← Chapters

မင်း မပြောရင်တော့ မင်းကို ငါစားပစ်လိုက်မှာနော်...

Vol. 8 Ch. 77

မင်း မပြောရင်တော့ မင်းကို ငါစားပစ်လိုက်မှာနော်...

Vol. 8 Ch. 77

(T/N: စာအုပ်ထဲက စုန်းအတတ်တွေက စိတ်ကူးယဉ်ရေးထားတာမလို့ အပြင်မှာ တကယ် ရှိမရှိ မသိပါဘူးနော်။ မစမ်းကြည့်ကြပါနဲ့နော်)

မြင်းလှည်းသည် ကျင့်ယန်မြို့စားအိမ်တော်၏ အပြင်ဘက်တွင် ရပ်တန့်သွား၏။ အိမ်တော်ထိန်းသည် မြင်းလှည်းပေါ်မှ ဆင်းလိုက်သည်နှင့် ရွှဲရှီ၏ အနီးတွင် အမြဲခစားလေ့ရှိသော အစေခံမလေးကြီးက တံခါးဝတွင် စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။

အိမ်တော်ထိန်းကို မြင်လိုက်သည်တွင် အစေခံမလေးက ပြောလာခဲ့သည်။ "ဖူးရန်က တွေ့ချင်နေပါတယ်"

အိမ်တော်ထိန်းသည် ခေါင်းညိတ်လိုက်ပြီး သူမနောက်သို့ လိုက်ပါသွားလေသည်။

ပင်မခြံဝင်းသို့ ရောက်သောအခါ အစေခံမလေးသည် တံခါးအပြင်ဘက်တွင် စောင့်နေလိုက်ပြီး အိမ်တော်ထိန်းကတော့ ပင်မခန်းဆောင်ထဲသို့ တစ်ဦးတည်း ဝင်သွားခဲ့သည်။ အခန်းထဲတွင် ရွှဲရှီအပြင် ရွှဲယင်လည်း ရှိနေလေသည်။

အိမ်တော်ထိန်းသည် ရွှဲယင်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားမိသည်။ ဒီလိုကိစ္စမျိုးကို ဖူးရန်က သခင်မလေးကိုတောင် သိခွင့်ပေးတာတဲ့လား။

သူသည် ထပ်မစဉ်းစားရဲဘဲ ရွှဲယင်ကို တစ်ချက်သာ မော့ကြည့်လိုက်ပြီးနောက် အကြည့်ကို လျင်မြန်စွာ ပြန်လည်ရွှေ့ပြောင်းလိုက်၏။

"ပစ္စည်း ရခဲ့လား" ရွှဲရှီ၏ အသံ ထွက်ပေါ်လာသည်။

"ရခဲ့ပါတယ်" အိမ်တော်ထိန်းသည် လက်တစ်ဝါးစာခန့်ရှိသော အဖြူရောင်အဝတ် ထုပ်လေးတစ်ခုကို သူ့လက်စွပ်အိတ်ထဲမှ ထုတ်ယူလိုက်ပြီး ရွှဲရှီ၏လက်ထဲသို့ ပို့ပေးလိုက်၏။

ရွှဲရှီက အထုပ်ကို ဖွင့်ကြည့်လိုက်ရာ အတွင်းထဲတွင် သွေးစွန်းနေသော အဝတ်စတစ်စ ရှိနေလေသည်။

"ဒါ သူ့သွေးဆိုတာ သေချာရဲ့လား"

"ဖူးရန် စိတ်ချပါ။ ကျွန်တော်မျိုးကိုယ်တိုင် သေချာစိုက်ကြည့်နေခဲ့တာပါ။ လုံးဝ မှားစရာအကြောင်း မရှိပါဘူး"

"ဒါဆိုရင်တော့ ကောင်းတာပေါ့" ရွှဲရှီသည် သွေးစွန်းနေသော အဝတ်ဖြူစကို ကျေနပ်စွာ ပြန်ထုပ်လိုက်ပြီး ဖြည်းညင်းစွာ ထပ်မေးလိုက်သည်။ "ဒီအိမ်တော်မှာ လင်းရှီ သားအမိကို အရင်က အလုပ်အကျွေးပြုခဲ့ဖူးတဲ့ လူဟောင်း ဘယ်နှယောက်ကျန်သေးလဲ"

အိမ်တော်ထိန်းသည် ခဏလောက် စဉ်းစားပြီးမှ "ဖူးရန်က စေတနာကောင်းလို့ အိမ်တော်မှာ ၄ ယောက် ကျန်ပါသေးတယ်။ အဲ့ထဲမှာ လင်းရှီကို အချိန်အကြာဆုံး အလုပ်အကျွေးပြုခဲ့တဲ့ မားမားတစ်ယောက်ကတော့ အခု အဝတ်လျှော်ရုံကို အပို့ခံထားရပါတယ်"

"သူတို့အားလုံးကို ရှာလိုက်။ ပြီးတော့ သူတို့ဆီကနေ ကျိချန်ရဲ့ 'မွေးဖွားချိန် နေ့ လ ခုနှစ်' ကို မေးရမယ်။ ဘယ်သူ အမှန်အတိုင်း ပြောနိုင်လဲ၊ အဲ့ဒီလူကို ပေါ့ပေါ့ပါးပါး အလုပ်တစ်ခုကို ပြောင်းပေးလိုက်"

"ဖူးရန်က အရမ်းကြင်နာတတ်တာပါပဲ။ ကျွန်တော်မျိုး အခုပဲ သွားမေးလိုက်ပါ့မယ်" အိမ်တော်ထိန်းသည် တာဝန်ကို လက်ခံပြီးနောက် အရိုအသေပေးကာ နောက်ပြန်ဆုတ် ထွက်ခွာသွားလေသည်။

ပင်မခြံဝင်းမှ ထွက်လာပြီးနောက် သူ့မျက်နှာထားမှာ မည်သည့်အမူအရာမှ မပြောင်းလဲသော်လည်း စိတ်ထဲတွင်တော့ အနည်းငယ် စိုးရိမ်ပူပန်လာမိသည်။ ဖူးရန်က သွေးရော၊ မွေးဖွားချိန် နေ့ လ ခုနှစ်ရော တောင်းနေတာ... ဒီကိစ္စကို မြို့စားမင်း သိရော သိရဲ့လား။ တကယ်လို့သာ တစ်ခုခုမှားယွင်းသွားခဲ့ရင် ဘယ်လိုလုပ်ကြမတုန်း။

သူ့စိတ်ထဲတွင် တစ်ခဏလောက် တုံ့ဆိုင်းသွားခဲ့သော်လည်း မြို့စားမင်းကို သွားတိုင်ကြားမည့် အတွေးကို ချက်ချင်းပင် ဖျောက်ဖျက်လိုက်သည်။

