ပိုင်ရှိုးမင်၊ ရှင် ကျောင်း ငါးမျှားဖူးလား...
Vol. 9 Ch. 87
အားချန်သည် အနည်းငယ် ဆုပ်ကိုင်ဖမ်းဆွဲလိုက်သေးသော်လည်း ကံမကောင်းစွာဖြင့် မည်သည့်အရာကိုမျှ မဖမ်းဆုပ်နိုင်ခဲ့ဘဲ သူမ၏ တစ်ကိုယ်လုံးသည် ရေထဲသို့ ထိုးကျသွားလေသည်။
ရေထဲသို့ မကျမီမှာပင် သူမသည် ရုတ်တရက် ဆွဲလိပ်ခံလိုက်ရပြီး ခန္ဓာကိုယ်မှာ အရှိန်ပြင်းစွာဖြင့် နောက်ပြန်ဆုတ်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် သင်္ဘောပေါ်မှ မှိန်ပျပျ မီးရောင်များကိုသာ မြင်နိုင်တော့သည်။
ထိုအရာသည် သူမကို ရေအောက်သို့ ချမသွားခဲ့ပေ။ ကြည့်ရသည်မှာ ထိုအရာသည် သူမကို လောလောဆယ် မသေစေချင်သေးပုံပင်။ သို့သော် သည်လို ချုပ်နှောင်ခံထားရသည့် ခံစားချက်သည် လုံးဝ မကောင်းလှဘဲ အေးစက်သော မြစ်ရေများသည် သူမ၏ တစ်ကိုယ်လုံးကို စိုစွတ်သွားစေကာ နှာခေါင်းထဲတွင် ရေငွေ့များအပြင် စူးရှသော ညှီနံ့များသာ ပြည့်နှက်နေလေသည်။
ကျီရွှေမြစ်ထဲက မိစ္ဆာသတ္တဝါလား ဒါမှမဟုတ်...။ ယခုအချိန်တွင် အားချန် တွေးတောနိုင်သည့် ဖြစ်နိုင်ခြေအရှိဆုံးအရာမှာ နေ့လယ်က ယုံကျိုးမြို့သူမြို့သားများ ပူဇော်ပသခဲ့ကြသည့် ကျောင်းနတ်မင်းသာ ဖြစ်လေသည်။ ဒါပေမဲ့ သူက ဘာဖြစ်လို့ ငါ့ကို ဖမ်းရတာလဲ။
သင်္ဘော တိုက်ခိုက်ခံရသည့်အချိန်တွင် အခန်းထဲ၌ အနားယူနေသော ပိုင်ရှိုးမင်သည် ချက်ချင်း ပြေးထွက်လာခဲ့၏။ သို့သော် သင်္ဘောကို တိုက်ခိုက်သည့် ရေထဲမှ အရာသည် အလွန် လျင်မြန်လှပြီး သင်္ဘောဘေးက လက်ရန်းတစ်နေရာကို ဖျက်ဆီးလိုက်ပြီးသည်နှင့် ချက်ချင်း ပြန်ထွက်သွားခဲ့သည်။ အရှိန်မှာ အလွန်လျင်မြန်လှသဖြင့် အရိပ်ကိုပင် မမြင်လိုက်ရချေ။
ထိုအချိန်တွင် သင်္ဘောပေါ်မှ အစောင့်များနှင့် ချန်ဟွေ့တို့သည်လည်း ပြေးထွက်လာကြ၏။ ကုန်းပတ်ပေါ်တွင် လူမရှိသည်ကို မြင်သောအခါ ချန်ဟွေ့၏ မျက်နှာတွင် ထိတ်လန့်မှု ဖြတ်ပြေးသွားပြီး ပိုင်ရှိုးမင်ကို အလျင်အမြန် ပြောလိုက်၏။ “ပိုင်လူကြီးမင်း၊ အားချန် ခုနက ကုန်းပတ်ပေါ်မှာ ရှိနေခဲ့တာ”
ပိုင်ရှိုးမင်၏ မျက်နှာထား ပြောင်းလဲသွားပြီး လေထဲမှနေ၍ အစောင့်တစ်ဦး၏ ခါးမှ ဓားရှည်ကို ဆွဲယူလိုက်ကာ ရှေ့သို့ ခုန်ထွက်သွားတော့သည်။ သူသည် မြစ်ရေပြင်ပေါ်တွင် ခြေချလျှောက်လှမ်းသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့လေသည်။
မကြာမီက လှုပ်ရှားမှုသည် အခြားသင်္ဘော ၃ စင်းကို မြန်မြန်ဆန်ဆန်ပင် တပ်လှန့်လိုက်သလို ဖြစ်သွား၏။ ရှေ့ဆုံးက သင်္ဘော ၂ စင်းပေါ်တွင် ရွှဲယင်သည် ရှန်းမောင်နှမ၏ ဘေးတွင် ရပ်နေပြီး ရှန်းယင့်ကျူက သူမကို ဂုဏ်ယူစွာ မေးနေသည်ကို နားထောင်နေလိုက်၏။ “ဘယ်လိုလဲ၊ ငါ့အစ်ကို တော်တယ် မဟုတ်လား”
ရွှဲယင်သည် အဆက်မပြတ် ခေါင်းညိတ်လိုက်ပြီး မျက်ဝန်းထဲတွင် လေးစားစိတ်များ ပြည့်နှက်နေတော့သည်။ သူမသည် ယခင်က ရှန်းယင့်ရှောင်း၏ ခန္ဓာကိုယ်မှာ အလွန် အားနည်းပြီး မြို့တော်မှ စစ်သူကြီးမျိုးနွယ်၏ သားသမီးများလောက်ပင် မစွမ်းဆောင်နိုင်ဟု ထင်မှတ်ခဲ့သော်လည်း ယခုအခါ သူ၏အပေါ်ထားသော အထင်အမြင်မှာ လုံးဝ ပြောင်းပြန် ဖြစ်သွားခဲ့သည်။
သူသည် ရေထဲမှ ကျောင်းနတ်မင်းကို ထိန်းချုပ်နိုင်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ထိုအရာသည် နေ့လယ်က ယုံကျိုးမြို့သူမြို့သားများ နတ်ဘုရားသဖွယ် ကိုးကွယ်ခဲ့ကြသော ကျောင်းနတ်မင်း မဟုတ်ပါလား။ ထို့အပြင် သူသည် သူမအတွက် လက်စားချေပေးနေခြင်း ဖြစ်သည်။ ကျိချန်သည် မကြာမီ ကျောင်းနတ်မင်း၏ ပါးစပ်ထဲတွင် သေဆုံးရတော့မည်ကို တွေးမိသောအခါ ရွှဲယင်၏ စိတ်ထဲတွင် အလွန် ပျော်ရွှင်သွားလေသည်။
