← Chapters

စောစောသွား စောစောပြန်ခဲ့ပါ။

Vol. 9 Ch. 84

စောစောသွား စောစောပြန်ခဲ့ပါ။

Vol. 9 Ch. 84

ရှန်းဟွေရွှယ်သည် ညနေခင်းအထိ အားချန်နှင့်အတူ နေခဲ့၏။ မပြန်ခင်တွင် အားချန်က သူမအတွက် ချန်ဟွေ့လုပ်ထားသည့် ကြက်ရင်ပုံ တချို့ကိုထည့်ပေး လိုက်သေးသည်။

ရှန်းဟွေရွှယ်ကို တံခါးနားသို့ လိုက်ပို့ပြီးနောက် သူမကအားချန်၏ လက်ကို ကိုင်ထားဆဲဖြစ်ကာ တွန့်ဆုတ်စွာဖြင့် ပြောလာလေသည်။ "နှစ်ရက်နေရင် ကျွန်မ ရှီဇီနဲ့ ဖြေရှင်းပြီးတဲ့အခါ ရှင့်ကိုပြန်လာရှာမယ်"

"ကောင်းပါပြီ။ ဆောင်းဦးလယ်ပွဲတော် မတိုင်ခင် လာဖို့မမေ့နဲ့နော်။ အဲဒီအချိန်ကျရင် ဟွေ့ညန် ကိုယ်တိုင်လုပ်ထားတဲ့ လမုန့်ကိုလည်းစားရမှာ"

"သိပါပြီ"

လူကိုလှည်းပေါ် တင်ပေးလိုက်ပြီး လှည်းက တဖြည်းဖြည်းချင်း မောင်းနှင်သွားသည်ကို စောင့်ကြည့်လိုက်ပြီးနောက် အားချန်သည် ကိုယ်ကိုလှည့်လိုက်သည်တွင် သူမ၏ ပန်းရောင်စကပ်လေးက လှပသည့်ကောက်ကြောင်းလေးတစ်ခု ဖြစ်သွားကာ ပန်းလေးတစ်ပွင့် ပွင့်သွားသည့်နှယ်ပင်။

သူမသည် ဆိုင်ထဲသို့ ခပ်သွက်သွက် ပြန်ဝင်လာခဲ့ပြီး ဟွေ့ညန်ကို ပြောလိုက်၏။ *ဟွေ့ညန် ခရီးရှည်လေး တစ်ခုသွားရအောင်"

"ဘယ်သွားမှာလဲ" ချန်ဟွေ့သည်လည်း သူမပြောလာသည့် စကားကြောင့် တော်တော်လေး စိတ်ဝင်စားလာတော့သည်။

"ရှီးလင်ကို လီမြို့စားရဲ့ ရှီဇီက ရှီးလင်ကို သွားရတော့မှာ ဟွေရွှယ်က သူနဲ့အတူ လိုက်သွားချင်နေတယ်။ ကျွန်မအထင်တော့ ကျွန်မတို့လည်း ဒီမှာဘာမှလုပ်စရာ မရှိဘူးဆိုတော့ သွားပြီးအပန်းဖြေ ကြမယ်လေ"

"ကောင်းပါပြီ ကျွန်မလည်း ရှန့်ကျင်းကနေ မထွက်တာ နှစ်တော်တော် ကြာသွားခဲ့ပြီ" ချန်ဟွေ့ကလည်း အများကြီး စဉ်းစားမနေဘဲ သဘောတူ လိုက်တော့သည်။ "ကျွန်မ ကြားဖူးတာတော့ ရှီးလင်က ယုံးကျိုးနယ်နဲ့ ကပ်ရပ်ပဲတဲ့။ ကျီရွှေမြစ်ကလည်း အဲဒီနေရာနှစ်ခုကို ဖြတ်ပြီးတော့ စီးဆင်းသွားတာ။ တကယ်လို့ ယုံးကျိုးကိုရောက်ပြီး လှေစီးသွားမယ်ဆိုရင် ကျွန်မတို့တွေ ရှီးလင်ကို မြန်မြန်ရောက်သွား နိုင်လောက်တယ်"

"ဟွေ့ညန်က အများကြီးသိတာပဲ" အားချန်သည် သူမ၏ စိတ်ရင်းဖြင့် လေးစားသွားတော့သည်။

"တကယ်လို့ ရှင်ကသာ ဝတ္ထုစာအုပ်တွေကို လျှော့ဖတ်ပြီးတော့ နေ့တိုင်း ခရီးသွားစာအုပ်တွေကို ပိုပြီးတော့ ဖတ်မယ်ဆိုရင် ပိုပြီးတော့ နားလည်လာလိမ့်မယ်"

သူတို့သည် စာအုပ်ဆိုင် ဘေးတွင်နေထိုင်ကြသဖြင့် အားချန်ကလည်း စာအုပ်ဝယ်ယူရသည်ကို နှစ်သက်လေသည်။ သူမသည် သူဌေးရွှီပြောသမျှ စာအုပ်တိုင်းကို စိတ်ဝင်တစား ဝယ်ယူခဲ့၏။

သူမသည် ဝတ္ထုစာအုပ်များကို အလွန်သဘောကျတတ်ပြီး ထိုစာအုပ်ကို တစ်နေ့လုံး လက်ကမချ ဖြစ်တတ်လေသည်။ ခရီးသွားခြင်းစာမျက်နှာ တစ်မျက်နှာ နှစ်မျက်နှာလောက် ဖတ်ပြီးမှသာ အိပ်ပျော်တတ်၏။ အကြောင်းမသိ သူများကတော့ အိပ်ချင်နေသူတစ်ယောက်က စာအုပ်ကို အသုံးချခြင်းဟုသာ ထင်မြင်ကြပေလိမ့်မည်။

