ဝမ်ရယ်က မကြာသေးခင်မှာ ရှီဇီ (ဆက်ခံသူ သခင်လေး)အတွက် စေ့စပ်ပွဲတစ်ခု ပြင်ဆင်ပေးခဲ့တယ်...
Vol. 8 Ch. 80
အားချန်ကလည်း ကျိုးကြောင်း ခိုင်လုံစွာဖြင့် ပြန်လည်ချေပ လိုက်လေသည်။ "လူကြီးမင်း ကျွန်မရဲ့ဂုဏ်သိက္ခာကို ဒီလိုသက်သက်မဲ့ လာစွပ်စွဲလို့ မရဘူးနော်။ ကျွန်မ လုပ်တာက မကောင်းမှုကို ရွံရှာမုန်းတီးတယ်လို့ ခေါ်တာပါ"
သူမက စကားပြောဆို နေစဉ်မှာပင် အဘွားထန်ကို ဖမ်းဆီးကာ ဆွဲထုတ်လာခဲ့ ကြလေသည်။ အိမ်အတွင်းထဲက မနွဿ မွေးမြူထားသည့် ရေစည်ပိုင်းနှင့် နဂါးရုပ်တုကိုလည်း မင်းကျင့်စီးအစောင့်များက တစ်ပါတည်း သယ်ဆောင်လာခဲ့ကြသည်။
အဘွားထန်သည် သူတို့နှစ်ဦးနားမှ ဖြတ်သန်းသွားချိန်တွင် အားချန်နှင့် ပိုင်ရှိုးမင်တို့၏ ပတ်သက်မှုကို အတည်ပြုနေသည့်အလား အကြိမ်အနည်းငယ် လှည့်ကြည့်သွားလေသည်။
သူတို့နှစ်ဦးအလွန် နီးကပ်စွာ ရပ်တန့်နေကြပြီး ဆက်ဆံရေးကလည်း မရိုးရှင်းကြောင်း ထင်ရှားနေသည်ကို မြင်တွေ့လိုက်ရမှ သူမသည် အကြည့်လွဲလိုက်လေတော့သည်။
"ဘာကြည့်တာလဲ။ မြန်မြန်သွားစမ်း" အနီးရှိ မင်ကျင့်စီးအစောင့်က သူမသည် ပိုင်ရှိုးမင်ရှိရာဘက်သို့ လှည့်ကြည့်နေသည်ကို သတိပြုမိသည်တွင် ထိုအဘွားကြီးတွင် မကောင်းသည့် အကြံအစည် ရှိနေသည်ဟု ထင်မှတ်သွားကာ တင်းမာသည့် မျက်နှာထားဖြင့် သူမကို ခပ်ပြင်းပြင်းတွန်းလိုက်၏။
အဘွားထန်သည် ယိုင်တိယိုင်တိုင်ဖြင့် ခြံဝင်းထဲက ထွက်ခွာသွားလေတော့သည်။ သူမ၏ ရှူနာရှိုက်ကုန်း ပုံပန်းသဏ္ဌာန်မှာ သနားစဖွယ်အနည်းငယ် ကောင်းနေသယောင်ပင်။ သူမသည် မကြာမီ မည်သည့်အရာနှင့် တွေ့ကြုံရမည်ကို သိရှိသေးခြင်းတော့ မရှိချေ။
အားချန်က ခေါင်းကိုလှည့်လိုက်ပြီး မင်ကျင့်စီးအစောင့်များက အိမ်ကို ရှာဖွေပြီးစီးကာ ထွက်ခွာသွားတော့မည်ကို မြင်လိုက်ရသည်တွင် သူမကလည်း ထပ်ပြီး မေးမြန်းလိုက်၏။ "လူကြီးမင်း သူ့ပါးစပ်ကနေ ပိုက်ဆံပေးပြီး လူသတ်ခိုင်းတဲ့ သူရဲ့ တကယ့်အထောက်အထားကို မေးမြန်းနိုင်ခဲ့ရင် အဲဒီလူကို အပြစ်ပေးလို့ ရနိုင်မှာလား"
"အခြေအနေပေါ် မူတည်တယ်။ နှုတ်ကနေ ဝန်ခံချက် တစ်ခုတည်းနဲ့တော့ မလုံလောက်ဘူး။ ငါတို့တွေ ပိုပြီးတော့ ခိုင်မာတဲ့သက်သေ အထောက်အထားလိုအပ်တယ်"
ဒီလိုအမှုမျိုးတွင် သက်သေအထောက်အထား စုစည်းရန်မှာ အထူးခက်ခဲ လေသည်။ သူတို့ကို မဖမ်းမိသေးသရွေ့တော့ ထိုလူများက လူသတ်ခိုင်းဖို့ရန် အဘွားထန်ကို ငွေအများကြီးသုံးကာ လာရှာလိမ့်မည် မဟုတ်ချေ။
ဒါကလည်း တိုက်ဆိုင်မှုတစ်ခုပင်။ သူမ၏လက်ထဲက လက်သည်းညှပ်အစကလည်း သက်သေဟု ဆိုရုံလောက်သာ ရှိလေသည်။ အကယ်၍ သူတို့သည် အမှန်တကယ် စုံစမ်းစစ်ဆေးလိုလျှင် မင်ကျင့်စီးဌာန၏ နည်းလမ်းများနှင့်တော့ ရှာဖွေလို့ မဖြစ်နိုင်သည်က မဟုတ်ပေ။
သို့သော်ငြားလည်း ဒီရလဒ်က အားချန်လိုချင်သည့် အရာမျိုးလည်း မဟုတ်ပေ။
"ဒါဆိုရင်တော့ တကယ်နှမြောဖို့ ကောင်းတာပဲ။ ကျွန်မကို သတ်ချင်နေတဲ့ အဲဒီလူကလည်း ဒီတစ်ကြိမ်လွတ်မြောက် သွားနိုင်မယ် ထင်တယ်" အားချန်သည် မျက်နှာပေါ်တွင် အနည်းငယ် စိတ်ပျက်သွားသည့် အမူအရာလေးဖြင့် ခပ်တိုးတိုး သက်ပြင်းချလိုက်၏။
ပိုင်ရှိုးမင်က အားချန်ဘက်သို့ လှည့်ကြည့်လိုက်ကာ သူ့မျက်လုံးများကတော့ မရှင်းမလင်း ဖြစ်သွားလေသည်။ "တကယ်လား"
အားချန်ကသူ၏ မျက်ဝန်းနက်နက်များနှင့် အကြည့်ချင်းဆုံလိုက်ပြီး သူမ၏ မျက်လုံးများကတော့ ကြည်လင်ပြီးသန့်စင်လို့ နေတော့သည်။ "ဟုတ်တယ်လေ"
ကျိန်စာကို ဖယ်ရှင်းပေးပြီးသွားပြီ။ အဘွားထန်ကလည်း ဥပဒေကို လက်မြောက် အရှုံးပေးလိုက်ပြီ။ အဓိကရည်ရွယ်ချက်ကလည်း အောင်မြင်သွားပြီ။ အားချန်လည်း အိမ်ပြန်ဖို့ပြင်ဆင် ရတော့မှာပေါ့။
