← Chapters

လူကြီးမင်းပိုင် ရှင်ဘာတွေ မကောင်းကြံနေတာလဲ...

Vol. 9 Ch. 88

လူကြီးမင်းပိုင် ရှင်ဘာတွေ မကောင်းကြံနေတာလဲ...

Vol. 9 Ch. 88

ပိုင်ရှိုးမင်သည် အားချန်ကို ခဏလောက် စိုက်ကြည့်လိုက်ပြီးနောက်မှ ဖြေးညှင်းစွာ ပြန်ဖြေလိုက်တော့သည်။ "မမျှားဖူးဘူး"

"ရှင် မစမ်းကြည့်ချင်ဘူးလား"

"... မင်းက အဲဒီကျောင်းကိုသတ်ဖို့ ငါ့ကို ကူညီစေချင်နေတာလား"

အားချန်မှာလည်း မတတ်သာတော့ဘဲ ခေါင်းငြိမ့်ပြလိုက်ကာ သူမ၏မျက်လုံးများ ကလည်း တောက်ပလင်းလက် သွားတော့သည်။

"ဒါပေမဲ့ ငါက မင်းကိုဘာလို့ ကူညီရမှာလဲ"

"ဒါက ကျွန်မကို ကူညီတယ်လို့ ဘယ်လိုလုပ်ပြီး ပြောလို့ရမှာလဲ။ ဒီလုပ်ရပ်က ယုံးကျိုးမြို့သူ မြို့သားတွေကို ဒုက္ခပင်လယ်ကနေ လွတ်မြောက်အောင် ကူညီပေးတာပဲလေ။ သူတို့အတွက် အန္တရာယ် ရှင်းလင်းပေးနေတာလေ" အားချန်ကလည်း လေးနက် တည်ကြည် စွာဖြင့် ပြောလေသည်။

"ငါ မှတ်မိသလောက်တော့ မကြာသေးခင်ကမှ မင်းကိုယ်တိုင် ပြောခဲ့တယ်လေ။ ငါက အရာရှိ မဟုတ်တော့ဘူး။ စည်းမျဥ်းဥပဒေ လိုက်နာစရာ မလိုတော့ဘူး။ ပြည်သူတွေကို ကူညီပေးစရာ မလိုတော့တာလဲ သဘာဝကျတယ်လေ" ပိုင်ရှိုးမင်၏ စကားတစ်ခွန်းက သူမကို ဆွံ့အသွားစေတော့သည်။

လူတစ်ယောက်က မကောင်းတဲ့ အကျင့်တွေ သင်ယူတာ ဘယ်လိုလုပ်ပြီးတော့ အဲ့လောက် မြန်ဆန်ရတာလဲ။

အားချန်သည် စိတ်ရှည်လက်ရှည်ဖြင့် ဖျောင်းဖျလေတော့သည်။ "ကူညီနိုင်တုန်းလေး ကူညီလိုက်ပါရှင်။ ရှင်က ယာယီပဲ ရာထူးရပ်ဆိုင်း ခံထားရတာပါ။ ဘယ်အချိန် ရာထူးပြန်ရမလဲ ဘယ်သူသိနိုင်မှာလဲ။ ဒါတွေအားလုံးက အကျိုးဆောင်မှုတွေ ဖြစ်လာမှာလေ"

"ကိစ္စမရှိဘူး။ ငါလည်း ဂရုမစိုက်ဘူး"

တိုင်းပြည်နှင့် ပြည်သူကို အလုပ်အကျွေး ပြုရသည့် လမ်းကြောင်းက အလုပ်မဖြစ်တော့သဖြင့် အားချန်ကလည်း သူမ၏နည်းဗျူဟာကို ပြောင်းလိုက်ရတော့သည်။

သူမက ကုလားထိုင်ကို ပိုင်ရှိုးမင်အနားသို့ အနည်းငယ် တိုးကပ်လိုက်ပြီး အသံကို ပိုပြီးနူးညံ့ ညင်သာအောင် ပြုလုပ်ကာ ပြောဆိုတော့သည်။ "ဒါဆိုရင်လည်း ကျွန်မကို ကူညီတယ်လို့ပဲ သဘောထား လိုက်ပါလား။ ဒါက ရှင့်ကိုယ်ရှင် သွယ်ဝိုက်ပြီး ကူညီရာလည်း ရောက်ပါတယ်။ အဲဒီကျောင်းက ကျွန်မကိုပဲ တမင်တကာ ပစ်မှတ်ထားနေတာ ထင်ရှားတယ်။ ဒီတစ်ခါ မအောင်မြင်တော့ နောက်တစ်ခါထပ်လာမှာ သေချာတယ်။ ပြီးတော့ ရှင်က သူ့ကိုဒဏ်ရာရအောင် လုပ်ခဲ့သေးတယ်လေ။ သူက အငြိုးအတေးထားမှာ သေချာတယ်"

"သူ အငြိုးအတေး ထားတာ မထားတာ ငါ မသိဘူး။ ဒါပေမဲ့ မင်းကတော့ တော်တော် အငြိုးအတေးကြီးတယ်"

အိပ်နေရင်းတောင် တရေးနိုးထလာပြီး ရန်သူကိုရှင်းပစ်ဖို့ ကြံစည်နိုင်တယ်။ အချိန်ကို နည်းနည်းလေးမှ အလဟဿ ဖြစ်အောင် မဖြုန်းတီးတတ်ဘူးပဲ။

အားချန်ကလည်း သူ့စကားကို မြန်မြန်ဖြတ်ပြော လိုက်ရတော့သည်။ "အို! ဒါက အဓိကအချက် မဟုတ်ပါဘူး"

"ကောင်းပြီလေ။ မင်း ဆက်ပြော" ပိုင်ရှိုးမင်ကလည်း စိတ်ရှည်လက်ရှည်ဖြင့် ပြောလိုက်လေသည်။

"နောက်တစ်ခါ သူသာ ကျွန်မကို ထပ်ဖမ်းဖို့လာခဲ့ရင် ကျွန်မတို့ရဲ့ ဒီလောက်နက်ရှိုင်းတဲ့ ခင်မင်မှုနဲ့ ရှင်က ကျွန်မ အဖမ်းခံရတာကို မျက်စိမှိတ်ပြီး ကြည့်နေမှာလား"

ပိုင်ရှိုးမင်၏ မျက်လုံးထဲတွင် အပြုံးရိပ် တစ်ခု ပေါ်ထွက်လာတော့၏။ "ဒီတော့ ?"

"ဒီတော့ သူ့ကို နေ့တိုင်း သတိထားပြီး စောင့်ကြည့်နေမယ့်အစား ကြိုပြီးလက်ဦးမှု ရယူတာက ပိုကောင်းတယ်လေ" အားချန်ကလည်း ရက်ရက်စက်စက် လည်ပင်းကို လှီးဖြတ်ပြသည့် လက်ဟန်တစ်ခု လုပ်ပြလိုက်လေသည်။

"ကြားရတာတော့ အဓိပ္ပာယ်ရှိသားပဲ"

*ဟုတ်တယ်မလား"

သူမ၏ မျက်လုံးများက ရုတ်တရက် လင်းလက်လာပြီး နောက်ခဏတွင်တော့ ပိုင်ရှိုးမင်က စကားလမ်းကြောင်း ပြောင်းသွားသည်ကို ကြားလိုက်ရတော့သည်။ "ဒါပေမဲ့ ငါက ငါ့ဘဝမှာ ပရဟိတလုပ်ရတာကို လုံးဝမကြိုက်ဆုံးပဲ"

အားချန်၏ လေသံမှာ ပြတ်သားလှပြီး ထိုနေရာတွင်ပင် ကျိန်ဆဲလုမတတ်ပင် ဖြစ်သွားတော့သည်။ "ဒီနေ့ ရှင် ကူညီပေးတဲ့ ကျေးဇူးကို ကျွန်မ သေချာပေါက် မှတ်ထားပါမယ်။ ရှင် လိုအပ်တဲ့ အချိန်တိုင်း ကျွန်မဒီကျေးဇူးကို အချိန်မရွေး ပြန်ဆပ်ပါမယ်"

"တကယ် ပြောတာလား"

"တကယ်ပေါ့"

"မင်းက ဒီလောက်တောင် ရိုးသားနေမှတော့ ငါလည်း မင်းကို အင်တင်တင်နဲ့ ကူညီပေးရတော့မှာပဲ"

