အဖွဲ့ထဲတွင် မောက်မာသူ တစ်ယောက်သာ ရှိရမည် ...
Vol. 9 Ch. 85
ပိုင်ရှိုးမင်သည် ပြတင်းပေါက်ဘက်သို့ ကိုယ်ကိုဘေးတစောင်း လှည့်ထားပြီး အနက်ရောင် လက်ကျဉ်းအင်္ကျီနှင့် သိုင်းဝတ်စုံကို ဝတ်ထားကာ ခါးတွင်အနီရင့်ရောင် ခါးပတ်ကို ပတ်ထားပြီး သူ၏ ကိုယ်ဟန်အမူအရာမှာ ထူးကဲပြောင်မြောက်လှပေသည်။
အားချန်၏ စူးရှတောက်ပသည့် အကြည့်များကြောင့် ဖြစ်နိုင်သည်။ ထိုလူက နောက်ဆုံးတော့ လှည့်ကြည့်လာခဲ့၏။
ကျန်းကျင့်ဟိုင် မိသားစုဝင်များ လိုက်ပါလာသော လှည်းထဲတွင် ကျိချန်ကို တွေ့လိုက်ရခြင်းက သူ့ကို မျှော်လင့်မထားမိအောင် ဖြစ်ရစေတော့သည်။
ပိုင်ရှိုးမင်က လှမ်းကြည့်လာသည်ကို တွေ့လိုက်ရသည်တွင် အားချန်၏ မျက်နှာတွင်လည်း အံ့ဩမှုများအပြည့် ဖြစ်သွားပြီး သူမက သူ့ကို လက်ဝှေ့ယမ်းပြလိုက်ကာ အလွန်နွေးထွေးစွာဖြင့် နှုတ်ဆက်လိုက်၏။ "လူကြီးမင်းပိုင် တိုက်ဆိုင်လိုက်တာနော်"
ပိုင်ရှိုးမင်က သူ့မြင်းကို မြင်းလှည်းနားသို့ မောင်းနှင်လာခဲ့သည်။ ထိုအခြေအနေကို မြင်လိုက်သည်တွင် ရှန်းဟွေရွှယ်က မြင်းလှည်းပြတင်းပေါက်၏ အဝေးဆုံးနေရာသို့ အသာလေးရွှေ့သွားပြီး ပြတင်းပေါက်နားက နေရာကို အားချန်အတွက် ချန်ထားပေးလိုက်၏။
"ပိုင်လူကြီးမင်း ရှင်က လီမြို့စားကြီးရဲ့ ရှီဇီကို လာပို့တာလား" အားချန်က လက်တစ်ဖက်ကို ပြတင်းပေါက်ဘောင်ပေါ် တင်ထားပြီး မြင်းပေါ်က ယောက်ျားကို မော့ကြည့်ကာ စကားပြောလိုက်သည်။ သူမ၏ ဖြူစင်ဝင်းပသည့် မျက်နှာလေး ပေါ်တွင်လည်း စူးစမ်းလိုစိတ်များ အပြည့်ဖြစ်နေတော့၏။
"မဟုတ်ဘူး" သူက ပြန်မေးလာခဲ့သည်။ "မင်းက ဒီမှာ ဘာလုပ်နေတာလဲ"
"ကျွန်မ ရှီးလင်ကို သွားမလို့လေ" အားချန်ကလည်း ဖုံးကွယ်မထားဘဲ ပြန်ဖြေလိုက်ပြီးနောက် သူမ၏မျက်လုံး များကလည်း လင်းလက်သွားတော့သည်။ "ရှင်လည်း ရှီးလင်ကို သွားမလို့လား"
"အင်း"
"ကျွန်မတို့တွေ တကယ်ရေစက် ပါတယ်နော်"
သူတို့နှစ်ယောက် စကားပြောနေစဉ်မှာပင် အစောင့်အရှောက် တချို့က ရှေ့ကလမ်းဖွင့်ပေးပြီး အနောက်ဘက်တွင် မြင်းလှည်းဆယ်စီး ကျော်ကျော်ပါရှိသည့် ရှည်လျားလှသည့် ယာဉ်တန်းကြီးသည် မြို့ထဲမှ ထွက်ခွာလာခဲ့လေသည်။
ထိုယာဉ်တန်းသည် မြို့အပြင်ဘက်မှ ကွင်းပြင်ကျယ်ကြီးတစ်ခုတွင် ရပ်တန့်လိုက်၏။ သူတို့နှင့်သိပ်မဝေးလှဘဲ အားချန်၏ မြင်ကွင်းထဲသို့ ကွက်တိဝင်ရောက်လို့နေသည်။
အားချန်သည် ယာဉ်တန်း ရပ်တန့်သွားသည်ကို မြင်လိုက်ရပြီးနောက် ထိုယာဉ်တန်းများထဲက အခမ်းနားဆုံး လှည်းထဲက အမျိုးသားတစ်ယောက် ထွက်လာပြီး အနောက်ဘက် မြင်းလှည်းထဲက အမျိုးသမီးတစ်ယောက် ထပ်မံထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။
အမျိုးသားကတော့ အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းရိုးတံ ယပ်တောင်ကို ကိုင်ဆောင်ထားကာ ချောမောခန့်ညားသည့် ကုန်းဇီ တစ်ဦး၏ ပုံစံမျိုးရှိလေသည်။
သူမသည် ဒီလူကို မှတ်မိနေသေးသည်။ ရှီးလင်က အဖွဲ့သားများ ရှန့်ကျင်း မြို့ထဲသို့ ဝင်ရောက်လာချိန်က သူမသည် လမ်းဘေးတွင် ဒီလူ၏ ဘေးတစောင်းပုံရိပ်ကို မြင်တွေ့ခဲ့ဖူးလေသည်။ ပိုင်ရှိုးမင်နှင့် အနည်းငယ် ဆင်တူသောကြောင့် မှတ်ဉာဏ်ထဲတွင် ဆွဲထင်နေခဲ့ခြင်းဖြစ်၏။
သို့သော်ငြား မျက်နှာချင်းဆိုင် ကြည့်လိုက်သောအခါ နှစ်ယောက်၏ ရုပ်ရည်သည် အမှန်တွင်တော့ သိပ်ပြီးမတူညီလှချေ။ အားချန်က ဘယ်ညာ နှစ်ဖက်စလုံးကို ကြည့်လိုက်ပြီး တိကျသည့် ကောက်ချက်တစ်ခု ချလိုက်တော့၏။ ပိုင်ရှိုးမင်ရဲ့အမေက သူ့ညီရဲ့အမေထက် အများကြီးပိုချောမှာ သေချာတယ်။