သူမနှင့် ပိုင်ရှိုးမင်တို့သည် ခြံဝင်းငယ်လေးထဲက အတူတူလမ်းလျှောက်ကာ ထွက်လာခဲ့ကြ၏။ တံခါးနားတွင် စောင့်ကြပ်နေသည့် မင်ကျင့်စီး ရဲမက်က တံခါးကိုပိတ်ကာ တံခါးပေါ်တွင် ချိတ်ပိတ်ထား လိုက်လေတော့သည်။
ချန်းဖိင်ဖန်းနှင့် မင်ကျင့်စီးတို့သည် လားရာခြင်း မတူညီကြချေ။ ပိုင်ရှိုးမင်ကို သူမအား ဆိုင်သို့ ‘လမ်းကြုံ’ပြန်ပို့ခိုင်းရန် ချော့မော့ပြောလျှင် ကောင်းမလားဟု စဉ်းစားနေချိန်မှာပင် ပုံရိပ်တစ်ခုသည် ရုတ်တရက် သူတို့ရှေ့တွင် ပေါ်ထွက်လာခဲ့၏။
"လူကြီးမင်း" ထိုလူက ပိုင်ရှိုးမင်ကို တရိုတသေ ဂါရဝပြုလိုက်လေသည်။
"ကိစ္စရှိလို့လား"
"အရှင်မင်းကြီး ဝမ်ရယ်က လူကြီးမင်းကို အိမ်ပြန်လာ ခိုင်းလိုက်ပါတယ်"
"သိပြီ"
ကြည့်ရတာ ဒီနေ့တော့ ‘လမ်းကြုံ’ ဆိုတဲ့စကား ပြောလို့မရတော့ဘူး ထင်တယ်။ အခြေအနေကို တွေ့လိုက်ရသောအခါ အားချန်ကလည်း သူမ၏ဘေးကလူကို တီးတိုးလေးသာ ပြောနိုင်တော့သည်။ "လူကြီးမင်း ကျွန်မအရင် ပြန်လိုက်တော့မယ်နော်"
"သွားနှင့်လေ"
အားချန်သည် ခိုင်းမင်ဖန်းမှ ထွက်ခွာလာခဲ့ပြီးနောက် အိမ်သို့တန်းတန်းမတ်မတ် မပြန်ခဲ့ချေ။ သူမသည် အနောက်ဘက်စျေးသို့ တဖန်သွားခဲ့လိုက်လေသည်။ အနောက်ဘက်ဈေးက အမဲလိုက်မုဆိုးဆိုင်မှ လတ်လတ်ဆတ်ဆတ် ထုံလင်သစ်သား (ဝိညာဉ်ဆက်သစ်) တစ်တုံး၊ ကျိုးရန်တောင်မှ ကျောက်ခတ်နှစ်တုံးနှင့် ယန်ထန်ရေကန်တွင် ပေါက်သည့် ကျိုးယဲ့လော် အရွက်ကိုးရွက်ပါနွယ်ပင်တို့ကို ဝယ်ယူခဲ့လေသည်။
အားချန်သည် အမဲလိုက်မုဆိုးဆိုင်နှင့်အရောင်းအဝယ် လုပ်သည်မှာလည်း ပထမဦးဆုံးအကြိမ် မဟုတ်ချေ။ သူမသည် အချိန်တိုင်း ဝယ်ယူလိုက်သည့် ပစ္စည်းများက အနည်းငယ် ထူးဆန်းနေတတ်သည်။ ဆိုင်ထဲက တာဝန်ခံများကလည်း စည်းမျဉ်းစည်းကမ်းများကို သိကြပြီး မေးခွန်းများကို တခါမှ မမေးကြပေ။
သို့သော်ငြား မီးခတ်ကျောက်ကို ယူလာချိန်တွင်တော့ စကားလုံးအနည်းငယ်ဖြင့် သတိပေး လိုက်သေးသည်။ "မိန်းကလေး မီးခတ်ကျောက်ကို သုံးတဲ့အချိန်ကျရင်တော့ သတိထားရမယ်။ ဒီမီးခတ်ကျောက်က ယန်ဓာတ်ကို လောင်ကျွမ်းစေတာ သူ့ကို မီးညှိလိုက်ပြီဆိုတာနဲ့ အလွယ်တကူ ငြိမ်းသတ်လို့ရမှာမဟုတ်ဘူး"
"ကျွန်မ သိပါပြီ။ ကျွန်မကို သတိပေးတဲ့အတွက် ဆိုင်တာဝန်ခံကို ကျေးဇူးတင်ပါတယ်" အားချန်သည် ကျောက်စိမ်းဘူးလေးထဲက မီးခတ်ကျောက်ကို လှမ်းယူလိုက်ပြီး သူမသည် လျန်၂၀၀ ဖြင့် ကျောက်တုံး နှစ်တုံးကို ဝယ်ယူခဲ့ကာ ဒီသေတ္တာလေးတွင် သုံးသမျှ၏ ၈၀ရာခိုင်နှုန်း ဖြစ်နေသည်ကို စဉ်းစားမိလိုက်တော့သည်။
အားချန် လျန်၅၀၀တန် ပစ္စည်းပစ္စယများနှင့်အတူ သူမ၏ အိမ်သို့ပြန်ရောက်လာခဲ့ပြီး ဆိုင်ကိုပြန်ဖွင့်လိုက်လေသည်။
အားချန် ပြန်ရောက်လာသည်ကို တွေ့လိုက်ရသောအခါ ချန်ဟွေ့ကလည်း ကောင်တာ အနောက်ဘက်မှ လျှောက်ကာထွက်လာခဲ့ပြီး သူမ ဝယ်လာသည့်ပစ္စည်းများကို ကောင်တာပေါ်တွင် ကူညီကာ တင်ပေးလိုက်ပြီးနောက် မေးလာခဲ့၏။ "အခြေအနေ ဘယ်လိုဖြစ်သွားလဲ"
"အဲဒီလူကို ဖမ်းမိသွားတယ်။ ကျိန်စာလည်း ပျယ်သွားပြီ"
"အဲဒါကိုဘယ်သူ လုပ်ခိုင်းလိုက်တယ်ဆိုတာကို ပြောပြလို့ရလား" အားချန်က ခေါင်းခါပြလိုက်၏။ "စုံစမ်းစစ်ဆေးရေးက မစရသေးဘူး။ ဒါပေမဲ့ မေးခွန်းတွေ ထွက်လာရင်တောင် ရွှဲရှီမှာ ဒီကိစ္စကို ရှောင်လွှဲဖို့ မေးခွန်းတွေ အများကြီးရှိနေတယ်"
ချန်ဟွေ့၏ မျက်လုံးထောင့်ထဲတွင် ရက်စက်ကြမ်းကြုတ်သည့် အကြည့်တစ်ခု ဖြတ်ပြေးသွား လေတော့သည်။ "ကျွန်မတို့တွေ သူ့ကိုဒီလိုပဲ လွှတ်ပေးလိုက်ရတော့မှာလား"
"ကျွန်မတို့တွေ သူ့ကို အလွတ်ပေးရမယ်လို့ ဘယ်သူပြောလို့လဲ" အားချန်သည် အိတ်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး လက်မောင်းအရွယ် အစားထူထဲသည့် ထုံလင်မု သစ်သားတစ်ပိုင်းကို ဆွဲထုတ်လာခဲ့သည်။
