မင်းနာမည်က အားချန်လား
Vol. 9 Ch. 90
ရွက်လွှင့်လာပြီး နှစ်ရက်အကြာတွင် အားချန်သည် အမှန်တကယ်ပင် ပျင်းရိလာသဖြင့် ကုန်းပတ်ပေါ်သို့တက်ကာ လှေသူကြီးထံက ငါးဖမ်းနည်းကို စတင်သင်ယူတော့သည်။
လှေသူကြီးကလည်း ရယ်မောကာဖြင့် တုံ့ပြန်လေ၏။
နှစ်ယောက်သားက ငါးမျှားရင်း အတိတ်က အကြောင်းအရာများကို ပြန်လည်ပြောဆိုနေကြသည်။ လှေသူကြီးက အားချန်ကို ကျင်းရွှေမြစ်ပေါ်တွင် အသက်မွေးဝမ်းကြောင်း ပြုရသည့် အတိတ်က အကြောင်းအရာများကို ပြန်ပြောပြနေ၏။
နောက်ဆုံးတွင်တော့ သူသည် မတတ်သာပဲ သက်ပြင်းချလိုက်လေသည်။ "ဟိုတုန်းက လူနေမှုဘဝ ခက်ခဲကြတော့ အားလုံးက ရေနတ်ဘုရားကို ပူဇော် ကိုးကွယ်ကြတယ်လေ။ ဒါပေမဲ့ ကံဆိုးချင်တော့ ရေနတ်ဘုရားဆိုတာ မရှိပါဘူး။ နောက်ပိုင်းကျတော့ တကယ်ရောက်လာတဲ့သူက ကျောင်းနတ်မင်း ဖြစ်နေတယ်။ အခြေအနေ တွေကလည်း ပိုကောင်းလာခဲ့တာ မဟုတ်ပါဘူး။ လှေထွက်ရမယ့် အချိန်တိုင်း ကျောင်းနတ်မင်းကို ပူဇော်ပသဖို့အတွက် ပြင်ဆင်ကြရတယ်။ တကယ်လို့ ကျောင်းနတ်မင်းက မကျေနပ်ဘူးဆိုရင် ကိုယ့်အသက်ကိုတောင် ကယ်တင်နိုင်တာ မဟုတ်ဘူး။ ကျုပ်ရဲ့မိတ်ဆွေဟောင်း တစ်ယောက်ဆိုရင် ကျောင်းနတ်မင်းကို မတော်တဆ အမျက်ထွက်သွားအောင် လုပ်ခဲ့မိတယ်။ လှေလည်း ဖျက်ဆီးခံခဲ့ရပြီး ဘယ်သူ့ကိုမှလည်း အစအန ရှာမတွေ့ခဲ့ဘူးလေ။ ဘယ်သူမှလည်း မရှာရဲခဲ့ကြဘူး။ အိမ်မှာကျန်ရစ်ခဲ့တဲ့ လူမမယ်နဲ့ မုဆိုးမကပဲ ပိုင်ရှင်တွေကို လှေဖိုး အကြွေးပြန်ဆပ်ခဲ့ရတယ်။ ဒါက လူတွေရဲ့အသက်ကို ပြန်ပေးဆပ်နေရတာ မဟုတ်ဘူးလား"
"အခု ကျောင်းနတ်မင်းကလည်း မရှိတော့ဘူး။ နောက်ဆိုရင် ဘဝကပိုပြီးတော့ ကောင်းတာတော့မှာပါ" အားချန်ကလည်း ပြောလိုက်သည်။
သို့သော်ငြား လှေသူကြီးက ခေါင်းခါပြလိုက်ပြီး ဝမ်းနည်းစွာဖြင့် ပြောလိုက်၏။ "ကျောင်းနတ်မင်း မရှိတော့ဘူးဆိုပေမယ့် တခြားအရာတွေတော့ ရှိသေးတယ်လေ။ ကျုပ်တို့ ယုံးကျိုးက လူတွေကလည်း ဘယ်နတ်ဘုရားကို စော်ကားမိခဲ့မှန်း မသိပါဘူး။ မိစ္ဆာတွေက မကြာခဏဆိုသလို ပြဿနာလာရှာတတ်ကြတယ်။ ကျွန်တော်တို့ရွာက သိပ်မကြာသေး ခင်တုန်းကတောင် မိစ္ဆာကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရသေးတယ်။ တစ်ရွာလုံး ငွေစုပြီး မိစ္ဆာ အမဲလိုက်သူကို ငှားရမ်းခဲ့ရတယ်လေ"
အားချန်မှာ အနည်းငယ် အံ့သြသွားတော့သည်။ "ဘာဖြစ်လို့ မင်ကျင့်စီးရုံးတော်ကို သွားပြီးတော့ အမှုကို မတိုင်ကြားခဲ့တာလဲ"
လှေသူကြီးကလည်း ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်၏။ "အစောပိုင်း နှစ်တွေတုန်းကတော့ အမှုကို သွားတိုင်ကြား ပါသေးတယ်။ ဒါပေမဲ့ အဲဒီမိစ္ဆာတွေက ဖြေရှင်းရ အရမ်းခက်တာလေ။ အုပ်ချုပ်ရေးမှူး အရာရှိတွေကလည်း ရောက်လာတာနဲ့ချက်ချင်း ပျောက်သွားကြတယ်။ ရောက်လာလိုက် ပြန်ထွက်သွားလိုက်ပဲ။ သူတို့တွေကလည်း လူကို အကြိမ်ကြိမ်အခါခါ ညှဉ်းပန်းနှိပ်စက်ကြတယ်။ ဒါပေမဲ့ မိစ္ဆာတွေကိုတော့ မဖမ်းမိခဲ့ဘူးလေ။ အဲဒီအစား ကျုပ်တို့တွေက အရာရှိကြီးတွေကိုပဲ ပစ်မှားမိသွားတော့တယ်"