နောက်ဆုံးတော့ သူက သဘောတူသွားသည်ကို တွေ့လိုက်ရသောအခါ အားချန်သည် မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။ ပိုင်ရှိုးမင်က ဟိုကျောင်းကောင် ထက်တောင် ရင်ဆိုင်ရတာ ပိုခက်ပါလား။

"အဲဒီ ကျောင်းနတ်မင်းက ရေထဲဝင်သွားရင် ခြေရာကောက်ဖို့ခက်တယ်။ ပြီးတော့ သတိကြီးလွန်းတယ်။ မင်း သူ့ကို ဘယ်လို မျှားခေါ်မလို့လဲ" ပိုင်ရှိုးမင်သည် နောက်ဆုံးတော့ သူ့စိတ်အဝင်စားဆုံးသော အကြောင်းအရာကို မေးလာတော့သည်။

"ငါးစာသာ လုပ်နိုင်ခဲ့ရင် တခြား ပြဿနာတွေ အရေးမကြီး တော့ပါဘူး" အားချန်ကလည်း ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်၏။

ရေထဲမှာ ပျောက်ကွယ် သွားနိုင်တာကို ကျွမ်းကျင် တယ်တဲ့လား။ ဒါဆိုရင်တော့ ကုန်းပေါ်ရောက်လာအောင် မျှားလိုက်ရုံပဲပေါ့။ သတိကြီးတာ ဘာအရေးကြီးလို့လဲ။ သူသာ တကယ်လို့ ကျောင်းနတ်မင်း စစ်စစ်ဖြစ်ခဲ့ရင် သွေးသားထဲက တောင့်တမှုကို ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး။

"အရင်တစ်ခေါက် ရွှယ်ကျန်းမြွေကို ဖမ်းသလိုမျိုးလား"

"ဟုတ်တယ်"

"ကောင်းပြီလေ။ မင်းလိုအပ်တဲ့ ပစ္စည်းတွေကို ငါ့ကို ပြောလိုက်။ ငါ ... ပြင်ဆင်ထားလိုက်မယ်" ပိုင်ရှိုးမင်းသည် လိုက်လိုက်လျောလျော သဘောတူ လိုက်လေသည်။

"နဂါးသွေးတစ်ပုံး၊ ခွေနေတဲ့ လိပ်အမြီး သုံးခုလိုတယ်။ လတ်လတ်ဆတ်ဆတ် ဖြစ်ရမယ်"

"ထပ်ရှိသေးလား"

အားချန်ကလည်း ခဏလောက် စဉ်းစားလိုက်ပြီး "ပြီးတော့ ရွှေရောင် ရေညှိပင်နဲ့ နဂါးဥအပိုင်းအစ တွေလိုတယ်။ ဒါပါပဲ"

"မနက်ဖြန် မမှောင်ခင် ငါ ပစ္စည်းတွေကို အသင့်ပြင် ထားပေးမယ်"

သူက တွန့်ဆုတ်ခြင်း မရှိ သဘောတူလိုက်သည်ကို မြင်လိုက်ရသည်တွင် အားချန်ကလည်း ပြောမည့် စကားများကို ပြန်မျိုချထား လိုက်တော့သည်။

ဒီငါးစာရဲ့ ကုန်ကျစရိတ်က နည်းနည်းများနေတော့ ပိုင်ရှိုးမင်သာ အခက်တွေ့နေရင် ငါ နောက်ထပ် ဖော်စပ်နည်း တစ်ခုလောက်ထပ်ပြီး စမ်းသပ်ပေးလို့ ရပါသေးတယ်။ ကြည့်ရတာ ... သူ့ရဲ့နောက်ခံ အိမ်တော်က တော်တော်ချမ်းသာတဲ့ပုံပဲ။

"တခြားလိုအပ်တာ ရှိသေးလား" ပိုင်ရှိုးမင်က မေးလိုက်၏။

အားချန်က တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မြန်မြန်ပြော လိုက်လေသည်။ "ဪ ရေကန်ရှိတဲ့ နေရာတစ်နေရာကို ရှာပေးပြီးတော့ ရေထွက်ပေါက်ကို ကြိုတင်ပြီးတော့ ပိတ်ထားရမယ်။ ကျန်တာတွေကတော့ ရှင်ဘယ်လို လုပ်ဆောင်မလဲ ဆိုတာကိုပဲ ကြည့်ရမှာပဲ"

ဘာပဲဖြစ်ဖြစ်လေ။ ငါက ငါးစာချပေးဖို့ပဲ တာဝန်ရှိတာ။ ပင်ပန်းရမယ့် အလုပ်တွေအားလုံးက ပိုင်ရှိုးမင်အလုပ်ပဲ။

"သိပြီ"

ကိစ္စအားလုံးကို စီစဉ်ပြီးသွားသဖြင့် နောက်အကျဆုံး မနက်ဖြန်ညတွင် ထိုစိတ်အနှောင့်အယှက် ဖြစ်စရာ ကျောင်းနတ်မင်းကို ရှင်းလင်းနိုင် တော့မည်ဟု တွေးမိရာ အားချန်သည် စိတ်လက် ပေါ့ပါးသွားပြီး အိပ်ချင်စိတ်များ ပြန်ပေါ်လာတော့သည်။

သူမက သမ်းဝေလိုက်ပြီး ပိုင်ရှိုးမင်ကို လက်ပြကာ နှုတ်ဆက်လိုက်တော့၏။ "အိပ်ချင်နေပြီ။ ကျွန်မ ပြန်အိပ်တော့မယ်နော်"

ပိုင်ရှိုးမင်ကလည်း ထရပ်လိုက်ပြီး သူမအတွက် တံခါးဖွင့်ပေး လိုက်ပြီးနောက် သူမကလည်း ဘေးအခန်းသို့ ဝင်သွားသည်ကို မြင်လိုက်ရမှ သူ့အခန်းဆီသို့ ပြန်ဝင်လာခဲ့တော့သည်။

သူသည် လှည့်လိုက်သည်နှင့် မကြာခင်မှာပင် ခုနလေးတင်မှ ရှောင်ပုန်း ထွက်ပြေးသွားသည့် ရှန်ကျော်သည် ပြန်ရောက်နေပြီ ဖြစ်လေသည်။

"ဒီမိန်းကလေးက မင်းနဲ့ဘယ်လို ပတ်သက်တာလဲ" သူ့မျက်ဝန်းထဲက စပ်စုလိုစိတ်ကို ဖုံးကွယ်မထားနိုင်ချေ။

ပိုင်ရှိုးမင်က မိန်းကလေး တစ်ယောက်နဲ့ ညသန်းခေါင် သူ့အခန်းထဲမှာ ဝင်ထွက်ခွင့် ပြုရလောက်တဲ့အထိ ရင်းနှီးနေတယ်ဆိုတာ တကယ်ကို အသစ်အဆန်းပဲ။

"မင်းနဲ့မဆိုင်ပါဘူး" ရှန်ကျော်ကလည်း တစ်ချက် စုပ်သပ်လိုက်ပြီး ထိုကိစ္စကို မင်းကျင့်စီးတစ်ခုလုံး သိသွားအောင် ပြန်ပြောပြကာ လူတိုင်းကိုလည်း ပွဲလာကြည့်ခိုင်းရမည်ဟု စိတ်ထဲတွင် တေးမှတ်ထား လိုက်တော့သည်။

"ကောင်းပြီလေ။ ဒါဆိုရင် ငါ့ကို ပြောပါအုံး။ သူ ပြောခဲ့တဲ့ စကားတွေက အမှန်လား အမှားလား"

ကျိုးကြောင်းသင့် စဉ်းစားကြည့်လျှင်ဖြင့်တော့ မဖြစ်နိုင်ပေ။ ထိုမိန်းကလေးသည် သာမန်လူ တစ်ယောက်သာပင်။ သာမန်လူတစ်ယောက်က သူတို့မင်ကျင့်စီးပင် မကြားဖူးသည့် ထူးဆန်းသော ဖော်စပ်နည်းများကို မည်သည့်နေရာမှ သိနိုင်ပါမည်နည်း။ ကျောင်းနတ်မင်းကို မျှားခေါ်ရန် အသုံးပြုနိုင်သည်ဟုပင် ဆိုသေးသည်။ သို့သော်ငြား ပိုင်ရှိုးမင်ကတော့ ထိုလူ၏စကားကို စိတ်ရှည်လက်ရှည် နားထောင်ပေးခဲ့သည်မှာ နှစ်ယောက်သား၏ ရင်းနှီးသော ဆက်ဆံရေးကြောင့်သာ မဟုတ်သည်မှာ ထင်ရှားလေသည်။