မြို့စားမင်းက ဖူးရန်အပေါ် ဒီလောက်အလေးထားတာ၊ ဖြစ်နိုင်တာကတော့ ဖူးရန်ကို ဘယ်လိုမှ လုပ်မှာမဟုတ်ဘူး။ ဒါပေမဲ့ သွားတိုင်တဲ့ငါကတော့ ဖူးရန်ရဲ့ အငြိုးကို အသေအချာခံရတော့မှာပဲ။ အိမ်တော်ရဲ့ သခင်မကို ရန်စမိမှတော့ နောက်ပိုင်း ဘယ်လိုလုပ် ကောင်းကောင်းနေထိုင်နိုင်တော့မှာလဲ။

တွေးလေတွေးလေ ဘာမှမသိသလို ဟန်ဆောင်နေခြင်းကသာ အကောင်းဆုံးဖြစ်သည်ဟု ဆုံးဖြတ်လိုက်ရတော့သည်။

အိမ်တော်ထိန်း ထွက်သွားပြီးနောက် ရွှဲယင်သည် ရွှဲရှီ၏ အနားသို့ တိုးကပ်သွားပြီး စားပွဲပေါ်တွင် တင်ထားသော အဖြူရောင်အဝတ်ထုပ်ကို ရွံရှာစွာ ကြည့်ရင်း မေးလိုက်သည်။ "အမေ၊ ဒီပစ္စည်းတွေနဲ့ ဘာလုပ်မလို့လဲ"

ရွှဲရှီသည် သက်ပြင်းတစ်ချက်ကို ဖွဖွချလိုက်၏။ "တကယ်ဆို အမေက ဒီလို ညစ်ပတ်တဲ့ကိစ္စတွေကို မင်းကို မသိစေချင်ခဲ့ပါဘူး။ ဒါပေမဲ့ အခု မင်းအစ်ကိုလည်း မရှိတော့ဘူး၊ မင်းမောင်လေးကလည်း မမွေးသေးဘူး ဆိုတော့... မင်းလည်း နားလည်တတ်သင့်ပြီ"

ရွှဲယင်၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ "အမေ ပြောပါ။ သမီးအားလုံး နားထောင်နေပါတယ်"

"အမေ လွန်ခဲ့တဲ့ ရက်ပိုင်းက ပညာသည်တစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူက လူတစ်ယောက်ကို တိတ်တိတ်လေး သေသွားအောင် လုပ်နိုင်တယ်"

ရွှဲယင်၏ မျက်နှာသည် ဖြူဖျော့သွားသည်။ "အမေ... အမေက ဒီပစ္စည်းတွေနဲ့ ကျိချန်ကို တစ်ခုခုလုပ်မလို့လား"

"ဟုတ်တယ်" ရွှဲရှီသည် သမီးဖြစ်သူကို ကြည့်လိုက်၏။ ဖြူစင်စွာနေထိုင်ခဲ့သော သမီးအတွက် ယနေ့စကားများသည် ဘယ်လောက် ထိတ်လန့်တုန်လှုပ်ဖွယ် ဖြစ်နေမည်ကို သူမ သိလေသည်။ သို့သော် သမီးဖြစ်သူသည် လက်ရှိအခြေအနေကို နားလည်သင့်ပြီဖြစ်သည်။

"ကျိချန်က တို့တွေကို အရိုးထဲစွဲအောင် မုန်းနေတာ။ မင်းဦးလေးနဲ့ မင်းအစ်ကို သေဆုံးသွားတာကလည်း သူ့လက်ချက်ကနေ မလွတ်ကင်းနိုင်ဘူး။ သူ့ကို မြန်မြန်မရှင်းပစ်နိုင်ရင် သူက မင်းကို ပစ်မှတ်ထားလာလိမ့်မယ်" ရွှဲရှီ၏ လေသံသည် အလွန်တည်ကြည်နေ၏။

"အဖေ့ကို သွားမပြောလို့ မရဘူးလား။ အဖေ့ကိုပဲ..."

"မင်းအဖေက ကျိချန်အပေါ် အပြစ်ရှိသလို ခံစားနေတာ။ ကျိချန်ကို အိမ်တော်က နှင်ထုတ်လိုက်တာကကို သူ့အတွက် အစွမ်းကုန်ပဲ။ ပြီးတော့ ဒီကိစ္စတွေက သက်သေလည်း မရှိဘူး။ ဒါတွေအားလုံးက ငါ့ရဲ့ ခန့်မှန်းချက်တွေပဲ။ တကယ်လို့ ဒီနေ့ကိစ္စကိုသာ သူသိသွားခဲ့ရင် သူက လုံးဝတားလိမ့်မယ်" ရွှဲရှီက ရွှဲယင်ကို ကြည့်လိုက်၏။ "ယင်ယင်... အမေ့အတွက် ဒီလျှို့ဝှက်ချက်ကို လုံခြုံအောင် ထိန်းသိမ်းပေးနိုင်မလား၊ ဟင်"

ရွှဲယင်သည် ခေါင်းကို ပြင်းထန်စွာ ညိတ်ပြလိုက်သည်။ "အမေ စိတ်ချပါ။ သမီး ဘယ်ဟာ အရေးကြီးလဲ သိပါတယ်"

သူမ စိတ်ထဲတွင် တွေးလိုက်၏။ အဖေက အစ်ကို့အတွက် လက်စားမချေပေးနိုင်မှတော့ အမေ့ကိုပဲ အားကိုးရတော့မှာပေါ့။

ရွှဲရှီသည် သမီးဖြစ်သူ၏ အသိတရားရှိမှုကို မြင်၍ ကျေနပ်သွားသလို ဤမျှငယ်ရွယ်သော အရွယ်တွင် ထိုသို့သော အရာများကို ရင်ဆိုင်ရသည့်အတွက်လည်း စိတ်မကောင်းဖြစ်မိသည်။

ကျိချန်သာ မရှိခဲ့ရင်... ငါ့သမီးလေးက ဘာမှမသိဘဲ ဖြူဖြူစင်စင်နဲ့ ကြီးပြင်းလာနိုင်မှာ။

ရွှဲရှီသည် မျက်လုံးများကို မှေးစင်းလိုက်၏။ ဒီတစ်ခေါက်တော့ ငါ လုံးဝလက်လွတ်ခံတော့မှာ မဟုတ်ဘူး။

အိမ်တော်ထိန်းသည် နာရီဝက်ခန့်ပင် မကြာလိုက်ဘဲ ထွက်သွားခဲ့ပြီး "မွေးဖွားချိန် နေ့ လ ခုနှစ်" ရေးသားထားသော အဝါရောင် စက္ကူတစ်ရွက်ကို ကိုင်ဆောင်ကာ ပြန်ရောက်လာခဲ့သည်။

သူသည် ရွှဲရှီအား အရိုအသေပေးလျက် "ကျွန်တော်မျိုး သူတို့ကို သီးသန့်စီခွဲမေးခဲ့ပါတယ်။ အဲ့ဒီမားမားအပြင် လင်းရှီရဲ့ ခြံဝင်းမှာတုန်းက ဒုတိယတန်းစား အစေခံမလေးတစ်ယောက်ကလည်း ကျိချန်ရဲ့ 'မွေးဖွားချိန် နေ့ လ ခုနှစ်' ကို မှတ်မိနေပါသေးတယ်။ နှစ်ယောက်လုံး ပြောတာ တူပါတယ်"