သစ်သား၏ အပြင်ပိုင်း အသားရောင်မှာ အညိုရောင် ဖြစ်သော်ငြားလည်း အတွင်းပိုင်းတွင်တော့ သွေးကြောလေးများနှယ် အမျှင်လေးများ များစွာပါဝင်နေသည်။ ထိုသစ်သားတုံးကို ဓားတစ်ချောင်းဖြင့် လှီးဖြတ်လိုက်လျှင် သွေးများထွက်လာသလိုပင် အနီရောင်အရည်မျာ စီးကျလာလိမ့်မည်။
အတိတ်ကတော့ အမှန်တရားကို မသိကြသည့် လူအများစုက ထုံလင်သစ်ပင်ကို ကိုးကွယ်ကြရသည်ကို သဘောကျကြပြီး သူတို့သည် အသက်ရှိကာ စိတ်ဝိညာဉ် ပိုင်ဆိုင်ထားသည်ဟု ထင်ကြသည်။
အားချန်ကတော့ ထုံလင်မုသည် အသက်ရှိမရှိ မသိသော်ငြားလည်း ယန်ဓာတ်မီးနှင့် သန့်စင်ထားသည့် ထုံးလင်းမုသစ်သားကတော့ အမှန်တကယ် ဝိညာဉ်များကို ခေါ်ဆောင်နိုင်ကြောင်းကို သိထားလေသည်။
စာအုပ်ထဲတွင် ပြောပြချက်အရ နတ်ဆရာများသည် ထုံလင်သစ်မှ ပြုလုပ်ထားသည့် ရုပ်သေးရုပ်များကို ပြုလုပ်ကြပြီး သူတို့ကလေးများ၏ ဆံပင်သို့မဟုတ် လက်သည်းများကို ထိုရုပ်သေးရုပ်ပေါ်တွင် တပ်ဆင်ပေးထားတတ်ကြသည်။ သူတို့သည် ထိုရုပ်သည်ရုပ်များကို သယ်ဆောင်တတ်ကြပြီး ရုပ်သေးရုပ်များ၏ အခြေအနေကို လေ့လာရုံမျှဖြင့် သူတို့ကလေး၏ အခြေအနေကို အကဲခတ်နိုင် ကြလေသည်။
ထိုနည်းတူစွာ ထုံလင်သစ်သည် မတော်တဆ ဒဏ်ရာရသွားခဲ့လျှင် ကလေးကလည်း ထိုအရာကို ခံစားမိနိုင်ပေလိမ့်မည်။
စာအုပ်ထဲတွင် ပြောထားသည်ကတော့ ဤကဲ့သို့သော ပညာက အလွန်သိမ်မွေ့နက်နဲလှသော်ငြား ဝူမျိုးနွယ်အတွက်သာ အသုံးဝင်သည်ဟု ဆိုသည်။
အားချန်ကလည်း ဝူမျိုးနွယ်နှင့် ပတ်သက်သည့် ကောလဟာလများစွာကို ကြားဖူး၏။ သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် မိစ္ဆာမျိုးနွယ်တို့ထက်ပင် သာလွန်သည်ဟု ဆိုထားလေသည်။ အကယ်၍ ဒီလိုထိခိုက်မှုမျိုးကို လူသားတစ်ဦး၏ ခန္ဓာကိုယ်ပေါ်သို့ ပြောင်းရွှေ့လိုက်ပါက ထိုအရာက ထိုမျှလောက် ရိုးရှင်းတော့မည် မဟုတ်ပေ။
အားချန်ကလည်း ပိုပြီးပြင်းထန်သည့် ကျိန်စာတိုက် နည်းလမ်းကို အသုံးပြုလိုသော်ငြားလည်း ဝမ်းနည်းစရာကောင်းသည်မှာ သူမထံတွင် လက်သည်းစနှစ်ခုသာ ရှိသဖြင့် ဒီလောက်သာ တတ်နိုင်လေသည်။
ချန်ဟွေ့ကတော့ အားချန်၏ စိတ်ထဲတွင် အစီအစဉ်ရှိနေပြီးသား ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် ဆက်မမေးတော့ဘဲ သူမအတွက် မြေအိုးတစ်လုံးကိုသာ ရှာဖွေပေးလိုက်လေသည်။ အားချန်က ဆံချည်မျှင်ကဲ့သို့ ခြောက်သွေ့နေသည့် ကျိုယဲ့လော် ကိုးရွက်ကို မြေအိုး၏ အောက်ခြေတွင် ဖြန့်ခင်းထားလိုက်ကာ ထုံလင်သစ်ကို အပေါ်မှတင်လိုက်ပြီး ကျိုယဲ့လော်နွယ်တစ်ထပ်ဖြင့် ထပ်ပြီးဖုံးအုပ် ထားလိုက်သည်။
ထိုနောက်တွင်တော့ သူမ၏လက်ပေါ်တွင် အဝတ်စထူထူ တစ်ချက်ပတ်လိုက်ပြီးနောက် ယန်မီးခတ်ကျောက်ကို သွားယူလိုက်၏။
ချန်ဟွေ့က ကူညီဘေးရန်ကြိုးစားသော်ငြားလည်း အားချန်ကတော့ သူမကို တားဆီးလိုက်လေသည်။ မီးခတ်ကျောက်သည် ယန်ဓာတ်ကို လောင်ကျွမ်းစေသဖြင့် ဟွေ့ညန်ကဲ့သို့ ဝိညာဉ်အတွက် ပိုပြီးအန္တရာယ်ရှိလေသည်။ သူမက မီးခတ်ကျောက်ကို အသုံးပြုကာ ကျိုယဲ့လော် နွယ်ပင်ကို မြန်မြန်မီးညှိလိုက်ပြီးနောက် သေတ္တာထဲတွင် မြန်မြန်ပစ်ထည့် လိုက်တော့၏။ သူမ၏လက်ပေါ်က အဝတ်စကို ပြန်ကြည့်လိုက်သည်တွင် မီးတူးနံ့ပင် ထွက်ပေါ်လာလေသည်။
ကျိုယဲ့လော်နွယ်သည် ယင်ဓာတ်ဖြစ်သောကြောင့် ယန်ဓာတ်မီးဖြင့် မီးညှိထားသော်လည်း လောင်ကျွမ်းမှုမှာ အလွန်နှေးကွေးနေဆဲပင်။ အားချန်သည် နာရီဝက်လောက် ထိုင်ကြည့်နေသော်ငြားလည်း ထောင့်လေးတစ်ခုကိုပင် လောက်ကျွမ်းခြင်း မရှိသေးချေ။
ကြည့်ရသည်မှာ ထုံလင်သစ်ကို ပြုပြင်ပြီးစီးရန် အနည်းဆုံးတော့ နှစ်ရက်သုံးရက်ခန့် ကြာဦးမည်ထင်သည်။