"အရင်က တစ်ခါမှ မမြင်ဖူးတဲ့ ဖော်စပ်နည်းပဲ။ အတိအကျ ပြောလို့တော့ မရဘူး" ပိုင်ရှိုးမင်က ပြန်ဖြေလိုက်၏။ "ဒါပေမဲ့ ... စမ်းကြည့်လို့တော့ ရပါတယ်"

"တကယ် ပြောနေတာလား"

"လိုအပ်တဲ့ ပစ္စည်းတွေ မင်း အကုန် ကြားပြီးပြီပဲ။ မနက်ဖြန် မနက်ပိုင်း ပို့ပေးလိုက်" ပိုင်ရှိုးမင်သည် သူ့ကိုငြင်းဆန်ခွင့် နည်းနည်းလေးမှပင် မပေးချေ။

"ကောင်းပြီလေ" ရှန်ကျော်သည်လည်း ယခုအခါ ထိုကျောင်းနတ်မင်းကို ရင်ဆိုင်ရန် ပိုကောင်းသည့် နည်းလမ်း မရှိသဖြင့် စမ်းကြည့်ရုံမှတစ်ပါး အခြားမရှိချေ။

သို့သော်ငြား မကြာခင်မှာပင် တစ်ခုခု မှားယွင်းနေသလို ခံစားလိုက်ရပြီး ရုတ်တရက် ခေါင်းမော့လာ လေတော့သည်။ "ခဏလေး ငါက ဘာဖြစ်လို့ ဒီပစ္စည်းတွေ ထုတ်ပေးရမှာလဲ။ မင်းက မိန်းကလေးကို သူ့အပေါ် ကျေးဇူးတင်နေအောင် ချောမော့ပြောပြီးတော့ ပစ္စည်းတွေကို ငါ့ဆီက ထွက်ရတယ်တဲ့လား"

"ပြည်သူတွေအတွက် အန္တရာယ် ရှင်းလင်းပေးတာက မင်းရဲ့တာဝန် မဟုတ်ဘူးလား။ ဒါတွေအားလုံးက မင်းရဲ့လုပ်ဆောင်မှု ကောင်းတွေပဲဖြစ်လာမှာ"

ရှန်ကျော်မှာ ဆွံ့အသွား လေတော့သည်။ "မင်းသာ စကားလုံး နှစ်လုံးလောက် ပြောင်းပြောလိုက်ရင် တကယ်စိတ်ရင်း အမှန်နဲ့ ပြောနေတယ်လို့တောင် ထင်မိဦးမှာ"

"ဟိုမိန်းကလေးက သူ့အပေါ် သုံးသွားတဲ့ စကားလုံးတွေ အားလုံးကိုပဲ ငါ့အပေါ် ပြန်အသုံးချ နေတာပါလား" ပိုင်ရှိုးမင်ကတော့ နည်းနည်းလေးမှ ရှက်ရွံ့ပုံမပြဘဲ သတိပေးလိုက်သေးသည်။ "သူ တောင်းဆိုထားတဲ့အတိုင်း ရေကန်တစ်ကန် ရှာဖို့မမေ့နဲ့။ ယုံးကျိုး မြို့နဲ့ သိပ်မဝေးစေနဲ့"

"တခြားလိုသေးလား။ မရှိရင် ငါ သွားတော့မယ်"

"ငါ့အတွက် ဓားတစ်လက်လောက် ရှာပေး" ပိုင်ရှိုးမင်က ပြောလိုက်၏။ "သိပြီ"

"လူလွှတ်ပြီး သန့်ရှင်းတဲ့ အဝတ်အစား နှစ်စုံကိုလည်း ပို့ခိုင်းလိုက်အုံး"

ရှန်ကျော်သည် သူ့ကိုစကား ဆက်မပြောချင်တော့ပေ။ ဒီအတိုင်း လက်ပြနှုတ်ဆက်ကာ သူ့အရိပ်သည် အမှောင်ထဲသို့ တိုးဝင်သွားပြီး မကြာမီ ပျောက်ကွယ်သွား လေတော့သည်။

...

နောက်တစ်နေ့တွင် အားချန်သည် နေမြင့်မှ နိုးလာခဲ့၏။ သို့သော်ငြား ထထိုင်ရန် ကြိုးစားလိုက်သည့်အခါ တစ်ကိုယ်လုံး ပြုတ်ထွက်သွားသလို ခံစားလိုက်ရတော့သည်။ သူမသည် မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် ကုတင်ပေါ်တွင် ပြန်လှဲချလိုက်ပြီး ထို ကျောင်းနတ်မင်းကို အရေခွံခွာကာ အရိုးထုတ်ရုံမျှဖြင့် မလုံလောက်တော့ဟုပင် ခံစားလိုက်ရတော့သည်။ သူ့ရဲ့ဘိုးဘေးမိသားစု သင်္ချိုင်းကိုသာ တူးဖော်နိုင်ခဲ့ရင် သူ့မိသားစု တစ်ခုလုံးကို ဖော်ထုတ်ပြီးတော့ ကြိမ်ဒဏ်ပေးပစ်ရမှာပဲ။

တံခါးခေါက်သံ တစ်ချက် ထွက်ပေါ်လာ၏။ အားချန်သည် လည်ပင်းကို လှည့်လိုက်ကာ ပျင်းရိလေးတွဲစွာဖြင့် မေးလေတော့သည်။ "ဘယ်သူလဲ"

"ငါပါ" ပိုင်ရှိုးမင်၏ အသံသည် တံခါးအပြင်ဘက်မှ ထွက်ပေါ်လာတော့၏။

"၁၅မိနစ် လောက်ကြာမှ ပြန်လာခဲ့"

အပြင်ဘက်မှ လူသည် ရယ်မောလိုက် ဟန်တူလေသည်။ "အဝတ်အစား အသစ်တွေ မလိုချင် တော့ဘူးလား"

"လိုချင်တယ်" အားချန်သည် ချက်ချင်းဆိုသလို ကုတင်မှ ထထိုင်လိုက်ပြီး တံခါးဝသို့ ပြေးသွားကာ တံခါးကို နည်းနည်းလေး ဟလိုက်လေသည်။ သူမက တံခါးနောက်တွင်။ပုန်းပြီး လက်တစ်ဖက်ကိုသာ အပြင်ထုတ်ကာ လက်လှမ်း လာတော့သည်။ "အဝတ်အစားတွေရော"

ပိုင်ရှိုးမင်သည် လျှောက်ဖမ်းနေသည့် သူမ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး ခေါက်ထားသည့် အဝတ်အစား တစ်ထပ်ကို သူမ၏လက်ထဲသို့ ထည့်ပေးလိုက်ကာ "အဝတ်အစား လဲပြီးရင် အောက်ဆင်းပြီး မနက်စာစာအုံး"

"သိပါပြီ"

မကြာမီမှာပင် အားချန်သည် အဝတ်အစားလဲလှယ်ပြီး မျက်နှာသစ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့တော့သည်။

အောက်ထပ်တွင် မနက်စာ စားနေသည့် ဧည့်သည်များက နည်းပါးနေဆဲဖြစ်ပြီး သူမသည် ပြတင်းပေါက် အနားတွင် ထိုင်နေသည့် ပိုင်ရှိုးမင်ကို တစ်ချက်တည်းနှင့် လှမ်းမြင်လိုက်ရ၏။ သူ့ရှေ့က စားပွဲပေါ်တွင် အစားအသောက်များ ပြင်ဆင်ထားပြီး ဖြစ်နေသည်။ ဟင်းပွဲသုံးပွဲနှင့် ဟင်းရည် တစ်ခွက်အပြင် ကြက်ကင်တစ်ကောင်လည်း ချထားသေးသည်။ ကြက်ကင်ကို မြင်လိုက်ရသည်တွင် အားချန်သည် ယနေ့၏ နေရောင်ခြည်က ပိုလို့ပင် တောက်ပလာသလို ခံစားလိုက် ရတော့၏။

အစားအသောက်များ စားသောက်ပြီးနောက်တွင် သူမက တူကို ချလိုက်သည်ကိုစောင့်ပြီးမှ ပိုင်ရှိုးမင်က ပြောလာခဲ့၏။ "မင်းလိုချင်တဲ့ ပစ္စည်းတွေအားလုံး အဆင်သင့်ဖြစ်ပြီ"

"မြန်လိုက်တာ" အားချန်သည် အနည်းငယ် အံ့ဩသွားပြီး စပ်စုချင်စိတ်ဖြင့် မေးလေတော့သည်။ "ရှင့်မှာ ထူးထူးခြားခြား လမ်းကြောင်းတွေ ရှိနေတာလား"