“နောက်ပိုင်းကျတော့ လူတစ်ယောက် ပြောတာကို ကြားလိုက်ရတယ်။ မိစ္ဆာအမဲလိုက်သူတွေက အရမ်းကို အစွမ်းထက်တယ်။ ဒါကြောင့်ပဲ လူတွေအားလုံးကလည်း ငွေတွေကိုစုဆောင်းကြပြီး မိစ္ဆာအမဲလိုက်သူ တစ်ယောက်ကို ငှားရမ်းတော့တာပဲ။ နည်းနည်းလေး စျေးကြီးတယ် ဆိုပေမယ့်လည်း သူတို့တွေက မိစ္ဆာတွေကို ဖယ်ရှားပေးနိုင်တယ်လေ။ အဲဒီနောက်မှာတော့ အားလုံးကလည်း အဲဒီ မိစ္ဆာအမဲလိုက်သူတွေကို ငှားရမ်းတာ အသားကျလာခဲ့တယ်။ ဒါကိုပဲ မိစ္ဆာတွေကိုရှောင်ရှားဖို့ ငွေကိုသုံးစွဲတယ်လို့ သတ်မှတ်ကြတယ်လေ"
အားချန်မှာ အလွန်တရာ စိတ်ဝင်စားစွာဖြင့် မေးလိုက်တော့သည်။ "ဒီလောက်အစွမ်းကြီးတဲ့ မိစ္ဆာနှင်မုဆိုးတွေကို ဘယ်ကနေ ဖိတ်ခေါ်ခဲ့တာလဲ"
"ရှီးလင်က ရှန်းမိသားစုကိုသိလား။ အဲဒီလူတွေက သူတို့မိသားစုကလေ။ နောက်ဆုံးတစ်ခေါက် ကျုပ်တို့ရွာမှာ မိစ္ဆာကပ်ဘေးတစ်ခု ဖြစ်တုန်းက ကျုပ်ကပဲ ရှီးလင်ကိုသွားပြီး သူတို့ကို ကိုယ်တိုင်ကိုယ်ကျ ဖိတ်ခေါ်ခဲ့တာ။ ရှန်းမိသားစုအိမ်က နန်းတော်ထက် နည်းနည်းလေးပဲ ပိုသေးတာပါ။ ဒါပေမဲ့ အရမ်းကိုကြီးကျယ် ခမ်းနားတာပဲ"
အားချန်မှာ အံ့သြသွားသည့် အရိပ်အယောင် ပြုလုပ်လိုက်၏။ "တကယ်လား။ ကျွန်မလည်း ရှီးလင်ကို ရောက်ရင်တော့ တစ်ခေါက်လောက် သွားကြည့်လိုက်ဦးမယ်"
နှစ်ယောက်သားကြားက စကားဝိုင်းသည် အားချန်က လက်ညှိုးအရွယ်အစား ငါးလေးတစ်ကောင် ဖမ်းမိချိန်တွင်တော့ အဆုံးသတ်သွားတော့သည်။
ဒီအချိန်ရောက်မှ သူမ၏တစ်ခုတည်းသော ရလဒ်ဖြစ်လေသည်။ အားချန်ကလည်း မစဉ်းစားဘဲ မနေနိုင်အောင် ဖြစ်သွား၏။ ရေထဲက ငါးတွေကလည်း ဟိုကျောင်းကောင်လို ငါးမျှားလို့ရရင် သိပ်ကောင်းပါပဲ။
နေ့ခင်းဘက်တွင်တော့ ပိုင်ရှိုးမင်သည် စားပွဲပေါ်က ငါးဟင်းရည်အိုးကို ကြည့်ပြီး အားချန်ကို မေးလိုက်၏။ "ဒီအိုးထဲက ဘယ်ငါးက မင်းဖမ်းထားတဲ့ ငါးလဲ"
အားချန်၏ တူကိုကိုင်ထားသည့် လက်မှာ တောင့်တင်းသွားတော့၏။ ကျင်းရွှေမြစ်ထဲက ငါးတွေအကြောင်း စောစောစီးစီးသာ သိခဲ့မယ်ဆိုရင် ငါကလည်း ငါးဖမ်းတတ်တယ်လို့ ကြွားလုံးထုတ်ပြီး ပိုင်ရှိုးမင်ကို လုပ်ကျွေးမယ်လို့ ပြောမိမှာမဟုတ်ဘူး။
သူမဘေးတွင် ထိုင်ကာစားသောက်နေသည့် လှေသူကြီးက ရယ်မောကာဖြင့် ပြောလိုက်လေသည်။ "သူ ဖမ်းထားတဲ့ငါးက အသားဖြစ်တဲ့ အထိတောင်မှ မကြီးသေးပါဘူး။ နောက်ထပ် ၂နှစ်စောင့်လိုက်အုံး။ အဲဒီအချိန်ကျမှပဲ ဖမ်းမိတဲ့ငါးက စားလို့ရတော့မှာ"
ပိုင်ရှိုးမင်က အားချန်ကိုကြည့်ကာ ရယ်မောကာဖြင့် ပြောလိုက်လေသည်။ "ငါကပဲ အရမ်းစိတ်လောနေတဲ့သူ ဖြစ်နေတာကိုး။ ဒါပေမဲ့လည်း မင်းဆီကနေ ထမင်းတနပ်လေး စားရဖို့ တကယ်မလွယ်တာပဲ။ ၂နှစ်ကြီးများတောင် စောင့်ရဦးမယ်တဲ့လေ"
အားချန်သည် ထိုကိစ္စက သူမ၏အမှားဖြစ်ကြောင်း ဝန်ခံဖို့ရန် ပြတ်ပြတ်သားသား ငြင်းဆန်လိုက်ကာ တရားခံကို ချက်ချင်းလက်ညှိုး ထိုးလေတော့သည်။ "အဲဒါတွေကလည်း ကျင်းရွှေမြစ်ထဲကငါးက အကောင်းအဆိုး မသိလို့ပါ !"