အားချန်က ခေါင်းခါပြလိုက်၏။ "မိသားစုတစ်ခုမှာ ကဗျာနဲ့စာပေတွေကို ကောင်းကောင်းမွန်မွန် ကျွမ်းကျင်တဲ့ လူတစ်ယောက်ပဲ ရှိဖို့လိုတာပါ။ ဒီတော့ ကျွန်မက ဖတ်စရာမလိုတော့ဘူးလေ။ လတ်တလော စာအုပ်လက်ရာတွေက သိပ်မကောင်းတာကပဲ နှမြောစရာကောင်းတယ်"

သူမသည် နာမည်ကြီးစာအုပ် ယန်ချင်းထျန်းကိုပင် စတင်လွမ်းဆွတ်လာ လေတော့သည်။ အနည်းဆုံးတော့ အမှုတစ်ခုချင်းစီတိုင်းက အလွန်စိတ်ဝင်စားစရာ ကောင်းနေသေး၏။

တချို့သူများကတော့ ထိုအကြောင်းကို စဉ်းပင်မစဉ်းစား နိုင်တော့ချေ။ ဆောင်းလယ်ပွဲတော် ရောက်ဖို့ရန် နှစ်ရက်အလို ရှိသေးသည်။ ရုတ်တရက် စျေးထဲတွင် သတင်းတစ်ခု ထွက်ပေါ်လာခဲ့၏။ တရားရှင်ကြီး ယန်ချင်းထျန်းသည် အိပ်ရာပေါ်တွင် ရက်ပေါင်းများစွာ လှဲလျောင်းနေခဲ့ပြီးနောက် လွန်ခဲ့သည့်နှစ်ရက်က သူ့အိမ်တော်တွင် ဆုံးပါးသွားခဲ့သည်ဟူ၍။

မည်သို့ဆိုစေ ယန်လိရူ၏ ရုံးတော်အတွင်း ဂုဏ်သတင်းကလည်း ကောင်းမွန်နေခဲ့ပြီး သူသည် လူတချို့ကိုလည်း အမှန်ပင် ကူညီပေးခဲ့လေသည်။ သတင်းကို ကြားလိုက်ရပြီးနောက်တွင် လူတော်တော်များများက အရင်ဆုံးထွက်လာကြကာ သူ၏ ဈာပန အခမ်းအနားနေ့တွင် သူ့အတွက် လမ်းပေါ်၌ ဆုတောင်းမေတ္တာများ ပို့သပေးကြလေသည်။

ထိုအကြောင်း အရာကိုလည်း ဘေးဆိုင်က သူဌေးရွှီက ပြောပြခဲ့ခြင်းပင်။ သူဌေးရွှီသည် ဒီနေ့မနက်ခင်းတွင် ယန်လိရူကို လိုက်ပါပို့ဆောင်ပေးခဲ့၏။ ယန်လိရူကို မြှုပ်နှံပေးဖို့ရန်အတွက် ထိုနေရာတွင် ယန်မိသားစု၏ အစေခံများသာရှိသည်ဟု ပြောပြလာခဲ့သည်။ ဘာကြောင့်မှန်းမသိ သူ၏ဆွေမျိုးများနှင့် မိတ်သိင်္ဂါဟများက ဘယ်သူကမှ ရောက်မလာကြချေ။ တော်တော်လေးကို အထီးကျန်နိုင်လှပေသည်။

ထိုသို့ပြောလိုက်ပြီးနောက် သူက သက်ပြင်းချရင်း အားချန်ကို ပြောလိုက်၏။ "ယန်လိရူက အရင်ဆုံး ဇနီးသည် သေဆုံးသွားတယ်။ ပြီးတော့ တစ်ဦးတည်းသောသားပါ သေသွားခဲ့တယ်။ နောက်ဆုံး သူ ကိုယ်တိုင်ပါ သေသွားရတယ်။ သခင်ကြီးယန်က မသိလိုက်ပဲနဲ့ မကောင်းဆိုးဝါး တစ်ခုကို ပစ်မှားမိတာ ဖြစ်နိုင်တယ်"

အားချန်ကလည်း စိတ်ထဲမှ တွေးလိုက်လေသည်။ သူတို့တွေက မသိဘဲနဲ့ လာစော်ကားတာ မဟုတ်ပါဘူး။ ရှင်းရှင်းလင်းလင်း သိလျက်သားနဲ့ လုပ်လိုက်ကြတာ။

သူမသည် စာအုပ်ဆိုင်ထဲတွင် မွန်းတည့်ချိန်မတိုင်ခင်အထိ ထိုင်နေလိုက်ပြီးမှ ယန်မိသားစု မတော်တဆ ဝင်တိုက်ခဲ့သည့် "မကောင်းဆိုးဝါး" က အားချန်ကို ညနေစာစားရန်အတွက် အိမ်ပြန်လာဖို့ရန် လာခေါ်သည်အထိပင်။

စာအုပ်ဆိုင်ထဲက လျှောက်ကာ ထွက်လာပြီးနောက် အားချန်က ချန်ဟွေ့ကို ပြောလိုက်၏။ "သူဌေးရွှီက ပြောတယ်။ ယန်လိရူ သေသွားပြီတဲ့"

