ဒီစကားက ကြားရတာရိုးနေပြီ နောက်တစ်ခါကျရင် စကားလုံး ပြောင်းပြောကြည့် ...
Vol. 8 Ch. 78
ထိုကိစ္စကို သတင်းပို့မည်ဟု ဆုံးဖြတ်ထားသဖြင့် မင်းကျင့်စီးအတွက် သက်သေအထောက်အထား တချို့ချန်ရစ်ထားရမည်ဖြစ်ရာ အားချန်သည် အိမ်ထဲက ရေစွန်းအကွက်ကြီးကို သန့်ရှင်းရေးမလုပ်တော့ဘဲ နောက်ထပ်အခန်းတစ်ခုသို့ ပြောင်းကဆက်ပြီး အိပ်စက်လိုက်လေသည်။
ရေမိစ္ဆာကြီးက သူမ၏အိပ်မက်ကို ဆက်ပြီးမနှောင့်ယှက်တော့သဖြင့် သူမသည် နောက်ဆုံးတော့ အေးအေးချမ်းချမ်း အိပ်ပျော်နိုင်ခဲ့တော့၏။
မနက်ခင်းနှောင်းပိုင်းအထိ အိပ်စက်လိုက်ပြီးနောက် အားချန်သည် ကျေနပ်မှုအပြည့်ဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်လေသည်။
အခန်းတံခါးကို ဖွင့်လိုက်သည်တွင် တောက်ပသည့် နေရောင်ခြည်သည် အခန်းထဲသို့ ဖြာကျကာ ဝင်ရောက်လာခဲ့၏။ သူမက နေရောင်ခြည်ကို မျက်နှာမူကာ အကြောဆန့်လိုက်ပြီး "ဒီနေ့ရာသီဥတုက တော်တော်ကောင်းတာပဲ။ မကောင်းမှုလုပ်ဖို့ သင့်တော်တယ်"
မျက်နှာသစ် သန့်စင်ပြီးသွားသောအခါ အားချန်သည် မီးဖိုချောင်သို့ ပြေးသွားပြီး ချန်ဟွေ့က သူမအတွက်လုပ်ပေးထားသည့် ပန်ကိတ်လိပ်များကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုပန်ကိတ်လိပ်များသည် လက်ညှိုးအရှည် အရွယ်အစားရှိပြီး ပုစဥ်းရင်ကွဲ တောင်ပံလေးလို အပေါ်လွှာက ပါးလျလွန်းလှသည်။ တချို့ပန်ကိတ်လိပ်ကိုတော့ ဝက်သားမျှင်များဖြင့် အစာသွပ်ထားပြီး တချို့ကိုတော့ တောက်တောက် စင်းထားသည့် အသီးအရွယ်များကို အစာသွပ်ထားသည်။
အားချန်သည် ပန်းကန်လေး တစ်ချပ်ဖြင့် မီးဖိုဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ ကြွက်လေးတစ်ကောင်က အစာခိုးစားနေသလို အားရပါးရ စားသောက်နေတော့၏။ ပန်းကိတ်လိပ် တစ်ပန်းကန် စားသောက်ပြီး သွားသောအခါ သူမသည် အရှေ့ဘက်ခန်းသို့ ထွက်လာခဲ့လေသည်။
ချန်ဟွေ့ ကတော့။အခုလေးတင်မှ အမွှေးနံ့သာမှုန့် လာရောက်ဝယ်ယူသည့် ဧည့်သည်နှစ်ယောက်ကို ပြန်ပို့ပြီးစဖြစ်၏။ သူမသည်အားချန်က အနောက်ဘက်တံခါးမှ ထွက်လာသည်ကို မြင်လိုက်ရချိန်တွင် လှည့်ကာမီးလာခဲ့သည်။ "ရုံးတော်ကိုသွားဖို့ ကျွန်မ ရှင့်ကို လိုက်ပို့ပေးရမလား"
"မလိုတော့ပါဘူး" အားချန်က လက်ဝှေ့ယမ်း ပြလိုက်သည်။ "ဆိုင်မှာပဲနေခဲ့ပါ။ ကျွန်မ ခဏနေ ပြန်လာမှာပဲလေ"
"ကောင်းပြီလေ။ လမ်းမဂရုစိုက်နော်"
မင်းကျင့်စီးရုံးတော်သည် ချန်းဖိင်ဖန်းနှင့် မနီးလှချေ။ အားချန်သည် လတ်တလောတွင် လှည်းတစ်စီးလေးကို ငှားပြီးသွားလာရသည်ကို အကျင့်ဖြစ်လာခဲ့၏။ အကွာအဝေး၏ တစ်ဝက်လေးကို မလျှောက်ရသေးခင်မှာပင် သူမသည် အနည်းငယ် မူးဝေလာသလို ခံစားလိုက်ရကာ သူမ၏ခြေလှမ်းများကလည်း နှေးကွေးသွားတော့သည်။
ဒီအချိန်မှာပင် သိပ်မဝေးလှသည့် နေရာက မြင်းခွာသံများကို ရုတ်တရက် ကြားလိုက်ရပြီး ကျယ်လောင်သည့် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့၏။ "လမ်းဖယ်ကြ။ အားလုံး လမ်းဖယ်ကြ !"
