လေပြေထဲ လွင့်မျောဝဲပျံနေသော နှင်းပွင့်လေးနှယ်
Vol. 8 Ch. 76
ထိုလှပတင့်တယ်လှသော မိန်းမပျိုသည် အားချန်က သူမကို စူးစိုက်ကြည့်နေသည်ကို မြင်သောအခါ ခေါင်းလေးကို အနည်းငယ် စောင်းငဲ့လိုက်ပြီး သူမ၏ ရှေ့မှ အစေခံမလေးအား လေသံတိုးတိုးဖြင့် ဆိုလိုက်လေသည်။ "တော်ပြီ၊ တို့တွေ တခြားအနားယူခန်းတစ်ခု ပြောင်းနားကြတာပေါ့”
" ဘယ်ဖြစ်ပါ့မလဲ၊ ဒါက သခင်မလေး အမြဲသုံးနေကျ အနားယူခန်းလေ၊ ဘယ်လိုလုပ် တခြားသူကို အဝင်ခံလိုက်ရမှာလဲ” အစေခံမလေးသည် လက်မခံဘဲ အားချန်ကို လက်ညှိုးထိုးကာ နေရာမှ အမြန်ထွက်သွားရန် ပြောဆိုလေသည်။ ထို့ပြင် ဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်ထံ သွားရောက် တိုင်ကြားဦးမည်ဟုလည်း ဆိုနေသေး၏။
မိန်းမပျို၏ မျက်နှာထက်တွင် အခက်တွေ့သွားသည့် အမူအရာအချို့ ပေါ်လာလေသည်။ သူမသည် မနေနိုင်ဘဲ အားချန်ကို မော့ကြည့်လိုက်မိရာ အားချန်သည် သူမကိုသာ စူးစိုက်ကြည့်နေဆဲ ဖြစ်နေသည်။
"တော်ပြီလို့ ကျွန်မ ပြောနေတယ်လေ” မိန်းမပျို၏ လေသံသည် အနည်းငယ် မာသွား၏။ ထိုအစေခံမလေးသည် အံ့ဩသွားဟန်ဖြင့် မိန်းမပျိုကို တစ်ချက် လှည့်ကြည့်လိုက်သည်။ ထိုအမူအရာသည် သခင်မလေးက အလိုက်ကန်းဆိုးမသိလိုက်တာ ဟု ဆိုနေသကဲ့သို့ပင်။
ထိုအခါ အားချန်သည် ထိုင်ရာမှ ထလိုက်ပြီး မိန်းမပျိုထံသို့ လျှောက်သွားလိုက်တော့သည်။ သူတို့နှစ်ဦးနှင့် ခြေလှမ်းအနည်းငယ် အကွာတွင် ရပ်တန့်လိုက်ပြီး မိန်းမပျိုကို ခပ်ဖွဖွ ပြုံးပြလိုက်၏။ "ကျွန်မနာမည် ကျိချန်ပါ၊ နာမည်လေး သိခွင့်ရနိုင်မလား”
အားချန်၏ အသံသည် နုညံ့ချိုသာလှပြီး ကြည့်ရသည်မှာလည်း အန္တရာယ်ကင်းမဲ့သော ပုံစံဖြစ်ရာ ထိုအစေခံမလေး၏ သတိထားနေသော အမူအရာပင် အနည်းငယ် လျော့ကျသွားခဲ့သည်။
သို့သော် ထိုမိန်းမပျိုက ပြန်မဖြေမီမှာပင် အစေခံမလေးက သူမကိုယ်စား ဝင်ပြောလိုက်လေသည်။ "တို့သခင်မလေး ဘယ်သူဖြစ်ဖြစ် ရှင်နဲ့မဆိုင်ဘူး၊ ရှင် အမြန်ဆုံး ထွက်သွားတာ ကောင်းမယ်”
"နာမည်မပြောရင်တော့ ကျွန်မ မသွားဘူး” အားချန်သည် ထိုအစေခံမလေးကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး လှည့်ထွက်ကာ ပြန်လျှောက်သွားလေသည်။
"ဟဲ့၊ ရှင်က ဘယ်လိုလူ..." အစေခံမလေးသည် ဒေါသထွက်သွားပြီး အားချန်ကို တားဆီးရန် လက်လှမ်းလိုက်စဉ် သူမ၏ နောက်မှ ရုတ်တရက် အင်အားပြင်းတစ်ခု ရောက်ရှိလာသည်။ သူမသည် တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ တံခါးဝမှ ဆွဲထုတ်ခံလိုက်ရလေသည်။
နောက်မှလူက လက်လွှတ်လိုက်သောအခါ ထိုအစေခံမလေးသည် ဒေါသတကြီး လှည့်ကြည့်လိုက်ရာ ချန်ဟွေ့၏ အေးစက်သော မျက်နှာနှင့် သူမ၏ နဖူးပေါ်မှ အမှတ်အသားကို တွေ့လိုက်ရတော့သည်။
အစေခံမလေး၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ချက် ဖြတ်ပြေးသွားပြီး အလျင်အမြန် နောက်သို့ ဆုတ်သွားလေသည်။
"ဟွေ့ညန်” အားချန်က ချန်ဟွေ့ကို လက်ဝှေ့ယမ်းပြလိုက်သည်။
တံခါးဝတွင် ရပ်နေဆဲဖြစ်သော လှပသည့်မိန်းမပျိုသည်လည်း ချန်ဟွေ့ကို လှည့်ကြည့်လိုက်ပြီး သူမ၏ နဖူးပေါ်မှ အမှတ်အသားကို မြင်သောအခါ အနည်းငယ် အံ့ဩသွားဟန်တူသည်။
