← Chapters

သူ့ရဲ့ သေဆုံးရတဲ့ အကြောင်းရင်းကို သိအောင် လုပ်ရမယ်၊ ဘာလို့လဲဆိုတော့...

Vol. 9 Ch. 83

သူ့ရဲ့ သေဆုံးရတဲ့ အကြောင်းရင်းကို သိအောင် လုပ်ရမယ်၊ ဘာလို့လဲဆိုတော့...

Vol. 9 Ch. 83

ရှန့်ကျင်းမြို့တော်တွင် ရှန်းအိမ်တော်ဟု ခေါ်သော အိမ်တစ်လုံး ရှိလေသည်။ ထိုအိမ်သည် ရှန်းမျိုးနွယ်စုနှင့် မပတ်သက်သော်လည်း အနည်းငယ်တော့ ဆက်စပ်မှု ရှိနေ၏။

၎င်းသည် ကျန်းကျင့်ဟွိုင်က ရှန်းဟွေရွှယ်ကို ပေးအပ်ထားသော အိမ်တော် ဖြစ်လေသည်။ ထိုအိမ်တော်သည် အဆောင် ၃ ဆောင် ဆက်စပ်နေသော အိမ်ကြီးဖြစ်ပြီး ဤနှစ်များအတွင်း သူမကို အစေခံရန် လိုက်ပါလာသော အစေခံများ ရှိနေသော်လည်း ဟာလာဟင်းလင်း ဖြစ်နေသယောင် ထင်ရလေသည်။

ရှန်းဟွေရွှယ်သည် လီမြို့စားအိမ်တော်မှ သည်နေရာသို့ ပြောင်းရွှေ့လာသည်မှာ လဝက်ကျော်ခန့် ရှိနေခဲ့ပြီ ဖြစ်သည်။

သူမသည် သည်နေရာ၏ တိတ်ဆိတ်ငြိမ်သက်မှုကို အလွန် နေသားကျနေခဲ့ပြီ ဖြစ်သော်လည်း တစ်ခါတစ်ရံတွင် သည်နေရာသည် အနည်းငယ် ပိုပြီး တိတ်ဆိတ်လွန်းသည်ဟု ခံစားမိပြန်သည်။ လီမြို့စားအိမ်တော်ကဲ့သို့ ဆူညံ သက်ဝင်မှု မရှိဘဲ သူမကို မြေခွေးမ၊ ကပ်ဘေးမဟု တိတ်တဆိတ် ကျိန်ဆဲကြသော အစေခံမလေးများပင် နည်းပါးသွားခဲ့သည်။

'စစ်'အချိန်ကို ကျော်လွန်သွားမှ ရှန်းဟွေရွှယ်သည် အိပ်ရာမှ ထလေသည်။ သူမသည် ဘေးရှိ နေရာကို ခေါင်းလှည့် ကြည့်လိုက်ရာ ထိုနေရာတွင် တစ်စုံတစ်ယောက် အိပ်စက်သွားခဲ့သော အရာများ ရှိနေ၏။ သူမသည် ပုံမှန် အိပ်စက်ချိန်တွင် အလွန် ငြိမ်သက်သူ ဖြစ်ပြီး တစ်နေရာတည်းတွင် ကွေးကွေးလေး နေကာ တစ်ညလုံး မလှုပ်ရှားတတ်ပေ။ မနေ့ညက ကျန်းကျင့်ဟွိုင် လာသွားခဲ့ပုံပဲ။ သူ ထွက်သွားတဲ့ အချိန်ကိုတောင် ငါ မသိလိုက်ဘူး။

သူမသည် ထိုနေရာကို တည်ငြိမ်စွာ တစ်ချက် ကြည့်လိုက်ပြီး အိပ်ရာမှ ထကာ အဝတ်အစားများ ဝတ်ဆင်လိုက်သည်။

အပြင်ဘက်တွင် စောင့်ဆိုင်းနေသော အစေခံမလေးသည် အတွင်းဘက်မှ လှုပ်ရှားသံကို ကြားသောအခါ ခေါင်းလေး လှမ်းကာ တစ်ချက်သာ ကြည့်ပြီး အထဲသို့ ဝင်ရောက် အစေခံခြင်း မပြုခဲ့ပေ။ သူမ အဝတ်အစား လဲလှယ်ပြီး အပြင်သို့ ထွက်လာသောအခါမှ အစေခံမလေးသည် ပြုံးရွှင်စွာဖြင့် ရှေ့သို့ တိုးလာပြီး မေးမြန်းလိုက်၏။ "မိန်းကလေး မျက်နှာသစ်ဖို့ ကျွန်မ ပြင်ဆင်ပေးရမလား"

ရှန်းဟွေရွှယ်က သူမကို တစ်ချက် ကြည့်လိုက်၏။ ဤသူသည် သူမအနားသို့ အသစ် ပြောင်းလဲ ရောက်ရှိလာသော အစေခံမလေး ဖြစ်၏။ အစေခံမလေးများ တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲသွားခဲ့သည်။ သူမ ဖွင့်ဟတောင်းဆိုလိုက်သည်နှင့် ကျန်းကျင့်ဟွိုင်သည် စိတ်ရှည်လက်ရှည်ဖြင့် သဘောတူခဲ့သော်လည်း ဤအသစ်ရောက်လာသူသည်ကား ယခင်တစ်ယောက်နှင့် မည်သို့မျှ ကွာခြားခြင်း မရှိဘဲ သူတို့အားလုံးသည် လီမြို့စားအိမ်တော်မှ လာကြသူများသာ ဖြစ်ကြသည်။

သူမကဲ့သို့ပင်။ နေထိုင်ရာ နေရာ ပြောင်းလဲသွားသော်လည်း တခြားသူများ၏ မျက်လုံးထဲတွင် သူမသည် လီမြို့စား၏ ရှီဇီ မွေးမြူထားသော ကစားစရာ တစ်ခုမျှသာ ဖြစ်နေဆဲပင်။

တခြားသူများက အမျိုးသမီးတစ်ဦးကို ချီးကျူးလျှင် လှပသိမ်မွေ့ပြီး သန့်စင်ကာ ထူးခြားသူဟု သုံးနှုန်းကြသည်။ သူမ၏ အလှည့်သို့ ရောက်သောအခါ ဟန်ဆောင်ပန်ဆောင် လုပ်တတ်သူ၊ ရှက်ကြောက်ခြင်း ကင်းမဲ့သူ ဖြစ်သွားခဲ့ရသည်။

ကြားရဖန်များတော့ သူမလဲ နေသားကျသွားခဲ့ပြီ။

မွန်းတည့်စ အချိန်သို့ ရောက်သောအခါ အစေခံမလေးသည် အစားအသောက်များကို ခင်းကျင်း ပြင်ဆင်ပေးသည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် စိမ်းစိမ်းစိုစို ဟင်းလျာများက အများစု နေရာယူထားပြီး အသားဟင်း နှစ်မျိုးတွင် တစ်မျိုးမှာ အမဲသား ဖြစ်ကာ နောက်တစ်မျိုးမှာ ဆိတ်သား ဖြစ်လေသည်။

ရှန်းဟွေရွှယ်သည် တူကို ကောက်ကိုင်လိုက်ပြီးမှ တစ်ဖန် ပြန်ချထားလိုက်ကာ ဘေးတွင် မတ်တပ်ရပ်နေသော အစေခံမလေးကို မေးလိုက်သည်။ "စားဖိုမှူး ပြောင်းလိုက်တာလား"

