ကုန်းဇီရဲ့ ဆန္ဒပြည့်ဝသွားတဲ့အတွက် ဂုဏ်ယူပါတယ် …
Vol. 9 Ch. 82
ပိုင်ရှိုးမင်သည် ရောက်လာသူကို မြင်လိုက်ရသောအခါ ထရပ်ကာ အရိုအသေပေးလိုက်၏။ "ကျွန်တော်မျိုး ပိုင်ရှိုးမင် တပ်မှူးချုပ်ကို ဂါရဝပြုပါတယ်"
ချင်ဟန်သည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။ "ဘေးမှာစောင့်နေ။ ပြီးမှ မင်းနဲ့စာရင်းရှင်း စရာရှိသေးတယ်"
ပိုင်ရှိုးမင်သည် တည်ငြိမ်သည့် မျက်နှာထားဖြင့် ခန်းမဆောင်၏ အောက်ဘက်သို့ဆင်းကာ လက်ပိုက်ပြီး မတ်တပ်ရပ်နေလိုက်၏။
ချင်ဟန်က ခန်းမဆောင်ထဲတွင် ခန့်ညားထည်ဝါစွာ ဝင်ထိုင်လိုက်သည်ကို မြင်လိုက်သောအခါ ရွှဲရှီကလည်း အသံကျယ်လောင်စွာဖြင့် ပြောလိုက်လေသည်။ "တပ်မှူးချုပ် လူကြီးမင်း ကျေးဇူးပြုပြီးတော့ ကျွန်မအတွက် တရားမျှတမှု ဆောင်ရွက်ပေးပါအုံး"
"ကျင့်ယန်မြို့စားကတော်မှာ ဘာများ မတရားခံရတာရှိလို့လဲ။ ကျွန်တော့်ကို ပြောပြလို့ရပါတယ်။ ကျွန်တော်က မြို့စားကတော်အတွက် အဆုံးအဖြတ် ပေးပါမယ်"
ရွှဲရှီသည် သူမ၏ဘေးက ကျင့်ယန်မြို့စားကြီးကို တစ်ချက်လောက် ကြည့်လိုက်သည်တွင် မျက်နှာပေါ်၌ ချက်ချင်းဆိုသလို သိသာလှသည့် ဝမ်းသာရိပ်တစ်ခု ဖြတ်ပြေးသွားခဲ့၏။ ထိုနောက်တွင်တော့ အသက်ကို ပြင်းပြင်းတစ်ချက် ရှုသွင်းလိုက်ပြီး ခန်းမထက်မှလူကို ပြောလိုက်သည်။ "ကျွန်မ လွန်ခဲ့တဲ့နှစ်ရက်က ရင်ဘတ်ကဆွဲပြီးတော့ နာကျင်လာတာ။ ညဘက်တွေဆိုရင်လည်း လုံးဝအိပ်မပျော်ဘူး။ ဒါပေမဲ့ သမားတော် ဘယ်နှစ်ယောက်ပဲပင့်ပြီး ကုသပါစေ။ အရာမထင်ခဲ့ဘူး။ ကျွန်မကတော့ ဒါဟာ ကျိန်စာမိတာလို့ သံသယဝင်မိပါတယ်"
ချင်ဟန်က မျက်လုံးများကို မေးကျဥ်းထားလိုက်ပြီး "ဘာဖြစ်လို့ ကျိန်စာမိတာလို့ တိတိကျကျ သံသယဝင်ရတာလဲ"
ရွှဲရှီ၏မျက်နှာ အမူအရာသည် ရုတ်တရက် တောင့်တင်းသွားပြီးမှ မြန်မြန်ပြန်ပြီး ပြောလိုက်လေသည်။ "ဒီလိုလက္ခဏာမျိုးက ကျိန်စာမိတာနဲ့ အရမ်းတူတယ်လို့ လူတွေပြောတာကို ကြားဖူးလို့ သံသယဝင်မိတာပါ"
"ဒီလိုကိုး။ မြို့စားကတော်က တကယ်ပဲ ထက်မြက်ပါပေတယ်" ထိုသို့ပြောလိုက်ပြီးနောက် ချင်ဟန်သည် ယခင်က ရွှဲရှီ၏ ခန္ဓာကိုယ်ကိုစစ်ဆေးပေးသည့် အဘိုးကြီးကို လက်ယက်ခေါ်လိုက်၏။ "ကျောက်ချွင်း မင်း ငါ့ကို ပြောကြည့်စမ်း။ ဒီအခြေအနေက ကျိန်စာမိတာ ဖြစ်နိုင်ခြေရှိလား"
ထိုအဘိုးကြီးက ခဏလောက် တုံ့ဆိုင်းသွားပြီး ပိုင်ရှိုးမင်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးမှ ပြောလာ၏။ "တပ်မှူးချုပ်ကြီးကို လျှောက်တင်ပါတယ်။ အနက်ရောင်ကြေးမုံကတော့ ပုံမှန်မဟုတ်တဲ့ အရာကို ဘာမှမစစ်ဆေးမိပါဘူး"
ချင်ဟန်၏မျက်နှာပေါ်တွင် မကျေနပ်ချက်များ ပေါ်လာပြီး ယပ်တောင်ပမာ ကြီးမားလှသည့် လက်ဖဝါးဖြင့် စားပွဲခုံကို ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။ "အနက်ရောင်ကြေးမုံပဲ သိနေတယ်။ မင်းမှာ ကိုယ်ပိုင် ဆင်ခြင်တုံတရား မရှိဘူးလား"
ထိုအဘိုးကြီးသည် နဖူးပြင်က ချွေစီးများကိုသုတ်ရင်း စိတ်ထဲတွင် တွေးနေမိ၏။ အရင်တုန်းက တပ်မှူးချုပ်မင်းရဲ့ မျက်နှာကိုတောင် မြင်ခွင့်မရခဲ့တာ။ ဒီနေ့ကျမှ ဘယ်လိုဖြစ်နေတာလဲ။
သူသည် မထိန်းချန်ဝံ့ပဲ အမှန်အတိုင်းသာ ပြောလိုက်ရတော့သည်။ "မြို့စားကတော် ပြောပြတဲ့ လက္ခဏာအရတော့ ကျိန်စာမိဖို့ ဖြစ်နိုင်ခြေရှိပါတယ်"
ချင်ဟန်သည် ထိုအဖြေကို အလွန်ကျေနပ်သွားဟန်တူပြီး ရွှဲရှီကို မေးလိုက်၏။ "မြို့စားကတော်က စောစောက သံသယရှိတဲ့သူ ရှိတယ်လို့ ပြောတယ်။ အဲဒီလူက ဘယ်သူလဲ မသိဘူး"
ရွှဲရှီသည် ကျင့်ယန်မြို့စားကို တစ်ချက်လောက် ကြည့်လိုက်၏။ ကျင့်ယန်မြို့စားက ခဏလောက် တိတ်ဆိတ်နေလိုက်ပြီးမှ ပါးစပ်ဖွင့်ကာ ပြောလိုက်တော့သည်။ "ဒီမိန်းကလေးက ကျိချန်လို့ ခေါ်ပါတယ်။ သွေးသားတော်စပ်မှုက မရှင်းလင်းလို့ ကျွန်တော်အိမ်တော်ကနေ နှင်ထုတ်ထားခဲ့တာပါ"
ချင်ဟန်က မျက်ခုံးများ ပြန်ပင့်လိုက်ပြီး ရွှဲရှီကဆက်ပြီး ပြောလာသည်ကို နားထောင်လိုက်၏။ "ကျိချန်က စိတ်ထဲမှာ ဟိုရယ်နဲ့ကျွန်မကို အမြဲ အငြိုးအတေးထားခဲ့တယ်။ မြို့စားအိမ်တော်ကိုလည်း အကြိမ်ပေါင်းများစွာ ပြဿနာရှာခဲ့ဖူးတယ်။ ကျွန်မ ကောက်ချက်ချနိုင်တာကတော့ ဒီကိစ္စက သူ့လက်ချက်ဆိုတာ သေချာပါတယ်"
"ဟိုရယ်ရဲ့ စကားကို နားထောင်ရတာ ဒီမိန်းကလေးက တကယ်ပဲ သံသယဖြစ်စရာ တော်တော်ကောင်းတာပဲ" ချင်ဟန်သည် ခဏလောက် သေသေချာချာလေး စဉ်းစားလိုက်ပြီးမှ ရုတ်တရက် ကျောက်ချွင်းဘက်သို့ လှည့်လိုက်လေသည်။ "တကယ်လို့ လူကိုခေါ်လာခဲ့ရင် အဲဒီလူက ဒီရက်ပိုင်းအတွင်း ကျိန်စာတိုက်တာမျိးတွေ လုပ်ခဲ့သလားဆိုတာကို မင်းစစ်ဆေးနိုင်လား"
ကျောက်ချွင်းသည် ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြောလိုက်၏။ "တကယ်လို့ သူက မြို့စားကတော်ကို ပစ်မှတ်ထားပြီး ကျိန်စာတိုက်ခဲ့တယ်ဆိုရင် နှစ်ယောက်စလုံးရဲ့ လက်ဖျားက သွေးကို ယူလိုက်တာနဲ့ အရင်းအမြစ်ကို ခြေရာခံလို့ရပါတယ်"
"ဒါဆိုဘာကို စောင့်နေသေးတာလဲ။ မြန်မြန်လူသွားခေါ်လာခဲ့"
ထိုအချိန်တွင် ပိုင်ရှိုးမင်က ဖွင့်ကာပြောလာခဲ့သည်။ "လူကြီးမင်း ဒီလိုလုပ်တာက လုပ်ထုံးလုပ်နည်းနဲ့ မညီပါဘူး"
"ငါ ဒီမှာရောက်နေတာ မင်းစိတ်တိုင်းကျ ဝင်လုပ်လို့ ရမယ့်အလှည့် မဟုတ်ဘူး" ချင်ဟန်က လေသံမာမာဖြင့် ပြောလိုက်သည်။
လူနှစ်ယောက်သည် ခန်းမဆောင်ထဲတွင်ပင် တင်းမာနေကြသည်ကို မြင်လိုက်သောအခါ တခြားမင်းကျင့်စီးအစောင့်များသည် အသက်ကိုပင် ပြင်းပြင်းမရှုဝံ့ကြတော့ချေ။
ကျိချန်ကို စောင့်ဆိုင်းနေသည့် အချိန်အတွင်း ချင်ဟန်သည် ရွှဲရှီအတွက် ခုံတစ်လုံး ယူဆောင်ပေးရန် အထူးတလည် စေခိုင်းခဲ့လေသည်။
နာရီဝက်လောက် မစောင့်လိုက်ရဘဲ နောက်ဆုံးတွင်တော့ လူကိုခေါ်လာခဲ့၏။
အားချန်သည် မင်ကျင့်စီးအစောင့်နှစ်ဦး ခေါ်ဆောင်ခြင်းကိုခံခဲ့ရပြီး ခန်းမဆီသို့ ရောက်လာခဲ့တော့သည်။ သူမသည် ခန်းမထက်တွင် ထိုင်နေသည့် မရင်းနှီးလှသော သန်မာထွားကျိုင်းလှသည့် လူကြီးတစ်ဦး၊ အောက်တွင် ရပ်နေသည့် ပိုင်ရှိုးမင်၊ ထိုနောက်တွင်တော့ ကျင့်ယန်မြို့စားတို့ လင်မယားနှစ်ယောက်ကို တစ်ချက်လောက် ကြည့်လိုက်ပြီး စိတ်ထဲတွင် မကောင်းသည့် နိမိတ်တချို့ ခံစားလိုက်ရတော့သည်။
"ခန်းမအောက်ဘက်မှာ ရောက်နေတာ ဘယ်သူလဲ" ချင်ဟန်က မေးလိုက်၏။
"ကျွန်တော်မျိုးမ အရပ်သူ ကျိချန်ပါ။ လူကြီးမင်းကို ဂါရဝပြုပါတယ်" အားချန်သည် ကိုယ်ကိုညွှတ်ကာ အရိုအသေ ပေးလိုက်လေသည်။
"ကျိချန် ရွှဲရှီက မင်းကို ယုတ်မာတဲ့ နည်းလမ်းသုံးပြီး လူကိုဒုက္ခပေးတယ်လို့ တိုင်တန်းထားတယ်။ တကယ်လို့ မင်း အခုဝန်ခံလိုက်ရင် ငါ မင်းရဲ့အပြစ်ဒဏ်ကို အခြေအနေကြည့်ပြီး လျှော့ပေါ့ပေးလို့ရတယ်"