ပိုင်ရှိုးမင်ကတော့ ဘာမှမပြောဘဲ ပြုံးပြလိုက်တော့သည်။ "ဘယ်အချိန် စမှာလဲ"

"အခု စလို့ရပြီလေ။ ငါးစာကိုတော့ နေရာရောက်မှ လုပ်လို့ရတယ်။ အခုကြိုတင် ပြင်ဆင်မှုတွေ နည်းနည်းလုပ်ထားဖို့ လိုသေးတယ်"

သူမက ပိုင်ရှိုးမင်နှင့်အတူ သူ့အခန်းထဲသို့ လိုက်ပါလာခဲ့တော့သည်။ တံခါးဖွင့်လိုက်သည်နှင့် သွေးညှီနဲ့ ယဲ့ယဲ့ကို ရလိုက်၏။ ထိုအရာက နဂါးသွေးနံ့ပင်။

မြွေမျိုးနွယ် အများစုအတွက် နဂါးသွေးသည် သူတို့ကို ထူးကဲစွာ ဆွဲဆောင်နိုင်စွမ်းရှိပြီး ကျောင်းနတ်မင်း အတွက်လည်း ထိုနည်းတူပင်။

နရံဘေးက စားပွဲအောက်တွင် နဂါးသွေးအပြည့် ထည့်ထားသည့် ပုံးတစ်ပုံး ချထားလေသည်။ အားချန်က လက်ညှိုးကို ဆန့်ထုတ်လိုက်ပြီး လက်တစ်ဆစ်ကို နဂါးသွေးထဲသို့ နှစ်လိုက်၏။ နဂါးသွေး၏ အပူချိန်သည် လူခန္ဓာကိုယ် အပူချိန်ထက် ပိုပြီးမြင့်မားနေကာ စတင်ထိတွေ့ လိုက်ချိန်တွင်ပင် ပူလောင်သည်ဟု ခံစားရပြီး အလွန်ပျစ်ခဲလို့ နေသည်။ သွေးသည် ပြဒါးရေကဲ့သို့ ဆိုသည်မှာ နဂါးသွေးကို ရည်ညွှန်းခြင်းပင်။

နဂါးသွေးကို စစ်ဆေးပြီးနောက် အားချန်သည် ကျေနပ်စွာဖြင့် လက်ကိုပြန် ထုတ်လိုက်ပြီး တခြားပစ္စည်းများကို ထပ်မံစစ်ဆေး လိုက်လေသည်။ အားလုံးက မှန်ကန်ကြောင်း အတည်ပြုပြီးမှ သူမက ပိုင်ရှိုးမင်ဘက်သို့ လှည့်ကာ ပြောလာတော့၏။ "ပစ္စည်းတွေအားလုံး အဆင်ပြေပါတယ်။ နောက်တစ်ဆင့်ကတော့ ခွေနေတဲ့ လိပ်အမြီးကို အခြောက်လှမ်းပြီး အမှုန့်ကြိတ်ရမယ်။ ပြီးတော့ နဂါးသွေးနဲ့ရောရမယ်"

လတ်လတ်ဆတ်ဆတ် လိပ်အမြီးကို အခြောက်လှမ်း အမှုန့်ကြိတ်ခြင်းက အချိန်တိုအတွင်း ပြီးစီးနိုင်သည့်အလုပ် မဟုတ်ချေ။ ဒီအလုပ်ကို သူ့အတွက် သီးသန့် ချန်ထားပေးခြင်း ဖြစ်သည်မှာ သိသာလေသည်။

ပိုင်ရှိုးမင်က ကူကယ်ရာမဲ့စွာဖြင့် လိပ်အမြီး တစ်ချောင်းကို ဆွဲယူလိုက်ပြီး အတွင်းအားကို လည်ပတ်လိုက်ရာ မကြာမီတွင် အခန်းထဲ၌ အသားကင်နံ့ သင်းသင်းလေး ပျံ့နှံလာတော့သည်။ အပူချိန်ကို ထိန်းချုပ်လိုက်ရ သဖြင့် ပိုင်ရှိုးမင်၏ အရှိန်သည် အနည်းငယ် နှေးကွေးနေပြီး ၁၅ မိနစ်ခန့်ကြာမှ ထိုလိပ် အမြီးသည် အရိုးရော အသားပါ ကျွတ်ဆတ်သွား လေတော့သည်။

ထိုနောက်တွင်မှ သူသည် ကျန်နေသည့် အမြှီး နှစ်ချောင်းကိုပါ ပြုလုပ်လိုက်ပြီး ထိုအမြီးများကို အမှုန့်ဖြစ်အောင် ကြိတ်ကာ နဂါးသွေး ထည့်ထားသည့် ပုံးထဲသို့ ဖျော်ထည့်လိုက်လေသည်။ ချက်ချင်း ဆိုသလိုပင် ပုံးထဲက နဂါးသွေးများသည် တပွက်ပွက် မြည်သံများနှင့် ပူပေါင်းများ ထလာလေတော့၏။

အားချန်က မျက်နှာသစ်ဇလုံ အရွယ်အစား ရှိသည့် နဂါးဥ အပိုင်းအစတစ်ခုကို ပိုင်ရှိုးမင်ထံသို့ တွန်းပို့လိုက်ကာ ပြောလိုက်၏။ "ဒါကိုလည်း အမှုန့်ကြိတ်ရမယ်။ ပူပေါင်းတွေ ပျောက်သွားမှ ထပ်လောင်းထည့်လိုက်"

ပိုင်ရှိုးမင်သည် သူမ ပြောသည့်အတိုင်း နဂါးဥအမှုန့်များကို ပုံးထဲသို့ လောင်းထည့်လိုက်ရာ ပုံးထဲက နဂါးသွေးများသည် ပိုပြီးပျစ်ခဲလာပြီး ထူးဆန်းသည့် မွှေးရနံ့တစ်ခု ပျံ့နှံလာတော့သည်။ သို့သော်ငြား ထူးဆန်းသည့်မွှေးရနံသည် အလွန်ဖျော့တော့ လှသဖြင့် မီတာအနည်းငယ် အကွာကပင် အနံ့ရရန် ခက်ခဲလေသည်။

"ပြီးပြီ" အားချန်က တစ်ဝက်တစ်ပျက် ပြီးစီးသွားသည့် ပုံးကိုကြည့်ကာ ကျေနပ်စွာဖြင့် ပြောလိုက်၏။ "ရေကန်နားကို ရောက်သွားမှ ရွှေရောင် ရေညှိကို ထပ်ထည့်လိုက်မယ်။ အဲဒီကျောင်းက အနံ့ရတာနဲ့ သေချာပေါက် ရောက်လာလိမ့်မယ်"

ထိုနောက် သူမသည် ခေါင်းမော့ကာ ပိုင်ရှိုးမင်ကို ကြည့်လိုက်၏။ "နောက်ဆက်တွဲကတော့ ရှင့်အပေါ် မူတည်သွားပြီ။ ရှင်က ဒီလောက်တော်တာပဲလေ။ ကျောင်းတစ်ကောင်ကိုတော့ ရှုံးမှာ မဟုတ်ပါဘူး။ ဟုတ်တယ် မလား"

"ပြောစရာရှိတာ တည့်တည့်ပြော။ မြောက်ပင့်ပြောတာက ငါ့ဆီမှာ အသုံးမဝင်ဘူး"

"အင်း။ ဒါဆိုရင် ရှင် သူ့ကို လက်စတုံးတဲ့ အခါ နည်းနည်းလေး သေးသေးလေး ဖြစ်သွားအောင် လှီးဖြတ်ပစ်လိုက်နော်"

နှစ်ယောက်သားသည် တည်းခိုခန်းတွင် ညနေစောင်းအထိ စောင့်ဆိုင်းပြီးမှ ပိုင်ရှိုးမင်က အားချန်ကိုခေါ်ကာ ယုံးကျိုးမြို့အပြင်ဘက်သို့ ခေါ်ထွက်လာ ခဲ့တော့သည်။

ရှန်ကျော် ရှာဖွေထားသည့် နေရာသည် ယုံးကျိုးမြို့နှင့် မဝေးလှဘဲ မြို့အပြင်ရှိ တောင်တစ်တောင်တွင် တည်ရှိ၏။ ထိုအနီးအနားတွင် ကျေးရွာများ မရှိသဖြင့် မမှောင်သေးခင်မှာပင် တောင်အထဲက ပိုးကောင်များနှင့် ငှက်များ၏ အော်သံများက ဆက်တိုက် ထွက်ပေါ်လို့နေသည်။