"ကောင်းတယ်" ရွှဲရှီသည် ငွေသားတစ်တုံးကို တွန်းပို့လိုက်ကာ "ဒါ မင်းအတွက် ဆုလာဘ်ပဲ။ ဘယ်စကားကို ပြောသင့်တယ်၊ ဘယ်စကားကို မပြောသင့်ဘူးဆိုတာ မှတ်ထား"

အိမ်တော်ထိန်းသည် ငွေတုံးကို သိမ်းလိုက်ပြီး သစ္စာစကားကို ချက်ချင်းဆိုလိုက်၏။ "ဖူးရန် စိတ်ချပါ။ ကျွန်တော်မျိုး ဒီနေ့ ဘာမှမကြားလိုက်ပါဘူး"

ပစ္စည်းများအားလုံး ပြည့်စုံသွားသောအခါ နေ့လယ်စောင်းသည်နှင့် ရွှဲရှီသည် ရွှဲယင်ကိုခေါ်ဆောင်ကာ အတူတကွ အပြင်ထွက်သွားခဲ့လေသည်။

မူလက ရွှဲရှီသည် ရွှဲယင်ကို ခေါ်သွားရန် စိတ်ကူးမရှိခဲ့ပေ။ သို့သော် ရွှဲယင်က "သမီးက အကုန်လုံး သိပြီးသွားမှတော့ နောက်ထပ် နည်းနည်းလောက် ပိုသိသွားတော့ရော ဘာဖြစ်မှာမို့လို့လဲ။ သမီးလည်း ကျိချန် ဘယ်လိုသေမလဲဆိုတာ ကိုယ်တိုင်မြင်ချင်တယ်" ဟု ဆိုသဖြင့် ရွှဲရှီသည် သမီးဖြစ်သူ၏ ခိုင်မာသော ဆုံးဖြတ်ချက်ကို မြင်သောအခါ ထပ်မငြင်းဆန်တော့ချေ။

သူတို့နှစ်ဦး အပြင်ထွက်ချိန်တွင် အိမ်တော်၏ မြင်းလှည်းကို အသုံးမပြုဘဲ အမှတ်တံဆိပ်မရှိသော မြင်းလှည်းတစ်စီးကို သီးသန့်ငှားရမ်းခဲ့သည်။

မြင်းလှည်းသည် သူတို့နှစ်ဦးကို ခိုင်မင်ဖန်းရပ်ကွက်သို့ ပို့ဆောင်ပေးခဲ့ပြီး ရွှဲရှီက ငွေပေးချေပြီးနောက် ရွှဲယင်ကို ခေါ်ကာ မြင်းလှည်းပေါ်မှ ဆင်းလိုက်သည်။

မြင်းလှည်း ထွက်ခွာသွားသည်ကို စောင့်ပြီးမှ ရွှဲရှီသည် ရွှဲယင်ကိုခေါ်ကာ လမ်းကြားငယ်တစ်ခုကို ဖြတ်သန်းပြီး အခြားလမ်းမတစ်ခု၏ အစွန်ဘက်သို့ ရောက်ရှိလာခဲ့သည်။ ဘေးပတ်ဝန်းကျင်တွင် လူသူမရှိသည်ကို သေချာကြည့်ပြီးမှ ခြံဝင်းငယ်လေးတစ်ခု၏ တံခါးကို တွန်းဖွင့်ကာ ဝင်လိုက်၏။

ထိုခြံဝင်းသည် အလွန်တိတ်ဆိတ်ခြောက်သွေ့နေပြီး ခြံဝင်းအနီးတစ်ဝိုက်တွင် ပေါင်းပင်အချို့ပင် ပေါက်ရောက်နေသည်။ ရွှဲယင်သည် ရွှဲရှီ၏ အဝတ်စကို ဆွဲကိုင်ထားရင်း တိုးတိုးလေး မေးလိုက်၏။ "အမေ၊ ဒီမှာ တကယ်ပဲ လူရှိလို့လား"

သူမ စကားဆုံးသည်နှင့် သူတို့နောက်ကျောမှ ခြံတံခါးသည် ရုတ်တရက် ပြန်ပိတ်သွားတော့သည်။ သူတို့ရှေ့မှ အိမ်တံခါးသည်လည်း 'ကျွီ' ခနဲ အသံမြည်ကာ ပွင့်လာပြီး အတွင်းထဲမှ အိုမင်းသော အမျိုးသမီးကြီးတစ်ဦး၏ အသံထွက်ပေါ်လာသည်။ "ဧည့်သည်တော်တွေ ရောက်လာပြီပဲ။ အိမ်ထဲဝင်ပြီး စကားပြောကြတာပေါ့"

ရွှဲရှီသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး သမီးဖြစ်သူ၏ လက်ကို ဆုပ်ကိုင်ကာ အိမ်ထဲသို့ အတူတကွ လျှောက်ကာဝင်သွားလိုက်တော့သည်။

အိမ်အတွင်းပိုင်း၏ ပြင်ဆင်မှုသည် သာမန်အိမ်များနှင့် မတူညီဘဲ ဤနေရာတွင် ခုတင်ပုလေးတစ်လုံးသာ ရှိပြီး ဆံပင်ဖြူဖွေးကာ ခြောက်ကပ်ကပ် မျက်နှာထားရှိသော အဘွားကြီးတစ်ဦး ထိုင်နေလေသည်။

သူမ၏ မျက်နှာချင်းဆိုင်တွင် ကြီးမားသော ပူဇော်ပွဲတင်ခုံကြီးတစ်ခု ရှိ၏။ ထိုခုံပေါ်တွင် လူတစ်ရပ်စာခန့် မြင့်မားသော ရုပ်တုတစ်ခုကို တင်ထားပုံရသော်လည်း အနက်ရောင်အဝတ်စဖြင့် ဖုံးအုပ်ထားသဖြင့် အတွင်းထဲတွသ် မည်သည့်အရာကို ပူဇော်ထားသည် မမြင်ရချေ။

ပူဇော်ပွဲတင်ခုံ၏ အောက်ဘက်တွင် ရေအိုးငယ်လေးတစ်လုံးရှိပြီး အတွင်းထဲတွင် ငါးမွေးထားဟန်တူသည်။ ရေလှုပ်ခတ်သံများ မကြာမကြာ ထွက်ပေါ်နေ၏။

ရွှဲရှီတို့ သားအမိ ဝင်လာသည်နှင့် ရေညှီနံ့တစ်ခုကို ရလိုက်သည်။ ရွှဲယင်သည် နှာခေါင်းကို ရှုံ့လိုက်ပြီး ထိုအနံ့ကို မကြိုက်သဖြင့် လက်ဖြင့် နှာခေါင်းကို ဖုံးအုပ်ထားလိုက်၏။

သူတို့နှစ်ဦး ဝင်လာစဉ်က ထိုအဘွားကြီးသည် ရွှဲရှီ၏ဘေးမှ ရွှဲယင်ကို အပေါ်အောက် အကဲခတ်ကြည့်ရှုနေပြီး ခေတ္တမျှကြာမှ အကြည့်ကို ပြန်လည်ရွှေ့ပြောင်းလိုက်သည်။

