်သည် အားချန်၏အာရုံထဲတွင် ပေါ်လာလေတော့၏။ သူမ၏အကြားအာရုံအရဆိုရင် ခုနက သူတို့ပြောစကားများကို ကြားသိခဲ့သည်မှာ သဘာဝကျပေသည်။
သူမ၏လက်ထဲတွင် သစ်သားပုံစံခွက်နှစ်ခုကို ကိုင်ထားကာ အားချန်အနားသို့ ရောက်လာပြီး ကျင့်ယန်မြို့စားအိမ်တော်၏ မြင်းလှည်းကို လှည့်ကြည့်ရင်း မျက်နှာအမူအရာက အနည်းငယ် အံ့အားသင့်နေပုံ ပေါ်နေတော့သည်။ "ကျင့်ယန် မြို့စားက တစ်ချိန်တုန်းက စစ်တပ်ကို ဦးဆောင်ပြီး စစ်တိုက်ခဲ့ဖူးတယ်လို့ ကြားတယ်။ ဒီလောက်တောင် နှိမ့်ချတက်ပြီး ပျော့ပျောင်းတတ်လိမ့်မယ်လို့ မထင်ထားမိဘူး"
အားချန်ကလည်း ခပ်တိုးတိုး ရယ်မောလိုက်တော့သည်။ "သူက နိမ့်ချတတ်တာမှ မဟုတ်တာ။ ပိုင်လူကြီးမင်းရဲ့ အရှိန်အဝါက ကြောက်ဖို့ ကောင်းနေတာလေ"
ထိုသို့ပြောလိုက်ပြီးနောက် သူမသည် စိတ်ထဲတွင် သက်ပြင်းချမိလေတော့သည်။ "ပိုင်လူကြီးမင်းက တကယ် အသုံးဝင်တာပဲ။ သူ့ကို အိမ်မှာ ပူဇော်ပသထားပြီး နေ့တိုင်း ရှိခိုးကန်တော့ချင်စိတ်တောင် ပေါက်လာပြီ"
အဲဒီအချိန်ကျရင် ပြဿနာတက်တိုင်း သူ့ကို ထုတ်ပြလိုက်။ ဘယ်သူကမှ ငါ့ကို လာရှုပ်ရဲတော့မှာ မဟုတ်ဘူး။
ချန်ဟွေ့၏ နှုတ်ခမ်းထောင့်မှာလည်း တွန့်ချိုးသွားလေတော့သည်။ "ပိုင်လူကြီးမင်းကတော့ ဆန္ဒရှိလောက်မှာ မဟုတ်ဘူး ထင်တယ်"
"ကျွန်မတို့ရဲ့ဆက်ဆံရေး ပိုပြီးတော့ ရင်းနှီးလာတဲ့အခါ သူလည်း ဆန္ဒရှိချင်ရှိလာမှာပေါ့" အားချန်၏ မျက်လုံးများသည် ပိုင်ရှိုးမင်အကြောင်း စဉ်းစားလိုက်ချိန်တိုင်း မျက်ဝန်းအရောင်မှာ လင်းလက်သွားလေတော့သည်။
ငါ့အတွက် ဒီလောက်များပြားတဲ့ ပြဿနာတွေကို ကာကွယ်ပေးထားမှတော့ ပိုင်လူကြီးမင်းရဲ့နေရာက ငါ့စိတ်ထဲမှာ ဘိုးဘေးတွေထက်တောင်မှ ကျော်လုနီးပါးဖြစ်နေပြီ။ အသုံးချလို့လည်း လွယ်သလို ချော့မော့လို့လဲလွယ်သေးတယ်။
ချန်ဟွေ့ ကတော့ ဘာမှမတတ်နိုင်သည့် ပုံစံဖြင့် ခေါင်းခါလိုက်တော့သည်။ သူတစ်ယောက်ပဲ ဒီလိုစကားမျိုးကို ပြောရဲတယ်။
အားချန်၏ မျက်လုံးများသည် ချန်ဟွေ့၏ လက်ထဲကပုံစံခွက်ပေါ် ကျရောက်သွားပြီး ပိုင်ရှိုးမင်ကို ဦးနှောက်ထဲက မြန်မြန်ဖယ်ထုတ် လိုက်လေတော့သည်။
"ဟွေ့ညန် ကျွန်မတို့ ဒီနေ့ည လမုန့်ပဲ စားကြရအောင်။ ကျွန်မ ဝက်သား အစာသွပ်နဲ့ စားချင်တယ်"
"ဒီညတော့ မဖြစ်ဘူး။ မနက်ဖြန်ကျမှရှင့်အတွက် ကြက်သားမုန့်ကျွပ်၊ ဘဲဥငံလမုန့် လုပ်ပေးမယ်"
"ကောင်းပြီလေ။ ကျွန်မလေးခု စားမယ်"
"မရဘူး"
...