တစ်ဖက်တွင်တော့ ပိုင်ရှိုးမင်သည် မင်ဝမ်အိမ်တော်၏ အစောင့်များနှင့်အတူ အိမ်တော်သို့ပြန်လာခဲ့၏။ သူသည် ပင်မခန်းဆောင်သို့ လျှောက်ဝင်လာသည်နှင့် မြို့တော်တွင်အမြဲတစေ တိတ်ဆိတ်စွာ နေလေ့ရှိသည့် ဟွေ့ဝမ်ကို တွေ့လိုက်ရ၏။ ဟွေ့ဝမ်၏ ဘေးတွင်တော့ အသက်၄၀ ဝန်းကျင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ရပ်နေသည်။ ထိုလူသည် ဟွေ့ဝမ်၏ နောက်တွင် ရိုကျိုးစွာရပ်နေပြီး ပိုင်ရှိုးမင်ဝင်လာမှသာ ခေါင်းမော့လာခဲ့သည်။
"ဖုဟွမ်၊ ဟွေ့ဝမ်ရှူး(ဦးကြီးတော်ဟွေ့ဝမ်)" ပိုင်ရှိုးမင်က ဟွေ့ဝမ်ကို နှုတ်ဆက်လိုက်လေသည်။
"မိသားစုတွေပဲလေ။ အဲ့လောက်ရိုသေနေဖို့မလိုပါဘူး" ဟွေ့ဝမ်က ပြုံးကာ ပိုင်ရှိုးမင်ကို ပြောလိုက်၏။
"ထိုင်" မင်ဝမ်က အမိန့်ပေးလိုက်လေသည်။
ပိုင်ရှိုးမင်ကလည်း မင်ဝမ်၏အောက်ဘက်တွင် နေရာယူလိုက်ပြီးမှ မေးမြန်းလိုက်၏။ "ဖုဟွမ် ကျွန်တော့်ကို ရုတ်တရက် ပြန်ခေါ်တာ ဘာများ မိန့်စရာရှိလို့လဲ"
မင်ဝမ်သည် ဟွေ့ဝမ်နောက်က ရပ်နေသည့် လူလတ်ပိုင်းအရွယ် အမျိုးသားကို မေးငေါ့ ပြလိုက်ပြီး ပြောလာခဲ့သည်။ "အမတ်ကြီးလျူ ခင်ဗျားကိုယ်တိုင်ပဲ ပြောလိုက်ပါ"
အမတ်ကြီးတဲ့လား။
ပိုင်ရှိုးမင်၏ မျက်ခုံးများမှာ မြင့်တက်သွားပြီး ဟွေ့ဝမ်နောက်မှ လမ်းလျှောက်ကာ ထွက်လာသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားကို လှမ်းကြည့်နေလိုက်သည်။
ထိုလူသည် မင်ဝမ်ကို တရိုတသေ ဂါရဝပြုလိုက်ပြီးနောက် ပိုင်ရှိုးမင်ဘက်သို့ လှည့်ကာပြောလာလေသည်။ "ကျွန်တော်မျိုးက ရှီးလင်ဝမ် အိမ်တော်က အမတ်ကြီး လျူချီပါ။ ရှီဇီ(ဆက်ခံသူသခင်လေး)ကို ဂါရဝပြုပါတယ်" ပိုင်ရှိုးမင်၏ လက်ဖက်ရည်ခွက်ကို ကိုင်ထားသောလက်မှာ တစ်ချက်တန့်သွားပြီး မင်ဝမ်ဘက်သို့ ခေါင်းကို စောင့်ငဲ့ကာ ကြည့်လိုက်၏။
မင်ဝမ်ကလည်း ဘာမှမတတ်နိုင်သည့် အမူအရာကို ထုတ်ပြကာ ပါးစပ်ကို လှုပ်ရှားပြလိုက်လေသည်။ အရှင်မင်းကြီး
ပိုင်ရှိုးမင်က ခေါင်းပြန်လှည့်လာပြီးမှ လက်ထဲက လက်ဖက်ရည်ခွက်ကို ပြန်အချတွင် အသံတစ်ချက် ထွက်ပေါ်လာခဲ့လေသည်။ လက်ဖက်ရည်များက အက်ကွဲသွားသည့် ခွက်၏ အက်ကြောင်းများမှ ယိုစီးကာ ကျလာတော့၏။
"အမတ်ကြီးလျူ ဘာများလမ်းညွှန်စရာရှိလို့လဲ"
လျူချီ: "ကျွန်တော်မျိုးက ဝမ်ရယ်ကိုယ်စား ရှီဇီကို စကားပါးပါရစေ။ ဝမ်ရယ်က မိန့်ကြားလိုက်ပါတယ်။ ရှီဇီက အိမ်နဲ့ခွဲခွာတာလည်း နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်လို့ ရှီးလင်ဝမ် အိမ်တော်ကို ပြန်လည်တာဝန်ယူဖို့ အချိန်တန်ပါပြီတဲ့"
"နောက်ထပ်ရော"
"ဝမ်ရယ်က မကြာသေးခင်ကမှ ရှီဇီအတွက် စေ့စပ်ပွဲတစ်ခုကို စီစဉ်ပေးထားပါတယ်"
"ဘယ်အိမ်တော်လဲ"
"ရှီးလင်နယ်က ရှန်းမျိုးနွယ်ခေါင်းဆောင်ရဲ့ တရားဝင်သမီး ရှန်းယင့်ကျူပါ"
မင်ဝမ်သည် မိမိ၏သားတော်က ရှီးလင်ဝမ် အိမ်တော်က အမတ်ကြီးနှင့် တည်တည်ငြိမ်ငြိမ် အမေးအဖြေ လုပ်နေသည်ကို မြင်လိုက်ရသောအခါ အနည်းငယ် အံ့အားသင့် သွားတော့သည်။ ငါကတောင် ရန်ဖြစ်ကြရင် ဝင်ဆွဲဖို့ အသင့်ပြင်ထားတာ။ ဒီကောင်လေးက အခုထိ အဲဒီလူကို နေရာမှာတင် သတ်မပစ်သေးဘူးပဲ။ ဒီနှစ်ရက်အတွင်း ရှီးလင်ဝမ် အိမ်တော်က လူတွေ မြို့ထဲကိုရောက်လာလို့ စိတ်မကြည်မလင်ဖြစ်နေတာ ဘယ်လိုဖြစ်ပြီးတော့ ဒီနေ့ကျမှ တခြားလူတစ်ယောက်လို ပြောင်းလဲသွားပါလိမ့်။
"ဆက်ပြော"
လျူချီက ခေါင်းကိုငုံ့ကာ ဆက်ပြောလေသည်။ ရှီဇီရဲ့ လက်ထက်မဲ့ ဇနီးလောင်းက မကြာသေးခင်ကပဲ ယာဉ်တန်းနင့်အတူ ရှန့်ကျင်းကို ရောက်ရှိလာပါပြီ။ ဝမ်ရယ်က ရှီဇီအနေနဲ့ ရှန်းမိန်းကလေးနဲ့ များများထိတွေ့ ဆက်ဆံစေချင်ပြီး ရှီးလင်ကို ပြန်ရောက်တာနဲ့ လက်ထက်ပွဲ ကျင်းပစေချင် လိုပါတယ်"
"ခင်ဗျားတို့ ရှန့်ကျင်းမှာ ဘယ်လောက်ကြာကြာနေမှာလဲ"
"တကယ်လို့ ရှီဇီကသာ ရှီးလင်ကို ပြန်ဖို့ဆန္ဒရှိတယ်ဆိုရင် ဆောင်းလယ်ပွဲတော်ပြီးတာနဲ ယာဉ်တန်းက ပြန်လည်ထွက်ခွာမှာပါ"