ပိုင်ရှိုးမင်၏ညီ နောက်မှလိုက်ပါလာသည့် အနီရောင်ဝတ် အမျိုးသမီးကတော့ သူတို့မြို့တော်သို့ ဝင်ရောက်လာသည့်နေ့တွင် အားချန်က တွေ့မြင်ခဲ့ဖူးလေသည်။ ထိုအချိန်က နှစ်ယောက်သားသည် မြင်းလှည်းတစ်စီးထဲတွင် အတူတူ ထိုင်နေခဲ့ကြခြင်းဖြစ်၏။
"အစ်ကိုတော်" ပိုင်ယိချန်သည် အနားသို့လျှောက်လာပြီး ပိုင်ရှိုးမင်ကို လက်နှစ်ဖက် ယှက်ကာ အရိုအသေ ပေးလိုက်လေသည်။
သူနောက်က အမျိုးသမီးကလည်း ပိုင်ရှိုးမင်ကို မြင်လိုက်ရသည်တွင် မျက်ဝန်းထဲ၌ အံ့အားသင့်သွားသည့် အမူအယာ တစ်ချက်ဖြတ်ပြေးသွားပြီး ပိုင်ရှိုးမင်က လှမ်းကြည့်လာသည့်တွင် အနည်းငယ် ရှက်သွေးဖြန်း သွားကာ ခေါင်းကိုငုံ့ထားလိုက်ပြီး တိုးညှင်းစွာ နှုတ်ဆက်လိုက်၏။ "ရှီဇီ"
ပိုင်ရှိုးမင်သည် မြင်းပေါ်တွင် မားမတ်စွာ ထိုင်နေပြီး သူရှေ့က လူနှစ်ယောက်ကို မျက်လုံးများနှိမ့်ချကာ ကြည့်လိုက်ပြီး သြဇာသံ အပြည့်ဖြင့် မေးလိုက်၏။ "ကိစ္စရှိလို့လား"
ပိုင်ယိချန်ကတော့ သူ၏အေးစက်စက် ဆက်ဆံရေးကို လုံးဝဂရုမစိုက်ဟန် မတူဘဲ ပိုင်ရှိုးမင်ကို ပြောလိုက်လေသည်။ "အစ်ကိုတော် ဒီတစ်ယောက်က ရှန်းမျိုးနွယ်ရဲ့တရားဝင်သမီး ရှန်းယင့်ကျူပါ"
ထိုနောက်တွင်တော့ သူသည် ရှန်းယင့်ကျူဘက်သို့ ကိုယ်ကို စောင်းကာ ပြောလိုက်၏။ "ယင့်ကျူ ဒါက ငါ့အစ်ကိုကြီးပဲ။ မြန်မြန်လာပြီးတော့ ဂါရဝပြုလိုက်အုံးလေ"
ရှန်းယင့်ကျူသည် နာခံစွာဖြင့် ရှေ့သို့တစ်လှမ်းတိုးလာခဲ့၏။ "ရှန်းမျိုးနွယ်က ယင့်ကျူ ရှီဇီကို ဂါရဝပြုပါတယ်"
ရှန်းယင့်ကျူ ... ဟွေရွှယ်နဲ့ မျိုးရိုးနာမည် တူနေတာပဲ။ သူတို့တွေအမျိုး တော်ကြမယ် ထင်တယ်။
အားချန်သည် ခေါင်းကိုလှည့်လိုက်ကာ ရှန်းဟွေရွှယ်ကို တစ်ချက်ကြည့်လိုက်၏။ သူမတွင် မျိုးနွယ်တူ ညီအစ်မနှင့် နှုတ်ဆက်ရန် အစီအစဉ်မရှိဘဲ ဘေးတွင်သာ ဆက်လက်ထိုင်နေဆဲပင်။
ကြည့်ရတာ နှစ်ယောက်သား ဆက်ဆံရေးက တော်တော်ဆိုးပုံပဲ။ အားချန်က တွေးလိုက်၏။
ပိုင်ရှိုးမင်းသည် ရှန်းယင့်ကျူကို တစ်ချက်သာကြည့်လိုက်ပြီး အကြည့်ကို လွှဲလိုက်ကာ ထိုသူနှင့် သိကျွမ်းအောင် လုပ်ရန် အစီအစဉ်မရှိချေ။
သူ၏အေတိအေးစက် အပြုအမူကို မြင်လိုက်ရသည်တွင် ပိုင်ယိချန်၏ နှုတ်ခမ်းတောင့်မှ အပြုံးသည် အေးခဲသွားတော့၏။ သူ့မှာ မတတ်သာတော့ဘဲ အရင်ဆုံး ဦးဆောင်ကာ ပြောရလေသည်။ "အစ်ကိုတော် ယင့်ကျူက မိန်းကလေး တစ်ယောက်တည်း အဖွဲ့ထဲမှာတော်တော် အထီးကျန်နေမှာ။ လီမြို့စားကြီးရဲ့ ရှီဇီကလည်း အိမ်ကမိန်းကလေး မိသားစုဝင်ကို အတူခေါ်လာတယ်လို့ ကြားတယ်။ သူတို့တွေက မျိုးနွယ်တူ ညီအစ်မတွေပဲ မဟုတ်လား။ ယင့်ကျူက အစ်ကိုတော်ရဲ့အဖွဲ့အနောက်က လိုက်ခဲ့လို့ အဆင်ပြေမလား မသိဘူး"
ဒီအချိန်တွင် ကျန်းကျင့်ဟိုင်သည်လည်း ရောက်ရှိလာပြီး ညီအစ်ကိုနှစ်ဦး၏ စကားဝိုင်းကို ကြားလိုက်ရလေသည်။
သူက ရှန်းယင့်ကျူကို နည်းနည်း မှတ်မိသလိုတော့ရှိပါရဲ့။ အဖွဲ့ထဲမှာ လူတစ်ယောက်ပိုလာတာက သူ့အတွက် အခက်အခဲတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ... ဒီလူက ပိုင်ရှိုးမင်ကို ဦးတည်ပြီး လာတာ ထင်ရှားတယ်။ အရင်က ကြားခဲ့ရတဲ့ ကောလဟာလ တွေကိုတောင် သတိရသွားပြီ။ ရှီးလင်ဝမ်က ပိုင်ရှိုးမင်အတွက် စေ့စပ်မယ့် မိန်းကလေး တစ်ယောက် ရှာထားတယ်ဆိုတာ ... ဒီတစ်ယောက်တော့ မဟုတ်လောက်ဘူး များလား။
ပိုင်ရှိုးမင်သည် ချက်ချင်းမဖြေသေးဘဲနဲ့ ပိုင်ယိချန်က ဆက်ပြောနေသည် ကိုသာနားထောင် လိုက်လေသည်။ "အစ်ကိုတော် ရှီးလင်ကို ပြန်ရောက်တာနဲ့ အစ်ကိုနဲ့ ယင့်ကျူက စေ့စပ်ရတော့မှာပဲ။ အခုချိန်မှာ ဘာဖြစ်လို့ ရှောင်ဖယ် နေရသေးတာလဲ"