ချန်ဟွေ့သည် ကျန်နှစ်ယောက်ကို ဂရုမစိုက်ဘဲ အားချန်ကို လှည့်ပြောလိုက်သည်။ "ရှင် ဗိုက်ဆာနေပြီ မဟုတ်ဘူးလား၊ နောက်ဖေးက စားသောက်ဆောင်မှာ စားစရာတွေ ရှိတယ်”
"လာပြီ လာပြီ” အားချန်သည် တံခါးဝသို့ အမြန်လျှောက်လာပြီး ထိုမိန်းမပျိုအနားမှ ဖြတ်သွားစဉ် ရပ်တန့်လိုက်ပြန်သည်။ "ရှင် ကျွန်မကို နာမည် မပြောပြရသေးဘူးလေ”
"ကျွန်မနာမည် ရှန်းဟွေ့ရွှယ်ပါ”
"လျိုဖုန်းဟွေရွှယ် ‘လေပြေထဲ လွင့်မျောဝဲပျံနေသော နှင်းပွင့်လေး...’ နာမည်က တကယ်ကို နားထောင်လို့ ကောင်းတာပဲ၊ အိမ်မှာ လျိုဖုန်း လို့ခေါ်တဲ့ လူကြီး ရှိလို့လား”
ဤမေးခွန်းသည် အနည်းငယ် ထူးဆန်းနေသဖြင့် ချန်ဟွေ့သည် အားချန်ကို မော့ကြည့်လိုက်မိသည်။
တကယ်လို့ စပ်စုတယ်ဆိုရင်တောင် အားချန်က သူ့အိမ်မှာ လျိုဖုန်း လို့ခေါ်တဲ့ မောင်နှမ ရှိသလားလို့ မေးသင့်တာလေ။ ဘာလို့ လူကြီး သူမလို့ ပြောရတာလဲ။
သူတို့ကို ကိုယ်တစ်စောင်း မျက်နှာမူထားသည့် ရှန်းဟွေ့ရွှယ်သည် သည်မေးခွန်းကို ကြားလိုက်ရသောအခါ အားချန်ကို ကြည့်သော သူမ၏ အကြည့်ထဲတွင် ဖော်မပြနိုင်သော စိတ်လှုပ်ရှားမှုတစ်ရပ် ပါဝင်နေပြီး အင်္ကျီလက်အောက်တွင် ဝှက်ထားသော လက်များသည်လည်း အနည်းငယ် တုန်ယင်သွားသည်။ "ကျွန်မ... ကျွန်မအဖေ နာမည်က လျိုဖုန်းပါ”
"ဒီလိုကိုး၊ ဒါဆို အဖေက ရှင်နဲ့ တော်တော်တူမှာပဲနော်”
"...ဟုတ်ကဲ့” ရှန်းဟွေ့ရွှယ်က ခေါင်းညိတ်လိုက်သည်။
"ဪ ဟုတ်သားပဲ၊ ကျွန်မ စားသောက်ဆောင်မှာ ထမင်းသွားစားတော့မလို့၊ ဟွေ့ရွှယ်ရော အတူတူ လိုက်ခဲ့မလား”
"တို့သခင်မလေးက..."
အစေခံမလေး၏ ငြင်းဆန်စကား မဆုံးသေးမီမှာပင် ရှန်းဟွေ့ရွှယ်က သူမထက်ဦးအောင် သဘောတူလိုက်သည်။ "ကောင်းသားပဲ”
"သခင်မလေး၊ အဲဒီစားသောက်ဆောင်က ဟင်းလျာတွေက သခင်မလေးနဲ့ ဘယ်လိုလုပ် အဆင်ပြေမှာလဲ” အစေခံမလေးသည် မကျေမနပ်ဖြင့် ခြေဆောင့်လိုက်သည်။
ရှန်းဟွေ့ရွှယ်သည် အစေခံမလေးကို လှည့်ကြည့်လိုက်၏။ သူမ၏ ဒေါင်လိုက်မျက်လုံးသူငယ်အိမ်ထဲတွင် မည်သည့် စိတ်ခံစားချက်မှ မရှိပေ။ "ပါးစပ်ပိတ်ထား”
အစေခံမလေး၏ မျက်နှာတွင် မကျေနပ်မှု အရိပ်အယောင်တစ်ချက် ဖြတ်ပြေးသွားသော်လည်း ပါးစပ်ကို ပိတ်လိုက်ရလေသည်။
ချန်ဟွေ့သည် အားချန်က လူမဟုတ်မှန်း သိသာထင်ရှားလှသော ရှန်းမိန်းကလေးအပေါ် အနည်းငယ် ထူးခြားစွာ ဆက်ဆံနေသည်ကို သတိပြုမိသော်လည်း အများကြီး မမေးမြန်းတော့ဘဲ သူတို့နှစ်ဦးကို စားသောက်ဆောင်သို့သာ အတူတကွ ခေါ်ဆောင်သွားလေသည်။
ယနေ့ ကူးရှန်းဘုန်းကြီးကျောင်းတွင် သူတို့မှလွဲ၍ အခြားဘုရားဖူးများ မရှိသဖြင့် စားသောက်ဆောင်သည် အနည်းငယ် တိတ်ဆိတ်ခြောက်သွေ့နေသည်။ အတွင်းတွင် စားပွဲ ၈ လုံး ခင်းကျင်းထားပြီး အားချန်သည် တံခါးနှင့် မျက်နှာချင်းဆိုင်ရှိ စားပွဲတစ်လုံးကို ကြုံသလို ရွေးကာ ထိုင်လိုက်၏။ ရှန်းဟွေ့ရွှယ်သည် သူမ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
သူမ ခေါ်ဆောင်လာသော အစေခံမလေးကတော့ သူတို့နှင့်အတူ မထိုင်ဘဲ ဘေးရှိ စားပွဲလွတ်တစ်လုံးတွင် သွားထိုင်နေလေသည်။
"ရှန်းမိန်းကလေး ဘာများစားချင်တာ ရှိပါသလဲ၊ ကျွန်မ တစ်ခါတည်း ယူခဲ့ပေးမယ်လေ” ချန်ဟွေ့က ရှန်းဟွေ့ရွှယ်ကို မေးလိုက်သည်။
ရှန်းဟွေ့ရွှယ်သည် အားချန်ကို တစ်ချက် ကြည့်လိုက်သည်။ "မိန်းကလေးကျိနဲ့ တူတူပဲ စားပါမယ်”