"ဖြစ်ပါတယ်"
လျူချီ၏ မျက်နှာအမူအရာသည် အနည်းငယ် ပေါ့ပါးသွားလေသည်။ ရှန့်ကျင်းမှာ အချိန်အကြာကြီး နေထိုင်ခဲ့တဲ့ ဒီရှီဇီက စကားပြောရ အတော်လေး လွယ်ကူတာပဲ။ သူက ဒီလောက်လွယ်လွယ်ကူကူ သဘောတူလိုက်တာက ရှီးလင်ဝမ် အိမ်တော်ရဲ့ အာဏာကို ပြန်လိုချင်လို့ ဖြစ်ရမယ်။
မင်ဝမ်က သူ့ကို မွေးစားသားအဖြစ် လက်ခံထားတယ် ဆိုပေမယ့် ဒါက အမည်ခံ သက်သက်ပဲလေ။ မင်ဝမ်အိမ်တော်ကို သူက ဆက်ခံရမှာမှ မဟုတ်တာ။
ငါတို့ရှီးလင်ဝမ် အိမ်တော်က လူတွေကလည်း အာ့ကုန်းဇီ( ဒုတိယသခင်လေး) ကိုပဲ အသိအမှတ် ပြုတာကတော့ နှမြောစရာပဲ။
ဒီရှီဇီက သားအကြီးဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားပြီး ဝမ်ရယ်ရဲ့မျက်နှာကိုမှ မထောက်ဘဲ မင်ဝမ်ကို ခမည်းတော်အဖြစ် သွားပြီး အသိအမှတ်ပြု ခေါ်ဝေါ်ခဲ့တယ်။ မဟုတ်ရင် ရှီဇီဆိုတဲ့နေရာကလည်း သူ့အလှည့် ရောက်လာမှာတောင် မဟုတ်ဘူး။ ရှန့်ကျင်းမှာတော့ ဘာမှလုပ်လို့ မရပေမယ့် ရှီးလင်ကို ပြန်ရောက်လာခဲ့ရင် အရာအားလုံးက သူ့သဘောအတိုင်း ဖြစ်လာတော့မှာ မဟုတ်ဘူး။
လျူချီက ပြောစရာရှိသည်များကို ပြောပြီးသွားသည့်အခါမှ ဟွေ့ဝမ်က ရယ်မောကာ မတ်တပ်ရပ်လိုက်ပြီး ရပ်တန့်လိုက်ပြီး လက်နှစ်ဖက်ကို ယှက်ကာ မင်ဝမ်ကို အရိုအသေ ပြုလိုက်လေသည်။ "ပြောစရာ စကားတွေလည်း ပါးပြီးသွားပြီဆိုတော့ အရင်ပြန်လိုက်ပါဦးမယ်"
"လာကြဦး။ ဟွေ့ဝမ်နဲ့ အမတ်ကြီးလျူကို မြန်မြန် လိုက်ပို့ပေးလိုက်ကြ" မင်ဝမ်က အမိန့်ပေးလိုက်သည်တွင် အပြင်က အစောင့်နှစ်ဦးသည် ချက်ချင်းထွက်ပေါ်လာပြီး ထိုလူနှစ်ယောက်ကို မင်ဝမ်အိမ်တော်မှ လိုက်လံပို့ဆောင် ပေးလိုက်လေသည်။
မသက်ဆိုင်တော့ သူအားလုံး ထွက်သွားပြီးနောက်မှ မင်ဝမ်သည် မိမိ၏သားတော်ကို ပြန်ကြည့်လိုက်၏။ "မင်း ခုနက ဘယ်သွားနေတာလဲ။ မင်ကျင့်စီးမှာ မရှိဘူးလား"
"ဘာမှလုပ်စရာမရှိလို့ အပြင်ထွက်ပြီး အမှုတစ်ခု သွားစုံစမ်းလိုက်တာပါ"
"ဘယ်လောက်တောင် ကြီးကျယ်တဲ့ အမှုမလို့ မင်းကိုယ်တိုင် သွားနေရတာလဲ" မင်ဝမ်၏ မျက်လုံးထဲတွင် စိတ်ဝင်တစား အရိပ်အယောင်များ ပေါ်ထွက်လာခဲ့လေသည်။ ဒီကောင်လေး ဒီနှစ်ရက်အတွင်း စိတ်မကြည်မလင် ဖြစ်နေတာ။ မင်ကျင့်စီးမှာ ဘယ်သူကများ သူ့ဆီကို အမှုတွေ သွားပုံချရဲတာလဲ။ ငါကတော့ ဘယ်လိုမှတောင် မယုံကြည်နိုင်တော့ဘူး”
ပိုင်ရှိုးမင်ကတော့ စကားလမ်းကြောင်းကို ချက်ချင်း လွှဲလိုက်တော့သည်။ "ဖုဟွမ် ကျွန်တော့်ကို ပြောစရာရှိတာက ဒီအမတ်ကြီးကိစ္စ ဘယ်လိုဖြစ်တယ် ဆိုတာကိုပဲ"
မင်ဝမ်၏ မျက်လုံးထဲတွင် စိတ်ဝင်စားသည့် အရိပ်အယောင် ဖြတ်ပြေးသွားလေတော့သည်။ ကြည့်ရတာ အဲဒီအမှုမှာ တစ်ခုခုတော့ ရှိနေပုံပဲ။ ခဏနေမှပဲ လူလွှတ်ပြီး မေးခိုင်းရမယ်။ "အင်း ဒီလိုပဲပေါ့။ ဒီအမတ်ကြီး မြို့တော်ထဲ ရောက်လာပြီးတာနဲ့ ဝမ်ရယ်ရဲ့ တံဆိပ်တော်ကို ကိုင်ပြီး အရှင်မင်းကြီးဆီကို တန်းသွားခဲ့တယ်လေ။ ရှီးလင်ဝမ်က ကျန်းမာရေးချို့တဲ့လာပြီး သေတော့မယ့် ပုံစံဖြစ်နေလို့ မင်းကို အိမ်တော်ကိုပြန်ပြီး တာဝန်ယူပေးဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းပြချက်တွေ အများကြီးနဲ့ သွားလျှောက်တင်လိုက်တာ" မင်ဝမ်က လက်ဖြန့်လိုက်ကာ ပြောလိုက်သည်။ "အရှင်မင်းကြီးကရော ဘာတတ်နိုင်ဦးမှာလဲ။ သဘောတူလိုက် ရတာပေါ့"
ပိုင်ရှိုးမင်က ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။ "ရုတ်တရက် လူလွှတ်ပြီး ရှန့်ကျင်းကို လာတယ်။ ကျွန်တော့်ကို ပြန်ခိုင်းတယ် ဆိုတာတွေက အားလုံး အကြောင်းပြချက်တွေပဲ။ သူတို့က မိစ္ဆာတံဆိပ်ကို ပစ်မှတ်ထားနေတာ ဖြစ်နိုင်တယ်"