အားချန်၏ မျက်လုံးများမှာ ဝိုင်းစက်သွားပြီး မျက်နှာပေါ်တွင်လည်း အံ့ဩမှင်သက်သည့် အရိပ်အယောင်များ အပြည့် ဖြစ်သွားတော့သည်။ "လူကြီးမင်းက ကျွန်မကို နောက်နေတာတော့ မဟုတ်ပါဘူးနော်။ ကျွန်မက လူကို ဒုက္ခပေးတယ်လို့ပြောတယ်။ သက်သေရှိလို့လား"
"ကျိချန် နင် ငါ့ကို မနာလိုဖြစ်ပြီး ဒုက္ခမပေးခဲ့ဘူးလို့ လူအများရှေ့မှာ ကျိန်ရဲလို့လား" ရွှဲရှီသည့်အားချန်၏ အပြစ်ကင်းချင် ဟန်ဆောင်နေသည့် ပုံစံကိုမြင်လိုက်ရသောအခါ အလွန်အမင်း မျက်စိစပါးမွှေးစူးသွားပြီး မအောင့်နိုင်ဘဲ ထပြောလိုက်လေသည်။
အားချန်က ရွှဲရှီဘက်သို့ ခေါင်းလှည့်ကြည့်လိုက်ကာ "မြို့စားကတော်က ဘယ်လိုလုပ်ပြီး အကြောင်းမဲ့သက်သက် လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို စွပ်စွဲနိုင်ရတာလဲ"
"တော်ပြီ။ လာကြ။ သူတို့နှစ်ယောက်ရဲ့ သွေးကိုစစ်ဆေးလိုက်"
ချင်ဟန်သည် သူတို့နှစ်ယောက် အငြင်းခုံဖြစ်နေသည်ကို နားထောင်ရန် စိတ်မရှည်တော့ဘဲ အမိန့်တစ်ချက်ပေးလိုက်ရာ ကျောက်ချွင်းသည် ချက်ချင်းဆိုသလို ခန်းမထဲသို့ ဝင်လာခဲ့တော့သည်။ သူ့နောက်တွင်တော့ မင်ကျင့်စီး အစောင့်တစ်ဦး လိုက်ပါလာပြီး ထိုသူ၏လက်ထဲတွင် ဇလုံအရွယ်အစား ကြီးမားသည့် အဖြူအနက်ရောင်စပ် ဦးခေါင်းခွံတစ်ခုကို ပွေ့ပိုက်ထားလေသည်။ ထိုဦးခေါင်းခွံထဲတွင် အနက်ရောင်အရေများ ပြည့်နှက်လို့နေ၏။
အားချန်သည် ထိုဦးခေါင်းခွံ၏ မူလဇစ်မြစ်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မှတ်မိလိုက်၏။ ပုံသဏ္ဍာန်အရ ကူတျောင်း၏ ဦးခေါင်းခွံနှင့်တူသည်။ ကူတျောင်းသည် ကျိန်စာတိုက်ခြင်းတွင် ထူးချွန်သလို ကျိန်စာများကို ခွဲခြားသိရှိနိုင်သည်ဟု ကြားဖူးသည်။ ထိုအနက်ရောင်အရေထဲတွင် ကူတျောင်း၏ သွေးများ ရောနှောနေပေလိမ့်မည်။
ကျောက်ချွင်းသည် အရင်ဆုံး အားချန်ဆီသို့ ရောက်လာခဲ့၏။ အားချန်သည် လွန်ခဲ့သည့်ရက် အနည်းငယ်ကမှ ထိုသူနှင့် တွေ့ဆုံခဲ့ဖူးရာ ကျောက်ချွင်းက သူမကို ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်၏။ "မိန်းကလေးရဲ့ လက်ဖျားသွေးကို ယူရလိမ့်မယ်။ မိန်းကလေး ခဏလောက်တော့ သည်းခံပေးပါ"
အားချန်သည် ငြင်းဆန်ခြင်းမပြုဘဲ လက်ကိုမြောက်ပေးလိုက်ကာ သူကလည်း ငွေအပ်တစ်ချောင်းဖြင့် ထိုးဖောက်လိုက်လေသည်။ ထိုနောက်တွင်တော့ သွေးတစ်စက်ကို ညှစ်ထုတ်ကာ အနက်ရောင်အရည်ထဲသို့ အစက်ချလိုက်သည်။
ထိုနောက်တွင် ကျောက်ချွင်းသည် အပ်တစ်ချောင်းကို ပြောင်းလဲကာ ရွှဲရှီ ၏လက်ဖျားကို ထိုးဖောက်လိုက်ပြန်သည်။
သွေးနှစ်စက်သည် အနက်ရောင်အရေးထဲသို့ ကျဆင်းသွားပြီး အပိုင်းနှစ်ပိုင်းကွဲကာ တစ်ဖက်ချင်းစီတွင် နေရာယူလိုက်ပြီး နည်းနည်းလေးမှပင် နီးကပ်သွားသည့် အရိပ်အယောင်မရှိချေ။
၁၅ မိနစ်လောက် စောင့်ဆိုင်းပြီးတိုင် သွေးများကစတင် ကျဆင်းသွားသည့် အချိန်ကကဲ့သို့ပင် နှစ်ခြမ်းကွဲပြားနေဆဲ ဖြစ်သောအခါမှ ကျောက်ချွင်းသည် ချန်ဟန်ကို ပြောလိုက်၏။ "တပ်မှူးချုပ်ကြီး စစ်ဆေးပြီးပါပြီ။ မိန်းကလေးကျိက မြို့စားကတော်ကို ကျိန်စာတိုက်တဲ့ပညာရပ် သုံးခဲ့တာ မရှိပါဘူး"
"မဖြစ်နိုင်ဘူး။ သူပဲ ဖြစ်ရမယ်!"
သူမသည် အားချန်ကို သေမတတ် စိုက်ကြည့်လိုက်လေသည်။ အားချန်ကတော့ ရွှဲရှီဘက်သို့ ခေါင်းကိုစောင်းကာ ပြုံးပြလိုက်သည်တွင် ထိုအပြုံးက ရွှဲရှီ၏မျက်လုံးထဲတွင် ရန်စနေသည်ဟု ရှင်းရှင်းလင်းလင်း ထင်မြင်နေစေ၏။
ချင်ဟန်က ကူတျောင်း၏ ဦးခေါင်းခွံကို ယူဆောင်လာစေပြီး သူကိုယ်တိုင် အနားကပ်ကာ တစ်ချက်ကြည့်လိုက်ပြီးမှ ခန်းမအောက်ဘက်က လူများကို ကြည့်လိုက်လေသည်။
"စစ်ဆေးချက်အရ ကျိချန်က စုန်းအတတ်ပညာနဲ့ ကျင့်ယန်မြို့စားကတော်ကို မသမာ ကြံစည်ခဲ့တာ မဟုတ်ပါဘူး။ ကျိချန် မင်း သွားလို့ရပြီ"
အားချန်ကလည်း အနည်းငယ် အံ့အားသင့် သွားတော့သည်။ သူမ ခံစားရသလောက် ဒီမင်ကျင့်စီး၏ တပ်မှူးချုပ်သည် အနည်းငယ် ထူးထူးဆန်းဆန်း ပြုမူနေသည်ဟုပင်။
သူ့ပုံစံက စည်းမျဉ်းစည်းကမ်းအတိုင်း မလုပ်တတ်တဲ့ အမှားအမှန် မခွဲခြားတတ်တဲ့ လူတယောက်လိုပဲ။ ဒါပေမဲ့ အဖြေထွက်လာတော့လည်း ရုတ်တရက်ကြီး ဒီလောက်တောင် ကျိုးကြောင်း ဆင်ခြင်တတ်သွားတယ်။ သူက အပြစ်ပုံချဖို့တောင် တစ်ချက်လေးမှ မကြိုးစားဘူးတဲ့လား။
သို့သော်ငြား သူမကို သွားခွင့်ပြုခိုင်းလိုက်မှတော့ အားချန်ကလည်း ဆက်လက်ပြီး ရှိနေမည် မဟုတ်ပေ။
သူမသည် ခန်းမထဲကလူကို အရိုအသေပြုလိုက်ပြီး "ဒါဆိုရင် ကျွန်မကို ခွင့်ပြုပါဦး"
ထွက်ခွာလာချိန်တွင် သူမ၏ အကြည့်များသည် ရွှဲရှီ၏အနည်းငယ် ဖောင်းကားနေသည့် ဝမ်းဗိုက်ပေါ်သို့ ကျရောက်သွားပြီး မျက်လုံးထဲတွင်လည်း နားလည်နိုင်သည့် အရိပ်အယောင်များ အထင်အရှား ပါဝင်လို့နေသည်။ "မြို့စားကတော် ကိုယ့်ဟာကိုယ် ဂရုစိုက်ပါနော်"
"ဟိုရယ်။ သူ ကျွန်မကို ခြိမ်းခြောက်နေတာပဲ !" ရွှဲရှီသည် ကျင့်ယန်မြို့စားကြီး၏ လက်မောင်းကိုဆုပ်ကိုင်ရင်း အော်ဟစ်ကာ ပြောလိုက်၏။ "အရမ်းစိတ်မပူပါနဲ့" ကျင့်ယန်မြို့စားကြီးကလည်း နှစ်သိမ့်လိုက်လေသည်။
"ရှင် ကျွန်မကိုတောင် မယုံတော့ဘူးလား"
"မင်းအတွေး မလွန်ပါနဲ့တော့" ကျင့်ယန်မြို့စားကြီး၏ စိတ်ထဲတွင် အနည်းငယ် မွန်းကျပ်လာလေတော့၏။ ရွှဲရှီ၏စကားကြောင့် သူသည် ချင်ဟန်ကို အထူးတလည် ပင့်ဖိတ်လာခဲ့ရသည်။ သို့သော်ငြား ယခုစစ်ဆေးလည်း စစ်ဆေးပြီးသွားပြီ။ ဒီကိစ္စသည် ကျိချန်နှင့် မသက်ဆိုင်ကြောင်း ထင်ရှားလို့နေသည်။ သူသည် ဘယ်လိုများဆက်လုပ် နိုင်ပါဦးမည်နည်း။
တရားခွင်ကို ရုပ်သိမ်းပြီးနောက် မင်ကျင့်စီး အစောင့်များကလည်း တစ်ဦးချင်း ထွက်ခွာသွားကြ၏။ ချင်ဟန်သည် ကျင့်ယန်မြို့စားတို့ လင်မယားကို တရားရုံးတော် အပြင်ဘက်သို့ လိုက်ပါပို့ဆောင်ပေးခဲ့သည်။ ရွှဲရှီကတော့ ဒီအတိုင်း လက်မလျော့နိုင်သေးဘဲ ချင်ဟန်နှင့် ပိုင်ရှိုးမင်တို့၏ဆက်ဆံရေး တင်းမာနေသည်ကို မြင်တွေ့ထားသဖြင့် ဆက်ပြောလိုက်လေသည်။ "လူကြီးမင်း အဲဒီကျိချန်နဲ့ ပိုင်ရှိုးမင်က ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်။ ပိုင်ရှိုးမင်က သူ့ကို ကူညီပြီး အတုလုပ်ပေးထားတာ ဖြစ်နိုင်တယ်"
ချင်ဟန်က ရွှဲရှီကိုကြည့်ပြီး ပြောလိုက်တော့သည်။ "မြို့စားကတော်။ လူငယ်ဘဝတုန်းက ကျင့်ယန်မြို့စားကြီးက ကျွန်တော့်အသက်ကို ကယ်ခဲ့ဖူးတယ်။ ကျွန်တော်လည်း ခင်ဗျားအတွက် တရားမျှတမှုကို ဆောင်ရွက်ပေးချင်ပါတယ်။ ဒါပေမဲ့ကျွ န်တော်က သက်သေကို မျက်ကွယ်ပြုပြီးတော့မှ မြင်းကို သမင်လို့ လက်ညှိုးထိုးလို့တော့ မဖြစ်ဘူးလေ"
ကျင့်ယန်မြို့စားကြီးက မြန်မြန်ဝင် ပြောလိုက်ရတော့သည်။ "ချင်ညီလေးက စကားပြောတာ လေးနက်လွန်းနေပါပြီ။ ရှင်မက ကိုယ်ခန္ဓာ မကျန်းမာလို့ စကားမှာသွားခဲ့တာပါ"
ချင်ဟန်က ကျင့်ယန်မြို့စားကြီး၏ ပခုံးကိုလှမ်းပုတ်လိုက်ကာ "အစ်ကိုကျိလည်း သိသားပဲ။ ကျွန်တော်က အဆင့်သုံးရှိတဲ့ တပ်မှူးချုပ်တစ်ယောက်ပဲ။ အပေါ်မှာ ဌာနချုပ်မှူး တစ်ယောက်ရှိသေးတယ်။ အမှုကြီးအမှုငယ် အားလုံးကို ဌာနချုပ်မှူးဆီ အစီရင်ခံရတယ်။ ကျွန်တော်က သိပ်ပြီးတော့ ကျူးလွန်လို့ မဖြစ်ဘူးလေ။ မဟုတ်ရင် ကျွန်တော်ရဲ့ဒီ ဦးထုပ် ထက်ဆောင်းလို့ မရဘဲ ဖြစ်သွားနိုင်တယ်"