ထိုအသံ၏ နောက်တွင် လိုက်ပါလာသည်မှာ လေထဲတွင် ဝှေ့ယမ်းနေသည့် ကျာပွတ်သံ၏ အော်မြည်သံဖြစ်တော့သည်။
ဖြစ်ပျက်နေသည့် အခြေအနေကို မသိကြသည့်။လမ်းပေါ်က လမ်းသွားလမ်းလာများ အားလုံးကလည်း ချက်ချင်းလမ်းဖယ် ပေးလိုက်ကြသည်။ အားချန်သည့်အစကတည်းက လမ်းဘေးအရိပ်ထဲတွင် လမ်းလျှောက်လာခဲ့ခြင်း ဖြစ်သဖြင့် သူမသည်ဘေးသို့ ဖယ်ပေးဖို့ရန် အလျင်မလိုခဲ့ချေ။ ဒီအတိုင်းရပ်လိုက်ကာ ပတ်ဝန်းကျင်က လူအားလုံးကို ဝေ့ပတ်ကာ ကြည့်လိုက်မိ၏။
သိပ်မကြာခင်မှာပင် ရှည်လျားလှသည့် ယာဉ်တန်းကြီး တစ်ခုသည် လမ်းပေါ်တွင် ပေါ်ထွက်လာခဲ့လေသည်။
လမ်းရှင်းပေးဖို့ရန် ရှေ့ကမြင်းစီးလာသည့် အဖွဲ့က အားလုံးမှာ အရည်အချင်းရှိသည့် ကိုယ်ရံတော်များ ဖြစ်ကြသည်။ သူတို့ခန္ဓာကိုယ် ပေါ်ကထွက်နေသည့် အရောင်အဝါများကို အကဲခတ် ကြည့်မည်ဆိုလျှင် သူတို့သည် ကျင့်ကြံရေးအဆင့်တစ်ခု ပိုင်ဆိုင်ထားကြသူများ ဖြစ်၏။
ကိုယ့်ရံတော် ၁၂ ယောက်ကျော်တို့သည် ဤနောက်တွင် တော်တော်လေး ကြီးကျယ်ခမ်းနားကာ လှပလွန်လှသည့် မြင်းလှည်းကြီးများ လိုက်ပါလာခဲ့ပြီး မြင်လှည်းတခုချင်းစီတွင် တူညီသည့် သင်္ကေတ အမှတ်အသားများ ပါရှိလေသည်။ အားချန်ကတော့ ဒီအမှတ်အသားကို မည်သည့်အိမ်တော်က ပိုင်ဆိုင်သည်ကို မမှတ်မိချေ။ သို့သော်ငြား လမ်းပေါ်တွင် ကြည့်ရှုနေသူများကတော့ ယာဉ်တန်းကြီး၏ မူလဇာတိကို မှတ်မိကြဟန်တူသည်။
သူမသည် လူအုပ်ကြီးထဲက။တစ်စုံတစ်ယောက် မေးလာသည်ကို ကြားလိုက်ရ၏။ "ဒီယာဉ်တန်းကြီးက ဘယ်ကနေလာခဲ့တာလဲ။ ထည်ဝါလွန်းလိုက်တာ"
"ရှီးလင်းဝမ် အိမ်တော်က။ သူ့ကို မတွေ့ရတာတောင်မှ နှစ်တော်တော်လေး ကြာသွားပြီပဲ။
ဒီအချိန်တွင် လှည်းများထဲက တစ်ခု၏ ပြတင်းပေါက် ခန်းဆီးသည် ပွင့်လာခဲ့ပြီး မိန်းမငယ်လေး တစ်ယောက်သည် ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ကို စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်လာသည်ကို တွေ့လိုက်ရ၏။ သူမ၏ဘေးတွင်တော့ တော်တော်လေးကို ထူးခြားသည့် အရှိန်အဝါပိုင်ဆိုင်ထားသည့် လူငယ်လေးတစ်ယောက်က ထိုင်နေကာ ထိုလူကတော့ ခေါင်းကို လှည့်မကြည့်လာခဲ့ချေ။ သူ၏ ဘေးတိုက်ပုံရိပ်လေးကိုသာ မြင်ရလေသည်။ သို့သော်ငြား အားချန်ကတော့ ရှင်းမပြတတ်အောင် ရင်းနှီးနေသလို ခံစားလိုက်ရ၏။
သိပ်မကြာခင်မှာပင် လှည်းယာဉ်တန်းသည် လမ်းကိုဖြတ်မောင်းသွားခဲ့ပြီး စည်ကားတက်ကြွနေကြသည့် ဖြတ်သွားဖြစ်လာများကို စောင့်ကြည့်ကာ လူစုကွဲသွားသည့်အချိန်မှ အားချန်သည် မင်ကျင့်စီးရုံးတော်သို့ ဆက်ကာ ထွက်လာခဲ့တော့သည်။
နာရီဝက်လောက် လမ်းလျှောက်ပြီးသွားသောအခါ သူမသည်နောက်ဆုံးတော့ မင်ကျင့်စီး တံခါးဝရှေ့သို့ ရောက်ရှိလာခဲ့လေသည်။
တံခါးကိုစောင့်ကြပ်ပေးနေသည့် မင်းကျင့်စီး အစောင့်တပ်သား တစ်ယောက်သည် အားချန်က ချဉ်းကပ်လာသည်ကို မြင်လာသည်တွင် တည်ငြိမ်စွာဖြင့်ပြောလာခဲ့၏။ "မင်ကျင့်စီးရုံးတော်က အရေးကြီးတဲ့ နေရာတစ်ခုပဲ။ ဘာကိစ္စမှမရှိဘူးဆိုရင် ဒီနေရာမှာမနေပါနဲ့" အားချန်ကလည်း ပြုံးကာ ဆူဆူညံညံလုပ်နေသည့် အစောင့်ရဲမက်ကို ပြောလိုက်လေသည်။ "လူကြီးမင်း ကျွန်မက ဒီမှာလာပြီးတော့ တိုင်ကြားတာပါ"
အစောင့်ရဲမက်ကလည်း သူမကို ခေါင်းအစ ခြေအဆုံး အကဲခတ် ကြည့်လိုက်ပြီးမှ မေးလာခဲ့သည်။ "ဘာဖြစ်ခဲ့လို့လဲ။ တကယ်လို့သာမန် ကိစ္စပဲဆိုရင်တော့ မြို့တော်ဝန်ရုံးကို သွားရမှာ"
"ကျွန်မ ရေမိစ္ဆာကြီးတစ်ကောင်နဲ့ တွေ့ခဲ့တယ်လို့ထင်လို့ပါ"