ချန်ဟွေ့၏ မျက်နှာပေါ်တွင် အံ့သြသွားသည့် အရိပ်အယောင်တစ်ခု ဖြတ်

ပြေးသွားခဲ့၏။ "သေသွားပြီတဲ့လား"

"ဘာဖြစ်လို့လဲ တစ်ခုခု မှားနေလို့လား" သူမ၏တုံ့ပြန်မှုက အားချန်ကို အနည်းငယ် ထူးဆန်းရ စေတော့သည်။

"သူ သေသွားတဲ့အချိန်က ကျွန်မထင်ထားတာထက် ပိုစောနေတယ်။ အနည်းဆုံးတော့ သူနောက်ထပ် တစ်လလောက် အသက်ဆက်နိုင်ဦးမယ်လို့ ကျွန်မ ထင်ထားတာ"

"ဒါမှမဟုတ် သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း ပုပ်ဆွေးလာတာကို မခံနိုင်တော့လို့ ကိုယ့်ဟာကိုယ် သတ်သေသွားတာလား မသိဘူး" အားချန်က ခန့်မှန်းကြည့်လိုက်၏။

ချန်ဟွေ့က ခေါင်းခါပြလိုက်ကာ "သူ့လိုလူမျိုးက နောက်ဆုံးအချိန်အထိ အသက်ရှင်နေရင်တောင်မှ သူ့ကို ဆက်ပြီးအသက်ရှင်စေမယ့် နည်းလမ်းတွေကိုပဲ စဉ်းစားနေမှာ။ သေဆုံးခြင်းကိုတော့ ရွေးချယ်မှာ မဟုတ်လောက်ဘူး"

ယန်လိရူသည် အမှန်တကယ်တွင် အလွန်ကောင်းမွန်သူ ဖြစ်လေသည်။ သူသည် ပန်းတိုင်တစ်ခုကို သတ်မှတ်လိုက်သည်နှင့် ဒူးထောက်ရသည်ဖြစ်စေ လေးဖက်ထောက် သွားရသည်ဖြစ်စေ ထိုပန်းတိုင်သို့ ရောက်အောင် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားပေလိမ့်မည်။ အသက်သည် သူ့အတွက် အလွန်အရေးကြီးသည့် အရာဖြစ်သည်တွင် သူသည်မည်သို့များ အလွယ်တကူ လက်လျှော့ နိုင်ပါမည်နည်း။

"ဒါဆိုရင် မမျှော်လင့်ထားတာ တစ်ခုခု ဖြစ်သွားတာ များလား"

အလားတူ မေးခွန်းကိုပင် မင်ဝမ်ကလည်း အလွန်သိချင်နေခဲ့သည်။

ဒီရက်ပိုင်းအတွင်းတွင် မင်ဝမ်သည် နန်းတော်သို့ မရောက်ခဲ့ချေ။ သူသည် အိမ်တော်တွင် အားလပ်နေသဖြင့် ပန်းချီဆွဲနေလေသည်။ တံခါးခေါက်သံ ကြားလိုက်ရသော်လည်း ခေါင်းမမော့ဘဲ ပြောလိုက်၏။ "ဝင်ခဲ့"

စာကြည့်ခန်းတံခါးသည် ကျွီခနဲ ပွင့်သွားပြီး အပြင်ဘက်မှ လူတစ်ယောက်က မိုးပြာရောင် အင်္ကျီလက်ဝကျယ်နှင့် လည်ဝိုင်းဝတ်ရုံရှည်ကို ဝတ်ဆင်ကာ ခေါင်းတွင်လည်း ကျောက်စိမ်းသရဖူကို ဆောင်းထားပြီး ယဉ်ကျေးသိမ်မွေ့သည့် ပညာရှင်တဦးလို့ထင်ရလေသည်။

နောက်တစ်ချက် ကြည့်လိုက်ပြီး ဒီလူမှာမိမိ၏ သားဖြစ်ကြောင်း တခြားသူတစ်ဦးဦးက အယောင်ဆောင်ထားခြင်း မဟုတ်ကြောင်း အတည်ပြုလိုက်တော့၏။

"ဘယ်တုန်းက ရောက်တာလဲ။ ဘာလို့ ဘယ်သူမှ လာမပြောတာလဲ" မင်ဝမ်သည် စုတ်တံကို ချထားလိုက်ပြီးမှ မေးလိုက်၏။

"အုတ်တံတိုင်းကို ကျော်ဝင်လာတာ။ အိမ်တော်က လူတွေမသိဘူး" ပိုင်ရှိုးမင်သည် သူ၏ဝတ်ရုံကို မကာ စားပွဲ၏တစ်ဖက်က ကုလားထိုင်တွင် ဝင်ထိုင်လိုက်လေသည်။ "ယန်လိရူ ဒီနေ့မနက် အသုဘ ချတယ်ဆိုတာ ဖုဟွမ် သိလား"

မင်ဝမ်က ကုလားထိုင်တွင် ပြန်ထိုင်လိုက်၏။ "ကြာပြီးပြီ။ သူ ဘယ်လို သေသွားတာလဲ"

"လွန်ခဲ့တဲ့ နှစ်ရက်တုန်းက ကျန်းပေမြို့စားက အိမ်တော်က နေထွက်ပြီး ယန်လိရူကို သွားတွေ့ခဲ့တယ်။ သူ ပြန်သွားပြီးတော့ ယန်လိရူလည်း သေသွားတာပဲ" ပိုင်ရှိုးမင်၏ စကားသည် တိုတောင်းရှင်းလင်း သော်ငြားလည်း မည်သူမဆို အတွင်းသဘောကို နားလည်နိုင်ပေသည်။