ငါးများ : ဘယ်လို
တစ်နေ့တာကုန်ဆုံးပြီး ချိန်တွင်တော့ သင်္ဘောသည်လည်း ရှီးလင်၏ သင်္ဘောဆိပ်ကမ်းသို့ နောက်ဆုံးတော့ ရောက်ရှိလာတော့သည်။ လှေသူကြီးသည် သင်္ဘောဝမ်းဗိုက်ပေါ်တွင် ရပ်ကာ ခရီးသည်များကို သင်္ဘောပေါ်ကဆင်းရန် အော်ပြောနေသည်။
အားချန်ကလည်း ပိုင်ရှိုးမင်နောက်က လိုက်လျှောက်လာ၏။ သူက ရုတ်တရက် ရပ်တန့်လိုက်သည်ကို မြင်လိုက်သောအခါ မနေနိုင်ဘဲ သိချင်စိတ်ဖြင့် လှမ်းကြည့်ကာ မေးလိုက်တော့သည်။ "ဘာဖြစ်လို့လဲ"
ချက်ချင်းဆိုသလို မလှမ်းမကမ်းတွင် အနက်ရောင် သံချပ်ဝတ်စုံ ဝတ်ဆင်ထားသည့် ကိုယ်ရံတော် တပ်ဖွဲ့တစ်ဖွဲ့က တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေသည်ကို တွေ့လိုက်ရပြီး ထိုအနက်ရောင်သံချပ်ကာ ကိုယ်ရံတော်အဖွဲ့၏ ဝန်းရံခံထားရကာ ခရမ်းရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် မျိုးရိုးမြင့် လူတစ်ယောက်ကိုလည်း တွေ့လိုက်ရလေသည်။
ထိုလူသည် အသက်အရွယ် အနည်းငယ် ကြီးရင့်နေပြီ ဖြစ်သော်ငြားလည်း သူ၏ပုံပန်းသွင်ပြင်ကတော့ မားမားမတ်မတ် ရှိနေဆဲပင်။ သူ့မျက်နှာပေါ်တွင် ဘာခံစားချက်မှမရှိဘဲ သူသည် အရမ်းအေးစက်ပုံပေါ်ကာ ဆက်ဆံရလွယ်ကူသည့်သူ မဟုတ်သည့်ပုံ ပေါက်နေလေသည်။
ဒီလူပေါ်လာပြီးနောက်တွင် မူလကဆူညံနေသည့် ကုန်ပတ်ကြီးသည် ရုတ်ချည်းဆိုသလို တိတ်ဆိတ်ငြိမ်သက် သွားတော့၏။
လူတချို့ကတော့ သူ၏ အဆင့်အတန်းကို သတိထားမိသွားကာ ချက်ချင်းဆိုသလို ဒူးထောက်ပြီး ဦးညွှတ် နှုတ်ဆက်လိုက်ကြလေသည်။ "ကျွန်တော်မျိုးတို့ ရှီးလင်ဝမ်ကို ဂါရဝပြုပါတယ်"
ကျန်သည့်သူများကလည်း ဒူးထောက်လိုက်ကြပြီး ရှီးလင်ဝမ်ကို ဂါရဝပြုနေသည့်အသံမှာ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာခဲ့လေသည်။
အားချန်က ခေါင်းကိုလှည့်ကာ ပိုင်ရှိုးမင်ကို ကြည့်လိုက်၏။ သူသည် မျက်လွှာချထားပြီး ဘာမှဂရုမစိုက်သည့်နှယ် ဖြစ်နေပေတော့သည်။
သားအဖနှစ်ယောက်သည် သိပ်ပြီးမတူလှသော်ငြားလည်း သူတို့၏အမူအရာ တချို့ကတော့ အံ့သြစရာကောင်းလောက်အောင် ဆင်တူလို့နေတော့သည်။
ပတ်ဝန်းကျင်က လူများက တိတ်ဆိတ်ငြိမ်သက် သွားပြီးနောက်မှ ရှီးလင်ဝမ်က တည်တည်ငြိမ်ငြိမ် ပြောလာခဲ့၏။ "အားလုံးပဲ ကျေးဇူးပြုပြီးတော့ ထကြပါ။ ယဉ်ကျေးနေဖို့ မလိုပါဘူး"
ထိုနောက်တွင်တော့ သူက ပိုင်ရှူးမင်ကို လှမ်းကြည့်လာပြီး "ဘာလဲ မင်းက ပန်ဝမ်(ဒီဝမ်ရယ်)ကို ကုန်းပတ်ပေါ်ကနေ ကိုယ်တိုင်ကိုယ်ကျ လာပြီးဖိတ်ခေါ်စေချင်နေတာလား"
ပိုင်ရှိုးမင်းကတော့ တစ်ဖက်လူကို အေးတိအေးစက်သာ ကြည့်လိုက်ပြီး လျှောက်လှမ်းလာကာ ရှီးလင်ဝမ်နားသို့ ရောက်လာချိန်တွင် ပြောလိုက်လေသည်။ "ရှီးလင်ဝမ်ကို ဂါရဝပြုပါတယ်"
ဒေါသထွက်သွားသည့် အရိပ်အယောင်တစ်ခုက ရှီးလင်ဝမ်၏ မျက်နှာပေါ်တွင် ဖြတ်ပြေးသွားလေသည်။ "အိမ်နဲ့ဝေးရာမှာ ဆယ်နှစ်ကျော်တောင် နေလာပြီးတဲ့နောက် မင်းက ပန်ဝမ်ကို အဖေလို့တောင် မခေါ်ချင်သေးဘူးပဲ"
"ကျွန်တော် မှတ်မိ သလောက်တော့ ရှီးလင်ဝမ်က ကျွန်တော်နှင့်သားအဖ သံယောဇဉ် ဖြတ်ပစ်လိုက်ပြီလို့ ပြောခဲ့ဖူးပါတယ်။ အခုချိန်ကျမှ ဘယ်လိုလုပ်ပြီးတော့ သားတစ်ယောက်အဖြစ် အသိအမှတ်ပြုချင် သွားရတာလဲ"
နှစ်ယောက်သားက အခြေအတင် ဖြစ်နေပြီး ဘယ်သူကမှ အလျော့မပေးဖို့ရန် ဆန္ဒရှိနေသည်ကို တွေ့လိုက်ရသောအခါ ရှီးလင်ဝမ်၏ နောက်တွင်ရှိနေသည့် အကြီးဆုံးအမတ်ဖြစ်သူ လျူချီသည် ရှေ့သို့ အလျင်အမြန် တက်လာကာ သူ့ကို ဖျောင်းဖျပြောဆို လေတော့သည်။ "ရှီဇီက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဝမ်ရယ် ပြောခဲ့တဲ့ ဒေါသစကားကို ဘာဖြစ်လို့ မှတ်ထားနေသေးတာလဲ။ ဝမ်ရယ်က ဒီနှစ်တွေမှာ ရှီဇီကို အမြဲတမ်း စိတ်ထဲမှာ အမှတ်တရရှိလာခဲ့တာပါ။ အဲလိုမှ မဟုတ်ရင် ဒီနေ့ ဘာဖြစ်လို့ လူကိုယ်တိုင် လာပြီးတော့ ကြိုဆိုပေးမှာလဲ။