ချန်ဟွေ့သည် သက်သတ်လွတ်အစားအစာများ သွားယူရာ မကြာမီပင် ဗန်းကြီးနှစ်ဗန်းကို သယ်ဆောင်လာခဲ့သည်။ ဗန်းထဲတွင် ထမင်းဖြူ၊ သက်သတ်လွတ်အသားတုတစ်ပွဲ၊ ရွှေဖရုံသီးမျှင်ကြော်တစ်ပွဲနှင့် ပဲပြားကြော်တစ်ပွဲစီ ပါဝင်လေသည်။
"ကျေးဇူးပဲ ဟွေ့ညန်” အားချန်သည် မစောင့်နိုင်တော့ဘဲ ဗန်းကို လှမ်းယူလိုက်ပြီး တူကိုကိုင်ကာ သက်သတ်လွတ်အသားတစ်ဖတ်ကို ညှပ်ယူလိုက်သည်။
ဝါးကြည့်လိုက်တော့... အင်း၊ တော်တော်လေး စားလို့ကောင်းသားပဲ။
ရှန်းဟွေ့ရွှယ်သည် ချန်ဟွေ့ကို ကျေးဇူးတင်စကားဆိုပြီးနောက် တူကို ကောက်ကိုင်လိုက်သည်။ သူမ၏ အင်္ကျီလက်သည် အောက်သို့ လျှောကျသွားပြီး လက်ကို ဖော်ပြလိုက်ရာ ချန်ဟွေ့နှင့် တစ်ပုံစံတည်းတူသော အမှတ်အသားသည် သူမ၏ လက်ဖမိုးပေါ်တွင် ပေါ်လာခဲ့သည်။
သူမသည် အားချန်ကဲ့သို့ပင် ပထမဆုံးတူချက်အဖြစ် သက်သတ်လွတ်အသားကို ညှပ်ယူလိုက်သည်။
ချန်ဟွေ့သည် အားချန်၏ ဘေးတွင် ထိုင်ရင်း ရှန်းဟွေ့ရွှယ်၏ အပြုအမူကို ကြည့်လိုက်၊ ထို့နောက် အားချန်ကို လှည့်ကြည့်လိုက်နှင့် သူတို့နှစ်ဦး၏ အမူအရာများသည် ပြောမပြတတ်အောင် ဆင်တူနေသည်ဟု ခံစားလိုက်ရသည်။
အားချန်သည် နှစ်လုတ်၊ သုံးလုတ်ခန့် စားပြီးနောက် ချန်ဟွေ့ဘက်သို့ လှည့်ကာ ပူဆာလိုက်သည်။ "ဟွေ့ညန်၊ တို့တွေ အိမ်ပြန်တဲ့အခါ အဘိုးဟူဆိုင်က ကြက်သားကင်တစ်ကောင် ဝင်ဝယ်သွားရအောင်၊ ကျွန်မ အရမ်းစားချင်နေလို့”
"ရပါတယ်”
ရှန်းဟွေ့ရွှယ်သည် ထိုစကားကို ကြားသောအခါ ကြက်သားကင်ကို စိတ်ဝင်စားသွားဟန်ဖြင့် မေးလိုက်သည်။ "အရမ်းစားလို့ကောင်းလို့လား”
"အရမ်း ကောင်းတာ၊ ဟွေ့ညန်လုပ်တဲ့ ကြက်ကင်နဲ့တောင် တော်တော်တူတူပဲ”
ချန်ဟွေ့က ပြုံးလိုက်ပြီး မော့ကြည့်လိုက်ရာ ရှန်းဟွေ့ရွှယ်၏ မျက်နှာပေါ်တွင် တောင့်တနေသော အမူအရာများ ထင်ရှားစွာ ပေါ်ပေါက်နေသည်ကို တွေ့လိုက်ရ၏။ သူမသည်လည်း အလွန်စားချင်နေပုံပင်။
"မိန်းကလေးကျိပြောတဲ့ ကြက်သားကင်က ဘယ်နေရာမှာ ရောင်းတာလဲ မသိဘူး”
"ချန်းဖိင်ဖန်းရပ်ကွက်မှာ၊ ကျွန်မအိမ်နားလေးတင်။ အဘိုးဟူက အရမ်းနာမည်ကြီးတာ၊ ဆိုင်ဖွင့်တိုင်း တန်းစီစောင့်မှ ဝယ်လို့ရတာ”
ဘေးတွင် ထိုင်နေသော အစေခံမလေးသည် သူတို့နှစ်ဦး၏ စကားကို ကြားသောအခါ မျက်နှာတွင် ရွံရှာသော အမူအရာတစ်ချက် ဖြတ်ပြေးသွားသည်။
မိစ္ဆာတစ်ပိုင်းကတော့ မိစ္ဆာတစ်ပိုင်းပဲလေ။ လူပုံစံ ဘယ်လောက်တောင် ဟန်ဆောင်နေပါစေ၊ မိစ္ဆာမျိုးနွယ်တွေရဲ့ ယုတ်ညံ့တဲ့အကျင့်ကတော့ ပြောင်းလဲလို့မရဘူး။
အားချန်သည် နှုတ်မှ ချေးများနေသော်လည်း သက်သတ်လွတ် အစားအစာများကို လိမ္မာစွာ အကုန်စားသုံးခဲ့သည်။
ထမင်းစားပြီးသောအခါ သူတို့နှစ်ဦးသည် အစပိုင်းကဲ့သို့ စိမ်းသက်မနေတော့ပေ။ ရှန်းဟွေ့ရွှယ်သည် အားချန်ကို မိန်းကလေးကျိ ဟု မခေါ်တော့သည့်အပြင် အားချန်၏ နေရပ်လိပ်စာကိုပင် သိရှိသွားခဲ့သည်။ ထို့ပြင် သူတို့နှစ်ဦးသည် ရက်အနည်းငယ်ကြာလျှင် ချန်းဖိင်ဖန်းရပ်ကွက်သို့ ကြက်သားကင် အတူတူ သွားဝယ်ရန်ပင် ချိန်းဆိုလိုက်ကြသည်။
အားချန်သည် ရှန်းဟွေ့ရွှယ် မည်သည့်နေရာတွင် နေထိုင်သည်ကို မမေးမြန်းခဲ့ရာ ဒါက သူမကို တိတ်တဆိတ် သက်ပြင်းချနိုင်စေခဲ့သည်။