မြင်းလှည်းသည် ကျင့်ယန် မြို့စားအိမ်တော်အတွင်းသို့ မောင်းဝင်လာခဲ့ပြီးနောက် ကျင့်ယန် မြို့စားသည် စာကြည့်ခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားလေသည်။ ထိုအဘွားကြီးကတော့ မြင်းလှည်းနောက်သို့ လမ်းတလျှောက်လုံး လိုက်ပါလာခဲ့ရပြီး အိမ်တော်သို့အနိုင်နိုင် ပြန်ရောက်လာရသော်ငြားလည်း မနားရဲဘဲ အမောတကောဖြင့် ပင်မခြံဝင်းဆီသို့ သွားရသေးသည်။
ဒီအချိန်တွင် ရွှဲရှီသည် နူးညံ့ပျော့ပျောင်းနေသည့် သလွန်ပေါ်တွင် မှီရင်း ရွှဲယင်နှင့် စကားစမြည် ပြောဆိုလို့နေ၏။ သူမသည် ပွယောင်းယောင်း ဝတ်စုံကိုဝတ်ဆင်ထားပြီး လက်တစ်ဖက်ကို ဝမ်းဗိုက်ပေါ် တင်ထားလေသည်။
အပြင်သို့ စေလွှတ်လိုက်သည့် အဘွားကြီးက နွမ်းနယ်ပင်ပန်းနေသည့် ပုံစံဖြင့် ပြန်လာသည်ကို မြင်လိုက်ရသောအခါ ရွှဲရှီသည် သူမကို တစ်ချက်လောက် လှမ်းကြည့်ကာ ပြောလိုက်၏။ "ဘယ်လိုလဲ ကျိချန်က ဂူသင်္ချိုင်း ရွှေ့ဖို့ သဘောတူလိုက်ပြီလား"
အဘွားကြီးက ဘာတစ်ခုမှ ထိန်ချန်မထားရဲဘဲ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို အသေးစိတ် ပြောပြလိုက်ရတော့သည်။
ရွှဲရှီသည် ထိုအမျိုးသမီးကို ဘာတစ်ခုမှမလုပ်ဘဲ သူမကို ပြန်ထွက်သွားဖို့သာ ပြောလိုက်တော့သည်။
လူအများ ထွက်သွားပြီးနောက်မှ မုန်းတီးနေသည့် အရိပ်အယောင်တစ်ခုသည် ရွှဲယင်မျက်နှာပေါ်တွင် ဖြတ်ပြေးသွားတော့သည်။ "အဖေက ကျိချန်ကို အရမ်း ဘက်လိုက်လွန်းတယ်။ အဘွားကျောက် ပြောတာတွေကလည်း အမှန်တရား မဟုတ်လို့လား။ ဘာလို့ သူ့ကို တောင်းပန်ရမှာလဲ"
ရွှဲရှီကတော့ တည်ငြိမ်နေသည့် လေသံဖြင့် ပြောလိုက်၏။ "သမီးရဲ့အဖေက ငယ်ငယ်လေးကတည်းက ပြဿနာမဖြစ်အောင် ညှိနှိုင်းရတာကို သဘောကျတဲ့သူ။ အဲဒီအပြင် ကျိချန်ကလည်း ပါးနပ်တဲ့ မိန်းကလေး။ ဟိုပိုင်ရှိုးမင်ကို သူ့အတွက် အရူးအမှူး ဖြစ်သွားအောင် ဆွဲဆောင်ထားနိုင်တော့ သမီးရဲ့အဖေက သူနဲ့ပြဿနာ မတက်ချင်တာလည်း သဘာဝကျတယ်လေ"
ကျိချန်သည် အိမ်တော်က ထွက်ခွာသွားပြီးကတည်းက ထိန်းချုပ်ရန် မလွယ်ကူတော့ချေ။ ထို့အပြင် သူမ၏ နည်းလမ်းများကလည်း အစွမ်းထက်လွန်းလှသည်။ ပိုင်ရှိုးမင်က အိမ်တော်သို့ တစ်ကြိမ်သာ လာရောက်ခဲ့သော်ငြား ကျင့်ယန်မြို့စားကတော့ သူမကို ကျိချန်အား ထပ်မံ မထိပါးရန် တားမြစ်ခဲ့လေသည်။
သို့သော်ငြား သူမနှင့် ကျိချန်ကြားက ရန်ငြိုးရန်စများကိုတော့ သွားမထိပါးရုံများဖြင့် ပြေပျောက်သွားနိုင်မည် မဟုတ်ပေ။
ရွှဲရှီသည် လွန်ခဲ့သည့်ရက် အနည်းငယ်က ရရှိခဲ့သည့်သတင်းကို မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားတော့၏။ သူမ၏ရင်သွေးကို သတ်ပစ်ခဲ့သည့် ကျားနက်မိစ္ဆာ၏အလောင်းကို မင်ကျင့်စီးမှ သိမ်းဆည်းသွားခဲ့ပြီး မြို့တော်ရှိမင်းသားတချို့ကလည်း မျက်စိကျနေသည့် ကျားနက်သားရေကို ပိုင်ရှိုးမင်က ကျိချန်အား ပေးအပ်လိုက်သည်တဲ့။ တကယ်ကို မျက်နှာကြီးလှ ပေစွ။