သူမက ရေမိစ္ဆာကြီးတစ်ကောင်နဲ့ တွေ့ခဲ့သည်ဟု ပြောလာသည်ကို ကြားလိုက်ရသည်တွင် အစောင့်ရဲမက်၏ မျက်နှာပေါ်က အမှုအရာမှာ မသိမသာ ပြောင်းလဲသွားလေသည်။ "ခဏလောက်စောင့်အုံး"
ထိုနောက်တွင်တော့ သူသည် လှည့်ကာ သတင်းပို့ရန် ဝင်သွားလေတော့သည်။
ခဏအကြာတွင်တော့ အစောင့်ရဲမက်သည် ပြန်ထွက်လာပြီး အားချန်ကိုပြောလိုက်၏။ "ကျွန်တော့် နောက်လိုက်ခဲ့ပါ"
အားချန်ကလည်း သူ့နောက်ကလိုက်ခဲ့ကာ မင်ကျင့်စီးရုံးထဲသို့ ဝင်လာခဲ့လိုက်တော့သည်။ သူခေါ်သွားသည့် နေရာက ရုံးတော်၏ အတွင်းခန်းဆောင် မဟုတ်သည်ကို တွေ့လိုက်ရသည်တွင် သူမကလည်း မတတ်သာဘဲ မေးရတော့သည်။ "လူကြီးမင်း ကျွန်မတို့တွေ ဘယ်သူနဲ့ သွားတွေ့ကြမှာလဲ"
အစောင့်ရဲမက်က သူမကို လှမ်းကြည့်လိုက်ပြီး ပြန်ဖြေလာခဲ့သည်။ "ဒီနေ့တာဝန်ကျတဲ့ လူကြီးမင်းချန်ဟူကို သွားတွေ့မှာလေ"
"လူကြီးမင်းက ကျွန်မကို လူကြီးမင်းပိုင်ဆီ ခေါ်သွားပြီး တွေ့ပေးလို့ မရဘူးလား။ ဒါမှမဟုတ် ဒီနေ့သူ ရုံးတော်မှာ မရှိလို့လား"
"မင်းက လူကြီးမင်းပိုင်ကို သိလို့လား" အစောင့်ရဲမက်သည် ခဏလောက် တုံ့ဆိုင်းသွားပြီးမှ တအံ့တဩဖြင့် ခေါင်းကိုလှည့်လာခဲ့လေသည်။
"ကျွန်မ လူကြီးမင်းပိုင်နဲ့ အကြိမ်တော်တော်များများ ကိစ္စတွေ ဖြေရှင်းဖူးပါတယ်။ ခင်မင်ရင်းနှီးမှု တချို့လည်းရှိပါတယ်"
"ဒီလိုဆိုရင်တော့ ..." အားချန်က လျှောက်ပြောနေသည် မဟုတ်မှန်း တွေ့လိုက်ရသည်တွင် အစောင့်ရဲမက်မှာ ချီတုံချတုံဖြစ်သွားပြီးမှ ပြောလာတော့သည်။ "လူကြီးမင်းပိုင်က ဒီနှစ်ရက်အတွင်းမှာ စိတ်အခြေအနေ မကောင်းဘူး။ ကျွန်တော် မင်းကိုသူနဲ့တွေ့ဖို့ ခေါ်သွားပေးနိုင်ပါတယ်။ ဒါပေမဲ့ မင်း သူ့ကို မပျော်မရွှင်ဖြစ်အောင် လုပ်ခဲ့မိရင်တော့ ဘယ်သူမှ မင်းကို ကူညီနိုင်မှာမဟုတ်ဘူးနော်"
"လူကြီးမင်းက သတိပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်မကို လူကြီးမင်းပိုင်နဲ့ တွေ့ဖို့ပဲ ခေါ်သွားပေးပါ"
"ကောင်းပြီလေ" အားချန်၏ ဆုံးဖြတ်ချက် ပြတ်သားနေမှုကြီးကို မြင်ရသည်တွင် အစောင့်ရဲမက်ကလည်း သူမကို အတွင်းခန်းမဆောင်ဆီသို့ ခေါ်လာခဲ့တော့သည်။
ဒီအချိန်တွင် အတွင်းခန်းမကြီး၏ တံခါးမှာ တင်းကျပ်စွာပိတ်ထားပြီး တံခါးအပြင်ဘက်တွင်လည်း တာဝန်ကျအစောင့်များမရှိချေ။
တံခါးနားတွင် ရပ်လိုက်ပြီး အစောင့်ရဲမက်သည် သူ၏ခြောက်သွေ့နေသည့် နှုတ်ခမ်းကို သပ်လိုက်ကာ တံခါးကိုခေါက်လိုက်လေသည်။
အချိန်အတော်ကြာသည်အထိ တံခါး၏အတွင်းဘက်မှ တုံ့ပြန်မှု ထွက်မလာခဲ့ချေ။
အစောင့်ရဲမက်က အားချန်ကို ကြည့်လိုက်ပြီးနောက် ဒီနေ့ သူမကိုဒီနေရာသို့ ခေါ်လာမိသည့်အတွက် စပြီးနောင်တရမိလာတော့၏။
အားချန်ကတော့ အတွင်းကလူ ဒေါသထွက်နေသည်ကို ဂရုမစိုက် ချေ။ သူမကလက်တစ်ဖက်နှင့် စကပ်အနားစလေးကို ကိုင်ထားပြီး ရှေ့သို့ လျှောက်လာခဲ့လေသည်။ သူမကကျန်သည့် လက်တစ်ဖက်ဖြင့် တံခါးကို လမ်းပုတ်လိုက်၏။ "လူကြီးမင်းပိုင်"
အတွင်းဘက်တွင် ဘာလှုပ်ရှားမှုမှ ဖြစ်မလာချေ။
အားချန်သည် ဂရုတစိုက် နားစွင့်လိုက်သော်ငြားလည်း ဘာမှမကြားရချေ။ သူမက တံခါးကို အားနှင့်ထပ်ပြီး နှစ်ကြိမ်လောက် ပုတ်လိုက်သော်လည်း တုံ့ပြန်မှုက ပြန်မလာချေ။
ခဏလောက် တိတ်ဆိတ်ငြိမ်သက် သွားပြီးနောက် အစောင့်ရဲမက်၏ မှင်သက်အံ့ဩနေသည့် အကြည့်အောက်တွင် အားချန်၏အသံသည် ရုတ်တရက်ဆိုသလို ငိုသံပါလာတော့သည်။ "လူကြီးမင်းပိုင် ရှင် အထဲမှာရှိနေလား။ ကျွန်မရဲ့အိမ်မှာ မိစ္ဆာတစ်ကောင် ဝင်လာလို့။ ကျွန်မ အရမ်းကြောက် ..."
