လူဆိုးအတွက် လူဆိုး ရှိစမြဲ
Vol. 9 Ch. 89
"တကယ်လို့ ငါ အမှတ်မမှားဘူး ဆိုရင် ငါက မင်းကို ကူညီပြီးတော့ အဲဒီကျောင်းကို သတ်ပေးခဲ့တာ မဟုတ်ဘူးလား"
အားချန်၏ သေးသွယ်လှသည့် မေးစေလေးသည် မသိမသာ မြင့်တက်လာပြီး သူမတွင် အလွန် ကျိုးကြောင်းဆီလျော်ဟန် ရှိနေသယောင်ပင်။ "ဒါက မတူညီတဲ့ကိစ္စနှစ်ခု ဖြစ်သွားပြီ။ ပြီးတော့ ရှင် ကျွန်မကို ကူညီတာက တခြားရည်ရွယ်ချက် ရှိနေတာပဲ !"
ငါက အဲဒီကျောင်းကြောင့် ဒေါသထွက်လွန်းပြီး သတိလက်လွတ် ဖြစ်သွားခဲ့တာ သေချာတယ်။ မနေ့က တစ်ခုခု လွဲနေတာကို သတိမထားမိလိုက်ပဲ သူချထားပေးတဲ့ ထောင်ချောက်ထဲကို တည့်တည့် ခုန်ဆင်း သွားခဲ့တာလေ။
ဖွီး ! လူလိမ်။
"ဘယ်သူက ညသန်းခေါင်ကြီး ငါ့ကို လာရှာပြီး ငါ အကြိမ်ကြိမ် ငြင်းဆန်နေတာတောင် ကျောင်းကို မျှားခေါ်ဖို့ ဇွတ်ခေါ်ခဲ့တာလဲ"
အားချန်ကလည်း မကျေမနပ် ဝန်ခံရတော့သည်။ "...ကျွန်မပါ"
"အဲဒီမတိုင်ခင် ငါက မင်းကို ဒီကိစ္စနဲ့ပတ်သက်ပြီး အရိပ်အမြွက်တောင် ပြောခဲ့ဖူးလို့လား"
"... မပြခဲ့ပါဘူး"
အားချန်သည် တရားရုံးတော်တွင် စကားပြန်မပြောနိုင် လောက်အောင် အမေးခံရသည့် ကူကယ်ရာမဲ့ သွားသည့် ခံစားချက်မျိုး ဖြစ်သွားလေတော့သည်။
ပိုင်ရှိုးမင်ကလည်း လေသံကို နိမ့်ချထားလိုက်ကာ သူ၏ နက်ရှိုင်းလှသည့် လေသံသည် ညအမှောင်ထဲတွင် ပျံ့လွှင့်နေပြီး အနည်းငယ် လှည့်စားမှုသဘော ဆောင်နေတော့၏။ "ငါ လုပ်ခဲ့တာတွေက အခြေအနေက တွန်းပို့ပေးလိုက်တာလို့ပဲ အလွန်ဆုံး ပြောလို့ရမယ်။ နောက်ဆက်တွဲ ပြဿနာ ရှင်းပေးမယ့်လူ ရှိတာ မကောင်းဘူးလား"
ကံဆိုးချင်တော့ အားချန်သည် ထိုမျှလောက် အလွယ်တကူ လှည့်စားခံရမည့်သူ မဟုတ်သဖြင့် စကားလမ်းကြောင်း လွဲသွားသည့် အတွေးများသည် သူ့အလိုလို လမ်းကြောင်းပေါ် ပြန်ရောက် လာတော့သည်။
"ရှင် စကားလမ်းကြောင်း မလွဲပါနဲ့။ ဘယ်သူက အခြေအနေအရ တွန်းပို့ပေးရင်းနဲ့ ကျေးဇူးတုံ့ပြန်မှုကို အတင်းတောင်းခံဖို့ မမေ့ခဲ့တာလဲ" အားချန်သည် သူ့ကို မျက်စောင်းဖြင့် ကြည့်လိုက်လေသည်။ "ပိုင်လူကြီးမင်းက တကယ်ပဲ အခွင့်အရေးတိုင်းကို ရှာဖွေနိုင်ပြီး ဘယ်အခွင့်အရေး ကိုမှလည်းပဲ အလဟဿ မဖြုန်းတီးဘူးလေ"
"ကောင်းပြီလေ။ ငါ့အမှားပါ" ပိုင်ရှိုးမင်က ပြတ်သားစွာ အမှားဝန်ခံ လိုက်လေသည်။ "ငါက မင်းအတွက် လက်စားချေပေးခဲ့တယ်။ မင်းက ငါ့အတွက် လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေး။ ငါတို့ ကြေသွားပြီလို့ သဘောထား လိုက်ကြရအောင်။ ဘယ်လိုလဲ"
အားချန်က ဟွန့်ခနဲ နှာခေါင်းတစ်ချက်ရှုံ့ လိုက်ကာ "ဘယ်သူက ရှင်နဲ့ ကြေသွားလို့လဲ။ ကျွန်မတို့က ရင်းနှီးတာမှ မဟုတ်တာ"
ပိုင်ရှိုးမင်မှာ ဒေါသကြောင့် ရယ်မောမိမတတ် ဖြစ်သွားတော့သည်။ "ငါတို့ရဲ့ ခင်မင်မှုက နက်ရှိုင်းတယ်လို့ မင်း ပြောခဲ့တာ တစ်ရက်တောင် မပြည့်သေးဘူးနော်။ အခုကျတော့ မရင်းနှီးဘူးတဲ့လား"
"ခင်မင်မှုက နက်ရှိုင်းသလား မနက်ရှိုင်းဘူးလား ဆိုတာက အခြေအနေပေါ် မူတည်ပြီး ပြောရမှာလေ။ ကျွန်မက ရှင့် အလိမ်အညာကို ခံလိုက်ရတာ။ ဝမ်းနည်းနေတုန်းပဲ။ ကျွန်မ ထင်တာကတော့ ကျွန်မတို့ရဲ့ခင်မင်မှုက အက်ကြောင်း ထင်သွားပြီလို့ ထင်တာပဲ"
"ဒါဆိုရင် ... ဒီနေ့ မင်း လျို့ဝှက်ချက်ကို ထိန်းသိမ်းပေးတဲ့ ကျေးဇူးကို ငါ မှတ်ထားလိုက်မယ်။ နောင်တစ်ချိန် ငါ့ကို အသုံးလိုတဲ့အခါ အချိန်မရွေး ငါ့ဆီကို လာခဲ့လို့ရတယ်။ ဟုတ်ပြီလား"
"လက်ဝါးချင်းထပ်ပြီး ကတိပေးရမယ် !" သူ့စကားဆုံးသံ ဆုံးသည်နှင့် အားချန်သည် ချက်ချင်းဆိုသလို လက်မြှောက်လိုက်လေသည်။ သူမက ထိုစကားကို စောင့်ဆိုင်းနေခြင်းပင်။