"စားဖိုမှူး မပြောင်းပါဘူး"

"ဒါဆို ဒီဟင်းတွေက ဘယ်လို ဖြစ်တာလဲ"

အစေခံမလေးသည် ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေလိုက်၏။ "ဖုန်းမားမားက ဟင်းလျာစာရင်းကို ပြင်ဆင်လိုက်တာပါ။ သူက မိန်းကလေး အရွက်စိမ်းတွေ များများ စားမှ ကောင်းမယ်လို့ ပြောတယ်။ ဒီအမဲသားက လီမြို့စားအိမ်တော်က ပို့လာတာပါ။ သူက မိန်းကလေး စားဖို့ အထူးတလည် ချက်ခိုင်းလိုက်တာပါ"

ရှန်းဟွေရွှယ်သည် ပြန်လည် စဉ်းစားကြည့်လိုက်သည်။ မနေ့ကမှ သူမသည် အစေခံမလေးကို မီးဖိုချောင်သို့ ကြက်ကင် စားချင်ကြောင်း ပြောခိုင်းလိုက်သေးသည်။ သို့သော် သူတို့အားလုံး မေ့သွားကြဟန်တူသည်။

သူမသည် နောက်ထပ် ဘာမျှ မပြောတော့ဘဲ တူဖြင့် အသားတစ်တုံးကို ညှပ်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။

အမှန်တကယ်တော့ အိမ်တော်မှ စားဖိုမှူး၏ လက်ရာသည် အလွန် ကောင်းမွန်ပြီး သူမသည်လည်း တခြား အစားအစာများကို မစားနိုင်ခြင်း မဟုတ်ပေ။ သို့သော် သူမ စိတ်ထဲတွင် ပျော်ရွှင်မှု မရှိသည်ကိုတော့ ခံစားနေရသည်။

စားသောက်လို့ မပြီးသေးမီမှာပင် အိမ်တော်မှူး ဖုန်းမားမားသည် သူမ၏ ခြံဝင်းထဲသို့ ရုတ်တရက် ရောက်ရှိလာခဲ့သည်။

ဖုန်းမားမားသည် ယခင်က ကျန်းကျင့်ဟွိုင်ကို အစေခံခဲ့ဖူးသူ ဖြစ်ပြီး လီမြို့စားအိမ်တော်တွင် အနည်းငယ် နေရာရသူ ဖြစ်၏။ ယခုအခါ သူက သူမကို သည်နေရာသို့ ပို့ဆောင်လိုက်ပြီး သူမကို အထူးတလည် စောင့်ရှောက်ရန်ဟု ဆိုခဲ့သည်။ ဤအိမ်တော်မှ အကြီးအငယ် ကိစ္စအားလုံးကို ဖုန်းမားမားကသာ စီမံခန့်ခွဲလေသည်။

"မိန်းကလေးဟွေရွှယ်၊ အပြင်ဘက်မှာ ရှန်းမိန်းကလေး တစ်ယောက် ရောက်နေတယ်။ သူက ရှင့်ရဲ့ တစ်ဝမ်းကွဲ အစ်မလို့ ပြောတယ်"

ရှန်းဟွေရွှယ်သည် တူကို ချလိုက်ရာ ကျန်ရှိနေသေးသော အစာစားချင်စိတ် အနည်းငယ်သည်လည်း ပျောက်ကွယ်သွားတော့သည်။

"သူ့ကို ဝင်လာခိုင်းလိုက်ပါ"

ဖုန်းမားမားသည် များများ မပြောတော့ဘဲ လှည့်ထွက်သွားခဲ့သည်။

မကြာမီမှာပင် သူမသည် ရှန်းယင့်ကျူကို ခေါ်ဆောင်ကာ ဝင်ရောက်လာခဲ့သည်။

ရှန်းယင့်ကျူသည် အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး လွန်ခဲ့သော ၅ နှစ်တာ ကာလနှင့် များစွာ ကွာခြားခြင်း မရှိပေ။ ယခင် ရှီးလင်တွင် နေထိုင်စဉ်ကလည်း သူမသည် သည်လို ဝတ်ဆင်ရခြင်းကို နှစ်သက်ခဲ့သည်။ အကြောင်းမှာ သည်လို ဝတ်ဆင်ခြင်းက ထင်ရှားပေါ်လွင်ပြီး လူအုပ်ထဲတွင် လူများသည် သူမကို ပထမဆုံးတစ်ချက် ကြည့်ရုံဖြင့် မြင်တွေ့နိုင်သောကြောင့်ပင်။

ရှန်းဟွေရွှယ်သည် ထရပ်ကာ မကြိုဆိုလိုက်ပေ။ သူမသည် ရှန်းယင့်ကျူ၏ မျက်လုံးထဲမှ မကျေနပ်မှုကို တွေ့မြင်လိုက်ရသော်လည်း မမြင်ချင်ယောင် ဆောင်နေလိုက်လေသည်။ "မတွေ့ရတာ ကြာပြီပဲ။ ထန်ကျဲ(ဝမ်းကွဲအစ်မ)က ဘယ်လိုလုပ် ရှန့်ကျင်းကို ရောက်လာတာလဲ"

(堂(ထန်) နဲ့ 表(ပြောင်) နှစ်ခုလုံး ဝမ်းကွဲပါပဲ။ ထန်ကတော့ မျိုးရိုးနာမည်တူ တနည်းအားဖြင့် အဖေက မျိုးရိုးကို ပြောတာပါ။ ပြောင်ကတော့ မျိုးရိုးနာမည်မတူ တနည်းအားဖြင့် အမေဖက်က မျိုးရိုးကို ပြောတာပါ)

ရှန်းဟွေရွှယ်သည် အစေခံမလေးကို စားပွဲပေါ်မှ အစားအသောက်များ ရှင်းလင်းခိုင်းလိုက်ပြီးမှ ရှန်းယင့်ကျူကို ဆိုလိုက်သည်။

"အာ့ကုန်းဇီကို အဖော်လိုက်ခဲ့တာပေါ့"

ရှန်းဟွေရွှယ်သည် ထိုအာ့ကုန်းဇီကို မှတ်မိနေသေးသည်။ ယခင်က ရှန်းမိသားစုသည် သူမကို ထိုအာ့ကုန်းဇီထံသို့ ပေးအပ်ရန်ပင် စဉ်းစားခဲ့သေးသည်။ သူမ၏ အမေသည် ထိုသတင်းကို မည်သည့်နေရာမှ ကြားသိလာသည် မသိဘဲ မျိုးနွယ်စုခေါင်းဆောင်ထံသို့ ပြေးသွားကာ မျိုးနွယ်စုခေါင်းဆောင်၏ မျက်နှာကိုပင် ကုတ်ခြစ်မိသည်အထိ ပြဿနာ ရှာခဲ့သည်။ နောက်ဆုံးတွင် သူတို့သည် သူမကို ရှန့်ကျင်းမြို့တော်သို့ ပို့ဆောင်လိုက်ကြသည်။ အအကြောင်းမှာ သည်နေရာတွင် ပိုမို များပြားသော အာဏာရှိ မျိုးနွယ်စုများ ရှိနေသောကြောင့်ပင်။

ရှန်းဟွေရွှယ်သည် အတွေးများကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး ရှန်းယင့်ကျူကို ကြည့်လိုက်၏။ သူမသည် မိမိကိုယ်တိုင် ဧည့်သည်တစ်ဦး ဖြစ်သည်ကို လုံးဝ သတိမရဘဲ အဓိက နေရာတွင် ဝင်ထိုင်လိုက်လေသည်။