စားသောက်ဆောင်မှ ထွက်လာသောအခါ ရှန်းဟွေ့ရွှယ်၏ အစေခံမလေးက သူမကို မစောင့်နိုင်တော့ဘဲ ဆိုလိုက်သည်။ "သခင်မလေး၊ ညနေစောင်းနေပြီ၊ တို့တွေ ပြန်သင့်ပါပြီ”
ရှန်းဟွေ့ရွှယ်သည် ခဏမျှ တုံ့ဆိုင်းသွားပြီး အားချန်ကို မေးလိုက်သည်။ "အားချန်၊ ရှင် ဘယ်တော့ မြို့ထဲပြန်မှာလဲ”
အားချန်လည်း မသိသဖြင့် ချန်ဟွေ့ကိုသာ လှမ်းကြည့်လိုက်ရသည်။
ချန်ဟွေ့က ပြောလိုက်သည်။ "တို့တွေ မီးပူဇော်ပြီးတာနဲ့ ပြန်မှာပါ၊ နာရီဝက်လောက်တောင် ကြာမှာ မဟုတ်ပါဘူး”
"ဒါဆို ကျွန်မ ကို စောင့်နေမယ်လေ၊ ရှင် မီးပူဇော်ပြီးတာနဲ့ တို့တွေ အတူတူ မြို့ထဲပြန်ကြတာပေါ့”
"ကောင်းတာပေါ့” အားချန်သည် ဝမ်းမြောက်စွာ သဘောတူလိုက်ပြီး ချန်ဟွေ့နှင့်အတူ ကျောင်းထိုင်ဆရာတော်ကို သွားရှာလေသည်။
အချိန် မတန်သေးသော်လည်း သက်ရှည်မီးပုံးများမှာ အဆင်သင့် ဖြစ်နေလေပြီ။ ကျောင်းထိုင်ဆရာတော်သည် အားချန်ကို မီးပုံး ထွန်းညှိရန် လမ်းညွှန်ခေါ်ဆောင်သွားပြီးနောက် သူမတစ်ဦးတည်းကိုသာ ကျောင်းဆောင်အတွင်း ထားရစ်ခဲ့သည်။
အားချန်ကလည်း ခဏသာ နေပြီး ပြန်ထွက်လာခဲ့သည်။ ကျောင်းထိုင်ဆရာတော်နှင့် လောကဝတ် စကားအနည်းငယ် ပြောဆိုပြီးမှ ခုနက အနားယူခန်းရှိ ရှန်းဟွေ့ရွှယ်ထံသို့ ပြန်သွားလိုက်၏။
ထိုအချိန်တွင် အနားယူခန်းထဲ၌ ရှန်းဟွေ့ရွှယ် ခေါ်လာသော အစေခံမလေးသည် ညည်းညူနေဆဲပင်။ "သခင်မလေး ဒီနေ့ အပြင်ထွက်ခွင့်ရတာကိုက သခင်လေးက သနားလို့ ခွင့်ပြုလိုက်တာ၊ ဘယ်လိုလုပ်ပြီး မြို့ထဲပြန်မယ့်အချိန်ကို နောက်ဆုတ်လို့ ရမှာလဲ။ ဟိုနှစ်ယောက်က ဘယ်ကမှန်းမသိ၊ ဘာရည်ရွယ်ချက် ရှိမှန်း ဘယ်သူသိနိုင်မလဲ၊ သခင်မလေးကနေတစ်ဆင့် သခင်လေးကို ချဉ်းကပ်ချင်နေတာလည်း ဖြစ်နိုင်တာပဲ”
ရှန်းဟွေ့ရွှယ်သည် ထိုသူ ပြောနေသည်ကို အတန်ကြာ ငြိမ်သက်စွာ နားထောင်ပြီးမှ ခပ်ဖျော့ဖျော့ ဆိုလိုက်သည်။ "ရှင် ကျွန်မကို အလုပ်အကျွေး မပြုချင်တော့ဘူးဆိုရင် ကျွန်မ ကျန်းကျင့်ဟွိုင်ကို တခြားလူ လဲခိုင်းလိုက်လို့ ရတယ်”
ထိုအစေခံမလေး၏ မျက်နှာသည် ချက်ချင်း နီမြန်းသွားပြီး လေသံတိုးတိုးဖြင့် တုံ့ပြန်လိုက်သည်။ "သခင်မလေးကလည်း ဘာတွေပြောနေတာလဲ၊ ကျွန်မက သခင်မလေးအတွက် ကောင်းစေချင်လို့ ပြောတာပါ၊ ပြီးတော့ သခင်မလေး အစေခံမလေး ဘယ်နှစ်ယောက်တောင် လဲပြီးသွားပြီလဲ၊ ကျွန်မကလွဲလို့ ဘယ်သူက သခင်မလေးကို အလုပ်အကျွေး ပြုချင်ဦးမှာလဲ”
ရှန်းဟွေ့ရွှယ်သည် သူမကို ဆက်ပြီး ဂရုမစိုက်တော့ပေ။
သိပ်မကြာခင်တွင် အပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာသည်။
ရှန်းဟွေ့ရွှယ်သည် ထိုင်ရာမှထကာ တံခါးသွားဖွင့်လိုက်ပြီး အားချန်နှင့် ချန်ဟွေ့တို့ အတူတကွ ပြန်လာသည်ကို တွေ့လိုက်ရသည်။
"မီး ပူဇော်ပြီးသွားပြီ။ ဟွေ့ရွှယ် တို့တွေ တောင်အောက်ဆင်းကြရအောင်”
"ကောင်းပြီ” ရှန်းဟွေ့ရွှယ်သည် အားချန်ကို ပြုံးပြလိုက်ပြီး သူမ၏ နောက်သို့ လိုက်ပါသွားလေသည်။
တောင်အောက်သို့ ရောက်သောအခါ ရှန်းဟွေ့ရွှယ်သည် သူမ၏ ခမ်းနားထည်ဝါသော မြင်းလှည်းထဲသို့ မပြန်ဘဲ အားချန်၏ လှုပ်လီလှုပ်လဲ့ မြင်းလှည်းပေါ်သို့ တက်ထိုင်လိုက်သည်။ နောက်မှ အစေခံမလေးသည် အားချန်ကို မကျေမနပ် စိုက်ကြည့်လိုက်ပြီး မြင်းလှည်းမောင်းသမားကို ရှေ့မှ မြင်းလှည်းနောက်သို့ အမီလိုက်ရန် အလျင်အမြန် ခိုင်းစေလိုက်သည်။
