← Chapters

တော်တော်လေး အငြိုးအတေး ကြီးတာပဲ ...

Vol. 8 Ch. 79

တော်တော်လေး အငြိုးအတေး ကြီးတာပဲ ...

Vol. 8 Ch. 79

အားချန်နှင့် ပိုင်ရှိုးမင်တို့သည် အနည်းငယ် နောက်ကျပြီးမှ ရောက်ရှိလာကြ၏။ သူတို့ခြံဝင်းထဲသို့ လျှောက်ဝင်လာချိန်တွင် အဘွားထန်သည် လက်နှင့်ခြေများ ချုပ်နှောင်ခံထားရပြီး ခြံဝင်းထဲတွင် ဒူးထောက် နေနှင့်ပြီး ဖြစ်၏။

အားချန်သည် ခြံဝင်းထဲသို့ ဝင်ရောက်လာသည်နှင့် ခြောက်ကပ် ပိန်လှီနေသည့် အဘွားအိုကြီးကို တွေ့လိုက်ရလေသည်။ သူမ၏ ခန္ဓာကိုယ်သည်လေးလံသည့် အချုပ်အနှောင်များ၏ ဖိအားကြောင့် ကုန်းကွနေကာ မတ်မတ်မရပ်နိုင်တော့သလို ထင်ရလေသည်။

ဖုန်းယန်က ပိုင်ရှိုးမင် ဝင်လာသည်ကို မြင်လိုက်ရသောအခါ သတင်းပို့လိုက်သည်။ "လူကြီးမင်း မနွဿကို တွေ့ပါပြီ။ ဒီအဖွားကြီးက အိမ်ထဲမှာ ရေအိုးထဲမှာ မွေးထားတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ တွေ့ရတဲ့အချိန်မှာတော့ အသက်မရှိတော့ပါဘူး"

"ဘယ်လိုသေသွားတာလဲ"

"အပြင်ဘက်မှာ ဒဏ်ရာဒဏ်ချက် မရှိပါဘူး။ သေဆုံးသွားတဲ့ အကြောင်းအရင်းကိုတော့ လောလောဆယ် မသိသေးပါဘူး"

ပိုင်ရှိုးမင်သည် သူဘေးက အားချန်ကို ကြည့်လိုက်လေသည်။ အားချန်ကလည်း ခေါင်းကိုတစ်ဖက်သို့လွှဲကာ သူ့အကြည့်ကို ရှောင်ရှားထားလိုက်၏။ ငါ့ကိုဘာလို့ ကြည့်နေတာလဲ။ ငါကဘာမှ မသိပါဘူး။

ပိုင်ရှိုးမင်က အကြည့်ကိုပြန်လည် ရုပ်သိမ်းထားလိုက်ပြီးနောက် ဆက်ပြီးမေးမြန်းလိုက်တော့သည်။ "တခြားဘာပစ္စည်းတွေ တွေ့သေးလဲ"

"အိမ်ထဲမှာ အရိုးပန်းပုရုပ်တုတစ်ရုပ်ကို ကိုးကွယ်ထားပါတယ်။ အခုထိတော့ အဲဒီရုပ်တုရဲ့ ထူးခြားမှုကို မတွေ့ရသေးပါဘူး"

ဖုန်းယန်၏ စကားဆုံးသွားသောအခါ ပိုင်ရှိုးမင်သည် အိမ်ရှိရာသို့ ခြေလှမ်းလှမ်းလိုက်လေသည်။ မူလက သိပ်မကျယ်ဝန်းလှသည့် အခန်းမှာ သူဝင်သွားပြီးနောက်တွင် ပိုလို့ပင် ကျဥ်းမြောင်းသွားသကဲ့သို့ ထင်ရ၏။ အိမ်အတွင်းက ပရိဘောဂများကို တစ်ချက်ကြည့်ရုံဖြင့် မြင်တွေ့နိုင်လေသည်။ အထင်ရှားဆုံးမှာ အနက်ရောင်ပိတ်စဖြင့် ဖုံးအုပ်ထားခြင်း မရှိတော့သော ပန်းပုရုပ်တစ်ခုပင်။

ထိုရုပ်တုသည် တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေသည့် ပန်းပုရုပ်တုတစ်ခု ဖြစ်လေသည်။ ပန်းပုထုထားပုံမှာ နဂါးတစ်မျိုး၏ အကောင်ပုံစံဖြစ်ပြီး ထိုနဂါး၏ ခန္ဓာကိုယ်သည် မြွေတစ်ကောင်ကဲ့သို့ ကျောက်တိုင် တံတိုင်းပေါ်တွင် ခွေပတ်လျက်ရှိလေသည်။ ခြေလေးချောင်းသည် ကျောက်တိုင်၏ အနားစွန်းကို ဆုပ်ကိုင်ထား၏။ မြွေနဂါးနှင့် နဂါးတို့သည် ပုံစံခြင်းဆင်တူသော်ငြားလည်း ဦးခေါင်းတွင် ဂျိုမပါသဖြင့် အနည်းငယ် ထူးဆန်းနေလေသည်။

ထိုမြွေနဂါး၏ မျက်လုံးများကို အလွန်ပီပြင်စွာ ထုဆစ်ထားပြီး တစ်ချက်ကြည့် လိုက်ရုံမျှဖြင့် တစ်စုံတစ်ခုက လူကိုစိုက်ကြည့်နေသလို ထင်ရလေသည်။

ပိုင်ရှိုးမင်က ထိုရုပ်တုအနီးသို့ ချဉ်းကပ်လိုက်သည်နှင့် ရုပ်တုတစ်ခုလုံးသည် တကျွတ်ကျွတ် မြည်သံများနှင့်အတူ အက်ကွဲသံများ ထွက်ပေါ်လာတော့သည်။