"ချင်ညီလေး ပြောတာမှန်ပါတယ်" ကျင့်ယန်မြို့စားကြီးက ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံလိုက်လေသည်။
ကျင့်ယန်မြို့စားတို့ လင်မယားနှစ်ယောက်ကို လိုက်ပါပို့ဆောင်ပြီးနောက်တွင် ချင်ဟန်သည် မျက်နှာထား တင်းမာစွာဖြင့် အတွင်းခန်းဆောင်သို့ ပြန်လာခဲ့လေသည်။ မကြာမီတွင် အတွင်းခန်းဆောင်မှ အငြင်းအခုံ ပြုလုပ်နေသည့် အသံများ ထွက်ပေါ်လာခဲ့တော့၏။
ထိုနေ့ နေ့လယ်ခင်းမှာပင် သတင်းသည် မင်ကျင့်စီးဌာန တစ်ခုလုံးသို့ ပျံ့နှံ့သွားလေတော့သည်။
ပိုင်ရှိုးမင် ပိုင်လူကြီးမင်းသည် အထက်အရာရှိကို မရိုမသေ လုပ်သောကြောင့် ရာထူးမှ ရပ်ဆိုင်းခံလိုက်ရခြင်း ဖြစ်လေသည်။
သို့သော်ငြား အတွင်းသတင်းများအရ သူသည် အဖြူအမည်း မခွဲခြားဘဲ သံသယရှိသူကို ကာကွယ်ပေးခဲ့ပြီး တပ်မှူးချုပ်က အချိန်မီ တွေ့ရှိသွားသောကြောင့် ရာထူးမှ ယာယီရပ်ဆိုင်းခံရခြင်း ဖြစ်သည်ဟုလည်း ဆိုကြ လေသည်။
တိုင်ကြားချက် မအောင်မြင်ခဲ့သည့် အပြင် မြို့စားအိမ်တော်သို့ ပြန်ရာလမ်းတွင် ကျင့်ယန်မြို့စားကြီးသည် တစ်လျှောက်လုံး မျက်နှာမကောင်းတော့ချေ။ သို့သော်ငြား ရွှဲရှီကတော့ တစ်လမ်းလုံး ရင်ဘတ်ကို ဖိကာနာကျင်နေသည်ဟု အော်ဟစ်နေသည်ကို မြင်ရသောအခါ အပြစ်တင်လိုသည့် စကားများလည်း မဆိုနိုင်တော့ ချေ။
မြင်းလှည်းသည် အိမ်တော်အပြင်တွင် ရပ်တန့်သွားပြီး ကျင့်ယန်မြို့စားကြီးက ရွှဲရှီကိုတွဲကာ မြင်းလှည်းပေါ်က ခေါ်ဆင်းလာခဲ့သည်။ မြို့စားကြီး၏ အိမ်တော်တံခါးဝသို့ မရောက်သေးခင်မှာပင် အဝေးမှ မြင်းလှည်းတစ်စီးသည် မြို့စားအိမ်တော်ဘက်သို့ ဦးတည်ကာ မောင်းနှင်လာသည်ကို တွေ့လိုက်ရ၏။ ထိုမြင်းလှည်းပေါ်တွင်တော့ နဉ်ယွမ်မြို့စားအိမ်တော်၏ အမှတ်အသားကို တပ်ဆင်ထားလေသည်။
"ညီလေးကျိ" နဉ်ယွမ်ပေါ်သည် မြင်းလှည်းပေါ်က ဆင်းလာပြီး အပြုံးများ ပြည်နှက်နေသည့် မျက်နှာဖြင့် ကျင့်ယန်မြို့စားကြီးကို နှုတ်ဆက်လိုက်လေ၏။ နောက်တွင်တော့ နဉ်ယွမ် မြို့စားကြီး၏ ကတော်သည်လည်း မြင်းလှည်းပေါ်မှ ဆင်းလာခဲ့သည်။
"နဉ်ယွမ်မြို့စားကြီး ဘာကိစ္စများ ရှိလို့လဲ" ကျင့်ယန်မြို့စားသည် နဉ်ယွမ်ပေါ်နှင့် ဆက်ဆံရေးမှာ ရင်းနှီးသည်ဟု မဆိုနိုင်သော်ငြားလည်း မြင့်မြတ်သည့် မျိုးနွယ်များ ဖြစ်သည့်အလျောက် အမြဲတမ်း အဆက်အသွယ် ရှိလာခဲ့လေသည်။
"ဒီနေ့တော့ သူတစ်ပါးရဲ့ တာဝန်ပေးချက်အရ ညီလေးကျိနဲ့ ဆွေးနွေးစရာ ကိစ္စတစ်ခုရှိလို့ပါ"
ရွှဲရှိယီသည် နဉ်ယွမ်ပေါ်၏ ဇနီးကိုမြင်လိုက်ရသည်နှင့် လွန်ခဲ့သည့် ရက်အနည်းငယ်က သူမကယင်ယင်၏ အိမ်ထောင်ရေးကိစ္စကို အဆိုပြုခဲ့သည်ကို သတိရလိုက်ပြီး စိတ်ထဲတွင် မကောင်းသည့် ခံစားချက်များ ချက်ချင်းပေါ်လာတော့သည်။
နဉ်ယွမ်ပေါ်၏ရှေ့တွင် သူမသည် ကျင့်ယန်မြို့စားကြီးက လူကိုအိမ်ထဲသို့ ဖိတ်ခြင်းကို မည်သို့ တားစီးနိုင်မည် မဟုတ်သလို သူတို့ကိုသီးသန့် စကားပြောခွင့်ပေးရန်လည်း စိတ်မချနိုင်သဖြင့် အံများကိုကြိတ်ကာ နောက်မှလိုက်ပါ သွားရတော့သည်။
နဉ်ယွမ်ပေါ်တို့ လင်မယားနှစ်ယောက်သည် နေရာယူလိုက်ပြီးမှ ကျင့်ယန်မြို့စားကြီးက မေးလာခဲ့၏။ "နဉ်ယွမ်ပေါ် ဘာများပြောစရာ ရှိလို့လဲ မသိဘူး"
နဉ်ယွမ်ပေါ်ကလည်း ပြုံးရွှင်စွာဖြင့် ပြောလာလေသည်။ "မနေ့က ရှီးလင်ဝမ် အိမ်တော်က အာ့ကုန်းဇီက သူ့ရဲ့အမတ်တစ်ဦးနဲ့အတူ ကျွန်တော်အိမ်ကို ရောက်လာခဲ့တယ်လေ။ သူကသူ့ရဲ့မိတ်ဆွေ တစ်ယောက်အတွက် မြို့စားမင်းကို သမီးတောင်ရမ်းပေးဖို့ ကျွန်တော့်ကို အကူအညီ တောင်းလာလို့ပါ"
ကျင့်ယန်မြို့စားကြီးသည် ချက်ချင်းငြင်းဆန်ခြင်းမပြုဘဲ စုံစမ်းမေးမြန်းလိုက်လေသည်။ "အဲဒီလူက ဘယ်လိုနောက်ခံ မိသားစုများ ရှိတာလည်း မသိဘူးနော်"
"ညီလေးကျိက အမြင်ကျယ်ပြီး ဗဟုသုတကြွယ်ဝတော့ သာမန်လူတွေကြားထဲက မိစ္ဆာအမဲလိုက်မျိုးနွယ်အကြောင်း ကြားဖူးမှာပေါ့"
ကျင့်ယန်မြို့စားကြီးက ခေါင်းငြိမ့်ပြလိုက်ကာ "နည်းနည်းတော့ ကြားဖူးပါတယ်"
“ရှန်းမျိုးနွယ်ထဲကပဲ ဒဏ္ဍာရီထဲက မိစ္ဆာအမဲလိုက် မျိုးနွယ်စုတွေပါ။ သူတို့က ရှီးလင်မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြတာ။ နန်းတွင်းမှာ အရာရှိအဖြစ် အမှုထမ်းခဲ့တာမျိုး မရှိပေမယ့် လူတွေကြားထဲမှာတော့ နာမည်ကောင်းရှိကြပါတယ်။ ပြီးတော့ဒီမျိုးဆက်ရဲ့ မျိုးနွယ်စုခေါင်းဆောင်မှာ သားတစ်ယောက်တည်းပဲ ရှိတာပါ။ သူက ရှီးလင်ဝမ်အိမ်တော်က အာ့ကုန်းဇီရဲ့ မိတ်ဆွေဖြစ်သလို ရှီးလင်ဝမ်ရဲ့ မွေးစားသားလည်း ဟုတ်ပါတယ်”
ကျင့်ယန်မြို့စားကြီး၏ အမူအရာသည် အနည်းငယ် ပြေလျော့သွားပြီးနောက် ဆက်ပြီး မေးလာခဲ့၏။ *သူက ကျွန်တော်ရဲ့ ယင်ယင်ကို ဘယ်လိုလုပ်ပြီး သိသွားတာလဲ"
တစ်ဖက်လူက ဒီအကြောင်းကိုတော့ မပြောပြခဲ့ချေ။ နဉ်ယွမ်ပေါ်သည် မျက်လုံးများကို တစ်ချက်စွေစောင်းထားလိုက်ပြီး အကြံရှိသလို လျှောက်ပြော လိုက်တော့သည်။ "သူက ရှန့်ကျင်းမြို့တော်နဲ့ ဝေးကွာတယ်ဆိုပေမယ့် ဆွေမျိုးမိတ်သင်္ဂဟတွေတော့ ရှိကြမှာပေါ့။ ပြီးတော့ သူတို့က ရှီးလင်ဝမ်အိမ်တော်ကို အားကိုးနေရတာ။ ဘာကိုပဲ စုံစမ်းချင် စုံစမ်းလို့ မရဘူးတဲ့လား။ ပြီးတော့ ယင်ယင်က မြို့စားကတော်ရဲ့ သင်ကြားပြသမှုအောက်မှာ တည်ငြိမ်လိမ္မာပြီး ရုပ်ရည်ရော အရည်အချင်းပါ ပြည့်စုံတယ်။ ကျွန်တော်ဇနီးကတောင်မှ ကျွန်တော်ရဲ့ အသုံးမကျတဲ့ သားအတွက် ယင်ယင်ကို တောင်းရမ်းဖို့ စဉ်းစားခဲ့ဖူးတယ်။ သူတို့ကဆိုရင်တော့ ပြောစရာတောင် လိုပါဦးမလား"
"ဒါက ..." ကျင့်ယန်မြို့စားကြီးသည် အချိန်တော်တော်ကြာအောင် သေသေချာချာလေး စဉ်းစားလိုက်၏။ သူ့ရဲ့ ယင်ယင်က ကောင်းတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ရှန့်ကျင်းမြို့တော်ထဲမှာ သူနဲ့လက်ဆက်နိုင်တဲ့ မျိုးနွယ်စုက တကယ်ပဲ နည်းနည်းလေးပဲ ရှိတယ်။ ရှင်မကလည်း ယင်ယင်ကို အဆင့်နိမ့်တဲ့နေရာမှာ အိမ်ထောင်ချပေးမှာကို လုံးဝသဘောတူမှာ မဟုတ်ဘူး။ ဒါပေမဲ့ အဆင့်မြင့်တဲ့ နေရာကို ပို့ပေးချင်ရင်လည်း တစ်ဖက်က သဘောတူဦးမှ ဖြစ်မှာလေ။ သာမန်အဆင့်အတန်း ပြဿနာတစ်ခုတည်းနဲ့တင် ဖြေရှင်းရခက်နေပြီ။ ဒီရှန်းမိသားစုက ရာထူးဂုဏ်ရှိန်အရ အကူအညီ မပေးနိုင်ပေမယ့် ရှီးလင်ဝမ်ကတော့ အားကိုးရလောက်တဲ့ အထိရှိပါတယ်။ ပြီးတော့ မျိုးနွယ်စုခေါင်းဆောင်ရဲ့ သားအရင်းလည်း ဖြစ်နေတော့ ယင်ယင်နဲ့ မထိုက်တန်ဘူးလို့တော့ မပြောနိုင်ပါဘူး။
ရွှဲရှီသည် ကျင့်ယန်မြို့စားကြီးကို အလွန်နားလည်သူ ဖြစ်သည်တွင် သူ့ပုံစံကိုကြည့်လိုက်သည်နှင့် စိတ်ယိုင်နေပြီ ဖြစ်ကြောင်း သိလိုက်သဖြင့် ဒေါသတကြီး အော်ပြောလိုက်တော့၏။ "ဟိုရယ် !"