စကားမဆုံးသေးခင်မှာပင် တံခါးက ပွင့်လာလေသည်။
ပိုင်ရှိုးမင်သည် မျက်နှာသေဖြင့် တံခါးအတွင်းဘက်တွင်ရပ်ပြီး အေးစက်စက် မျက်လုံးများနှင့် သူ့ကိုလည်း အေးစက်သည့်အရောင်အဝါများက ဝန်းရံလို့ထား၏။
အားချန်က သူ့ကို တိတ်တိတ်လေး တစ်ချက်လောက် ခိုးကြည့်လိုက်လေသည်။ သူ့မျက်နှာက တော်တော်လေးတောင်မှ ရုပ်ဆိုးနေတာပဲ။ ကြည့်ရတာ ဒီနေ့ တကယ်စိတ်အခြေအနေ မကောင်းတာပဲ ဖြစ်မယ်။
"မင်ကျင့်စီးရဲ့ တပ်မှူးက ဖြေရှင်းလို့မရတဲ့ ဘယ်လိုအမှုမျိုးမလို့ မင်းက ငါ့ကိုလာရှာရတာလဲ'
သူသည် ဘေးက အစောင့်ရဲမက်ကို လှမ်းကြည့်လိုက်သည်တွင် ထိုအစောင့်ရဲမက်မှာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး ရှင်းပြရန်ပင် မကြိုးစားရဲတော့ဘဲ ဒူးထောက်ကာ အမှားဝန်ခံ လိုက်တော့သည်။ "ဒါ... ဒါက ကျွန်တော်မျိုးရဲ့ အမှားပါ။ လူကြီးမင်း ကျေးဇူးပြုပြီးတော့ အပြစ်ပေးပါ"
"လူကြီးမင်းပိုင် ကျွန်မ သူ့ကို ရှင်နဲ့တွေ့ဖို့ ခေါ်လာခိုင်းလိုက်တာပါ" အားချန်ကလည်း အလျင်အမြန် ဝင်ပြောလိုက်သည်။
"သူက မင်းစကား တော်တော်နားထောင်တာပဲ"
ပိုင်ရှိုးမင်၏ အေးစက်စက် အကြည့်သည် အားချန်၏မျက်နှာပေါ်သို့ ကျရောက်လာတော့၏။ ထိုလှပသည့် မက်မွန်ပွင့်သဏ္ဍာန် မျက်ဝန်းများထဲတွင် အပြုံးရိပ်မရှိဘဲ တော်တော်လေးကို ကြောက်စရာ ကောင်းနေတော့သည်။
အားချန်က သူနှင့်တိုက်ရိုက် အကြည့်ချင်းမစုံတော့ဘဲ မသိမသာ အကြည်လွှဲထားလိုက်ကာ ပြောလာခဲ့၏။ " သေရေးရှင်ရေးကိစ္စ မလို့ပါ။ ကျွန်မ တခြားသူတွေကို စိတ်မချလို့ပါ"
သူမ၏ ရှေ့တွင် အသက်ရှင်လျက် လှုပ်ရှားနေသည့် အားချန်ကို ကြည့်ရင်း ပိုင်ရှိုးမင်က အေးစက်စွာ ရယ်မောလိုက်၏။ "ဒါဆိုရင်တော့ မင်းက ငါ့ကို သေသေချာချာ ပြောပြသင့်တယ်။ ဘယ်လိုမျိုး သေရေးရှင်ရေးကိစ္စ အရေးကြီးနေလို့လဲ"
အားချန်ကတော့ သူ့စကားလုံးများထဲက လှောင်ပြောင်သရော်နေမှုကို လျစ်လျူရှုကာ ပြောလိုက်လေသည်။ "ဒီရက်ပိုင်းအတွင်း ကျွန်မ ရုတ်တရက် အိပ်မက်ဆိုးတွေ စ,မက်တယ်။ အိပ်မက်ထဲမှာလည်း ခြံဝင်းထဲက ရေတွင်းကြီးကနေ တစ်ခုခုက တက်လာတာကို တွေ့ရတယ်။ ဒါပေမဲ့ ပထမညတုန်းက အဲဒီအရာက ပုံပန်းသဏ္ဍာန်ကို မမြင်ရဘဲ ခြေသံပဲ ကြားရတာ"
သူမ၏စကား မဆုံးသေးခင်မှာပင် ပိုင်ရှိုးမင်၏မျက်နှာပေါ်က ဂရုမစိုက်သည့် အမူအရာမှာ ပျောက်ကွယ်သွားလေတော့သည်။
ဒီအခြေအနေသည် အိပ်မက်ကို အသုံးချပြီး ဖန်တီးထားသော မိစ္ဆာအမျိုးအစား သို့မဟုတ် အိပ်မက်မှတစ်ဆင့် အသုံးပြုရသည့် ကျိန်စာတစ်ခုခု ဖြစ်နိုင်လေသည်။ ပထမအမျိုးအစားမှာ အလွန်ရှားပါးသဖြင့် နောက်တစ်မျိုးဖြစ်နိုင်ခြေ ပိုများ၏။
အားချန်က သူ တွေးတောနေသည်ကို မြင်လိုက်သည်တွင် သူမ၏နှုတ်ခမ်းထောင့်များကလည်း မသိမသာ ကွေးတက်သွားကာ ဆက်ပြောလာခဲ့သည်။ "ဒုတိယနေ့ အိပ်မက်ထဲမှာတော့ အဲဒီမိစ္ဆာရဲ့ ပုံပန်းသဏ္ဍာန်ကို မြင်လိုက်ရတယ်။ သူက ခြေတွေလက်တွေပါတဲ့ ငါးတစ်ကောင်ပဲ။ ရုပ်ရည်ကလည်း အရမ်းကြောက်စရာ ကောင်းတယ်။ ကျွန်မ နိုးလာတဲ့အချိန်မှာ သူက ကျွန်မရဲ့အခန်းတံခါးဝနားကို ရောက်နေပြီ"
"ဒီနေ့က တတိယနေလား" ပိုင်ရှိုးမင်က မေးလိုက်သည်။
ကျိန်စာသည် အချိန်ကာလ အတိုအရှည် ကြာမြင့်တက်၏။ အားချန်၏ ဖော်ပြချက်အရဆိုလျှင် တတိယရက်တွင် ကျိန်စာအသက်ဝင်မည်ကို စိုးရိမ်သဖြင့် သူက ထိုသို့ မေးလိုက်ခြင်း ဖြစ်လေသည်။
မျှော်လင့်မထားဘဲ အားချန်က သူ့ကို ပြုံးကာပြန်ဖြေလာခဲ့၏။ "မဟုတ်ပါဘူး။ ဒီနေ့က စတုတ္ထနေ့ပါ"
"မင်းက စတုတ္ထနေ့မှာ ရုံးတော်ကို လာပြီးတော့ တိုင်တန်းတာလား" ပိုင်ရှိုးမင်မှာ မျက်မှောင်ကြုတ် သွားလေတော့သည်။
အားချန်၏ အမူအရာကတော့ အလွန်အပြစ်ကင်းစင်နေဆဲပင်။ "ဒါပေမဲ့ ကျွန်မ ကြားတာကတော့ လူကြီးမင်းပိုင်က ဒီရက်ပိုင်းစိတ် အခြေအနေ မကောင်းဘူးတဲ့။ သေရေးရှင်ရေး ကိစ္စမဟုတ်ရင် လာမနှောက်ယှက်ရဘူး ဆိုလို့"