သူက မျက်လုံးများကို နိမ့်ချကာ လက်ချောင်းပေါ်ကလက်စွပ်ကို ကြည့်လိုက်သည်တွင် အနက်ရောင်လက်စွပ်သည် အလင်းရောင် ခပ်မှိန်မှိန်လေးတစ်လွှာ ထုတ်လွှတ်လို့နေသည်။ နဂါးဝိညာဉ်ကိုတောင် တုံ့ပြန်စေနိုင်တယ်။ ဒီရုပ်တုက မြွေနဂါးတစ်ကောင်နဲ့ ဆက်စပ်နေတာပဲ ဖြစ်ရမယ်။ တော်တော်လက်စွမ်း ထက်တာပဲ။ ဘယ်မိသားစုက ဒီလောက်တောင် အစွမ်းထက်ပြီး မြွေနဂါးကို တိတ်တိတ်လေး မွေးမြူရဲရုံတင်မက သူ့ကိုအမွှေးတိုင်တွေရဲ့ စွမ်းအားတွေ စုပ်ယူဖို့တောင် သုံးရဲတယ်ဆိုတာ မသိတော့ဘူး။

ဒီအရိုးပန်းပုရုပ်တုတွင် အဘွားထန်နှင့် တစ်စုံတရာ ဆက်စပ်မှု ရှိနေဟန်တူ၏။ ထိုရုပ်တုပေါ်တွင် အက်ရာများပေါ်လာသည်နှင့် အိမ်အပြင်ဘက်က အဘွားထန်ကလည်း နာကျင်စွာ အော်ဟစ်လိုက်တော့သည်။ "လူကြီးမင်း မလုပ်ပါနဲ့။ သူ့ကို မဖျက်စီးပါနဲ့။ တောင်းပန်ပါတယ်"

ပိုင်ရှိုးမင်ကလည်း ရှေ့ဆက်မတိုးတော့ချေ။ သူက လက်ပေါ်ကလက်စွပ်ကို လှည့်လိုက်ရင်း ဘေးတွင်ရပ်နေသည့် မင်ကျင့်စီးအစောင့်ကို မေးလိုက်၏။ "အိမ်ထဲမှာတခြား ဘာပစ္စည်းတွေတွေ့သေးလဲ"

ဘေးက မင်ကျင့်စီးအစောင့်က မြန်မြန်ပြန်ဖြေလိုက်လေသည်။ "အဝတ်အိတ် သေးသေးလေးတွေ တွေ့ပါတယ်။ အထဲမှာ ဆံချည်မျှင်တွေ လက်သည်းညှပ်ဖတ်တွေလိုမျိုး ပစ္စည်းတွေလည်း ထည့်ထားပါတယ်။ ကျန်တာကတော့ အမွှေးတိုင်တွင် ပိတ်စနီတွေလိုမျိုး သာမန်ပစ္စည်းတွေနဲ့ ငွေသား လျန် ၃၀၀၀ ဖိုး ရှိတဲ့ ငွေလက်မှတ်တွေပါ။ ဪ ... ရှိသေးတယ် ပုတ်သိုးနေတဲ့ အသားတုံးတချို့လည်း တွေ့ရတယ်။ သမင်သားတွေပါ။ အဲဒီမနွဿတွေကို ကျွေးဖို့သုံးတာ ဖြစ်လောက်တယ်"

ပိုင်ရှိုးမင်က လက်ခါပြလိုက်၏။ "မင်းတို့ အရင်ထွက်သွားလိုက် လူကိုခေါ်ဝင်လာခဲ့"

"ဟုတ်ကဲ့ပါ" ရှာဖွေပြီးသွားသည့် မင်ကျင့်စီးအစောင့်များသည် အိမ်ထဲက ထွက်ခွာသွားပြီး တံခါးအပြင်ဘက်တွင် စောင့်နေလိုက်ကြလေသည်။

ဖုန်းယန်ကတော့ အဘွားထန်၏ အင်္ကျီလက်ကိုဆွဲကာ သူ့ကိုအိမ်ထဲသို့ ဆွဲခေါ်လာခဲ့၏။

အားချန်ကလည်း ဖုန်းယန်နှင့်အတူ လိုက်ဝင်လာခဲ့လေသည်။ ပိုင်ရှိုးမင်က သူမကိုတစ်ချက် လှမ်းအကြည့်တွင် သူမကလည်း အလိုက်တသိလေးဖြင့် ခုန်တစ်လုံးကို ရှာဖွေကာ လိမ်လိမ်မာမာလေး ထိုင်နေသည်ကို မြင်လိုက်ရမှ အကြည့်ကိုလွှဲထား လိုက်လေသည်။

ဒီအချိန်တွင်တော့ အဘွားထန်သည် မြေပြင်ပေါ်တွင် မှောက်လျက်သားရှိနေပြီး သူမ၏ရှေ့တွင်ရပ်နေသည့် လူ၏တော်ဝင်ဖိနပ်နှင့် အနီရောင်ဝတ်ရုံ အစွန်းကိုသာ မြင်နိုင်တော့သည်။

ဒီလူသည် မြွေနဂါးရုပ်တုအနီးသို့ ချဉ်းကပ်သွားရုံမျှဖြင့် ရုပ်တုကို အက်ကွဲသွားအောင် လုပ်နိုင်သည်ကို သူမစိတ်ထဲတွင် ကောင်းကောင်း သိနေလေသည်။ သူမနှင့်ရုပ်တုသည် ဝိညာဉ်ချင်း ဆက်စပ်ထားသဖြင့် အကယ်၍များ ရုပ်တုကသာ တစ်ခုခုဖြစ်သွားလျှင် သူမသည်လည်း ထိုနေရာတွင်ပင် ပွဲချင်းပြီးကာ သေဆုံးသွားနိုင်ပေသည်။