သူမသည် စကားတစ်ခွန်းသာ ပြောရသေးသည်။ ရုတ်တရက် ရင်ဘတ်ကို ဖိလိုက်ပြီး ပျော့ခွေကာ ထိုင်ချလိုက်တော့၏။
ကံအားလျော်စွာ ဘေးတွင်ရှိနေသည့် အစေခံမလေးက ခြေမန်န်လက်မြန် ရှိလှသဖြင့် ထိုသူကိုမြန်မြန် ထိန်းပေးလိုက်သဖြင့် မြေပြင်ပေါ်သို့ တိုက်ရိုက်လဲကျ မသွားခဲ့ခြင်းပင်။
ဘေးတွင်ရှိနေသည့် နဉ်ယွမ်ပေါ်က အခြေအနေကို မြင်လိုက်ရသောအခါ အံ့သြတကြီး မေးလိုက်လေသည်။ "မြို့စားကတော် ဒါကဘယ်လို ဖြစ်သွားတာလဲ။ ရုတ်တရက် နှလုံးရောဂါ ထတာလား"
ကျင့်ယန်မြို့စားကြီးက ရှေ့သို့တိုးလာကာ ရွှဲရှီ၏အခြေအနေကို စစ်ဆေးကြည့်ရှုလိုက်ပြီး ထိုစကားကို ကြားလိုက်ရသည်တွင် အဖြေပြန်ပေးလာခဲ့သည်။ "နှလုံးရောဂါ မဟုတ်ပါဘူး"
ရွှဲရှီ၏ ခန္ဓာကိုယ်သည် မသက်မသာ ဖြစ်နေပြီး မရပ်မနား လူးလွန့်နေရသဖြင့် သူသည်လည်း မခံစားနိုင်တော့ချေ။ ယခုအခါ တစ်စုံတစ်ယောက်က မေးလာသည်တွင် သူသည်ရင်ထဲက အပူများကို ဖွင့်ထုတ်လိုက် လေတော့သည်။ "ဒီရောဂါက ထူးထူးဆန်းဆန်း ဖြစ်လာတာ။ ရင်းမြစ်ကိုလည်း ရှာမတွေ့ဘူး။ ရင်ဘတ်ထဲကပဲ ဆွဲပြီးနာကျင်နေတယ်တဲ့။ မပြင်းထန်ပေမယ့်လည်း အရမ်းကို နှိပ်စက်လွန်းတယ်"
ထိုအချိန်တွင် နဉ်ယွမ်ပေါ်၏ ဇနီးသည်က ပြောလိုက်လေသည်။ "မြို့စားမင်း ကျွန်မကြားရ သလောက်တော့ ဒါက မကောင်းဆိုးဝါး ရောဂါတစ်ခုနဲ့ တူတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီရှန်းမျိုးနွယ်က ဒီကိစ္စတွေမှာ ကျွမ်းကျင်တယ်။ သူတို့အိမ်က ကုန်းဇီကို အိမ်တော်ကို ပင့်ဖိတ်ပြီး မြို့စားကတော်ကို ကြည့်ရှုခိုင်းရင် မကောင်းဘူးလား"
"ဒါက ..." ကျင့်ယန်မြို့စားသည် အနည်းငယ် တုံ့ဆိုင်းသွားလေသည်။
နဉ်ယွမ်ပေါ်ကလည်း လက်ခုပ်တီးကာ ပြောလိုက်တော့၏။ "ဒီအကြံကောင်းတယ်။ တကယ်လို့ သူက မြို့စားကတော်ကို ကုသလို့ မပျောက်ဘူးဆိုရင် လူကို နှင်ထုတ် လိုက်ရုံပဲပေါ့။ တကယ်လို့ ကုသပျောက်ကင်း သွားတယ်ဆိုရင် ဒါကကောင်းတဲ့ကိစ္စ တစ်ခုပဲ မဟုတ်လား"
ရွှဲရှီ၏စိတ်ထဲတွင် ထိုရှန်းမျိုးနွယ်နှင့် မည်သည့်ပတ်သက်မှုမှ မလိုလားသော်ငြားလည်း သူမ၏စိတ်ထဲတွင် ဒီခန္ဓာကိုယ်က တကယ်ကို မခံမရပ်နိုင်တော့သဖြင့် နှုတ်ဆိတ်ကာသာ နေတော့သည်။
သူမသည် ကျင့်ယန်မြို့စားက နဉ်ယွမ်ပေါ်ကို ရှန်းမျိုးနွယ်စု၏ ကုန်းဇီအား အိမ်သို့ပင့်ဖိတ်ပေးရန် ပြောလိုက်သည်ကို ကြားလိုက်သောအခါ ဘာကြောင့်မှန်းမသိ စိတ်ထဲတွင် ပေါ့ပါးသွားသလို ခံစားလိုက်ရလေသည်။
ရွှဲရှီ၏အခြေအနေသည် တကယ်ပင် မကောင်းဟု မဆိုနိုင်သဖြင့် နဉ်ယွမ်ပေါ်တို့ လင်မယားကလည်း အချိန်မစွဲတော့ဘဲ မြန်မြန်နှုတ်ဆက်ကာ ထွက်ခွာသွားကြတော့၏။ တစ်နာရီခန့် ကြာပြီးသွားသောအခါ အိမ်တော်ထိန်းက လာရောက်သတင်းပို့နေသည်။ ရှန်းမျိုးနွယ်စု၏ ကုန်းဇီသည် အိမ်တော်သို့ ရောက်လာကာ လည်ပတ်ကြောင်း လျှောက်တင်လေ၏။
ကျင့်ယန်မြို့စားကြီးက ရွှဲရှီကို နေရာချပေးလိုက်ပြီးနောက် အလျင်အမြန် ထွက်လာပြီး ကြိုဆိုလိုက်သည်တွင် အိမ်တော်အပြင်ဘက်၌ အစိမ်းရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး မျက်နှာဖြူဖျော့ကာ အနည်းငယ် နာမကျန်းဖြစ်နေပုံရသည့် လူငယ်တစ်ဦးကို တွေ့လိုက်ရလေသည်။ ထိုလူငယ်၏ နောက်တွင်တော့ သက်တော်စောင့်တချို့နှင့် အစေခံမလေးတစ်ဦး လိုက်ပါလာခဲ့၏။
"ကျွန်တော့်နာမည်က ရှန်းယင့်ရှောင်းပါ။ ကျင့်ယန်မြို့စားကြီးကို ဂါရဝပြုပါတယ်" လူငယ်လေးသည် ကျင့်ယန်မြို့စားက သူ့ကို အကဲခတ်နေသည်ကို ခွင့်ပြုထားလိုက်ပြီးမှ သူနှင့်တွေ့ဆုံကာ အရိုအသေပြု လိုက်လေသည်။
ထိုသူ၏ အားနည်းသော ပုံစံကိုမြင်လိုက်ရရုံဖြင့် ကျင့်ယန်မြို့စားကြီး၏ ယခင်က စိတ်လှုပ်ရှားမှုများမှာ အနည်းငယ် လျော့ကျသွား လေတော့၏။
သို့သော်ငြား ထိုလူက ရွှဲရှီကို ကုသပေးနိုင်ခြေရှိသည်ကို တွေးမိသည်တွင် သူသည် ယဉ်ကျေးစွာပင် ရှန်းယင့်ရှောင်းကို နှုတ်ဆက်လိုက်တော့သည်။ "ရှန်းကုန်းဇီ အထဲကိုကြွပါ"
ကျင့်ယန်မြို့စားကြီးသည် ရှန်းယင့်ရှောင်းကို ပင်မအဆောင်ဘက်သို့ ခေါ်ဆောင်လာခဲ့၏။ လမ်းတွင် သူနှင့် စကားပြောဆို ကြည့်သောအခါ ဒီလူငယ်လေးက အနည်းငယ် အားနည်းနေပုံ ပေါက်သော်ငြားလည်း ပြောဆိုပြုမူပုံကတော့ မျိုးရိုးမြင့် မိသားစုဝင်တို့၏ အဆောင်အယောင်များ ရှိနေပြီး မြို့ထဲက မျိုးရိုးမြင့် သားသမီးများနှင့်လည်း ယှဉ်နိုင်သည်ကို တွေ့ရလေသည်။ ဒီအချက်ကတော့ သူ့ကို အထင်ကြီးသွားစေခဲ့၏။
ပင်မခြံဝင်းသို့ ရောက်လာသောအခါ သက်တော်စောင့် တချို့သည် အပြင်ဘက်တွင် စောင့်ဆိုင်းနေပြီး ရှန်းယင့်ရှောင်းကတော့ အစေခံမလေးကို ခေါ်ဆောင်ကာ ကျင့်ယန်မြို့စားနဲ့အတူ အထဲသို့ဝင်ရောက် လာတော့သည်။
ပျော့ပျောင်းလှသည့် သလွန်ရှည်ပေါ်တွင် မှီကာထိုင်နေသည့် ရွှဲရှီသည် ထိုအစေခံမလေးကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မှတ်မိလိုက်ပြီး ရှန်းယင့်ရှောင်းကို ထပ်မံကြည့်လိုက်ကာ ဒီလူ၏ရုပ်ရည်မှာ အနည်းငယ် သာမန်ဖြစ်ပြီး မျက်နှာအရောင်မှာ သူမလောက်ပင် မကောင်းသဖြင့် စိတ်ထဲတွင်ပိုလို့ပင် ဆန့်ကျင်မိလေတော့သည်။
ရှန်းယင့်ရှောင်းသည် မြို့စားကတော်၏ မျက်နှာအမူအရာက ပုံမှန်မဟုတ်သည်ကို သတိပြုမိ သော်ငြားလည်း စိတ်ထဲတွင်တော့ အလေးအနက် မတွေးနေတော့ဘဲ သူမကို တစ်ချက်လောက် စူးစိုက်ကြည့်လိုက်ပြီး ကျင့်ယန်မြို့စားကြီးကို ပြောလိုက်တော့သည်။ "မြို့စားကတော်ရဲ့ ခန္ဓာကိုယ်က တစ်ခုခု ထူးခြားနေသလိုပဲ။ ကျွန်တော်တို့ ရှန်းမျိုးနွယ်ကလည်း တခြားသူတွေ မသိတဲ့လျှို့ဝှက် ပညာရပ်တစ်ချို့ကို တတ်ကျွမ်းပါတယ်။ တကယ်လို့ မြို့စားကြီးသာ စိတ်မရှိဘူးဆိုရင် ကျွန်တော် မြို့စားကတော်အတွက် ကြည့်ရှုပေးလို့ရပါတယ်"