ဂုဏ်သရေရှိ အသိုင်းအဝိုင်းများ ကြားတွင် ကျိချန်အကြောင်း ထုတ်ဖော်ပြောဆိုသူ မရှိသလောက် ဖြစ်သော်ငြား လူအများအပြားကတော့ သူမအကြောင်း သိကြလေသည်။
ပြီးခဲ့သည့်တစ်ခေါက် ကြာပန်းဥယျာဉ်ထဲတွင် ဖြစ်ပွားခဲ့သည့် ကိစ္စ အပြီးတွင် မိသားစု တော်တော်များများကလည်း ကျိချန်အပေါ် မကျေမနပ် ဖြစ်ခဲ့ကြလေသည်။ သို့သော်ငြား ဘယ်သူကမှ မလှုပ်ရှားရဲကြချေ။ အကြောင်းအရင်းမှာ ပိုင်ရှိုးမင်က ကျိချန်ကို ဗြောင်ကျကျ အကာအကွယ် ပေးထားသဖြင့် မည်သူကမှလည်း သူ့ကို ရန်မလုပ် လိုသောကြောင့် မဟုတ်ပါလား။
သို့သော်ငြား ပိုင်ရှိုးမင်က မည်မျှပင် အင်အားကြီးမားသည် ဖြစ်စေ သူက ကျိချန်ကို နေ့ရောညပါ စောင့်ကြည့်နိုင်မှာမလို့လား။ သူမသားရဲ့ အသက်ကို တော့ အဲလောက်အလွယ်တကူ ယူသွားခွင့် မပေးနိုင်ဘူး !
"ဒါပေမဲ့ ကျိချန်က အစ်ကို့ကို သေအောင် လုပ်ခဲ့တာ့လေ။ ဒီအတိုင်း ကြည့်နေတော့မှာလား" ရွှဲယင်သည် အသက်အရွယ် ကြီးရင့်သူ မဟုတ်သဖြင့် အားချန်အပေါ်ထားသည့် မုန်းတီးမှုကို ဖုံးကွယ်ရန် ခက်ခဲလှသည်။
သူတို့တွေက ဒီအတိုင်းအပြင်ကို အပျော်အပါး ထွက်ခဲ့ရုံပဲလေ။ သူမရဲ့အစ်ကိုက မျက်စိတစ်မှိတ်အတွင်း သေဆုံးသွားလိမ့်မယ်လို့ တစ်ခါမှတောင် မတွေးခဲ့ဖူးဘူး။
ရက်တွေအကြာကြီး ဝမ်းနည်းပူဆွေးမှုကနေ ရုန်းမထွက်နိုင်ခဲ့ဘူး။ နေ့တိုင်း သူမနဲ့အတူရှိနေတဲ့ အစ်ကိုဖြစ်သူက ဒီလိုကြီး သွားလိုက်တာကိုလည်း မယုံကြည်နိုင်သေးဘူး။
အစတုန်းကတော့ အစ်ကိုဖြစ်သူက ဒီအတိုင်းကံဆိုးလို့ မိစ္ဆာတစ်ကောင်နဲ့ မမျှော်လင့်ဘဲ တွေ့ခဲ့တယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ ဒါတွေအားလုံးက ကျိချန်ကြောင့်ဆိုတာကို နောက်ပိုင်းမှ သိခဲ့ရတယ်။
ဒါက မတော်တဆ ကိစ္စလေးတစ်ခုလို့ အဖေက ပြောပေမယ့်လည်း သူမနဲ့ သူမရဲ့အမေတို့ကတော့ အစ်ကိုဖြစ်သူကို သတ်သွားတာ ကျိချန်လို့ ယုံနေတုန်းပဲ။ အဲလိုမှမဟုတ်ရင် တခြားသူတွေက အသက်ရှင်နေကြပြီး သူမရဲ့အစ်ကိုတစ်ယောက်တည်းကပဲ ဘာဖြစ်လို့ မတော်တဆ တွေ့ကြုံရမှာလဲ။
ရွှဲရှီသည် သမီးဖြစ်သူကို ရင်ခွင်ထဲတွင် ပွေ့ဖက်ထားလိုက်ပြီး သူမ၏ကျောပြင်လေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။ "အမေက သမီးအစ်ကိုကို သတ်သွားတဲ့လူကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး။ သူက သမီးအစ်ကိုကို မသေခင်မှာအဲဒီလို နာကျင်မှုမျိုး ခံစားခိုင်းခဲ့တော့ သူလည်း အဲဒီလို နာကျင်မှုမျိုးကို ထပ်တူပြန်ခံစားရမှပဲ ကျေနပ်မှာ"
ရွှဲရှီသည် ဒီအခိုက်အတန့်တွင် မျက်လုံးများကို မှိတ်ထားလိုက်ပြီး သားဖြစ်သူ၏ ကြေကွဲဝမ်းနည်းဖွယ် သေဆုံးမှုကို မြင်ယောင်နေသေးသည့်နှယ်ပင်။ သူမ၏မျက်နှာပေါ်တွင် ခက်ထန်ကြမ်းတမ်းသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေတော့သည်။
"ဒါပေမဲ့ အဖေ့ဆီမှာ ..." ရွှဲယင်သည် အနည်းငယ် စိတ်မအေးနိုင်အောင် ဖြစ်နေတော့၏။
"သမီးရဲ့အဖေ သိမှာမဟုတ်ဘူး" ရွှဲရှီက တိုးတိုးလေးပြောလိုက်၏။
...