ပိုင်ရှိုးမင်ကလည်း သူမနှင့် လက်ချင်းထပ်လိုက်တော့၏။
တစ်ဖက်တွင်တော့ ရေကန်စပ်တွင် မျက်နှာနှင့်ခေါင်းကို ဖြစ်သလို ဆေးကြောနေသည့် ရှန်ကျော်မှာ ဒီမြင်ကွင်းကို မြင်တွေ့လိုက်ရပြီး ချက်ချင်းဆိုသလို ဆွံ့အ သွားလေတော့သည်။
ဒီလူနှစ်ဦးသည် ဒီလိုသွေးသံရဲရဲ မြင်ကွင်းနှင့် နည်းနည်းလေးမှ မလိုက်ဖက်လေခြင်းဟု အမြဲတမ်း ခံစားနေရ၏။
သူသည် လက်ပေါ်က ရေကို ခါထုတ်လိုက်ပြီး အတွင်းအားကို လည်ပတ်လိုက်ရာ ခေါင်းပေါ်ကအငွေ့များ ပျံတက်သွားပြီး ဆံပင်များကလည်း ချက်ချင်းခြောက်သွေ့ သွားတော့၏။
သူ့ကိုယ်ပေါ်တွင် မကောင်းသည့် ညှီနံ့များ စွဲကျန်နေ သေးသော်ငြားလည်း မကြာမီ ခုနက အခြေအနေထက်တော့ များစွာသက်သာ သွားခဲ့သည်။
သူက ထရပ် လိုက်ချိန်တွင် ဘေးက လက်အောက်ငယ်သား တစ်ဦးက မြန်မြန် ရှေ့တိုးလာကာ သတင်းပို့လာခဲ့သည်။ "လူကြီးမင်း ကျောင်းရဲ့အလောင်းကို သိုလှောင်တဲ့ အိတ်ထဲမှာ ထည့်သွင်းပြီးပါပြီ။ ပတ်ဝန်းကျင်ကိုလည်း ရှင်းလင်းပြီးပါပြီ။ ပေါက်ကွဲသွားတဲ့ ဦးခေါင်းကတော့ အရိုးအပိုင်းအစ တချို့ပဲ စုဆောင်းနိုင်ခဲ့ပါတယ်"
"ဒီနေရာမှာ လူနည်းနည်းလောက် ချန်ထားခဲ့။ မိုးလင်းတဲ့အခါကျမှပဲ တစ်ခေါက် ထပ်ရှာလိုက်ကြ။ လူ ဒါမှမဟုတ် သားရဲတွေ ကောက်ရသွားတာမျိုး မဖြစ်စေနဲ့"
သားရဲတွေကတော့ ဒုတိယဦးစားပေးပါပဲ။ စားလိုက်ရင် အများဆုံး ဖြစ်နိုင်တာက ခန္ဓာကိုယ် ပေါက်ကွဲပြီး သေသွားမှာ။ ကံကောင်းလို့ မိစ္ဆာအသွင် ပြောင်းသွားရင်လည်း သတ်လိုက်ရုံပဲ။ ဒါပေမဲ့ လူက သွားစားလိုက်မိရင် ဒါက လူ့အသက် တစ်ချောင်းဖြစ်သွားပြီ။
ပြည်သူတွေရဲ့သတိကို ဘယ်တော့မှ အထင်ကြီးလို့မရဘူး။ တစ်နှစ်ပတ်လုံး အသားမစားရတဲ့ ပြည်သူတွေ အတွက်ကတော့ တောတောင်ထဲမှာ အသားတစ်တုံး ကောက်ရတာက ပုံမှန် ဟုတ် မဟုတ်ဆိုတာ သူတို့ရဲ့စဉ်းစားတွေးခေါ်မှုထဲမှာ ဘယ်တုန်းကမှ ရှိနေမှာမဟုတ်ဘူး။
"ဟုတ်ကဲ့"
ရှန်ကျော်၏ လက်အောက် ငယ်သားသည် လူလေးယောက်ကို ဒီနေရာတွင် စောင့်ကြည့်ရန် မြန်မြန် အမိန့်ပေးလိုက်ပြီး မိုးလင်းမှ သူတို့က ဒီလူ လေးယောက်ကို လာရောက်လူစားထိုး ပေးလိမ့်မည်။
လက်အောက် ငယ်သားများကို မှာကြားပြီးနောက် ရှန်ကျော်သည် နှစ်ဦးသားထံသို့ လျှောက်လာပြီး သူတို့ကိုပြောလိုက်၏။ "အဲဒီကျောင်းရဲ့ အလောင်းကို သိမ်းဆည်းပြီးပါပြီ။ မင်းတို့တွေ ထပ်ပြီးတော့ စစ်ဆေးကြည့် ချင်သေးလား" အားချန်ကတော့ ညစ်ပတ်သည်ဟု ထင်သဖြင့် မြန်မြန်ခေါင်းခါ ပြလိုက်သည်။
ပိုင်ရှိုးမင်ကတော့ မေးလာခဲ့၏။ "မင်း ဒီအလောင်းကို ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ"
"ခဏနေရင် မြို့တံခါးအပြင်ဘက်ကို ပစ်ထားလိုက်မယ်။ ယုံးကျိုးက ပြည်သူတွေက သူတို့ အသည်းအသန် တောင့်တနေတဲ့ ကျောင်းနတ်မင်းကို ကောင်းကောင်း မြင်သွားအောင်လို့လေ။ သူတို့အားလုံး ကြည့်လို့ဝသွားမှပဲ ဖျက်ဆီးပစ်လိုက်မယ်"
အားချန်ကတော့ တစ်ယောက်တည်း စိတ်ထဲတွင် တွေးတောလိုက်၏။ ပိုင်ရှိုးမင်ရဲ့ လုပ်ဖော်ကိုင်ဖက်လို့ မပြောရဘူး။ ရက်စက်တဲ့ အဆင့်ကတော့ အတူတူပဲ။
ထိုသို့ ပြောလိုက်ပြီးနောက် ရှန်ကျော်သည် အားချန်ဘက်သို့ လှည့်လိုက်လေသည်။ "မိန်းကလေးရဲ့ နာမည်ကို မသိရသေးဘူးနော်"
"ကျွန်မနာမည်က ကျိချန်ပါ"
"မိန်းကလေးကျိ ကျွန်တော့်နာမည်ကတော့ ရှန်ကျော်ပါ။ မင်ကျင့်စီးရဲ့ ကျန့်ရှီဖူ တစ်ယောက်ပါပဲ။ ဒီတစ်ခေါက် ဒီကျောင်းနတ်ဆိုးကို ရှင်းလင်းနိုင်တာ မိန်းကလေးကျိက ထိပ်ဆုံးက ပါဝင်ပေးခဲ့တာပဲ။ မင်းသဘောကျတဲ့ အစိတ်အပိုင်း ရှိရင်ပြောပါ။ အဲဒီအချိန်ကျရင် မင်းဆီကို အကုန်ပို့ပေးလိုက်ပါ့မယ်"