မင်းကျင့်စီး၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံရပြီးနောက် ကောင်းသောအဆုံးသတ်နှင့် ကြုံတွေ့ရမည် မဟုတ်မှန်း သိသော်ငြားလည်း တစ်ရက်ပိုပြီး အသက်ရှင်ခွင့် ရနိုင်လျှင်ပင် မည်သူက ချက်ချင်း သေချင်ပါမည်နည်း။

"အရိုးပန်းပုရုပ်က ဘယ်ကနေရတာလဲ" ပိုင်ရှိုးမင်သည် ကျိန်စာအကြောင်း မမေးမြန်းဘဲ ထိုရုပ်တုအကြောင်းကိုသာ စတင်မေးမြန်းလိုက်တော့သည်။

"ဇာတိမြို့ ... ဇာတိမြို့က နဂါးဘုရင်ဗိမာန်ကနေ ပင့်လာတာပါ" အဘွားထန်က အလျင်အမြန် ပြန်ဖြေလိုက်သည်။

ပိုင်ရှိုးမင်က ဖုန်းယန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်တွင် ဖုန်းယန်သည် ဓားကိုဆွဲထုတ်လိုက်ပြီး အဘွားထန်၏ ခြေထောက်ကို ဓားဖြင့် တစ်ချက်လှီးဖြတ်လိုက်၏။

သူမသည် နာကျင်စွာအော်ဟစ်ရင်း မြေပြင်ပေါ်သို့ တိုက်ရိုက်မှောက်ကျ သွားကာ အော်ဟစ်ကာ ပြောတော့သည်။ "လူကြီးမင်း အသက်ချမ်းသာပေးပါ။ အသက်ချမ်းသာပေးပါ"

"နောက်တစ်ခေါက် ထပ်မေးမယ်။ ရုပ်တုကို ဘယ်ကရတာလဲ"

"ရှီးလင်က လူတစ်ယောက်ပါ။ ရှီးလင်က လူတစ်ယောက်ကို ဝယ်ခိုင်းခဲ့တာပါ။ လျန်ငွေ ၅၀၀၀ ပေးရပါတယ်"

"ရှီးလင် ဘယ်မိသားစုကလဲ။ ဘာလုပ်ဖို့ဝယ်တာလဲ"

"ရှန်း မိသားစုကပါ။ သူတို့က ဒီရုပ်တုက ယင်စွမ်းအင်တွေကို ထိန်းချုပ်နိုင်တယ်လို့ ပြောပါတယ်။ မနွဿကိုလည်း သူတို့ကပဲ ကျွန်မကို ရောင်းပေးတာပါ။ လျန်ကွေ ၃၀၀၀ ပေးရပါတယ်" အဘွားထန်သည် ကြောက်ရွံတုန်လှုပ်နေသည့်အမူအရာဖြင့် သူတို့ မမေးမြန်းရသေးခင်မှာပင် မိမိ၏အကြောင်းအရာအားလုံးကို တက်ကြွစွာ ဖွင့်ဟဝန်ခံလိုက်တော့သည်။

သူမက ပြောလာ၏။ "ကျွန်မဇာတိမှာနေတုန်းက ရေနှစ်သေဆုံးသူတွေရဲ့ အလောင်းကို ရှာဖွေဖို့ ရေစွမ်းအင်ကို အသုံးချခဲ့တာပါ။ နောက်ပိုင်းကျတော့ စီးပွားရေးက မကောင်းတော့ဘဲ ငွေလည်း မရှာနိုင်တော့လို့ ရှန့်ကျင်းကို ပြောင်းလာပြီး အသက်မွေးခဲ့တာပါ"

"ရှန့်ကျင်းကို ရောက်လာပြီးတဲ့နောက် မင်း ဘာနဲ့အသက်မွေးတာလဲ" ပိုင်ရှိုးမင်က မေးလိုက်သည်။

အဘွားထန်သည် ရုတ်တရက် စကားမပြောနိုင်တော့ချေ။

ဖုန်းယန်က စုပ်တချက် သပ်လိုက်ပြီး စိတ်မရှည်စွာဖြင့် ဓားကိုမြောက်ကာ ဓားရောင်သည် သူမ၏ မျက်စိရှေ့တွင် လင်းလက်သွားတော့သည်။ အဘွားထန်က ချက်ချင်းပင် စူးရှစွာအော်ပြောလိုက်၏။ "ကျိန်စာ ... ကျိန်စာတိုက်တာပါ။ တခြားသူတွေကို ကျိန်စာတိုက်ပြီး အသက်မွေးပါတယ်"

"ဘယ်နှစ်ခုလောက် လုပ်ခဲ့ပြီးပြီလဲ"

အဘွားထန်က ခေါင်းခါပြလိုက်သည်။ "သေသေချာချာ မမှတ်မိတော့ပါဘူး"

"မင်း ဆီလာရှာတဲ့သူတွေက ဘယ်လိုလူတန်းစားတွေလဲ" ပိုင်ရှိုးမင်က ထပ်မံ မေးမြန်းလိုက်လေသည်။

"အားလုံးက ချမ်းသာတဲ့ အသိုင်းအဝိုင်းကပါ" အဘွားထန်က မျက်နှာသူငယ်လေးဖြင့် ပြောလာသည်။ "လူကြီးမင်း ကျွန်မဆီလာရှာတဲ့ သူတွေက တချို့က အနောက်ဘက်ခြံဝင်းထဲမှာ အချင်းချင်း ပြိုင်ဆိုင်မှုတွေအတွက်၊ တချို့ကတော့ မျိုးနွယ်တူခြင်းသတ်ဖြတ်ဖို့၊ တချို့ကတော့ စီးပွားရေးလုယက်ဖို့ပါ။ အားလုံးက ကျွန်မ မနှောင့်ယှက်နိုင်တဲ့ လူတွေချည်းပါပဲ။ ကျွန်မက သူတို့ရဲ့ ဂုဏ်ပုဒ်တွေကို ဘယ်လိုလုပ်ပြီး စုံစမ်းရဲမှာလဲ"