အားချန်သည် လင်းရှီ၏ အုတ်ဂူကို ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်ပြီဖြစ်သဖြင့် နေရာရှာရပေတော့မည်။
လူသားများသည် သူတို့၏မိစ္ဆာမျိုးတွေများနှင့် မတူကြပေ။ တွင်းတစ်တွင်းတူးပြီး မြှုပ်နှံလို့လည်း မရနိုင်ပေ။ ကံကောင်းထောက်မစွာ အိမ်နီးချင်းသူဌေးရွှီက အဆက်အသွယ် ပေါများသဖြင့် သူမအတွက် အနီးအနားက နာမည်အနည်းငယ်ရှိသည့် ဖုန်းရွှေဆရာတစ်ဦးကို မိတ်ဆက်ပေးခဲ့လေသည်။
အားချန်က ထိုလူကို လျန်ငွေ၁၀၀ ပေးလိုက်ပြီး ထိုလူကလည်း သုံးရက်အတွင်း သူမအတွက် နေရာကောင်းတစ်ခု ရွေးချယ်ပေးကာ အုတ်ဂူရွှေ့ပြောင်းခြင်း ကိစ္စရပ်များကို ဦးစီးဆောင်ရွက်ပေးမည်ဟု သဘောတူလာခဲ့သည်။
တတိယမြောက်နေ့တွင် ဖုန်းရွှေဆရာကြီးသည် အားချန်ကို ဂူနေရာအသစ်သို့ လိုက်လံပြသလေသည်။ ထိုလူက မြေမျက်နှာသွင်ပြင် လားရာအနေအထား နဂါးစိမ်းနှင့်ကျားဖြူ စသဖြင့် အစုံအလင် ပြောကြားခဲ့သော်ငြားလည်း သူမကတော့ လုံးဝနားမလည်ချေ။
လူသားတွေက တော်တော်ထူးဆန်းတဲ့ အရာတစ်ခုကို လေ့လာနေကြတယ်လို့ ခံစားရတယ်။ နားမလည်ပေမယ့်လည်း ကြားရတာတော့ တော်တော်လေး အစွမ်းရှိမယ်ပုံပဲ။
ဖုန်းရွှေဆရာကြီးသည် စကားပြောပြီးသွားသည့်နောက် လှည့်ကြည့်လိုက်သည်တွင် အားချန်၏နားမလည်နိုင် ဖြစ်နေသည့်မျက်နှာကို တွေ့လိုက်ရသဖြင့် မုတ်ဆိတ်မွေးကိုသပ်ကာ ပြုံးလိုက်ပြီး အဆုံးသတ်စကား ပြောလိုက်တော့သည်။ "ဒါကအရမ်းကို မင်္ဂလာရှိတဲ့ နေရာကောင်းတစ်ခုပဲ။ နောက်မျိုးဆက်အတွက် အကျိုးရှိပြီး မိန်းကလေးကို စီးပွားရေးလုပ်ငန်းတွေမှာ ချမ်းသာကြွယ်ဝအောင် စောင့်ရှောက်ပေးနိုင်တယ်"
သူမသည် ဒီစကားကိုတော့ နားလည်လိုက်လေသည်။ ဘယ်လို စောင့်ရှောက်ပြီး ကောင်းမွန်သည်ကို မသိသော်ငြားလည်း အမှန်တွင်တော့ နေရာကောင်းတခု ဖြစ်နေ၏။ ငါတို့ ဘိုးဘေးတွေကရော ဘာဖြစ်လို့ ဒီလိုအစွမ်းမျိုး မပိုင်ဆိုင်နိုင်ရတာလဲ။ အားချန်သည် မနေနိုင်ဘဲ တွေးမိလေတော့၏။
"မိန်းကလေး တခြားလိုအပ်တာများ ရှိသေးလား" ဖုန်းရွှေဆရာကြီးက ထပ်မံမေးမြန်းလာသည်။
"မရှိတော့ပါဘူး" အားချန်ကလည်း မြန်မြန်ပြောလိုက်၏။ "ဂူနေရာလည်း ရွေးပြီးသွားပြီဆိုတော့ နောက်နှစ်ရက်နေရင် အုတ်ဂူရွှေ့မယ့်ကိစ္စကို ဆရာကြီးရန်ကိုပဲ အားကိုးပါရစေ"
"မိန်းကလေးက အားနာနေပြန်ပါပြီ။ ဒါက ကျွန်တော်လုပ်ရမယ့် တာဝန်ပဲလေ"
အားချန်သည် ဒီဖုန်းရွှေဆရာကြီးက တော်တော်လေး နားလည်တတ်ကျွမ်းသည့် ပုံပေါက်နေသည်ကို မြင်လိုက်ရသည်တွင် ထပ်ပြီးမေးလိုက်တော့၏။ "ဂူမရွှေ့ခင်မှာ တခြားဘာတွေ ပြင်ဆင်ထားဖို့ လိုသေးလဲ"