ရှန်းယင့်ရှောင်းသည် အရိုးပုလွေကို ချလိုက်ပြီး ရွှဲယင်၏ အမူအရာကို မြင်သောအခါ မရယ်ဘဲ မနေနိုင်တော့ပေ။ သူက သူမကို နူးညံ့စွာ ပြောလိုက်၏။ “ကဲ၊ ညဉ့်နက်နေပြီ၊ မင်း သွားအနားယူတော့”
ရွှဲယင်လည်း ခေါင်းညိတ်လိုက်ပြီး လှည့်ထွက်ကာ သင်္ဘောအခန်းထဲသို့ လျှောက်သွားစဉ် အကြောင်းရင်းမသိဘဲ မျက်နှာများ ပူနွေးလာသည်ကို ခံစားလိုက်ရသည်။ ရှန်းယင့်ရှောင်းကို လက်ထပ်ရတာကလည်း လက်မခံနိုင်စရာတော့ မဟုတ်ပါဘူး ဟု သူမ တွေးလိုက်မိသည်။
လူ ထွက်သွားသောအခါ ရှန်းယင့်ကျူက ရယ်မောကာ ပြောလာ၏။ “ဘယ်လိုလဲ၊ ငါ ပြောသားပဲ၊ ရှန့်ကျင်းက ဒီလို ဘာမှမသိ နားမလည်တဲ့ မိန်းမငယ်လေးတွေကို နည်းနည်းလေး လှည့်စားလိုက်တာနဲ့ အလွယ်လေး ရနိုင်တယ်လို့”
ရှန်းယင့်ရှောင်းသည် အရိုးပုလွေကို သိမ်းဆည်းလိုက်ပြီး "အင်း" ဟု တစ်ချက်သာ ညည်းလိုက်လေသည်။
“အစ်ကို၊ နင် ကျောင်းနတ်မင်းကို ဘာအမိန့် ပေးလိုက်တာလဲ”
“နင်ပဲ သူ့ကို အလွယ်တကူ မသေစေချင်ဘူးလို့ ပြောခဲ့တာ မဟုတ်လား၊ အဲဒီ ကျောင်းနတ်မင်းကို အရင်ဆုံး ကောင်းကောင်း ကစားခိုင်းလိုက်ဦးမယ်၊ ကစားလို့ ဝသွားမှ အဲဒီလူကို စားခိုင်းလိုက်မယ်၊ ဒါဆို သူတို့ အရိုးတောင် ပြန်တွေ့မှာ မဟုတ်တော့ဘူး”
“ကိုယ်တိုင် မျက်မြင် မတွေ့ရပေမယ့် ကျောင်းနတ်မင်းကတော့ ကျွန်မကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး” ရှန်းယင့်ကျူ၏ မျက်နှာတွင် ကျေနပ်သော အရောင်များ ဖြတ်ပြေးသွားလေသည်။ တစ်ချိန်တည်းမှာပင် သူမသည် အနည်းငယ် အားကျစွာ ပြောလိုက်၏။ “အခု ကျောင်းနတ်မင်းက နင့်စကားကို ဒီလောက်တောင် နားထောင်နေပြီ၊ သူသာ အဆင့်တက်သွားရင် ကျီရွှေမြစ်တစ်ခုလုံးက အစ်ကို့ စကားအတိုင်းပဲ ဖြစ်သွားမှာ မဟုတ်လား”
“သူ အဆင့်တက်ဖို့ အချိန်နည်းနည်း လိုသေးတယ်၊ လောလောဆယ်တော့ မင်ကျင့်စီးက အဲဒီ ပိုးမွှားတွေကို ရှောင်နေရဦးမယ်” ရှန်းယင့်ရှောင်းက ရွံရှာစွာ ဆိုလေသည်။
ထိုစကားကို ကြားသောအခါ ရှန်းယင့်ကျူသည်လည်း မျက်မှောင်ကြုတ်လိုက်ပြီး မကျေမနပ် ပြောလိုက်၏။ “ဒီလူတစ်စုက ကျောင်းနတ်မင်းရဲ့ ခြေရာကို ရှာမတွေ့နိုင်ဘဲ မြို့ထဲက လူတွေ သူ့ကို ပူဇော်ပသတိုင်း လာဖျက်ဆီးနေကြတာ၊ အမွှေးတိုင် အလှူခံရတာ နှေးကွေးတော့ ကျင့်ကြံမှု တိုးတက်နှုန်းတောင် နှေးသွားတယ်”
“ကိစ္စမရှိပါဘူး၊ သူတို့ကို ရက်အနည်းငယ်လောက် ထင်တိုင်းကြဲခွင့် ပေးလိုက်ဦး” ထိုသို့ပြောပြီးနောက် သူသည် နောက်မှ သင်္ဘောကို တစ်ချက် ကြည့်လိုက်ပြီး ပြောလာ၏။ “ကဲ၊ သွားအနားယူတော့၊ ဒီပြဿနာတွေကို သူတို့ဘာသာသူတို့ ရှင်းခိုင်းလိုက်ရအောင်”
ကျန်းကျင့်ဟွိုင် ရှိနေသော သင်္ဘောပေါ်တွင် သူသည် နောက်က သင်္ဘော တိုက်ခိုက်ခံရကြောင်း သိရှိပြီးနောက် သင်္ဘောဦးစီးကို သင်္ဘောပြန်လှည့်ရန် အမိန့်ပေးလိုက်သည်။ သို့သော် ထိုသင်္ဘောဦးစီးသည် အသတ်ခံရလျှင်ပင် သင်္ဘောပြန်လှည့်ရန် သဘောမတူဘဲ ပြောလာခဲ့၏။ “လူကြီးမင်း၊ ကျွန်တော်မျိုးက ပြန်မလှည့်ချင်လို့ မဟုတ်ပါဘူး၊ ခုနက အသံက ကျောင်းနတ်မင်း အမျက်ထွက်တာ ထင်ရှားနေတယ်၊ တကယ်လို့ ပြန်လှည့်သွားရင် ကျွန်တော်တို့ ဒီသင်္ဘောပေါ်က လူတွေအားလုံး အသက်ဆုံးပါလိမ့်မယ်၊ လူကြီးမင်း ကျွန်တော်မျိုးကို အသက်ချမ်းသာပေးပါ”
သင်္ဘောဦးစီးနှင့် သင်္ဘောသားများသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် အဆက်မပြတ် ဦးခိုက်နေကြ၏။