"ကြားရတာတော့ နင် အခု လီမြို့စား ရှီဇီရဲ့ အနားမှာ အစေခံနေတယ်ဆို။ နင့်ရဲ့ ကံကတော့ တကယ် ကောင်းတာပဲ"

ရှန်းဟွေရွှယ်သည် သူမကို ပြန်မဖြေဘဲ မေးလိုက်သည်။ "ထန်ကျဲ ကျွန်မဆီ လာတာ ပြောစရာ စကားများ ရှိလို့လား"

"နင် အိမ်ကနေ ထွက်လာတာ ၅ နှစ် ရှိပြီ။ နင့်အမေက နင့်ကို အမြဲတမ်း သတိတရ ရှိနေတာ။ နင် သူ့ကို ပြန်သွားကြည့်သင့်တဲ့ အချိန် ရောက်ပြီ"

ရှန်းဟွေရွှယ်သည် အခိုက်တန့် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ "ထန်ကျဲက ကျွန်မကို ရှင်တို့နဲ့အတူ ရှီးလင်ကို ပြန်လိုက်စေချင်တာလား"

"လုံးဝ မဟုတ်ဘူး။ လီမြို့စား ရှီဇီ မကြာခင် ရှီးလင်ကို သွားတော့မယ်ဆိုတာ နင် မသိဘူးလား။ ကြားရတာတော့ သူက နင့်အပေါ် အရမ်း ကောင်းတယ်ဆို။ နင် သူ့ကို စကားလုံး အနည်းငယ်လောက် ချော့မော့ ပြောလိုက်တာနဲ့ သူ နင့်ကို ခေါ်သွားမှာ သေချာတယ်။ နောင်တစ်ချိန်မှာ နင် သူ့အနားမှာ ဆက်ပြီး အစေခံခွင့် ရနေဦးမှာပဲ။ ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတာ မဟုတ်ဘူးလား"

သို့သော် ရှန်းဟွေရွှယ်က ခေါင်းခါလိုက်သည်။ "အဆင်မပြေလောက်ဘူး ထင်တယ်"

"ဘာလဲ။ နင်က အတောင်အလက် စုံသွားပြီလား။ ငါ့စကားကိုတောင် နားမထောင်ရဲတော့ဘူးပေါ့" ရှန်းယင့်ကျူသည် ချက်ချင်း မကျေမနပ် ဖြစ်သွားသည်။

ရှန်းဟွေရွှယ်သည်ကား အလျင်မလို မနှေးမမြန် ဆိုလိုက်၏။ "နောက်ထပ် ရက်အနည်းငယ် ကြာရင် ရှီဇီက စေ့စပ်တော့မှာ။ မြို့စားအိမ်တော်က ဒီအိမ်ထောင်ရေးကို အရမ်း အလေးအနက် ထားတယ်။ ဘယ်လို မတော်တဆမှုမျိုးကိုမှ ဖြစ်ပွားခွင့် ပေးမှာ မဟုတ်ဘူး။ ကျွန်မတောင်မှ အပြင်ကို ပြောင်းထွက်လာခဲ့ရတယ်"

"အဲဒါတော့ ဘာဖြစ်လဲ"

"စေ့စပ်ပြီး ရက်အနည်းငယ်အတွင်းမှာပဲ ရှီဇီက ရှီးလင်ကို သွားရမှာ။ တကယ်လို့ ကျွန်မကိုပါ အတူတူ ခေါ်သွားခဲ့ရင် သူ့ရဲ့ လက်မထပ်ရသေးတဲ့ ဇနီးလောင်းကို မျက်နှာပျက်စရာ ဖြစ်မနေဘူးလား"

ရှန်းယင့်ကျူသည် ရှန်းဟွေရွှယ်ကို အနည်းငယ် အံ့ဩတကြီး ကြည့်လိုက်ပြီး လှောင်ရယ်လိုက်သည်။ "၅ နှစ် မတွေ့ရတာနဲ့ နင်က လူမှုဆက်ဆံရေးတွေတောင် တတ်မြောက်နေပြီလို့ မထင်ထားခဲ့ဘူး။ ဒါပေမဲ့ သွေးနှောကတော့ သွေးနှောပါပဲ။ မွေးရာပါ ဉာဏ်နည်းတာပဲ"

ရှန်းဟွေရွှယ်က စကားမဆိုသည်ကို မြင်သောအခါ ရှန်းယင့်ကျူက ဆက်ပြောလိုက်၏။ "နင် ပြောတာ နည်းနည်းတော့ အဓိပ္ပာယ် ရှိပေမဲ့ နင့်ရဲ့ အဆင့်အတန်းကို နင် မေ့နေပုံပဲ။ နင်က မယားငယ်တောင် မဟုတ်ဘူး။ ဘာအရည်အချင်း ရှိလို့ တရားဝင် ဇနီးလောင်းအတွက် စဉ်းစားပေးနေရတာလဲ။ နင်က အိပ်ရာပေါ်မှာ အဖော်လုပ်ပေးရတဲ့ ကစားစရာ တစ်ခုပဲ။ နင်က သူ့ရဲ့ ဇနီးလောင်းအတွက် စဉ်းစားပေးတာနဲ့ တစ်ဖက်လူက နင့်ကို ကျေးဇူးတင်မယ်လို့ ထင်နေတာလား။ ရှီဇီဆီကနေ မျက်နှာသာ ရဖို့ နည်းလမ်းပေါင်းစုံ သုံးရမှာကမှ နင် လုပ်သင့်တဲ့ အလုပ်ပဲ"

"ထန်ကျဲကတော့ ဒီအကြောင်းတွေကို တော်တော် နားလည်တာပဲ"

သူမ၏ စကားထဲမှ သရော်လှောင်ပြောင်မှုကို ကြားသိရသောအခါ ရှန်းယင့်ကျူ၏ မျက်နှာမှာ တင်းမာသွားတော့သည်။ "ရှန်းဟွေရွှယ်၊ မျက်နှာသာ ပေးတာကို အလိုက်ကန်းဆိုး မသိလုပ်မနေနဲ့။ တကယ်လို့ ရှန်းမိသားစုသာ မရှိခဲ့ရင် နင် အခုလို ကောင်းမွန်တဲ့ နေ့ရက်တွေကို ရနိုင်မယ်လို့ ထင်နေတာလား။ နင် ဘယ်နည်းလမ်းပဲ သုံးသုံး၊ ကျန်းကျင့်ဟွိုင်နဲ့အတူ ရှီးလင်ကို လိုက်သွားရမယ်။ အဲဒီအချိန်ကျရင် နင့်အမေကို လာတွေ့ဖို့ သူ့ကို ရှန်းအိမ်တော်ကို ခေါ်လာခဲ့"

"ထန်ကျဲက ကျွန်မရဲ့ အရည်အချင်းကို အထင်ကြီးလွန်းနေပြီ"

"နင် သဘောမတူလို့ ရတယ်။ ဒါဆိုရင်တော့ နင့်ရဲ့ အဲဒီ အရူးမ အမေအတွက် အလောင်း လာကောက်ဖို့သာ စောင့်နေလိုက်တော့"

ရှန်းဟွေရွှယ်မှာ နှုတ်ဆိတ်သွားခဲ့သည်။ သူမသည် အမေနှင့် မတွေ့ရသည်မှာ အတော်ပင် ကြာမြင့်နေသလိုပင်။