ခုနကပြောလိုက်သည့် စကားများက သူ့ထံသို့ ပြန်ရောက်လာ သော်ငြားလည်း ပိုင်ရှိုးမင်ကတော့ သူမကိုသာ စိုက်ကြည့်ပြီး ပြောလိုက်တော့သည်။ "သွားကြမယ်"
"ဘယ်သွားမလို့လဲ"
"မင်း မိထားတဲ့ ကျိန်စာကို ဘယ်လိုဖြေရမလဲဆိုတာကို အရင်သွားကြည့်မယ်" ထိုသို့ပြောလိုက်ပြီးနောက် သူသည်အခန်းထဲက လျှောက်ကာ ထွက်လာခဲ့လေသည်။
"တကယ်လို့ ဖြည်လို့မရရင်ရော" အားချန်က နောက်မှချက်ချင်း လိုက်ပါလာခဲ့သည်။
မင်ကျင့်စီးရုံးတော်သည် အလွန်ကြီးမားလှပြီး ပိုင်ရှိုးမင်သည် မြန်မြန်ဆန်ဆန် လျှောက်လာခဲ့ခြင်းတော့ မဟုတ်ချေ။ သူမ၏မေးခွန်းကို ကြားလိုက်ရပြီးနောက်တွင် သူကလည်း အေးတိအေစက် လေသံဖြင့် ပြန်ပြောလိုက်၏။ "ဒါဆိုရင်တော့ အိမ်ပြန်ပြီး သေဖို့သာ စောင့်နေလိုက်တော့"
"လူကြီးမင်းက အဲ့လောက်အထိ မရက်စက်လောက်ပါဘူး"
အားချန်ကဘာမှ မထူးခြားသလို ပြောဆိုရင်း မော့ကြည့်လိုက်သည်တွင် ရုတ်တရက် သဘောပေါက် သွားလေတော့သည်။ အစောပိုင်းက မြင်လှည်းထဲတွင် ထိုင်နေသည့် အမျိုးသား၏ ဘေးတိုက်ပုံရိပ်သည် ရင်းနှီးနေရသည့် အကြောင်းအရင်းကို သူမ သိရှိသွားတော့၏။ ထိုသူ၏ပုံပန်းသဏ္ဍာန်မှာ ပိုင်ရှိုးမင်နှင့် အနည်းငယ် ဆင်တူနေခြင်းပင်။
ထိုယာဉ်တန်း၏ မူလဇစ်မြစ်ကို ပြန်တွေးကြည့်မိသောအခါ အားချန်၏စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ပေါ်လာတော့သည်။ မဟုတ်မှလွဲရော ငါ တွေ့ခဲ့တာ ပိုင်ရှိုးမင်ရဲ့ ညီအစ်ကိုထဲက တစ်ယောက်ယောက်များ ဖြစ်နေမလား။
သူ့ရဲ့မူလမျိုးရိုးနာမည်နဲ့ ဒီရက်ပိုင်းစိတ်အခြေအနေ မကောင်းတာကို ဆက်စပ်ကြည့်လိုက်မယ် ဆိုရင်တော့ အဲဒီယာဥ်တန်းကြီးနဲ့ ပတ်သက်နေလောက်တယ်။
အားချန်သည် မျက်လုံးများကို စွေထားလိုက်ကာ သွေးတိုးစမ်းကာ မေးလိုက်လေသည်။ "လူကြီးမင်း ဒီရက်ပိုင်း စိတ်မချမ်းမြေ့စရာ ကိစ္စတွေ ကြုံတွေ့နေရလို့လား"
ပြောထွက်လာရင်တော့ ငါကလည်း ပျော်ပျော်ရွှင်ရွှင် နားထောင်ပေးရမှာပေါ့။
"ငါ ကြုံတွေ့နေရတဲ့ အဆိုးဆုံးကိစ္စကတော့ အနားယူနေချိန်မှာ အမှုစစ်ဖို့ ခေါ်ခံရတာပဲ"
အားချန်သည် နားမလည်သလို ဟန်ဆောင်လိုက်ပြီး ချီးကျူးစကား ပြောလိုက်လေသည်။ "လူကြီးမင်းက ပြည်သူကိုချစ်တဲ့ အရာရှိကောင်းတစ်ယောက်ပဲ"
ပိုင်ရှိုးမင်ကတော့ ခပ်တိုးတိုး နှာခေါင်းရှုံ့လိုက်ပြီး သူမကို ဆက်စကားပြောရန် စိတ်မဝင်စားတော့သည့်ပုံဖြင့် နေလိုက်လေသည်။
နှစ်ဦးသားသည် အစွန်ဆုံးအဆောင်တစ်ခု အရှေ့သို့ ရောက်ရှိလာခဲ့၏။ သူက အားချန်ကို အတွင်းဘက်သို့ ခေါ်သွားလိုက်ပြီး တံခါးတစ်ချပ်ကို တွန်းဖွင့်လိုက်သည်တွင် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် သက်ကြီးရွယ်အိုတစ်ဦးသည် အလောင်းတစ်လောင်း၏ ရှေ့တွင်ရပ်ကာ တစ်စုံတစ်ခုကို အလေးအနက်ထား လေ့လာနေသည်ကို တွေ့လိုက်ရလေသည်။
တံခါးဖွင့်သံကို ကြားလိုက်ရသည်တွင် သူက မကျေမနပ် ပြောလာခဲ့၏။ "ဘယ်သူမှ လာမနှောင့်ယှက်နဲ့လို့ ပြောထား ... လူကြီးမင်း ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ"
ခေါင်းအလှည့်တွင် ပိုင်ရှိုးမင်ကို တွေ့လိုက်ရသဖြင့် ထိုလူကြီး၏ မျက်နှာမှာချက်ချင်းဆိုသလို အမူအရာပြောင်းလဲသွားကာ အပြုံးအပြည့် ဖြစ်သွားလေတော့သည်။
"သူ့ကို စစ်ဆေးပေးပါဦး။ ဘာကျိန်စာ မိထားသလဲဆိုတာ" ပိုင်ရှိုးမင်ကဘေးသို့ အနည်းငယ်ရွှေ့ကာ အားချန်ကို လမ်းဖယ်ပေးလိုက်သည်။ ထိုအဘိုးကြီးသည် အားချန်ကို တစ်ချက်လောက် ကြည့်လိုက်ပြီး သူမ၏ခန္ဓာကိုယ်နား တိုးကပ်ကာ အနံ့ခံလိုက်လေသည်။ ထိုနောက်တွင်တော့ သူမကို တစ်ပတ်လောက် ပတ်ကြည့်လိုက်ပြီးမှ နှစ်လှမ်းလောက် နောက်ဆုတ်လိုက်ကာ ပြောလာခဲ့၏။ "တစ်ကိုယ်လုံး ရေညှိနံ့ တွေချည်းပဲ။ ရေကျိန်စာနဲ့ တူတယ်"