“ပြန်မလှည့်ချင်လည်း ရတယ်၊ နောက်က သင်္ဘောနားကို ကပ်ပြီး အပေါ်က လူတွေကို ခေါ်လာခဲ့”
“ဒါက...” သင်္ဘောဦးစီးသည် စိတ်ထဲတွင် မလိုလားပေ။ ထိုသင်္ဘောသည် ကျောင်းနတ်မင်း တိုက်ခိုက်ခဲ့သော သင်္ဘောဖြစ်ရာ သူတို့ အနားကပ်သွားပါက ကျောင်းနတ်မင်း၏ အမျက်ကို ဆွပေးသကဲ့သို့ ဖြစ်သွားမည်ကို မည်သူ သိနိုင်မည်နည်း။ သို့သော် သူ မော့ကြည့်လိုက်သည့်အခါ လက်နက်၏ အေးစက်သော အရောင်သည် မျက်လုံးထဲသို့ ဖြတ်ပြေးဝင်လာသဖြင့် စိတ်ထဲတွင် တုန်လှုပ်သွားတော့သည်။ “ဟုတ်... ဟုတ်ကဲ့ပါ၊ ကျွန်တော်မျိုး အခုပဲ လူသွားခေါ်လိုက်ပါ့မယ်”
မကြာမီ သင်္ဘော ၂ စင်းသည် အနားသို့ ကပ်သွားခဲ့လေသည်။ ကျန်းကျင့်ဟွိုင်သည် ကုန်းပတ်ပေါ်သို့ အကြည့် ဝေ့လိုက်ရာ ပိုင်ရှိုးမင်နှင့် အားချန်မှလွဲလျှင် အခြားလူများ အားလုံး ရှိနေကြသည်။
ချန်ဟွေ့ ရောက်ရှိလာသောအခါ ရှန်းဟွေရွှယ်က စိုးရိမ်တကြီး မေးလိုက်၏။ “ချန်ဟွေ့၊ အားချန်ရော၊ သူ တစ်ခုခု ဖြစ်သွားတာလား”
ချန်ဟွေ့က ခေါင်းညိတ်ပြလိုက်သည်။ “ရေထဲက အရာတစ်ခုက ကျွန်မတို့ သင်္ဘောကို တိုက်ခိုက်သွားတယ်၊ အားချန်က အဲဒီအချိန်မှာ ကုန်းပတ်ပေါ်မှာ ရှိနေခဲ့တာ၊ သူ အဲဒီအရာရဲ့ ဖမ်းသွားတာကို ခံလိုက်ရတယ်၊ ပိုင်လူကြီးမင်းက သူ့နောက်ကို လိုက်သွားပြီ”
ရှန်းဟွေရွှယ်၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေတော့သည်။ “ဘာဖြစ်လို့ အားချန်မှ ဖြစ်ရတာလဲ”
အားချန်သည်လည်း အဘယ်ကြောင့် သူမမှ ဖြစ်ရသနည်းဟု သိချင်နေမိလေသည်။ ပတ်ဝန်းကျင်သည် အမှောင်ထုဖြင့် ဖုံးလွှမ်းနေပြီး လရောင်သည် ရေပြင်ပေါ်တွင် ထင်ဟပ်နေကာ လှိုင်းဂယက်များကြောင့် လရောင်များ လှုပ်ခတ်နေသည်ကို မသဲမကွဲ မြင်နေရသဖြင့် သူမသည် ယခုအချိန်အထိ ရေပေါ်တွင် ရှိနေသေးကြောင်း ခန့်မှန်းမိနိုင်သည်။ ထိုအရာသည် သူမကို ဖမ်းဆွဲလာသည်မှာ အချိန်မည်မျှ ကြာသွားသည်မသိ။ သူမသည် ကျောက်ဂူတစ်ခုထဲသို့ ပစ်ချခံလိုက်ရသည်။ ကျောက်ဂူ၏ အောက်ခြေတွင် ကျောက်စရစ်ခဲများ ခင်းထားသဖြင့် သူမ၏ တစ်ကိုယ်လုံး နာကျင်သွားတော့သည်။
သူမသည် ခန္ဓာကိုယ်ကို ထိန်းပြီး ထထိုင်လိုက်သည်တွင် လက်သည် ချောမွေ့သော အရာတစ်ခုကို ရုတ်တရက် စမ်းမိလိုက်လေသည်။ လှည့်ကြည့်လိုက်သောအခါ ထိုအရာသည် ဦးခေါင်းခွံတစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ ထိုအခါမှ သူမသည် ကျောက်ဂူပတ်လည်တွင် ကျောက်တုံးများသာမက အရိုးဖြူများစွာ ရှိနေသည်ကို သတိထားမိလိုက်တော့သည်။
ထိုအချိန်တွင်ပင် နားထဲတွင် စူးရှသော ပွတ်တိုက်သံတစ်ခု ထွက်ပေါ်လာပြီး ခုနက ရလိုက်သော ညှီနံ့သည် တစ်ဖန် ပေါ်ထွက်လာပြန်သည်။ အားချန်သည် သတိကြီးစွာဖြင့် မော့ကြည့်လိုက်ချိန်တွင် ကျောက်ဂူ၏ အပေါ်ဘက် ကောင်းကင်ယံတွင် ကြီးမားသော အကြေးခွံများ ပြည့်နှက်နေပြီး ဦးချိုတစ်ချောင်း ပေါက်နေသော ဦးခေါင်းကြီးတစ်ခုသည် သူမကို စိုက်ကြည့်လို့နေလေသည်။ သူမလည်း အသက်အောင့်ထားပြီး မလှုပ်မယှက် နေလိုက်တော့သည်။
မကြာမီမှာပင် ထိုကြီးမားသော ဦးခေါင်းကြီး ပျောက်ကွယ်သွားပြီးနောက် လူနှင့်တူသော အရပ်မြင့်မြင့် အရိပ်တစ်ခုသည် ကျောက်ဂူထဲသို့ ဝင်ရောက်လာခဲ့သည်။ အားချန် ကြည့်လိုက်ရာ ထိုကျောင်းနတ်မင်းသည် လူအသွင်သို့ ပြောင်းလဲသွားပြီ ဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်တွင် ကျောင်းနတ်မင်း၏ လက္ခဏာများစွာ ကျန်ရှိနေသေးသည်။ ပါးပြင်ပေါ်မှ အကြေးခွံများ၊ နဖူးပေါ်မှ ဦးချိုတစ်ချောင်းနှင့် ခြေသည်း၊ လက်သည်းများသဖွယ် ဖြစ်နေသော လက်နှင့် ခြေထောက်များ ရှိနေလေသည်။ ကြည့်ရသည်မှာ အသွင်ပြောင်းလဲမှု မအောင်မြင်သကဲ့သို့ ဖြစ်နေသော်လည်း ထိုသူကတော့ မိမိကိုယ်ကို အလွန် သဘောကျနေဟန်တူသည်။