"ရွှဲဖူးရန်၊ တို့တွေ ပြန်တွေ့ကြပြန်ပြီ" အဘွားကြီးသည် ရွှဲရှီတို့ သားအမိ ထိုင်ခုံတွင် ဝင်ထိုင်ပြီးမှ စကားစလိုက်သည်။ "ပစ္စည်းတွေရော အဆင်သင့်ဖြစ်ပြီလား"

"အကုန် အဆင်သင့်ပါပဲ" ရွှဲရှီသည် "မွေးဖွားချိန် နေ့ လ ခုနှစ်" ရေးထားသော အဝါရောင်စက္ကူနှင့် သွေးစွန်းနေသော အဖြူရောင်အဝတ်စကို ထုတ်ယူကာ ခုတင်ပုလေးပေါ်သို့ တင်ပေးလိုက်ပြီး စိတ်မရှည်စွာ မေးလိုက်၏။ "ဘယ်တော့ စလို့ရမလဲ"

"အခု ချက်ချင်း စလို့ရတယ်" အဘွားကြီးသည် သွေးစွန်းနေသော အဝတ်စကို ယူကာ နှာခေါင်းအောက်တွင် တေ့လိုက်ကာ အနံ့ခံကြည့်လိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ "ကောင်းတယ်၊ တော်တော်လတ်ဆတ်တာပဲ"

ထိုသို့ပြောရင်း သူမသည် ဘေးသို့စောင်းကာ နောက်ကျောမှ ကတ်ကြေးတစ်လက်ကို ထုတ်ယူပြီး ရွှဲရှီထံသို့ ကမ်းပေးလိုက်သည်။ "ရွှဲဖူးရန်၊ ရှင့်လက်သည်းတွေကို ညှပ်ပြီး ကျွန်မကို ပေးပါ"

ရွှဲရှီသည် ကတ်ကြေးကို ကြည့်ရင်း မျက်မှောင်ကြုတ်သွား၏။ သူမ၏ စိတ်ထဲတွင် အနည်းငယ် မလိုလားဖြစ်သွားသည်။ "မညှပ်လို့ မရဘူးလား"

အဘွားကြီးသည် သူမ၏ သတိထားနေပုံကို ရိပ်မိဟန်တူစွာ ပါးစပ်ကို ဖြဲကာ ရယ်လိုက်သည်။ "ဖူးရန်က ကျွန်မ တခြားလူတွေကို ကျိန်စာတိုက်တာ အစအဆုံး မြင်ဖူးတာပဲ။ ပြင်းထန်တဲ့ အမုန်းတရားမရှိရင် 'ရေမိစ္ဆာ' ကို သုံးပြီး တခြားလူကို ကျိန်စာတိုက်လို့ မရဘူး။ ဒီအမုန်းတရားကို ရှင့်ဆီကပဲ ရနိုင်မှာ။ လက်သည်းက အဲ့ဒီအမုန်းတရားကို သယ်ဆောင်ပေးမယ့် ကြားခံပစ္စည်းပဲ"

ရွှဲရှီသည် ခဏလောက်သာ တုံ့ဆိုင်းလိုက်ပြီးနောက် ကတ်ကြေးကို ယူကာ လှပစွာ ပြုစုထိန်းသိမ်းထားသော သူမ၏ လက်သည်းများကို ညှပ်ချလိုက်လေတော့သည်။

အဘွားကြီးသည် ရွှဲရှီညှပ်ချလိုက်သော လက်သည်းများကို သိမ်းဆည်းလိုက်ပြီး အဝတ်ဖြူစနှင့် အဝါရောင်စက္ကူကိုလည်း ယူဆောင်ကာ အနက်ရောင်ဖိနပ်ကို စီးရင်း မြေပြင်ပေါ်သို့ ဆင်းလိုက်၏။

သူမသည် ရှူနာရှိုက်ကုန်းဟု ထင်ရသော်လည်း လှုပ်ရှားမှုများမှာ အလွန်သွက်လက်လှသည်။ မြေပြင်ပေါ်သို့ ဆင်းပြီးနောက် ပူဇော်ပွဲတင်ခုံဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားကာ ရွှဲရှီထံမှ ရရှိလာသော လက်သည်းများကို နှစ်ပုံခွဲလိုက်ပြီး တစ်ပုံကို ပူဇော်ပွဲတင်ခုံပေါ်ရှိ ပန်းကန်လွတ်တစ်ခုထဲသို့ ထည့်ကာ ရုပ်တု၏ ရှေ့သို့ တွန်းပို့လိုက်၏။

ထို့နောက် သူမသည် ပူဇော်ပွဲတင်ခုံရှေ့တွင် မည်သူမျှ နားမလည်နိုင်သော ဘာသာစကားများကို စတင်ရွတ်ဆိုလိုက်ရာ သူမ၏ လက်ထဲတွင် ကိုင်ထားသော "မွေးဖွားချိန် နေ့ လ ခုနှစ်" ရေးထားသည့် အဝါရောင်စက္ကူသည် ရုတ်တရက် အလိုအလျောက် မီးစတင်လောင်ကျွမ်းလာလေသည်။

အဘွားကြီးသည် ထိုအဝါရောင်စက္ကူကို ကိုင်ထားရင်း အပြာရောင်မီးတောက်များက သူမ၏ လက်ကို ဝါးမြိုသွားသည့်တိုင် လွှတ်မချခဲ့ပေ။

ရွှဲယင်သည် ထိုမြင်ကွင်းကို မြင်လိုက်သည်တွင် ထိတ်လန့်တကြား အော်ဟစ်မိလိုက်၏။ ထိုအဘွားကြီးက သူမဘက်သို့ လှည့်ကြည့်ကာ ပြုံးပြလိုက်ပြီး နှစ်သိမ့်လိုက်သေးသည်။ "မိန်းကလေး မကြောက်ပါနဲ့။ ဒီမီးက ကျွန်မကို ဘာမှမလုပ်နိုင်ပါဘူး"

ထိုသို့ပြောရင်း သူမသည် ရွှဲယင်ကို သူမ၏ လက်ဖဝါးကို ဖြန့်ပြရာ အမှန်တကယ်ပင် မီးလောင်ဒဏ်ရာ တစ်စုံတစ်ရာ မရှိခဲ့ချေ။

ထို့နောက် အဘွားကြီးသည် ပူဇော်ပွဲတင်ခုံအောက်ရှိ ရေအိုးထဲသို့ လက်ကို ထပ်မံထည့်သွင်းလိုက်ပြီး အလွန်အားစိုက်ကာ တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်ဟန်တူသည်။ ထို့နောက် အပေါ်သို့ မြှောက်တင်လိုက်၏။