အားချန်မှာ ပါးစပ်လေး အနည်းငယ်ဟသွားတော့သည်။ ပိုင်ရှိုးမင်က စေ့စပ်တော့ မလို့တဲ့လား။
ဒီအချိန်တွင် ပိုင်ရှိုးမင်က ရုတ်တရက် ခေါင်းလှည့်ကြည့်လာကာ အားချန်ကို မေးလိုက်၏။ "ဒါက ငါ့အတွက် အဆင်ပြေမယ်လို့ မင်း ထင်လား"
အားချန်သည် ရုတ်တရက် စဉ်းစားလိုက် မိတော့သည်။ ဒီလူ ... ငါ့ကိုအသုံးချပြီး လူမောင်းထုတ်ခိုင်း မလို့တော့ မဟုတ်ပါဘူးနော်။
သူမက ခေါင်းလေးကို စောင်းငဲ့ထားလိုက်ကာ မျက်တောင်လေးကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြလိုက်ပြီး သူမနားလည် လိုက်သည့် အဓိပ္ပာယ် ဟုတ်မဟုတ် သူ့ကို ပြန်မေးနေ သယောင်ပင်။
ပိုင်ရှိုးမင်၏ နှုတ်ခမ်းတောင့်မှာ ကော့တက်သွားပြီး သူမ၏ခန့်မှန်းချက် မှန်ကန်ကြောင်း အတည်ပြု ပေးလိုက်သလိုပင်။
နှစ်ယောက်သားက ဘာစကားမှ မပြောကြားခဲ့ သော်ငြားလည်း ဒီလိုမျက်လုံးချင်း ဆက်သွယ်နေမှုကြီးက တခြားသူများ၏ အမြင်တွင်တော့ မျက်စိမှိတ်ပြ မျက်ရိပ်ပြကာ အမူအယာ ပြနေကြသည်နှင့် မခြားချေ။
ရှန်းယင့်ကျူသည် ဒီမြင်ကွင်းကို မြင်လိုက်ရသည်တွင် မျက်ဝန်းထဲ၌ ဒေါသရိပ် တစ်ချက် ဖြတ်ပြေးသွားတော့၏။ သူမသည် ပိုင်ရှိုးမင်အပေါ် စိတ်မဝင်စား သော်ငြားလည်း ဒီလူသည် သူမ၏အနာဂတ် ခင်ပွန်းလောင်း ဖြစ်နေပြီး ယခုအချိန်တွင် သူမ၏ရှေ့တွင်ပင် တခြားမိန်းမတစ်ဦးနှင့် ဒီလို ပရောပရည်ပြုလုပ် နေသည်မှာ ဝမ်ရယ်၏အမိန့်နှင့် သူတို့ရှန်းမိသားစု၏ ဂုဏ်သိက္ခာကို မျက်စိထဲ မထည့်သည်မှာ ထင်ရှားနေတော့သည်။
အားချန်၏ မျက်ဝန်းများက လှုပ်ရှားသွားပြီး မျက်နှာပေါ်တွင် အခက်တွေ့သွားသည့် အမူအယာတစ်ခု ပေါ်လာကာ "ကျွန်မအထင်တော့ ... သိပ်အဆင် မပြေလောက်ဘူး"
"မိန်းကလေးကရော ဘယ်သူလဲ။ အရင်က အစ်ကိုပြောတာ တစ်ခါမှ မကြားမိပါလား"
အစကတော့ ပိုင်ယိချန်သည် အားချန်ကို သတိမထားမိခဲ့ သော်ငြားလည်း အခုအချိန်တွင်တော့ သူမကို စူးစိုက်စွာ တစ်ချက်ကြည့်လိုက်ပြီး သူမ၏ရုပ်ရည်ကို မှတ်သားထားရန် ကြိုးစားနေဟန် တူတော့သည်။
ပြီးခဲ့တဲ့ နှစ်ရက်တုန်းက ကျန်းပေမြို့စားနဲ့ တိတ်တဆိတ်တွေ့တုန်းက ဟိုဘက်က ပြောခဲ့သလိုပါပဲ။ ပိုင်ရှိုးမင်က မိန်းကလေး တစ်ယောက်အပေါ်မှာ တော်တော်လေးကို ထူးထူးခြားခြား ဆက်ဆံပေးတယ်တဲ့။ ဒီတစ်ယောက်များလား။
အားချန်သည် ပိုင်ရှိုးမင်ကို ထပ်မံကြည့်လိုက်ပြီး "ကျွန်မ ဒီနေရာမှာ ရှိတဲ့လူတွေအားလုံးကို စပြီးပစ်မှတ် ထားလိုက်တော့မှာနော်" ဟု အချက်ပြ လိုက်လေသည်။
ပိုင်ရှိုးမင်ကလည်း မျက်ခုံးပြလိုက်ပြီး သူမက အာဏာပြတော့မည်ကို စောင့်ဆိုင်းနေသလိုပင်။
ပိုင်ယိချန်သည် မိန်းကလေးတစ်ဦး၏ ဒီလိုရိုင်းပြစွာ ပြန်ပြောခြင်းကို ပထမဦးဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်လေရာ နှုတ်ခမ်းထောင့်က အပြုံးပင် အနည်းငယ် တောင့်တင်း သွားလေတော့၏။
"ဒါက ရှင်တို့ နှစ်ယောက်က ရင်းနှီးမှုမရှိလို့ ဖြစ်မှာပေါ့" အားချန်ကလည်း မထူးဆန်းသလို ပုံစံဖြင့် ပြောလိုက်၏။
ရှန်းယင့်ကျူသည် အားချန်က ပိုင်ယိချန်အပေါ်ဒီလိုရိုင်းစိုင်းသည်ကို မြင်ရသည်တွင် မျက်ဝန်းထဲတွင် မကျေနပ်သည့်အရိပ်အယောင် ဖြတ်ပြေးသွားသော်ငြားလည်း သူမက အကျိုးအကြောင်း ရှင်းပြဖို့ရန် ကြိုးစားလိုက်သေးသည်။ "ဒီကမိန်းကလေး အာ့ကုန်းဇီက ရှင်နဲ့ကောင်းကောင်းမွန်မွန် စကားပြောနေတာကို ရှင်က ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြောတာက နည်းနည်းတော့ မယဉ်ကျေးရာ ရောက်မနေဘူးလား"