"ဒါဆိုရင် နောက်ဆုံးအကြိမ်လုပ်ခဲ့တဲ့ လုပ်ငန်းကရော ဘာအတွက်လဲ" အဘွားထံက တံတွေးမျိုချကာ ပြောလိုက်လေသည်။ "ကျွန်မ မသိပါဘူး"

"မသိဘူးဟုတ်လား" ပိုင်ရှိုးမင်က မျက်ခုံးကိုပင့်လိုက်ပြီး ဒီအဖြေကို သိပ်မကျေနပ်ပုံ ပေါ်နေတော့သည်။

"လူကြီးမင်း ဒီအဘွားကြီးက မလိမ်ရဲပါဘူး။ ကျွန်မ ဆီလာရှာတဲ့ အဲဒီသခင်မက အရှိန်အဝါအရမ်းကြီးတာကို ကြည့်တာနဲ့ သာမန်အိမ်တော်က မဟုတ်တာ သိသာပါတယ်။ သူက လူတစ်ယောက်ကို သေစေချင်တယ်လို့ပဲ ပြောတာပါ။ ဘာကြောင့်ဆိုတာ မပြောခဲ့ပါဘူး။ ကျွန်မ အများကြီးမေးရင် ဒုက္ခရောက်မှာစိုးလို့ ဘာမှမမေးခဲ့ပါဘူး"

"တစ်ဖက်လူရဲ့ နာမည်ကိုတောင် မသိဘူးလား"

အဘွားထန်ကလည်း မြန်မြန် ခေါင်းခါပြလေသည်။ "သူက ကျွန်မရဲ့ဖောက်သည်ဟောင်း တစ်ယောက်က မိတ်ဆက်ပေးခဲ့တာပါ။ မျိုးရိုးနာမည်က ဘာလဲဆိုတာကို မပြောခဲ့ပါဘူး။ ကျွန်မကို သခင်မလို့ပဲ ခေါ်ခိုင်းပါတယ်"

မေးခွန်းများကို မေးမြန်းပြီးသော်ငြားလည်း အဘွားထန်သည် မြေပြင်ပေါ်တွင် မှောက်လျက်သား မလှုပ်မယှက်ရှိနေဆဲပင်။ ပိုင်ရှိုးမင်ကတော့ မျက်လုံးများကို နှိမ့်ချကာ သူမကို ကြည့်လိုက်သည်တွင် မျက်လုံးများထဲ၌ သတ်ဖြတ်လိုသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားလေတော့သည်။

တော်တော် ခေါင်းမာတာပဲ။ တစ်ခွန်းမှ အမှန်မပါဘူး။ သူ မြေအောက်အကျဉ်းထောင်ကို ရောက်သွားတဲ့ အခါကျရင်လည်း ဒီလိုပဲဆက်ပြီး ခေါင်းမာနိုင်ဖို့ မျှော်လင့်တယ်။

ခဏအကြာတွင်တော့ ပိုင်ရှိုးမင်ကထပ်ပြီး ပြောလိုက်လေသည်။ "မင်းတိုက်ခဲ့တဲ့ ကျိန်စာကို ဖြည်လို့ရလား"

"ရ ... ရပါတယ် ဖြည်လို့ရပါတယ်" အဘွားထန်က မြန်မြန်ပြောလိုက်တော့သည်။

ပိုင်ရှိုးမင်က အားချန်ကို လက်ယမ်းကာ ခေါ်လိုက်၏။ "ဒီကိုလာခဲ့"

အားချန်ကလည်း သူ့ဘက်သို့ လျှောက်သွားလိုက်ပြီး သူက ပြောလာသည်ကို ကြားလိုက်ရသည်။ "သူ့ကိုယ်ပေါ်က ကျိန်စာတွေကို ဖြည်ပေးလိုက်"

အဘွားထန်သည် ခေါင်းမော့ကာ အားချန်ကို ကြည့်လိုက်တော့သည်။

အားချန်က သူမက ကြည့်လာသည်ကို မြင်လိုက်သောအခါ ပြုံးပြလာခဲ့လေသည်။

အဘွားထန်၏ မျက်လုံးထဲတွင်လည်း သံသယများ ဖြတ်ပြေးသွားတော့၏။ ကြည့်ရတာ သာမန်မိန်းကလေး တစ်ယောက်လိုပါပဲ။ ဘာဖြစ်လို့ မနွဿက ကျိန်စာရဲ့နောက်ဆုံးနေ့မှာ သေသွားရတာလဲ။

အဘွားထန်သည် ထပ်ပြီးမစဉ်းစားရဲတော့ဘဲ ပိုင်ရှူးမင်ကို ပြောလိုက်လေသည်။ "လူကြီးမင်းအမိန့်ကို မနာခံရဲဘဲ မနေရဲပါဘူး။ ဒါပေမဲ့ ..."

"ဒါပေမဲ့ ဘာဖြစ်လဲ"

"ဒါပေမဲ့ ကျိန်စာ ဖြည်ဖို့အတွက် အရိုးပန်းပုရုပ်တုရဲ့ အကူအညီ လိုအပ်ပါတယ်။ လူကြီးမင်းရဲ့အရှိန်အဝါက ကြောက်စရာကောင်းလွန်းလို့ အိမ်ထဲမှာဆက်နေရင် အရိုးပန်းပုရုပ်က မကူညီမှာ စိုးရိမ်ရပါတယ်။ ကျေးဇူးပြုပြီးတော့ ... ကျေးဇူးပြုပြီးတော့ လူကြီးမင်းတို့အားလုံး အပြင်ထွက်ပေးပါ" အဘွားထန်က သတ္တိမွေးကာ ထုတ်ပြောလိုက်တော့သည်။