ကြမ်းတမ်းသော တောင်ပေါ်လမ်းတစ်လျှောက်ကို ဖြတ်သန်းပြီးနောက် မြင်းလှည်းသည် လမ်းမကြီးပေါ်သို့ တက်လာခဲ့၏။ လမ်းသည် ပိုမို ညီညာလာသဖြင့် မြင်းလှည်းထဲမှ လူနှစ်ဦးသည်လည်း အပြင်ဘက်မှ ရှုခင်းများကို ကြည့်ရှုခံစားနိုင်သော စိတ်အခြေအနေသို့ ရောက်ရှိလာသည်။
ရှန်းဟွေ့ရွှယ်သည် အပြင်သို့ ထွက်ဖူးဟန် သိပ်မတူချေ။ အပြင်လောကမှ အရာအားလုံးကို စပ်စုနေလေသည်။ အားချန်က မိမိ၏ ခြံဝင်းတည်ရှိရာ လမ်းကြောင်းကို မှတ်မိသွားပြီး လမ်းခွဲတစ်ခုကို လက်ညှိုးထိုးပြကာ သူမကို ပြောလိုက်၏။ "ကျွန်မ ဟိုဘက်မှာ ခြံတစ်ခြံ ရှိသေးတယ်၊ နောက်နေ့ တို့တွေ အတူတူ သွားလည်ကြရအောင်”
"ကောင်းတာပေါ့” ရှန်းဟွေ့ရွှယ်သည် သူမ၏ ဘေးမှ အားချန်ကို ကြည့်ရင်း အကြောင်းရင်းမသိဘဲ သူမနှင့် ထူးထူးခြားခြား ရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။
အားချန်က တခြားလူတွေနဲ့ မတူဘူး။ သူက သူမကို ထူးဆန်းတဲ့ သတ္တဝါလို့ မထင်ဘူး ထင်တယ်။ ပြီးတော့ သူမကိုလည်း ကြောက်လန့်တဲ့မျက်လုံး၊ ရွံရှာတဲ့ မျက်လုံးတွေနဲ့ မကြည့်ဘူး။
ရှန်းဟွေ့ရွှယ်သည် သူမကို အကြောင်းရင်း မေးမြန်းချင်သော်လည်း ရင်းနှီးမှုမရှိသေးဘဲ စကားလွန်သွားမည်ကို စိုးရိမ်နေမိသည်။ အတန်ကြာ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် ထိုမေးခွန်းကို မေးမထွက်ခဲ့ပေ။
ထိုအခိုက်မှာပင် အဝေးမှ မြင်းခွာသံများ ထွက်ပေါ်လာပြီး တစ်စုံတစ်ယောက်သည် မြင်းစီးပြီး သည်နေရာသို့ လာနေဟန်တူသည်။
အားချန်သည် စူးစမ်းလိုစိတ်ဖြင့် ခေါင်းပြူထုတ်ကာ အပြင်သို့ ကြည့်လိုက်ရာ လမ်းမကြီးပေါ်တွင် လူသုံးဦးသည် မြင်းကိုယ်စီဖြင့် သူတို့ထံသို့ ဦးတည်လာနေသည်ကို တွေ့လိုက်ရသည်။
ရှေ့ဆုံးမှ လူသည် တစ်ကိုယ်လုံး ဖြူဖွေးတောက်ပနေသော မြင်းတစ်ကောင်ကို စီးနင်းလာပြီး နေ့အလင်းရောင်အောက်တွင် ထိုမြင်းသည် တလက်လက် တောက်ပနေသဖြင့် အားချန်၏ မျက်လုံးများသည် ချက်ချင်းပင် မခွာနိုင်တော့ပေ။
မြင်းစီးလာသူသည် သူတို့၏ မြင်းလှည်းအနားမှ ဖြတ်သွားစဉ် ရုတ်တရက် မြင်းဇက်ကို ဆွဲလိုက်ပြီး လှည့်ကြည့်လာသည်။ အားချန်သည်လည်း မြင်းပေါ်တွင် ထိုင်နေသော ထိုအမျိုးသားကို မှတ်မိလိုက်၏။ ထိုသူမှာ သူမနှင့် တစ်ကြိမ် တွေ့ဆုံဖူးသော လီမြို့စားအိမ်တော် ၏ဆက်ခံသူသခင်လေးပင် ဖြစ်လေသည်။
ကျန်းကျင့်ဟွိုင်သည်လည်း အားချန်ကို မှတ်မိသွားပြီး မျက်နှာတွင် အံ့ဩမှုအချို့ ပေါ်လာသည်။ "မိန်းကလေးကျိ”
"သခင်လေး နေကောင်းပါရဲ့လား” အားချန်သည် စိတ်မပါတပါ နှုတ်ဆက်လိုက်ပြီး အမူအရာပင် မပြောင်းလဲပေ။ "ရှင် ဘယ်သွားမလို့လဲ”
"ကျွန်တော် လူလာကြိုတာ”
"ဪ၊ ဒါဆို ရှင် အမြန်သွားလေ”
ကျန်းကျင့်ဟွိုင်သည် မြင်းပေါ်တွင် မလှုပ်မယှက် ထိုင်နေဆဲဖြစ်ပြီး သူ၏ အကြည့်တို့သည် ဘေးမှ ရှန်းဟွေ့ရွှယ်ထံသို့ ကျရောက်သွားသည်။
ရှန်းဟွေ့ရွှယ်က သူ၏ အကြည့်ကို ရှောင်လွှဲလိုက်ပြီး အားချန်ကို လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။ "သူက ကျွန်မကို လာကြိုတာ၊ ကျွန်မ သွားရတော့မယ်”
"ကောင်းပြီလေ”