အပြင်ဘက်က ရှန်းယင့်ကျူ၏ စကားကို ကြားလိုက်ရသောအခါ ရှန်းဟွေရွှယ်သည် အားချန်ကို စိုးရိမ်တကြီး ကြည့်လိုက်မိလေသည်။
အားချန်ကလည်း လှောင်ရယ်ကာ ပြောလိုက်၏။ "ရှန်းမိန်းကလေးက တောရွာမှာ နေသားကျပြီး မြို့တော်ရဲ့ စည်းမျဉ်းတွေကို မမြင်ဖူးတာလား။ အဆင့်၁ အရာရှိဖြစ်နေရင်တောင်မှ ကြုံရာမိန်းကလေး တစ်ယောက်ကို နာမည်လိုက် မမေးရဘူး။ ဒါကိုမှ မယဉ်ကျေးတာ လို့ခေါ်တယ်"
ပြောပြီးသွားသည်နှင့် သူမသည် ပိုင်ယိချန်ကို တမင်တကာ ခေါင်းအစခြေအဆုံး ကြည့်လိုက်ပြီးနောက် မျက်ဝန်းထဲက မထီမဲ့မြင် အကြည့်ကို ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်တော့သည်။ "ဒါ့အပြင် ... ဒီက ကုန်းဇီက အရာရှိတောင် မဟုတ်သေးဘူး မလား"
"နင် ရိုင်းလှချည်လား" ရှန်းယင့်ကျူသည် အခိုက်အတန့် စိတ်ထဲက ဒေါသမီးကို မထိန်းနိုင်ဘဲ မျက်နှာတစ်ခုလုံး ဒေါသဖြင့် နီရဲသွားတော့သည်။
"အသံအကျယ်ကြီးနဲ့ ဘာလုပ်နေတာလဲ။ မကြားရတာလည်း မဟုတ်ဘဲနဲ့။ ကြည့်ရတာနဲ့ သိသာတယ်။ ရှန်းမိန်းကလေးက စည်းကမ်းတွေ မသင်ထားဘူးပဲ"
ပိုင်ယိချန်က လေသံ ခပ်လေးလေးဖြင့် ပြောလာတော့သည်။ "ဒီကမိန်းကလေး ရှန်းမိန်းကလေးက ဖုဟွမ်က အစ်ကိုတော်အတွက် ရွေးချယ်ပေးထားတဲ့ စေ့စပ်မယ့် မိန်းကလေးပဲ။ မိန်းကလေး အနေနဲ့ စကားပြောတာ နည်းနည်းယဉ်ကျေး ပေးပါ"
"ကျွန်မက ဘာဖြစ်လို့ ယဉ်ကျေးရမှာလဲ။ သူက ကျွန်မနဲ့ စေ့စပ်မှာမှ မဟုတ်တာ။ ပြီးတော့ ... စေ့စပ်မယ့် မိန်းကလေး ဟုတ်လား မဟုတ်လားဆိုတာ ရှီးလင်ဝမ် ကိုယ်တိုင်ပြောမှ ဖြစ်မှာပေါ့။ ပြောတယ်ဆိုရင်တောင်မှ ပိုင်ရှိုးမင်က သဘောတူမှ ရမှာလေ။ မသိရင် ဒီက ကုန်းဇီကပဲ ရှီးလင်ဝမ် ကျနေတာပဲ။ အပိုတွေ လျှောက်လုပ်နေတယ်"
အားချန်သည် မြင်းလှည်းပေါ်တွင် ထိုင်လျက်ရှိပြီး သူမ၏ ပါးစပ်ငယ်လေးက ထွက်လာသည့် စကားလုံးများကြောင့် အပြင်ဘက်က လူနှစ်ယောက်၏ မျက်နှာမှာ ဖြူရော်သွားကြ လေတော့သည်။
ကျန်ရှိနေသည့် ပတ်ဝန်းကျင်က ကြည့်ရှုနေသူများထဲတွင် အထူးသဖြင့် ကျန်းကျင့်ဟိုင်၏ အားချန်ကို ကြည့်နေသည့် အကြည့်များတွင် အံ့ဩမှု အနည်းငယ် ရောယှက်လို့နေတော့သည်။
ဒီမိန်းကလေးကျိကို ပထမဦးဆုံး တွေ့တုံးက ကြာပန်းဥယျာဉ်ထဲမှာပဲ။
သူထင်တာကတော့ ဒီမိန်းကလေးက သတ္တိမနည်းဘူး။ ကျားမိစ္ဆာ လက်ကနေအလွယ်တကူ လွတ်မြောက်လာပြီး ဘာမှမဖြစ်တာကပဲ တကယ်ကို အရည်အချင်း ရှိနေပြီးသား။ ပိုင်ရှိုးမင်က သူ့ကို ထူးထူးခြားခြား ဆက်ဆံတာလည်း မဆန်းပါဘူး။
အခုမှပဲ သိတော့တယ်။ ဒီမိန်းကလေးက သတ္တိရှိရုံတင် မဟုတ်ဘူး။ စိတ်ဓာတ်ကလည်း မသေးလှဘူးပဲ။
"မိန်းကလေး စကားပြောတာ တော်တော်လေးကို နားဝင်ဆိုးတာပဲ။ ကျွန်မက ဟွေရွှယ်ကို လာရှာတာ။ ရှင် သူ့မြင်းလှည်းကို အပိုင်စီးထားပြီး သူ့ရဲ့ဒီအစ်မ ဝမ်းကွဲအပေါ် ဒီလိုရိုင်းစိုင်းနေတာ ဘယ်သူက စည်းကမ်းမရှိတာလဲ မသိဘူးနော်" ရှန်းယင့်ကျူသည် နောက်ဆုံးတွင်တော့ သင့်တော်သည့် အကြောင်းပြချက် တစ်ခုကို ရှာတွေ့သွားတော့သည်။
အားချန်က ဟွေရွှယ်ကို လှမ်းကြည့်လိုက်သည်တွင် ရှန်းဟွေရွှယ်က သူမကို အဆက်မပြတ် ခေါင်းခါပြနေလေသည်။ သူမနှင့် ရှန်းယင့်ကျူကြားတွင် မည်သို့သော ညီအစ်မသံယောဇဉ်မျိုး ရှိနိုင်ပါမည်နည်း။
အားချန်က ခေါင်းပြန်လှည့်လာခဲ့ပြီး ရှန်းယင့်ကျူကို ကြည့်သည့် အကြည့်တွင် ရန်လိုစိတ်အနည်းငယ် ပါဝင်နေတော့သည်။ တကယ်လို့ ရှန်းယင့်ကျူက ညီအစ်မဝမ်းကွဲဆိုတဲ့ စကားကိုမပြောခဲ့ရင် သူဒီလောက် ဒေါသထွက်မိမှာ မဟုတ်ဘူး။
ရှန်းယင့်ကျူက ရှန်းဟွေရွှယ်ရဲ့ ဘယ်လို ညီအစ်မ ဝမ်းကွဲမျိုးလဲ။ တကယ် အရှက်မရှိတာပဲ !