အဲလိုလား ဒီလိုဆိုရင်တော့ ကျွန်တော်က ရှီးလင်ဝမ်ကို မှားယွင်း အပြစ်တင်ခဲ့မိတာပဲ” ပိုင်ရှိုးမင်၏ လေသံကတော့ ခပ်စိမ်းစိမ်း ဖြစ်နေဆဲ ဖြစ်နေသော်ငြားလည်း အရင်ကထက်တော့ အများကြီးပိုပြီး ညင်သာလာလေသည်။
ရှီးလင်ဝမ်က ခပ်တိုးတိုး နှာခေါင်းရှုံ့လိုက်ကာ လျူအမတ်ကြီး၏ စကားကို ထောက်ခံနေသယောင်ပင်။
စိတ်လှုပ်ရှားဖွယ်ရာ အခြေအနေကို စောင့်ကြည့်နေသည့် အားချန်သည် တစ်ယောက်တည်း စဉ်းစားမိလေတော့၏။ ရှင်တို့ရဲ့ ရှီဇီက သံသယစိတ် လွန်ကဲနေတာ ကုလို့တောင် မရတော့ဘူး။ ရှင်တို့က သူ့ကိုလိမ်နေတဲ့ ကိစ္စကို မပြောသေးနဲ့ဦး။ တကယ်တမ်း အမှန်တရား ဖြစ်နေရင်တောင် သူက ယုံမှာမဟုတ်ဘူး။ အခုလို ပင်ပင်ပန်းပန်း သရုပ်ဆောင်ပြနေတော့ ဘာများထူးမှာမလို့လဲ။
သို့သော်ငြားလည်း လျူအမတ်ကြီးကတော့ အားချန်လို ပိုင်ရှိုးမင်ကို နားလည်ခြင်း မရှိသဖြင့် သူ့စကားက အလုပ်ဖြစ်သွားသည်ဟု ထင်မှတ်နေလေတယ်။
သူကလည်း တည်တည်ငြိမ်ငြိမ် နောက်ပြန်ဆုတ်သွားပြီး ကျန်သည့်ကိစ္စကိုတော့ ဝမ်ရယ်က အကောင်းဆုံး ဆက်ပြီးဆောင်ရွက်ဖို့ရန် ချန်ထားလိုက်တော့၏။
ရှီးလင်ဝမ်သည် သူ၏အင်္ကျီလက်ကို တစ်ချက် ခါယမ်းလိုက်ကာ ပြောလိုက်၏။ "သွားကြမယ်။ အိမ်တော်မှာ မင်းအတွက် ညစာစားပွဲ ပြင်ဆင်ပြီးသွားပြီ။ မင်း အိမ်မပြန်တာ နှစ်တွေအများကြီး ကြာနေပြီပဲ။ အိမ်တော်ကလူတွေအားလုံး မင်းရဲ့အဆင့်အတန်းကို သိအောင်လုပ်ဖို့ အချိန်တန်ပြီ"
ဒီစကားသည် ပိုင်ရှိုးမင်ကို ရှီဇီနေရာသည် သူနှင့်သာသက်ဆိုင်ကြောင်း မသိမသာ အာမခံပေး လိုက်သကဲ့သို့ပင်။
ထိုအချိန်တွင် အနီရောင် အရိပ်တစ်ခု ပေါ်ထွက်လာပြီး ရှန်းယင့်ကျူက ရှီးလင်ဝမ်ကို မြင်သောအခါ အလျင်အမြန် ရှေ့သို့တိုးလာကာ အရိုအသေပေးလိုက်၏။ "ယင့်ကျူ ဝမ်ရယ်ကို ဂါရဝပြုပါတယ်"
"ဪ ... ရှန်း မိသားစုက ကလေးမလေးပဲ" ရှီးလင်ဝမ်၏ လေသံသည် အနည်းငယ် နူးညံ့သွားလေသည်။ "မင်းက ဘယ်လိုလုပ် ရောက်လာတာလဲ"
ရှန်းယင့်ကျူသည် ပိုင်ရှိုးမင်ကို တစ်ချက် ခိုးကြည့်လိုက်ပြီး သူမ၏မျက်နှာပေါ်တွင် ကြက်သွေးရောင်များကို ဖြတ်ပြေးသွားလေ၏။ "အဲ့ဒီနေ့က ရှီဇီ တိုက်ခိုက်တာကို မြင်လိုက်ရတော့ ကျွန်မ ရှီဇီအတွက် အရမ်းစိတ်ပူသွားခဲ့တာ။ ဒါနဲ့ပဲ အဖေ့ကိုပူဆာပြီး ဆိပ်ကမ်းမှာ လူလွှတ်ပြီး စောင့်ခိုင်းထားတာ။ ရှီဇီရဲ့ လုံခြုံရေးကို သိချင်လို့ပါ"
"မင်းက တော်တော်လေးကို တွေးပေးတတ်တာပဲ" ရှီးလင်ဝမ်သည် ကျေနပ်စွာခေါ င်းငြိမ့်လိုက်ပြီး ပိုင်ရှိုးမင်ကိုပြောလိုက်၏။ "မင်း ယင့်ကျူနဲ့ သိပြီးလောက်ရောပေါ့။ သူက ..."
"ရှန်းမိန်းကလေး" အားချန်သည် နောက်က ညင်သာစွာ ရှေ့သို့တိုးလာပြီး ရှီးလင်ဝမ်၏ စကားကိုဖြတ်တောက် လိုက်တော့သည်။ "ရှန်းမိန်းကလေးက ပိုင်လူကြီးမင်ရဲ့ လုံခြုံရေးကို ဒီလောက် စိတ်ပူနေလိမ့်မယ်လို့ ကျွန်မ ထင်မထားမိဘူး။ ဒါပေမဲ့ ရှန်းမိန်းကလေးက လူမှားပြီး စိတ်ပူနေမိပြီ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ကျောင်း မိစ္ဆာတိုက်ခိုက်တာကို ခံလိုက်ရတဲ့သူက ကျွန်မပါ"
အားချန်သည် ဘေးကင်းလုံခြုံစွာ ရှိနေသည်ကို မြင်လိုက်သောအခါ ရှန်းယင့်ကျု၏ မျက်လုံးထဲတွင် ဖုံးကွယ်ထားသည့် မုန်းတီးမှု အရိပ်အယောင် များမှာ ဖြတ်ပြေးသွားလေတော့သည်။
ဒီမိန်းမ ... ကျောင်းနတ်မင်းရဲ့ လက်ထဲကနေ တကယ်လွတ်မြောက် လာခဲ့တာပဲ !