မင်ဝမ်သည် မိစ္ဆာတံဆိပ်ကို စိတ်မဝင်စားဘဲ ဤသို့သာ ပြောလိုက်တော့သည်။ "အဲဒီမိစ္ဆာတံဆိပ်က သူတို့အတွက် ဘယ်လောက်တောင် အကျိုးကျေးဇူးတွေ ယူဆောင်လာပေးနိုင်လဲတော့ မသိဘူး။ တစ်ယောက်မကျန် အကုန်လုံးက တကယ် အလျင်စလို ဖြစ်နေကြတာပဲ"
"ရှီးလင်ကို ရောက်သွားရင် အဖြေထွက်လာမှာပေါ့"
မင်ဝမ်ကလည်း ခေါင်းငြိမ့်ပြလိုက်သည်။ သူ့ရည်ရွယ်ချက်ကလည်း ဒီအတိုင်းပင်။ ထိုကြောင့်သာ အစောင့်ကိုလွှတ်ပြီး ပိုင်ရှိုးမင်ကို အိမ်တော်သို့ ပြန်ခေါ်ခဲ့ခြင်း ဖြစ်လေသည်။ ရှီးလင်ဝမ်သည် အမြဲတမ်း မငြိမ်မသက် ဖြစ်နေခဲ့၏။ အရှင်မင်းကြီးက သူ့ကို အရေးယူရန် အကြောင်းပြချက် ရှာနေသည်မှာ ကြာနေပြီ ဖြစ်သော်ငြားလည်း တခြားသူများကို ရှီးလင်သို့ လွှတ်လိုက်ပါက ဘာမှစုံစမ်းနိုင်မည် မဟုတ်သည့်အပြင် အသက်ပင် သေသွားနိုင်ဖွယ်ရှိလေသည်။ ပိုင်ရှိုးမင် ကတော့ မတူချေ။ ထို့အပြင် ဒီကောင်လေးကလည်း အခွင့်အရေးကို နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့သည် မဟုတ်ပါလား။
"ဒါနဲ့ အရှင်မင်းကြီးက ရှီးလင် နယ်စပ်တပ်ကို လွှဲပြောင်းယူမယ့်လူကို ရွေးချယ်ပြီးပြီလား" ပိုင်ရှိုးမင်က မေးလိုက်၏။
"အရှင်မင်းကြီးက ဒီတစ်ခေါက် လီမြို့စားရဲ့ ရှီဇီကို ရွေးချယ်ထားတယ်" မင်ဝမ်က ခေါင်းခါပြလိုက်သည်။ "ဘာမှ အမှားအယွင်း မရှိဘူးဆိုရင်တော့ မင်းတို့နှစ်ယောက် မြို့တော်ကနေ အတူတူထွက်ခွာရဖို့ များတယ်"
"ကျန်းကျင့်ဟိုင်လား" ပိုင်ရှိုးမင်၏ မျက်လုံးများက မည်းနက်သွားလေသည်။ "ရှန်းမိသားစုက တစ်ခါတုန်းက မိစ္ဆာတစ်ပိုင်း လူတစ်ယောက်ကို မြို့တော်ထဲ လွှတ်ခဲ့ဖူးတယ်။ နောက်ဆုံး အဲဒီမိစ္ဆာတစ်ပိုင်းက ကျန်းကျင့်ဟိုင်ရဲ့ ဘေးနားကို ရောက်သွားတယ်။ အရှင်မင်းကြီးက ရှီးလင်တပ်ကို သူ့လက်ထဲ အပ်လိုက်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး"
"လီမြို့စားက စုန့်မြို့စားထက် အများကြီးပိုပြီးတော့ လည်တယ်။ သူ့သားက မိစ္ဆာသွေးနှော တစ်ယောက်ကြောင့်နဲ့ ကိုယ့်သေတွင်း ကိုယ်တူးမှာ မဟုတ်ဘူး။ အရှင်မင်းကြီးက သူ့ကို မယုံရင်တောင် လီမြို့စားကိုတော့ ယုံကြည်တယ်လေ" လီမြို့စားသည် စုန့်မြို့စားကဲ့သို့ ဘိုးဘွားတို့၏ အမွေကိုသာ ထိုင်စားနေသည့် အသုံးမကျသူ တစ်ယောက်တော့ မဟုတ်ချေ။ သူ၏စစ်ရေး စွမ်းဆောင်ရည်များမှာ အမှန်တကယ်ပင် ရရှိခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ကျင့်ယန်မြို့စားသည် သူနှင့်တန်းတူ ကျော်ကြားခဲ့သော်ငြားလည်း နောက်ပိုင်းတွင် ကျင့်ယန်မြို့စားက ဒဏ်ရာရကာ ရှန့်ကျင်းသို့ ပြန်လာခဲ့ပြီး တိတ်ဆိတ်စွာ နေထိုင်ခဲ့လေသည်။ လီမြို့စားကတော့ စစ်မြေပြင်တွင် ဆယ်နှစ်ကျော်ကြာ တိုက်ပွဲဝင်ခဲ့ပြီးမှ မြို့တော်သို့ ပြန်လာခဲ့ခြင်းဖြစ်၏။
ပိုင်ရှိုးမင်သည် ဒီကိစ္စနှင့် ပတ်သက်ပြီး ဘာမှတ်ချက်မှတော့ မပေးလိုက်ချေ။ စစ်တပ်ရေးရာကိစ္စများကို သူ နားမလည်သလို နားလည်ချင်စိတ်လည်း မရှိချေ။ သို့သော်ငြား ကျန်းကျင့်ဟိုင်ကတော့ အမှန်တကယ် ပါးနပ်သည့်လူ တစ်ယောက်ဖြစ်လေသည်။
"ရှီးလင်ဝမ်ကတော့ တော်တော်လေး စိတ်ချရတယ်လို့ပဲ ပြောရမယ်။ မင်းအတွက်တောင် ဇနီးလောင်းလေး တစ်ယောက်ကို ရှာပေးထားသေး တယ်တဲ့လေ" မင်ဝမ်က ရယ်မောကာဖြင့် ပြောလိုက်၏။ "ကံဆိုးချင်တော့ မျိုးရိုးက သိပ်မကောင်းဘူး။ ဒါပေမဲ့ မင်းကသာ အဲဒီမိန်းကလေးကို သဘောကျတယ် ဆိုရင် နောက်ပိုင်း မြို့တော်ကို ပြန်ခေါ်လာခဲ့ပေါ့။ ငါတို့အိမ်မှာ ဒီလောက် စည်းမျည်းစည်းကမ်းတွေ အများကြီးမရှိပါဘူး"
ပိုင်ရှိုးမင်ကတော့ သူနှင့်စကား ဆက်ပြောဖို့ရန် ငြီးငွေ့လာတော့သည်။ သူက မတ်တပ်ထရပ်လိုက်ကာ ပြောလိုက်၏။ "ဖုဟွမ် ကျွန်တော့်အတွက် စိတ်ပူနေမယ့်အစား ကိုယ်တိုင်အတွက်ပဲ မင်းသမီးတစ်ပါးလောက် ရှာလိုက်ပါလား။ ဒါမှမဟုတ် ကျွန်တော်ကပဲ ရှာပေးရမလား"
"ကျေးဇူးကန်းတဲ့ ကောင် !"