"ဟွေရွှယ်က ရှန့်ကျင်းမှာ ဒီလောက်နှစ်တွေ အကြာကြီး နေလာတာတောင် ရှင် သူ့ဆီကို စာတစ်စောင် ရေးတာမတွေ့မိပါလား။ အခုကျတော့ သူ့ကို အကြောင်းပြချက် အနေနဲ့သုံးပြီး ညီအစ်မ သံယောဇဉ်တွေ ထူထဲပြနေလိုက်တာ။ ရှန်းမိန်းကလေးရဲ့ ခံစားချက်တွေက တော်တော်လေး စျေးပေါတာပဲနော်"
ရှန်းယင့်ကျူမှာ အေးစက်စွာ ရယ်မောလိုက်တော့သည်။ "ဒါက ကျွန်မတို့ ရှန်းမိသားစုရဲ့အိမ်တွင်းရေးပဲ။ ရှင့်ကို အပင်ပန်းခံပြီး စိတ်ပူစေခိုင်းဖို့ မလိုပါဘူး။ မိန်းကလေးကတော့ အသက်ငယ်ငယ်လေးနဲ့ ဒီလောက် မောက်မာရိုင်းစိုင်းပြီး ယောက်ျားတွေနဲ့ ရှုပ်ရှုပ်ထွေးထွေး လုပ်နေတာ တကယ်ကို အရှက်မရှိတာပဲ !
အားချန်သည် ရုတ်တရက် ပြတင်းပေါက်၏ သစ်သားဘောင်ကို ထုရိုက်လိုက်ပြီး မျက်နှာလေးပေါ်တွင်လည်း ဒေါသများ ပြည်နှက်နေတော့၏။ "ပိုင်ရှိုးမင် မြန်မြန်လူခေါ်ပြီး သူ့ကို ကျွန်မအတွက် ဆွဲထုတ်သွားပေးစမ်းပါ။ ကျွန်မ ကြည့်ရတာ မျက်စိနောက်လာပြီ"
ပိုင်ရှိုးမင်ကလည်း ကျန်းကျင့်ဟိုင်ကို ကြည့်လိုက်လေ၏။ ကျန်းကျင့်ဟိုင်သည် အဓိပ္ပာယ်ကို သဘောပေါက် သွားပြီးနောက် ဘေးကကိုယ်ရံတော်များကို မျက်ရိပ်ပြလိုက် လေတော့သည်။
ထိုကိုယ်ရံတော်များသည် ချက်ချင်းရှေ့သို့ တိုးလာပြီး ထိုလူကို အမှန်တကယ် ဆွဲထုတ်သွား တော့မည်ဟန် ဖြစ်နေတော့သည်။
"နင် သတ္တိရှိရင် လုပ်ကြည့်လေ !" ရှန်းယင့်ကျူသည် ဒီလိုရန်ဖြစ်နေရင်း တစ်ဝက်တစ်ပျက်တွင် ပြိုင်ဘက်ကို အဖွဲ့ထဲက ကန်ထုတ်ပစ်မည့် အရှက်မရှိသော အပြုအမူကို ပထမဦးဆုံးအကြိမ် တွေ့မြင်ဖူးခြင်းပင်။
အားချန်ကလည်း မေးကိုချီထားလိုက်ကာ "ဒါပေါ့။ ကျွန်မ သတ္တိရှိတာပေါ့။ ရှင်ပြော တဲ့စကားတခွန်း ကတော့ မှန်တယ်။ ကျွန်မက မောက်မာရိုင်းစိုင်းတာ။ ဒီအဖွဲ့ထဲမှာ မောက်မာတဲ့ လူတစ်ယောက်ပဲ ရှိရမယ်ဆိုရင် အဲဒါက ကျွန်မပဲ"
ကိုယ်ရံတော်များက ရှေ့တိုးလာသည်ကို မြင်ရသောအခါ ပိုင်ယိချန်သည် လက်ကိုမြောက်ကာ ရှန်းယင့်ကျူကို ကာကွယ် ပေးထားလိုက်ပြီး စိတ်ထဲတွင် လေးပင်စွာ သက်ပြင်းတစ်ချက် ချလိုက်လေသည်။ သူ နောက်ဆုံးတော့ သဘောပေါက်သွားပြီ။ ပိုင်ရှိုးမင် ခေါ်လာတဲ့ ဒီမိန်းမက ယဉ်ကျေးမှုမရှိ အဆုံးအမ မရှိတဲ့အပြင် ဂုဏ်သိက္ခာကိုလည်း လုံးဝထည့်မတွက်တတ်ဘူးပဲ။
တစ်ဖက်က ကျိုးကြောင်းမဲ့စွာ ပြုမူနိုင်သော်ငြားလည်း ရှန်းယင့်ကျူကတော့ နာမည်ကောင်းကို လိုအပ်နေသေးသည်။
သူသည်လည်း လူအများရှေ့တွင် ပိုင်ရှိုးမင်နှင့်မျက်နှာချင်းဆိုင် ရန်ဖြစ်လို့မဖြစ်ပေ။ ယခုအချိန်တွင် ရှန်းယင့်ကျူကို ခေါ်ပြီးပြန်သွား ရန်သာရှိတော့သည်။
သို့သော်ငြား ဒီလို အရှက်ရဖွယ် ထွက်ခွာသွားခြင်းက ပိုင်ယိချန်၏ စရိုက်လက္ခဏာနှင့် အမှန်ပင် မကိုက်ညီလှချေ။ သူ့မျက်နှာတွင် ဝမ်းနည်းနေသည့် အမူအယာ အနည်းငယ်ပေါ်လာပြီး စကားစ ပြောလိုက်တော့၏။ "အစ်ကို ကျွန်တော် သိ ..."