ဖုန်းရွှေဆရာကြီးက ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြောလာခဲ့သည်။ "တကယ်လို့ မိန်းကလေးက ငွေကြေးတတ်နိုင်မယ်ဆိုရင် ဂူမရွှေ့ခင်မှာ ဘုရားကျောင်း တစ်ကျောင်းကို သွားပြီး အမေဖြစ်သူအတွက် အသက်ရှည်ဆီမီးကိုးခွက် ပူဇော်ပြီး လှူဒါန်းပေးသင့်တယ်။ ပြီးတော့ ဆီမီးခွက်ရှေ့မှာ သူ့အတွက် နေရာအသစ် ပြောင်းရွှေ့ပေးမယ့် အကြောင်းကို ရွတ်ဖတ်ပူဇော်ပေါ့လေ။ ဒီလောကမှာ လူတွေက အသက်ရှည်ဆီမီးက ကွယ်လွန်သူအတွက် လမ်းပြပေးနိုင်တယ်လို့ ပြောကြတယ်။ ကျွန်တော်ကတော့ မယုံပါဘူး။ ဒါပေမဲ့ အဓိပ္ပာယ်ကတော့ ကောင်းမွန်တယ်လေ"
အားချန်သည်လည်း ရယ်မောမိသွားတော့သည်။ ဒီဆရာကြီးရန်က တကယ်ကို ရိုးသားဖြောင့်မတ်တဲ့သူပဲ။
"ဒါဆိုရင်လည်း ဆရာ့စကားအတိုင်းပဲ လုပ်လိုက်ပါ့မယ်"
ဖုန်းရွှေဆရာကြီးသည် ဂူနေရာတွင် အမှတ်အသားတစ်ခု ချန်ထားခဲ့ပြီးနောက် အားချန်ကို နှုတ်ဆက်ကာ သူ့တပည့်လေး နှစ်ယောက်ကိုခေါ်ပြီး မြင်းလှည်းပေါ်သို့ တက်ကာထွက်ခွာ သွားလေတော့သည်။
အားချန်ကလည်း တစ်ဖက်လူ၏ စကားကိုနားထောင်ဖို့ရန် ဆုံးဖြတ်လိုက်ပြီး ဘုရားကျောင်းသို့ သွားကာလင်းရှီအတွက် အသက်ရှည်ဆီမီး ပူဇော်ပေးရန် ပြင်ဆင်လိုက်တော့၏။
သူမသည် မြင်းလှည်းပေါ်သို့ ပြန်ရောက်လာပြီး ချန်ဟွေ့နှင့် တိုင်ပင်လိုက်လေသည်။ ချန်ဟွေ့ကလည်း ထိုအကြောင်းကို ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြောလာခဲ့၏။ "ဒီနားမှာအနီးဆုံး ဘုရားကျောင်းက ကူးရှန်း ဘုရားကျောင်းလို့ ခေါ်တယ်။ ကျွန်မ တစ်ခါက အမေနဲ့အတူ ဘိုးဘွားတွေအတွက် အသက်ရှည်ဆီမီး သွားပူဇော်ဖူးတယ်။ အဲဒီနေရာက တခြားဘုရားကျောင်းတွေလောက် အမွှေးတိုင်လှူတဲ့သူ မများဘူး။ ဒါပေမဲ့ ရှုခင်းကတော့ မဆိုဘူး။ သားသတ်လွတ် စားစရာတွေလည်း ကောင်းတယ်။ သွားကြည့်ကြမလား"
အားချန်သည် အနည်းငယ် ရှုပ်ထွေးသွားတော့၏။ သူမသည် သားသတ်လွတ်စားခြင်းကိုတော့ သိပ်ပြီးစိတ်မဝင်စားလှချေ။
ချန်ဟွေ့ကလည်း တစ်ချက်ကြည့်လိုက်ရုံနှင့် သူမ၏ အတွေးငယ်လေးများကို သိမြင်သွားပြီး တမင်တကာပင် ပြောလိုက်သေးသည်။ "အဲဒီနေရာက ဘုန်းကြီးတွေက သားသတ်လွတ် ဟင်းတွေကို အသားအရသာထွက်အောင် ချက်နိုင်ကြတယ်တဲ့"
အားချန်သည် ကြိတ်ပြီး နှုတ်ခမ်းကို ဆူထားလိုက်တော့သည်။ အသားအရသာ ဘယ်လောက်ပဲအတူတူ အသားအစစ်လောက် စားလို့ကောင်းမှာ မဟုတ်ပါဘူး။ အိမ်ပြန်ပြီးတော့ပဲ ကြက်ကင်ကိုပဲ ပိုစားချင်တော့တာ။