ကျောင်းသည် နဂါးမျိုးနွယ်များနှင့် အများကြီး ကွာခြားသော်ငြားလည်း အရိုး ဦးချို အရေခွံတို့သည် အလွန်ကောင်းမွန်သော ပစ္စည်းများ ဖြစ်သည်ဟု သတ်မှတ်နိုင်လေသည်။
အားချန်က ခဏလောက် စဉ်းစားလိုက်ပြီးမှ ခေါင်းခါပြလိုက်၏။ "လူကြီးမင်း တခြားအရာတွေနဲ့ လဲလှယ်ပြီး ကျွန်မကိုပေးရင် ပိုကောင်းမယ်။ တခြားလတ်ဆတ်တဲ့ မိစ္ဆာသတ္တဝါတွေရဲ့ သွေးရှိရင် အကောင်းဆုံးပဲ။ အဆင့်သိပ်မမြင့်လည်းရပါတယ်။ အဆင့်၂လောက်ဆိုရင် ရပြီ။ ကျောင်း အလောင်းပေါ်က ပစ္စည်းတွေကတော့ ထားလိုက်ပါတော့"
သူမသည် အစကတော့ ကျောင်းသွေး အနည်းငယ်ကို ချန်ဟွေ့အတွက် ယူပေးရန် စဉ်းစားခဲ့သေးသည်။ ရှားပါးသည် မဟုတ်ပါလား။ သို့သော်ငြားလည်း ကျောင်းသည် မိစ္ဆာတစ်ပိုင်း ဖြစ်နေသဖြင့် ချန်ဟွေ့သည် လူတစ်ပိုင်း ကျောင်းတစ်ပိုင်း၏ သွေးကို နှစ်သက်လိမ့်မည်မဟုတ်ဟု သူမက ထင်မိလေသည်။
"ပြဿနာမရှိပါဘူး" ရှန်ကျော်က အလွယ်တကူ သဘောတူ လိုက်ပြီးနောက် ပိုင်ရှိုးမင်ကို မေးလိုက်၏။ "မင်းကရော"
တစ်ဖက်လူ၏ အဖြေကိုမစောင့်ဘဲ သူက ဆက်ပြောလာသည်။ "ဒါကတာဝန်အရ လုပ်တာပဲ။ မင်းကတော့ ယူမနေနဲ့တော့"
ပါဝင်ခွင့် မရလိုက်သည့် ပိုင်ရှိုးမင် "..."
အားချန်သည် မထိန်းနိုင်ဘဲ ရယ်မောမိလေတော့သည်။ ပိုင်ရှိုးမင်က လှည့်ကြည့်လိုက်သောအခါ တိတ်တဆိတ် ခေါင်းပြန်လှည့် လိုက်သော်ငြားလည်း ပခုံးများကတော့ အတန်ကြာ လှုပ်ခါနေခဲ့၏။
ဒါကိုပင် လူဆိုးအတွက် လူဆိုးရှိစမြဲဟု ခေါ်ကြခြင်း ဖြစ်လောက်သည်။
ရှန်ကျော်က ထပ်ပြောလာခဲ့၏။ "တခြားကိစ္စ မရှိတော့ဘူးဆိုရင် ငါ လူခေါ်ပြီး ပြန်တော့မယ်"
ပိုင်ရှိုးမင်ကလည်း စကားတစ်ခွန်းထဲသာ ပြောလိုက်တော့သည်။ "သွားတော့"
ရှန်ကျော်ကလည်း ဒေါသမထွက်ဘဲ လက်ဝှေ့ယမ်းပြ လိုက်လေသည်။ "သွားကြမယ်။ မြို့ထဲ ပြန်ကြမယ်"
မင်ကျင့်စီး အစောင့်တပ်ဖွဲ့များ ထွက်ခွာသွားပြီးနောက်မှ ပိုင်ရှိုးမင်သည် အားချန်ကို တခြားလမ်းမှနေ၍ ယုံးကျိုးမြို့သို့ ပြန်ခေါ်လာ ခဲ့တော့သည်။
ညအမှောင်ထုက ကောင်းကင်ကို ဖုံးလွမ်းထားပြီး ဘယ်သူမှ မမြင်နိုင်သဖြင့် ပိုင်ရှိုးမင်သည် မိမိ၏ကျင့်ကြံရေး အစွမ်းကို ဖုံးကွယ်မထား တော့ဘဲ ၁၅ မိနစ်အတွင်းမှာပင် သူမကိုမြို့ထဲသို့ ပြန်လည်ခေါ်ဆောင် လာခဲ့တော့သည်။
အားချန်သည် ဒီလိုအရှိန်ကို လက်ခံနိုင်စွမ်း သိပ်မရှိလှသဖြင့် ပြတင်းပေါက် မှတစ်ဆင့် အခန်းထဲသို့ ဝင်ရောက်လာပြီးနောက် ချက်ချင်းဆိုသလို ကုတင်ပေါ်သို့ တက်ကာ အနားယူလိုက် ရတော့၏။ အတန်ကြာမှ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့သည်။
ထိုအချိန်မှာပင် သူမသည် အပြင်ဘက်မှ အော်ဟစ်ငိုယိုသံများကို ကြားလိုက်ရသည်။
သူမက ပြတင်းပေါက်နားသို့ ပြေးသွားလိုက်ပြီး ပြတင်းပေါက်ကို ဖွင့်လိုက်ကာ အပြင်ဘက်သို့ ခေါင်းပြူကာ ကြည့်လိုက်တော့သည်။
မူလက တဖြည်းဖြည်း အမှောင်ကျလာသည့် ယုံးကျိုးမြို့သည် ဒီအခိုက်အတန့်တွင်တော့ ရုတ်တရက် နှိုးထလာသည့်နှယ်ပင်။ ပြည်သူများစွာ၏ အိမ်များသည် ဖယောင်တိုင် မီးများတစ်ဖန် ပြန်လည်ထွန်းညှိ ထားကြပြီး လူအများအပြားကလည်း လမ်းမပေါ်သို့ ထွက်လာခဲ့ကြ၏။ အားချန်သည် မိမိတည်းခိုနေသည့် တည်းခိုခန်း ပိုင်ရှင်သည်လည်း မီးပုံးတစ်လုံးကို ဆွဲကာ ပြေးထွက်သွားသည်ကို တွေ့လိုက်ရလေသည်။
အော်ဟစ်သံများကတော့ ရပ်တန့်မသွားခဲ့ချေ။ သူမက ခဏလောက် သေသေချာချာ နားထောင်လိုက်ပြီးမှ ထိုလူက အော်ဟစ်ပြောဆိုနေမှန်း ကြားလိုက်ရတော့သည်။ "ကျောင်းနတ်မင်း သေဆုံးသွားပြီ။ အလောင်းက မြို့ပြင်မှာ"