ရေကန်ဘေးသို့ ရောက်လာသောအခါ အားချန်က နဂါးသွေးကို ထုတ်ယူလိုက်ပြီး ရွှေရောင်ရေညှိ ထည့်ထားသည့် အိတ်ငယ်လေးကို ထုတ်ယူလိုက်၏။ ထိုအိတ်ငယ်လေးသည် ညအမှောင်ထဲတွင် ရွှေရောင် အလင်းတန်းများ တဖြည်းဖြည်း ထုတ်လွှတ် နေတော့သည်။ အားချန်က အိတ်ကိုဖွင့်လိုက်ပြီး အထဲက ရွှေရောင် ရေညှိဖတ်များ အားလုံးကို ပေါင်းထည့် လိုက်တော့သည်။

အလင်းရောင် ထုတ်လွှတ်နေသည့် ရေညှိဖတ်များသည် နဂါးသွေးထဲသို့ ကျဆင်းသွားပြီးနောက် အစပိုင်းတွင်တော့ ဘာတုံ့ပြန်မှုမှ မရှိချေ။ ခဏလောက် စောင့်ဆိုင်းပြီး နောက်တွင် ထိုရေညှိဖတ်များသည် နဂါးသွေးများကို စုပ်ယူလိုက်ပြီး တဖြည်းဖြည်း စုစည်းသွားကာ သွေးရောင် အလုံးလေးများ ဖြစ်ပေါ်လာပြီး ရွှေရောင် အလင်းများကလည်း ဖြည်းညှင်းစွာဖြင့် ထုတ်လွှင့်လို့နေသည်။ ဒီလို မှောင်မိုက်လှသည့် ညယံတွင် အလွန်ထင်ရှား နေတော့၏။

သူမက ထိုအလုံးလေးများကို တစ်လုံးချင်းဆယ်ယူကာ ရေကန်ထဲသို့ ပစ်ချလိုက်လေသည်။ နဂါးသွေးသည် အေးစက်လှသည့်ရေကန်နှင့် ထိတွေ့လိုက်သည်တွင် အဖြူရောင် ရေငွေ့တန်းများ ပျံ့နှံ့လာပြီး ထိန်းချုပ်ခံထားရသည့် မွှေးရနံ့ကလည်း ရုတ်တရက် ပေါက်ကွဲ ထွက်လာကာ အရပ်လေး မျက်နှာသို့ ပျံ့နှံ့သွား လေတော့သည်။

.

အားချန်က ငါးစာများကို ရေကန်ထဲသို့ ထည့်လိုက်သည့် အချိန်တွင် မူလက ကျင်းရွှေမြစ် အောက်ခြေရှိဂူ တစ်ခုအတွင်း ပုန်းကွယ်ကာ ဒဏ်ရာများကို ကုသနေရသည့် ကျောင်းနတ်မင်းသည် ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်တော့၏။ သူသည် အလွန်ထူးဆန်းလှသည့် မွှေးရနံ့တစ်ခုကို ရရှိလိုက်ပြီး သူ၏ဗီဇစိတ်က ထိုမွှေးရနံ့၏ ဇစ်မြစ်ကို အလျင်အမြန် ရှာဖွေကာ မျိုချပစ်ရန် တိုက်တွန်းနေ သယောင်ပင်။

ဒါက ငါ့သွေးသားကို အဆင့်မြင့်တင် ပေးနိုင်မဲ့ ရတနာတစ်ခုပဲ ဖြစ်ရမယ်။ မဟုတ်ရင် ခန္ဓာကိုယ်ရဲ့ တောင့်တမှုက ဒီလောက် ပြင်းထန်နေမှာ မဟုတ်ဘူး။

ကျောင်းနတ်မင်းကလည်း မပျောက်ကင်းသေးသည့် ဒဏ်ရာများကို ဂရုမစိုက်နိုင် အားတော့ဘဲ ကျင်းရွှေမြစ်ထဲမှ တစ်ဟုန်ထိုး ခုန်တက်လာပြီး မွှေးရနံ့လာ ရာဘက်သို့ ပျံသန်းလာလေတော့သည်။ သူဖြတ်သန်း သွားသော နေရာတိုင်းတွင် ကျောက်တောင်များက ကြေမွသွားပြီး သစ်ပင်ကြီး များမှာတော့ ပြင်းထန်စွာ လှဲကျ သွားတော့သည်။ ဒီလိုကြီးမားလှသည့် လှုပ်ရှားမှုသည် ညဘက်တွင် အနားယူနေကြသည့် တောင်ထဲက ငှက်များအားလုံးကို အထိတ်တလန့် ဖြစ်သွားစေတော့၏။

ဒီတစ်ချိန်တွင် အားချန်ကတော့ ကျယ်ပြန့်လှသည့် ကျောက်ဆောင်ကြီး တစ်ခုပေါ်တွင် ထိုင်နေပြီး ခေါင်းငုံ့လိုက်လျှင် အဝေးက ရေကန်ကို မြင်တွေ့နိုင်လေသည်။ ရေကန်ပေါ်တွင် မျောနေသည့် မွှေးကြိုင်သော ငါးစာများသည် လှိုင်းဂယက် များနှင့်အတူ လှုပ်ခါလို့နေလေ၏။

ထိုအချိန်တွင် တောင်ပေါ်က လေပြင်းတစ်ချက် တိုက်ခတ်လာပြီး အေးစက်စက် အငွေ့အသက် များနှင့်အတူ ရင်းနှီးနေသည့် ညှီနံ့တစ်ခု ပါဝင်လာတော့သည်။

အားချန်က အဝေးသို့ လှမ်းကာ မျှော်ကြည့်လိုက်၏။ ဘာကိုမှ မမြင်ရသော်ငြားလည်း ထိုကျောင်းနတ်မင်း ရောက်ရှိလာပြီ ဖြစ်ကြောင်းကိုတော့ သူမ သိလိုက်လေသည်။ သူမက ခေါင်းလှည့်လိုက်သည်တွင် သူမ၏ ဘေးတွင် အမြဲရပ်နေသည့် ယောက်ျားသည် မည်သည့်အချိန်ကတည်းက ပျောက်ကွယ်သွား သည်ကိုပင် မသိချေ။

ကျောင်းနတ်မင်း၏ အရှိန်သည် ပိုလို့ပင် မြန်ဆန် လာတော့၏။ သူသည် သူ့ရှေ့က ကာစီးနေသည့် အတားအဆီးများ အားလုံးကို ဒေါသတကြီး ဝင်တိုက်ကာ ဖျက်ဆီးပစ်လိုက်သည်။ မွေးရနံ့၏ ဇစ်မြစ်နှင့် နီးကပ်လာလေလေ သူ့ခန္ဓာကိုယ်သည် ပိုပြီး ပူလောင် လာလေလေဖြစ်ကာ ကိုယ်အတွင်းက သွေးများက ဆူပွက်လာ နေသကဲ့သို့ပင်။

နောက်ဆုံးတွင်တော့ သူသည် ရေကန်တစ်ခု၏ ဘေးတွင် ရပ်လိုက်တော့၏။ ရေကန်ထဲတွင် ရေငွေ့များက လှုပ်ယမ်းနေပြီး ရေပြင်ပေါ်တွင် မျှော်လင့်နေသည့် အလုံးလေးများသည် ရွှေရောင် အလင်းတန်းများ တဖြည်းဖြည်း ထုတ်လွှင့်လို့နေသည်။ မွှေးရနံက ထိုအရာများထံမှ ပျံ့နှံလာခြင်းပင် ဖြစ်ရမည်။

ကျောင်းနတ်မင်းသည် ဒီအရာများက မည်သည့်နေရာက လာသည်ကိုပင် စဉ်းစားရန် အချိန်မရတော့ချေ။ သူ၏ ကြီးမားလှသည့် ခန္ဓာကိုယ်သည် ရေထဲသို့ တိုးဝင်သွားပြီး ပါးစပ်ကြီးကို အလျင်စလို ဖွင့်ဟကာ ရေထဲက အလုံးများကို ပါးစပ်ထဲသို့ စုပ်ယူလိုက်တော့၏။

သူ့ကို စဉ်းစားဉာဏ် ပျောက်ကွယ်လုနီးပါး ဖြစ်စေသည့် ထိုမွှေးရနံသည် သူ့ပါးစပ်ထဲတွင် ပေါက်ကွဲထွက်သွားပြီး တဒင်္ဂအတွင်း ကျောင်းနတ်မင်း၏ အသိစိတ်သည်လည်း ဗလာနတ္ထိ ဖြစ်သွားလေတော့သည်။