ရှန်းဟွေ့ရွှယ်သည် မြင်းလှည်းပေါ်မှ ဆင်းလိုက်ရာ ကျန်းကျင့်ဟွိုင်က သူမထံသို့ လက်ကမ်းပေးလိုက်သည်။ သူမသည် ခဏလောက် ကြောင်ငေးသွားပြီးမှ ထိုလက်ပေါ်သို့ မိမိလက်ကို တင်လိုက်ပြီး အားယူကာ မြင်းကျောပေါ်သို့ တက်ထိုင်လိုက်သည်။
အားချန်သည် ကျန်းကျင့်ဟွိုင်က ရှန်းဟွေ့ရွှယ်ကို လုံးဝ ထိန်းချုပ်မထားဘဲ ပွေ့ဖက်ကာ မြင်းစီးထွက်ခွာသွားသည်ကို အတန်ကြာအောင် ကြည့်နေပြီးမှ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။
ရှန်းဟွေ့ရွှယ် ထွက်သွားသောအခါ အားချန်သည် အနည်းငယ် ပျင်းရိသွားပြီး မြင်းလှည်းထဲမှ ပြန်ထွက်လာကာ အပြင်ဘက်တွင် ချန်ဟွေ့နှင့်အတူ စကားပြောရန် ထိုင်နေလိုက်သည်။
"ရှင် ရှန်းမိန်းကလေးကို တော်တော် သဘောကျနေပုံပဲ” ချန်ဟွေ့က အနည်းငယ် စူးစမ်းသလို မေးလိုက်သည်။
အားချန်သည် စိတ်ထားကောင်းမွန်ပြီး မည်သူနှင့်မဆို စကားပြောနိုင်သော်လည်း အသစ်တွေ့ဆုံသူများအပေါ်တွင်တော့ အမြဲတမ်း အကွာအဝေးတစ်ခု ထားလေ့ရှိသည်။ သို့သော် ရှန်းဟွေ့ရွှယ်ကတော့ ခြွင်းချက်ဖြစ်နေလေသည်။
"သူ့နာမည်က နားထောင်လို့ ကောင်းလို့ပါ”
"နာမည်ကြောင့်လား”
အားချန်သည် အဝေးသို့ မျှော်ကြည့်ရင်း ခပ်တိုးတိုး ဆိုလိုက်သည်။ "ကျွန်မမှာ ဦးလေးတစ်ယောက် ရှိခဲ့ဖူးတယ်။ သူက သူ့သမီးလေးကို နာမည်ပေးဖို့ ကျွန်မကို ပြောခဲ့ဖူးတယ်။ ကျွန်မက သူ့မှာ သမီးလေးမွေးလာရင် ဟွေ့ရွှယ် လို့ နာမည်ပေးလိုက်လို့ ပြောခဲ့တယ်”
အားချန်သည် လွန်လေပြီးသော အတိတ်ကာလက သူမ ချင်းယွီတောင် ပေါ်တွင် ရှိနေသေးစဉ်က အကြောင်းကို မတွေးဘဲ မနေနိုင်တော့ပေ။
အဲဒီတုန်းက ငါက တခြား မြေခွေးပေါက်စလေးတွေနဲ့ ရန်ဖြစ်ပြီးတော့ တောင်ထဲမှာ တစ်ယောက်တည်း ပုန်းနေခဲ့တာ။ အဲဒီအချိန်မှာ ဦးလေးခြောက်က ငါ့ကို ရှာတွေ့ပြီး သစ်သီးတစ်လုံး ပစ်ပေးခဲ့တယ်။
အဲဒီသစ်သီးက အရမ်းချဉ်တာပဲ။ ငါ ဒေါသတောင် ထွက်သွားတယ်။ ဒါပေမဲ့ အဲဒီသစ်သီးကို စားပြီးတဲ့နောက် ကိုယ်ပေါ်က ဒဏ်ရာတွေက သက်သာလာတော့မှ ဦးလေးခြောက်ကို မမုန်းတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။
ဦးလေးခြောက်က ငါနဲ့ စကားတွေပြောရင်း သူကိုယ်တိုင် နာမည်တစ်ခု ပေးထားတယ်၊ လျိုဖုန်း တဲ့။ အဲဒီနာမည်က လူသားမျိုးနွယ်တွေရဲ့ အရမ်းနာမည်ကြီးတဲ့ စာတစ်ပုဒ်ကနေ လာတာလို့လည်း ပြောပြတယ်။
အဲဒီထဲမှာ အရမ်းလှတဲ့ စာကြောင်းတစ်ကြောင်း ရှိတယ်တဲ့။ “လေပြေထဲ လွင့်မျောဝဲပျံနေသော နှင်းပွင့်လေးနှယ်” ပေါ့။
သူက နောင်တစ်ချိန်မှာ ငါ့လိုပဲ လှပတဲ့ သမီးလေးတစ်ယောက် မွေးချင်တယ်လို့ ပြောသေးတယ်။ ပြီးတော့ အခုထိ အရိပ်အယောင်တောင် မမြင်ရသေးတဲ့ သူ့သမီးလေးအတွက် နာမည်ပေးဖို့ ငါ့ကို တောင်းဆိုခဲ့တယ်လေ။
ငါကလည်း သူ့ကို ပြောလိုက်တာပေါ့။ ဒါဆို ဟွေ့ရွှယ် လို့ ပေးလိုက်ပေါ့လို့၊ ဒီလောက် နားထောင်လို့ကောင်းတဲ့ စကားလုံးတစ်လုံး သင်ယူထားရတာ၊ အသုံးဝင်တဲ့ နေရာတစ်ခုတော့ ရှိရမှာပေါ့လို့။
သူက ကျွန်မကို လူသားတွေရဲ့ ဓလေ့ထုံးစံ နားမလည်ဘူးဆိုပြီး လှောင်ရယ်ခဲ့တယ်။ သမီးနာမည်နဲ့ အဖေနာမည်က စာကြောင်းတစ်ကြောင်းတည်းက ယူသုံးတဲ့ ဓလေ့ ဘယ်မှာ ရှိလို့လဲ၊ ညီအစ်ကိုမောင်နှမတွေမှ ဒီလို သုံးကြတာလို့ ပြောတယ်။