မူလက တိတ်ဆိတ်ငြိမ်သက် နေသည့် လမ်းမကြီးပေါ်တွင် ဒီအချိန်၌ လူအများအပြားသည် စုဝေးနေကြပြီး ငိုယိုနေသည့် လူများသည်လည်း ထိုအထဲတွင် ပါဝင်လို့နေသည်။ သူတို့၏ ယုံကြည်ကိုးကွယ်မှု ပြိုလဲသွားသည်ကို မယုံကြည်နိုင်ခြင်း ဖြစ်နိုင်ပေသည်။
သူမသည် မေးစေ့ကိုလက်ဖြင့် ထောက်ထားလိုက်ပြီး အောက်ကလူများကို ကြည့်ရင်း တချို့သောမိစ္ဆာများက အဘယ်ကြောင့်များ လူသားတို့၏ အမွှေးတိုင် အလှူခံရခြင်း အပေါ် ဒီလောက် တပ်မက်ရသည်ကို ရုတ်တရက် နားလည်သွားသလို ခံစားလိုက်ရ၏။ ဒါကလည်း အမှန်တကယ်ပင် ကြီးမားသည့် စွမ်းအားတစ်ခု ဖြစ်သော်ငြားလည်း ကံဆိုးချင်တော့ မြန်မြန်ရောက်ရှိ လာသလို မြန်မြန်ပင် ပျောက်ကွယ်သွား တတ်ခြင်းပင်။
မည်သည့်အရာ ဖြစ်ပျက်သည်ကို ကြိုတင်သိရှိထား သော်ငြားလည်း အောက်ကဒီလို စည်းကားနေသည့် မြင်ကွင်းကိုကြည့်ရင်း အားချန်သည် ပွဲကြည့်လိုစိတ်များ တဖန်ပြန်ပေါ်လာ လေတော့သည်။
အများကြီး တွေဝေမနေတော့ဘဲ သူမသည် ဘေးအခန်းသို့ ပြေးသွားကာ ပိုင်ရှိုးမင်၏ အခန်းတံခါးကို သွားခေါက်လိုက်တော့၏။
ပိုင်ရှိုးမင်ကတော့ ရေချိုးပြီးခါစ ဖြစ်ဟန်တူပြီး သူသည် ကျီးကန်းတောင်ပံကဲ့သို့ နက်မှောင်လှသည့် လက်ရှည်ဝတ်ရုံကို လဲလှယ်ဝတ်ဆင်ထားပြီး ဆံပင်များကို မထုံးဖွဲ့ထားဘဲ တူညီသည့်အရောင် ပိုကျိုးဖြင့်နောက်တွင် စုစည်းကာ ချည်နှောင်ထားလေသည်။
"ဘာထပ် လုပ်မလို့လဲ"
"ညတာက ရှည်တယ်လေ ... ကျွန်မတို့သွားပြီး ပွဲကြည့်ကြရင် မကောင်းဘူးလား"
မမျှော်လင့်ထားသည့် အဖြေပင်။
"သွားကြတာပေါ့"
ဒီတစ်ကြိမ်တွင်တော့ ပိုင်ရှိုးမင်သည် အလွန်တက်ကြွစွာဖြင့် သူမ ဖျောင်းဖျခြင်းကိုပင် မစောင့်ဘဲ သဘောတူ လိုက်တော့သည်။
နှစ်ယောက်သားသည် ဒုတိယထပ်က ဆင်းလာကြသည်တွင် တည်းခိုခန်းထဲက ဧည့်သည် အနည်းငယ်ကလည်း အောက်သို့ ဆင်းလာကြသည်ကို တွေ့လိုက်ရ၏။ သူတို့သည် အိပ်ရေးပျက်သွားဟန် တူပြီး မျက်နှာကလည်း သိပ်မကောင်းလှချေ။
တည်းခိုခန်းပိုင်ရှင်က မကြာမီက အပြင်သို့ ထွက်သွားပြီဖြစ်ကာ စားပွဲထိုးလေး တစ်ဦးတည်းကသာ ဧည့်သည်များကို ချော့မော့ပြီး ရှင်းပြနေရတော့သည်။
အားချန်တို့ ဆင်းလာသည်ကို မြင်လိုက်ရသည်တွင် စားပွဲထိုးလေးကလည်း စိတ်ရှုပ်ထွေးစွာဖြင့် ရှေ့သို့တက်လာပြီး သူတို့ စကားမပြောရ သေးခင်မှာပင် ရှင်းပြလာတော့သည်။ "ဧည့်သည်တော်နှစ်ဦးတို့ ဒီနေ့မြို့ထဲမှာ အရေးကြီးကိစ္စ ဖြစ်သွားလို့ ဧည့်သည်တို့ အနားယူတာကို အနှောင့်အယှက် ဖြစ်သွားစေနိုင်ပါတယ်။ ပိုင်ရှင်ပြန်ရောက်လာရင် နှစ်ယောက်လုံးကို ကိုယ်တိုင်လာရောက် တောင်းပန်ခိုင်းလိုက်ပါ့မယ်"
အားချန်ကတော့ ရယ်မောပြီး ပြောလိုက်တော့သည်။ "ဒီလိုမလုပ်ပါနဲ့။ ကျွန်မတို့ အပြင်မှာ စည်ကားနေတာ တွေ့လို့ သွားကြည့်မလို့ပါ"
စားပွဲထိုးလေးမှာ စိတ်အေးသွားကာ သက်ပြင်းချလိုက်ပြီး တစ်ချိန်ထဲမှာပင် သတိပေးရန်လည်း မမေ့လျော့ခဲ့ချေ။ "အပြင်က လူတွေက ကျောင်းနတ်မင်းကိစ္စ ဖြစ်သွားတယ်လို့ကြားလို့ ဖြစ်ပါလိမ့်မယ်။ တချို့လူတွေက နည်းနည်း အစွန်းရောက်နိုင်တယ်။ မိန်းကလေး သတိထား သင့်တယ်နော်"
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" တည်းခိုခန်းမှ မထွက်ခွာခင်တွင် အားချန်သည် ကောင်တာနောက်တွင် တင်ထားသည့် ထိုကျောင်းနတ်မင်းရုပ်တုကို တစ်ချက်ထပ်ကြည့်လိုက်ပြီး ရုတ်တရက်တစ်ခုခု လွဲနေသလိုခံစားလိုက်ရ၏။
သူမသည် အနားသို့ တိုးကပ်ကာ သေချာကြည့်ရှုလိုက်မှ ဒီရုပ်တုက သူမတွေ့ခဲ့ရသည့် ကျောင်းနတ်မင်းနှင့် များစွာကွာခြား နေသည်ကို သတိပြုမိ လိုက်လေသည်။