သူမ နောက်ဆုံးတွင် လိမ်မာသွားသည်ကို မြင်သောအခါ ရှန်းယင့်ကျူ၏ မျက်လုံးထဲတွင် ကျေနပ်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး စိတ်ထဲမှ တွေးလိုက်သည်။ ဒီသွေးနှောက တကယ်ပဲ ကိုင်တွယ်ရ လွယ်တာပဲ။

"ပြောသင့်တာတွေ ပြောပြီးသွားပြီ။ ဒီနှစ်တွေအတွင်းမှာ မျိုးနွယ်စုက နင့်အမေကို တစ်ခါမှ ဆိုးဆိုးရွားရွား မဆက်ဆံခဲ့ဘူး။ နင့်ကို မျိုးနွယ်စုနဲ့ လီမြို့စား ရှီဇီ အတွက် ကြားကနေ တံတားခင်းပေးရုံပဲ ခိုင်းတာ။ နင့်ကို မသမာတဲ့ အလုပ်တွေ လုပ်ခိုင်းနေတာမှ မဟုတ်တာ။ တကယ်လို့ နင်က ဒီလောက် သေးငယ်တဲ့ ကိစ္စလေးတောင် မလုပ်နိုင်ဘူးဆိုရင် မျိုးနွယ်စုက ဘာအကြောင်းနဲ့ နင့်အမေကို ဆက်ပြီး ကျွေးမွေးထားရမှာလဲ"

"...ကျွန်မ ကြိုးစားကြည့်ပါ့မယ်။ ဒါပေမဲ့ သူ သဘောတူချင်မှ တူမှာ"

"နင်က မြေခွေးမိစ္ဆာလေ။ နင်တို့ မြေခွေးမတွေမှာ လူကို ညှို့ဓာတ်ဆင်တဲ့ နည်းလမ်းတွေ အများကြီး ရှိတာ မဟုတ်ဘူးလား။ အကုန်လုံး ထုတ်သုံးလိုက်။ သူ သဘောမတူလို့ မရစေရဘူး။ တော်ပြီ။ နင် ကောင်းကောင်း စဉ်းစားထားလိုက်တော့။ ငါ အရင် ပြန်တော့မယ်"

ထိုသို့ ပြောပြီးနောက် ရှန်းယင့်ကျူသည် ထရပ်ကာ အပြင်ဘက်သို့ လျှောက်ထွက်သွားခဲ့လေသည်။

တံခါးအပြင်ဘက်တွင် စောင့်ဆိုင်းနေသော အစေခံမလေးသည် သူမ ထွက်လာသည်ကို မြင်သောအခါ သူမကို အိမ်တော် အပြင်ဘက်သို့ လိုက်ပါ ပို့ဆောင်ပေးလိုက်သည်။ တံခါးဝသို့ ရောက်သောအခါ သူမသည် ရုပ်ရည် ချောမောသော အမျိုးသားတစ်ဦး ရှေ့မှ လျှောက်လှမ်းလာသည်ကို ရုတ်တရက် တွေ့မြင်လိုက်ရသဖြင့် အနည်းငယ် ပိုပြီး ကြည့်မိလိုက်တော့သည်။

သူမကို လိုက်ပို့ပေးသော အစေခံမလေးသည် လာသူကို မြင်သောအခါ အလျင်အမြန် ရှေ့သို့ တိုးကာ အရိုအသေပေးလိုက်သည်။ "ရှီဇီကို ဂါရဝပြုပါတယ်"

ကျန်းကျင့်ဟွိုင်သည် ရှန်းယင့်ကျူက သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ "မင်းက ဘယ်သူလဲ"

ရှန်းယင့်ကျူသည် သတိပြန်ဝင်လာပြီး ထိုသူကို ဆိုလိုက်၏။ "ရှီဇီကို ဂါရဝပြုပါတယ်။ ကျွန်မက ဟွေရွှယ်ရဲ့ ထန်ကျဲပါ။ သူနဲ့ မတွေ့ရတာ နှစ်တွေအရမ်းကြာနေပြီမလို့ သူ ဒီနေရာမှာ နေထိုင်တယ်လို့ ကြားတာနဲ့ အထူးတလည် လာရောက် တွေ့ဆုံတာပါ။ အနှောင့်အယှက် ဖြစ်သွားရင် ရှီဇီ နားလည်ခွင့်လွှတ်ပေးပါ"

ရှန်းယင့်ကျူ၏ အခြေအနေကို နားလည်တတ်မှုကို မြင်သောအခါ ကျန်းကျင့်ဟွိုင်သည်လည်း နောက်ထပ် လိုက်လံ စစ်ဆေးခြင်း မပြုတော့ဘဲ သူမကို အနည်းငယ် ခေါင်းညိတ်ပြကာ အိမ်တော်ထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်သွားခဲ့သည်။

တံခါးမကြီးမှ ထွက်လာပြီးနောက် ရှန်းယင့်ကျူသည် နောက်သို့ တစ်ချက် လှည့်ကြည့်လိုက်ပြီး ခပ်ဖွဖွ ရယ်မောလိုက်သည်။ "တကယ်ပဲ မြေခွေးမ စစ်စစ်ပဲ။ ကျန်းကျင့်ဟွိုင်ရဲ့ မျက်စိကျတာကို ခံရတယ်"

အစပိုင်းတွင် မျိုးနွယ်စုသည် ရှန်းဟွေရွှယ်ကို ဟွေ့ဝမ်ထံသို့ ပေးအပ်ရန် ကြံရွယ်ခဲ့ကြသည်။ ဟွေ့ဝမ်သည် အလှအပကို နှစ်သက်သည်ဟု ဆိုကြသော်လည်း သူမက သွေးနှောတစ်ဦး ဖြစ်ကြောင်း သိရှိသွားသောအခါ ဟွေ့ဝမ်သည် သူမကို အိမ်တော်ထဲသို့ လက်ခံရန် လုံးဝ မဝံ့ရဲခဲ့ပေ။ နောက်ဆုံးတွင် မည်သို့မည်ပုံ ဖြစ်သွားသည် မသိဘဲ ကျန်းကျင့်ဟွိုင်၏ လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။

တကယ်လို့ ရုပ်ဆိုးအကျည်းတန်ပြီး အသက်ကြီးသော သူတစ်ဦး ဖြစ်ရင်လဲ ထားလိုက်တော့။ ဒါပေမဲ့ ကျန်းကျင့်ဟွိုင်က အာဏာရှိသလို စည်းစိမ်လည်း ရှိပြီး ရုပ်ရည်ကလည်း အရမ်း ချောမောနေတာပဲ။ ဤအသိက ရှန်းယင့်ကျူကို အလွန် မကျေမနပ် ဖြစ်ရစေတော့သည်။ သူမ၏ အမြင်တွင် ရှန်းဟွေရွှယ်ကဲ့သို့ ယုတ်ညံ့သော အဆင့်အတန်းသည် ရွှံ့နွံထဲတွင် ထာဝရ နစ်မြုပ်နေမှသာ ကောင်းမည် ဖြစ်ပြီး သူမသည် ကောင်းမွန်သော နေ့ရက်များဖြင့် နေထိုင်ရန် လုံးဝ မထိုက်တန်ပေ။

ရှန်းယင့်ကျူ ထွက်သွားပြီးနောက် ရှန်းဟွေရွှယ်သည် သက်ပြင်း ခပ်ဖွဖွ တစ်ချက် ချလိုက်ပြီး အတွင်းခန်းမဆောင်သို့ လှည့်ပြန်လာခဲ့လိုက်၏။