သူက မသေတဲ့အပြင် ကျောင်းနတ်မင်းကတောင် ဒုက္ခရောက်သွားသေးတယ်။ မိသားစုထဲက ပုံမှန်မဟုတ်တဲ့ အခြေအနေကို သတိပြုမိသွားပြီး လျှို့ဝှက်ချက် မပေါက်ကြားဖို့ သူ့ကိုတောင် ရှင်းပစ်လိုက်ရတယ်။
ကျောင်းနတ်မင်းသည် ကျောင်းမူ (ကျောင်းမိခင်)၏ သားသမီးများထဲတွင် အရည်အချင်းအရှိဆုံး တစ်ဦးတည်းသောသူ ဖြစ်လေသည်။ နောက်ထပ်နှစ် အနည်းငယ်လောက်သာ စောင့်လိုက်လျှင် ကျောင်းမူကဲ့သို့ အစွမ်းထက်လာမည်မှာ သေချာသည်။ ထိုအရာက အစ်ကိုဖြစ်သူက အဖေနေရာကို ဆက်ခံရန်အတွက် အကြီးမားဆုံး လျှို့ဝှက်ချက် ဖြစ်သော်ငြားလည်း ယခုအခါအားလုံးက ပျက်စီးသွားလေတော့၏။
ရှန်းယင့်ကျူသည် ရှီးလင်ဝမ်၏ရှေ့တွင် စိတ်မထိန်းနိုင် မဖြစ်ရဲသဖြင့် အပြုံးတုလေးတစ်ခုကို ဖန်တီးလိုက်ရတော့၏။ “မိန်းကလေးကျိ ဘေးကင်းလုံခြုံတာကို မြင်ရတော့ တကယ်ဝမ်းသာပါတယ်"
အားချန်ကလည်း ပြုံးကာပြန်ပြောလိုက်တော့သည်။ "ရှန်းမိန်းကလေးရဲ့ ဆုတောင်းကောင်း ကြောင့်ပေါ့လေ။ ပြီးတော့ မင်ကျင့်စီးက ရှန်လူကြီးမင်းက ကူညီပေးလို့ ပါပါတယ်"
"ဟုတ်လား" ရှန်းယင့်ကျူ၏ မျက်နှာပေါ်က အပြုံးတုသည် ဆက်ပြီးထိန်းသိမ်းထားနိုင်စွမ်း မရှိတော့ချေ။
"ဟုတ်တာပေါ့" အားချန်ကလည်း သူမ၏ ပုံမှန်မဟုတ်သည့် အပြုအမူကို သတိမထားမိသလိုပင်။ ထို ကျောင်း၏အလောင်းမှာ ဆိုရွားလှသည့် အခြေအနေကို အရောင်အသွေး စုံလင်စွာ ဖော်ပြလေတော့သည်။
စကားအဆုံးတွင် သူမက နောက်တစ်ချက်ပင် ထပ်မံဖြည့်ပြောလိုက် သေးသည်။ "အဲဒီ ကျောင်းက မကောင်းမှုတွေ အများကြီးလုပ်ထားတာ။ တကယ်ကို သေသင့်တဲ့အကောင်ပဲ"
"အားချန်"
ရင်းနှီးနေသည့် အသံတစ်ခုသည် ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး အားချန်၏ မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခုက ချက်ချင်း လင်းဖြာသွားကာ မြန်မြန် လမ်းလျှောက်လာသည့် ချန်ဟွေ့နှင့် ရှန်းဟွေရွှယ်တို့ကို လက်လှမ်းပြလိုက်လေသည်။
"အားချန် ရှင် အဆင်ပြေရဲ့လား" ရှန်းဟွေရွှယ်သည် ပတ်ဝန်းကျင်က ကြည့်နေသည့် လူများ၏အကြည့်ကို လျစ်လျူရှုကာ စိုးရိမ်တကြီး မေးလိုက်တော့၏။
"ဘာဒဏ်ရာမှ မဖြစ်ပါဘူး။ စိတ်မပူပါနဲ့"
ရှန်းဟွေရွှယ်၏ စိုးရိမ်ပူပန်မှုများနှင့်ယှဉ်လျှင် ချန်ဟွေ့သည် ပိုပြီးတည်ငြိမ်လို့နေသည်။ သူမ၏အကြည့်သည် အားချန်၏ ကိုယ်ပေါ်တွင် ဖြတ်သန်းသွားပြီးနောက် စိတ်အေးသွားတော့၏။
ထိုအချိန်တွင် ဘေးအနားက ရှီးလင်ဝမ်၏ ကိုယ်ရံတော်တစ်ဦးက သူတို့နှစ်ယောက် ရောက်ရှိလာသည်ကို မြင်သောအခါ ဒေါသတကြီး အော်ဟစ်လေတော့သည်။ "ညစ်ပတ်ပြီး အောက်တန်းကျတဲ့ အရာတွေက ဝမ်ရယ် ရှေ့မှောက်မှာ ရမ်းကာရဲလို့ပါလား ! "
ထိုသို့ပြောလိုက်ပြီးနောက် သူသည် ခါးပေါ်က ဓားကို ဆွဲထုတ်ရန် ပြင်လိုက်လေသည်။ သူ့ဓားသည် ဓားအိမ်က ထွက်လာသည်နှင့် ရွှေပဲစေ့လေးတစ်လုံးက သူ့လက်ကိုလာရောက် ထိမှန်သွားတော့၏။ သူသည် နာကျင်စွာ အော်ဟစ်လိုက်မိပြီး လက်ထဲကဓားသည်လည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
ထိုနေရာတွင် ရှိနေသည့် ကျင့်ကြံသူများ အားလုံးက မလှမ်းမကမ်းက အရိပ်တစ်ခုကို လှမ်းကြည့်လိုက်ကြ၏။
ကျန်းကျင့်ဟိုင်သည် ရှီးလင်ဝမ်၏ ရှေ့သို့ရောက်အောင် လျှောက်လှမ်းလာပြီး အရိုအသေ ပေးလိုက်တော့သည်။ "ကျွန်တော်မျိုး ကျန်းကျင့်ဟိုင် ရှီးလင်ဝမ်ကို ဂါရဝပြုပါတယ်"
"ကျန်းလူကြီးမင်း ဒီလောက်ယဉ်ကျေးနေဖို့ မလိုပါဘူး" ရှီးလင်ဝမ်၏ လေသံသည် အေးစက်တင်းမာနေခြင်း မရှိသော်လည်း နွေးထွေးနေခြင်းလည်း မရှိချေ။ “ကျန်းလူကြီးမင်းက ဘာအကြောင်းကြောင့် ဒီဝမ်ရယ်ရဲ့ ကိုယ်ရံတော်ကို တိုက်ခိုက်ရတာလဲ"