ထိုတခဏမှာပင် ဓားတစ်လက်သည် သူ၏ဦးခေါင်းခွံမှ ထိုးဝင်ကာ စိုက်လာပြီး မေးရိုးတည့်တည့် ထိုးဖောက်သွားလေတော့၏။

"ဂရား!" ပြင်းထန်လှသည့် နာကျင်မှုကြောင့် ကျောင်းနတ်မင်းသည် ကောင်းကင်ယံကို ထိုးဖောက်သွားလောက်အောင် ဟိန်းဟောက်သံကို ပြုလုပ်လိုက်တော့၏။ သူ့ခန္ဓာကိုယ်က လူးလွန့်သွားပြီး အနက်ရောင် အမြီးရှည်ကြီးသည် အပေါ်သို့အားကုန် ပင့်ရိုက်လိုက်သော်ငြားလည်း လေထဲတွင်သာ လွဲချော်သွားခဲ့တော့သည်။

သူ၏ဦးခေါင်းခွံတွင် စိုက်ဝင်နေသည့် ဓားရှည်သည် တစ်ဖန်ဆွဲထုတ် ခံလိုက်ရပြန်သည်။ ဓားရောင်များ လက်ခနဲဖြစ်သွားပြီး သူ့ဂုဏ်ယူဝင့်ကြွားခဲ့ရသော မာကျောလှသည့် အကြေးခွံများမှာ တစ်လက်မချင်း ကျိုးပဲ့သွားကာ အရေပြားနှင့် အသားများ ပွင့်ထွက်သွားပြီး ဒဏ်ရာသည်လည်း ရိုးတွင်းခြင်ဆီ အထိ နက်ရှိုင်းစွာ ထိုးဝင်သွားတော့၏။

"အောက်တန်းကျတဲ့ကောင် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရဲတယ်။ သတ္တိရှိရင် ထွက်လာခဲ့။ ငါနဲ့မျက်နှာချင်းဆိုင် တစ်ပွဲတိုက်ကြမယ် !"

"တိရစ္ဆာန် တစ်ကောင်ကများ ကိုယ့်ဟာကိုယ် နတ်မင်းလို့ ခေါ်ဝံ့သေးတယ်" အသံထွက်ပေါ်လာပြီး ပိုင်ရှိုးမင်၏ ပုံရိပ်သည် ကောင်းကင်ယံတွင် ပေါ်ထွက်လာခဲ့၏။ သူသည် လေထဲတွင် မတ်တပ်ရပ်နေကာ လက်ထဲက ဓားရှည်သည်လည်း တုန်ခါသံများ ထွက်ပေါ်နေတော့သည်။

ကျောင်းနတ်မင်း၏ ခန္ဓာကိုယ်သည် အစပိုင်းတွင် တောင့်တင်း သွားပြီးနောက် ပါးစပ်ကြီးကို ဖြဲကာ ပိုင်ရှိုးမင်ထံသို့ ကိုက်ဖြတ်ရန် ကြိုးစားလိုက်တော့သည်။ ပိုင်ရှိုးမင်က ဓားဖြင့်ခုတ်ပိုင်း လိုက်သည်တွင် သူသည် ခန္ဓာကိုယ်ကို လှည့်ပတ်ပြီး ရေကန်ထဲသို့ တည့်တည့်တိုးဝင်ကာ ထွက်ပြေးရန် ကြိုးစားလေတော့၏။

သို့သော်ငြား ဤရေကန်၏ ထွက်ပေါက်သည် ရှန်ကျော်က မင်ကျင့်စီး၏ လျှို့ဝှက်ပညာဖြင့် ကြိုတင်ပိတ်ဆို့ထားပြီး ဖြစ်သဖြင့် ကျောင်းနတ်မင်းသည် ပိတ်မိနေသည့် သားကောင်တစ်ကောင်လို ရေကန်ထဲတွင် အတန်ကြာအောင် တဝဲလည်လည် လူးလွန့်နေ သော်ငြားလည်း ထွက်ပေါက်ကို ရှာမတွေ့နိုင်ခဲ့ချေ။

သူသည် နောက်ဆုံးတော့ မကျေမနပ်ဖြင့် ရေကန်ထဲမှ ထိုးထွက်လာ တော့သည်။ ထိုလူသားသည် ရေကန်၏ အပေါ်ဘက်တွင် ရပ်ကာ သူ့ကို ငုံ့ကြည့်လို့နေ၏။

"လူသား မင်းသာ ငါ့ကို လွှတ်ပေးရင် ငါ ကျင်းရွှေမြစ်ကနေ ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာတော့ဘူး"

ပိုင်ရှိုးမင်သည် လက်ထဲက ဓားကို သုတ်လိုက်ပြီး ထိုဓားသည် အလွန်ကောင်းမွန် လှသဖြင့် အပေါ်တွင် သွေးတစ်စက် ကလေးမျှ စွန်းထင်းနေခြင်း မရှိခဲ့ ချေ။

သူက မလှုပ်မယှက် ဖြစ်နေသည်ကို မြင်လိုက်သောအခါ ကျောင်းနတ်မင်းက ဟိန်းဟောက်လိုက်တော့သည်။ "မင်းသာ ငါ့ကိုသတ်ဖို့ ဇွတ်တောင်းဆို နေမယ်ဆိုရင် ငါလည်း မင်းကို အလွယ်တကူ ခွင့်လွှတ်မှာ မဟုတ်ဘူး။ ငါ အခု ကျင်းရွှေမြစ်ကို ကမ်းပါးနှစ်ဖက် ရေလျှံတက်သွားအောင် လုပ်နိုင်တယ်။ လူတွေ အားလုံးလည်း ငါနဲ့အတူလိုက် သေကြရလိမ့်မယ်"

"မင်းက တော်တော် ပါးနပ်တာပဲ။ ဒါပေမဲ့ ငါကတော့ ခြိမ်းခြောက်ခံရတာကို အမုန်းဆုံးပဲ"

ပိုင်ရှိုးမင်၏ ပုံရိပ်သည် ရုတ်တရက် ပျောက်ကွယ်သွားလေသည်။ ကျောင်းနတ်မင်း၏ မျက်လုံးထဲတွင် ကြမ်းကြုတ်မှုများ ဖြတ်ပြေးသွားပြီး အမြုတေကို ထုတ်ဖော်ရန် ကြိုးစားလိုက်စဉ်မှာပင် ဦးခေါင်းတွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရ၏။ နာကျင်မှုကြောင့် သူသည် ဘာမှမစဉ်းစား နိုင်တော့ဘဲ ရေပြင်ပေါ်တွင် လူးလွန့်နေ မိတော့သည်။

ဒီလို အသည်းအသန် ရုန်းကန်နေစဉ်မှာပင် ပိုင်ရှိုးမင်က သူ့ငယ်ထိပ်ပေါ်က ခုန်ဆင်းလာခဲ့၏။ သူ့ခန္ဓာကိုယ် တစ်ဝက်သည် ကျောင်းနတ်မင်း၏ သွေးများဖြင့် စွန်းထင်းနေကာ လက်ထဲတွင်သွေးများ စီးကျနေသည့် ပုလဲတစ်လုံးကို ဆုပ်ကိုင်ထားလေသည်။ ပုလဲပေါ်တွင်တော့ အလင်းရောင်များ တဖြည်းဖြည်းချင်း လည်ပတ်နေပြီး ထိုအရာသည် ကျောင်းနတ်မင်း၏ အမြုတေဖြစ်ကြောင်း ထင်ရှားလို့နေသည်။

အမြုတေ ဆုံးရှုံးလိုက်ရသည့် ကျောင်းနတ်မင်းမှာ ဟိန်းဟောက် ငိုကြွေးရင်း ပိုင်ရှိုးမင်ကို အကြိမ်ကြိမ် အသနားခံ တောင်းပန်ရလေတော့သည်။ "ကျေးဇူးပြုပြီး ... ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးပါ။ ကျွန်တော် မလုပ်ရဲတော့ပါဘူး။ ကျွန်တော် တကယ် မလုပ်ရဲတော့ပါဘူး"

ပိုင်ရှိုးမင်ကတော့ လက်ထဲက အမြုတေကို သာ ငုံ့ကြည့်ပြီး ခဏအကြာမှ မေးလိုက်၏။ "မနေ့ညက မင်းကို ဘယ်သူက လူလာဖမ်းခိုင်းတာလဲ"