"ကြည့်ရတာ ဒီယောက္ခမနဲ့သမက် ပဋိပက္ခ ဖြစ်သွားတဲ့ပုံပဲ" မင်ဝမ်က စိတ်ဝင်တစား မေးလိုက်၏။ "ယန်လိရူက ပြီးခဲ့တဲ့ရက် အနည်းငယ်က ပိုင်ယိချန်ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမဲ့ ပိုင်ယိချန်က သူ့ကို သွားမတွေ့ခဲ့ဘူး။ စဉ်းစားကြည့်ရတာ သူက သူ့လက်ထဲက မိစ္ဆာ တံဆိပ်တုံးကို အသုံးချပြီး ပိုင်ယိချန်ကို သူ့အသက် ကယ်ခိုင်းချင်တာ ဖြစ်လိမ့်မယ်" မင်ဝမ်သည် ခပ်တိုးတ သက်ပြင်းတစ်ချက် ချလိုက်တော့သည်။ "ကြံမရတဲ့အဆုံး စမ်းကြည့်တာပဲပေါ့။ တကယ်လို့ မိစ္ဆာတံဆိပ်တုံးကို ကျန်းပေမြို့စားဆီ ပေးလိုက်ရင် သူနောက်ထပ် ရက်အနည်းငယ် အသက်ပိုရှင်နိုင်ဦးမှာ"

ယန်လိရူသည် ကျန်းပေမြို့စားကို ကျော်လွန်ပြီး ရှီးလင်ဝမ်ကိုသာ တိုက်ရိုက်ရှာဖွေလိုခဲ့သည်။ ဒီကိစ္စက ရှီးလင်ဝမ်နှင့် သက်ဆိုင်ကြောင်း ခန့်မှန်းနိုင်သည်မှာ သူ၏နှစ်ပေါင်းများစွာ အရာရှိအဖြစ် လုပ်ကိုင်လာခဲ့ခြင်းက အချီးနှီးမဖြစ်ကြောင်း ပြသလို့နေသည်။

ကံဆိုးသည်မှာ သူသည် မိမိ၏ တန်ဖိုးကို အသိအမှတ် မပြုနိုင်ခြင်းပင်။ ရှိးလင်ဝမ် အလေးထားသည်မှာ နယ်စပ်လေးခုပိုင် ကျန်းပေမြို့စားသာ ဖြစ်လေ၏။

ရှီးလင်ဝမ်သည် ဒီအပေးအယူမှတဆင့် ကျန်းပေမြို့စားကို သူ့သဘောထား အပေါ်တွင် လုံးဝချည်နှောင်ထားလိုခြင်း ဖြစ်လေသည်။ အပေးအယူကို သူသည် ကျန်းပေမြို့စားနှင့်သာ ပြုလုပ်လိမ့်မည်။

"လူတွေက မသေခင်မှာ တစ်ခါလောက်တော့ အမြဲတမ်း စွန့်စားကြည့်ချင်ကြတာပါပဲ"

"အခု မိစ္ဆာတံဆိပ်တုံးက မင်းရဲ့ညီလေးလက်ထဲကို ရောက်သွားလောက်ပြီ ထင်တယ်" မင်ဝမ်က မေးလိုက်၏။

"ဟုတ်တယ်။ ပိုင်ယိချန်က ကျိုယွမ်ဆေးလုံးတစ်လုံးနဲ့ ကျန်းပေမြို့စား လက်ထဲကနေ မိစ္ဆာတံဆိပ်ကို လဲလှယ်သွားခဲ့တယ်" ပိုင်ရှိုးမင်ကနှုတ်ခမ်းကို ကွေးတင်ထားလိုက်ကာ "ကျိုယွမ်ဆေးလုံးက အရင်က မိစ္ဆာဘုရင်လက်ကနေ ထွက်လာခဲ့တာလို့ ကြားတယ်။ လူကို အဆင့်ငါးအထိ တိုးမြင့်ပေးနိုင်တယ်တဲ့။ မိစ္ဆာမျိုးနွယ်တွေ လက်ထဲမှာတောင် အလုံးရေ အနည်းငယ်ပဲ ရှိတာ။ ကြည့်ရတာ မိစ္ဆာမျိုးနွယ်တွေက မိစ္ဆာတံဆိပ်တုံးကို တကယ်လိုချင်နေကြတယ်ပုံပဲ။ သူတို့တိုင်းပြည်ကို ပြန်လည်ထူထောင် ချင်နေတာများလားပဲ"

မင်ဝမ်က ခေါင်းခါပြလိုက်၏။ "တိုင်းပြည်တစ်ခု ထူထောင်ဖို့က ဘယ်လောက်တောင် ခက်ခဲလိုက်သလဲ။ မိစ္ဆာမျိုးနွယ်တွေကို ယဉ်ပါးအောင် လုပ်ဖို့ခက်တယ်။ အစတုန်းက မိစ္ဆာဘုရင် ထွက်ပေါ်လာပြီး မိစ္ဆာမျိုးနွယ်တွေကို နှိမ်နင်းခဲ့တုန်းကတောင် သူက တိုင်းပြည် တစ်ခု ထူထောင်နိုင်ခဲ့တာ မဟုတ်ဘူး"