သူမသည် ထိုသူ၏ ခြိမ်းခြောက်မှုကြောင့် အခက်တွေ့နေခြင်း မဟုတ်ပေ။ အစပိုင်းတွင် သွေးနှောတစ်ဦး ဖြစ်သော သူမကို မွေးဖွားရန် ခေါင်းမာခဲ့စဉ်ကပင် ရှန်းမိသားစုဝင်များသည် သူမ၏ အမေကို ဘာမှ မပြုလုပ်ခဲ့ကြပေ။ သူတို့သည် သည်အကြောင်းနှင့်တော့ အမေ့အသက်ကို သတ်ယူမည် မဟုတ်ပေ။

သို့သော် သူမသည်လည်း အမေနှင့် အမှန်တကယ် မတွေ့ရသည်မှာ အလွန် ကြာမြင့်နေခဲ့ပြီ။

အကယ်၍ သည်တစ်ကြိမ် ရှီးလင်သို့ ပြန်မသွားနိုင်ခဲ့လျှင် နောင်တွင်လည်း သည်လိုအခွင့်အရေး ရရှိတော့မည် မဟုတ်ပေ။

သူမသည် ရှီးလင်ကို မနှစ်သက်သော်လည်း တစ်ချက်တော့ ပြန်ကြည့်ချင်မိသေးသည်။

.

ထိုအချိန်မှာပင် လက်တစ်စုံသည် သူမ၏ ခါးကို ရုတ်တရက် သိုင်းဖက်လာခဲ့ရာ ရှန်းဟွေရွှယ်၏ ခန္ဓာကိုယ်သည် အလေ့အကျင့်အတိုင်း နောက်သို့ မှီလိုက်သည်။ "ရှီဇီ၊ ရှင် ပြန်လာပြီလား"

"စောစောက မင်းရဲ့ ထန်ကျဲ လာသွားတယ်"

"ရှီဇီ သူနဲ့ တွေ့လိုက်တယ်"

ရှန်းဟွေရွှယ်သည် ရှန်းယင့်ကျူက ကျန်းကျင့်ဟွိုင်ကို စိတ်အနှောင့်အယှက် ဖြစ်စေမည်ကို မစိုးရိမ်ပေ။ သူမ၏ ဤထန်ကျဲသည် အပြင်လူများအပေါ် အမြဲတမ်း ကောင်းကောင်းမွန်မွန် ပြုမူဆက်ဆံတတ်လေ့ ရှိသည်။ မျိုးနွယ်စုဝင်များအပေါ်တွင်လည်း အမှန်တကယ် မဆိုးလှပေ။ သွေးနှောတစ်ဦး ဖြစ်သော သူမကိုသာ အထူးတလည် မုန်းတီးနေခြင်းပင်။

"အင်း။ သူ မင်းကို ဘာတွေ ပြောသွားလဲ"

"သူ ပြောတာ... ကျွန်မ အမေ နေသိပ်မကောင်းဘူးတဲ့။ ရှီဇီ၊ ကျွန်မ ရှီးလင်ကို ပြန်ပြီး အမေ့ကို သွားကြည့်ချင်တယ်"

ရှန်းဟွေရွှယ်၏ ခါးပေါ်တွင် တင်းကြပ်စွာ ဖက်ထားသော လက်များသည် ရုတ်တရက် တင်းကြပ်သွားရာ သူမသည် နာကျင်မှုကြောင့် အသံထွက် ညည်းညူမိလိုက်သည်။ "ရှီဇီ"

ကျန်းကျင့်ဟွိုင်သည် သူမကို လှည့်လိုက်သည်။ "ငါ ရှီးလင်ကို သွားမယ်ဆိုတာ မင်း ဘယ်တုန်းက သိတာလဲ"

"ရက်အနည်းငယ်လောက် ရှိပါပြီ"

ကျန်းကျင့်ဟွိုင်က အေးစက်စွာ ရယ်မောလိုက်သည်။ "သတင်းကတော့ တော်တော် စုံတာပဲ။ တခြား ဘာတွေ သိသေးလဲ"

ရှန်းဟွေရွှယ်သည် မျက်လုံးများကို နှိမ့်ချလိုက်သည်။ "ကြားရတာတော့ ရှီဇီ နောက်နှစ်ရက်လောက်ဆို စေ့စပ်တော့မယ်တဲ့။ ရှီဇီ့ကို ဂုဏ်ယူပါတယ်"

"ဘယ်သူ ပြောတာ ကြားတာလဲ"

ရှန်းဟွေရွှယ်သည် စဉ်းစားကြည့်လိုက်သည်။ မည်သူ ပြောသည်ကို နားထောင်ရန် မလိုအပ်သကဲ့သို့ပင်။ ထိုရက်များတွင် သူမ အပြင်ထွက်လိုက်သည်နှင့် လူများက ထိုသို့ ပြောဆိုနေကြသည်ကို ကြားနိုင်လေသည်။

ထို့ကြောင့် သူမက ဆိုလိုက်၏။ "လူတော်တော်များများက ဒီလိုပဲ ပြောနေကြတာ"

ကျန်းကျင့်ဟွိုင် မသိသည်မှာ အမှန်တကယ်တော့ မြို့စားကတော်သည်လည်း သူမကို လာရှာခဲ့ဖူးခြင်းပင်။

သည်မြို့စားကတော်သည် ရှီဇီ၏ မွေးမိခင် မဟုတ်ပေ။ သူမသည် ပုံမှန် အချိန်များတွင် သူမကို တစ်ခါမျှ လာမတွေ့ဖူးသော်လည်း သည်တစ်ကြိမ်တွင်တော့ ထူးထူးခြားခြား လာရောက် ရှာဖွေခဲ့ပြီး စကားအချို့ ပြောဆိုသွားခဲ့သည်။ သူမကို ငြိမ်ငြိမ်သက်သက် နေထိုင်ရန် ပြောဆိုခြင်းကလွဲပြီး တခြား အကြောင်းအရာ မဟုတ်ပေ။ အမှန်တကယ်တော့ သူမလည်း သိနေသည်။ ၎င်းသည် မြို့စားကတော်၏ ဆိုလိုရင်း မဟုတ်ဘဲ မြို့စားမင်း၏ ညွှန်ကြားချက်သာ ဖြစ်ပေလိမ့်မည်။

သူသည် သူ၏ သားဖြစ်သူက သူမကြောင့် ကောင်းမွန်သော အိမ်ထောင်ရေးတစ်ခုကို လက်လွှတ် ဆုံးရှုံးသွားမည်ကို စိုးရိမ်နေခြင်း ဖြစ်နိုင်လေသည်။ ဘယ်လို ဖြစ်နိုင်မှာလဲ။ လီမြို့စားက သူ့ရဲ့ သားအကြီးဆုံးကို နားမလည်ဘူး ထင်တယ်။

ကျန်းကျင့်ဟွိုင်သည် သူ၏ အနာဂတ်အတွက် စနစ်တကျ စီစဉ်ထားသူ ဖြစ်ပြီး သူသည် နောက်ထပ် ဘာလုပ်ရမည်ကို အမြဲတမ်း သိရှိနေသူ ဖြစ်သည်။

သူမလို မတော်တဆမှုတစ်ခု ရှိနေလျှင်ပင် သူ၏ အနာဂတ်လမ်းခရီးကို ထိခိုက် နစ်နာစေမည် မဟုတ်ပေ။