အကယ်၍ အမွှေးတိုင် အလှူခံရန် ဖြစ်ပါက ရုပ်တုသည် ပိုပြီးတူညီလေ ကောင်းလေဖြစ်ရမည်။ သာမန်လူများက အတူတူဟု ထင်မှတ်နိုင် သော်ငြားလည်း သူမအမြင်ကနေ ကြည့်လျှင်တော့ ဒါသည် ကျောင်း နှစ်ကောင်ဖြစ်သည်မှာ ထင်ရှားလှ၏။ ခြေသည်းလက်သည်းများ ခန္ဓာကိုယ် သို့မဟုတ် မျက်နှာပုံစံကပါ မတူညီလှပေ။
သူမက ခဏလောက် စဉ်းစားပြီးမှ စားပွဲထိုးလေးကို ထပ်မံလှမ်းခေါ်ကာ မေးလိုက်တော့သည်။ "စားပွဲထိုးလေး ရှင်တို့တည်းခိုခန်းမှာ ကိုးကွယ်ထားတဲ့ ရုပ်တုက ကျွန်မအရင်က တွေ့ဖူးတာနဲ့ သိပ်မတူဘူးနော်"
စားပွဲထိုးလေးက အရင်ဆုံး ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ ပြန်ဖြေလာခဲ့၏။ "ဪ ဒီရုပ်တုက ကျွန်တော်တို့ပိုင်ရှင်က လွန်ခဲ့တဲ့၇နှစ်လောက်က ပင့်လာခဲ့တာပါ။ အခုမြို့ထဲမှာ ယုံကြည်သူ အများစုက ရုပ်တုအသစ်တွေ ပင့်ထားကြပြီး ကျွန်တော်တို့ပိုင်ရှင်လို ရုပ်တုအဟောင်းကို ပိုကြိုက်တဲ့သူတွေလည်း အများကြီးရှိပါသေးတယ်"
"ကျွန်တော်တို့ ပိုင်ရှင်က ပြောတယ်။ ဒီရုပ်တုကို ပင့်လာပြီးကတည်းက တည်းခိုခန်း စီးပွားရေး ပိုကောင်းလာတယ်တဲ့။ သူက မလဲလှယ်ချင်တော့ဘဲ ဒီနေရာမှာပဲ ဆက်ထားခဲ့တာ။ သေချာကြည့်မယ် ဆိုရင်တော့ နည်းနည်းကွာခြားပါတယ်။ ဒါပေမဲ့ အားလုံးကလည်း ကျောင်းနတ်မင်းတွေ ချည်းပါပဲ"
အားချန်သည် စားပွဲထိုးလေးကို ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် ပိုင်ရှိုးမင်နှင့်အတူ တည်းခိုခန်းမှ ထွက်လာခဲ့တော့သည်။
ဒီအချိန်တွင် လမ်းမပေါ်၌ ရုပ်တုကိုထမ်းလာသော လူများရှိနေပြီး ရုပ်တုတစ်ခုတည်း မဟုတ်သည်ကို တွေ့လိုက်ရတော့သည်။
အားချန်က မီးပုံး၏အလင်းရောင် အကူအညီဖြင့် ဒီရုပ်တုများကို သေချာခွဲခြား ကြည့်လိုက်ရာ ရုပ်တုတစ်ခုတည်းသာ တည်းခိုခန်းတွင် တွေ့ရခဲ့သော ရုပ်တုနှင့်တူညီနေပြီး ကျန်ရုပ်တုသုံးခုကတော့ မကြာသေးခင်က အသတ်ခံလိုက်ရသည့် ကျောင်းနတ်မင်းနှင့် ပိုပြီးတူညီနေသည်ကို တွေ့လိုက်ရသည်။
"ပိုင်ရှိုးမင် ရှင်သတိထား မိလိုက်လား" အားချန်က သူ၏အင်္ကျီလက်စကို စွဲကာပြောလိုက်၏။
"အင်း"
"ကြည့်ရတာ ရှန်းမိသားစုက ကျောင်းတစ်ကောင်ထဲ မွေးထားတာ မဟုတ်ဘူးပဲ" အားချန်သည် ရုတ်တရက် ကိစ္စတစ်ခုကို သတိရသွားပြီး ပြောလိုက်လေသည်။ "ကျွန်မ မှတ်မိသလောက် ရှန့်ကျင်းမှာတုန်းက ကျွန်မကို ကျိန်စာတိုက်ခဲ့တဲ့ အဘွားကြီးအိမ်က ရုပ်တုက တည်းခိုခန်းက ရုပ်တုနဲ့တော်တော် ဆင်တယ်"
"အတူတူပဲ" ပိုင်ရှိုးမင်းက ပိုပြီးအတိအကျ ပြောလာခဲ့၏။
"ဒါဆိုရင်အဲဒီ ကျောင်းက အသက်ရှင်နေ သေးတာပေါ့။ ရှန်း မိသားစုရဲ့ ရည်မှန်းချက်က မသေးဘူးပဲ"
အဘွားထန်၏ လက်ထဲက ရုပ်တုသည် အလွန်ထူးဆန်းပြီး အစွမ်းထက်သည်ကို အားချန်က သတိရနေသေးသည်။ ထင်ရှားသည်မှာ ရုပ်တု၏နောက်ကွယ်ကာ ထိုကျောင်းနတ်မင်း၏ စွမ်းရည်ကို လျှော့တွက်၍ မရနိုင်ခြင်းပင်။
နှစ်ယောက်သားသည် လူနည်းပါးသည့် လမ်းဘေးမှနေ၍ မြို့တော်တံခါးရှိရာသို့ လျှောက်လာခဲ့ကြ၏။ အားချန်က ရုတ်တရက် ရယ်မောကာဖြင့် ပြောလာလေသည်။ "ရှန်လူကြီးမင်းသာ ဒီသတင်းကို ကြားရင် ပျော်သွားမလား မသိဘူးနော်။ ကံဆိုးတာက သက်သေမရှိတာပဲ"
စုံစမ်းစစ်ဆေးရန် သဲလွန်စတစ်ခု တိုးလာသော်ငြား ကျောင်းနတ်မင်းကလည်း တစ်ကောင်တိုး လာခဲ့လေသည်။
"မကြာခင် သက်သေ ရတော့မှာပါ"
အားချန်ကတော့ သူ့စကား၏ အဓိပ္ပာယ်ကို နားမလည်ခဲချေ။ ကျောင်းနတ်မင်း သေဆုံးသွားခဲ့ပြီပဲ။ တခြားဘယ်နေရာမှာ သက်သေရှာလို့ ရဦးမှာလဲ။
ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် အားချန်သည် မောပန်းလာသဖြင့် ပိုင်ရှိုးမင်၏လက်ပေါ်သို့ မိမိ၏လက်ကို အလိုက်တသင့် တင်ထားလိုက်တော့သည်။