ကျောင်းနတ်မင်းသည် အားချန်အနားသို့ တစ်လှမ်းချင်း လျှောက်လာခဲ့သည်။ သူ၏ ညိုဝါရောင် မျက်လုံးများထဲတွင် အေးစက်စက် အကဲခတ်သည့် အကြည့်များ ပါဝင်နေသည်။ “မင်းက တခြားလူသား မိန်းမတွေနဲ့ သိပ်မတူဘူးပဲ၊ သူတို့ကို ငါ ဖမ်းလာတုန်းက ငိုဖို့ပဲ သိကြတယ်၊ တချို့ဆို လန့်တောင် လန့်သေသွားကြတယ်”
သူက လှောင်ပြောင် ရယ်မောလိုက်၏။ “မင်းဘေးက အရိုးတွေက သူတို့ရဲ့ အရိုးတွေပဲလေ”
“ရှင်က ဒဏ္ဍာရီထဲက ကျောင်းနတ်မင်းလား”
“အိုး၊ မင်းက တော်တော် ပါးနပ်တာပဲ၊ ငါ့ရဲ့ ဂုဏ်ပုဒ်ကိုတောင် ခန့်မှန်းနိုင်တယ်”
“နတ်မင်းက ဒီလောက်တောင် ထူးကဲခန့်ညားနေတာ၊ သေချာပေါက် မှတ်မိတာပေါ့။ ဒါပေမဲ့ ကျွန်မက နတ်မင်းကို ဘယ်နေရာမှာများ ပြစ်မှားမိလို့လဲ မသိဘူးနော်”
ကျောင်းနတ်မင်းသည် မျက်လုံးများကို မှေးစင်းကာ သူမကို ခဏလောက် စိုက်ကြည့်လိုက်ပြီးမှ ပြောလာ၏။ “မင်းက ငါ့ကို ပြစ်မှားမိတယ်လို့ ဘယ်လိုလုပ် သိတာလဲ၊ ငါက မင်း ရုပ်ရည်မဆိုးဘူးလို့ တွေ့လို့ မင်းကို လက်ထပ်မလို့၊ မင်း ဘယ်လို သဘောရလဲ”
“နတ်မင်းက နောက်နေတာလား၊ ဒီလက်ထပ်တဲ့ကိစ္စက...”
သူမ၏ စကား မဆုံးသေးမီမှာပင် ကျောင်းနတ်မင်းသည် ဘေးရှိ ကျောက်နံရံကို ရုတ်တရက် လက်သီးဖြင့် ထိုးလိုက်ရာ ချက်ချင်းပင် နက်ရှိုင်းသော ချိုင့်ခွက်ကြီးတစ်ခု ပေါ်လာတော့သည်။
“လက်ထပ်တဲ့ကိစ္စက သဘာဝအတိုင်း နတ်မင်းကပဲ ဆုံးဖြတ်ရမှာပေါ့” အားချန်သည် ချက်ချင်း စကားလမ်းကြောင်း လွှဲလိုက်လေသည်။ “ဒါပေမဲ့ လက်ထပ်တာပဲဟာ၊ မင်္ဂလာသရဖူနဲ့ ဝတ်ရုံ မရှိရင်တောင်မှ ကျွန်မတို့နှစ်ယောက် အရင်ဆုံး ကန်တော့ပွဲတော့ လုပ်သင့်တယ် မဟုတ်လား”
“ကန်တော့ပွဲ ဟုတ်လား။ မင်းတို့ လူသားတွေက ဘာလို့ ဒီလောက်တောင် အလုပ်ရှုပ်ရတာလဲ”
“နတ်မင်းက ဒီလောက်တောင် တော်တာ၊ ဒီလောက် သေးငယ်တဲ့ တောင်းဆိုမှုလေးတောင် မလုပ်ပေးနိုင်ဘူးလား”
“ကောင်းပြီ၊ မင်း သဘောအတိုင်းပဲ” ကျောင်းနတ်မင်းသည် ပါးစပ်ကို ဖြဲလိုက်ရာ ချွန်ထက်သော သွား ၃ တန်း ပေါ်ထွက်လာလေသည်။ သူ၏ ခံစားချက်ကင်းမဲ့သော မျက်လုံးများသည် အားချန်ကို စိုက်ကြည့်နေသော်လည်း စိတ်ထဲတွင်တော့ သူနဲ့ အရင်ဆုံး ၂ ရက်လောက် ကစားပေးလိုက်ဦးမယ်၊ သူ သတိမထားတော့ဘဲ အသက်ရှင်နိုင်ပြီလို့ ထင်သွားတဲ့အချိန်မှ သူ့ကို စားလိုက်မယ်၊ ဒါဆိုရင် ကုန်းဇီရဲ့ အမိန့်ကိုလည်း ပြီးမြောက်ရာ ရောက်တာပေါ့ ဟု တွေးနေလေသည်။
“ဒါဆို ကျွန်မ ဒီနေရာမှာပဲ နတ်မင်းကို စောင့်နေလိုက်မယ်”
ကျောင်းနတ်မင်းသည် သူမကို တစ်ချက် ထပ်ကြည့်လိုက်ပြီး ဒူးကို အနည်းငယ် ကွေးညွှတ်လိုက်ကာ ကျောက်ဂူထဲမှ ခုန်ထွက်သွားလေသည်။ သည်ကျွန်းငယ်လေးသည် သူ ယာယီ ခိုလှုံရာ နေရာမျှသာ ဖြစ်ပြီး ကန်တော့ပွဲအတွက် အသုံးပြုရန် ပစ္စည်းများ မည်သည့်နေရာတွင် ရှိမည်နည်း။
သူသည် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး စားပွဲအဖြစ် ထွင်းထုရန် ကျောက်တုံးကြီးတစ်တုံးကို ရှာဖွေနေစဉ်မှာပင် ဓားရောင်တစ်ချက်သည် သူ့ထံသို့ တည့်တည့် ပျံသန်းလာသည်ကို တွေ့လိုက်ရလေသည်။