"ဝမ်ရယ် အထင်လွဲနေပါပြီ။ ကျွန်တော်မျိုးက သူ့ကိုကယ်တင် လိုက်တာပါ" ကျန်းကျင့်ဟိုင်သည် လက်ကိုအုပ်ထားရင်း ဒေါသထွက်နေသည့် ကိုယ်ရံတော်ကို တစ်ချက်ကြည့်လိုက်ပြီးမှ ရှင်းပြလိုက်၏။
"ဪ ... ဒါဆိုရင်တော့ ဒီဝမ်ရယ်က ကျန်းလူကြီးမင်းရဲ့ အကြောင်းပြချက်ကို နားထောင်ကြည့်ရတာပေါ့"
ကျန်းကျင့်ဟိုင်က ပိုင်ရှိုးမင်ဘက်သို့ လှည့်ကြည့်လိုက်ကာ "ကျွန်တော် ထင်တာက ပိုင်လူကြီးမင်းက ပိုပြီးတော့ ရှင်းရှင်းလင်းလင်း သိနေလောက်မယ် ထင်တယ်"
"ကျွန်တော်က အခု ရာထူးကနေ ယာယီရပ်ဆိုင်း ခံထားရပါတယ်" ပိုင်ရှိုးမင်း၏အသံသည် အေးစက်လို့နေလေသည်။ "ဒါပေမဲ့ ရှီးလင်ဝမ်က ဒီလောက် သိချင်နေမှတော့ ပြောပြတာကလည်း ဘာမှမဖြစ်ပါဘူး။ သူတို့နှစ်ယောက်ရဲ့ကိုယ်ပေါ်မှာ မင်ကျင့်စီးရဲ့ အမှတ်အသား ရှိနေတယ်။ အကြောင်းမရှိဘဲ သူတို့ကို တိုက်ခိုက်တာက မင်ကျင့်စီးကို စော်ကားတာနဲ့ အတူတူပါပဲ"
ထိုသို့ပြောလိုက်ပြီးနောက် ပိုင်ရှိုးမင်သည် ရှီးလင်ဝမ်ကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်လေသည်။ "အဲဒီအချိန်ကျရင် တံခါးဝကို ရောက်လာပြီး ဖြေရှင်းချက်တောင်းမယ့်သူက ဘယ်သူဖြစ်မလဲဆိုတာ သေချာသိနိုင်မှာ မဟုတ်ဘူး"
ရှီးလင်ဝမ်သည် အတိတ်ဆိုးကို ပြန်လည်သတိရ သွားဟန်တူပြီး သူ့မျက်နှာသည် ရုတ်တရက်ဆိုသလို ရှုံ့တွသွားလေတော့၏။
ဒီအတိတ်ကကိစ္စကို ထိုနေရာတွင်ရှိနေသည့် လူအနည်းငယ်သာ သိပြီး ပိုင်ရှိုးမင်သည်လည်း အဖြစ်အပျက်ကို သိရှိသူထဲမှ တစ်ဦး ဖြစ်လေသည်။
အရင်က ရှီးလင်တွင် မိစ္ဆာများ ဆူပူသောင်းကျန်းနေကြချိန်၌ မင်ကျင့်စီးက အရာရှိတစ်ဦးသည် ဝင်ရောက်စွက်ဖက်ရန် ကြိုးစားခဲ့သော်ငြားလည်း ထိုအကြောင်းကြောင့်ပင် အသက်ဆုံးရှုံးခဲ့ရလေသည်။
ထိုနောက်တွင်တော့ ရှီးလင်သည် တိုက်တိုက်ဆိုင်ဆိုင် ဖြတ်သွားသည့် မင်ဝမ်ကို ကြိုဆိုလိုက်ရ၏။ ထိုအရာသည် တကယ်တိုက်ဆိုင်မှု ဟုတ်၊ မဟုတ်ကိုတော့ ဘယ်သူကမှ မသိခဲ့ကြချေ။ မည်သို့ပင်ဖြစ်စေ ထိုအချိန်ကစပြီး ဘယ်သူကမှ မင်ကျင့်စီးကို အလွယ်တကူ စိန်ခေါ်ရန် မဝံ့ရဲကြတော့ပေ။
"ဒီလိုကိုး။ ဒါဆိုရင်တော့ ပန်ဝမ်ရဲ့ကိုယ်ရံတော်က ရိုင်းပြသွားခဲ့တာပဲ" ရှီးလင်ဝမ်သည် အဓိပ္ပာယ်များစွာ ပါဝင်သည့်လေသံဖြင့် ပြောလာခဲ့၏။ "ကျန်းလူကြီးမင်းက ခုနတုန်းက ဒီလောက်စိတ်လှုပ်ရှားနေတာက ဒီဝမ်ရယ်ရဲ့ ကိုယ်ရံတော်အတွက် စိတ်ပူလို့ကိုး"
ကျန်းကျင့်ဟိုင်၏ အမူအရာကတော့ ပြောင်းလဲမသွားချေ။ "ဟုတ်ပါတယ်"
"ဒီနေ့ ပန်ဝမ်မှာ တခြားကိစ္စရှိသေးတယ်။ ကျန်းလူကြီးမင်း အဆင်ပြေသလိုနေပါ" ရှီးလင်ဝမ်သည် ဒီလိုမျက်နှာပြောင်လှသည့် လူမျိုးကိုသိပ်ပြီး တွေ့ဖူးဟန်မတူချေ။ သူ့နှုတ်ခမ်းထောင့်များက တွန့်ချိုးသွားလေတော့သည်။
"ဝမ်ရယ်ကို လိုက်ပါပို့ဆောင်ပါတယ်" ကျန်းကျင့်ဟိုင်ကလည်း တလေးတစားဖြင့် ပြန်ပြောလိုက်၏။
ရှီးလင်ဝမ်သည် ပိုင်ရှိုးမင်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့မျက်ခုံးများက မသိမသာ တွန့်ချိုးသွားကာ မျက်နှာအရောင်ကို ပြန်လည် လျှော့ချထားလိုက်ပြီး သူ့ကိုလှမ်းပြော လိုက်လေသည်။ "သွားကြမယ် အိမ်တော်ကို ပြန်ရအောင်"
ပိုင်ရှိုးမင်ကလည်း ရှီးလင်ဝမ်နှင့်အတူ ထွက်ခွာလာခဲ့တော့၏။ သူစိမ်းဆန်ဆန်အကြည့်နှင့် ရှုပ်ထွေးနေသည့် ဆက်ဆံရေး ရှိလှသည့် ဒီသားအဖအရင်း နှစ်ယောက်ကိုကြည့်ရင်း အားချန်သည် စိတ်ထဲတွင် တွေးမိလိုက်တော့သည်။ ရှီးလင်မှာ နောက်ပိုင်းဖြစ်လာမယ့် ကိစ္စတွေက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတော့မှာပဲ။ ပိုင်လူကြီးမင်းက ဘယ်တော့မှ လူကို စိတ်ပျက်အောင် မလုပ်ခဲ့ဖူးဘူး။ တကယ်ကို မျှော်လင့်နေမိပြီ။