ထိုနောက်တွင်တော့ သူကမေး လာခဲ့သည်။ "မိန်းကလေး ဒီရက်ပိုင်းမှာ အိပ်မက်ဆိုးတွေ.မက်သေးလား။ ဆက်တိုက်ဘယ်နှစ်ရက် မက်ခဲ့သလဲ။ အိပ်မက်ထဲမှာ ဘယ်လိုအရာမျိုးတွေ ပါလဲ"
အားချန်သည် မင်းကျင့်စီးက လူများသည် အမှန်တကယ် အရည်အချင်းရှိသည်ဟု စိတ်ထဲတွင် တွေးထင်လိုက်ကာ ပြန်ဖြေလိုက်တော့၏။ "အိပ်မက် မက်တာသုံးရက် ဆက်တိုက်ရှိပြီ။ အိပ်မက်ထဲမှာ မိစ္ဆာက ငါးခန္ဓာကိုယ် ခြေလက်တွေနဲ့ပြီးတော့ လူမျက်နှာလည်း ရှိတယ်"
အဘိုးကြီးသည် အားချန်၏ ဖော်ပြချက်ကတဆင့် ထိုရေမိစ္ဆာကို ချက်ချင်းမှတ်မိသွားကာ ပြောလာခဲ့သည်။ "အဲဒါက မနွဿ(လူတစ်ပိုင်းမြင်းတစ်ပိုင်း၊) ဒီအကောင်တွေက တွေ့ရခဲတယ်"
(-မနွဿ လို့ဆီလျော်အောင် ပြန်လိုက်ပေမဲ့ ရေမြင်းဖြစ်ဖို့ များပါတယ်)
ထိုနောက်တွင်တော့ သူက အားချန်ကို ပြောလာခဲ့သည်။ "မိန်းကလေး ကျွန်တော်နဲ့ လိုက်ခဲ့ပါ"
သူသည် အားချန်ကို အတွင်းခန်းသို့ ခေါ်ဆောင်သွားပြီး အနက်ရောင်မှန်တစ်ချပ်ဖြင့် အားချန်၏ ကိုယ်လုံးပေါ်ကို အပေါ်အောက် ကြည့်လိုက်လေသည်။ မှန်သည် အခါအားလျော်စွာ အဖြူရောင်အလင်းတန်းများ ထုတ်လွှတ်လို့နေ၏။ ထိုနောက်တွင်တော့ သူမကို မကြာသေးခင်က ဒဏ်ရာရခဲ့ခြင်းရှိမရှိ၊ ထိုမနွဿအကောင်က သူမ၏အိမ်တွင် အမှတ်အသားများ ချန်ထားခဲ့ခြင်းရှိမရှိ စသည်တို့ကို မေးမြန်းလေသည်။
အားချန်ကလည်း တစ်ခုချင်းစီ ဖြေကြားပြီးနောက် အဘိုးကြီးက သူမ၏လက်ပေါ်ကဒဏ်ရာကို စစ်ဆေးကြည့်ရှုလိုက်လေသည်။ ဒဏ်ရာကတော့ ကျက်စပြုနေသည်ကို မြင်လိုက်ရမှ သူမကို အပြင်သို့ ခေါ်ထုတ်လာခဲ့၏။
အတွင်းခန်းမှ ထွက်လာသည်တွင် အဘိုးကြီးက ပိုင်ရှိုးမင်ကို ပြောလိုက်လေသည်။ "ဒီမိန်းကလေးမိထားတဲ့ ရေကျိန်စာက ရှိနေတုန်းပဲ။ ဒါပေမဲ့ ဘာလွဲသွားလဲတော့ မသိဘူး။ အဲဒီကျိန်စာက အသက်မဝင်ခဲ့ဘူး ထင်တယ်"
ပိုင်ရှိုးမင်သည် အားချန်ကို ကြည့်လိုက်သည်တွင် အားချန်ကလည်း ချက်ချင်းပင် အံ့သြသွားသည့် အမူအရာလေး လုပ်ပြလာ၏။
ရေမိစ္ဆာကတောင် သေသွားပြီ။ ကျိန်စာကတော့ရှိနေတုန်းပဲ။ တကယ်ကို တော်တော်လေး ဇွဲကောင်းတာပဲ။
ပိုင်ရှိုးမင်သည် အကြည့်လွဲလိုက်ပြီး အဘိုးကြီးကိုမေးလိုက်၏။ "ကျိန်စာကို ဘယ်လိုဖြေရမှာလဲ"
"ကျိန်စာတိုက်တဲ့သူက အရင်ဆုံး ကိုယ့်ဟာကိုယ် ဖြေပေးမှရတယ်။ တကယ်လို့ သူက မဖြေပေးဘူးဆိုရင် ကျိန်စာတိုက်တဲ့သူ သေသွားလည်းရတယ်" အဘိုးကြီးက ထိုသို့ပြောလိုက်ပြီးနောက် သတိပေးလာခဲ့သည်။ "ဒီမိန်းကလေးကအိမ်မှာ မနွဿ ချန်ထားခဲ့တဲ့ အမှတ်အသားတွေ ရှိနေတယ်လို့ ပြောတယ်။ မြန်မြန်လုပ်မယ်ဆိုရင်တော့ အငွေ့အသက်တွေ မပျောက်သွားခင် ကျိန်စာတိုက်တဲ့သူကို မြန်မြန်ရှာတွေ့နိုင်လောက်တယ်"
အားချန်၏မျက်လုံးများက ချက်ချင်းဆိုသလို အရောင်တောက် လာလေတော့သည်။ "လူကြီးမင်း ကျွန်မတို့ အမြန်ဆုံး သွားကြရအောင်"
ပိုင်ရှိုးမင်၏စူးရှလှသည့် အကြည့်များက အားချန်၏ နူးညံ့သိမ်မွေ့လှသည့် မျက်နှာလေးပေါ်တွင် ဝေ့ဝဲသွားကာ "မင်း တော်တော် အလျင်လိုနေတာပဲ"
"တစ်ယောက်ယောက်က ကျွန်မအသက်ကို လိုချင်နေတာလေ။ ကျွန်မက ဘယ်သူဘယ်ဝါမှန်း သိချင်လို့ အလျင်လိုနေတာပေါ့" အားချန်ကလည်း သဘာဝကျကျပင် ဖြစ်သင့်သည့်အလား ပြန်ဖြေလိုက်လေသည်။
ပိုင်ရှိုးမင်ကတော့ ဘာမှထပ်မပြောတော့ပေ။
ထိုအဆောင်မှ ထွက်လာခဲ့ပြီးနောက်တွင် အရှေ့ဘက်သို့ ပြန်လာခဲ့လေသည်။ အခန်းတစ်ခန်းကို ဖြတ်လာခဲ့ချိန်တွင် သူက အသံအကျယ်ကြီး လမ်းအော်လိုက်၏။ “ဖုန်းယန်"
"ကျွန်တော်မျိုး ရှိပါတယ်" ဖုန်းယန်သည် တံခါးတွန်းဖွင့်ကာ ထွက်လာပြီး ခေါင်းငုံ့ကာ ဂရုတစိုက် မေးမြန်းလာ၏။ "လူကြီးမင်း ဘာများအမိန့်ရှိစရာ ရှိလို့ပါလဲ"
"လူနည်းနည်းလောက် ခေါ်လိုက်။ ချန်းဖိင်ဖန်း ရပ်ကွက်ကိုသွားရမယ်"
"ချန်းဖိင်ဖန်း ရပ်ကွက်မှာ ဘာဖြစ်လို့ ..."