ငါလာ်း သူ့ကို မကျေမနပ်နဲ့ ပြန်ပြောလိုက်တယ်။ ဘာများ မကောင်းစရာ ရှိလို့လဲ။ နားထောင်လို့ ကောင်းရင် ပြီးတာပဲ မဟုတ်လားလို့။ ကိုယ်က မြေခွေးမိစ္ဆာတစ်ကောင် ဖြစ်နေပြီးတော့ ဘာလို့ လူသားတွေလိုပဲ ပွစိပွစိ လုပ်နေရတာလဲလို့။
နောက်ပိုင်းမှာ ဦးလေးခြောက်က အဘွားနဲ့ သံယောဇဉ်ဖြတ်သားပြီး ချင်းယွီတောင်ကနေ ထွက်သွားခဲ့တယ်။ သူ့အကြောင်း နောက်ဆုံးတစ်ခေါက် ကြားသိရတုန်းက အဘွားနဲ့ အကြီးအကဲတွေ စကားပြောနေတာကို ခိုးနားထောင်မိတာ။ သူတို့ပြောတာက ဦးလေးခြောက်က သာ့ရှ နိုင်ငံရဲ့ ရှီးလင် မှာ သေဆုံးသွားပြီတဲ့။
အဘွားက သူ့ကို သားတစ်ယောက်အနေနဲ့ အသိအမှတ်မပြုခဲ့ဘူး။ သူ့ရဲ့ ရုပ်အလောင်းကိုလည်း သွားပြန်မယူခဲ့ဘူး။
ရှန်းဟွေ့ရွှယ်ကို မြင်လိုက်တဲ့အချိန်မှာပဲ သူ့ရဲ့ ဇာစ်မြစ်ကို အတည်ပြုနိုင်ခဲ့တယ်။ တကယ်ပဲ ဦးလေးခြောက်မှာ လှပတဲ့ သမီးလေးတစ်ယောက် ရှိခဲ့တာပဲ။ သူနဲ့ ဒီလောက်တောင် ရုပ်ချင်းဆင်တူပြီး ဟွေ့ရွှယ် လို့လည်း နာမည်ပေးထားခဲ့တာပဲ။
ကျွန်မက ဦးလေးခြောက် ဒီနာမည်ကို သုံးတော့မှာ မဟုတ်ဘူးလို့ ထင်နေခဲ့တာ။
ချန်ဟွေ့သည် အားချန်ကို လှည့်ကြည့်လိုက်သည်။ သူမသည် ကျင့်ယန်မြို့စားတွင် ညီအစ်ကိုများ မရှိကြောင်းနှင့် ကျိချန်တွင်လည်း ထိုသို့သော ဦးလေးမျိုး မရှိကြောင်း ကောင်းစွာ သိထားခဲ့သည်။ သို့သော် ထိုအရာက ဘာများ အရေးကြီးပါမည်နည်း။
နောက်တစ်နေ့ နံနက်စောစောတွင် အားချန်နှင့် ချန်ဟွေ့တို့သည် ကျင့်ယန်မြို့စားအိမ်တော်သို့ သွားရောက်ခဲ့ကြသည်။ ကျင့်ယန်မြို့စားသည် နန်းတွင်းညီလာခံ တက်ရောက်ရန် သွားနေသဖြင့် အိမ်တော်တွင် မရှိပေ။ ရွှဲရှီသည်လည်း သူမကို ထွက်တွေ့ခြင်း မရှိဘဲ အိမ်တော်မှ အိမ်တော်ထိန်းနှင့် အိမ်တော်ကြီးကြပ်သူ နှစ်ဦးကိုသာ ခေါ်ယူပြီး ဂူပြောင်းရွှေ့ခြင်းကိစ္စကို ဦးစီးစေခိုင်းခဲ့သည်။
ရွှဲရှီက သည်အခွင့်အရေးကို အသုံးချကာ သူမကို ဒုက္ခမပေးခဲ့သဖြင့် အားချန်မှာ နည်းနည်းတော့ အံ့ဩသွားခဲ့သေးသည်။
ကျင့်ယန်မြို့စားအိမ်တော်၏ အိမ်တော်ထိန်းသည် အားချန်နှင့် သူမ ငှားရမ်းလာသော ဖုန်းရွှေဆရာတို့နှင့်အတူ ကျိမိသားစု၏ သင်္ချိုင်းမြေသို့ သွားရောက်ခဲ့ပြီးနောက် သူတို့ကို လင်းရှီ ၏ ဂူရှေ့သို့ ခေါ်ဆောင်သွားလေသည်။
လင်းရှီကို မြှုပ်နှံထားသည်မှာ တစ်နှစ်ပင် မပြည့်သေးသဖြင့် ကျောက်တိုင် စိုက်ထူထားခြင်း မရှိသေးဘဲ မြေပုံ အလွတ်တစ်ခုသာ ဖြစ်နေသည်။
အိမ်တော်ထိန်းသည် ဖုန်းရွှေဆရာနှင့် စကားအနည်းငယ် တိုင်ပင်ဆွေးနွေးပြီးနောက် ဖုန်းရွှေဆရာက အဝတ်နီကို ခင်းကျင်းလိုက်ပြီး သူခေါ်ဆောင်လာသော အခြွေအရံများကို ဂူဖွင့်ခိုင်းလေသည်။ မကြာမီပင် ဂူပေါ်မှ မြေကြီးများကို တူးထုတ်လိုက်ရာ လင်းရှီ၏ ခေါင်းတလား ပေါ်ထွက်လာသည်။ မြှုပ်နှံထားသည့် အချိန်ကာလမှာ တိုတောင်းသေးသဖြင့် ခေါင်းတလားသည် ကောင်းမွန်သော အခြေအနေတွင် ရှိနေသေးသည်။
သန်မာထွားကြိုင်းသော အိမ်တော်အစေခံ လေးဦးသည် ဂူကျင်းထဲသို့ ဆင်းသွားပြီး လင်းရှီ၏ ခေါင်းတလားကို မထုတ်ကာ အဝတ်နီပေါ်သို့ တင်လိုက်ကြသည်။