ထိုအခါမှ ရွှဲရှီတို့ သားအမိသည် ဆွဲထုတ်ခံလိုက်ရသော အရာမှာ ငါးတစ်ကောင်ဖြစ်ကြောင်း တွေ့မြင်လိုက်ရသည်။ ပုံသဏ္ဌာန်အရ ငါးခေါင်းတိုတစ်ကောင်နှင့် တူလေသည်။

သို့သော် သေချာစွာ စိုက်ကြည့်လိုက်မှ ထိုငါးတွင် လူမျက်နှာပေါက်နေသည်ကို တွေ့လိုက်ရ၏။ အဘွားကြီးသည် မျက်နှာသေဖြင့် သွေးစွန်းနေသော အဝတ်ဖြူစကို ထိုထူးဆန်းသောငါး၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။

ထိုအကောင်ကြီးသည် အဘွားကြီးကို မကျေမနပ် မာန်ဖီလိုက်ပြီး လွှသွားကဲ့သို့သော သွားများကို ဖော်ပြကာ အဝတ်ဖြူစကို ဆုတ်ဖြဲပြီး ဝမ်းဗိုက်ထဲသို့ မျိုချလိုက်လေသည်။

ထိုအခါမှ အဘွားကြီးသည် လက်ကို လွှတ်ပေးလိုက်ရာ ထိုအကောင်ကြီးသည် ရေအိုးထဲသို့ ချက်ချင်း ပြန်လည် နစ်မြုပ်ပျောက်ကွယ်သွား၏။

ရွှဲရှီသည် အဘွားကြီး၏ ကျိန်စာတိုက်ခြင်းကို မြင်ဖူးသော်လည်း ဤအကောင်ကြီးကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့သဖြင့် တစ်ကိုယ်လုံး တုန်လှုပ်ကာ ခြေလက်များပင် ပျော့ခွေသွားပြီး စိတ်ထဲတွင်လည်း တုန်လှုပ်ခြောက်ခြားသွားတော့သည်။

ရွှဲယင်သည် ရွှဲရှီ၏ အနားတွင် တင်းကျပ်စွာ ကပ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လျက်ရှိသည်။ အကယ်၍သာ ပါးစပ်ကို အချိန်မီ လက်ဖြင့် မပိတ်ထားမိပါက သူမသည် ကြောက်လန့်တကြား အော်ဟစ်မိမည်မှာ သေချာလှသည်။

အဘွားကြီးက နောက်သို့ လှည့်လာသောအခါ သားအမိနှစ်ဦးလုံးက သူမကို ထိတ်လန့်တကြား ကြည့်နေသည်ကို တွေ့သဖြင့် "ဟား ဟား"နှင့် ရယ်မောလိုက်ကာ "ဖူးရန် စိတ်အေးအေးထားပါ။ အဲ့ဒီအကောင်က သေသင့်သေထိုက်တဲ့လူကိုပဲ သွားရှာတာပါ"

ရွှဲရှီ စိတ်အေးသည် မအေးသည်ကို သူမကိုယ်တိုင်သာ သိသော်လည်း ငွေစက္ကူထုတ်ပေးသည့် လှုပ်ရှားမှုကတော့ အလွန်သွက်လက်နေသည်။

"ပြီးသွားပြီလား" ရွှဲရှီက မေးလိုက်၏။

"ပြီးသွားပြီ။ ဒီကျိန်စာက ၃ ရက် ကြာလိမ့်မယ်။ ၃ ရက် ပြည့်သွားရင် ကျိန်စာမိတဲ့သူရဲ့ ဝိညာဉ်ကို အဝါးမြိုခံရပြီး သူ့ခန္ဓာကိုယ်ကလည်း ရေထဲမှာ နစ်သေသွားလိမ့်မယ်။ ဘယ်သူမှ ပုံမှန်မဟုတ်တာကို သတိထားမိမှာ မဟုတ်ဘူး"

"ကျေးဇူးတင်ပါတယ်" ရွှဲရှီသည် ငွေစက္ကူ လျန်၁၀၀၀ ကို အဘွားကြီးထံသို့ ပေးအပ်လိုက်သည်။

ထိုအဘွားကြီးက ငွေစက္ကူများကို ရေတွက်ကြည့်ပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ "တကယ်လို့ ဖူးရန် နောက်ထပ် သေစေချင်တဲ့လူ ရှိသေးရင် ကျွန်မဆီ အချိန်မရွေး လာခဲ့လို့ရတယ်"

"ကောင်းပြီ" ရွှဲရှီသည် ထရပ်လိုက်ပြီး သတိပေးစကားကိုလည်း မမေ့မလျော့ ဆိုလိုက်၏။ "တကယ်လို့ ဒီကိစ္စကိုသာ တခြားလူတွေ သိသွားခဲ့ရင်..."

"ဖူးရန်က နောက်တာပဲ။ ဒါက အသက်နဲ့ရင်းရတဲ့ အလုပ်ပါ။ အဘွားကြီး ကျွန်မက နေလို့ မဝသေးပါဘူး" ထိုသို့ပြောရင်း သူမသည် ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ "ဒီနေရာမှာ ၃ နှစ်လောက် နေလာတာတောင် မင်ကျင့်စီးရဲ့ လူတွေ တစ်ခါမှ ရှာမတွေ့ဘူးဆိုကတည်းက ဖူးရန် သိသင့်ပါတယ်။ ကျွန်မက စည်းကမ်းရှိတဲ့လူပါ"

အဘွားကြီး၏ စကားကို ကြားသောအခါ ရွှဲရှီ၏ မျက်နှာထားသည် အနည်းငယ် ပြေလျော့သွား၏။

သူတို့နှစ်ဦး ထွက်ခွာရန် ပြင်လိုက်စဉ် ထိုအဘွားကြီးက ရုတ်တရက် မေးလိုက်ပြန်သည်။ "ရှင့်ရဲ့ သမီးက 'ယင်' နှစ်၊ 'ယင်' လ၊ 'ယင်' အချိန်မှာ မွေးခဲ့တာလား"

ရွှဲရှီမှာ ချက်ချင်းပင် သတိအနေအထား ပြန်ဖြစ်သွား၏။ "ရှင် ကျွန်မကို စုံစမ်းထားတာလား"

"မဟုတ်ရပါဘူး" ထိုအဘွားကြီးက ခေါင်းခါလိုက်ကာ "တစ်ချက်ကြည့်ရုံနဲ့ သိနိုင်တာပါ။ ဒီနှစ်မှာ ရှင့်ရဲ့ သမီး ကံကြမ္မာက အရမ်းနိမ့်ကျနေတယ်။ တကယ်လို့သာ ကြားဝင်မစွက်ဖက်ဘူးဆိုရင် အသက်အန္တရာယ်တောင် ရှိနိုင်တယ်"

ရွှဲရှီ၏ မျက်နှာသည် ပြောင်းလဲသွားသည်။ အကယ်၍ တခြားလူသာ ထိုသို့ပြောလျှင် သူမသည် ချက်ချင်း ဒေါသထွက်မိမည် ဖြစ်သော်ငြား ယခုလေးတင် သည်အဘွားကြီး၏ စွမ်းရည်ကို မျက်မြင်ကိုယ်တွေ့ တွေ့မြင်ခဲ့ရသဖြင့် စိတ်ထဲတွင် မကျေနပ်သော်လည်း အေးစက်စွာ ပြန်ပြောလိုက်‌လေသည်။ "ရှင် စိတ်ပူပေးစရာ မလိုပါဘူး"