သူက ထိုသို့ ပြောလိုက်သည်ကို ကြားလိုက်ရသောအခါ ရွှဲရှီ၏ မျက်လုံးထဲတွင် မျှော်လင့်ချက် အရိပ်အယောင်လေးတစ်ခု ဖြတ်ပြေးသွားပြီး သူမကပြောလိုက်၏။ "ဟိုရယ် သူ ဘယ်လိုပြောမလဲဆိုတာကိုပဲ နားထောင်ကြည့်လိုက်ပါအုံး"
"ဒါဆိုရင်တော့ ရှန်းကုန်းဇီကိုပဲ အားကိုးရတော့မှာပဲ"
ရှန်းယင့်ရှောင်းက မသိမသာ ခေါင်းငြိမ့်ပြလိုက်ပြီး ပြောလာခဲ့သည်။ "ကျွန်တော်ရဲ့ အစေခံမလေးကို မြို့စားကတော်အတွက် အရင်ဆုံး စစ်ဆေးကြည့်ရှုခိုင်းလို့ ရမလား မသိဘူး"
ရွှဲရှီသည် ခေါင်းငြိမ့်လိုက်သည်တွင် ရှန်းယင့်ရှောင်းက အစေခံမလေးကို ရှေ့သို့တက်လာကာ သူ့ကိုယ်စား စစ်ဆေးပေးရန် အချက်ပြလိုက်၏။ ထိုနောက်တွင်တော့ ရွှဲရှီကို မေးခွန်းအနည်းငယ် မေးမြန်းလိုက်လေသည်။
"မြို့စားကတော်မှာ နှလုံးရောဂါ ရှိသလား"
ရွှဲရှီက ခေါင်းခါပြလိုက်ပြီး လေသံကလည်း အနည်းငယ် စိုးရိမ်တကြီး ဖြစ်နေတော့သည်။ "မရှိပါဘူး။ နန်းတွင်းသမားတော် တွေတောင် လာကြည့်သွားပြီးပြီ။ ကျွန်မမှာ ဘာရောဂါမှ မရှိဘူး"
"ဒါဆိုရင် မြို့စားကတော်ရဲ့ ကိုယ်ပေါ်မှာ ဒီရက်ပိုင်းအတွင်း ထူးခြားတဲ့အမှတ်အသားတွေ ပေါ်လာခဲ့သေးလား"
ရွှဲရှီက ခေါင်းခါနေဆဲပင်။ "ဘာအမှတ်အသားမှ မရှိခဲ့ပါဘူး"
ရှန်းယင့်ရှောင်းသည် ခဏလောက် သေသေချာချာလေး စဉ်းစားလိုက်ပြီးမှ ပြောလာခဲ့သည်။ "မြို့စားကတော်ရဲ့ ကိုယ်ပေါ်မှာ ကျိန်စာကြောင့် ကျန်ရစ်ခဲ့တဲ့ အမှတ်သားတွေ မတွေ့ရဘူး။ ဒါပေမဲ့ လက္ခဏာတွေကတော့ ကျိန်စာနဲ့တစ်ထပ်တည်း တူနေတယ်။ ဒီလိုနည်းလမ်းမျိုးကို တစ်ခါမှ မကြားခဲ့ဖူးသေးဘူး ..."
ရွှဲရှီ၏မျက်နှာအရောင်မှာ ဖြူဖျော့သွားသည်ကို တွေ့လိုက်ရသည့်တွင် သူကလည်း ဆက်ပြောလိုက်လေသည်။ "ဒါပေမဲ့ ကျွန်တော့်ဆီမှာ သက်သာ စေနိုင်တဲ့ နည်းလမ်းတစ်ခုတော့ ရှိတယ်"
"ဘာနည်းလမ်းများလဲ"
ရှန်းယင့်ရှောင်းသည်လည်း ဆက်ပြီးဖုံးကွယ်မထားတော့ပဲ တိုက်ရိုက်ပြောလိုက်တော့သည်။ "ကျွန်တော် မြို့စားကတော်အတွက် ကိုယ်စားရုပ်တု တစ်ခု ပြင်ဆင်ပေးလို့ရတယ်။ ဘယ်လို လက္ခဏာမျိုးပဲဖြစ်ဖြစ် ကိုယ်စားအရုပ်က ခံစားပေးသွားလိမ့်မယ်။ ဒါပေမဲ့ ဒီနည်းလမ်းက ရောဂါလက္ခဏာကိုပဲ ကုသပေးနိုင်ပြီး အရင်းအမြစ်ကိုတော့ ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး။ ဘယ်လောက်ကြာကြာ ထိန်းထားပေးနိုင်မလဲ ဆိုတာကိုလည်း မသိနိုင်ဘူး"
"ကောင်းပါပြီ" ကျင့်ယန်မြို့စားသည် နှုတ်ကထုတ် မပြောရသေးခင်မှာပင် ရွှဲရှီကတော့ စိတ်မရှည်စွာဖြင့် သဘောတူလိုက်တော့၏။ သူမသည် နှိပ်စက်ခံရလွန်းသဖြင့် ရူးမတတ်ဖြစ်နေပြီး နောက်ထပ် သည်းခံနိုင်တော့မည် မဟုတ်ချေ။
ရှန်းယင့်ရှောင်းက အနည်းငယ် ပြုံးလိုက်ကာ "ဒါဆိုရင် မြို့စားကတော်ရဲ့ မွေးသက္ကရစ်နဲ့ ဆံပင်တစ်မျှင်ကို ကျွန်တော့်ကို ပေးပါ။ ပြီးတော့ ကျွန်တော်အတွက် ကောက်ရိုးခြောက် တစ်စည်းရှာပေးပါ"
မကြာခင်မှာပင် ပစ္စည်းများကို ယူဆောင်လာခဲ့လေသည်။ ထိုနောက်တွင်တော့ သူသည် ရွှဲရှီ၏ ဆံချည်မျှင်ကိုကိုင်ကာ တစ်စုံတစ်ခုကို ရွတ်ဖတ်လိုက်ရာ မူလက ပျော့ပျောင်းနေသည့် ဆံချည်မျှင်သည် ရုတ်တရက် ထောင်မတ်လာပြီး အလွန်မာကျောသလို ဖြစ်သွားတော့၏။
သူသည် ရွှဲရှီ၏ မွေးသက္ကရာဇ် အညွှန်းရေးသားထားသည့် စက္ကူအဝါကို လိပ်လိုက်ပြီးနောက် ကောက်ရိုးခြောက်နှင့် ဆံချည်မျှင်ကို အသုံးပြုကာ ကောက်ရိုးအရုပ် တစ်ရုပ်ပြုလုပ်ပြီး စက္ကူလိပ်ကို ထိုအထဲတွင် ထည့်သွင်းလိုက်လေသည်။
ထိုကောက်ရိုးအရုပ်သည် တော်တော်လေးကို ဖြစ်သလို ပြုလုပ်ထားသည်ဟု ထင်ရသဖြင့် ရွှဲရှီမှာ ထိုမြင်ကွင်းကို မြင်လိုက်ရသည်တွင် စိတ်ထဲ၌ အနည်းငယ် စိတ်ပျက်သွားတော့၏။ ထိုအချိန်မှာပင် ရှန်းယင့်ရှောင်းက လက်မြောက်ကာ ထိုကောက်ရိုးအရုပ်ကို တစ်ချက်လောက် ပုတ်လိုက်သောအခါ ကောက်ရိုးအရုပ်သည် ရုတ်တရက် လူတစ်ယောက်ကဲ့သို့ လက်ဖက်ရည်စားပွဲပေါ်မှ ထထိုင်လိုက်လေသည်။
ရွှဲရှီမှာ ထိုမြင်ကွင်းကို မြင်လိုက်ရကာ လန့်ဖျပ်သွားပြီး မထိန်းနိုင်တော့ဘဲ အနာကပ်ကာ ကြည့်ရှုလိုက်တော့၏။ ရလဒ်အနေဖြင့် ထိုကောက်ရိုးအရုပ်သည် သူမ၏လှုပ်ရှားမှုအတိုင်း ရှေ့သို့ကုန်းကာ ကြည့်လိုက်လေသည်။
"ဟိုရယ် ကြည့်ပါဦး။ အဲဒီကောက်ရိုးအရုပ်က လှုပ်ရှားနေတယ်" ရွှဲရှီသည် အံ့သြတကြီး ပြောလိုက်၏။
ကျင့်ယန်မြို့စားကြီးကလည်း ထိုကောက်ရိုးအရုပ်ကို တစ်ချက်လောက် ကြည့်လိုက်ပြီးနောက် ရှန်းယင့်ရှောင်းကို ကြည့်လိုက်ကာ ရှန်းကုန်းဇီရဲ့ နည်းလမ်းကတကယ်ပဲ ထူးခြားဆန်းကြယ်လှပါတယ်"
"မြို့စားမင်းရဲ့ ချီးကျူးစကားနဲ့ မထိုက်တန်လှပါဘူး" ထိုသို့ ပြောလိုက်ပြီးနောက် သူသည် ရွှဲရှီဘက်သို့လှည့်ကာ မေးလိုက်၏။ "အခုမြို့စားကတော် ရင်ဘတ်က နာနေသေးလား"
ရွှဲရှီသည် လက်တစ်ဖက်ကို ရင်ဘတ်နားတွင် ဖိထားလိုက်ကာ နှစ်ရက်အတွင်း အိပ်မက်ဆိုး တစ်ခုကဲ့သို့ အရိပ်ပမာလိုက်နေသည့် နာကျင်မှုသည် အမှန်တကယ် ပျောက်ကွယ်သွားတော့၏။
"မ ... မနာတော့ဘူး" ရွှဲရှီသည် အရင်ဆုံး ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ မျက်နှာပေါ်တွင် ဝမ်းသာအားရသည့် အရိပ်များပြည်နှက် လာတော့သည်။ "ဟိုရယ် မနာတော့ဘူးပဲ"
ဒီအချိန်တွင် ရှန်းယင့်ရှောင်းက မျက်လုံးများကို နှိမ့်ချကာ ကောက်ရိုးအရုပ်ကို ကြည့်လိုက်သည်တွင် ထိုကောက်ရိုးအရုပ်၏ ရင်ဘတ်နေရာမှာ ကောက်ရိုးခြောက် တစ်မျှင်သည် ရုတ်တရက် ပြတ်တောက်သွားလေသည်။