သူ့စကား မဆုံးသေးခင်မှာပင် အားချန်သည် ရုတ်တရက် မြင်းလှည်းပေါ်ထဲက ထွက်လာတော့သည်။
သူမက မြင်းလှည်းပေါ်တွင် ရပ်လိုက်ပြီး ပိုင်ရှိုးမင်ဘက်သို့ လက်ဖြန့်လိုက်ကာ အမိန့်ပေးသလိုလို ချွဲနွဲ့နေသလိုလို လေသံဖြင့် ပြောလိုက်၏။ "ပိုင်ရှိုးမင် ကျွန်မ မြင်းစီးချင်တယ်"
ထိုနောက်တွင်တော့ ပိုင်ရှိုးမင်ကလည်း မြင်းခေါင်းကို လှည့်ကာ အားချန်၏ ဘေးသို့ ရောက်ရှိလာပြီး ကိုယ်ကိုအနည်းငယ် ကိုင်းကာ လက်ဆန့်ပြီး သူမ၏ခါးလေးကို သိုင်းဖက်ရင်း လူကိုမြင်းကျောပေါ်သို့ ပွေ့တင်လိုက်တော့သည်။ ပိုင်ယိချန်ကို တချက်မျှပင် လှည့်မကြည့်ဘဲ လျစ်လျူရှုခြင်းဟူသည့် အဓိပ္ပာယ်ကို ကောင်းစွာသရုပ်ဖော် ပြသွားလိုက်လေတော့သည်။
ကျန်းကျန့်ဟိုင်သည် ပိုင်ယိချန်၏ မျက်နှာထားမှာ အလွန်ကြည့်ရ ဆိုးနေသည်ကို မြင်လိုက်သောကြောင့် ထိုသူကို မျက်နှာသာ ပေးသည့်အနေဖြင့် ပြောလိုက်ရတော့၏။ "အာ့ကုန်းဇီ ကျွန်တော်တို့ ထွက်ခွာတော့မလို့ ခင်ဗျားလည်း ပြန်ပါတော့"
ပိုင်ယိချန်သည် ပိုင်ရှိုးမင်၏ ကျောပြင်ကို စူးစိုက်စွာတစ်ချက် ကြည့်လိုက်ပြီး အရှက်ရခြင်း မရခြင်းကို ဆက်မတွေးနိုင်တော့ဘဲ ကိုယ်ကိုလှည့်ကာ ခြေလှမ်းကျဲကြီးများဖြင့် ပြန်လျှောက်သွား လေတော့သည်။
ရှန်းယင့်ကျူသည် ထိုအခြေအနေကို မြင်လိုက်သည်တွင် နောက်မှ အလျင်အမြန် လိုက်ပါသွားလိုက်တော့၏။
ထိုလူများ ထွက်သွားသောအခါ ရှန်းဟွေရွှယ်သည် ရုတ်တရက် ခေါင်းကိုအပြင်သို့ ပြူကြည့်လိုက်ပြီး သူမ၏ မျက်လုံးထဲတွင်လည်း အပြုံးတစ်ခုက ကျန်ရစ်နေဆဲပင်။
အားချန်က တကယ်တော်တာပဲ။ ရှန်းယင့်ကျူကို စကားတစ်ခွန်းမှ မပြောနိုင်အောင် လုပ်ပစ်လိုက်တာ။ တကယ်ကျေနပ်စရာ ကောင်းတာပဲ။ သူမသည် စိတ်ထဲတွင် တစ်ယောက်ထဲ တွေးလိုက်မိတော့သည်။
သူမအကြည့်ကို ပြန်ရုတ်သိမ်း လိုက်သည့်အခါမှာ ကျန်းကျင့်ဟိုင်က ဘေးမှနေ၍ သူမကို ကြည့်နေသည်ကို တွေ့လိုက်ရ၏။ သူမသည် ကျန်းကျင့်ဟိုင်၏ အကြည့်ကို ရှောင်လွှဲထားလိုက်ပြီး လှည်းထဲသို့ ပြန်ဝင်လိုက်တော့သည်။
ကျန်းကျင့်ဟိုင်ကလည်း သူမက သူ့ကိုစကားပြောချင်စိတ် မရှိသေးသည့် ပုံစံကို မြင်လိုက်သည်တွင် သူမ၏စိတ်ထဲက ဒေါသများ မပြေသေးကြောင်းကို သိလိုက်တော့သည်။ သူ့ကိုရက်အနည်းငယ် ချောမော့ခဲ့ပြီးမှ ကျိချန်နှင့်အတူ သွားလာနိုင်ရန်သာ ဖြစ်ပြီး ယခု လိုချင်သည့်အရာကို ရသွားတော့ ဟန်ဆောင်ချင်စိတ်ပင် မရှိတော့ချေ။
သူကလည်း စိတ်မဆိုးမိပေ။ ဒီအချိန်တွင် သူမ အမှန်တကယ် နစ်နာသွားခဲ့ရခြင်းပင်။ အဖေက သူ့ကို အမြန်ဆုံးလက်ထပ်ပြီး ကလေးယူစေချင်ခဲ့ပြီး သူက ရှန်းဟွေရွှယ်ကို မွေးမြူထားသည်ကို စိတ်ထဲတွင် မကျေမနပ် ဖြစ်ခဲ့သည်မှာလည်း ကြာမြင့်နေပြီဖြစ်၏။
ယခုအချိန်တွင် နောက်ဆုံးတော့ သူ စေ့စပ်လိုက်သည်ကို မြင်လိုက်သောအခါ သူက ရှန်းဟွေရွှယ်ကို ဂရုမစိုက်တော့ဟု ထင်မှတ်သွားပြီး သူ မရှိသည့်အချိန်တွင် အထိန်းတော် အဒေါ်ကြီးများကို စေလွှတ်ကာ သူမကို ပညာပြ ခိုင်းခဲ့လေသည်။
သူမကတော့ ခေါင်းမာမာနှင့် ဘာတစ်ခွန်းမှပင် မပြောခဲ့ချေ။ ဒီအတိုင်းလှည့် ထွက်သွားပြီး သူ့အပေါ်သာ ဒေါသကို ဖွင့်ချခဲ့လေသည်။
ဒီတကြိမ် သူ့ကို ရှန့်ကျင်းကနေ ခေါ်ထုတ်သွားတာကလည်း ကောင်းတာပါပဲ။ ရှန့်ကျင်းရဲ့ ရှုပ်ထွေးမှုတွေကနေ ဝေးရာကို ထွက်သွားနိုင်တာပေါ့။