ဒီအချိန်တွင်တော့ သူမ၏ဝမ်းဗိုက်ကလည်း အလိုက်မသိစွာပင် တဂွီဂွီ မြည်လာလေတော့သည်။ အားချန်က ဗိုက်ကို ပွတ်သပ်လိုက်ပြီး စဉ်းစားမိလေတော့၏။ မနက်ခင်း အစောကြီးတုန်းက ဆန်ပြုတ်တစ်ခွက်ပဲ သောက်ပြီး တောင်ပေါ်ကို တက်လာခဲ့ရတာ။ မြင်းလှည်းထဲမှာလည်း သရေစာတွေ ပြင်ဆင်ဖို့မေ့သွားခဲ့တယ်။ အခုတော့ ဗိုက်အရမ်းဆာနေသလိုပဲ။
"ကောင်းပြီလေ။ ကူးရှန်းဘုရားကျောင်းကိုပဲ သွားကြတာပေါ့" သူမသည် နောက်ဆုံးတော့ ဆာလောင်မှုကို အရှုံးပေးလိုက်ရတော့သည်။ မည်သို့ပင်ဖြစ်စေ နေရာကနီးပြီး သားသတ်လွတ် စားစရာကလည်း ခံစားစားသုံး၍ ရနိုင်သေးသည်။
မြင်းလှည်းသည် မညီမညာ တောင်ပေါ်လမ်းပေါ်တွင် မောင်းနှင်လျက်ရှိ၏။ အားချန်သည် မြင်းလှည်းအတွင်းတွင် လှုပ်လီလှုပ်လဲ့ ဖြစ်နေသဖြင့် နေထိုင်ရခက်လာရာ အပြင်ဘက်သို့ လေးဖက်ထောက်ကာ ထွက်လာပြီး တခြားဘက်တွင်ထိုင်ရင်း ချန်ဟွေ့နှင့်အတူ စကားဆက်ပြီး ပြောဆိုလိုက်၏။
လမ်းဘေးဝဲယာရှိ ရှုခင်းများက လှပသော်ငြားလည်း အားချန်ကတော့ ခံစားနိုင်သည့်။ စိတ်အခြေအနေ မရှိသည်ကတော့ နှမြောစရာပင်။
မြင်းလှည်းသည် နောက်ထပ်တစ်နာရီ၏ လေးပုံတစ်ပုံလောက် ထပ်ပြီးမောင်းနှင်လာခဲ့ပြီးနောက် သူတို့သည် ကူးရှန်းဘုရားကျောင်း တည်ရှိရာတောင်ခြေသို့ ရောက်ရှိလာကြတော့သည်။
သူတို့သည် ရောက်ရှိလာကြချိန်တွင် တောင်ခြေရင်း၌ မြင်းလှည်းတစ်စီး ရပ်ထားသည်ကို မြင်လိုက်ရ၏။ ထိုမြင်းလှည်းသည် အလွန်ခမ်းနား ထည်ဝါလှသော်ငြားလည်း မိသားစုမျိုးရိုး အမှတ်တံဆိပ်တော့ မရှိချေ။
အားချန်သည် ထိုမြင်းလှည်းကို အချိန်အနည်းငယ် ကြည့်လိုက်ပြီးနောက် အကြည့်လွှဲထား လိုက်တော့သည်။
ကူးရှန်းဘုရားကျောင်းသည် တောင်ထိပ်တွင် ရှိနေခြင်းမဟုတ်ဘဲ တောင်ခါးပန်း တဝက်တွင် တည်ဆောက်ထားခြင်း ဖြစ်၏။ လှေကားထစ် တစ်ရာကျော်ခန့် တက်လိုက်သည်နှင့် ရောက်ရှိနိုင်ပေသည်။
တောင်ခြေတွင် မြင်းစောင်းတစ်ခုကို ဆောက်ထားပေးပြီး အတွင်းဘက်တွင် မြင်းများကို စောင့်ကြည့်ပေးနေသည့် ဘုန်းကြီးတစ်ပါး ရှိလေသည်။ ငွေ ၁၀ ဝမ်သာ ပေးလိုက်လျှင် မြင်းများကို ကြည့်ရှု စောင့်ရှောက်ပေး၏။ အားချန်နှင့် ချန်ဟွေ့ တို့ နှစ်ယောက်စလုံးက ဘုရားကျောင်းသို့ သွားမည်ဖြစ်သဖြင့် မြင်းများကို ကြည့်ရှုစောင့်ရှောက်ပေးမည့်လူ မရှိရာ ငွေပေးချေလိုက်လေတော့သည်။
မြင်းလှည်းကို စီစဉ်ပြီးသွားသည်နှင့် သူတို့နှစ်ယောက်သည် ရှေ့တစ်ယောက် နောက်တစ်ယောက် တောင်ပေါ်သို့ တက်လာခဲ့ကြတော့သည်။