ကျောင်းနတ်မင်းသည် စိတ်ထဲတွင် အထင်သေးခြင်းနှင့် တိုက်ခိုက်မှုကို အလေးမထားဘဲ သူ့ခန္ဓာကိုယ်ဖြင့် ဓားချက်ကို တိုက်ရိုက် ခံယူလိုက်လေသည်။ သူ၏ အကြေးခွံများကိုပင် ဖြတ်တောက်နိုင်မည် မဟုတ်ဟု ထင်မှတ်ခဲ့သော်လည်း ထိုဓားရောင်သည် သူ၏ခန္ဓာကိုယ်ထဲသို့ တည့်တည့် ထိုးစိုက်ဝင်ရောက်သွားပြီး သွေးများ ချက်ချင်း ပန်းထွက်လာခဲ့သည်။
ကျောင်းနတ်မင်းသည် စိတ်ထဲတွင် အလွန် ထိတ်လန့်သွားပြီး ချက်ချင်းပင် မူလပုံစံသို့ ပြန်လည်ပြောင်းလဲကာ ကျီရွှေမြစ်ထဲသို့ တည့်တည့် တိုးဝင်တော့သည်။ သူ၏ခန္ဓာကိုယ်သည် အကြိမ်အနည်းငယ် လူးလွန့်လိုက်ပြီးနောက် ရေထဲတွင် ပျောက်ကွယ်သွားကာ အငွေ့အသက်များပင် မကျန်ရစ်ခဲ့ချေ။
ပိုင်ရှိုးမင်သည် ဓားကိုကိုင်ကာ ကျွန်းပေါ်သို့ တက်လာပြီး ထွက်ပြေးသွားသော ကျောင်းနတ်မင်းကို လိုက်မရှာဘဲ သိပ်မကြီးလှသော ကျွန်းပေါ်ကို တစ်ချက်ဝေ့ကြည့်လိုက်၏။ နောက်ဆုံးတွင် ဦးတည်ရာတစ်ခုကို အတည်ပြုလိုက်ပြီး လျှောက်သွားလိုက်တော့သည်။
အားချန်ကတော့ ကျောက်ဂူထဲတွင် ထိုင်နေပြီး တစ်ကိုယ်လုံး စိုစွတ်နေလေသည်။ သူမသည် ဒူးနှစ်ဖက်ကို ပိုက်ထားရင်း မိမိကိုယ်ကို နွေးထွေးလာစေရန် ကြိုးစားနေရ၏။
သူမသည် ညကောင်းကင်ကို မော့ကြည့်ရင်း တွေးနေမိတော့သည်။ လူသားတွေ အမြဲပြောလေ့ရှိတဲ့ ကံဆိုးမိုးမှောင်ကျတယ်ဆိုတာ ငါ့ဆီမှာ သုံးရင် တော်တော် သင့်တော်မှာပဲ။ ထိုအချိန်တွင်ပင် ကျောက်ဂူ၏ အပေါ်ဘက်တွင် လူအရိပ်တစ်ခု ပေါ်ထွက်လာခဲ့လေသည်။
အားချန်၏ အောင့်ထားသော အသက်ရှူသံသည် နောက်ဆုံးတွင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး အသံထဲတွင် ဝမ်းနည်းမှုများ ပါဝင်လို့နေသည်။ “ပိုင်လူကြီးမင်း၊ ကျွန်မက ရှင် လာတော့မှာ မဟုတ်ဘူးလို့ ထင်နေတာ”
ပိုင်ရှိုးမင်သည် ကျောက်ဂူထဲသို့ ပေါ့ပါးစွာ ဆင်းသက်လာပြီး သူမကို လက်ကမ်းပေးလိုက်၏။ အားချန်လည်း သူ့လက်ဖဝါးပေါ်ကို သူမ၏လက်ကို တင်လိုက်ရာ ပိုင်ရှိုးမင်က သူမ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး အသာအယာ ဆွဲတင်လိုက်သဖြင့် သူမသည် ထိုအရှိန်အတိုင်း မတ်တပ်ရပ်လိုက်တော့သည်။
“ထိခိုက်မိသေးလား” သူသည် မျက်လုံးများကို နှိမ့်ချကာ အားချန်ကို ကြည့်လိုက်လေသည်။
“မထိပါဘူး”
အားချန်သည် လက်မြှောက်ကာ အေးစက်နေသော နှာခေါင်းထိပ်ကို ပွတ်သပ်လိုက်ပြီး ယနေ့ညတွင် သူမ နေမကောင်း ဖြစ်ဦးမည်ဟု ကြိုတင် ခံစားမိလိုက်တော့သည်။
ပိုင်ရှိုးမင်က "အင်း" ဟု တစ်ချက် ညည်းလိုက်ပြီး သူမ၏လက်ကိုတော့ မလွှတ်လိုက်ပေ။ ထို့နောက်တွင် အားချန်သည် နွေးထွေးသော အငွေ့အသက်တစ်ခု သူ၏လက်ဖဝါးမှတစ်ဆင့် မိမိ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်ကို ခံစားလိုက်ရ၏။ ထိုအပူငွေ့သည် တစ်ကိုယ်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး မူလက စိုစွတ်နေသော အဝတ်အစားများပင် ခြောက်သွေ့သွားခဲ့သည်။
ပိုင်ရှိုးမင်က တကယ် အသုံးဝင်တာပဲ။ သူမ စိတ်ထဲမှ တွေးလိုက်မိသည်။
“ဟို ကျောင်းနတ်မင်းကရော” အားချန်က မေးလိုက်သည်။
“ဒဏ်ရာရပြီး ထွက်ပြေးသွားပြီ”
“ရှင့်လက်ထဲကနေ ထွက်ပြေးသွားတာလား” သူမမှာ အံ့ဩသွားတော့သည်။ ထိုကျောင်းနတ်မင်း၏ ကျင့်ကြံမှုသည် ပိုင်ရှိုးမင်ထက် သေချာပေါက် မမြင့်မားနိုင်ပေ။ သို့သော် သူက ထွက်ပြေးလွတ်မြောက် သွားနိုင်သည်တဲ့လား။
“အင်း၊ အဲဒီ ကျောင်းနတ်မင်းရဲ့ ထွက်ပြေးသွားတဲ့ပညာက တော်တော် မြင့်တယ်၊ ရေထဲ ရောက်သွားရင် ငါလည်း လိုက်ဖို့ ခက်တယ်” သို့မဟုတ်လျှင် သူသည် အခုချိန် ရောက်လာလိမ့်ဦးမည် မဟုတ်ချေ။
“ကောင်းပြီလေ၊ ဒါဆို ကျွန်မတို့ နောက် ဘယ်သွားကြမလဲ”