ကျန်းကျင့်ဟိုင်သည် မြင်းကိုအရှိန်တင်ကာ ယာဉ်တန်း၏ ရှေ့ဆုံးသို့ရောက်ရှိလာပြီး အသံထွက်ကာ အမိန့်ပေးလိုက်တော့သည်။ "ထွက်ခွာမယ်"
စနစ်တကျ တန်းစီထားသည့် ယာဉ်တန်းသည် တဖြည်းဖြည်းရှေ့သို့ ရွေ့လျားသွားသော်ငြားလည်း ပိုင်ရှိုးမင်၏ မြင်းကတော့ လုံးဝကို မလှုပ်မယှက် ရှိနေသေး၏။
အားချန်က နားမလည်နိုင်စွာ ခေါင်းလှည့်ပြီး သူ့ကိုမေးတော့သည်။ "ဘာဖြစ်လို့လဲ"
"မင်းရဲ့အခုခန္ဓာကိုယ် အခြေအနေနဲ့ မြင်းစီးတာ တစ်နာရီကျော်သွားရင် နောက်တစ်နေ့ မင်း မြေကြီးပေါ်တောင် ဆင်းနိုင်မှာမဟုတ်ဘူး" ပိုင်ရှိုးမင်က ခြောက်လန့်နေခြင်း မဟုတ်ဘဲ သူမ၏ နုနယ်ပျော့ညံ့သည့် ခန္ဓာကိုယ်လေးကို ကြိုတင်မြင်တွေ့ထားပြီး ဖြစ်သောကြောင့်ပင်။
"ဒါပေါ့။ ကျွန်မ သိပါတယ်" အားချန်ကလည်း နှာခေါင်းရှုံ့လိုက်ကာ "ကျွန်မက အခုလေးတင် လူကို မောင်းထုတ်လိုက်တာလေ။ ဒါကြောင့် သူတို့ ယုံသွားအောင် ခဏလောက်တော့ ဟန်ဆောင်နေရမှာပေါ့။ အဲဒီမျက်စိ နောက်စရာလူတွေ ဝေးဝေးရောက်သွားမှ ရှင်ကျွန်မကို ပြန်ပို့ပေးလိုက်ပေါ့"
သူမ၏ အမူအယာကတော့ လုံးဝ သဘာဝကျကျပင်။ ခုနက ပိုင်ရှိုးမင်ကို ခိုင်းစေရာတွင်လည်း အလွန်အဆင်ပြေ ချောမွေ့ခဲ့ပြီး အခုအချိန်တွင်တော့ အကျင့်ပါသွားဟန် တူလေသည်။
ပိုင်ရှိုးမင်ကလည်း ထူးထူးခြားခြား စကားပြောရ လွယ်ကူနေ၏။ "ရပါတယ်လေ"
အားချန်က လက်ကိုဆန့်ကာ မြင်းနက်ကြီး၏ ဦးခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး "မြန်မြန်ပြေးတော့"
ခြေအောက်က နဂါးသွေးမြင်းသည် သူမ၏စကားကို နားလည်သွားသည်နှယ် ခြေလှမ်းမှန်မှန်ဖြင့် ပြေးထွက်သွားလေတော့သည်။
မကြာမီတွင် နဂါးသွေးမြင်းသည် ယာဉ်တန်း၏ရှေ့ဆုံးမှ ကျန်းကျင့်ဟိုင်ကို ကျော်တက်သွားခဲ့ပြီး ခရီးတစ်တန်လောက် ထွက်လာခဲ့ပြီးနောက် အားချန်သည် ယာဉ်တန်းက အဝေးတွင်နောက်မှ လိုက်ပါလာသည်ကို မြင်လိုက်မှ ပိုင်ရှိုးမင်ကို မေးလိုက်၏။ "လူကြီးမင်းပိုင် ရှင့်ရဲညီတော်က ရှင့်အပေါ်မှာ မရိုးသားတာ သိသာတယ်နော်။ ရှင် ရှီးလင်ကို သွားတာ လက်အောက် ငယ်သားတွေ မခေါ်လာဘူးလား"
"မခေါ်လာဘူး" အားချန်မှာ အလွန်စိုးရိမ်ပူပန်သွားသည့် ရုပ်ကလေး ဖြစ်သွားကာ "ဒါဆိုရင် အန္တရာယ်များလိုက်တာ။ ကျွန်မက ဒီနေ့မှ သူ့ကို စိတ်ဆိုးမိအောင် လုပ်ထားမိတာ။ တကယ်လို့ သူက ကျွန်မအပေါ် မကောင်းကြံလာရင် ရှင်ကလည်း မအားလပ်ဘူး ဆိုရင်ဘယ်လိုလုပ်မလဲ"
တကယ်တော့ သူ့ကိုယ်သူ အန္တရာယ်ဖြစ်မှာကို စိုးရိမ်နေတာကိုး။
ပိုင်ရှိုးမင်ကလည်း ရယ်မောလိုက် တော့သည်။ "မင်းက အဝေးကြီးကို ကြိုတွေးတတ်တာပဲ"
"လူဆိုတာ အဝေးကြီးကို ကြိုမတွေးရင် အနီးအနားမှာ ပူပန်စရာတွေ ရှိလာတတ်တယ်လေ။ သူ့ကို ကြည့်တာနဲ့ တော်တော်လေး စိတ်ထားသေးသိမ်တာ သိသာတယ်။ ကျွန်မ ကြိုတင် ပြင်ဆင်ထားသင့်တယ်"
"ဒါဆိုရင်လည်း ငါ့မျက်စိအောက်က ထွက်မသွားနဲ့ပေါ့"
"ကောင်းပြီလေ" အားချန်ကလည်း ညှိုးငယ်သွားတော့သည်။
"ဘာဖြစ်လို့ ရှီးလင်ကို ရုတ်တရက် သွားချင်စိတ် ပေါက်လာတာလဲ" ပိုင်ရှိုးမင်က ရုတ်တရက် မေးလာခဲ့၏။