မကြာမီမှာပင် သူသည် သူမကို အိမ်တော်အသစ်သို့ ပို့ဆောင်လိုက်လေသည်။ သူမ ပြောင်းရွှေ့သွားခဲ့လျှင် သူ၏ စေ့စပ်တော့မည့် သတင်းကို ကြားရတော့မည် မဟုတ်သလို၊ ထိုလက်ထောက်ဝန်ကြီး အိမ်တော်မှ အမျိုးသမီးငယ်၏ မျက်စိရှေ့တွင်လည်း ကန့်လန့်ကန့်လန့် ဖြစ်တော့မည် မဟုတ်ပေ။

ထင်သည့်အတိုင်းပင် ကျန်းကျင့်ဟွိုင်က ပြောလိုက်၏။ "မင်း သိသွားမှတော့ ကိုယ့်ရဲ့ အဆင့်အတန်းကို ကိုယ်တိုင် သတိပြုသင့်တယ်။ မြို့တော်မှာ လိမ်လိမ်မာမာနဲ့ ငါ ပြန်လာတာကို စောင့်နေ"

"တကယ်လို့ ရှီဇီက ကျွန်မကို ခေါ်သွားဖို့ အဆင်မပြေဘူးဆိုရင် ကျွန်မ တစ်ယောက်တည်း သွားနိုင်ပါတယ်။ အနာဂတ် ရှီဇီကတော်လောင်းကို အထင်လွဲစေမှာ မဟုတ်ပါဘူး"

"ရှန်းဟွေရွှယ်၊ ငါ့ရဲ့ ခွင့်ပြုချက် မရှိဘဲ မင်း ဘယ်နေရာမှ သွားလို့ မရဘူး"

ရှန်းဟွေရွှယ်သည် ခေါင်းကို စောင်းလိုက်ပြီး သူမ၏ မေးစေ့ကို ဆုပ်ကိုင်ထားသော သူ၏ လက်ကို ရှောင်တိမ်းလိုက်ကာ "ရှီဇီ ကျွန်မကို မသွားအောင် တားလို့ ရပါတယ်။ ဒါဆိုရင်တော့ ရှီဇီ ပြန်လာတဲ့အခါ ကျွန်မအတွက် အလောင်း လာကောက်ပေးရုံပါပဲ"

"မင်း ငါ့ကို ခြိမ်းခြောက်နေတာလား"

ရှန်းဟွေရွှယ်က ပြုံးလိုက်လေသည်။ "တကယ်လို့ ကျွန်မ အမေ သေသွားခဲ့ရင် ကျွန်မကရော ဘာအကြောင်းပြချက်နဲ့ ဆက်အသက်ရှင်ရမှာလဲ။ ဘာပဲဖြစ်ဖြစ် ရှီဇီ့အတွက်တော့ ကျွန်မက အပျင်းပြေ ကစားစရာ တစ်ခုပါပဲ။ အဲဒီအချိန်ကျရင် ရှီဇီ နောက်တစ်ယောက် ထပ်ရှာလိုက်ရုံပေါ့"

ကျန်းကျင့်ဟွိုင်သည် မျက်လုံးများ စူးရှကာ သူမကို စိုက်ကြည့်နေသော်လည်း ရှန်းဟွေရွှယ်သည် သူ့ကို တစ်ချက်မျှ လှည့်မကြည့်ခဲ့ပေ။

လူနှစ်ယောက်သည် မကျေမလည်ဖြင့် လမ်းခွဲခဲ့ကြပြီး ကျန်းကျင့်ဟွိုင်သည် မကြာမီမှာပင် တံခါးကို ဆောင့်ပိတ်ကာ ထွက်ခွာသွားလေသည်။

လူ ထွက်သွားသောအခါ ရှန်းဟွေရွှယ်သည် သက်ပြင်းချလိုက်သည်။ သူမသည် ပြတင်းပေါက်နားတွင် အခိုက်တန့် ရပ်နေလိုက်ပြီး သည်လိုသော နေ့ရက်များသည် အလွန် ပျင်းစရာ ကောင်းသည်ဟု ခံစားလိုက်ရသည်။ သူမသည် ရုတ်တရက် အားချန်ကို သတိရလိုက်မိသည်။

အားချန်က သူမ၏ အိမ်လိပ်စာကို ပြောပြခဲ့ဖူးသည်။ ထိုနေ့က ခွဲခွာပြီးနောက် သူမတွင် သွားရောက်ရန် အချိန်မရခဲ့ပေ။ ဒီနေ့ သွားလည်ရင် နည်းနည်းတော့ ရိုင်းသွားမလား မသိဘူး။

ရှန်းဟွေရွှယ်သည် အခိုက်တန့် တုံ့ဆိုင်းနေသော်လည်း အားချန်ကို တွေ့ချင်သောစိတ်က အဆုံးတွင် အနိုင်ရသွားခဲ့သည်။ သူမသည် အစေခံမလေးကို မြင်းလှည်း ပြင်ဆင်ရန် ညွှန်ကြားလိုက်ပြီး သူမကိုယ်တိုင်ကတော့ မှန်တင်ခုံရှေ့တွင် အချိန်အတော်ကြာအောင် မွှေနှောက် ရှာဖွေနေလိုက်၏။

အားချန်ကို သွားတွေ့လျှင် လက်ဆောင် ယူသွားရမည်။ သူမသည် မိမိ နှစ်သက်သော ဆံထိုး ခေါင်းပန်းများကို အားချန်ကို လက်ဆောင် ပေးချင်သော်လည်း သည်လိုသော လက်ဆောင်သည် အချိန်အခါနှင့် မသင့်တော်ဟု ခံစားမိပြန်သည်။

အခိုက်တန့် တုံ့ဆိုင်းပြီးနောက် နောက်ဆုံးတွင်တော့ လက်လျှော့လိုက်ရသည်။

သူမသည် ထိုနေ့က အားချန် ပြောခဲ့သော လမ်းထိပ်မှ အလွန် နာမည်ကြီးသည့် အဘိုးဟူ၏ ကြက်ကင်ကို ကြိုးစား ပြန်လည် သတိရလိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်။ ဒါဆို လမ်းကြုံတဲ့အခါ အားချန်အတွက် နှစ်ကောင်လောက် ဝယ်သွားရင် ကောင်းမယ်။ အားချန် ကြိုက်မှာပါ။

အားချန်သည် ဤလက်ဆောင်ကို အမှန်တကယ် နှစ်သက်လေသည်။ ရှန်းဟွေရွှယ် ရုတ်တရက် ရောက်ရှိလာသဖြင့် အားချန်၏ မျက်နှာထက်တွင် အံ့ဩဝမ်းသာမှုများ ပြည့်နှက်နေပြီး သူမ၏ လက်ကို ဆွဲကာ နောက်ဖေး ခြံဝင်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။

"လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်က ရှင် လာလည်မယ်လို့ ထင်နေတာ။ ဒါပေမဲ့ ရှင် တစ်ခါမှ ရောက်မလာခဲ့ဘူး"

"ဒီရက်ပိုင်း ကိစ္စလေးတွေ နည်းနည်း ကြုံနေရလို့ အချိန် ကြန့်ကြာသွားတာ" ရှန်းဟွေရွှယ်သည် အားချန်၏ နောက်မှ မီးဖိုချောင်ထဲသို့ လိုက်ပါသွားပြီး မီးဖိုချောင်၏ နံရံတွင် ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသည်။ အပေါ်တွင် "အစားအစာက ကံကောင်းခြင်းကို ယူဆောင်လာသည်" ဟူသော စာလုံး ၄ လုံး ရေးသားထားသဖြင့် သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။ "ဒါက ဘယ်သူ ရေးထားတာလဲ"