ပိုင်ရှိုးမင်က အားချန်ကို ကြည့်လိုက်သည်တွင် အားချန်ကလည်း ချက်ချင်းပြောလာခဲ့၏။ "လူကြီးမင်းပိုင် စိတ်ချပါ။ အားလုံး အဆင်ပြေပါတယ်"

သူမက သဘောတူလိုက်သဖြင့် ပိုင်ရှိုးမင်ကလည်း ဘာမှမပြောဘဲလှည့်ကာ ထွက်သွားလေတော့သည်။ ဖုန်းယန်ကလည်း နောက်မှလိုက်ပါ ထွက်သွားတော့၏။

နောက်ဆုံးတွင်တော့ အိမ်ထဲတွင် အားချန်နှင့် အဘွားထန်တို့ နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့တော့သည်။

လူများထွက်သွားသောအခါ အဘွားထန်သည် နောက်ဆုံးတော့ သက်ပြင်းချလိုက်နိုင်တော့၏။ သူမသည် မြေပြင်ပေါ်မှ ခက်ခက်ခဲခဲ ပြန်ထလိုက်ရလေသည်။ ဒဏ်ရာရနေသည့် ခြေထောက်ကတော့ မြေပြင်ကို ထောက်လိုက်သည်နှင့် ပြင်းထန်သည့်နာကျင်မှုကို ခံစားရသော်ငြားလည်း သူမသည် ယိုင်နဲ့စွာဖြင့် ပူဇော်စားပွဲဆီသို့ လျှောက်လာခဲ့တော့သည်။

သူမသည် ပူဇော်စားပွဲဘေးက ကတ်‌ကြေးတစ်လက်ကို ရှာဖွေလိုက်ပြီး ကတ်ကြေးချွန်ဖြင့် လက်ဖဝါးကို ခြစ်လိုက်ကာ လက်ဖဝါးမှစီးကျလာသည့် သွေးများကို အရိုးဖြူပန်းပုရုပ်ပေါ်သို့ အစက်ချလိုက်တော့သည်။ သွေးများ ကျဆင်းသွားသည်နှင့်ချက်ချင်း စုပ်ယူ ခံလိုက်ရပြီး ဖြူစင်သန့်ရှင်းနေသည့် အရိုးပန်းပုရုပ်ပေါ်တွင် မည်သည့်အရာမှ မကျန်ရစ်ခဲ့ချေ။

ထိုအချိန်တွင် သူမ၏အနောက်ဘက်က စကားသံမှာ ရုတ်တရက်ပေါ်ထွက် လာခဲ့လေသည်။ "ကိုယ့်သွေးကို အရိုးပန်းပုရုပ်ကို ပူဇော်ပြီး သူ့ကို ကျိန်စာရုပ်သိမ်းခိုင်းတာ ဒီနည်းလမ်းက တော်တော်ရိုးရှင်းတာပဲ။ ဒါပေမဲ့ တစ်ခုရှိတာက ရှင်ပူဇော်နေတဲ့ ဒီမြွေနဂါးက အသက်ရှင်နေသေးပြီး ရှင်နဲ့သူ့ကြားမှာ တစ်မျိုးမျိုး ဆက်စပ်နေမှဖြစ်မှာ။ ရှင် ... ရှင့်ဝိညာဉ်ကို သူ့ဆီမှာ ယစ်ပူဇော်ထားတာတော့ မဟုတ်ဘူးမလား"

အဘွားထန်သည် အလန့်တကြား ဖြစ်သွားပြီး ရုတ်တရက် လှည့်ကြည့်လိုက်သည်တွင် အားချန်က သူမနောက်တွင်ရပ်က ထိုအရိုးပန်းပုရုပ်ကို စိတ်ဝင်တစားစိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။

"မိန်းကလေး ဘာတွေပြောနေတာလဲ။ ဒီအဘွားကြီး ဘာမှနားမလည်ဘူး"

အဘွားထန်က ငြင်းဆိုရန် ကြိုးစားလိုက်သော်ငြားလည်း အားချန်က ပြောလာသည်ကို ကြားလိုက်ရလေသည်။ "ခုနက ရှင်ဖြေခဲ့တဲ့ မေးခွန်းတွေထဲမှာ အမှန်တရား ဘယ်နှစ်ခုပါလို့လဲ"

"မိန်းကလေးက နောက်နေတာပဲ။ ဒီအဘွားကြီးက မင်ကျင့်စီးက လူတွေကို ဘယ်လိုလုပ်ပြီး လိမ်ရဲမှာလဲ"

"ဒါက ပြောလို့တော့မရဘူးလေ" အားချန်၏ လှလှပပ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်း သွားလေသည်။ "ဥပမာ ... ကျွန်မကို ကျိန်စာတိုက်ခိုက်တဲ့လူက ဘယ်သူလဲဆိုတာကို ရှင် တကယ်မသိတာလား"

"တကယ် မသိပါဘူး" အဘွားထန်ကလည်း ခေါင်းမာမာဖြင့် ပြန်ပြောလာသည်။

အားချန်က စုပ်သတ်လိုက်၏။ "ခုထိတောင် ဧည့်သည်တွေအတွက် လျှို့ဝှက်ပေးနေသေးတယ်။ ရှင့် စီးပွားရေး ဒီလောက်ကောင်းနေတာ မဆန်းတော့ပါဘူး။ ရွှဲရှီတောင်မှ ရှင့်ကို ရှာဖွေတွေ့နိုင်ခဲ့တယ်လေ"