အစပိုင်းတွင်တော့ အားချန်သည် လှေကားထစ်တစ်ရာက ရိုးရှင်းလှသည်ဟု ထင်မှတ်ခဲ့သော်ငြား လှေကားလေးဆယ်ထစ် ကျော်လောက်တက်လာပြီးသည့် နောက်တွင်တော့ သူမ၏ ခြေထောက်များက သူမ၏အပိုင် မဟုတ်တော့သလို ခံစားလိုက်ရတော့သည်။
နောက်ဆုံးတွင်တော့ ချန်ဟွေ့ကသာ စွဲလိုက်တွန်းလိုက်ဖြင့် သူတို့နှစ်ဦးသည် ဘုရားကျောင်း၏ ပင်မတံခါးဝဆီသို့ ဝင်ရောက်နိုင်ခဲ့ ကြတော့သည်။
အားချန်သည် ပင်ပန်းနွမ်းနယ်ပြီး မလှုပ်ရှားချင်တော့သည်ကို မြင်လိုက်သည်တွင် ချန်ဟွေ့ကလည်း ကျောင်းထဲရှိ ဘုန်းကြီးတစ်ပါးကို သူမနာနေရန်အတွက် တိတ်ဆိတ်ငြိမ်သက်သည့် အခန်းတစ်ခုစီစဉ်ပေးရန် တောင်းဆိုလိုက်ကာ သူမကိုယ်တိုင်ကတော့ အသက်ရှည်ဆီမီး ပူဇော်မည့်ကိစ္စကို ကျောင်းထိုင်ဆရာတော်နှင့် ဆွေးနွေးရန် ထွက်သွားလေတော့သည်။
ကျောင်းထိုင်ဆရာတော်က ထွက်မလာခင်တွင် ချန်ဟွေ့ကို မှာကြားခဲ့သေးသည်။ "ကိုယ်တော်ပြင်ဆင်ဖို့ နှစ်နာရီလောက် လိုပါသေးတယ်။ ဒကာမလေး အလျင်မလိုဘူးဆိုရင် ကျောင်းထဲမှာ လှည့်ပတ်ကြည့်ရှုလို့ ရပါတယ်။ နောက်ဖေးက သားသတ်လွတ်စားဆောင်ကို ဧည့်သည်တွေအတွက် ဖွင့်လှစ်ပေးထားပါတယ်"
ချန်ဟွေ့ကလည်း ထိုဘုန်းကြီးကို အသာအယာ ခေါင်းငြိမ့်ပြလိုက်၏။ "ဒါဆိုရင် ဆရာတော်ကို မနှောင့်ယှက်တော့ပါဘူး။ တပည့်တော်မ နောက်ထပ်နှစ်နာရီကြာမှ ပြန်လာခဲ့ပါမယ်"
အားချန်သည် ငြိမ်သက်နေသည့် အခန်းလေးထဲတွင် ခဏလောက် နေလိုက်ပြီး နောက်ဆုံးတော့ အမောပြေသွားတော့၏။ သူမသည် နာကျင်ကိုက်ခဲနေသည့် ခြေထောက်များကို နှိပ်နယ်ရင်း မူလကတော်တော်လေး ကောင်းမွန်နေခဲ့သည့်စိတ် အခြေအနေကလည်း ရုတ်တရက် ကျဆင်းသွားလေတော့သည်။
ပြီးခဲ့တဲ့တခေါက်တုန်းက ငါ စုန့်ယန့်ကို ကူညီပေးခဲ့တယ်။ တတိယမြောက်သံကြိုးက ပြတ်တောက်သွားနိုင်လောက်ပြီ။ ခန္ဓာကိုယ်ကလည်း နည်းနည်းလောက် ပြန်ကောင်းလာနိုင်မယ်လို့ ထင်ထားခဲ့တာ။
ဒါပေမဲ့ ဘာကြောင့်မှန်း မသိဘူး။ စိတ်အတွင်းနယ်ပယ်ထဲ လုံးဝ ဝင်လို့မရနိုင်ခဲ့ဘူး။ ဒီရက်တွေမှာ ကြာလာတော့မှ ငါ စုန့်ယန့်ကို ကူညီပေးခဲ့တဲ့ကိစ္စကို ငါ့ကိုချုပ်နှောင်ထားတဲ့ သံကြိုးတွေက အသိအမှတ်မပြုခဲ့ဘူးဆိုတာကို သဘောပေါက်သွားတော့တယ်။
ဘာဖြစ်လို့များပါလိမ့်။
စုန့်ယန့်က ငါကူညီခဲ့ဖူးတဲ့ တခြားသူတွေနဲ့ ဘာများ ကွာခြားနေလို့လဲ။ ကျား၊မ ကွဲပြားမှုကြောင့်လား။ ဒီလောက်တော့ အပေါ်ယံ မဆန်သင့်ပါဘူး။