အားချန်သည် ထိုဆိုင်းဘုတ်ကို နောက်ပြန် လှည့်ကြည့်လိုက်ပြီး ပြုံးကာ မေးလိုက်သည်။ "ရေးထားတာ တော်တော် ကောင်းတယ် မဟုတ်လား"

"အင်း။ လက်ရေးက တကယ် လှတယ်"

အားချန်သည် အရင်ဆုံး လက်ကို သန့်စင်လိုက်ပြီးနောက် စဉ်းနှီတုံးပေါ်တွင် ရှန်းဟွေရွှယ် ယူဆောင်လာသော ကြက်ကင်ကို ပိုင်းဖြတ်ရင်း ဆိုလိုက်သည်။ "ကျွန်မ သိတဲ့ မိတ်ဆွေတစ်ယောက် ရေးပေးထားတာ။ သူက 'မော့လင်' လေ"

"ဒဏ္ဍာရီထဲက 'မော့လင်' ကို ပြောတာလား။ ကြားရတာတော့ သူတို့က အရမ်း ဉာဏ်ကောင်းတယ်ဆို" ရှန်းဟွေရွှယ်သည် မျက်လုံးများ ဝိုင်းစက်သွားပြီး အလွန် အံ့ဩသွားသည်။

"ဟုတ်တယ်။ ကျွန်မ သူ့ကို ဆိုင်းဘုတ် ဆယ်ချပ် အပြည့် ရေးခိုင်းထားတာ"

ရှန်းဟွေရွှယ်၏ မျက်လုံးထဲတွင် အားကျမှုများ ပါဝင်နေတော့သည်။ "တကယ် ကောင်းလိုက်တာ"

ကြက်ကင် တစ်ကောင်ကို ပန်းကန် နှစ်ချပ်ခွဲ ထည့်ပြီးနောက် အားချန်သည် ရှန်းဟွေရွှယ်ကို ပန်းကန် တစ်ချပ် ထိုးပေးလိုက်ပြီး သူမကို မီးဖိုချောင်မှ ခေါ်လာကာ သူမ၏ အခန်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

လူနှစ်ယောက်သည် အပူပေးခုတင်၏ တစ်ဖက်တစ်ချက်စီတွင် ထိုင်လိုက်ကြပြီး ကြက်ကင် ပန်းကန် တစ်ချပ်စီကို ပွေ့ပိုက်ကာ စားသောက်လိုက်ကြသည်။

အားချန်က ချီးကျူးလိုက်၏။ "အဘိုးဟူရဲ့ လက်ရာက တကယ် ကောင်းတာပဲ"

ရှန်းဟွေရွှယ်သည် အားချန်၏ ပုံစံအတိုင်း ကြက်သား တစ်တုံးကို ပါးစပ်ထဲသို့ ထည့်လိုက်ပြီး မျက်လုံးများ မှေးမှိတ်ကာ ထောက်ခံလိုက်သည်။ "တကယ် စားလို့ ကောင်းတယ်"

"ရှင် ဒီနေ့ ပြန်ဖို့ လောနေလား။ မလောဘူးဆိုရင် ညဘက် ဟွေ့ညန်ကို ကြက်သားဟင်း ချက်ခိုင်းပြီး စားကြမယ်လေ"

"မလောပါဘူး" ရှန်းဟွေရွှယ်သည် အားချန် ပြုံးနေသည်ကို မြင်သောအခါ သူမလည်း လိုက်ပါ ပြုံးရယ်လိုက်မိသည်။

သို့သော် မကြာမီမှာပင် သူမ၏ အပြုံးသည် ပျောက်ကွယ်သွားခဲ့သည်။ အခိုက်တန့် တုံ့ဆိုင်းပြီးနောက် သူမသည် အားချန်ကို ဆိုလိုက်၏။ "နောက်ထပ် ရက်အနည်းငယ် ကြာရင် ကျွန်မ ရှန့်ကျင်းကနေ ထွက်ခွာသွားရလောက်တယ်"

"ဘာဖြစ်လို့လဲ" အားချန်က မေးလိုက်သည်။

"ကျွန်မက အစက ရှီးလင်မှာ မွေးဖွားခဲ့တာ။ ကျွန်မ အမေက အဲဒီမှာပဲ ကျန်နေခဲ့တယ်။ ဒီရက်ပိုင်း မျိုးနွယ်စုက လူ လာတယ်။ ကျွန်မကို အမေ့ဆီ ပြန်သွားကြည့်စေချင်နေတယ်"

သူမသည် မိမိ အိမ်တွင်းရေး အခြေအနေကို ပုံမှန်အတိုင်း ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစား ပြောဆိုလိုက်သော်လည်း ရှန်းမိသားစုသည် မည်သို့သော ရွှံ့နွံမျိုး ဖြစ်သည်ကို သူမကိုယ်တိုင်သာ အသိဆုံးပင်။

အားချန်၏ မျက်ဝန်းထဲတွင် ထူးခြားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ "ရှင့်အမေ နေမကောင်းဘူးလား"

"သူ..." ရှန်းဟွေရွှယ်သည် အားချန်၏ အကြည့်များကို ရင်ဆိုင်လိုက်ရသောအခါ ပါးစပ်ဖျားသို့ ရောက်လာသော ဖုံးကွယ်ထားသည့် စကားများသည် ရုတ်တရက် ပြောမထွက်နိုင်တော့ပေ။ "သူက လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကိစ္စတချို့ ကြုံခဲ့ရပြီး နည်းနည်း ရူးကြောင်ကြောင် ဖြစ်သွားတယ်။ ကျွန်မလည်း သူ နေကောင်းလား မကောင်းလား မသိဘူး။ ကျွန်မတို့ မတွေ့ရတာ ၅ နှစ် ရှိပြီ။ ကျွန်မ သူ့အတွက် နည်းနည်း စိတ်ပူတယ်"

"ရှင့်အဖေရဲ့ ကိစ္စကြောင့်လား"

"ရှင် ဘယ်လို သိတာလဲ" ရှန်းဟွေရွှယ်မှာ အနည်းငယ် အံ့ဩသွားတော့သည်။

အားချန်က ပြုံးလိုက်၏။ "ဒါက ခန့်မှန်းရ ခက်တာမှ မဟုတ်တာ။ ဘယ်လို မျိုးနွယ်စုပဲ ဖြစ်ဖြစ် မျိုးနွယ်စုထဲက အမျိုးသမီးတစ်ယောက်က မိစ္ဆာမျိုးနွယ်နဲ့ ချစ်ကြိုက်သွားတာကို လက်ခံနိုင်ဖို့ ခက်ခဲကြမှာပဲ"

"ဒါဆို ရှင်ကရော။ ကျွန်မက သွေးနှောတစ်ယောက် ဖြစ်နေတာကို ရှင် စိတ်မထဲဘူးလား"

"ဘာဖြစ်လို့ စိတ်ထဲ ထားရမှာလဲ။ သွေးနှောက မလှလို့လား"

ရှန်းဟွေရွှယ်သည် သူမ၏ မျက်နှာကို ပွတ်သပ်လိုက်သည်။ "ကျွန်မ တော်တော်လေး လှပါတယ်"