“အရင်ဆုံး ယုံကျိုးမြို့ကို ပြန်မယ်၊ တခြားကိစ္စတွေ မနက်ဖြန်မှ ပြောကြတာပေါ့”
အားချန်က ခေါင်းညိတ်လိုက်ပြီး အလိုက်တသိပင် သူ့ထံသို့ လက်နှစ်ဖက် ဆန့်တန်းလိုက်လေသည်။ ပိုင်ရှိုးမင်သည် လက်တစ်ဖက်တည်းဖြင့် သူမကို ပွေ့ချီလိုက်ပြီး သူ၏ လက်မောင်းပေါ်တွင် ထိုင်ခိုင်းထားလိုက်ကာ အားချန်မှာ တအံ့တသြ အော်ဟစ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် သူ့လည်ပင်းကို သိုင်းဖက်ထားလိုက်တော့သည်။ ထို့နောက် သူသည် ပေါ့ပါးစွာ ခုန်တက်လိုက်ပြီး အားချန်ကို ကျောက်ဂူထဲမှ ခေါ်ဆောင်သွားခဲ့သည်။
ထိုကျွန်းငယ်လေးမှ ယုံကျိုးမြို့အထိ အကွာအဝေးသည် သိပ်မဝေးကွာလှပေ။ သို့မဟုတ် ပိုင်ရှိုးမင်၏ အရှိန်က လျင်မြန်သောကြောင့်လည်း ဖြစ်နိုင်၏။ မကြာမီမှာပင် သူမသည် တင်းကျပ်စွာ ပိတ်ထားသော မြို့တံခါးကို မြင်တွေ့လိုက်ရသည်။
“ပိုင်လူကြီးမင်း၊ ရှင့်ရဲ့ ခါးစည်းတံဆိပ်နဲ့ဆို မြို့တံခါး ဖွင့်ခိုင်းလို့ ရတယ် မဟုတ်လား” အားချန်က မရေမရာ မေးလိုက်၏။
“ခါးစည်းတံဆိပ် မရှိဘူး”
“ဟင်” အားချန်သည် နားမလည်နိုင်အောင် ဖြစ်သွားသည်။
“သံသယရှိသူကို အကာအကွယ်ပေးလို့ ရာထူးကနေ ယာယီ ထုတ်ပယ်ခံထားရတယ်”
“ဘယ်လို သံသယရှိသူလဲ”
ပိုင်ရှိုးမင်သည် စကားမဆိုဘဲ သူမကိုသာ ကြည့်လိုက်လေသည်။
အားချန်၏ လက်ညှိုးသည် မိမိကိုယ်ကို ပြန်ညွှန်လိုက်ပြီး မသေမချာ မေးလိုက်သည်။ “ကျွန်မလား”
“မဟုတ်ရင် ဘယ်သူ ဖြစ်ဦးမှာလဲ”
“ရှင့်ရဲ့ အထက်အရာရှိက တကယ် အကျိုးအကြောင်း မသိတတ်ဘူးပဲ” အားချန်သည် ညည်းညူနေရင်း နှုတ်ခမ်းထောင့်များက တိတ်တဆိတ် ကွေးတက်သွားသည်။
“ငါ ရာထူးက ထုတ်ပယ်ခံရတာကို မင်းက တော်တော် ပျော်နေသလိုပဲ”
“မဟုတ်ပါဘူး၊ ကျွန်မက... နောက်ဆိုရင် ကျွန်မ ရှင့်ကို ပိုင်လူကြီးမင်းလို့ မခေါ်ဘဲ ရှင့်နာမည်ကို တိုက်ရိုက် ခေါ်လို့ ရပြီလားလို့ တွေးနေတာ”
ပိုင်ရှိုးမင်သည် သူမဘက်သို့ လှည့်လာပြီး နက်ရှိုင်းသော မျက်ဝန်းများထဲတွင် အပြုံးအရိပ်အယောင်များ ပါဝင်နေသည်။ “မင်း သဘောပဲ”
“ပိုင်ရှိုးမင်၊ ကျွန်မတို့ ဟိုဘက်က သွားရအောင်၊ ဟိုမှာ ကြည့်လိုက်၊ အဲဒီ မြို့စောင့်တပ်သားက တကယ်ပဲ အိပ်ငိုက်နေတာ” အားချန်က ဦးတည်ရာတစ်ခုကို ညွှန်ပြကာ ပြောလိုက်၏။
“ညမထွက်ရအမိန့်ပြီးမှ မြို့တံခါးကို ကျော်ဝင်တာက...”
အားချန်က သူ့စကားကို ဖြတ်ပြောလိုက်ပြီး အလိုက်သင့် ပြောလိုက်၏။ “ရှင်က အရာရှိမှ မဟုတ်တော့တာ၊ ဘာဖြစ်လို့ စည်းကမ်းလိုက်နာနေသေးတာလဲ”
သူမက ပိုင်ရှိုးမင်၏ ပခုံးကို ပုတ်လိုက်ပြီး လောဆော်လိုက်တော့၏။ “ရှင် မြန်မြန်လုပ်လေ၊ ကျွန်မ အိပ်ချင်နေပြီ”
ပိုင်ရှိုးမင်သည် နှုတ်ခမ်းထောင့်ကို ကွေးလိုက်ပြီး သူမ ညွှန်ပြသော လားရာဖက်မှာနေ၍ မြို့စောင့်တပ်သားကို ရှောင်ရှားကာ မြို့ထဲသို့ ဝင်ရောက်သွားခဲ့သည်။
သည်အချိန်တွင် မြို့ထဲမှ တည်းခိုခန်းများအားလုံး တံခါးပိတ်နှင့်ပြီ ဖြစ်လေသည်။ ပိုင်ရှိုးမင်က အားချန်ကို နေ့လယ်က တည်းခိုခဲ့သော တည်းခိုခန်းသို့ ခေါ်ဆောင်လာခဲ့၏။ တည်းခိုခန်းပိုင်ရှင်သည် တံခါးခေါက်သံကို ကြားလိုက်သဖြင့် တံခါးလာဖွင့်ရာ အပြင်ဘက်မှ ဧည့်သည် ၂ ဦးသည် အနည်းငယ် ရင်းနှီးနေပြီး နေ့လယ်က ဂုဏ်သရေရှိ ဧည့်သည်များ ဖြစ်ဟန်တူသဖြင့် အလျင်အမြန်ပင် လူများကို အထဲသို့ ကြိုပြောလိုက်၏။
“ဧည့်သည်တော် ၂ ဦး တည်းခိုမလို့လား” သူသည် အခန်းအပ်သွားပြီဖြစ်သော ဧည့်သည်များ အဘယ်ကြောင့် ပြန်ရောက်လာသည်ကို မမေးဝံ့ပေ။