ပိုင်ရှိုးမင်က သူမကိုတစ်ချက် ကြည့်လိုက်ပြီး ချက်ချင်းသဘော ပေါက်သွားတော့၏။ သူသည်အားချန်၏ လက်ကို ဆုပ်ကိုင်လိုက်သည်တွင် နှစ်ယောက်လုံး၏အရှိန်သည် ရုတ်တရက် မြန်ဆန်သွားပြီး ပတ်ဝန်းကျင်က လူများသည် အရိပ်များ ဖြစ်သွားကာ မျက်စိတစ်မှိတ်အတွင်း မြို့တံခါးဝသို့ ရောက်ရှိသွားခဲ့လေသည်။
မူလက တင်းကျပ်စွာ ပိတ်ထားရမည့် မြို့တံခါးသည် ဒီအချိန်တွင် အကျယ်ကြီး ဖွင့်ထားလျက်ရှိ၏။ မြို့အပြင်ဘက်က ကျယ်ပြန့်လှသည် ကွင်းပြင်တွင် လူအများအပြား ဝိုင်းအုံကာ ရပ်နေကြပြီး မြို့စောင့်တပ်သားများက စက်ဝိုင်းလို ဝန်းရံထားကာ ရှေ့သို့တိုးဝင်လာသည့် ပြည်သူများကို တားဆီးထားရလေသည်။
ပိုပြီးနီးကပ် လာလေလေ ငိုယိုသံများက ပိုပြီး ရှင်းလင်းစွာ ကြားရလာလေလေပင်။ ထိုနည်းတူ အားချန်သည် လူအများအပြား ရယ်မောသံကိုလည်း ကြားလိုက်ရ၏။
ပိုင်ရှိုးမင်က သူမအတွက် နေရာလွတ်တစ်ခု ရှာပေးကာ အားချန်ကလည်း မြန်မြန်ဆိုသလို သူ့ရှေ့သို့ တိုးဝင်လိုက်ပြီး မော့ကြည့်လိုက်သည်နှင့် ချက်ချင်းဆိုသလို ဦးခေါင်း မရှိတော့သည့် ကျောင်းအလောင်းကြီးကို တွေ့လိုက်ရတော့သည်။
ယခင်ကဘာမှ မခံစားခဲ့ရသော်ငြား ယခုအခါ လူတစ်စုသည် ကျောင်းအလောင်း၏ ဘေးတွင်ရပ်နေကြကာ ထိုအလောင်းသည် အလွန်ကြီးမားသည်ဟု ထင်ရလေသည်။
ရှန်ကျော်သည် ကျောင်းအလောင်း၏ ဘေးတွင်ရပ်ပြီး သူ့မျက်နှာချင်းဆိုင်တွင်တော့ ဝဖြိုးဖြိုး ခန္ဓာကိုယ်နှင့် အရာရှိဝတ်စုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် လူတစ်ဦး ရပ်နေလေ၏။ ထိုလူသည် ရှန်ကျော်ကို ဘာများပြောဆိုနေသည် မသိချေ။ မျက်နှာအမူအရာကို ရှင်းလင်းစွာ ညမမြင်ရသော်ငြားလည်း ကိုယ်ဟန်အမူအယာအရတော့ သူသည် ယခုအချိန်တွင် သိပ်မပျော်ရွှင်ကြောင်း ပြသလို့နေသည်။
အားချန် ခန့်မှန်းချက်က မှန်ကန်သွားတော့၏။ တစ်ဖက်လူမှာ အမှန်ပင် သိပ်ပြီး မပျော်ရွှင်လှချေ။
ထိုလူသည် ယုံးကျိုး အုပ်ချုပ်ရေးမှူးဖြစ်ပြီး ရှန်ကျော်က မြို့တံခါးဝသို့ မရောက်သေးခင်ကတည်းက အုပ်ချုပ်ရေးမှူးက ကြိုတင်ရောက်ရှိနေခဲ့ခြင်း ဖြစ်၏။ သူသည် စစ်သားတစ်ဦး၏ သတင်းပို့ချက်အရ ကျောင်းနတ်မင်းသည် ရုတ်တရက် ကမ်းပေါ်တက်လာသည်ဟု ကြားသိရသဖြင့် စိတ်ထဲတွင် စိုးရိမ်ပူပန်ပြီး လူများကို ခေါ်ဆောင်ကာ လာရောက်ကြည့်ရှုခဲ့ခြင်း ဖြစ်သည်ဟု ဆိုလေသည်။
ဒီအချိန်တွင် ဒီအုပ်ချုပ်ရေးမှူးသည် ရှန်ကျော်ကို မေးမြန်းနေဆဲ ဖြစ်၏။
"လူကြီးမင်းရှန် လွန်ခဲ့တဲ့ရက် အနည်းငယ်တုန်းက ခင်ဗျား ဒီကျောင်းနတ်မင်းကို ဘယ်လိုမှ လုပ်မရခဲ့ဘူး မဟုတ်လား။ ဘယ်လိုဖြစ်ပြီးတော့ ရုတ်တရက် သတ်နိုင်သွားရတာလဲ။ လူစွမ်းကောင်း တစ်ယောက်က ကူညီသွားတာများလား"
"အုပ်ချုပ်ရေးမှူးလျိုက တော်တော်စိတ်ဝင်စားနေတဲ့ပုံပဲ" ရှန်ကျော်သည် ထိုအုပ်ချုပ်ရေးမှူးကို ကြည့်လိုက်သော အကြည့်ထဲတွင် သတ်ဖြတ်လိုစိတ် အနည်းငယ် ပါဝင်လို့နေ၏။
သတင်းကတော့ တော်တော် မြန်တာပဲ။ ကျောင်းနတ်မင်း သေဆုံးသွားတာ မကြာသေးဘူး။ သတင်းလာ စုံစမ်းဖို့ရောက်လာပြီ။ တကယ်သိချင်တဲ့လူက ဒီလူမဟုတ်ပဲ ရှီးလင် မြို့ထဲက တစ်ယောက်ယောက် ဖြစ်နေမှာစိုးရတယ်။
ရှန်ကျော်သည် ယုံးကျိုး မြို့သူမြို့သားများက ကျောင်းနတ်မင်းကို ဒီလိုအကြီးအကျယ် ပူဇော်ပသနေခြင်းသည် အစိုးရအဖွဲ့ထဲက လူများနှင့် ပတ်သက်နေမည်ကို ကြိုတင်သိရှိထားသော်ငြားလည်း ယခင်က ကျောင်းနတ်မင်းကို မဖမ်းမိနိုင်ခဲ့သဖြင့် ယုံးကျိုးက အရာရှိများကို လက်လှမ်းမှီရန် ခက်ခဲခဲ့လေသည်။ ယခု ကျောင်းအလောင်းကြီးက ဒီနေရာတွင် ရှိနေပြီဖြစ်ကာ တစ်စုံတစ်ယောက်က မိမိသဘောဆန္ဒဖြင့် တံခါးဝသို့ လာရောက်ပို့ဆောင်ပေးလျှင်တော့ သူ့ကို အပြစ်တင်လို့ မရတော့ချေ။