"မိန်းကလေးက ဘယ်သူ့ကို ပြောနေတာလဲ" အဘွားထန်က ရှုပ်ထွေးစွာဖြင့် မေးလိုက်လေသည်။

အားချန်၏ နှုတ်ခမ်းထောင့်များက ကွေးတက်သွားတော့သည်။ "အဘွားကြည့်ရတာ ဉာဏ်ကောင်းတဲ့ လူတစ်ယောက်လိုပဲ။ သတ္တိလည်းရှိတယ်။ ဉာဏ်လည်းများတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ လုပ်ပုံကိုင်ပုံကို မပြောင်းလဲတတ်ဘူးလေ။ ရှင်က ဒီကိစ္စကို လျှို့ဝှက်ပေးထားရုံနဲ့ ရှင် ဘေးမသီရန်မခ နေနိုင်မယ်လို့ တကယ် ထင်နေတာလား"

အဘွားထန်သည် ခေါင်းကိုတစ်ဖက်သို့ လွှဲထားလိုက်ပြီး အားချန်ကို စကားဆက်မပြောလိုတော့ဟန် ပြုလိုက်၏။

"ခုနတုန်းက ရှင့်ကို စစ်ဆေးမေးမြန်းခဲ့တဲ့ လူတွေက ဘယ်သူလဲဆိုတာ အဘွားသိလား"

အားချန်သည် သူမ၏အဖြေကိုမစောင့်ဘဲ အဖြေကို တန်းပြောလိုက်တော့သည်။ "သူက မင်ကျင့်စီးရဲ့ကျ န့်ရှီဖူပဲလေ။ ရှန့်ကျင်းမှာဖြစ်တဲ့ ထူးဆန်းတဲ့အမှုတွေအားလုံးကို သူ့လက်အောက်မှာပဲ ကိုင်ထားတာ။ တကယ်တော့ ဒီအမှုကို သူ လာကိုင်တွယ်စရာ မလိုပါဘူး"

အဘွားထန်သည် ခေါင်းလှည့်မလာခဲ့သော်ငြားလည်း နားစွင့်နေခဲ့၏။ သူမသည်လည်း မင်ကျင့်စီး လက်ထဲသို့ ကျရောက်သွားသည့် အကြောင်းအရင်းကို သိချင်နေမိလေသည်။

အားချန်က သူမ၏နောက်မှနေ၍ ခပ်တိုးတိုး ရယ်မောလိုက်ကာ "သူ ဘာဖြစ်လို့ ဒီနေရာကို ရောက်လာတယ်လို့ ရှင် ထင်လဲ"

အဘွားထန်သည် နောက်ဆုံးတော့ မတတ်သာတော့ဘဲ မေးလာတော့သည်။ "ဘာဖြစ်လို့လဲ"

"ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက သူ့ကိုသွားရှာပြီး တစ်ယောက်ယောက်က ကျွန်မကို သတ်ချင်နေတယ်လို့ သွားပြောခဲ့လို့လေ" အားချန်သည် သူမ၏ဖြူသွယ်သွယ် လက်ချောင်းလေးများကို ကစားရင်း ဆက်ပြောလိုက်၏။ "ကျွန်မ တွက်ကြည့်ရအောင်။ ကျွန် မသူ့ကို သွားရှာတဲ့အချိန်ကနေ မင်ကျင့်စီးက ရှင့်ကို လာဖမ်းတဲ့အချိန်အထိ လေးနာရီတောင် မကြာဘူး။ အရမ်းမြန်တယ် မဟုတ်လား"

အဘွားထန်၏ နှလုံးခုန်သံမှာ ချက်ချင်းဆိုသလို ရပ်တန့်သွားပြီး အားချန်ကို ကြည့်သည့် အကြည့်များတွင်လည်း ကြောက်ရွံမှုများ ပြည့်နက်နေတော့သည်။

"ရှင်က သူတို့တွေ စိတ်အနှောင့်အယှက် ဖြစ်မှာကိုတော့ စိုးရိမ်တယ်။ ဒါပေမဲ့ နစ်နာသူဖြစ်တဲ့ ကျွန်မကို စိတ်အနှောင့်အယှက် ဖြစ်မှာတော့ မစိုးရိမ်ဘူးလား" အားချန်သည် သူမ၏ဘေးသို့ အနည်းငယ် တိုးကပ်သွားကာ ခပ်တိုးတိုးလေး ပြောလိုက်လေသည်။ "သေတယ်ဆိုတာတောင် သေနည်းအမျိုးမျိုး ရှိသေးတယ်။ တချို့လူတွေကတော့ ဓားတစ်ချက်တည်းနဲ သေသွားပြီး သေခါနီးမှာ ဘာနာကျင်မှုမှ မခံစားရဘူး။ တချို့လူတွေကတော့ ... ရှင် မင်ကျင့်စီးရဲ့ မြေအောက်အကျဉ်းထောင်က ဘယ်လိုပုံစံမျိုးလဲဆိုတာ မသိလောက်ဘူး ထင်တယ်။ အဲဒီက ညှဉ်းပန်းနှိပ်စက်နည်းတွေက ထူးဆန်းတဲ့အရာတွေ အများကြီးရှိတယ်။ ကျွန်မသာ သူ့ကို စကားတစ်ခွန်းလောက် ပြောလိုက်တာနဲ့ အဘွား ... ရှင်အထဲမှာ အသက်ရှင်လျက် မသေနိုင်၊ မသေမရှင်ဖြစ်သွားလိမ့်မယ်"

"မင်း ဘာလိုချင်တာလဲ" နောက်ဆုံးတွင်တော့ အဘွားထန်သည် ထုတ်ပြောလာတော့သည်။ အာချန် ပြောသကဲ့သို့ပင် သူမသည် အမှန်တကယ် ဉာဏ်ကောင်းသူ တစ်ယောက်ဖြစ်လေသည်။

"တခြားသူတွေကို ကျိန်စာတိုက်ဖို့ဆိုရင် ကြားခံပစ္စည်းတစ်ခု ခံထားရတယ်လေ။ ရှင့်လို ဉာဏ်ကောင်းတဲ့သူတစ်ယောက်က ရှင့်ကို သတ်ပြီးပါးစပ်ပိတ်သွားမှာကို ကာကွယ်ဖို့အတွက် နည်းလမ်းတခုခုတော့ ချန်ထားခဲ့မှာပဲလေနော်"