"ဒါတွေ အားလုံးကိုလည်း ကျွန်တော်က ဖုဟွမ်ဆီက သင်ယူထားတာချည်းပဲလေ" ပိုင်ရှိုးမင်သည် အပြင်ဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားလေတော့သည်။ အခန်းတံခါးဝမှ မထွက်ခွာခင်တွင် မင်ဝမ်ကို ကျောပေးကာ လက်ဝှေ့ယမ်းပြလိုက်ပြီး "သားတော် တာဝန်သွားထမ်းဆောင် လိုက်ဦးမယ်နော်"
မင်ဝမ်အိမ်တော်က ထွက်လာပြီးနောက် လျူချီသည် ဟွေ့ဝမ်ကို မြင်းလှည်းပေါ်သို့ ရိုသေစွာလိုက်ပို့ခဲ့၏။ ဟွေ့ဝမ်၏ မြင်းလှည်း ထွက်ခွာသွားမှသာ သူသည်အနောက်တွင် ရပ်ထားသည့် မြင်းလှည်းပေါ်သို့ တက်ကာ မိမိတည်းခိုရာနေရာသို့ ပြန်သွားခဲ့လေသည်။
ရှေးယခင်က ရှီးလင်ဝမ်သည် မြို့တော်တွင် အိမ်တော်တစ်လုံး ပိုင်ဆိုင်ထားခဲ့သော်ငြားလည်း လွန်ခဲ့သည့် ဆယ်နှစ်ကျော်က မိစ္ဆာ ဘေးအန္တရာယ်ကိစ္စကြောင့် အရှင်မင်းကြီး၏ အမျက်တော်သင့်ခဲ့ပြီး ချီးမြှင့်ခံထားရသည့် အိမ်တော်ကို ပြန်လည် သိမ်းဆည်းခံခဲ့ရသည်။ ယခုအချိန်တွင် ရှီးလင်မှ ယာဉ်တန်းသည် မြို့တော်သို့ ဝင်ရောက်လာပြီးနောက် တည်းခိုနေသောအိမ်တော်သည် အသစ်ဝယ်ယူထား ခြင်းသာဖြစ်တော့၏။
ခြံဝင်းလေးခုပါရှိသည့် အိမ်တော်သည် နန်းတော်နှင့်အနည်းငယ် အလှမ်းဝေးသော်ငြားလည်း တိတ်ဆိတ်ငြိမ်သက်မှု ရှိခြင်းကတော့ အားသာချက်တစ်ခုပင်။
မြင်းလှည်းသည် လျူချီကို အိမ်တော်သို့ ပြန်ပို့ပေးပြီးနောက်တွင် သူသည်ပင် မခန်းဆောင်သို့ တန်းတန်းမတ်မတ် လျှောက်လာခဲ့လိုက်၏။ ထိုအချိန်တွင် ပင်မခန်းဆောင်ထဲ၌ လူငယ်နှစ်ဦးနှင့် ရုပ်ရည်ချောမောလှသည့် အမျိုးသမီးတစ်ဦးတို့ ထိုင်နေကြလေသည်။ လျူချီသည် ပင်မခန်းဆောင်ထဲသို့ ဝင်ရောက်လာပြီးနောက် အဓိကနေရာတွင် ထိုင်နေသည့် ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး ရုပ်ရည်ချောမောလှသည့် ပိုင်ယိချန်ကို အရိုအသေပေးလိုက်၏။ "အာ့ကုန်းဇီ ကျွန်တော်မျိုး ပိုင်ရှိုးမင်နဲ့ တွေ့ဆုံပြီးပါပြီ"
ပိုင်ယိချန်က မျက်လုံးများကို ပင့်လာကာ "အမတ်ကြီးလျူ ဘယ်လိုဖြစ်လို့ အစ်ကိုယ်တော်ရဲ့ နာမည်ကို တိုက်ရိုက်ခေါ်ဝေါ် ရတာလဲ"
လျူချီ၏ မျက်နှာမှာပိုလို့ပင် ရိုကျိုးလာခဲ့သည်။ "ကျွန်တော်မျိုး မှားသွားပါတယ်"
"ထားလိုက်ပါတော့။ အစ်ကိုယ်တော်က ရှီးလင်ကို ပြန်ဖို့သဘောတူ လိုက်ပြီလား"
"ရှီဇီက သဘောတူလိုက်ပါပြီ"
ပိုင်ယိချန်သည် ကျေနပ်စွာ ခေါင်းငြိမ့်ပြလိုက်ပြီး "ဒါဆိုရင်တော့ ကောင်းတာပေါ့။ ဒီနှစ်တွေမှာ ဖုဟွမ်က အစ်ကိုတော်အတွက် အမြဲတမ်း စိတ်ပူနေခဲ့ရတာ။ အစ်ကိုတော် ရှီးလင်ကို ပြန်လာရင် ဖုဟွမ်ကလည်း စိတ်အေးရပါပြီ" ထိုသို့ပြောလိုက်ပြီးနောက် ပိုင်ယိချန်သည် သူ၏ညာဖက်ခြမ်း အောက်ဘက်တွင် ထိုင်နေသည့် အမျိုးသမီးကို လှည့်ကြည့်လိုက်ကာ နူးညံ့သည့်လေသံဖြင့် ပြောလာခဲ့၏။ "ယင့်ကျူ အစ်ကိုတော်က ဒီလက်ထပ်ပွဲကို သဘောတူပြီးပြီဆိုတော့ နောက်ဆိုရင် အစ်ကိုတော်နဲ့ပို့ပြီး ရင်းနှီးအောင်ကြိုးစားပါ။ နောက်ပိုင်းကျရင် နှစ်ယောက်သား လိုက်ဖတ်ညီတဲ့ ဇနီးမောင်နှံဖြစ်လာမှာပါ"
ရှန်းယင့်ကျူသည် ပိုင်းယိချန်၏ စကားကို ကြားလိုက်ရသည်တွင် သူမ၏မျက်နှာပေါ်၌ စိတ်ပျက်သွားသည့် အရိပ်အယောင် တစ်ချက် ဖြတ်ပြေးသွားသော်ငြားလည်း အားတင်းကာ ပြောလိုက်၏။ "ယင့်ကျူ နားလည်ပါတယ်"
ပိုင်ယိချန်ကလည်း ကျေနပ်စွာခေါင်းငြိမ့်လိုက်သည်။ ရှန်းယင့်ကျူက သူ့အပေါ်မှာ ဘယ်လိုသဘောထားတယ်ဆိုတာ သူသိတာပေါ့။ ဒါပေမဲ့ သူက နောက်ပိုင်းမှာ မြို့တော်က မြင့်မြတ်တဲ့မျိုးရိုးက မိန်းကလေးနဲ့ပဲ လက်ထပ်ရမှာ။ ရှန်း မိသားစုက နှစ်ပေါင်းများစွာကတည်းက ဖုဟွမ်ရဲ့ ဦးဆောင်မှု နောက်ကိုပဲလိုက်ခဲ့တာ။ သူတို့ရဲ့တရားဝင်သမီးကို ပိုင်ရှိုးမင်နဲ့ လက်ထပ်ခွင့် ပေးလိုက်တာကတောင် သူတို့အတွက် ဆုလာဘ်တစ်ခု ဖြစ်နေပြီ။