"စာအုပ်ပေါင်း တစ်သောင်းဖတ်တာထက် ခရီးတစ်သောင်း သွားတာက ပိုကောင်းတယ်လို့ ပြောကြတယ်လေ။ ကျွန်မ ဒီတလော ခရီးသွားမှတ်တမ်း တစ်ခုကို ဖတ်လိုက်ရတယ်။ အဲဒီထဲမှာ ကျီရွှေမြစ်က ယုံးကျိုးနဲ့ ရှီးလင်ကို ဖြတ်သန်းသွားပြီး ကမ်းနှစ်ဖက်က ရှုခင်းတွေက အရမ်းလှတယ်လို့ ရေးထားတယ်။ ဟွေရွှယ်ကလည်း သူ့ဇာတိကို ပြန်မှာနဲ့ ကြုံကြိုက်လို့ ကျွန်မလည်း သူနဲ့အတူတူ လိုက်လာခဲ့တာပေါ့"
အားချန်သည် မိမိရှာဖွေထားသည့် ဒီအကြောင်းပြချက်ကို အလွန်ကျေနပ်နေပြီး ကြားရသူတိုင်က ယုံကြည်လောက်သည်ဟု ထင်နေလေတော့သည်။
ကံဆိုးသည်မှာ ယခု သူမ ရင်ဆိုင်နေရသည်က ပိုင်ရှိုးမင် ဖြစ်နေခြင်းပင်။
ပိုင်ရှိုးမင်ကတော့ နှာခေါင်းရှုံ့ကာ ခပ်တိုးတိုး ရယ်မောလိုက်သည်။ "မင်းအရင် တစ်ခါက ပြောတယ်လေ။ မင်းကို ဒုက္ခပေးတဲ့သူကို သွားကြည့်မယ်တဲ့။ နောက်ဆုံးကျတော့လည်း သူ့လက်ထဲကနေ လက်သည်းစနှစ်ခု ယူသွားခဲ့တယ်။ စဉ်းစားကြည့်စမ်း။ ငါ ဒီတစ်ခါ မင်းစကားကို ယုံသင့်လား မယုံသင့်ဘူးလား"
အားချန်၏ ခန္ဓာကိုယ်လေးမှာ ချက်ချင်းဆိုသလို တောင့်တင်းသွားပြီး ဘယ်ညာကို ခိုးကြည့်လိုက်ကာ စိတ်ထဲတွင် တွေးလိုက်လေတော့သည်။ အခုမြင်းပေါ်က ခုန်ဆင်းပြီး ပြေးရင်လည်း မမှီလောက် တော့ဘူးလေ ဟုတ်တယ်မလား။
သူမကလည်း မငြိမ်မသက် ကိုယ်ကို လူးလွန့် လိုက်ကာ "ရှင် အားလုံး ကြားသွားခဲ့တာလား"
"မဟုတ်ရင်ကော။ ငါက လူသတ်မှုပေါင်း များစွာ ကျူးလွန်ထားတဲ့ လူသတ်သမားတစ်ယောက်ကို မင်းနဲ့ နှစ်ယောက်တည်း သီးသန့်တွေးခွင့်ပေးမယ်လို့ မင်းက ထင်နေတာလား"
ထိုအချိန်က အဘွားထန်သာ နည်းနည်းလေး လှုပ်ရှားခဲ့လျှင် ထိုအခန်းထဲက အသက်ရှင်လျက် ထွက်ခွာသွားနိုင်မည် မဟုတ်ပေ။
သူမသည် ထိုနေ့က မိမိဘာပြောခဲ့သည်ကို ပြန်စဉ်းစား ကြည့်လိုက်ပြီး အဘွားထန် အပေါ်ကြိမ်းဝါး ပြောဆိုခဲ့သည်များကို သတိရသွားသည်တွင် အားချန်၏ စိတ်ထဲ၌ ရှက်ရွံမှုနှင့် ဒေါသတို့ အနည်းငယ် ပေါ်ထွက်လာတော့၏။ "ရှင် အဲဒီနေ့က ကျွန်မကို မျက်နှာဖုံး မခွာချခဲ့ဘဲနဲ့ ဘာဖြစ်လို့ ဒီနေ့ကျမှ ရုတ်တရက်ကြီး ဒါကိုပြန်လာ ပြောနေရတာလဲ"
"တချို့လူတွေက ဘဝင်မြင့်ပြီး အောက်ခြေလွတ် မသွားအောင်လို့လေ"
"ကျွန်မမှ မဟုတ်တာ။ ကျွန်မ ဒီတစ်ခါ ပြောတာတွေက အမှန်တွေချည်းပဲ" အားချန်သည် နောက်တစ်ကြိမ် ထပ်ပြောလိုက်ပြီး ပိုင်ရှိုးမင်ကို နားမလည်စွာ မေးလိုက်တော့သည်။ "အရင်တစ်ခေါက် ရွှဲရှီက မင်ကျင့်စီးကို တိုင်ချက်ဖွင့်ဖို့ လာတုန်းက ရှင်ဘာဖြစ်လို့ ကျွန်မကို ဖော်ထုတ်ပြီးတော့ မတိုင်လိုက်တာလဲ"
"တကယ်လို့ ရွှဲရှီသာ သိသွားခဲ့ရင် မင်းအခု မင်းကျင့်စီးရဲ့အကျဥ်းထောင်ထဲမှာ ရောက်နေလောက်ပြီ"
ဆိုလိုရင်း အဓိပ္ပာယ်ကတော့ လက်စလက်န အတိုင်းအဆ ရှိနေသရွေ့ လူမသေသရွေ့ သူက သူမအတွက် ဒီလျှို့ဝှက်ချက်ကို ဆက်ပြီးဖုံးကွယ်ပေးထားမည့် သဘောပင်။
"ပိုင်လူကြီးမင်း" အားချန်သည် မျက်တောင်လေးကို ခတ်လိုက်ကာ မျက်လုံးထဲတွင်လည်း ခံစားချက်များဖြင့် ပြည့်လျှံလာလေတော့သည်။
“အင်း"
"ရှင်လေ တကယ် ... ချောလိုက် ...တာ"
ပိုင်ရှိုးမင်၏ မျက်လုံးထဲတွင်တော့ သံသယများအပြည့် ဖြစ်သွားတော့၏။ အားချန်ကလည်း တွေးတွေးဆဆလေးနှင့် ရှင်းပြရသေးသည်။ "ရှင် ကျွန်မကို ချီးကျူးတဲ့ စကားလုံး ပြောင်းသုံးခိုင်းခဲ့တယ်မဟုတ်လား။ အခု ကျွန်မ ပြောင်းလိုက်ပြီနော်"
...