"ဘယ်သူမှ မခိုင်းပါဘူး"

ပိုင်ရှိုးမင်က လှောင်ရယ်လိုက်ပြီး လက်ထဲက ဓားရှည်ကို ဝှေ့ယမ်းလိုက်သည်တွင် ကျောင်းနတ်မင်း၏ အမြီးတစ်ပိုင်းသည် ပြတ်ထွက်သွား လေတော့သည်။

"ကျွန်တော် ပြောပါမယ်။ ရှန်း မိသားစုပါ။ ရှန်းယင့်ရှောင်းပါ။ ကျွန်တော်ကို အဲဒီမိန်းမကို ဖမ်းပြီး နှိပ်စက်သတ်ဖြတ် ခိုင်းတာပါ"

"မင်းက ရှန်းမိသားစုရဲ့ ထိန်းချုပ်တာ ခံနေရတာလား"

"ဟုတ်ပါတယ်။ သူတို့က ကျွန်တော့်ကို ကျင်းရွှေမြစ်မှာ လှိုင်းလေးထန်အောင် လုပ်ခိုင်းပြီး ကမ်းပါးနှစ်ဖက်က ပြည်သူတွေ ကျွန်တော့်ကို ပူဇော်ပသလာအောင် ဖိအားပေး ခိုင်းတာပါ။ ကျွန်တော် ... ကျွန်တော် မလိုက်နာလို့ မရပါဘူး"

"ကြားတယ် မဟုတ်လား" ပိုင်ရှိုးမင်သည် ရုတ်တရက် အသံကိုမြင့်ကာ ပြောလိုက်လေသည်။

တောအုပ်ထဲက တရှပ်ရှပ် အသံများ ထွက်ပေါ်လာပြီး မင်ကျင့်စီး အစောင့်တပ်ဖွဲ့ ဒါဇင်ပေါင်းများစွာသည် ဤနေရာကို ဝန်းရံထားလိုက်ကြ၏။ ရှန်ကျော်သည် မည်းမှောင်နေသည့် မျက်နှာထားဖြင့် ထွက်ပေါ်လာတော့သည်။

သူက အံကြိတ်ကာ ပြောလိုက်၏။ "ငါ ရှန်းမိသားစုကို အထင်သေး မိသွားတာပဲ"

သူသည် ဒီနှစ်လအတွင်းတွင် ကျောင်းနတ်မင်းကို နှိမ်နှင်းရန် အပြေးအလွှား လုပ်ဆောင်ခဲ့ရသည်ကို ပြန်စဉ်းစားမိတော့၏။ မူလက မိစ္ဆာသတ္တဝါ ဆူပူသောင်းကျန်း ခြင်းသာဖြစ်သည်ဟု ထင်မှတ်ထား သော်ငြားလည်း နောက်ကွယ်တွင် လူက ကြိုးကိုင် နေလိမ့်မည်ဟု ထင်မထားခဲ့ချေ။ ဒါက ငါ့ကို မျောက်တစ်ကောင်လို ကစားနေတာပဲ။

ကျောင်းနတ်မင်းသည် သူတို့က ရှန်းမိသားစု၏ ကိစ္စကို စိတ်ဝင်စားနေသည်ကို မြင်သည်တွင် အသက်ကယ်ဆေးကို တွေ့ရှိသွားသည့်နှယ် အလျင်အမြန် ပြောလာတော့သည်။ "လူကြီးမင်း ကျွန်တော် ရှန်းမိသားစုရဲ့ လျှို့ဝှက်ချက်တွေကို အများကြီး သိပါသေးတယ်။ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို လွှတ်ပေးပါ။ ကျွန်တော်အရာ အားလုံးကို ပြောပြပါ့မယ်"

ရှန်ကျော်သည် စကားမဆိုဘဲ ပိုင်ရှိုးမင်ကိုသာ ကြည့်လိုက်၏။

"ငါက သူတို့ရဲ့ လျှို့ဝှက်ချက်တွေကို စိတ်မဝင်စားဘူး" ထိုသို့ ပြောလိုက်ပြီးနောက် လက်ထဲက အမြုတေကို ခြေမွပစ် လိုက်လေသည်။

အမြုတေ ကွဲကြေသွားသည်တွင် ကျောင်းနတ်မင်းသည် နောက်ဆုံးတော့ မျှော်လင့်ချက် ဆုံးရှုံးသွားသည်ကို မြင်လိုက်သည်တွင် စိတ်ဓာတ်ကျ သွားသကဲ့သို့ ဖြစ်သွားတော့၏။ သူ၏ကြီးမားလှသည့် ခန္ဓာကိုယ်သည် မြေပြင်ပေါ်တွင် ပုံလျက်သား ကျသွားပြီး မျက်လုံးထဲက မျက်ရည်များ စီးကျလာကာ မလှုပ်မယှက် ဖြစ်သွားလေသည်။

ထိုအချိန်တွင် တောင်ပေါ်က အားချန်၏ စိတ်မရှည်သည့် လေသံက ထွက်ပေါ်လာတော့၏။ "ပိုင်ရှိုးမင် ရှင် ခုတ်ပိုင်းလို့ရော ပြီးဦးမှာလား"

နောက်တခါ မိစ္ဆာသတ်တဲ့အခါ ညဘက်ကို လုံးဝမရွေးသင့်ဘူး။ မှောင်မှောင်မည်းမည်းနဲ့ ဘာမှလဲ မမြင်ရဘူး။ ခံစားမှုလည်း လုံးဝမရှိဘူး။ သူမက စိတ်ထဲတွင် တွေးလိုက်လေသည်။

ပိုင်ရှိုးမင်၏ ပုံရိပ်သည် နှစ်ချက်လောက် လှုပ်ခတ်သွားပြီး အားချန်ကို တောင်ပေါ်မှ ခေါ်ဆောင်လာခဲ့တော့သည်။

ခြေထောက်က မြေပြင်နှင့် ထိသွားသည်နှင့် သူမသည် အနီးအနားက တောင်ကုန်းငယ်လေးသဖွယ် မြေပြင်ပေါ်တွင် လှဲလျောင်းရင်း တိတ်တဆိတ် မျက်ရည်ကျနေသည့် ကျောင်းနတ်မင်းကို တွေ့လိုက်ရသည့်အပြင် ဒီနေရာတွင် မရှိသင့်သည့် မင်းကျင့်စီး အစောင့်တပ်ဖွဲ့ဝင် များစွာကိုလည်း တွေ့လိုက်ရတော့သည်။

အားချန်ကို မြင်လိုက်ရ သောအခါမှ ကျောင်းနတ်မင်းသည် နောက်ဆုံးတွင် သူ အဘယ်ကြောင့် ယနေ့လို အဆုံးသတ်မျိုး ကြုံခဲ့ရသည်ကို သဘောပေါက် သွားတော့သည်။ ဒီကိစ္စက မျက်စိရှေ့က မိန်းမနှင့် လုံးဝ သက်ဆိုင်နေပေလိမ့်မည်။ ဒီလို မှန်းသိခဲ့ရင် မနေ့ညကတည်းက ဒီမိန်းမကို အစိမ်းလိုက် စားပစ်ခဲ့သင့်တယ်။

အားချန်သည် မျက်စိရှေ့က ကြီးမားလှသည့် ကျောင်းနတ်မင်းကို ကြည့်လိုက်ပြီး သူ၏ ဦးချိုတစ်ချောင်းကို ကြည့်ကာ ရုတ်တရက် ပြောလိုက်တော့သည်။ "ရှင့်ရဲ့သွေးသားက မစစ်ဘူး ထင်တယ်"

ကျောင်းနတ်မင်း၏ ဦးချိုမှာ တိုတောင်းကာ တုံးတိဖြစ်နေပြီး သူမ သိထားသည့် ကျောင်းများစွာနှင့် ကွာခြားလို့ နေတော့သည်။

ကျောင်းနတ်မင်းကလည်း မျက်လုံးများကို မှိတ်ထားပြီး သူမ၏စကားကို မကြားချင်ယောင်ဆောင်နေသည်။

အားချန်က ရုတ်တရက် ပြောလိုက်၏။ "ရှင့်မှာ လူသားတွေရဲ့သွေး ပါနေတာလား"

"လုံးဝ မပါဘူး" ကျောင်းနတ်မင်းသည် ချက်ချင်းငြင်းဆို လိုက်သော်ငြားလည်း ဒီလိုတုံ့ပြန်မှုက လူကိုပိုပြီး သံသယဝင် စေသည်ကိုတော့ မသိခဲ့ပေ။