ရွှဲရှီသည် သူမ၏ဝမ်းသာမှုကို ထုတ်ဖော်ပြောဆိုပြီးမှ ကျင့်ယန်မြို့စားကြီးသည် ရှန်းယင့်ရှောင်းက မျက်နှာတွင်အပြုံးဖြင့် ထိုင်ခုံပေါ်တွင် ထိုင်နေသည်ကို မြင်ရသောအခါ ရှန်းမိသားစုနှင့် ဆွေမျိုးတော်စပ်ရလျှင် မဆိုးလှချေဘူးဟု ရုတ်တရက် ခံစားလိုက်ရတော့သည်။
သူက မထိန်းနိုင်တော့ဘဲ ဖွင့်ကာမေးလိုက်တော့၏။ "ရှန်းကုန်းဇီက အိမ်တော်မှာ တစ်ဦးတည်းသော သားလို့ကြားပါတယ်"
ရှန်းယင့်ရှောင်းကလည်း ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်။ "ပြီးခဲ့တဲ့နှစ် အနည်းငယ်တုန်းက အိမ်တော်မှာ မတော်တဆမှု တစ်ခုဖြစ်သွားပြီး ကျွန်တော့်ရဲ့ ညီအစ်ကို နှစ်ယောက်က ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားခဲ့တယ်။ အခုတော့ အဖေ့မှာ ကျွန်တော်ဆိုတဲ့ သားတစ်ယောက်ပဲ ရှိပါတော့တယ်။ ကျွန်တော့်မှာ ညီမလေးတစ်ယောက် ရှိသေးတယ်။ ဒီတစ်ခေါက် သူလည်း ကျွန်တော်နဲ့အတူ မြို့တော်ကို လိုက်လာခဲ့ပါတယ်"
"ရှန်းကုန်းဇီက ကျွန်တော့် သမီးငယ်လေး အကြောင်းကို ဘယ်ကနေ သိခဲ့တာလဲ"
"အိမ်တော်ကနေ အဝေးရောက်နေတဲ့ ဆွေမျိုးတစ်ယောက် ဆီကနေကြားတာပါ။ ရွှဲမိန်းကလေးက ဂီတတူရိယာ တီးခတ်တာ အရမ်းကျွမ်းကျင်တယ်လို့ ကြားပါတယ်" ရှန်းယင့်ရှောင်းသည် စကားအများကြီး မပြောဘဲ တစ်ခွန်းသာ အရိပ်အမြွက် ပေးလိုက်သည်တွင် ထိုသူနှစ်ဦးလုံးမှာ ချက်ချင်းဆိုသလို ယုံကြည်သွားလေတော့၏။
ရွှဲယင်သည် ဂီတတူရိယာတီးခတ်ခြင်းတွင် အမှန်ပင် ကျွမ်းကျင်ပြီး ပွဲတော်များတွင်လည်း တခြားအိမ်တော်က အမျိုးသမီးလေးများနှင့် ယှဉ်ပြိုင်ခဲ့ဖူးလေသည်။
"ရှန်းကုန်းဇီရဲ့ အသက်က ဘယ်လောက်ရှိပြီလဲ မသိဘူးနော်" ရွှဲရှီက ကြားဖြတ်မေးလိုက်၏။
"ကျွန်တော် ဒီတစ်နှစ် အသက်၂၅နှစ်ပါ"
ရွှဲရှီ၏အပြုံးမှာ အနည်းငယ် လျော့ကျသွားပြီး ရှန်းယင့်ရှောင်းကို ပြောလိုက်၏။ "ရှန်းကုန်းဇီ ကူညီပေးတာကို ကျွန်မ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ သမီးငယ်လေးက အခုမှ အရွယ်ရောက်ခါစပဲ ရှိသေးတယ်။ ကျွန်မ သူ့ကို နောက်ထပ်၂နှစ်လောက် အိမ်မှာခေါ်ထားချင်သေးတယ်"
ရှန်းယင့်ရှောင်းက ကျင့်ယန်မြို့စားကြီးကို ကြည့်လိုက်ကာ "မြို့စားကြီးကလည်း ဒီသဘောပဲလား"
ကျင့်ယန်မြို့စားကြီးက တုံ့ဆိုင်နေဆဲ ဖြစ်သော်ငြားလည်း ရွှဲရှီ၏ အသားကုန် ဆွဲလိမ်ခြင်း ခံလိုက်ရလေသည်။ သူသည်နာကျင်မှုကို သည်းခံရင်း ပြောလိုက်၏။ "ဒီနေ့ ရှန်းကုန်းဇီကို ကျေးဇူးတင်ပါတယ်။ ဒီကိစ္စကို ကျွန်တော်တို့ နောက်နေ့မှ ဆက်ဆွေးနွေးကြရင် မကောင်းဘူးလား"
ရှန်းယင့်ရှောင်းကတော့ ဒေါသမထွက်ဘဲ မျက်နှာပေါ်တွင် စိတ်ပျက်သွားသည့် အရိပ်အယောင် အနည်းငယ်သာ ပေါ်လာခဲ့လေသည်။ "ဒီလိုဆိုမှတော့ ကျွန်တော်လည်း အနှောင့်အယှက် မပေးတော့ပါဘူး။ ခွင့်ပြုပါဦး"
ထိုသို့ပြောလိုက်ပြီးနောက် သူသည် ထရပ်ကာ ပြန်တော့မည် ပြင်လိုက်၏။ လှည့်ထွက်သွားသည့် အချိန်တွင် ရှန်းယင့်ရှောင်း၏ လက်ဖျားသည် မသိမသာ လှုပ်ရှားသွားကာ မူလက စားပွဲပေါ်တွင် တင်ထားသည့် ကောက်ရိုးအရုပ်သည် ရုတ်တရက် မီးခိုးများထွက်လာပြီး မီးလောင်ကျွမ်းသွားတော့၏။
ရွှဲရှီသည် ထိုမြင်ကွင်းကို မြင်လိုက်သည်တွင် အလန့်တကြား အော်ဟစ်လိုက်ပြီး ရှေ့သို့တိုးလာကာ လက်ဖက်ရည်ခွက်ထဲက လက်ဖက်ရည်ဖြင့် လောင်းချလိုက်လေသည်။
ထိုအချိန်တွင်တော့ အမွှေးနံ့သာဆိုင်ထဲတွင် အားချန်သည် ချန်ဟွေ့ကို ယနေ့မင်းကျင့်စီးတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ပြောပြပြီးခါစသာ ရှိသေးသည်။ ချန်ဟွေ့သည် ထိုသစ်သားရုပ်ကို တစ်ချက်ကြည့်လိုက်ပြီး သံသယဖြင့် ဆိုလိုက်၏။ "ဒီသစ်သားရုပ်ပေါ်က သွေးတွေက ဘာလို့ မစီးကျ လာတော့တာလဲ"
အားချန်သည် သူမ သတိပေးလိုက်မှ သတိထားမိကာ အနားသို့တစ်ချက် ကြည့်လိုက်၏။ သူမသည် သေသေချာချာ မကြည့်ရသေးခင်မှာပင် မီးတောက်တစ်ချက်သည် သစ်သားရုပ်ပေါ်က ရုတ်တရက် လောင်ကျွမ်းလာခဲ့လေသည်။
ချန်ဟွေ့သည် ချေမြန်လက်မြန်ဖြင့် သစ်သားရုပ်ကို မြေပြင်ပေါ်သို့ ပုတ်ချလိုက်သော်လည်း သစ်သားရုပ်ပေါ်မှ မီးတောက်များက ဆက်လက်လောင်ကျွမ်းနေဆဲပင်။
"ဒါက ဘယ်လိုဖြစ်တာလဲ" ချန်ဟွေ့က မေးလိုက်သည်။
အားချန်က ဘေးတွင် ထိုင်ချလိုက်ပြီး စိတ်ဝင်တစား စိုက်ကြည့်နေရင်းက ပြောလာခဲ့သည်။ "ကြည့်ရတာ ရွှဲရှီက လူတော်တစ်ယောက်ကို ရှာတွေ့သွားပြီပဲ။ တစ်ယောက်ယောက်က ဖြေရှင်းနည်းကို သိသွားပြီ"
"ရှင် မစိုးရိမ်ဘူးလား" အားချန်သည် လက်တစ်ဖက်ဖြင့် မေးကိုထောက်ထားလိုက်ပြီး ပျင်းရိစွာဖြင့် ပြန်ဖြေလာခဲ့၏။ "မီးနဲ့ ဖြေရှင်းလို့ရပေမယ့် ဒီထုံလင်သစ်သားရုပ်ကို ကျိုးယဲ့လော်နဲ့ စိမ်ထားတာ။ လောင်ကျွမ်းဖို့ ခက်တယ်။ မီးစွဲသွားပြီဆိုတော့ အနည်းဆုံး သုံးရက်လောက်တော့ လောင်နေလိမ့်မယ်။ ပြီးတော့ သစ်သားရုပ်က မီးတွေ့တာနဲ့ ယန်ဓာတ်စွဲသွားလိမ့်မယ်။ ယန်ဓာတ်က အတုအယောင်မီးပဲလေ။ လူကို မသေစေနိုင်ပေမယ့် နာကျင်မှုကတော့ သေမလောက်ပဲ။ ကျွန်မ ဒါကို နောက်ဆုံးမှ သုံးမလို့။ အခုလို စောစောစီးစီး မီးညှိပေးလိုက်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ"
ကျင့်ယန်မြို့စား အိမ်တော်တွင်တော့ ရွှဲရှီလောင်းချလိုက်သည့် လက်ဖက်ရည်သည် ကောက်ရိုး လူအရုပ်ပေါ်က မီးကို မငြိမ်းသတ်နိုင်သည့်အပြင် ပိုလို့ပင် လျင်လျင်မြန်မြန် လောင်ကျွမ်းလာခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်းတွင် မီးတောက်များက ကောက်ရိုးအရုပ်ကို ဝါးမြိုသွားလေတော့သည်။
ကောက်ရိုးအရုပ် လောင်ကျွမ်းသွားပြီးနောက် ရွှဲရှီသည် ရုတ်တရက် နာကျင်စွာ အော်ဟစ်လိုက်တော့၏။ "ပူတယ် နာလိုက်တာ။ ဟိုရယ်။ ကျွန်မကို ကယ်ပါအုံး ..."