"အားချန် ကျွန်မတို့လည်း သွားကြရအောင်" ရှန်းဟွေရွှယ်သည် အားချန်၏လက်မောင်းကို ဆွဲကိုင်လိုက်ပြီး သူမကိုပြောလိုက်၏။ "ဟွေ့ညန်က ကျွန်မအမေရဲ့ အိမ်ခြံဝင်းနားမှာ အိမ်ငှားထားတယ်။ ဒီရက်တွေမှာ ကျွန်မတို့အမြဲတမ်း တွေ့လို့ရပြီ"
"ဒါဆိုရင်တော့ အရမ်းကောင်းတာပေါ့။ အဲ့လိုပြောလို့ ကျွန်မလည်း ရှင်နဲ့အတူ ရှင့်အမေကို သွားပြီးတော့ နှုတ်ဆက်သင့်တာ"
ရှန်းဟွေရွှယ်သည် ခဏလောက် ချီတုံချတုံ ဖြစ်သွားသော်ငြားလည်း အားချန်က သူမနှင့် ပထမဦးဆုံး တွေ့ဆုံကတည်းက အလွယ်တကူ လက်ခံနိုင်ခဲ့သည်ကို သတိရကာ သူမိခင်၏ လက်ရှိအခြေနေကိုလည်း ဂရုစိုက်မည် မဟုတ်ဟု တွေးထင်မိသဖြင့် ခေါင်းငြိမ့်ပြလိုက်တော့သည်။ "ရှင်ကသာ ကိစ္စမရှိဘူးဆိုရင် သွားလို့ရပါတယ်"
ထိုအချိန်တွင် အစက ထွက်ခွာရန်ပြင်ဆင်နေသည့် ရှန်းယင့်ကျူသည် သူတို့နှစ်ဦးစကားကို ကြားလိုက်ရသောအခါ ရယ်မောလိုက်ပြီး ဘေးတွင်ရပ်နေသည့် ကျန်းကျင့်ဟိုင်ကို တမင်တကာကြည့်ကာ ပြောလိုက်၏။ "ဟွေ့ရွယ် နင်နဲ့ကျန်းလူကြီးမင်းက သိကျွမ်းလာတာ နှစ်တွေအများကြီး ကြာပြီပဲ။ ဒီနှစ်တွေမှာ ရှန့်ကျင်းမှာတုန်းကလည်း သူက နင့်ကို အများကြီး ကူညီစောင့်ရှောက်ပေးခဲ့တာ။ နင်က ကျန်းလူကြီးမင်းကိုကျတော့ ဘာဖြစ်လို့အိမ်ကို မဖိတ်ခေါ်တာလဲ"
ထိုသို့ပြောလိုက်ပြီးနောက် သူမသည် လှည့်ထွက်သွား လေတော့သည်။
ရှန်းဟွေရွှယ်ကတော့ ခဏလောက် နှုတ်ဆိတ်သွားပြီး သူမ၏ အင်္ကျီလက်စထဲတွင် ဖုံးကွယ်ထားသည့် လက်ချောင်းများမှာ မသိမသာ ကွေးညွှတ်သွားကာ ကျန်းကျင့်ဟိုင်ကို ကြည့်လိုက်တော့သည်။ "ရှီဇီ အချိန်အားရဲ့လား"
ကျန်းကျင့်ဟိုင်ကတော့ ပြန်မဖြေလိုက်ပဲ ပြောလိုက်လေသည်။ "စစ်တပ်ထဲမှာ အရေးကြီးကိစ္စ ရှိသေးတယ်။ ဒီနေ့တော့ ငါ ပြန်သွားရဦးမယ်။ ဒီရက်တွေမှာ မင်း ဒီမှာပဲ နေလိုက်ပါ။ မင်းကို ကာကွယ်ဖို့အတွက် ကိုယ်ရံတော်တွေကို ထားခဲ့ပေးမယ်"
သူသည် ဘာကိုမှ မပြောခဲ့သော်ငြားလည်း ငြင်းဆန်လိုက်သည်ကတော့ သိသာလေသည်။
အမှန်တွင်တော့ ရှန်းဟွေရွှယ်၏ စိတ်ထဲတွင် သူသည် သူမ၏မိခင်ကို တွေ့လိမ့်မည် မဟုတ်ကြောင်း ရှင်းလင်းစွာ သိလေသည်။ သူမ၏မိခင်သည် ပုံမှန်လူတစ်ယောက်ဖြစ်စေ ရူးနေသူတစ်ယောက်ဖြစ်စေ သူကတော့ တွေ့မည်မဟုတ်ပေ။
ရှန်းဟွေရွှယ်၏ မျက်နှာပေါ်တွင် ဖော်ရွေသည့် အပြုံးလေးတစ်ခု ဖန်တီးထားလိုက်တော့သည်။ "ကောင်းပါပြီ။ ရှီဇီ လမ်းမှာသတိထားပါ"
ကျန်းကျင့်ဟိုင်သည် အရင်ဆုံး ထွက်ခွာလာခဲ့ပြီး သူတို့သုံးယောက်ကို အတူတူပြန်လိုက် ပို့ပေးဖို့ရန်အတွက် ကိုယ်ရံတော်လေးဦးနှင့် မြင်းလှည်းတစ်စီးကို ထားခဲ့လိုက်၏။
ရှန်းဟွေရွှယ်၏ မိခင်သည် စိတ်အခြေအနေ ပိုဆိုးရွားလာပြီးနောက်တွင် ရှန်းမိသားစုမှ ပြောင်းရွှေ့လာခဲ့ပြီး ယခုအချိန်တွင်တော့ ဆိပ်ကမ်းနှင့် သိပ်မဝေးလှသည့် ခြံဝင်းတစ်ခုတွင် နေထိုင်လျက်ရှိ၏။
သူမသည် တစ်ချိန်က ရှန်းမိသားစု၏ တရားဝင်သမီးတစ်ဦး ဖြစ်ခဲ့သဖြင့် ဒီနှစ်များတွင် သူမ၏အခြေအနေ မကောင်းမွန်ခဲ့သော်ငြားလည်း ဘယ်သူကမှ သူမက နှိမ့်ချပြီး မဆက်ဆံရဲခဲ့ကြချေ။
မြင်းလှည်းသည် အိမ်ခြံဝင်းတစ်ခု၏ အပြင်ဘက်တွင် ရပ်တန့်သွားပြီး သူတို့သုံးယောက်ကလည်း လှည်းပေါ်က ဆင်းလိုက်ကြ၏။ တံခါးစောင့်က ရှန်းဟွေရွှယ်နှင့်အတူ လူများကို ခေါ်လာသည်ကို မြင်လိုက်ရသောအခါ အလွန်အံ့အားသင့် သွားသော်ငြားလည်း မတားဆီးဝံ့ချေ။
သူတို့သည် ပင်မခြံဝင်းထဲသို့ တိုက်ရိုက် ဝင်လိုက်ကြတော့၏။ ခြံဝင်းတံခါးသို့ မရောက်ခင်မှာပင် ဆဲဆိုသံများကို ကြားလိုက်ရတော့သည်။ "ထွက်သွားကြ ! နင် ... ခွေးမ။ နင့်ကို ရှန်းချင်းယင်က လွှတ်လိုက်တာ မဟုတ်လား!"