"ဒါဆိုရင် နောက်ပိုင်း ဘယ်လိုလုပ်ပြီး တိုင်းပြည်ထူထောင် နိုင်သွားခဲ့တာလဲ" ပိုင်ရှိုးမင်က စိတ်ဝင်တစား မေးလိုက်သည်။

"နောက်ပိုင်းတော့ ... သူက ချင်းယွီတောင်က မြေခွေးမိစ္ဆာတစ်ကောင်နဲ့ သိကျွမ်းသွားခဲ့တယ်လေ။ အဲဒီမြေခွေးမိစ္ဆာက သူ့ကို မိစ္ဆာမျိုးနွယ်တွေကို စုစည်းပေးဖို့ ကူညီပေးခဲ့ပြီး နောက်ဆုံးမှာ မိစ္ဆာတိုင်းပြည်ကို ထူထောင်နိုင်ခဲ့တာ။ မိစ္ဆာမျိုးနွယ်တွေ အားလုံးကလည်း သူ့ကိုဘုရင်အဖြစ် ရိုသေလေးစားကြတာပေါ့"

"ဖုဟွမ်က ဒီအတွင်းရေး အကြောင်းအရာတွေကို ဘယ်လိုသိတာလဲ"

မင်ဝမ်ကလည်း လိမ်ညာပြောဆိုလေ့ မရှိချေ။ သို့သော် မြေခွေးမိစ္ဆာနဲ့ ပတ်သက်သည့် ဒီသမိုင်း အပိုင်းအစကို မည်သည့် စာအုပ်ထဲတွင်မှ မှတ်တမ်းတင်ထားခြင်း မရှိချေ။ မိစ္ဆာမျိုးနွယ်တို့၏ စာအုပ်များကိုပင် ပိုင်ရှိုးမင် ဖတ်ရှုခဲ့သော်ငြားလည်း ဒီအပိုင်းကို မတွေ့ခဲ့ရ ပေ။

"ဘာဖြစ်လို့လဲဆိုတော့ ... ငါက အဲဒီမြေခွေးမိစ္ဆာကို သိနေလို့ပေါ့"

"ဒီလိုကိုး" ပိုင်ရှိုးမင်ကလည်း ဆက်ပြီးမမေးလိုက်တော့ချေ။

သားဖြစ်သူက ရုတ်တရက် အေးစက်သွားသည်ကို မြင်လိုက်သောအခါ မင်ဝမ်သည် မတတ်သာတော့ပဲ ခေါင်းခါလိုက်ရတော့သည်။ သူသည် မိစ္ဆာမျိုးနွယ်အပေါ် ရန်လိုစိတ် များစွာမရှိသလို မိစ္ဆာမျိုးနွယ်များနှင့်လည်း ပေါင်းသင်းဆက်ဆံခဲ့သည့် အတိတ်ကိုဖုံးကွယ် ထားလေ့မရှိချေ။ သူနှင့်မိစ္ဆာမျိုးနွယ်တို့ ရန်သူဖြစ်ရခြင်းမှာ ရပ်တည်ချက် ကွဲပြားခြင်း ကြောင့်သာပင်။

သို့သော်ငြား ပိုင်ရှိုးမင်၏ မိစ္ဆာမျိုးနွယ်အပေါ် မလိုမုန်းတီးမှုသည် ငယ်စဉ်က အတွေ့အကြုံများမှ မြစ်ဖျားခံ လာခဲ့ခြင်းဖြစ်၏။ ထိုအတိတ်သည် သူ့အတွက် အလွန်နက်ရှိုင်းစွာ စွဲထင်ကျန်ရစ်နေခဲ့ပြီး ကျန်ရစ်ခဲ့သည့် ဒဏ်ရာ အမာရွတ်ကလည်း သူ့ဘဝတွင် ပျောက်ကင်းနိုင်တော့မည် မဟုတ်ပေ။

ရှီးလင်ဝမ်ကလည်း ပိုင်ရှိုးမင်၏ ကလေးဘဝ အတွေ့အကြုံကို လုံးဝဂရုမစိုက်ခဲ့သောကြောင့်သာ ယခုအချိန်တွင် သူ့ကိုပြန်ခေါ် ရဲခဲ့ခြင်းဖြစ်လေသည်။

သို့မဟုတ်လျှင်လည်း ယခုလက်ရှိ ပိုင်ရှိုးမင်သည် သူ ကြောက်ရွံ့ဖို့ မထိုက်တန်ဟု ထင်မြင်နေခြင်းလည်း ဖြစ်နိုင်ပေသည်။

တချို့လူများကတော့ မိမိကိုယ်ကို ဉာဏ်ကောင်း လွန်းကြသည်ဟု ထင်မှတ်တတ်ကြ၏။

မင်ဝမ်က သူ့အတွေးများကို ပြန်ရုပ်သိမ်းထားလိုက်ပြီး သက်ပြင်းချလိုက်ကာ "မင်း ဒီတစ်ခေါက်သွားတာ ဘယ်တော့မှ ပြန်လာနိုင်မှာလဲ မသိဘူး"

အလုပ်ကြိုးစားလှသည့် သားဖြစ်သူက ထွက်သွားရတော့မည်။ ရှန့်ကျင်းတွင် လစာသာယူပြီး အလုပ်မလုပ်ချင်သည့် ချင်ဟန်တစ်ယောက်သာ ကျန်ရစ်ခဲ့သည်တွင် မင်ဝမ်သည် ပိုလို့ပင် ခေါင်းကိုက်လာ လေတော့၏။ သူသည် ဒီအသက်အရွယ် ရောက်နေပြီ ဖြစ်သော်ငြား မင်ကျင့်စီးတွင် သွားရောက်ကာ တာဝန်ထမ်းဆောင် ရဦးမည်တဲ့လား။