အုပ်ချုပ်ရေးမှူးလျိုသည် အန္တရာယ်ကိုခံ စားမိဟန်တူပြီး ခြောက်ကပ်စွာ ရယ်မောလိုက်တော့၏။ "စိတ်ဝင်စားတာ မဟုတ်ပါဘူး။ ဒီအတိုင်း မေးကြည့်လိုက်တာပါ။ ဟဲ ဟဲ။ ဒီအတိုင်း သာမန်ကာလျှံကာ မေးလိုက်တာပါ"
"အုပ်ချုပ်ရေးမှူးလျိုက ကျွန်တော့်ရဲ့ဓားက မထက်တော့ဘဲ ဆူပူသောင်းကျန်းနေတဲ့ ကျောင်းတစ်ကောင်ကိုတောင် မသတ်နိုင်ဘူးလို့ ထင်နေတာလား"
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ လူကြီးမင်းရှန်က ထူးကဲခန့်ညားတယ်။ ကျွန်တော်မျိုး ဘယ်တုန်းကမှ သံသယ မဝင်ဖူးပါဘူး"
"အုပ်ချုပ်ရေးမှူးလျိုမှာ တခြားမေးခွန်းတွေ ရှိသေးလား"
"မရှိတော့ပါဘူး"
အားချန်သည် မြို့ပြင်တွင် တစ်နာရီနီးပါး ကြည့်ရှုခဲ့လေသည်။ ဒီယုံးကျိုးမြို့ထဲက အရာရှိများအားလုံး ရောက်ရှိလာကြပြီး တစ်ချိန်တည်းမှာပင် တရားဥပဒေ စိုးမိုးရေးအတွက် လာရောက်ကြသည့် ရဲမက်များကလည်း ပိုမိုများပြားလာခဲ့၏။
ကျောင်းနတ်မင်း သေဆုံးသွားသည်ကို မြင်တွေ့ခဲ့ရ သော်ငြားလည်း လက်မခံနိုင်ဘဲ ကျောင်းနတ်မင်းနှင့်အတူ သေဆုံးလိုသည့် ပြည်သူများကလည်း သတိလစ်အောင် ရိုက်နှက်ခံရပြီး သယ်ဆောင်သွားခြင်း ခံရလိုက်တော့သည်။ သူတို့၏ ဦးတည်ရာသည် အစိုးရရုံးတော်၏ အချုပ်ခန်းဖြစ်နိုင်ပြီး သူတို့အချုပ်ခန်းမှ ထွက်လာနိုင်သည့်နေ့တွင် အသိတရား ဝင်သွားလောက်ပြီဖြစ်၏။
ကျောင်းနတ်မင်းအတွက် လက်စားချင်ရန် ဓားများကိုဆွဲကိုင်ကာ ထွက်လာကြသူများကိုတော့ မင်ကျင့်စီး အစောင့်တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံလိုက်ရလေသည်။ ယုံးကျိုးမြို့၏ မင်ကျင့်စီးရုံးတော်တွင် မြေအောက်အကျဉ်းထောင် ရှိသည် မရှိသည်ကို မသိသော်ငြားလည်း သူတို့၏အဆုံးသတ်ကတော့ သိပ်မကောင်းမွန် နိုင်သည်မှာ သိသာ၏။
ကျောင်းနတ်မင်း၏ အလောင်းကို လာရောက်ကြည့်ရှုသည့် ပြည်သူများကလည်း သွားလိုက်လာလိုက်ဖြင့် ငိုယိုသံများကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ အရူးအမူး ကိုးကွယ်သူများ ရှိသော်ငြားလည်း လက်တွေ့ကျသည့် ပြည်သူများကလည်း များစွာရှိနေသေးသည်။ ကျောင်းနတ်မင်းဟု ခေါ်ဆိုသော ထိုအရာသည် မင်ကျင့်စီးက လူကြီးမင်း၏ ခုတ်သတ်ခြင်းကို ခံလိုက်ရပြီဖြစ်ရာ သူတို့လည်း နေ့စဉ်ပူဇော်ပသရန် မလိုတော့သဖြင့် ငွေများစွာ ချွေတာ နိုင်ပေတော့မည်။
အားချန်သည့် ပွဲကိုခဏလောက် ထပ်ပြီးကြည့်ရှုနေချိန်တွင် ပိုင်ရှိုးမင်ကတော့ ခဏလောက် ထွက်သွားခဲ့ပြီး တစ်ချိန်တည်းမှာပင် ရှန်ကျော်သည်လည်း ပျောက်ကွယ်သွားခဲ့၏။ ထိုလူနှစ်ဦးသည် နောက်ထပ် ကျောင်းတစ်ကောင်၏ကိစ္စကို သီးသန့်သွား ဆွေးနွေးကြသည်ဟု ခန့်မှန်းရသည်။
ပိုင်ရှိုးမင် ပြန်ရောက်လာမှ အားချန်ကလည်း သူနှင့်အတူ ပြန်အိပ်တော့မည်ဟု ပြောထားခဲ့လိုက်သည်။
ရှန်ကျော်သည် နှစ်ယောက်သား ထွက်ခွာသွားသည်ကို ညိုမည်းနေသည့် မျက်နှာဖြင့် စောင့်ကြည့်နေမိတော့၏။
ပိုင်ရှိုးမင်သာ သတိမပေးခဲ့လျှင် ကျောင်းနတ်မင်းသည် တစ်ကောင်ထက်မက ရှိနေသည်ကို တွေးမိလိမ့်မည် မဟုတ်ပေ။ ဒီယုံးကျိုးက အရာရှိများသည် အတွင်းရေးကို မည်မျှအထိ သိရှိထား ကြသည်ကိုတော့ မသိနိုင်သေးပေ။
ထိုနေ့ညတွင် အားချန်သည် အလွန်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပြီး ယနေ့ည ယုံးကျိုးမြို့တွင် မည်သို့သောကိစ္စ ဖြစ်ပွားခဲ့သည်ကို လုံးဝ မသိရှိတော့ချေ။
သူမ နိုးလာပြီး အောက်ထပ်သို့ ထမင်းစားရန် ဆင်းလာသည့် အချိန်တွင်မှ တည်းခိုခန်းပိုင်ရှင်က မနေ့ညကမင်ကျင့်စီး လူကြီးမင်းသည် ယုံးကျိုးက အရာရှိများစွာကို ဖမ်းဆီးခေါ်ဆောင်သွားပြီး တချို့က ပြန်လာခဲ့သော်ငြားလည်း တစ်ချို့ကတော့ ညတွင်းချင်းပင် အိမ်ကို ချိတ်ပိတ်သိမ်းဆည်း ခံလိုက်ရကြောင်း ပြောပြသည်ကို ကြားလိုက်ရတော့သည်။