ဖုန်းရွှေဆရာသည် ခေါင်းတလားကို စစ်ဆေးနေစဉ် နောက်မှ အိမ်တော်ကြီးကြပ်သူတစ်ဦးက အဝတ်နီ ဖုံးအုပ်ထားသော ကြေးဇလုံတစ်လုံးကို ကိုင်ဆောင်လာပြီး အိမ်တော်ထိန်း၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
အိမ်တော်ထိန်းသည် ထိုဇလုံကို လှမ်းယူပြီးနောက် အားချန်ထံသို့ လျှောက်လာခဲ့သည်။ သူ၏ မျက်နှာတွင် အပြုံးဖြင့် ဆိုလိုက်သည်။ "မိန်းကလေး၊ ဒီဇလုံထဲက ပြာတွေကို ဂူကျင်းထဲကို ကူပြီး သွန်ချပေးပါဦး”
"ဒါက ထုံးတမ်းအစဉ်အလာ တစ်ခုခု ရှိလို့လား” အားချန်သည် သူမ ငှားရမ်းလာသော ဆရာယန် ကို လှည့်ကာမေးလိုက်သည်။
ဆရာယန်က ခေါင်း အနည်းငယ် ညိတ်ပြလိုက်သည်။ "တချို့မိသားစုတွေက သစ်ပင်သစ်ရွက်ပြာတွေမှာ လူ့လောကရဲ့ မီးခိုးငွေ့တွေ ကပ်ငြိနေတော့ ဂူကျင်းထဲက ဆိုးညစ်တဲ့ အငွေ့အသက်တွေကို နှင်ထုတ်နိုင်တယ်လို့ ယူဆကြတယ်။ ပြာတွေလောင်းထည့်ပြီး မြေပြန်ဖို့၊ နှစ်တိုင်း ပြာနည်းနည်း လာဖြူးပေးပြီး ၁၀ နှစ်လောက် မွေးထားလိုက်ရင် ဒီနေရာကို နောက်တစ်ခါ ပြန်သုံးလို့ ရသေးတယ်လေ”
"ကောင်းပါပြီ” အားချန်သည်လည်း ဤသို့သော ကိစ္စငယ်လေးများဖြင့် အိမ်တော်ထိန်းကို အခက်တွေ့စေရန် မလိုလားသဖြင့် ဇလုံကို လှမ်းယူလိုက်သည်။
အိမ်တော်ထိန်းက သူမကိုယ်စား အပေါ်မှ အဝတ်နီကို ဖယ်ရှားပေးလိုက်ပြီး အားချန်သည် ဇလုံထဲမှ ပြာများကို ဂူကျင်းထဲသို့ ပေါ့ပေါ့ပါးပါး သွန်ချလိုက်သည်။
သူမသည် ကြေးဇလုံကို အိမ်တော်ထိန်းထံ ပြန်ပေးလိုက်သည့် အချိန်တွင်မှ မိမိ၏ လက်ဖဝါးသည် မည်သည့်အချိန်က ရှသွားသည်မသိဘဲ ပေါက်ပြဲရာတစ်ခု ဖြစ်ပေါ်နေပြီး အပေါ်တွင် သွေးစက်များပင် စို့ထွက်နေသည်ကို သတိပြုမိလိုက်၏။
အားချန်က မျက်မှောင်ကြုတ်ကာ အိမ်တော်ထိန်း၏ လက်ထဲမှ ဇလုံကို ကြည့်လိုက်မိသည်။ အိမ်တော်ထိန်းသည် ကြေးဇလုံကို ဘေးမှလူထံ အလျင်အမြန် လွှဲပေးလိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးကာ စိုးရိမ်သွားသည့် မျက်နှာဖြင့် မေးလိုက်သည်။ "မိန်းကလေးရဲ့လက် ဘာဖြစ်သွားတာလဲ၊ ရှသွားတာလား”
အားချန်သည် လက်ကိုင်ပဝါကို ယူ၍ လက်ပေါ်မှ ဒဏ်ရာကို ဖိထားလိုက်ပြီး သိပ်ပြီး အရေးမထားဟန်ဖြင့် ဆိုလိုက်သည်။ "ဘာမှမဖြစ်ပါဘူး”
ယနေ့ ဂူပြောင်းရွှေ့ခြင်းသည် အားချန် လက်ထိခိုက်သွားသည်မှလွဲပြီး ကျန်အရာအားလုံးသည် အဆင်ပြေချောမွေ့သည်ဟု ဆိုနိုင်ပေသည်။
ကျင့်ယန်မြို့စားအိမ်တော်၏ အိမ်တော်ထိန်းသည် လူများကို ခေါ်ဆောင်ကာ လင်းရှီ၏ ခေါင်းတလားကို သင်္ချိုင်းမြေအသစ်သို့ ပို့ဆောင်ကူညီပေးပြီးနောက် ဖုန်းရွှေဆရာက ဂူပြောင်းရွှေ့ခြင်း အခမ်းအနားကို ဦးဆောင်သည်အထိ စောင့်ဆိုင်းကာ ခေါင်းတလားကို သေချာစွာ မြှုပ်နှံပြီးမှ ထွက်ခွာသွားခဲ့သည်။
မြို့ထဲသို့ ပြန်လာသော လမ်းတွင် အိမ်တော်ကြီးကြပ်သူသည် ကြေးဇလုံကို သတိကြီးစွာ ထုတ်ယူလိုက်ပြီး အပေါ်မှ သွေးစွန်းနေသော အလွှာကို အဝတ်ဖြူဖြင့် ဂရုတစိုက် သုတ်သင်ရှင်းလင်းကာ ထိုအဝတ်ဖြူကို အိမ်တော်ထိန်းထံ ပေးအပ်လိုက်သည်။
အိမ်တော်ထိန်းသည် အဝတ်ဖြူကို လှမ်းယူလိုက်ပြီး အပေါ်မှ နီရဲနေသော အရောင်ကို ကြည့်ကာ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ဖူးရန်က ဒီကိစ္စတွေအားလုံးကို အလုပ်ရှုပ်ခံပြီး လုပ်နေတာ။ တကယ်တမ်း ဘာတွေလုပ်ဖို့ ကြံစည်နေမှန်းမှ မသိတာ။
...