“အကောင်းစားအခန်း ၂ ခန်း ယူမယ်၊ ရေနွေးတစ်ပုံးကို သူ့အခန်းထဲ ပို့ပေးလိုက်” ပိုင်ရှိုးမင်သည် ဆိုင်ထဲသို့ ဝင်ရောက်ပြီးမှ အားချန်ကို အောက်သို့ ချပေးလိုက်ပြီး တည်းခိုခန်းပိုင်ရှင်ကို မှာကြားလိုက်သည်။ ထို့နောက် ငွေတုံးတစ်တုံးကို ပစ်ပေးလိုက်၏။
တည်းခိုခန်းပိုင်ရှင်သည် ငွေကို လက်ခံယူလိုက်ပြီး မျက်နှာတွင် ချက်ချင်း အပြုံးများ ပြည့်နှက်သွားတော့သည်။ “ဧည့်သည်တော် ခဏစောင့်ပါ၊ မီးဖိုချောင်ကို ရေနွေးတည်ခိုင်းလိုက်ပါ့မယ်။ ဧည့်သည်တို့၂ယောက် ကျွန်တော်နဲ့ လိုက်ခဲ့ပါ”
တည်းခိုခန်းပိုင်ရှင်သည် နှစ်ယောက်သားကို အပေါ်ထပ်သို့ ခေါ်ဆောင်သွားပြီး မကြာမီမှာပင် ရေနွေးသည် အားချန်၏ အခန်းထဲသို့ ရောက်ရှိလာခဲ့လေသည်။ အားချန်သည် ရေနွေးဖြင့် ရေချိုးလိုက်ပြီးမှ မိမိ၏ကိုယ်ပေါ်တွင် စွဲကပ်နေသော မကောင်းသည့် ညှီနံ့များ နောက်ဆုံးတွင် ဆေးကြောသန့်စင်သွားပြီဟု ခံစားလိုက်ရသည်။
သူမသည် ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး ခဏလောက် အိပ်မပျော်နိုင် ဖြစ်နေမိလေသည်။ ပိုင်ရှိုးမင်က သူမကို လာရှာလိမ့်မည်ဟု စိတ်ထဲတွင် သိနေသော်လည်း ကျောင်းနတ်မင်းနှင့် ရင်ဆိုင်ရချိန်တွင် ခံစားခဲ့ရသော အားမတန်သည့် ခံစားချက်သည် သူမ၏ စိတ်နှလုံးထဲတွင် တဝဲလည်လည် ဖြစ်နေတော့သည်။ ငါသာ မိစ္ဆာတစ်ကောင် ဖြစ်နေသေးရင် ကောင်းမှာ၊ လူဖြစ်ရတာ တကယ် အလုပ်ရှုပ်တာပဲ ဟု သူမ တွေးလိုက်မိသည်။
သည်လို တွေးတောရင်းက အားချန်သည် တဖြည်းဖြည်း အိပ်ပျော်သွားခဲ့သည်။ သူမသည် နှစ်ခြိုက်စွာ အိပ်ပျော်သွားခြင်း မဟုတ်ဘဲ ညသန်းခေါင်တွင် အိပ်မက်မက်ပြန်သည်။ အိပ်မက်ထဲတွင် ကျောင်းနတ်မင်း၏ ကြီးမားသော ဦးခေါင်းကြီးသည် သူမကို စိုက်ကြည့်ရင်း သူမကို လက်ထပ်မည်ဟု ဆိုနေလေသည်။
ညမောင်းခေါက်သမားသည် ဒုတိယအကြိမ် ညမောင်းကို ခေါက်လိုက်ရာ ညသည် တဖြည်းဖြည်း နက်ရှိုင်းလာလေသည်။ အားချန်သည် အိပ်မက်ထဲတွင် ထို အရှက်မရှိသော ကျောင်းနတ်မင်းကြောင့် ဒေါသထွက်ကာ မီးခိုးများ ထွက်လုမတတ် ဖြစ်နေသော်လည်း ဘေးအခန်းမှ ပိုင်ရှိုးမင်၏ အခန်းထဲတွင်တော့ ဖယောင်းတိုင်မီးသည် ထိန်လင်းနေဆဲ ပင်။
ရုတ်တရက် တင်းကျပ်စွာ ပိတ်ထားသော ပြတင်းပေါက်သည် အပြင်ဘက်မှ တွန်းဖွင့်ခံလိုက်ရပြီး လူအရိပ်တစ်ခုသည် ပြတင်းပေါက်မှ ခိုးကြောင်ခိုးဝှက် ဝင်ရောက်လာခဲ့၏။
ပိုင်ရှိုးမင်သည် ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး ထိုလူ ဝင်လာသည်ကို မြင်သောအခါ မျက်နှာတွင် အံ့ဩမှုတစ်ချက် ဖြတ်ပြေးသွားကာ မေးလိုက်သည်။ “မင်း ဘယ်လိုလုပ် ရောက်လာတာလဲ”
ထိုလူသည် လှည့်ကြည့်လိုက်ရာ ခါးတွင် ချိတ်ဆွဲထားသော ခါးစည်းတံဆိပ်သည် လှုပ်ခါသွားလေသည်။ ထိုအရာသည် အားချန် ယခင်က ပြောခဲ့သော ကျန့်ရှီဖူ၏ ခါးစည်းတံဆိပ်ပင်။ ဤလူသည် ဤနေရာတွင် တာဝန်ကျနေသော ကျန့်ရှီဖူ ရှန်ကျော် ဖြစ်ပြီး နေ့လယ်က ကျောင်းနတ်မင်း ရုပ်တုကို ဓားဖြင့် ခုတ်ပိုင်းခဲ့သူ ဖြစ်သည်။ ရှန်ကျော်သည် ပိုင်ရှိုးမင်ထက် အသက်ကြီးသော်လည်း ကလေးမျက်နှာပေါက်နေသဖြင့် ကြည့်ရသည်မှာ အသက် ၂၀ ကျော်ဝန်းကျင်သာ ရှိဟန်တူသည်။
သူသည် ပြတင်းပေါက်ကို ပိတ်လိုက်ပြီးမှ ပိုင်ရှိုးမင်ဘက်သို့ လှည့်၍ ပြောလာ၏။ “ငါ လာချင်လို့ လာတယ်များ မင်းက ထင်နေတာလား။ ဒီည ဟို ကျောင်းနတ်မင်းက ထပ်ပေါ်လာတယ်၊ ငါက ရေနားမှာ ကင်းလှည့်နေတုန်း မင်းက လူတစ်ယောက်ကို ပွေ့ပြီး ခိုးကြောင်ခိုးဝှက်နဲ့ မြို့ထဲဝင်လာတာ တွေ့လိုက်တယ်”
“ပြီးတော့ရော”
ရှန်ကျော်သည် မျက်လုံးများကို မှေးစင်းလိုက်သည်။ “မင်း ဟို ကျောင်းနတ်မင်းနဲ့ တွေ့ခဲ့တာ မဟုတ်လား”