"မိန်းကလေးက ကျိန်စာတိုက်တာကို တော်တော်ကျွမ်းကျင်တာပဲ"

"နည်းနည်းပါးပါးလေး သိတာပါ" အားချန်ကတော့ လိမ်ညာပြောဆိုနေခြင်း မဟုတ်ချေ။ သူမသည် ကျိန်စာတိုက်ခြင်းကို အမှန်တကယ် မကျွမ်းကျင်သော်လည်း တခြားသူများကို ကျိန်စာတိုက်သည့် နည်းလမ်းတစ်မျိုးနှစ်မျိုး ကိုတော့ သိထားလေသည်။

အဘွားထန်ကလည်း အချိန်အကြာကြီး တုံ့ဆိုင်းနေလိုက်ပြီးမှ ပြောလာခဲ့၏။ "သူရဲ့ လက်သည်းညှပ်ဖတ်တွေ ကျွန်မဆီမှာ ရှိတယ်။ မသုံးရသေးတဲ့ဟာ တချို့လည်းရှိတယ်။ ရှင် ယူသွားလို့ရတယ်"

ထိုသို့ ပြောလိုက်သည်နောက် သူမသည် ပူဇော်စားပွဲအောက်သို့ ကျန်သည့်လက်တစ်ဖက်ဖြင့် နှိုက်လိုက်ပြီး လက်သည်းညှပ်ဖတ် နှစ်ခုကို ထုတ်ယူလိုက်လေသည်။ လက်သည်းညှပ်ဖတ်များပေါ်တွင် ဖုန်မှုန့်များ ကပ်ငြိလို့နေ၏။

အားချန်ကလည်း အဘွားထန်ကို နည်းနည်းလေးတော့ လေးစားသွားလေသည်။ ပစ္စည်းဝယ်သည့် အကောင်းဆုံးနည်းလမ်းမှာ ပစ္စည်းများကို ပေါ့ပေါ့ပါးပါး ထားရှိခြင်းပင်။ မင်ကျင့်စီးအစောင့်များပင် သတိမထားမိလိုက်ချေ။

သူမက လက်ကိုင်ပုဝါကိုထုတ်ပြီး လက်သည်းညှပ်ဖတ်နှစ်ခုကို လက်ကိုင်ပုဝါထဲတွ င်ထည့်ကာ သိမ်းဆည်းလိုက်ပြီးမှ ပြောလိုက်၏။ “အဘွားက တခြားသူရဲ့ လက်သည်းညှပ်ဖတ်တွေနဲ့ ကျွန်မကို လိမ်ညာမှာတော့ မဟုတ်လောက်ပါဘူးနော်"

"မလိမ်ရဲပါဘူး" သူမသည် ဒီအခြေအနေ ရောက်နှင့်နေပြီ ဖြစ်လေသည်။ အသက်ရှင်ရမည့် ရက်အနည်းငယ်သာ ကျန်တော့သည်ကို သိသဖြင့် နာကျင်မှုအနည်းငယ်သာ ခံစားလိုတော့သည်။

သူမ၏ရှေ့က ဒီမိန်းကလေးကို သူမပင် အကဲဖြတ်မှားခဲ့လေသည်။

အပြစ်ကင်းစင်သည့် ပုံသဏ္ဍာန်ရှိသော်ငြားလည်း စိတ်ဓာတ်ကတော့ မြွေနဂါးကဲ့သို့ ရက်စက်လှပေသည်။ မနွဿ သေဆုံးသွား ခြင်းသည်လည်း သူမနှင့် ပတ်သက်နေနိုင်သည်။ သူမကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်လိုက်မည့်အစား ထိုရွှဲရှီကိုသာ ထိုးကျွေးလိုက်ခြင်းကပင် ပိုကောင်းသေးသည်။

အကယ်၍ ထိုရွှဲသခင်မကြောင့်သာ မဟုတ်ပါက သူမသည်လည်း ဒီလိုဘေးဒုက္ခတို့နှင့် ကြုံတွေ့ရမည် မဟုတ်ချေ။

အဘွားထန်က အားချန်ကို အမျက်မထွက်ရဲဘဲ အရာအားလုံးကို ရွှဲရှီပေါ်သို့သာ ပုံချလိုက်တော့၏။ သို့သော်ငြား သူမသည် အစပိုင်းတွင် ရွှဲရှီကို ဆွဲဆောင်ခြင်းမှာလည်း တခြားအကြံအစည်များ ရှိခဲ့သည်ကိုတော့ မေ့လျော့နေခဲ့လေသည်။

မကြာမီတွင် အဘွားထန်သည် အရိုးပန်းပုရုပ်ပေါ်သို့ အစက်ချလိုက်သည့် သွေးများကို ထပ်ပြီး စုပ်ယူခြင်း မရှိတော့ချေ။ သူမသည် လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး အရိုးပန်းပုရုပ်ကို အမွှေးတိုင် ကပ်လှူလိုက်၏။ ထိုနောက်တွင်တော့ ဦးသုံးကြိမ် ချလိုက်ပြီးနောက်တွင် ရုပ်တုကို တစ်စုံတစ်ခု ရွတ်ဖတ်ပူဇော်လိုက်လေသည်။

ရွတ်ဖတ်ပူဇော်ပြီးနောက်တွင် အမွှေးတိုင်ခွက်ထဲက အမွှေးတိုင်သည် ရုတ်တရက် လျင်မြန်စွာ လောင်ကျွမ်းသွားပြီး မီးခိုးငွေ့များသည် အားချန်၏ ပတ်ပတ်လည်တွင် တစ်ပတ်လှည့်ပတ်သွားခဲ့၏။ ထိုနောက်တွင်တော့ သူမ၏ခန္ဓာကိုယ်အတွင်းမှ တစ်စုံတစ်ခု ထွက်ခွာသွားသလို ခံစားလိုက်ရသော်ငြား ထိုခံစားချက်ကတော့ သိပ်ပြီးမရှင်းလင်း မထင်ရှားလှချေ။