အားချန်တစ်ယောက် ပတ်ဝန်းကျင်က ဧည့်သည်များ ဆူညံစွာ ပြောဆိုနေသည်ကိုလည်း နားထောင်နေမိ၏။ တချို့က မင်ကျင့်စီး၏ အာဏာသည် အလွန်ကြီးမားပြီး ထင်ရာစိုင်းနေသည်ဟု ဆိုကြသော်ငြားလည်း တချို့ကတော့ မတူညီသည့် အမြင်များ ရှိနေကြတော့သည်။
ဧည့်သည်များ ရန်ဖြစ်ကြတော့မည်ကို မြင်ရသည်တွင် တည်းခိုခန်း ပိုင်ရှင်ကလည်း အလျင်အမြန် ထွက်လာကာ တားဆီးရတော့သည်။ "အားလုံးပဲ စိတ်ဝင်စားကြတယ်ဆိုရင် ကျွန်တော် သတင်းလေး နည်းနည်းလောက် ထပ်စုံစမ်းလိုက်ပါ့မယ်။ ဒီလိုအလွယ်တကူတော့ ကောက်ချက်မချ သင့်ပါဘူး"
ဆိုင်တာဝန်ခံသည် ဘက်မလိုက်သကဲ့သို့ ရှိသော်ငြားလည်း ရှန်ကျော်ဘက်တွင် ရပ်တည်နေသည်မှာ ထင်ရှားလေသည်။ ကြည့်ရသည်မှာ တည်းခိုခန်းပိုင်ရှင်သည် ကျောင်းနတ်မင်း၏ အကာအကွယ် ဆုံးရှုံးရသည့် ဝမ်းနည်းမှုထဲက လွတ်မြောက်လာပြီ ဖြစ်ဟန်တူ၏။
အားချန်က အစက သတင်းများပိုပြီး နားထောင်လို သော်ငြားလည်း ကံဆိုးချင်တော့ သူမသည် ယနေ့တွင် ရှီးလင်သို့ ထွက်ခွာသွားရ ပေတော့မည်။ တည်းခိုခန်းပိုင်ရှင်ထံက ယုံးကျိုးနှင့် ရှီးလင်သို့ သွားလာသည့် သင်္ဘောများ ထွက်ခွာမည့်အချိန်ကို မေးမြန်းပြီးနောက် သူမသည် ပိုင်ရှိုးမင်ကို လာတွေ့ရန် အပေါ်ထပ်ဘက်သို့ တက်လာလိုက်စဉ်မှာပင် သူသည် အပေါ်ထပ်က ဆင်းလာသည်ကို တွေ့လိုက်ရတော့၏။
အားချန်က ရှေ့သို့တိုးကာ သူ့ကိုထွက်ခွာမည့်အချိန်အား ပြောပြလိုက်သည်တွင် ပိုင်ရှိုးမင်ကလည်း ကန့်ကွက်ခြင်းမရှိသဖြင့် နှစ်ယောက်စလုံး အခန်း ပြန်အပ် လိုက်ကြတော့သည်။ အားချန်က သူနှင့်အတူ သွားလာရင် ဝတ်ဆင်ရန် ဝတ်စရာ အဝတ်အစားများနှင့် စားစရာများကို ထပ်မံဝယ်ယူပြီးနောက် အချိန်နီးကပ်လာသည်ကို ကြည့်ပြီး ဆိပ်ကမ်းသို့ ထွက်ခွာလာခဲ့ကြလေသည်။
မွန်းတည့်ချိန် ကျော်လာသည့် အချိန်တွင် အားချန်လိုက်ပါ စီးနင်းလာသည့် သင်္ဘောသည် နောက်ဆုံးတော့ ထွက်ခွာလာခဲ့တော့၏။
ဒီတစ်ကြိမ်တွင် ကျောင်းနတ်မင်း၏ နှောက်ယှက်မှု မရှိတော့သဖြင့် သူမသည် နောက်ဆုံးတွင် စိတ်အေးလက်အေး လမ်းတလျှောက်က ရှုခင်းများကို ခံစားနိုင်တော့မည် ဖြစ်သည်။
သူမ မသိလိုက်သည်မှာ သူတို့သင်္ဘောထွက်ခွာပြီးနောက် နောက်နှစ်နာရီ အကြာတွင် မင်ကျင့်စီးအစောင့် တပ်ဖွဲ့ဝင် ဒါဇင်ပေါင်းများစွာ လိုက်ပါလာသည့် နောက်ထပ် သင်္ဘောတစီးသည်လည်း ယုံးကျိုးမြို့မှ ထွက်ခွာလာခဲ့ခြင်းပင်။
ရှန်ကျော်သည် သင်္ဘောခန်းထဲတွင် ထိုင်နေပြီး လက်ထဲတွင် မနေ့ညက အုပ်ချုပ်ရေးမှူးလျိုနှင့် တခြားအရာရှိ တချို့တို့ကို စစ်ဆေးမေးမြန်းရာမှ ရရှိခဲ့သည့် ထွက်ဆိုချက်များကို ကိုင်ဆောင်ထား၏။ ဒီနှစ်များအတွင်း သူတို့ထံသို့ တဖြည်းဖြည်း လာဘ်ထိုးလာသည့် လူများရှိခဲ့ပြီး သူတို့ကို ကျောင်းနတ်မင်း၏ ထူးကဲသော အစွမ်းများကို အပြင်သို့ ကြေညာခိုင်းကာ ပြည်သူများကို ပူဇော်ပသခိုင်းခြင်း ဖြစ်လေသည်။
ဒီအထဲတွင် တခြားအရာရှိများ၏ လက်ချက်ကလည်း ပါဝင်နေသည်မှာ မသေချာသော်ငြား သူသည် ယုံးကျိုးက အရာရှိများကို တစ်ချိန်တည်း အကုန်လုံး ဖမ်းဆီးနိုင်မည် မဟုတ်သဖြင့် ဒီကိစ္စကို အရှင်မင်းကြီး စိတ်ပူပန်ရန်သာ ချန်ထားလိုက်လေတော့သည်။
သူတို့၏ ထွက်ဆိုချက်များ ထဲတွင် ရှန်းကျီးယွမ်ဟု ခေါ်သည့်လူတစ်ဦးအကြောင်း ဖော်ပြထားပြီး ထိုလူသည် ရှန်းမိသားစု၏ လက်ရှိအိမ်တော်သခင် ညီဝမ်းကွဲတစ်ဦးဖြစ်၏။ ဒီထွက်ဆိုချက်က သူ့ကိုရှီးလင်သို့ တိုက်ရိုက်သွားရောက် စစ်ဆေးနိုင်ရန် အကြောင်းပြချက်တစ်ခု ပေးခဲ့လေတော့သည်။
...