တော်တော်လေး စဉ်းစားတွေးတော ကြည့်ပြီးမှ အားချန်သည် နောက်ဆုံးတော့ အကြောင်းပြချက် တစ်ခုကို စဉ်းစားမိတော့သည်။ ဘာဖြစ်လို့လဲဆိုတော့ စုန့်ယန့်က လူသားမဟုတ်လို့ပဲ ဖြစ်ရမယ်။
ငါ အရင်က ကူညီခဲ့ဖူးတဲ့ ရှောင်လင်းရှီနဲ့ ဟွေ့ညန်တို့က နောက်ဆုံးမှာ ကြောက်စရာကောင်းတဲ့ တစ္ဆေသရဲဖုတ်ကောင်တွေ ဖြစ်သွားခဲ့ရင်တောင် သူတို့တွေက အစကတည်းက လူသားတွေ ဖြစ်နေခဲ့ကြတာ။ စုန့်ယန့်ကတော့ လူသားတွေအတွက် လက်စားချေပေးခဲ့တာ မှန်ပေမယ့် သူကိုယ်တိုင်ကတော့ လူသားတစ်ယောက် မဟုတ်ဘူး။
ဒါကြောင့်များ အသိအမှတ်ပြု မခံရတာလား။
ဒီရက်ပိုင်းတွေမှာ ဒီကိစ္စကိုတွေးမိတိုင်း လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက အမေ ငါ့ကို ကြည့်တဲ့အကြည့် တစ်ချက်ကို သွားသွားပြီး သတိရမိတယ်။
အဲဒီလို လုံးဝကို ဖုံးကွယ်မထားတဲ့ ရွံရှာစက်ဆုပ်မှုမျိုး။ အကြောင်းအရင်းကတော့ ငါက လူတစ်ပိုင်း မိစ္ဆာတစ်ပိုင်းဖြစ်နေပြီး လူသားစစ်စစ် မဟုတ်လို့ပဲ။
တကယ်လို့ ခန္ဓာကိုယ်ပေါ်က သံကြိုးတွေကသာ အမေ ချမှတ်ထားတဲ့ဟာ တကယ်ဖြစ်နေမယ်ဆိုရင် ဒီစည်းမျဉ်းက ... သိပ်ပြီးတော့ အံ့သြစရာတော့ မဟုတ်လောက်ပါဘူး။
ဒါပေမဲ့ လူသားမဟုတ်တာ ဘာများမှားနေလို့လဲ။
ငါက အမြဲတမ်း မိစ္ဆာတစ်ကောင်ပဲလေ။ အရင်တုန်းကလည်း လူဖြစ်ရတာက မိစ္ဆာဖြစ်ရတာထက် ပိုကောင်းတယ်လို့ မခံစားခဲ့ရပါဘူး။ အခုလည်း အဲဒီအတွေးရှိနေတုန်းပဲ။
တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် အခုလို ကြက်တစ်ကောင်ကိုတောင် ထိန်းချုပ်နိုင်တဲ့အင်အား မရှိတဲ့လူသားဘဝထက် မိစ္ဆာခန္ဓာကိုယ်ကိုပဲ ပြန်ပြောင်းသွားချင်တော့တယ်။
ဒီအခိုက်မှာပင် တိတ်ဆိတ်ငြိမ်သက်နေသည့် အခန်းတံခါးသည် အပြင်ဘက်မှ တွန်းဖွင့်ခံလိုက်ရ၏။ အားချန်က တအံ့တဩဖြင့် ခေါင်းမော့ကြည့်လိုက်မိသည်။ တံခါးကို ဖွင့်လိုက်သည့်လူသည် အတွင်းဘက်တွင် တစ်စုံတစ်ယောက်ကို တွေ့လိုက်ရသည့်အခါ ချက်ချင်းဆိုသလို အော်ဟစ်က ပြောလေတော့၏။ "ရှင်ကဘယ်သူလဲ။ ဘာဖြစ်လို့ ဒီနေရာကို ရောက်နေတာလဲ"
အားချန်သည် စကားပြောလာသူကို မကြည့်ဘဲ အမျိုးသမီးလေး၏ အနောက်က ရပ်နေသည့် မိန်းကလေးကိုသာ ကြည့်နေမိတော့သည်။
ထိုမိန်းကလေးသည် အရပ်အမောင်း မြင့်မားလှပြီး ရိုးရှင်းသည့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော်ငြား သူမ၏စွဲမက်ဖွယ်ရာ လှပသည့် ရုပ်ရည်ကို ဖုံးကွယ်ထားရန် ခက်ခဲလွန်းလှ၏။
သူ့ရဲ့မျက်ဝန်းအိမ်တွေက ... သားရဲတစ်ကောင်လို မျက်ဆန်တွေက ဒေါင်လိုက်ဖြစ်နေတာပဲ။
...