ထိုအချိန်တွင် အစောင့်တစ်ဦးသည် ပင်မခန်းဆောင်ထဲသို့ မြန်မြန်ဝင်ရောက်လာခဲ့၏။ သူသည် ပထမဦးဆုံး ပိုင်ယိချန်ကို အရိုအသေပြုလိုက်ပြီးနောက် ပိုင်ယိချန်၏ ဘယ်ဖက်အောက်ခြမ်းတွင် ထိုင်နေသည့် မျက်နှာဖြူဖျော့ဖျော့နှင့် နာမကျန်းဖြစ် နေဟန်တူသည့် လူငယ်လေးအနားသို့ ချဉ်းကပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။
"ရှောင်းကုန်းဇီ အဘွားကြီးထန်ကို သွားရှာခိုင်းတဲ့လူတွေ ပြန်ရောက်လာပါပြီ။ သူ မင်ကျင့်စီးကလူတွေ ဖမ်းဆီးတာကို ခံလိုက်ရပါတယ်"
ရှန်းယင့်ရှောင်းသည် ချောင်းနှစ်ချက်အသာအယာ ဟန့်လိုက်ပြီးမှ မေးလိုက်၏။ "သူ့အဖမ်းမခံရခင် ဘာစကားများ ချန်ထားခဲ့သေးလဲ"
"ကျွန်တော်မျိုး ခုနကပဲ ကျောင်းလုံးဝမ်(နဂါးဘုရင်)ကို အမွှေးတိုင် သွားပူဇော်ခဲ့ပါတယ်။ ကျောင်းလုံးဝမ်က စကားပြန်ကြား လိုက်တာက အဘွားကြီးထန်က မကြာသေးခင်ကမှ သွေးကျိန်စာကို အသုံးပြုပြီး မျိုးနွယ်ဆီကို စကားတခွန်း ပို့လိုက်တယ်လို့ ဆိုပါတယ်။ သခင်လေးနဲ့ကံကြမ္မာချင်း ကိုက်ညီမဲ့လူကို ရှာတွေ့ခဲ့ပါပြီတဲ့။ အဲဒီလူက ကျင့်ယန်မြို့စား အိမ်တော်က ရွှဲရှီရဲ့ သမီးဖြစ်ပါတယ်တဲ့"
ရှန်းယင့်ရှောင်း၏ မျက်လုံးထဲတွင် ထူးခြားသည့် အရောင်တစ်ချက် ဖြတ်ပြေးသွားလေသည်။ "တကယ်လား"
ထိုအစောင့်က ပြန်ပြောလာခဲ့၏။ "အတည်တော့ မပြုရသေးပါဘူး။ ကျွန်တော်မျိုး အခုပဲ ရွှဲရှီရဲ့ သမီးအကြောင်း သွားစုံစမ်းခိုင်းလိုက်ပါမယ်"
ရှန်းယင့်ရှောင်းက ခေါင်းငြိမ့်ပြလိုက်ကာ "သေသေချာချာလေး စုံစမ်းဖို့မမေ့နဲ့"
သူတို့နှစ်ဦး စကားပြောပြီးသွားသည်ကို မြင်လိုက်သည့်အခါမှာ ပိုင်ယိချန်က မေးလာခဲ့သည်။ "ယင့်ရှောင်း ဘာများ သတင်းကောင်း ကြားထားလို့လဲ။ ဒီလောက်တောင် စိတ်ရွှင်လန်းနေပုံရတယ်"
ရှန်းယင့်ရှောင်းသည် မဖုံးကွယ်ဝံ့ဘဲ ပိုင်ယိချန်ကို ပြန်ပြောလိုက်လေသည်။ "ကုန်းဇီက တကယ်ပဲ အမြင်အာရုံ စူးရှပါပေတယ်။ မျိုးနွယ်က စေလွှတ်လိုက်တဲ့ အစေခံက ရှန့်ကျင်းမှာ ကျွန်တော်အတွက် ကံကြမ္မာခြင်း ကိုက်ညီမဲ့သူကို ရှာတွေ့ခဲ့ပါတယ်"
"ဪ ? ဘယ်အိမ်က မိန်းကလေးလဲဆိုတာ မသိရဘူးလား"
"ကျွန်တော် ကြားတာကတော့ ကျင့်ယန်မြို့စားအိမ်တော်က ရွှဲရှီရဲ့သမီးလို့ ကြားပါတယ်။ သူ့ရဲ့နောက်ကြောင်းကိုတော့ မသိရသေးပါဘူး"
ပိုင်ယိချန်က ခေါင်းငြိမ့်ပြလိုက်ကာ "ဒါကတကယ်ကို သတင်းကောင်းပဲ။ မင်း သူ့ကို လက်ထပ်ပြီးသွားရင် မင်းခံစားနေရတဲ့ မိစ္ဆာကျိန်စာကို သူနဲ့အတူတူ ခွဲဝေခံစားလို့ရပြီ။ မင်းရဲ့ခန္ဓာကိုယ်ကလည်း အများကြီး ပြန်ကောင်းလာနိုင်တယ်"
"ကုန်းဇီ ပြောတာမှန်ပါတယ်"
မိမိ၏ သခင်ငယ်လေးနှင့် ဒုတိယသခင်လေးတို့ စကားပြော ပြီးစီးသွားသည်ကို မြင်လိုက်ရသည်တွင် ထိုအကြောင်းက ယခုမှ ဝင်ပြောရဲတော့သည်။ သူသည် အနည်းငယ် တုံ့ဆိုင်းစွာဖြင့် ပြန်မေးလိုက်၏။ "ရှောင်းကုန်းဇီ ဒါဆိုရင် အဘွားကြီးထန်ကို ဘယ်လိုစီစဉ်ရမလဲ။ သူ့ကို မင်ကျင့်စီးထဲကနေ ပြန်ထုတ်လာဖို့ လူလွှတ်လိုက်ရမလား"
ရှန်းယင့်ရှောင်းသည် ထိုစောင့်၏ အကြံပြုချက်ကို သိပ်ပြီးသဘောမကျချေ။ သူက ဖြစ်သင့်သည့် ပုံစံသာပြောလိုက်၏။ "သူ့ကိုယ်သူ ဖော်ထုတ်ခံလိုက်ရမှာတော့ ကိုယ့်ဘာသာကိုယ် အဆုံးစီရင်သွားသင့်တယ်။ အခု မင်ကျင့်စိးလက်ထဲ ရောက်သွားမှတော့ မျိုးနွယ်ကိုပါ ဆွဲထည့်မိရင် အရှုပ်အထွေးတွေ ဖြစ်လာနိုင်တယ်"
"ဒါဆိုရင် ရှောင်းကုန်းဇီရဲ့ အမိန့်ကိုစောင့်ဆိုင်းနေပါ့မယ်"
"သူက သူ့ဝိညာဉ်ကို ကျောင်းလုံးဝမ်ကို ပူဇော်ထားပြီးသားပဲ။ ကျောင်းလုံးဝမ်ကိုပဲ သူ့ရဲ့ဝိညာဉ် ပြန်သိမ်းခိုင်းလိုက်ပါ။ ဒီလို သေဆုံးရတာက နာကျင်မှုလည်း မရှိဘူး။ မျိုးနွယ်ကလည်း သူ့ကိုပေးတဲ့ ဆုလာဘ်လို့ သတ်မှတ်လို့ရနိုင်တယ်"
"ကုန်းဇီက တကယ်ပဲ မေတ္တာကြီးမားပါပေတယ်"
....