“အင်း၊ ဓားတစ်ချက် ခုတ်လိုက်တယ်၊ ဒါပေမဲ့ သူ ထွက်ပြေးသွားတယ်”
“မင်းကတောင် သူ့ကို လိုက်မမီဘူးလား” ရှန်ကျော်၏ မျက်နှာတွင် ဒေါသအရိပ်အယောင် ဖြတ်ပြေးသွားလေသည်။ သူသည် လူ့စိတ်ကို လှည့်ဖြားနေသော ထိုကျောင်းနတ်မင်းကြောင့် ယုံကျိုးတွင် ၂ လတိုင်တိုင် မဖြစ်မနေ နေထိုင်ခဲ့ရသည်။ ထိုကျောင်းနတ်မင်းသည် ကောက်ကျစ်လှသည့်အပြင် ရေထဲတွင် ပျောက်ကွယ်သည့် ပညာရပ်မှာလည်း အလွန် မြင့်မားလှသည်။ သူသည် နည်းလမ်းများစွာ စဉ်းစားခဲ့ပြီး အကြိမ်တိုင်း ထိုကျောင်းနတ်မင်းကို မြူဆွယ်ခေါ်ထုတ်နိုင်ခဲ့သော်လည်း သူ့ကို လုံးဝ ဖမ်းမမိခဲ့ပေ။ ယုံကျိုးတွင် နောက်ထပ် ၂ လ ကြာအောင် နေရဦးမည်ဆိုလျှင် သူ၏ မျက်နှာသည် လုံးဝ ပျက်စီးသွားရတော့မည်။
နှစ်ဦးသား စကားပြောနေစဉ်မှာပင် အပြင်ဘက်မှ ရုတ်တရက် တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။
ရှန်ကျော်သည် မျက်လုံးများ ပြူးကျယ်သွားပြီး ပြတင်းပေါက်မှ လှစ်ခနဲ ခုန်ထွက်သွားတော့သည်။ ထိုအချိန်မှ ပိုင်ရှိုးမင်က “ဘယ်သူလဲ” ဟု အသံပြု မေးလိုက်သည်။
“ပိုင်ရှိုးမင်၊ ကျွန်မ ရှင့်ကို ပြောစရာ ရှိတယ်” အားချန်၏ အသံသည် အပြင်ဘက်မှ ထွက်ပေါ်လာလေသည်။
“ဒီအချိန်ကြီးလား” ပိုင်ရှိုးမင်မှာ အံ့ဩသွားတော့သည်။
“ရှင် မြန်မြန်လုပ်ပါ” အပြင်ဘက်မှ လူသည် သမ်းဝေလိုက်ပြီး သူ၏ နှေးကွေးလေးလံမှုကို မကျေမနပ် ဖြစ်နေပုံပင်။
ပိုင်ရှိုးမင်သည် ရှေ့သို့တိုးလာကာ တံခါးဖွင့်လိုက်ရာ အားချန်သည် တံခါးအပြင်ဘက်တွင် ရပ်နေလေ၏။ သူမ၏ ဆံပင်များသည် ပြေလျော့နေပြီး မိမိဘာသာ ဖြစ်ကတတ်ဆန်း ကျစ်ထားသော ကျစ်ဆံမြီးတစ်ချောင်းသည် ရှေ့တွင် တွဲကျနေကာ အနည်းငယ် သပ်ရပ်အောင် ပြင်ဆင်ထားသည်ဟု ဆိုနိုင်လေသည်။ သူသည် အားချန် ဝင်လာနိုင်ရန် ဘေးသို့ အနည်းငယ် ရှောင်ပေးလိုက်ပြီး သူမ ကုလားထိုင်ပေါ်တွင် ဝင်ထိုင်မှ မေးလိုက်တော့သည်။ “ဘာအရေးကြီးတဲ့ ကိစ္စရှိလို့ ညသန်းခေါင်ကြီး ပြောရတာလဲ။ ဖျားနေလို့လား”
အားချန်သည် နဖူးကို စမ်းကြည့်လိုက်ပြီး သူ့ကို ခေါင်းခါပြလိုက်သည်။ အနည်းငယ်သာ ပူနေပြီး ပြင်းထန်ခြင်း မရှိပေ။
“ဒါဆို ဘာပြောမလို့လဲ” တောက်ပနေသော ဖယောင်းတိုင်မီးရောင်သည် ပိုင်ရှိုးမင်၏ မျက်ဝန်းထဲတွင် ထင်ဟပ်နေပြီး နူးညံ့မှုများပင် ပါဝင်နေသယောင်။
သူနှင့် အကြည့်ချင်း ဆုံမိသောအခါ အားချန်တစ်ယောက် ခဏလောက် ငေးမောသွားပြီးမှ နောက်ဆုံးတွင် အတွေးများ ပြန်လည် စုစည်းမိသွားတော့သည်။
“ကျွန်မ ခုနက အိပ်မက်ထဲမှာ ဟို ဖားပြုတ်ကောင်ကို မက်တယ်” အိပ်မက်ထဲမှ မြင်ကွင်းကို ပြန်တွေးမိသောအခါ အားချန်သည် တစ်ဖန် ဒေါသထွက်လာပြန်သည်။
ပိုင်ရှိုးမင်သည် မရယ်ဘဲ မနေနိုင်တော့ဘဲ သူမသည် ထိုကျောင်းနတ်မင်းကို အလွန် မုန်းတီးနေမှန်း သိလိုက်ရသည်။ အဆင့်နှိမ့်ချကာ ဖားပြုတ်ကောင်ဟုပင် ခေါ်ဝေါ်နေလေပြီ။
“ပြီးတော့ရော” သူက မေးလိုက်သည်။
“သူက အစောတုန်းက ကျွန်မနဲ့ ကန်တော့ပွဲ လုပ်ချင်သေးတယ်တဲ့။ ကျွန်မ အခု သူ့အကြောင်း တွေးမိတိုင်း ဒေါသထွက်လွန်းလို့ အိပ်တောင် မပျော်တော့ဘူး”
“ဒါဆို မင်း ဘယ်လို လုပ်ချင်လဲ”
“သူ့ကို အရေခွံခွာပြီး အရိုးထုတ်ပစ်လိုက်ရမှပဲ ကျွန်မရဲ့ စိတ်ထဲက အမုန်းတွေ ပြေပျောက်နိုင်တော့မယ်” ထိုသို့ပြောပြီးနောက် အားချန်သည် သူ့အနားသို့ တိုးကပ်သွားပြီး မြူဆွယ်သော လေသံဖြင့် ပြောလိုက်လေတော့သည်။ “ပိုင်ရှိုးမင်၊ ရှင် ကျောင်း ငါးမျှားဖူးလား”
...