ထိုအဘွားကြီးသည် ရွှဲရှီ၏ မနှစ်မြို့သော မျက်နှာထားကို မမြင်ဟန်ဆောင်ကာ ဆက်လက်ပြောလာခဲ့သည်။ "ဒီစကားကို ကျွန်မက အမှတ်မထင် ပြောလိုက်တာပါ။ ဖူးရန် နားမထောင်ဘဲ နေလို့ရပါတယ်။ ရှင့်ရဲ့ သမီးကလည်း အရွယ်ရောက်နေပြီဆိုတော့ ကံကြမ္မာချင်း ကိုက်ညီမယ့် လူတစ်ယောက်ကို ရှာပြီး အမြန်ဆုံး လက်ထပ်ထိမ်းမြားပေးလိုက်တာ အကောင်းဆုံးပဲ။ ဒါမှ သူ့ကံကြမ္မာထဲက အခက်အခဲကို ကျော်လွှားနိုင်လိမ့်မယ်"

ထိုသို့ပြောပြီးနောက် သူမသည် ဆက်ပြီး စကားမဆိုတော့ချေ။

ရွှဲရှီ၏ စိတ်ထဲတွင် သံသယများ ဝင်လာသော်လည်း ထပ်မမေးမြန်းတော့ဘဲ ရွှဲယင်ကို ဆွဲခေါ်ကာ အိမ်ထဲမှ လျင်မြန်စွာ ထွက်ခွာသွားလေတော့သည်။

အိမ်ထဲတွင် အဘွားကြီးသည် ရွှဲယင်၏ နောက်ကျောကို ကြည့်ရင်း ကျေနပ်စွာ ပြုံးလိုက်လေတော့သည်။

...

ထိုနေ့ညတွင် အားချန်သည် အိပ်စက်သွားပြီးနောက် စိတ်ထဲတွင် သိပ်ပြီး တည်ငြိမ်မှု မရှိဘဲ အိပ်မက်တစ်ခုကို မက်လေသည်။

အားချန်သည် အမြဲတစေ အိပ်မက်မက်လေ့ မရှိပေ။ ယခင်က မက်ခဲ့သော အိပ်မက်များမှာလည်း အတိတ်အကြောင်းအရာ အဖြစ်အပျက်များသာ ဖြစ်သည်။ သို့သော် ဒီတစ်ခေါက် အိပ်မက်မှာတော့ အတော်လေး ဆန်းသစ်နေ၏။

သူမသည် မိမိကိုယ်ကို အိပ်စက်နေသော အခန်းထဲတွင် ရှိနေသည်ကို ခံစားမိသည်။ အခန်းတံခါးသည် ပွင့်လျက်ရှိပြီး အပြင်ဘက်တွင် မှောင်မည်းနေကာ လရောင်သာ ကျောက်ပြားခင်းလမ်းပေါ်သို့ ဖြာကျလျက်ရှိသည်။

တိတ်ဆိတ်ခြင်း၏ နောက်တွင် သူမသည် ရေလှုပ်ခတ်သံကို ရုတ်တရက် ကြားလိုက်ရ၏။ တစ်စုံတစ်ခုသည် ခြံဝင်းထဲရှိ ရေတွင်းထဲမှ တက်လာဟန်တူ၏။

ထို့နောက် တစ်စုံတစ်ယောက်က ခြေဗလာဖြင့် မြေပြင်ပေါ်တွင် လျှောက်လှမ်းနေသကဲ့သို့ 'ဖတ်.. ဖတ်..' ဟူသော အသံများ ထွက်ပေါ်လာသည်။

အားချန်သည် တစ်စုံတစ်ခုက သူမရှိရာသို့ လျှောက်လှမ်းလာနေသည်ကို အသံသာ ကြားရပြီး ထိုအရာ၏ အရိပ်ကိုတော့ မမြင်တွေ့ရချေ။

သည်အိပ်မက်သည် သူမကို တစ်ညလုံးနီးပါး နှောင့်ယှက်နေခဲ့သည်။ မိုးလင်းသောအခါ အားချန်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး ခေါင်းမူးဝေကာ အနည်းငယ် နုံးချိနေသလို ခံစားနေရလေသည်။

သူမသည် စိမ်းပြာရောင် ဂါဝန်တစ်ထည်ကို ရွေးချယ်ဝတ်ဆင်လိုက်ပြီး အိမ်တံခါးမှ ထွက်လိုက်သည်နှင့် ချန်ဟွေ့က ရေတွင်းဘေးတွင် ရပ်ကာ တစ်စုံတစ်ခုကို ကြည့်ရှုနေသည်ကို တွေ့လိုက်ရသည်။

"ဟွေ့ညန် , ဘာကြည့်နေတာလဲ"

ချန်ဟွေ့သည် ခေါင်းမော့လာပြီး မျက်နှာထား အနည်းငယ် တင်းမာလျက် "ကျွန်မ ဒီမနက် အိပ်ရာထတော့ ရေတွင်းဘေးမှာ ရေကွက်တွေ အများကြီး တွေ့တယ်။ ညက ကျွန်မ ရေမခပ်ခဲ့သလို ရေတွင်းဘေးကိုလည်း ရှင်းလင်းပြီးသားပါ။ ညက ရှင် ရေခပ်ခဲ့သေးလား"

အားချန်က ခေါင်းခါလိုက်သည်။ "ရှင်လည်း သိသားပဲ။ ကျွန်မက ရေပုံးကို ဘယ်လိုလုပ် မနိုင်မှာလဲ"

"ဒါဆို... တစ်ခုခု ရောက်လာခဲ့တာလား"

ချန်ဟွေ့၏ မျက်နှာမှာ တင်းမာသွားတော့သည်။ သို့သော် သူမသည် ညက ပုံမှန်မဟုတ်သော အသံ တစ်စုံတစ်ရာ မကြားခဲ့ရပေ။ အကယ်၍ တစ်စုံတစ်ခု ရောက်လာခဲ့လျှင် သူမ ကြားရမည်သာ။

အားချန်သည် သမ်းဝေလိုက်၏။ "ဟုတ်တယ်လေ။ တစ်ညလုံး ကျွန်မကို နှောင့်ယှက်နေတာ။ မြန်မြန်လုပ်။ ကျွန်မအတွက် စားစရာတစ်ခုခု ရှာပေးဦး။ စားပြီးရင် အိပ်ရေးထပ်ဝအောင် အိပ်ရဦးမယ်"

ချန်ဟွေ့သည် တုန်လှုပ်သွားသည်။ "ရှင် ဘာကောင်လဲဆိုတာ သိလို့လား"

"မမြင်ရသေးဘူး။ နောက် နှစ်ရက်လောက်ဆိုရင်တော့ သိရလောက်ပါတယ်"