ပိုင်ရှိုးမင်ကတော့ အေးစက်စက် ပြောလိုက်တော့သည်။ "ရှီးလင်ရဲ့ ဆောင်းရာသီက စိုစွတ်ပြီးတော့ အေးတယ်။ တိုက်တဲ့လေလည်း ပြင်းတယ်တဲ့။ ကျွန်တော် ဆောင်းမဝင်ခင် ဒီကိစ္စကို အပြီးလုပ်လိုက်ပါ့မယ်"

သားဖြစ်သူက ဤသို့ပြောလာသည်ကို ကြားလိုက်ရသည်တွင် မင်ဝမ်သည် နောက်ဆုံးတော့ ကျေနပ်သွားလေတော့သည်။ "ဒါဆိုရင်လည်း မြန်မြန်သွားပြီးတော့ မြန်မြန်ပြန်လာခဲ့"

"သိပါပြီ" ပိုင်ရှိုးမင်ကလည်း ထရပ်ကာ ထွက်ခွာသွား လေတော့သည်။

ဆောင်းလယ်ပွဲတော် မတိုင်မီတွင် တစ်ရက်အလိုတွင် အားချန်သည် ပြီးခဲ့သည့်ရက်အတွင်း ရှန်းဟွေရွှယ်ကို ထပ်မတွေ့ရတော့ချေ။ သူမသည် လီမြို့စား၏ ရှီဇီကို ပြောဆိုစည်းရုံးနိုင်ခြင်းမရှိဟု ထင်မှတ်ခဲ့သော်ငြားလည်း မွန်းလွဲပိုင်းသို့ ရောက်လာသည်နှင့် သူမသည် မြင်းလှည်းတစ်စီးဖြင့် ဆိုင်ထဲသို့ရောက်ရှိလာခဲ့၏။

"ရှင် မလာတော့ ဘူးလို့တောင် ထင်နေတာ" အားချန်သည် ရှန်းဟွေရွှယ်ကို ကြိုဆိုကာ ရှေ့သို့လျှောက်သွားလိုက်ပြီး အနားသို့ရောက်လာသည်တွင် သူမ၏မျက်နှာမှာ သိပ်မကောင်းပဲ အနည်းငယ် ပင်ပန်းနွမ်းနယ်နေပုံ ရသည်ကိုတွေ့လိုက်ရ၏။

"ရှင် နေမကောင်းဘူးလား" အားချန်က မေးလိုက်၏။

ရှန်းဟွေရွှယ်က ခေါင်းခါပြလိုက်ကာ နေမကောင်းတာ မဟုတ်ပါဘူး။ ဒီရက်ပိုင်းမှာ နည်းနည်းလေး ပင်ပန်းနေလို့ပါ"

ကျန်းကျင့်ဟိုင် စေ့စပ်ပြီး ဒုတိယနေ့တွင် သူမက အကြောင်းပြချက်ရှာကာ အိမ်တော်သို့ ပြန်ခေါ်ခဲ့လေသည်။ သူမသည် နည်းလမ်းပေါင်းစုံကို သုံးခဲ့ပြီး နောက်ဆုံးတွင်တော့ သူ၏ သဘောတူညီချက်ကို ရရှိလာခဲ့၏။

သို့သော်ငြား သူမက ကျန်းကျင့်ဟိုင်ကို လိုက်ပို့သည့် အချိန်တွင်တော့ တံခါးဖွင့်လိုက်သည်နှင့် သူ၏ စေ့စပ်ထားသည့် ဇနီးလောင်းလေးနှင့် တွေ့ဆုံလေတော့သည်။

မြို့စားအိမ်တော်မှ တစ်စုံတစ်ယောက်က ထိုမိန်းကလေးကို သူမ ရှိနေကြောင်း သိစေလိုသဖြင့် တမင်တကာ ထုတ်ဖော်လိုက်ခြင်း ဖြစ်ပေမည်။

ရှန်းဟွေရွှယ်သည် ထိုအချိန်က အဖြစ်အပျက်ကို ပြန်ပြီး မတွေးတောချင်တော့ပေ။ သူမ မှတ်မိနေသည်မှာ ထိုလက်ထောက် ဝန်ကြီးအိမ်တော်မှ သခင်မလေးသည် ဘာစကားတစ်ခွန်းမှ မပြောဘဲ ထွက်ခွာသွားခဲ့ပြီး ကျန်းကျင့်ဟိုင်သည်လည်း နောက်မှလိုက်ကာ ပျောက်ကွယ်သွားခဲ့ခြင်းပင်။

သတင်းသည် မြို့စားအိမ်တော်သို့ လျင်မြန်စွာ ပြန်ရောက်သွားခဲ့ပြီး ထိုနေ့တွင်ပင် မြို့စားကတော်သည် အထိန်းတော်ကြီး နှစ်ဦးကိုစေလွှတ်ကာ သူမကို စည်းကမ်း သင်ကြားပေးရန် ပြောကြားခဲ့၏။ ဒီရက်ပိုင်းတွင် သူမသည် မနက်မှအထိ ထိုအထိန်းတော်နှစ်ဦး၏ ဆုံးမမှုကိုခံနေရသဖြင့် အပြင်ထွက်ရန် အချိန်လုံးဝမရခဲ့ချေ။