ကျင့်ယန်မြို့စားသည် သူ့အတွင်းအားကို ရွှဲရှီထံသို့ ကူးပြောင်းပေးရန် ကြိုးစားလိုက်၏။ သို့သော်ငြား ဒီလိုပြုလုပ်လိုက်ခြင်းက ရွှဲရှီ၏ နာကျင်မှုကို ပိုလို့ပင် ဆိုးရွားလာစေကာ သူမမှာဆက်တိုက် အော်ဟစ်နေလေတော့သည်။
ရှန်းယင့်ရှောင်းသည် ရွှဲရှီကိုကြည့်ကာ အနည်းငယ် အံ့အားသင့် သွားတော့၏။ ငါက သာမန် မီးတောက်ကိုပဲသုံးပြီး ကျင့်ယန်မြို့စား လင်မယားကို သင်ခန်းစာပေမလို့လေ။ ဒီလိုပုံစံဖြစ်သွားမယ်လို့ ဘယ်သူက ထင်မှာလဲ။ ငါ့ရဲ့မီးတောက်က ဘယ်အရာကိုသွား ပြီးတော့ ဆွဲဆောင်မိလိုက်တာလဲ။
ထိုအချိန်တွင် သူ့ဘေးက အစေခံမလေးသည် လေသံတိုးတိုးဖြင့် ပြောလာခဲ့၏။ "ကုန်းဇီ ရွှဲဖူးရန်ရဲ့ကိုယ်ပေါ်မှာ ယန်ဓာတ်မီးတွေ လောင်ကျွမ်းနေသလိုပဲ"
ရှန်းယင့်ရှောင်းသည် သူမအစေခံမလေးတွင် ဝိညာဥ်မျက်လုံး တစ်စုံရှိပြီး သာမန်လူများ မမြင်နိုင်သည့် အရာများကို မြင်နိုင်ကြောင်း သိထားသဖြင့် မေးလိုက်တော့၏။ "အဲဒီမီးက ဘာအရောင်လဲ"
"အနီရောင်ပါ။ ရွှဲဖူးရန်ရဲ့ဝိညာဉ် လောင်ကျွမ်းနေပါပြီ"
ရှန်းယင့်ရှောင်း၏ မျက်လုံးများမှာ အနည်းငယ် မှေးမှိန်သွားတော့၏။ "ကြည့်ရတာ ရွှဲဖူးရန်ရဲ့ ရန်သူက တော်တော်လေး လက်စွမ်းထက်တာပဲ"
သာမန်ကျိန်စာတစ်ခုတည်းက ယန်ဓာတ်မီးကိုပါ ဖုံးကွယ်ထားနိုင်တယ်။ သူ့ရဲ့လှုပ်ရှားမှုကြောင့် ဆွဲဆောင်ခံလိုက်ရတာ သိသာတယ်။ ဒါပေမဲ့ သူက ဒီကိစ္စကို ကျင့်ယန်မြို့စားတို့ လင်မယားကို လုံးဝပြောပြမှာတော့ မဟုတ်ဘူး။
ကျင့်ယန်မြို့စားသည် ရွှဲရှီ၏နာကျင်စွာ အော်ဟစ် ယနေသံကို ကြားနေရသဖြင့် ခဏတာ စိတ်ရှုပ်ထွေးသွားပြီး ရှန်းယင့်ရှောင်းက ထွက်ခွာသွားတော့မည်ကို မြင်လိုက်သည်တွင် ထိုလူကို လှမ်းတားလိုက်တော့သည်။ "ရှန်းကုန်းဇီ ကူညီပေးပါအုံး"
ရှန်းယင့်ရှောင်းက ငြင်းဆန်ခြင်းမပြုဘဲ ကိုယ်ကိုလှည့်လာကာ စစ်ဆေးကြည့်ရှုပြီးမှ ကျင့်ယန်မြို့စားကို ပြောလိုက်၏။ "မြို့စားကတော်ရဲ့ အခြေအနေ သိပ်မကောင်းဘူး။ မြို့စားကတော်ကို ကျိန်စာတိုက်တဲ့သူက ကျိန်စာပစ္စည်းပေါ်မှာ ယန်ဓာတ်မီးကို ထည့်သွင်းထားခဲ့တာ။ မြို့စားကြီးက ကျင့်ကြံသူတစ်ယောက်ပဲ။ ယန်ဓာတ်မီးအကြောင်း ကြားဖူးမှာပါ"
ကျင့်န်မြို့စားကြီး၏ မျက်နှာအရောင်မှာ ပြောင်းလဲသွားတော့သည်။ သူသည် ထိုအရာကို ကြားဖူးရုံသာမက ထိုအရာ၏ ကြောက်မက်ဖွယ် ကောင်းပုံကိုလည်း သိရှိထားလေသည်။
ယန်ဓာတ်မီးသည် ဝိညာဉ်ကိုသာ လောင်ကျွမ်းစေနိုင်ပြီး ထိုအထဲက နာကျင်မှုသည် ကျင့်ကြံသူများပင် သည်းခံနိုင်ရန်ခက်ခဲသည်ဟု ကောလဟာလများ ရှိခဲ့ဖူး၏။ ရွှဲရှီမှာ သာမန်လူ တစ်ယောက်သာပင်။
"ရှန်းကုန်းဇီမှာ ယန်ဓာတ်မီးကို ငြိမ်းသတ်နိုင်တဲ့ နည်းများရှိပါသလား"
ရှန်းယင့်ရှောင်းသည် ကျင့်ာန်မြို့စားကြီးကို ကြည့်ကာ ပျော့ပျောင်းစွာဖြင့် ပြောလိုက်၏။ "နည်းလမ်းကတော့ တကယ်ရှိပါတယ်။ ဒါပေမဲ့ မြို့စားမင်း သိထားရမှာက နည်းလမ်း အများစုကို အသုံးပြုဖို့အတွက် ကြီးမားတဲ့ ပေးဆပ်မှုတွေ လိုအပ်ပါတယ်။ ဒါကြောင့်မျိုး နွယ်စုရဲ့ လျှို့ဝှက်ပညာရပ် ဖြစ်နေတာပါ"
"ကျွန်တော်တို့ တခြား ဘယ်သူ့ကိုမှ မပြောပြပါဘူး။ ရှန်းကုန်းဇီ သဘောထားကြီးပေးပါ"
ရှန်းယင့်ရှောင်းက ပြုံးကာခေါင်းခါပြ၏။ "ဒါပေမဲ့ ဒီကိစ္စက ညှိနှိုင်းလို့ရတဲ့ အရာမဟုတ်ပါဘူး။ မြို့စားကြီး ပေးဆပ်မှုရှိမှ ရရှိနိုင်တာပါ။ ဒါကိုလည်း သိသင့်ပါတယ်။ ဘယ်လိုပေးဆပ်မှုမျိုးကို ပေးဆပ်နိုင်မှ ဘယ်လိုအကျိုးအမြတ်မျိုးကို ပြန်ရမှာပါ။ ကျွန်တော်က ဒီကိစ္စနဲ့ မြို့စားကြီးကို အကျပ်ကိုင်ချင်တာ မဟုတ်ပါဘူး။ မြို့စားမင်း တခြားနည်းလမ်း ရှာကြည့်လိုက်ပါအုံး"
ကျင့်ယန်မြို့စား၏ မျက်နှာအရောင်သည် အကြိမ်ကြိမ် ပြောင်းလဲသွား လေတော့သည်။ "ရှန်းကုန်းဇီ တခြားအခြေအနေတစ်ခုကို ပြောင်းလဲလို့ မရဘူးလား"
ရှန်းယင့်ရှောင်းကဆက်ပြီး ခေါင်းမာနေဆဲပင်။ "ကျွန်တော်က တကယ်တော့ ရွှဲသခင်မလေးမှ မဟုတ်ရင် မဖြစ်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ မျိုးနွယ်စုက လူကြီးတွေက ဒီနှစ်ထဲမှာ မဖြစ်မနေ အိမ်ထောင်ပြုရမယ်လို့ တောင်းဆိုထားတာပါ။ ကျွန်တော်က ရွှဲသခင်မလေးက သင့်တော်တယ်လို့ ထင်လို့သာ လာပြီးတော့ တောင်းရမ်းတာပါ။ တကယ်လို့ လူကြီးမင်းက သဘောတူရင် ဆောင်းဦးလယ်ပွဲတော် ပြီးတာနဲ့ ရွှဲသခင်မလေးက ကျွန်တော်တို့နဲ့အတူ ရှီးလင်ကို လိုက်ခဲ့ရမယ်။ တကယ်လို့ မြို့စားကြီးက သဘောမတူဘူးဆိုရင်လည်း ကျွန်တော်က တခြားသူကိုပဲ ရှာလိုက်လို့ ရပါတယ်"
ကျင့်ယန်မြို့စားကြီးသည် ရွှဲရှီကို ကယ်တင်လိုပါက သမီးဖြစ်သူကို သူ့ထံသို့ လက်ထပ်ပေးရမည့်အပြင် ပြင်ဆင်ချိန်ပင် မရှိသည်ကို ကြားလိုက်ရလေသည်။ နောက်ထပ်ရက် အနည်းငယ်ကြာလျှင် ဆောင်းဦးလယ်ပွဲတော်နေ့ ရောက်ပေတော့မည်။
သို့သော်ငြား ယခုအချိန်တွင်တော့ သူသည် သေသေချာချာ စဉ်းစားဖို့ရန် အချိန်မရှိတော့ဘဲ ရွှဲရှီကလည်း မြေပြင်ပေါ်သို့ လှဲကျသွားကာ နာကျင်မှုကြောင့် တစ်ကိုယ်လုံး တုန်ယင်နေတော့၏။ ဘေးက အစေခံမလေးများကလည်း သူမကို မထိရဲဘဲ သူမ၏ကယ်ပါဟူသည့် အသံကိုသာ နားထောင်နေရတော့သည်။
နားထဲတွင် ဇနီးဖြစ်သူ၏ အကူအညီတောင်းသံ။ တစ်ဖက်တွင်လည်း သမီးဖြစ်သူ၏ အိမ်ထောင်ရေးကိစ္စ။
ထိုအချိန်တွင် ရွှဲရှီ၏နာကျင် ခြောက်ကပ်နေသည့် အသံထွက်ပေါ်လာတော့သည်။ "သဘောတူတယ်။ ကျွန်မ ယင်ယင်ကို ရှင်နဲ့ လက်ထပ်ပေးဖို့ သဘောတူတယ်။ ကယ် ... ကယ်ပါအုံး ..."