အားချန်၏ ဂရုမစိုက်ဟန် ပုံစံကို မြင်လိုက်သည်တွင် ချန်ဟွေ့သည် နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားတော့သည်။ ကြည့်ရတာ သိပ်ပြီး အစွမ်းထက်တဲ့ အကောင်တော့ မဟုတ်လောက်ပါဘူး။

ချန်ဟွေ့သည် မနက်စောစောက ဝယ်လာသော တို့ဟူးနှောက်နှင့် အသားကြော်မုန့်ကို တည်ခင်းပေးလိုက်သည်။ အားချန်သည် တို့ဟူးနှောက် ထည့်ထားသော ပန်းကန်ကို ကောက်ကိုင်လိုက်စဉ် ရုတ်တရက် ကျစ်ခနဲ စုပ်သပ်လိုက်ပြီး ပန်းကန်ကို စားပွဲပေါ်သို့ လျင်မြန်စွာ ပြန်ချထားလိုက်သည်။

"ဘယ်လိုဖြစ်တာလဲ"

အားချန်သည် လက်ကို ဖြန့်ပြလိုက်၏။ မနေ့က ဓားရှခဲ့သော ဒဏ်ရာသည် အနည်းငယ် နီရဲနေပြီး ယခုလေးတင် အပူလောင်သွားသဖြင့် အလွန်နာကျင်နေလေသည်။

ချန်ဟွေ့သည် ထိုမြင်ကွင်းကို မြင်လိုက်သည်တွင် မျက်မှောင်ကြုတ်ကာ ထရပ်လိုက်သည်။ "ကျွန်မ ဒဏ်ရာလိမ်းဆေး သွားရှာလိုက်ဦးမယ်"

"မလိုပါဘူး" အားချန်က သူမကို တားလိုက်၏။ "ဒဏ်ရာသေးသေးလေးပဲဟာ။ နောက် နှစ်ရက်လောက်ဆို ပျောက်သွားမှာပါ"

သူမသည် လက်ကို နှုတ်ခမ်းနားတွင် တေ့ထားပြီး ဖြည်းညင်းစွာ လေမှုတ်လိုက်သည်။ လေအေးများက ဒဏ်ရာကို လာရောက်ထိတွေ့သောအခါ ယခင်ကလို မနာကျင်တော့ချေ။

ချန်ဟွေ့သည် အားချန်၏ လှုပ်ရှားမှုကို စူးရှစွာ ကြည့်ရင်း "မနေ့က ရှင် ရုတ်တရက် ဒဏ်ရာရပြီး သွေးထွက်သွားတယ်။ ညရောက်တော့ အိမ်ထဲကို မသန့်ရှင်းတဲ့အရာ ဝင်လာတယ်။ ဒါက တိုက်ဆိုင်မှုတော့ မဖြစ်နိုင်လောက်ဘူး"

အားချန်သည် လက်ကို ပြန်ချလိုက်ပြီး လေသံထဲတွင် နှမြောတသမှုများ ပါဝင်နေသည်။ "ကျွန်မလည်း တိုက်ဆိုင်မှုပဲ ဖြစ်စေချင်တာပေါ့။ ဒါပေမဲ့ လူ့စိတ်က သိပ်ကို ကြောက်စရာကောင်းတယ်"

လူတွေက တကယ် ရှုပ်ထွေးတာပဲ။ တစ်ခုပြီးတစ်ခု ဆက်စပ်နေတာ။ မပင်ပန်းကြဘူးလားမသိဘူး။

ဒုတိယနေ့ညတွင် အားချန်သည် ထပ်တူညီသော အိပ်မက်ကို တစ်ဖန် ပြန်လည်မက်မြင်ပြန်သည်။

မတူညီသည့်အချက်မှာ သည်တစ်ကြိမ်တွင် ရေတွင်းထဲမှ တက်လာသော အကောင်သည် ပုံသဏ္ဌာန် ပေါ်လာခြင်းပင်။ ထိုအရာသည် ခြေလက်များ ပေါက်နေသော ငါးတစ်ကောင်ဖြစ်ပြီး ထိုငါးတွင် လူမျက်နှာလည်း ရှိနေသည်။ ညဘက်တွင် ထိုသို့ ကြောက်မက်ဖွယ်ရာ အရာကို မြင်တွေ့ရခြင်းသည် လူတစ်ယောက်ကို အသေအလဲ ထိတ်လန့်သွားစေနိုင်သည်မှာ သေချာလှသည်။

အားချန်သည် မှောင်မည်းနေသော အိမ်ခန်းထဲတွင် ဆက်လက်နေထိုင်ရင်း အပြင်ဘက်မှ တဖြည်းဖြည်း နီးကပ်လာသော ထိုအကောင်ကြီးကို အသံတိတ် စောင့်ကြည့်နေလိုက်၏။

ထိုနေ့ညတွင် ထိုအကောင်ကြီး၏ လက်သည် အိမ်တံခါးကို လှမ်းဆွဲထားသော်လည်း အိမ်ထဲသို့ ဝင်ရောက်လာခြင်း မရှိခဲ့ပေ။

မိုးလင်းသောအခါ သူမ၏ အိမ်ခန်းအပြင်ဘက်တွင် ရေအိုင်ကြီးတစ်ခု ထပ်မံဖြစ်ပေါ်နေပြန်သည်။

တတိယနေ့သို့ ရောက်သောအခါ အားချန်သည် စောစောပင် အိပ်ရာဝင်လိုက်သည်။ ညသန်းခေါင်ပင် မရောက်သေးမီ အိပ်မက်သည် ထုံးစံအတိုင်း ရောက်ရှိလာပြန်သည်။

ထိုအကောင်ကြီးသည် ယနေ့ညတွင် ပိုမိုကြီးမားလာဟန်ရှိပြီး လူတစ်ရပ်စာခန့် မြင့်မားနေသည်။ လရောင်သည် သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေပြီး သူ့ ကြောက်မက်ဖွယ်ကောင်းသော အရိပ်သည် လက်များ၊ ခြေများဖြင့် လှုပ်ရှားနေ၏။

သူသည် ခြေဗလာဖြင့် ကျောက်ပြားပေါ်တွင် လျှောက်လှမ်းလာပြီး ပါးစပ်မှလည်း "ကျိ... ချန်..." ဟု အဆက်မပြတ် ရေရွတ်နေလေသည်။

ထို့နောက် သူသည် အားချန် နေထိုင်သော အိမ်ခန်းဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။

သူသည် အခန်းထဲသို့ ဝင်ရောက်လာပြီးနောက် မူလက မှောင်မည်းနေသော အခန်းထဲတွင် ရုတ်တရက် မြစိမ်းရောင် မီးအလင်းရောင် နှစ်စုံ ထွက်ပေါ်လာသည်။ ထိုအကောင်ကြီးသည် တစ်ချက် တောင့်တင်းသွားဟန်တူပြီး တစ်စုံတစ်ခုက သူ့ထံသို့ လျှောက်လှမ်းလာသည်ကို ခံစားလိုက်ရသည်။