အဘွားထန်သည် လောင်ကျွမ်းနေသည့် အမွှေးတိုင်ကို စိုက်ကြည့်လိုက်ပြီး အမွှေးတိုင်သည် လျင်မြန်စွာ လောင်ကျွမ်းခြင်းမရှိတော့မှ ပြောလာခဲ့၏။ "နဂါးဘုရင်က ရှင့်ကိုယ်ပေါ်က ကျိန်စာကို ဖြည်ပေးလိုက်ပါပြီ"

"အဘွားကို ကျေးဇူးတင်ပါတယ်" ကျိန်စာဖြည်ပြီးသည်နှင့် အားချန်သည် တံခါးဝဘက်သို့လှည့်ကာ ထွက်သွားတော့သည်။ သူမက တံခါးဖွင့်လိုက်သောအခါ ပိုင်ရှိုးမင်က ခြံဝင်းထဲတွင် လက်နောက်ပစ်ကာ ရပ်နေသည်ကို တွေ့လိုက်ရ၏။

အားချန်က နောက်ဆုံးတော့ ထွက်လာသည်ကို မြင်လိုက်ရသည်တွင် ဖုန်းယန်ကလည်း လက်ဝှေ့ယမ်းလိုက်ကာ မင်ကျင့်စီးအစောင့် လေးဦးသည် အိမ်ထဲသို့ ပြေးဝင်သွားပြီး အဘွားထန်ကို ထိန်းချုပ်ထား လိုက်တော့သည်။

အားချန်က ပိုင်ရှိုးမင်၏ ဘေးသို့ရောက်လာပြီး ချိုသာစွာဖြင့် ပြောလိုက်၏။ "လူကြီးမင်းပိုင်"

"တခြားကိစ္စရှိသေးလား"

"လူကြီးမင်းပိုင်ရဲ့ အသက်ကယ်ပေးတဲ့ကျေးဇူးကို တုံ့ပြန်တဲ့အနေနဲ့ ကျွန်မ ရှင့်ကို လျှို့ဝှက်ချက်တစ်ခု ပြောပြရမလား" အားချန်သည် သူမကအမြဲတမ်း အခွင့်အရေးယူနေလို့ မဖြစ်ဘဲ သင့်တော်သလိုတော့ ပြန်လည်ပေးဆပ်သင့်သည်ဟု ခံစားမိလေသည်။ သို့မှသာ နောက်ပိုင်းတွင်လည်း စကားပြောသည့်အခါ ပိုပြီးယုံကြည်မှု ရှိလာပေလိမ့်မည်။

"ပြောကြည့်လေ"

"အဲဒီအဘွားကြီး ခုနက ရှင့်ကို ပြောတဲ့ စကားတွေထဲမှာ စကားတစ်ခွန်းမှ အမှန်မပါဘူး။ ကျွန်မအထင်တော့ သူက အဲဒီ ရှန်းမိသားစုက လူတစ်ယောက် ဖြစ်နိုင်တယ်"

ပိုင်ရှိုးမင်သည် အနည်းငယ် အံ့ဩသွားပြီး မျက်ခုံးများကိုပင့်ကာ ပြန်မေးလာခဲ့သည်။ "မင်းက ဘယ်လို သိသွားတာလဲ"

"ငွေလျန် ၅၀၀၀ တန် နဂါးရုပ်တုကို သာမန်လူတစ်ယောက်က ဝယ်နိုင်မှာ မဟုတ်ဘူးလေ။ သူ့ပုံက ချမ်းသာတဲ့ လူတစ်ယောက်ပုံလည်း မပေါ်ဘူး။ တကယ်လို့ ဝယ်နိုင်တယ်ဆိုရင်တောင် အဲဒီလောက် ထူးခြားဆန်းကြယ်တဲ့ နဂါးရုပ်တုကို ဘယ်လိုဖြစ်ပြီးတော့ သူ့ကို အလွယ်တကူ ရောင်းချမှာလဲ"

"အင်း တော်တော်လေးကို အဓိပ္ပာယ်ရှိတယ်။ တခြားဟာကော"

ပိုင်ရှိုးမင်၏ မျက်နှာပေါ်တွင် အံ့ဩရိပ်ကို မတွေ့ရသောအခါ ဒီလူသည် ထိုအဘွားကြီးလိမ်ညာ ပြောဆိုနေသည်ကို အစောကြီးကတည်းက သိရှိနေလောက်ပြီဟု ချက်ချင်းပင် ခန့်မှန်းမိလေတော့သည်။

သူမကလည်း နှစ်ချက်လောက် ညည်းညူလိုက်ပြီးမှ ပြောလိုက်၏။ "နောက်ပြီးတော့ သူက မကောင်းတာတွေ အများကြီး လုပ်ထားခဲ့တာပဲ။ ရှင် သူ့ကို လုံးဝ အလွတ်မပေးသင့်ဘူးနော်"

ဒီအဘွားကြီးက ငါ့ကိုအိပ်မက်ဆိုး သုံးရက်ဆက်တိုက် မက်စေခဲ့တာ။ သူက အေးအေးချမ်းချမ်းနဲ့ နေသွားချင်သေးတယ်တဲ့လား။ အိပ်မက် မက်နေလိုက်တော့ !

ပိုင်ရှိုးမင်၏နှုတ်ခမ်းများက ကွေးတက်သွားလေသည်။ "တော်တော်လေးကို အငြိုးကြီးတာပါလား"

...

All Chapters