ထိုနောက်တွင်တော့ ကျယ်လောင်သည့် လက်ဝါးရိုက်သံသည် တစ်ချက်ပြီးတစ်ချက် ထွက်ပေါ်လာခဲ့လေသည်။
ရှန်းဟွေရွှယ်သည် ခြံဝင်းအပြင်ဘက်တွင် ရပ်တန့်လိုက်ပြီး အနည်းငယ် အခက်တွေ့သွားသည့် အပြုံးဖြင့် အားချန်နှင့် ချန်ဟွေ့တို့ကို ရှင်းပြလိုက်၏။ "ကျွန်မအမေ တစ်ခါတလေ စိတ်မငြိမ်သက်ဘူး။ ဒါပေမဲ့ ကျွန်မကိုတွေ့တဲ့ အချိန်ကျရင်တော့ ဒီလိုမဖြစ်ပါဘူး။ သူ့ကိုမကြိုက်တဲ့ လူတစ်ယောက်ယောက်က သူ့ကို စိတ်လှုပ်ရှား သွားအောင်လုပ်လိုက်လို့ ဖြစ်ပါလိမ့်မယ်"
အားချန်သည် ထိုကိစ္စနှင့်ပတ်သက်ပြီး တစ်ခုခုလွဲနေသည်ဟု မခံစားမိသော်ငြားလည်း ဦးလေး၆၏ရွေးချယ်မှုက တော်တော်လေး ထူးခြားတာပဲဟု တွေးလိုက်မိတော့သည်။
မကြာခင်မှာပင် ခြံဝင်းထဲက သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးသည် မျက်နှာကို လက်ဖြင့်အုပ်ကာ အလျင်အမြန် ထွက်လာပြီး ရှန်းဟွေရွှယ်နှင့် တိုက်မိသွားကာ သူမကို မကျေမနပ်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးမှ မြန်မြန်ထွက်ခွာသွားတော့သည်။
"ဒီလူက အိမ်တော်က အစေခံ မဟုတ်ဘူးမလား" အားချန်သည် ရှန်းဟွေရွှယ်၏ မျက်နှာမှုမမှန်သည်ကို သတိထားမိလိုက်သဖြင့် မေးလိုက်တော့၏။
ရှန်းဟွေရွှယ်ကလည်း ခေါင်းခါပြလိုက်ကာ သူက ကျွန်မအမေရဲ့ ဝမ်းကွဲအစ်ကိုရဲ့ မိန်းမပါ"
"ခုနတုန်းက ရှင့်အမေပြောတဲ့ ရှန်းချင်းယင်ဆိုတာ ဘယ်သူလဲ" အားချန်ကလည်း သိချင်စိတ်ဖြင့် ပုံမှန်အတိုင်း မေးလိုက်လေသည်။
"မသိဘူး။ ကျွန်မအရင်က တစ်ခါမှမကြားဖူးဘူး"
မကြာခင်မှာပင် ခြံဝင်းတံခါးသည် တစ်ဖန်ပြန်ပွင့်လာပြီး ရှန်းဟွေရွှယ်၏ အမေသည် ရောင်စုံလိပ်ပြာလေးတစ်ကောင်လို အတွင်းကပြန်သန်းကာ ထွက်လာပြီး သူတို့နှစ်ဦး၏စကားကို ဖြတ်တောက်လိုက်တော့သည်။
"အမေ့ရဲ့အချစ်လေး ဟွေရွှယ် ... ဘာဖြစ်လို့ မဝင်လာသေးတာလဲ။ အမေ့ကိုစိတ်ပျက်သွားပြီလား" ထိုသို့ ပြောလိုက်ပြီးနောက် ရှန်းဟွေရွှယ်၏ မျက်နှာကို လက်ဖြင့်ကိုင်ကာ အကြိမ်ကြိမ် နမ်းရှိုက်လိုက်လေသည်။
စကားပြောနေသည့် အမျိုးသမီးသည် အလွန်ငယ်ရွယ်ဟန်တူပြီး သူမ၏မျက်နှာပေါ်က မိတ်ကပ်များကလည်း အနည်းငယ် ထူထဲလွန်းနေသော်ငြား သူမ၏လှပသော ရုပ်ရည်ကိုတော့ ဖုံးကွယ်မထားနိုင် ချေ။
သူမသည် လိပ်ပြာများပျံသန်းနေသည့် ပုံစံဂါဝန်လေးတစ်ထည်ကို ဝတ်ဆင်ထားပြီး အနီရောင်တောက်တောက် ပျော်ရွှင်မှုနှင့်တောက်ပမှုကို ဆောင်ကျဉ်းပေးနေတော့၏။
"အမေ ကျေးဇူးပြုပြီးတော့ အရင်လွှတ်ပါဦး။ သမီး သူငယ်ချင်းတွေကို အမေ့ဆီ အလည်ခေါ်လာတာ"
"အမေ့ရဲ့ ဟွေရွှယ်လေးမှာတောင် သူငယ်ချင်းတွေ ရှိနေပြီကိုး" ထိုအမျိုးသမီးသည် တိုးတိုးလေးရေရွတ်လိုက်ပြီး အနည်းငယ် ဝမ်းနည်းသွားသလို ဖြစ်သွားသော်ငြား အားချန်နှင့် ချန်ဟွေ့တို့ကို ပြုံးကာကြည့်လိုက်လေသည်။
ရှန်းဟွေရွှယ်က အခြေအနေကို တွေ့လိုက်ရသည်တွင် မြန်မြန်ဝင်ပြောလိုက်တော့၏။ "ကျွန်မအမေရဲ့နာမည်က ရှန်းချင်းဝူလို့ ခေါ်တယ်။ ရှင်တို့တွေ သူ့ကို မိန်းကလေးချင်းဝူလို့ ခေါ်လို့ရတယ်"
"မိန်းကလေးချင်းဝူ ချန်ဟွေ့ နှုတ်ဆက်ပါတယ်" ချန်ဟွေ့က အရင်ဆုံး နှုတ်ဆက်လိုက်လေသည်။
ရှန်းချင်းဝူသည် ပြုံးရွှင်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်ကာ "ကောင်းတယ် လိမ္မာတဲ့ကလေးပဲ"
ချန်ဟွေ့ကတော့ ပြုံးရုံသာပြုံးလိုက်ပြီး ထိုအခေါ်အဝေါ်အပေါ် မကျေနပ်သည့်အရိပ်အယောင် မပြသချေ။
အားချန်၏ အလှည့်သို့ ရောက်လာသောအခါ ရှန်းချင်းဝူသည် အနည်းငယ် ပုံမှန်မဟုတ်သလို ဖြစ်သွားလေသည်။
အားချန်က ရှန်းချင်းဝူကို အရိုအသေပေးလိုက်ပြီး ပျော့ပျောင်းစွာဖြင့် ပြောလိုက်၏။ "အားချန် မိန်းကလေးချင်းဝူကို နှုတ်ဆက်ပါတယ်"
ရှန်းချင်းဝူ၏ မျက်နှာပေါ်က ရူးမိုက်လှသည့်အပြုံးသည် ပျောက်ကွယ်သွားလေတော့၏။ "မင်းနာမည်က အားချန်လို့ ခေါ်တာလား"
...