အားချန်က ဒီလောက်နှင့် မရပ်တန့်ဘဲ ဆက်ပြောလိုက်၏။ "ရှင် ကျွန်မကို ကျွန်းပေါ် ခေါ်သွားပြီးတဲ့နောက် လူအသွင်ကို မပြောင်းဘဲ လူတစ်ပိုင်း မိစ္ဆာတစ်ပိုင်း ပုံစံ ပြောင်းလဲခဲ့တယ်။ အဲဒီတုန်းက ကျွန်မက ရှင့်ရဲ့အသွင်ပြောင်းလဲတဲ့ ပညာရပ် မကျွမ်းကျင် သေးဘူးလို့ ထင်နေတာ။ အခု ကြည့်ရတာတော့ ရှင်က အဲဒီပုံစံကို နေသားကျ နေလို့ပဲ ဖြစ်ရမယ်။ ရှင် မွေးလာကတည်းက ဒီလောက်တောင် ရုပ်ဆိုးတာလား"

"မင်း ပါးစပ်ပိတ်ထား" ကျောင်းနတ်မင်းသည် ဒေါသတကြီး ဟိန်းဟောက်လိုက်လေတော့သည်။

ကျောင်းနတ်မင်းကို အောင်အောင်မြင်မြင် ဒေါသထွက်အောင် လုပ်ပြီးနောက်တွင် သူမသည် ပိုင်ရှိုးမင်ဘက်သို့ လှည့်ကာ မေးလိုက်၏။ "မေးပြီးပြီလား။ ဘယ်သူက ကျွန်မကို ဒုက္ခပေးချင် နေတာလဲ"

"ရှန်းယင့်ရှောင်း"

“အဲဒီ ရှန်းယင့်ရှောင်းက သူက လက်အောက်ခံ ဖြစ်အောင်လုပ်နိုင်တဲ့ စွမ်းရည်တော့ မရှိလောက်ဘူး။ ဒါဆို သူက ရှန်းမိသားစုရဲ့ ထိန်းချုပ်တာကို ခံနေရတာပေါ့" အားချန်သည် ချက်ချင်းဆိုသလို အကြောင်းအရာများကို ဆက်စပ်ကာ တွေးတောမိလိုက်လေသည်။

"အင်း"

"ဒါဆို ဘာကို စောင့်နေသေးတာလဲ။ အမြန်ဆုံး အဲဒီအိမ်ကို ဝင်စီးတော့လေ"

ရှန်ကျော်က ချောင်းတစ်ချက် ဟန့်လိုက်ကာ အသံပြုလိုက် လေသည်။ "မိန်းကလေးက ယုံးကျိုး မြို့သူမြို့သားတွေအတွက် ဒီအန္တရာယ်ကို ရှင်းလင်းပေးလို့ ကျေးဇူးတင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ကျွန်တော် သူ့ကို မင်ကျင့်စီးကို ခေါ်ပြန်သွားပြီး သူကတကယ်ပဲ ဝိညာဉ်စာချုပ် ချုပ်ဆိုထားသလား ဆိုတာကို စစ်ဆေးရပါမယ်။ တကယ်လို့ ..."

သူ့စကား မဆုံးသေးခင်မှာပင် ပိုင်ရှိုးမင်သည် ရုတ်တရက် အားချန်ကို ဆွဲကာ လှည့်ပြီး အလျင်အမြန် နောက်ဆုတ်လိုက်တော့သည်။ ရှန်ကျော်၏ လှုပ်ရှားမှုကတော့ တစ်ဝက်လောက် နှေးကွေးသွားခဲ့၏။ ထိုကျောင်းနတ်မင်း၏ ဦးခေါင်းခွံ ပေါက်ကွဲသွားသည့်အခါ အနီနှင့်အဖြူ အရည်များသည် သူ့ကိုယ်ပေါ်က ကျဆင်းလာလေသည်။ သူသည် မျက်နှာကို သုတ်လိုက်ပြီး ပိုင်ရှိုးမင်က သူ့ကို ကံဆိုးစေအောင် ပြုလုပ်သည်ဟုပင် ခံစားလိုက်ရတော့၏။

"အခုတော့ ဘာသက်သေမှ မကျန်တော့ဘူး" မြေပြင်ပေါ်သို့ ပြန်ချခံလိုက် ရပြီးနောက် အားချန်သည် မြေပြင်ပေါ်က ရှုပ်ပွနေသည့် မြင်ကွင်းကို ကြည့်လိုက် သော်ငြားလည်း မျက်နှာပေါ်တွင်တော့ စိတ်ပျက်နေသည့် အရိပ်အယောင် မတွေ့ရချေ။

"ကျွန်တော် ဆက်ပြီးတော့ စုံစမ်းလိုက်ပါ့မယ်။ မိန်းကလေးကို တရားမျှတမှုရအောင် သေချာပေါက် လုပ်ပေးပါ့မယ်" ရှန်ကျော်၏ လေသံသည် လေးနက်လို့နေသည်။

"ဒါဆိုရင် လူကြီးမင်းကိုပဲ ဒုက္ခခံခိုင်းရဦးမှာပဲ"

ရှန်ကျော်က မင်ကျင့်စီး အစောင့်တပ်ဖွဲ့ များကို အပျက်အစီးများ ရှင်းလင်းရန် ညွှန်ကြားနေသည်ကို အပြုံးဖြင့် စောင့်ကြည့်နေလိုက်ပြီးနောက် အားချန်သည် ရုတ်တရက် ခေါင်းလှည့်လာကာ သူမ၏ မျက်လုံးများကလည်း စူးရှကာ လင်းလက် သွားတော့သည်။ "ရှင် ရာထူးက ထုတ်ပယ်ခံထား ရတယ်လို့ ပြောခဲ့တယ် မဟုတ်လား။ သူတို့က ဒီနေရာကို ဘယ်လိုလုပ်ပြီး ရှာတွေ့သွားတာလဲ"

"ဒါက ... တိုက်ဆိုင်မှု ဖြစ်ပါလိမ့်မယ်"

အားချန်ကလည်း ဟွန့်ခနဲ နှာခေါင်းရှုံ့တော့သည်။ "ရှင်က ဉာဏ်ချင်းတူလို့ စိတ်ချင်းဆက် နေတယ်လို့ရော ဘာလို့ မပြောလိုက်တာလဲ။ ကျွန်မကို ကျတော့ စည်းကမ်းဥပဒေ လိုက်နာစရာမလိုဘူး။ ပြည်သူတွေကို ကူညီစရာမလိုဘူးလို့ ပြောခဲ့ပြီးတော့။ ဒီလောက်ကြီးတဲ့ လုပ်ဆောင်ချက်ကို တခြားလူကို အလကား ပေးလိုက်တယ်"

သူမ၏ မျက်လုံးများသည် တစ်ချက်လောက် လှုပ်ရှားသွားပြီး ရုတ်တရက် ပြောလိုက်တော့သည်။ "ဒါမှမဟုတ် ရှင်က ကျောင်းနတ်မင်းကို သတ်တဲ့ကိစ္စ လူတွေ သိသွားမှာ ကြောက်နေတာလား။ ရုတ်တရက် ရာထူးမရှိတော့ဘဲ အခုလည်း ရှင့်ရဲ့အစွမ်းတွေကို ဖုံးကွယ်ထားသေးတယ်။ လူကြီးမင်းပိုင် ရှင် ဘာမဟုတ်တာတွေ ကြံနေတာလဲ"

"မင်းက စိတ်ဝင်စား နေတာလား" ပိုင်ရှိုးမင်သည် သူမ၏ ထက်မြက်ပုံကို အံ့သြခြင်းမရှိဘဲ ခပ်ရေးရေး ပြုံးကာဖြင့် ပြောလိုက်လေသည်။

"ကျွန်မ လုံးဝ စိတ်မဝင်စားပါဘူး။ ဒါပေမဲ့ ကျွန်မက အလကားနေရင်း အကောင်းတော့ မလုပ်ပေးတတ်ဘူး။ ကျွန်မက ရှင့်အတွက် ဒီလောက်ကြီးတဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးထားရတာ။ ဘာအကျိုးရှိမှာ မလို့လဲ"

ကံကြမ္မာက အလှည့်အပြောင်း ရှိတယ်လေ။ အခုတော့ ပိုင်ရှိုးမင်က ကျေးဇူးကြီးကြီး ပြန်ဆပ်ရမယ့် အလှည့်ရောက်လာပြီ။

...

All Chapters