စကားမဆုံးသေးခင်မှာပင် ဖုန်းယန်သည် မော့ကြည့်လိုက်ရာ ပိုင်ရှိုးမင်၏နောက်တွင်ရပ်နေသည့် အားချန်ကို တွေ့လိုက်ရ၏။
သူ့မှာ မအောင့်နိုင်တော့ဘဲ မေးလိုက်တော့သည်။ "မိန်းကလေးကျိ ဘယ်လိုဖြစ်ပြီးတော့ ဒီကိုရောက်နေတာလဲ။ ပြဿနာတစ်ခုခု ကြုံတွေ့ရပြန်ပြီလား"
"ဟုတ်တယ်လေ" အားချန်ကလည်း ပြန်ဖြေလိုက်၏။ "ကျွန်မ မတော်တဆ ကျိန်စာမိသွားလို့"
"ဘာ... ဘယ်သူလုပ်တာလဲ" ဖုန်းယန်သည် အားချန်၏ ကံတရားမှာလည်း တော်တော်လေး ဆိုးရွားလှသည်ဟု စိတ်ထဲတွင် တွေးလိုက်မိတော့သည်။ သူမသည် သုံးရက်တစ်ခါလောက် ဒုက္ခတွေ့နေရသည်ဟုပင် ထင်မှတ်မိတော့သည်။
"မသိဘူးလေ" အားချန်ကလည်း သက်ပြင်းချလိုက်ကာ "ဖြစ်နိုင်တာကတော့ တစ်ယောက်ယောက်က လူကြီးမင်းပိုင်ကို မျက်မုန်းကျိုးနေလို့ ကျွန်မအသက်ကို သတ်ချင်နေတာဖြစ်မှာပေါ့"
ထိုသို့ ပြောလိုက်ပြီးနောက် သူမသည် ပိုင်ရှိုးမင်ကို တမင်တကာ ခိုးကြည့်လိုက် သေးသည်။
ဖုန်းယန်ကတော့ သူ၏အထက်လူကြီးကိုပင် မကြည့်ဘဲ မနေနိုင်တော့ချေ။ သူ့လူကြီးမင်းကို မျက်မုန်းကျိုးတာနဲ့ပဲ သခင်မလေးဆီကို ဘာဖြစ်လို့ သက်ရောက်မှာလဲ ဟူသည့် အတွေးအခေါ်ကို သူတို့ နားမလည်နိုင်တော့ချေ။
သို့သော်ငြားလည်း သူသည် ထက်မြက်စွာပင် ထိုမေးခွန်းကို မေးမထွက်ခဲ့ ချေ။
မကြာမီတွင် အားချန်သည် မင်ကျင့်စီးကလူများကို ချန်ဖိင်ဖန်း ရပ်ကွက်ရှိ သူမ၏ နေထိုင်ရာနေရာသို့ ခေါ်ဆောင်လာခဲ့တော့သည်။ ထိုအချိန်တွင် ဆိုင်ထဲတွင် ဧည့်သည်မရှိဘဲ ချန်ဟွေ့ တစ်ယောက်တည်းကသာ စောင့်ဆိုင်းလို့နေသည်။ မင်ကျင့်စီးအစောင့်များက တန်းစီကာ ဝင်ရောက်လာသည်ကို မြင်လိုက်သောအခါ ချန်ဟွေ့ကလည်း ဆိုင်တံခါးကိုပိတ်ပြီး နောက်ဖေးအခန်းသို့ ပြန်လာခဲ့တော့၏။
ချန်ဟွေ့၏ လမ်းညွှန်မှုဖြင့် မင်ကျင့်စီး အစောင့်များသည် အားချန်၏အခန်းထဲက ထိုမနွဿ မနေ့ညကချန်ထားခဲ့သည့် ရေကွက်များကို မြန်မြန်ရယူနိုင်ခဲ့လေသည်။
မိစ္ဆာသတ္တဝါများ ချန်ထားခဲ့သည့် အမှတ်အသားများသည် အထူးတလည် သန့်စင်ထားခြင်းမရှိပါက နာရီဝက်ကြာအောင် ခံလေသည်။
သို့သော် ယခင်က ကျိန်စာမိသူများသည် ပုံမှန်မဟုတ်သည်ကို ခံစားမိသည့်အချိန်တွင် အချိန်နှောင်းသွားပြီ ဖြစ်သောကြောင့် ဒီအချက်ကို အထူးတလည် သတိပြုမိခြင်းမရှိဘဲ အမှတ်အသားများကို ရယူရန် ခက်ခဲသွားခဲ့ခြင်းပင်။
မင်ကျင့်စီးအစောင့်သည် ရေစိုကွက်များကို အနီရောင်စက္ကူတစ်ရွက်ဖြင့် တို့ထိကာ စုပ်ယူလိုက်ပြီးနောက် ထိုစက္ကူကို မည်သည့်အမှတ်အသားမှ မပါသည့် အိမ်မြှောင်တစ်ခုပေါ်တွင် တင်ထားလိုက်၏။ မကြာမီတွင် ထိုအိမ်မြှောင်၏လက်တံသည် လမ်းညွှန်မှုတစ်ခုဆီသို့ ဦးတည်ပြ နေလေသည်။
ထိုမနွဿ၏ တည်နေရာကို အတိအကျ ရရှိပြီးနောက် မင်ကျင့်စီးအစောင့်များသည် ထွက်ခွာဖို့ရန် ပြင်ဆင်လိုက်ကြလေသည်။ ပိုင်ရှိုးမင်က မြင်းပေါ်သို့တက်ရန် ပြင်လိုက်စဉ်တွင် အားချန်က ရုတ်တရက် သူ၏ဝတ်ရုံစကို လှမ်းဆွဲထားလိုက်လေသည်။
ပိုင်ရှိုးမင်က မျက်လုံးများကိုချကာ သူ၏ အနီရောင်ရုံးဝတ်စုံကို ဆုပ်ကိုင်ထားသည့် ဖြူဖွေးနုနယ်နေသည့် လက်ချောင်းလေးများကို ကြည့်လိုက်ပြီး ခဏအကြာမှ ထပ်မေးလိုက်တော့၏။ "ကိစ္စရှိသေးလို့လား"
"လူကြီးမင်း ကျွန်မကိုပါ တစ်ခါတည်း ခေါ်သွားလို့ရမလား"
"မင်းက ဘာလုပ်မလို့လဲ"
"ကျွန်မက အဲဒီလူကို ကိုယ်တိုင်မေးချင်လို့ပါ။ ကျွန်မကို ဘာဖြစ်လို့ သတ်ချင်ရတာလဲလို့ပေါ့"
"မင်းက မင်ကျင့်စီးက အမှန်တရားကို စစ်ဆေးမေးမြန်းမှာ မဟုတ်ဘူးလို့ ထင်နေတာလား"
အားချန်က ထိုမေးခွန်းမျိုးကိုတော့ မမေးချေ။ သူမ၏လက်က အနည်းငယ် လှုပ်ခါလိုက်လေသည်။ "လူကြီးမင်း ကျွန်မကို ခေါ်သွားပါနော်။ ကျွန်မ အသက်ရှင်နေသေးတဲ့ နစ်နာသူလေ။ လူသတ်သမားက ကျွန်မကို မြင်ရင် စကားတွေ ပြောချင်ပြောလာမှာပေါ့။ ကျွန်မ ရှင့်ကို ဒုက္ခမပေးပါဘူးလို့ အာမခံတယ်"