ရှန်းယင့်ရှောင်းက ကျင့်ယန်မြို့စားကြီးကို ကြည့်လိုက်သည်တွင် ကျင့်ယန်မြို့စားကြီးကလည်း နောက်ဆုံးတော့ ခေါင်းငြိမ့်လိုက်လေတော့သည်။ "ကောင်းပြီလေ"
"ကျွန်တော်ရဲ့ ကျိုးကြောင်းမဲ့မှုကို ခွင့်လွှတ်ပေးပါ။ မြို့စားမင်းက အရင်ဆုံး လက်ထပ်ခွင့် သဘောတူစာချုပ်ကို ရေးပေးပါ"
ကျင့်ယန်မြို့စားကြီးသည် စော်ကားခံလိုက်ရသလို ခံစားလိုက်ရသော်ငြားလည်း သဘောတူပြီးမှတော့ ဒီအရာကိုဆက်ပြီး တွယ်ကပ်နေဖို့ရန်လည်း မလိုအပ်တော့ပေ။ သူက အံကို ကြိတ်ထားလိုက်တော့သည်။ "အခုပဲ သွားရေးလိုက်ပါ့မယ်"
ထိုသို့ပြောလိုက်ပြီးနောက် သူသည် အတွင်း ခန်းမဆောင်ဘက်သို့ လှည့်ထွက်သွားခဲ့လေသည်။
လက်ထပ်ဖို့ သဘောတူစာချုပ် ရေးသားရန်က မခက်ခဲချေ။ ထိုအရာသည် သက်သေတစ်ခုသာ ဖြစ်သော်ငြားလည်း တံဆိပ်တုံးကို ရိုက်နှိပ်ပြီးသည်နှင့် ယင်ယင်သည် ထိုအချိန်ကစပြီး ရှန်းမိသားစုဝင် ဖြစ်သွားမည်ဟူသည့် သဘောပင်။ ထိုအချိန်တွင် ယင်ယင်သည် ထိုကိစ္စကို လုံးဝမသိရသေးချေ။
သူသည် စိတ်ထဲတွင် အပြစ်ရှိသလို ခံစားရသော်ငြားလည်း တခြားနည်းလမ်းကလည်း မရှိတော့ပေ။
မကြာခင်မှာပင် သူသည် ရေးသားပြီးသား လက်ထပ်ခွင့် သဘောတူစာချုပ်ကို ယူလာပြီး ရှန်းယင့်ရှောင်းကို ပေးလိုက်လေ၏။
ရှန်းယင့်ရှောင်းက စာချုပ်ကို ဖတ်ရှုလိုက်ပြီးနောက် ဘေးကအစေခံမလေးကို လှမ်းပေးလိုက်လေသည်။ အစေခံမလေးကလည်း လက်ထပ်ခွင့် သဘောတူစာချုပ်ကို သေသေချာချာ သိမ်းဆည်းလိုက်ပြီးမှ ကျင့်ယန်မြို့စားကြီး၏ စကားသံကို ကြားလိုက်ရ၏။ "လက်ထက် စာချုပ်လည်း ချုပ်ဆိုပြီးသွားပြီ။ ရှန်းကုန်းဇီ လူကို ကယ်တင်လို့ရပြီလား"
"မြို့စားကြီး စိတ်မလောပါနဲ့။ ရွှဲဖူးရန်ကို ကယ်တင်ဖို့ မခက်ခဲပါဘူး။ ဒါပေမဲ့ မကောင်းတဲ့ စကားကိုတော့ အရင်ပြောထားမှ ဖြစ်မယ်။ မဟုတ်ရင် နောက်ကျမှ မြို့စားကြီးက ကျွန်တော်ကို အပြစ်တင်နေမှာ စိုးလို့ပါ"
"ပြောပါ"
ရှန်းယင့်ရှောင်းက ဆက်ပြောလာခဲ့သည်။ "ကျွန်တော်လက်ထဲမှာ ကျိုယင်(ယင်ဓာတ်ကိုးမျိုး) နယ်မြေကလာတဲ့ စိမ့်စမ်းရေ ရှိပါတယ်။ လျို့ဝှက်ပညာရပ်နဲ့ ပေါင်းစပ်လိုက်ရင် ယန်ဓာတ်မီးကို နှိမ်နင်းနိုင်ပါတယ်။ အဲဒီစမ်းရေက မျိုးနွယ်စုက လူကြီးတွေ အသက်နဲ့ရင်းပြီး ရှာဖွေခဲ့ရတာပါ။ အရမ်းကို တန်ဖိုးရှိသလို ခန္ဓာကိုယ်ကိုလည်း အရမ်းထိခိုက်စေပါတယ်။ တကယ်လို့ မြို့စားကတော်က သောက်သုံးလိုက်ရင် သူ့ဝမ်းထဲက သန္ဓေသားကိုတော့ ... ထိန်းထားနိုင်မှာ မဟုတ်လောက်ဘူး"
အဲဒီစိမ့်စမ်းရေက အစတုန်းကတော့ သူ့ရဲ့မိစ္ဆာကျိန်စာကို နှိမ်နင်းဖို့အတွက်ပါပဲ။ ကျိန်စာ ထကြွလာတဲ့အခါ တစ်ကိုယ်လုံးက သွေးတွေက ဆူပွက်လာသလိုဖြစ်လာပြီး စိမ့်စမ်းရေကပဲ အာနိသင်ပြခဲ့တာ။ ဒီနေ့မှာတော့ အသုံးဝင်လာလိမ့်မယ်လို့ ထင်မှတ်မထားခဲ့မိဘူး။ လျှို့ဝှက်ပညာရပ် ဆိုတာကတော့ ... တကယ်တမ်းတော့ လျှို့ဝှက်ပညာရပ်ဆိုတာမျိုးက မလိုအပ်ပါဘူး။ ဒါပေမဲ့ မပြောခဲ့ရင်လည်း ကျင့်ယန်မြို့စားက ယန်ဓာတ်မီးကို နှိမ်နင်းရတာ ဘယ်လောက် ခက်ခဲလဲဆိုတာ ဘယ်လိုလုပ်ပြီးတော့ သိနိုင်မှာလဲ။
ကျင့်ယန်မြို့စား၏ ရင်ဘတ်ထဲတွင် တစ်ဆို့သွားလေတော့သည်။ သန္ဓေသား ...
"ဟိုရယ် ကယ်ပါအုံး ..." ထိုအချိန်တွင် ရွှဲရှီ၏နာကျင်စွာ အော်ဟစ်သံသည် ကျင့်ယန်မြို့စား၏ နားထဲသို့ ဝင်ရောက်လာခဲ့၏။
သူသည် ရွှဲရှီကို အချိန်အတော်အကြာကြီး စိုက်ကြည့်နေလိုက်ပြီးမှ နောက်ဆုံးတော့ အံကြိတ်ကာ ခေါင်းငြိမ့်လိုက်ရတော့သည်။ "ကောင်းပါပြီ။ ကျွန်တော် သဘောတူပါတယ်"
"ဒါဆိုရင် မြို့စားကြီးက မြို့စားကတော်ကို အတွင်းခန်းမဆောင်ထဲ ပွေ့ချီသွားပေးပါ။ ပြီးတော့ အပြင်ဘက်မှာ ကျွန်တော့်ကို ခဏလောက် စောင့်ပေးပါ"
ကျင့်ယန်မြို့စားကြီးသည် သူပြောသည့်အတိုင်း လုပ်ဆောင်ပြီးနောက် အတွင်းခန်းမဆောင်မှ ထွက်ခွာလာခဲ့လေသည်။
ရှန်းယင့်ရှောင်းသည် အင်္ကျီလက်ထဲက သေးငယ်လှသည့် ကျောက်စိမ်းပုလင်းလေး တစ်လုံးကို ယူထုတ်လာခဲ့လေသည်။ ပုလင်းကို ဖွင့်လိုက်သည်နှင့် အေးစိမ့်စိမ့် အငွေ့အသက်များ ချက်ချင်းပြန့်လွင့် လာခဲ့၏။
သူက ပုလင်းထဲက စိမ့်စမ်းရေအားလုံးကို ရွှဲရှီ၏ပါးစပ်ထဲသို့ တိုက်ကျွေးလိုက်ရာ ခဏအကြာတွင် ရွှဲရှိသည် ငြိမ်သက်သွားလေတော့သည်။
ရှန်းယင့်ရှောင်းက တံခါးကို ဖွင့်လိုက်သည်တွင် ကျင့်ယန်မြို့စားကြီးက ခန်းမဆောင်ထဲသို့ မြန်မြန်ဝင်ရောက်လာခဲ့၏။ ရွှဲရှီသည် အမှန်ပင် နာကျင်စွာ အော်ဟစ်ခြင်း မရှိတော့ဘဲ သူမက ကျင့်ယန်မြို့စားကြီးကို တစ်ချက်သာ ကြည့်လိုက်ပြီး သတိလစ် မေ့မျောသွားလေတော့သည်။
ရှန်းယင့်ရှောင်းက ဘေးမှနေ၍ သတိပေးလိုက်၏။ "မြို့စားကြီး သမားတော် ပင့်ဖိတ်ဖို့ မမေ့ပါနဲ့။ မြို့စားကတော် နေကောင်းသွားတဲ့အခါ ကျွန်တော် နောက်တစ်ခေါက်လာပြီးတော့ အလည်အပတ် လာပါဦးမယ်"
"ကောင်းပါပြီ" ကျင့်ယန်မြို့စားသည် တခြားအရာများကို အာရုံစိုက်နိုင်ခြင်း မရှိတော့ချေ။ ရှန်းယင့်ရှောင်းကလည်း ဒီအခြေအနေကို မြင်လိုက်ရသည်တွင် ချက်ချင်းဆိုသလို လူခေါ်ကာ ထွက်ခွာသွားလေတော့သည်။
လူတစ်စုသည် ကျင့်ယန်မြို့စား အိမ်တော်မှ ထွက်ခွာလာခဲ့ပြီး သူသည် မြို့စားအိမ်တော် တံခါးမကြီးတွင် ရပ်ကာ အသက်ကို ပြင်းပြင်းတစ်ချက် ရှုသွင်းလိုက်လေ၏။
ဘေးကအစေခံမလေးကတော့ တရိုတသေဖြင့် ပြောလာခဲ့၏။ "ကုန်းဇီ ဆန္ဒာပြည့်ဝ သွားတဲ့အတွက် ဂုဏ်ယူပါတယ်"
"ပြန်ရောက်ရင် လူတွေကို တင်တောင်းလက်ဆောင်တွေ ပြင်ဆင်ခိုင်းလိုက်။ ဒီကျင့်ယန်မြို့စားက နည်းနည်းတော့ ဉာဏ်မရှိပေမယ့် ဘာပဲဖြစ်ဖြစ်လေ ငါ့ရဲ့ယောက္ခမလောင်းပဲ။ ပေးသင့်တဲ့ မျက်နှာသာတော့ ပေးရမှာပေါ့"
"ကုန်းဇီ ပြောတာမှန်ပါတယ်"
"ဟုတ်သားပဲ။ ယင့်ကျူ ဒီနေ့ ဘယ်ကိုသွားခဲ့လဲ" ရှန်းယင့်ရှောင်းက မေးလာသည်။ အစေခံမလေးက မြန်မြန်ပြောလိုက်၏။ "သခင်မလေး ယင့်ကျုက ရှန်းဟွေရွှယ်ကို သွားရှာတယ်လို့ ကြားပါတယ်"
"ဪ။ သူ့ကို ရှာပြီး ဘာလုပ်မလို့လဲ"
"သခင်မလေး ယင့်ကျူက ရှန်းဟွေရွှယ်က လီမြို့စားရဲ့ ရှီဇီရဲ့ အချစ်ကို အများကြီးရထားတယ်လို့ အာ့ကုန်းဇီ ဆီကနေ ကြားခဲ့ရတယ်။ အဲဒီ ရှီဇီက မကြာခင် ရှီးလင်ကို သွားရတော့မှာတဲ့။ သူက ရှန်းဟွေရွှယ်နဲ့ ညီအစ်မသံယောဇဉ်ကို ပြန်ပြီးဆက်သွယ်ချင်နေတာ။ နောင်တချိန်မှာ အာ့ကုန်းဇီကို ကူညီနိုင်ကောင်း ကူညီနိုင်မှာမလို့တဲ့"
ရှန်းယင့်ရှောင်းက ခပ်ဖွဖွရယ်မော လိုက်လေသည်။ "ယင့်ကျူက တကယ်ပဲ အိမ်ထောင်ပြု တော့မှာပဲ။ တော်တော်လေးကို စဉ်းစားပေးတတ်လာတယ်။ ဒါပေမဲ့ အဆင့်နိမ့်တဲ့ မိစ္ဆာတစ်ဝက် သွေးနှောနေတဲ့လူကို ညီအစ်မလို့ ခေါ်ဝေါ်ရတာတော့ ယင့်ကျူအတွက် နစ်နာရစေတာပဲ"
...
ပြင်ဆင်ချက်- နောက်ပိုင်းကစပြီး ‘ရှန်းဟွေ့ရွှယ်’ကို ‘ရှန်းဟွေရွှယ်’လို့ ပြောင်းလဲသွားပါမယ်။