သူ့ ပါးစပ်မှ "ကျိ... ချန်..." ဟု ဆက်လက် ရေရွတ်နေဆဲ။

"ဒီမှာ ရှိတယ်" အမှောင်ထုထဲမှ အားချန်၏ အသံထွက်ပေါ်လာ၏။

နောက်တစ်ခဏတွင် မီးရောင်များ လင်းထိန်သွားပြီး ထိုအကောင်ကြီး၏ ခန္ဓာကိုယ်သည် ရုတ်တရက် တောင့်တင်းသွားကာ ဖြည်းညင်းစွာ ခေါင်းမော့ကြည့်လိုက်လေသည်။

သူ့ ရှေ့တွင် တစ်ကိုယ်လုံး နှင်းကဲ့သို့ ဖြူဖွေးနေသော မြေခွေးကြီးတစ်ကောင် ရပ်နေလေ၏။ ထိုမြေခွေး၏ ကိုယ်ပေါ်တွင် သံကြိုး ၄ ချောင်း ချည်နှောင်ထားပြီး ယခုအခါတွင် သူ့ကို ခေါင်းငုံ့ကာ ကြည့်နေလေသည်။

"ငါ့ရဲ့ ဝိညာဉ်ကို ကိုယ့်သဘောနဲ့ကို တကူးတက လာရှာတဲ့ အကောင်က ဒါ ပထမဆုံးပဲ။ တကယ်ကို ဆန်းသစ်တာပဲ"

မြေခွေး၏ ပါးစပ်မှ သာယာနာပျော်ဖွယ်ကောင်းသော မိန်းမပျိုတစ်ဦး၏ အသံထွက်ပေါ်လာလေသည်။

ထိုအကောင်ကြီးသည် ပါးစပ်ကို ဟထားရင်း လည်ချောင်းထဲမှ 'ကျိချန်' ဟူသော အသံနှစ်လုံးသည် လုံးဝ ထွက်မလာနိုင်တော့ပေ။

"မင်း ငါ့ကို လာစားတာလား" အားချန်သည် သူ့ ချွန်ထက်သော သွားများကို ကြည့်ရင်း သိလိုစိတ်ဖြင့် မေးလိုက်သည်။

ထိုအကောင်ကြီးသည် အသံတစ်ချက်မှ မထွက်နိုင်ဘဲ တိတ်ဆိတ်နေလေသည်။

"ဘယ်သူက မင်းကို ငါ့ဆီ လွှတ်လိုက်တာလဲ" အားချန်သည် သူ့ ခြေသည်းဖြင့် ထိုအကောင်ကြီးကို အသာအယာ တွန်းထိုးလိုက်၏။

ထိုအကောင်ကြီးသည် တုန်တုန်ယင်ယင်ဖြင့် စကားတစ်ခွန်းမှ မပြောနိုင်အောင် ဖြစ်နေတော့သည်။

အားချန်သည် ခြေသည်းဖြင့် မြေပြင်ကို တစ်ချက် ပုတ်ခတ်လိုက်သည်။ "မင်း မပြောရင်တော့ ငါ မင်းကို စားပစ်လိုက်မှာနော်"

ထိုအကောင်ကြီးသည် မျက်လုံးများကို စိုက်ကြည့်နေရင်း ရုတ်တရက် မျက်လုံးများ လန်တက်သွားပြီး ခန္ဓာကိုယ်သည် ရေတစ်အိုင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။

အားချန်သည် လှမ်းဆွဲလိုက်သော်လည်း ဘာကိုမှ ဆုပ်ကိုင်မိခြင်း မရှိခဲ့ပေ။

"ကျစ်... ရွှေလင်(ရေမိစ္ဆာ) ပဲ" အားချန်သည် မကျေမနပ် ညည်းညူလိုက်သည်။

ထိုအကောင်ကြီးသည် အိပ်မက်ထဲမှ လွတ်မြောက်ရန် ကြိုးစားနေစဉ် အားချန်၏ ကိုယ်ပေါ်ရှိ သံကြိုးများသည် ရုတ်တရက် လှုပ်ရှားလာပြီး အိမ်အပြင်ဘက်တွင် အလိုအလျောက် ပေါ်ထွက်လာခဲ့လေသည်။ သံကြိုးသံများ ထွက်ပေါ်လာပြီး ပုံသဏ္ဌာန် မမြင်ရသော ထိုအကောင်ကြီးကို သံကြိုးများက လေထဲတွင် ချည်နှောင်လိုက်၏။

အားချန်က တံခါးဝတွင် ရပ်နေ၏။ သူမသည် သည်အခန်းထဲမှ ထွက်သွားနိုင်ခြင်း မရှိသဖြင့် သံကြိုးများက ထိုအကောင်ကြီးကို လုံးဝ ကြေမွသွားအောင် ချေမှုန်းပြီး သူမ၏ အသိစိတ်ထဲမှ ပျောက်ကွယ်သွားသည်ကိုသာ ကြည့်နေနိုင်တော့သည်။

သံကြိုးများ ပျောက်ကွယ်သွားပြီးနောက် အားချန်၏ အသိစိတ်သည် တဖြည်းဖြည်း ဝေဝါးလာပြီး သူမသည် မျက်လုံးများကို ပိတ်ကာ အိပ်မက်မှ လွတ်မြောက်လာခဲ့တော့သည်။

သူမ နိုးလာချိန်တွင် မိုးမလင်းသေးချေ။ အခန်းအလယ်တွင် ရေအိုင်ကြီးတစ်ခု ဖြစ်ပေါ်နေပြီး မနှစ်မြို့ဖွယ် ညှီနံ့များ ထွက်ပေါ်နေသည်။ အားချန်သည် အသံကုန် အော်ဟစ်လိုက်တော့သည်။ "ဟွေ့ညန်~ ဟွေ့ညန်~"

ချန်ဟွေ့သည်လည်း သူမ၏ အခန်းထဲသို့ အပြေးအလွှား ဝင်ရောက်လာပြီး မြေပြင်ပေါ်ရှိ ရေအိုင်ကို မြင်လိုက်သည်တွင် အမူအရာက အေးစက်သွားတော့၏။ "ဘယ်လိုလဲ"

"တကယ် စိတ်အနှောင့်အယှက်ဖြစ်ဖို့ကောင်းတယ်။ ဘာမှ မမေးလိုက်ရဘူး"

"နောက် ဘယ်လိုဆက်လုပ်ရမလဲ" ရွှဲမိသားစုနဲ့ ပတ်သက်နေမှန်း သိပေမယ့် ဘယ်သူက လက်သည်လဲဆိုတာ မသိမချင်း သူတို့က အမြဲတမ်း တိုက်ခိုက်ခံနေရမှာပဲ။

အားချန်က ပြုံးလိုက်သည်။ "ဒါပေါ့ အာဏာပိုင်တွေကို သတင်းပို့ရမှာပေါ့။ လူကြီးမင်းပိုင်က အရမ်းတော်တာပဲ။ သူက ကျွန်မကို လူဆိုးဖမ်းနိုင်အောင် ကူညီပေးနိုင်မှာ သေချာတယ်"

...

All Chapters