လူနှစ်ယောက်သည် အတူတူ ရယ်မောလိုက်ကြသည်။

မူလက သူမ၏ စိတ်နှလုံးသားကို ရစ်ပတ် ချည်နှောင်ထားသော အနှောင်အဖွဲ့များသည် ရုတ်တရက် ပေါ့ပါး လျော့ရဲသွားသကဲ့သို့ပင်။

"ရှင့်အဖေ... လောကကြီးမှာ မရှိတော့ဘူး မဟုတ်လား" အားချန်က ရုတ်တရက် မေးလိုက်လေသည်။

ရှန်းဟွေရွှယ်က ခေါင်းညိတ်လိုက်သည်။ "ကျွန်မ မွေးဖွားပြီးကတည်းက သူ့ကို မမြင်ဖူးခဲ့ဘူး။ ကြီးလာတော့မှ လူတွေ ပြောတာ ကြားရတယ်။ သူက ကျွန်မ အဘိုးနဲ့ ကျွန်မ ဦးကြီးရဲ့ လက်ထဲမှာ သေဆုံးသွားလောက်တယ်။ ရှန်းမျိုးနွယ်စုအကြောင်း ရှင် ကြားဖူးလား မသိဘူး။ သူတို့က မိစ္ဆာတွေကို အမဲလိုက် သတ်ဖြတ်ခြင်းနဲ့ အသက်မွေးကြတယ်။ လူတော်တော်များများက သူတို့ကို သူတော်ကောင်းကြီးတွေလို့ ပြောကြတယ်။ ဒါပေမဲ့ ကျွန်မ ခံစားမိတာက... သူတို့က အရမ်း ကြောက်စရာ ကောင်းတယ်"

အခိုက်တန့် ရပ်တန့်ပြီးနောက် သူမက ထပ်ပြောလိုက်သည်။ "မသိတော့ဘူး။ အဖေက ကျွန်မကို မုန်းနေမလားပဲ"

သူမသည် သူမ၏ မြေခွေးမိစ္ဆာ အဖေနှင့် အမေတို့၏ ချစ်ကြိုက်ခဲ့ကြသည့် ဇာတ်လမ်းကို ကြိုးစား ဆက်စပ်ကြည့်ခဲ့ဖူးသည်။ သို့သော် မည်သို့ပင် ကြည့်ပါစေ ထိုအရာက လိမ်လည်မှုတစ်ခုနှင့်သာ တူနေခဲ့သည်။

ရှန်းမျိုးနွယ်စု၏ သမီးက မိစ္ဆာကြီးတစ်ကောင်ကို လိမ်လည် လှည့်ဖြားခဲ့ပြီး သူ့ကို အိမ်တော်သို့ ခေါ်ဆောင်လာခဲ့သည်။ ထို့နောက် သူတို့ အတူတူ သူ့ကို သတ်ပစ်လိုက်ကြသည်။

ကြောက်မက်ဖွယ် ကောင်းသော ဇာတ်လမ်းတစ်ပုဒ်ကဲ့သို့ပင်။ သူမသည် ဤဇာတ်လမ်း တည်ရှိခဲ့ဖူးကြောင်း သက်သေပြနေသည့် အရာတစ်ခု ဖြစ်လေသည်။

"ကျွန်မ ခန့်မှန်းရဲပါတယ်။ သူ ရှင့်ကို ချစ်မှာပါ" အားချန်၏ လေသံသည် အလွန် တိကျသေချာနေသည်။ "ဟုတ်သားပဲ။ ရှင် ဒီတစ်ခေါက် ရှီးလင်ကို သွားပြီးရင် ပြန်လာဦးမှာလား"

"ပြန်လာဖြစ်လောက်ပါတယ်။ ဘာဖြစ်လို့ ဒီလို မေးတာလဲ"

အားချန်သည် ရင်ခွင်ထဲမှ ပန်းကန်ကို စားပွဲပုလေးပေါ်သို့ တင်လိုက်ပြီး ဘေးရှိ ရေဆွတ်ထားသည့်ပဝါကို ယူကာ လက်ကို သုတ်လိုက်ပြီး "ကျွန်မ စဉ်းစားနေတာ။ ဘာပဲဖြစ်ဖြစ် ဒီရက်ပိုင်း အလုပ် မရှိဘူး။ ကြားရတာတော့ ရှီးလင်ဘက်မှာ ရှန့်ကျင်းမှာ မရှိတဲ့ အမွှေးအကြိုင်တွေ အများကြီး ရှိတယ်တဲ့။ ကျွန်မလည်း ရှီးလင်ကို အလည်အပတ် သွားကြည့်ပြီး အမွှေးအကြိုင် တချို့ ဝယ်ပြန်လာရင် ကောင်းမလားလို့"

"တကယ်လား" ရှန်းဟွေရွှယ်သည် ကြောင်အမ်းသွားပြီးနောက် စိတ်ထဲတွင် ဝမ်းသာမှုများ လှိုက်တက်လာခဲ့လေသည်။ "ရှင် တကယ် သွားမလို့လား။ ဒါပေမဲ့ ရှီးလင်က အရမ်း ဝေးတယ်"

"ရှင်လည်း သွားရမှာ မဟုတ်ဘူးလား။ ကျွန်မတို့ အတူတူ သွားရင် ပိုပြီး လုံခြုံမှု ရှိနိုင်တာပေါ့။ နည်းနည်း ဝေးတာတော့ ကိစ္စ မရှိပါဘူး"

"ကောင်းပြီ" ရှန်းဟွေရွှယ်သည် ဆုံးဖြတ်ချက် ချလိုက်သည်။ သူမသည် မည်သို့ပင် ဖြစ်စေကာမူ ကျန်းကျင့်ဟွိုင်ကို သူမအား ခေါ်ဆောင်သွားရန် သဘောတူအောင်ရမည်။ သူမကိုယ်တိုင် အတွက် မဟုတ်လျှင်တောင် အားချန် အတွက် ဖြစ်ရမည်။ သူမနှင့် အတူတူ သွားမှသာ လုံလောက်သော လုံခြုံမှု ရှိပေမည်။

အားချန်သည် ရှန်းဟွေရွှယ်၏ ပြုံးနေသော မျက်နှာကို ကြည့်ရင်း စိတ်ထဲမှ တွေးလိုက်သည်။ ငါ ကိုယ်တိုင် သွားကြည့်သင့်တယ်။ ဦးလေး ၆ သေဆုံးသွားတဲ့ နေရာနဲ့ ဦးလေး ၆ ချစ်ခင်ခဲ့ဖူးတဲ့ လူကိုပေါ့။ အဘွားမှာ သားသမီးတွေ အများကြီး ရှိတယ်။ သူက ဦးလေး ၆ ကို ဂရုမစိုက်ဘူး။ ဒါပေမဲ့ တူမတစ်ယောက် အနေနဲ့ ငါကတော့ ဂရုစိုက်ရမှာပေါ့။ ဘာပဲဖြစ်ဖြစ် ငါက အဲဒီ ဦးလေး တစ်ယောက်တည်းကိုပဲ အသိအမှတ် ပြုခဲ့တာ။ ဒီအတိုင်း အကြောင်းရင်း မသိရဘဲ သေဆုံးသွားခဲ့ရတာ။ ငါ သူ့ရဲ့ သေဆုံးရတဲ့ အကြောင်းရင်းကို သိအောင် လုပ်ပြီး သူ့အတွက် အရိုး ပြန်ကောက်ပေးရမှာပဲ။

...

All Chapters