ပိုင်ရှိုးမင်က သူမကို ခဏလောက် နှုတ်ဆိတ်ကာ ကြည့်နေလိုက် ပြီးနောက်တွင် သူမ၏လက်ကို ဆွဲဖယ်ကာ မြင်းပေါ်သို့ ခုန်တက်လိုက်တော့သည်။
အားချန်သည် မြင့်မားထွားကြိုင်းလှသည့် နဂါးသွေး မြင်းကြီးဘေးတွင်ရပ်ကာ သူ့ကို မော့ကြည့်လို့ နေလေသည်။ သူမ၏မျက်ဝန်းတောင့်များက အနည်းငယ် နီရဲနေသယောင်ရှိပြီး နှုတ်ခမ်းများကလည်း အောက်သို့ကွေးညွှတ်ကာ စိတ်ဆိုးနေသလိုလို၊ ကြီးကြီးမားမား မတရား ခံစားနေရသလိုလို ဖြစ်နေတော့သည်။
ရှေ့က မင်ကျင့်စီး အဖွဲ့ကတော့ ထွက်ခွာသွားကြပြီဖြစ်၏။ အားချန်က ဖြေးညှင်းစွာ ခေါင်းငုံ့လိုက်တော့သည်။ ထိုအချိန်တွင် ပိုင်ရှိုးမင်သည် ရုတ်တရက် ကိုယ်ကိုကိုင်းကာ သူမ၏လက်မောင်းကို ဆွဲမလိုက်လေတော့၏။ အားချက်၏ ခြေထောက်များသည် မြေပြင်ပေါ်မှ ကြွတက်သွားသည်ကို ခံစားလိုက်ရပြီး လက်တစ်ဖက်က သူမ၏ ခါးကို ထိန်းပေးလိုက်ကာ နောက်တခဏအတွင်းတော့ သူမသည် မြင်းပေါ်သို့ ရောက်ရှိသွားလေတော့သည်။
နဂါးသွေးမြင်းက တစ်ချက်လောက် မြင်းဟီသံပေးလိုက်ပြီး ခြေစုံရပ်နေရာမှာ ပြေးလွှားသွားလေတော့သည်။
အားချန်သည် ပိုင်ရှိုးမင်၏ရှေ့တွင် မှီကာထိုင်ပြီး လိုက်ပါသွားရာ သူမ၏ခန္ဓာကိုယ်လေးမှာ အလွန်သေးငယ်နေသကဲ့သို့ ထင်ရပြီး သူမ၏ နောက်စေ့ကလည်း သူ့ပခုံးနှင့် ထိနေလေတော့သည်။
သူမကခေါင်းကို အနည်းငယ် စောင်းလိုက်သည်တွင် နောက်က အမျိုးသား၏ မေးစေ့ကို မြင်နိုင်သော်ငြားလည်း ထိုအရာက သူမ၏ စွမ်းရည်ကိုတော့ ထိခိုက်ခြင်းမရှိချေ။ သူမကလည်း စိတ်ရင်းအမှန်ဖြင့် ချီးကျူးစကား ပြောလေတော့သည်။ "လူကြီးမင်းက တကယ်ကောင်းတာပဲ"
ပိုင်ရှိုးမင်က မြင်းဇက်ကြိုးကို လက်တစ်ဖက်ဖြင့် ထိန်းချုပ်ထားရင်း သူမစကားပြောလာသည်ကို ကြားလိုက်သည့်အခါ နှာခေါင်းတစ်ချက်သာ ရှုံ့လိုက်တော့သည်။
"နားထောင်ရတာ ငြီးငွေ့နေပြီ။ နောက်တစ်ခါဆိုရင် စကားလုံးပြောင်းသုံး"
"ဟုတ်"
တကယ်ကို ချေးများတဲ့သူပဲ။
မကြာမီတွင် မင်ကျင့်စီးအဖွဲ့သည် ခိုင်မင်ဖန်း ရပ်ကွက်သို့ ရောက်ရှိလာပြီး အိမ်မြှောင်ကညွှန်ပြနေသည့် ခြံဝင်းငယ်လေးဆီကို တိတ်တဆိတ် ဝိုင်းရံ ထားလိုက်ကြတော့သည်။
အိမ်ထဲတွင် အဘွားထန်သည် မျက်မှောင်ကြုတ်ကာ ရေအိုးထဲက မနွဿကို ဆွဲထုတ်လိုက်သော်ငြား ထိုမနွဿကတော့ လုံးဝမလှုပ်ရှားတော့ချေ။
သူမ၏စိတ်ထဲတွင် အထိတ်တလန့်ဖြစ်သွားပြီး လုံးဝစဉ်းစားလို့ မရသေးခင်မှာပင် အပြင်ဘက်က တံခါးကို ကန်ဖွင့်လိုက်သည့်အသံ ကြားလိုက်ရ၏။ သူမသည် လက်ထဲက မနွဿကို မြန်မြန်ပစ်ချထားလိုက်ပြီး တံခါးကိုဖွင့်ကာ ခြေလှမ်းနှစ်လှမ်းပင် မလှမ်းရသေးခင်မှာပင် ဓားတစ်ချောင်းက သူမ၏လည်ပင်းပေါ်သို့ ရောက်ရှိလာခဲ့တော့သည်။
သူမ၏ရှေ့တွင် ရုတ်တရက် ပေါ်လာသည့် မင်ကျင့်စီးအစောင့်များကို ကြည့်ရင်း မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ဖြတ်ပြေးသွားကာ အထစ်ထစ် အငေါ့ငေါ့ ဖြင့် မေးလိုက်တော့၏။ "လူ ... လူကြီးမင်းတို့ လူမှားပြီး ရှာတာများလား"
ဖုန်းယန်သည် ကြောက်ရွံ့တုန်လှုပ်နေသည့် အဘွားထန်ကိုကြည့်ကာ အေးစက်စွာ ရယ်မော်ယလိုက်လေ၏။ "ဘာလုပ်ခဲ့တယ်ဆိုတာကို ကိုယ့်ဟာကိုယ် မသိဘူးလား"
"လူကြီးမင်း ... ကျွန်မ ... မ ..."
စကားမဆုံးသေးခင်မှာပင် ဖုန်းယန်သည် နောက်သို့ လက်ဝှေ့ယမ်းလိုက်တော့သည်။ "လက်ထိတ်ခတ်လိုက်"
ချက်ချင်းဆိုသလို တစ်စုံတစ်ယောက်က ရှေ့သို့တက်လာပြီး လေးလံလှသည့် လက်ထိတ်ကြီးများကို အဘွားထန်၏ ကိုယ်ပေါ်တွင် တပ်ဆင်ထားလိုက်တော့၏။ လက်နှင့် ခြေထောက်များက ချုပ်နှောင်ခံလိုက်ရသည်နှင့် အဘွားထန်၏ မျက်နှာမှာ ချက်ချင်းဆိုသလို သွေးစုတ်ကာ ဖြူဖျော့သွားလေတော့သည်။
...