ယနေ့ ကျန်းကျင့်ဟိုင် ရောက်လာသောကြောင့်သာ သူမသည် အသက်ရှူချောင် သွားခဲ့ခြင်း ဖြစ်တော့သည်။

အားချန်၏ မျက်လုံးထဲက စိုးရိမ်ပူပန်စိတ်ကို မြင်လိုက်ရသောအခါ ရှန်းဟွေရွှယ်က သူမ၏လက်ကို ပြန်ပြီးလှုပ်ယမ်းပြ လိုက်ကာ "တကယ် ဘာမှမဖြစ်ပါဘူး။ ဒီရက်ပိုင်း ရှီဇီက စေ့စပ်လိုက်တော့ မြို့စားအိမ်တော်က တချို့လူတွေက ကျွန်မကို သဘောမကျ နိုင်ကြတော့ဘူးလေ။ ရှန့်ကျင်းကနေ ထွက်သွားပြီးရင် အဆင်ပြေသွားမှာပါ"

အားချန်သည် နှုတ်ခမ်းထောင့်လေးကို တွန့်ချိုးထားလိုက်ပြီး ထိုအကြောင်းကို ဆက်ပြီး မပြောလိုက်တော့ချေ။

ရှန်းဟွေရွှယ်က အားချန်ကို ပြောလိုက်၏။ "ကျွန်မ ရှီဇီနဲ့ ပြောပြီးသွားပြီ။ သဘက်ခါ မနက်၉နာရီမှာ ထွက်ခွာမယ်။ အဲဒီအချိန်ကျရင် ကျွန်မ ရှင်နဲ့ ဟွေ့ညန်ကို လာခေါ်မယ်နော်"

"ကောင်းပြီလေ။ ဒါဆိုရင် ကျွန်မ အိမ်မှာ စောင့်နေမယ်"

ရှန်းဟွေရွှယ်သည် ပြောပြီးသွားသောအခါ တစ်ခုခုကို သတိရသွားဟန်ဖြင့် မြန်မြန်ထပ်ပြောလိုက်၏။ "ဟုတ်သားပဲ။ ရှီဇီက ကျွန်မကို ပြောတယ်။ ဒီတစ်ခေါက် သူ ရှီးလင်ဝမ် အိမ်တော်က အာ့ကုန်းဇီနဲ့ အတူတူ ရှီးလင်ကို ပြန်မှာတဲ့။ ဒါပေမဲ့ ရှီဇီက သူတို့နှင့်သိပ်မရင်းနှီးဘူး။ စဉ်းစားကြည့်တော့ လမ်းခရီးမှာလည်း ဘာမှပတ်သက်စရာတော့ ရှိမှာမဟုတ်ပါဘူး"

အားချန်သည် ထိုအကြောင်းကို ကြားလိုက်ရပြီးနောက် စိတ်ထဲတွင်မထားဘဲ နားလည်ကြောင်း ပြသသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်တော့သည်။

ရှန်းဟွေရွှယ်က ယနေ့တွင် တခြားကိစ္စများ ရှိနေပုံရပြီး အားချန်ထံတွင် ကြာကြာမနေနိုင်ချေ။ ကိစ္စများကို ပြောဆိုပြီးသည်နှင့် သူမက ချန်ဟွေ့ ထုပ်ပိုးပေးလိုက်သည့် မုန့်ဖုတ်ဖိုထဲက ထုတ်လာကာစ လမုန့်ကိုဆွဲကာ မြန်မြန်ပြန် သွားလေတော့သည်။

သူမ ထွက်သွားပြီးနောက်တွင် ချန်ဟွေ့က အားချန်ဘေးတွေရပ်ကာ တိုးညှင်းစွာပြောလိုက်၏။ "သူ မြို့စား အိမ်တော်မှာ နေရတာ အခြေအနေ သိပ်မကောင်းလှဘူး ထင်တယ်"

သူတို့နှစ်ဦး ပြောဆိုခဲ့သည့် စကားများကို ချန်ဟွေ့က ကြားသိခဲ့သော်ငြားလည်း ရှန်းဟွေရွှယ် အနေခက်သွားမည်ကို စိုးရိမ်သဖြင့် မကြားချင် ဟန်ဆောင်ခဲ့ခြင်းပင်။

"လူတွေက အမြဲတမ်း ဟန်ဆောင်တက်ပြီး လောဘကြီးတယ်။ သူတို့က မိစ္ဆာတွေရဲ့ အလှတရားကို တပ်မက်ကြပေမယ့်လည်း မိစ္ဆာတွေရဲ့ ဂုဏ်ပုဒ်က သူတို့နဲ့ မထိုက်တန်ဘူးလို့လည်း ထင်ကြတယ်" အားချန်က လှည့်ထွက်သွား၏။ "ဒီလိုလူမျိုးက မကြာခင်မှာပဲ သူ့ရဲ့မာနအတွက် ပြင်းထန်တဲ့ ပေးဆပ်မှုတွေကို လုပ်ရလိမ့်မယ်"

ချန်ဟွေ့သည် အားချန်ကို လှည့်ကြည့်လိုက်သည်တွင် သူတို့ ပြောဆိုနေသည်မှာ ရှန်းဟွေရွှယ် တစ်ယောက်တည်းကို ရည်ညွှန်းခြင်း မဟုတ်သလို အလိုလိုခံစားနေမိ၏။

ခရီးမထွက်ခင် တစ်ရက်အလိုတွင် အားချန်နှင့် ချန်ဟွေ့တို့သည် ချူံမင်ဖန်း ရပ်ကွက်သို့ ပြန်လာခဲ့ကြပြီး အိမ်တွင်တစ်ခုတည်းသော သက်ရှိဖြစ်သည့် ထိုမြင်းများကို လင်းစွေ့၏ အိမ်တွင် အပ်နှံထားခဲ့လိုက်တော့၏။

လင်းစွေ့က သူတို့ ရှီးလင်ကို သွားမည်ဟု ကြားလိုက်ရသောအခါ အတူလိုက်သွားရန် စိတ်ကူးရမိ သော်ငြားလည်း ဖြစ်ချင်တော့ သူမသည် ယခုအချိန်တွင် ကျင့်ကြံခြင်း၏ အရေးအကြီးဆုံး အဆင့်ကို ရောက်နေသဖြင့် ရှန့်ကျင်းမှ ထွက်ခွာလို့မရဘဲ မတတ်သာတော့ဘဲ လက်လျှော့လိုက် ရလေတော့သည်။

နောက်တစ်နေ့ မနက်စောစောတွင် မိုးလင်းလာသည်နှင့် ချက်ချင်း အားချန်ကို ချန်ဟွေ့က လာနှိုးလေတော့သည်။ သူမသည် နောက်ဖေးခြံတွင် မျက်နှာသစ်နေစဉ် ချန်ဟွေ့ကတော့ သူတို့နှစ်ယောက်၏ ခရီးဆောင်အိတ်များကို တံခါးဝသို့ ရွှေ့ပြောင်းထားပြီးဖြစ်ကာ တခြားအထုပ်ကြီး တစ်ထုပ်ထဲတွင်လည်း အစားအသောက်များကို ထည့်ထားလိုက်၏။

မနက်၇နာရီတွင် မြို့စားအိမ်တော်၏ အမှတ်တံဆိပ်ပါသည့် မြင်းလှည်းနှစ်စီးသည် ဆိုင်ခန်းအပြင်ဘက်တွင် ရပ်တန့်လာခဲ့လေသည်။

ချန်ဟွေ့က ခရီးဆောင်အိတ်များကို အနောက်ဘက်က မြင်းလှည်းပေါ်သို့ တင်လိုက်ပြီးနောက် နှစ်ဦးသားက ပထမမြင်းလှည်းပေါ်သို့ တက်လိုက်ကြ၏။

ဒီမြင်းလှည်းသည် အလွန်ကျယ်ဝန်းပြီး လူသုံးဦး ထိုင်နေသော်ငြားလည်း နေရာကတော့ ချောင်ချောင်ချိချိပင်။

ရှန်းဟွေရွှယ်သည် အားချန်ကို ဆွဲခေါ်လိုက်ကာ စားပွဲပုလေးဘေးတွင် ထိုင်ခိုင်းလိုက်ပြီး စားပွဲပေါ်တွင် အသားပေါက်စီတစ်ပန်းကန်ကို တင်ထားလေသည်။

အားချန်က ကြည့်လိုက်သည်ကို မြင်လိုက်သောအခါ သူမကလည်း ပြုံးပြလိုက်ပြီး "ရှင် မနက်စာ မစားရလောက်သေးဘူးလို့ ကျွန်မထင်လို့ လမ်းမှာ အသားပေါက်စီ ရောင်းကောင်းတဲ့ ဆိုင်တစ်ဆိုင်တွေ့တာနဲ့ မြည်းစမ်းကြည့်ဖို့ နည်းနည်းလောက် ဝယ်လာခဲ့တာ"

မြင်းလှည်းအပြင်ဘက်တွင် မြင်းနှစ်ကောင်သည် မြင်းလှည်းကိုဆွဲကာ အနောက်တံခါးဆီသို့ ဦးတည်ကာ သွားနေလေ၏။ မြင်းလှည်းအတွင်းတွင်တော့ လူနှစ်ဦးသည် အသားပေါက်စီများကို အရသာရှိစွာ စားသုံးနေကြလေသည်။

မြင်းလှည်းသည် မြို့တံခါးမှ ထွက်ခွာသွားပြီး အပြင်ဘက်က မြင်းလှည်းမောင်းသမား၏ အသံကိုကြားလိုက်ရမှသာ ရှန်းဟွေရွှယ်သည် ပြတင်းပေါက် ခန်းဆီးကို မပြီး အပြင်ဘက်သို့ ခေါင်းပြုကာ ကြည့်လိုက်လေသည်။

ကျန်းကျင့်ဟိုင်က မည်သည့်အချိန်က ရောက်နေမှန်း မသိချေ။ သူသည် အဝေးတစ်နေရာတွင် မြင်းပေါ်တွင် ထိုင်နေသည့် နောက်ထပ်လူတစ်ဦးနှင့် စကားပြောဆို နေလေသည်။ ထိုလူ၏ရုပ်ရည်ကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ ရှန်းဟွေရွှယ်၏ မျက်လုံးထဲတွင် ထိတ်လန့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားတော့၏။

"ဘာဖြစ်လို့လဲ" အားချန်က သူမ၏အမူအရာ ပုံမှန်မဟုတ်သည်ကို မြင်လိုက်ရသောအခါ စူးစမ်းလိုစိတ်ဖြင့် အပြင်ဘက်သို့ ခေါင်းပြူကာ ကြည့်လိုက်တော့သည်။

ထိုနောက်တွင်တော့ ပိုင်ရှိုးမင်ကို တွေ့လိုက်ရသည်တဲ့လား။

...

All Chapters