အခန်း (၁၀၂၈)
Vol. 70 Ch. 1028
ပျံသန်းရေးလှေသည် အနက်ရောင်မြူခိုးထဲသို့ အလင်းတန်းတစ်တန်း ထိုးဖောက်ဝင်ရောက်သွားသည့်အလား အရှိန်တင်ကာ ဆက်လက်၍ မောင်းနှင်နေခဲ့သည်။
ရီဖုန်းသည် နံဘေးရှိ လူသုံးဦး၏ အရှိန်အဝါကူးစက်မှုကြောင့် အန္တရာယ်တချို့နှင့် ကြုံတွေ့ရမည်ဟု တွေးထင်ကာ မျှော်လင့်ချက်များ ပြည့်နှက်နေခဲ့သော်လည်း သာမန်ငါးစာလောက်သာ တွေ့ခဲ့ရသည်။
တဖြည်းဖြည်းနှင့် ရီဖုန်းသည် ငြိမ်သက်သွားပြီး တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်၏။
လမ်းတစ်လျှောက်၌ သူသည် စားလိုက်သောက်လိုက်လုပ်နေကာ သုံးရက်တာအချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့လေပြီ။
အရှိန်ပြင်းပြင်း သွားလာမှုသည် ရပ်တန့်မသွားခဲ့သည့်အပြင် ပျံသန်းရေးလှေသည်လည်း အနက်ရောင်မြူခိုးများအတွင်း၌ မည်မျှထိဝေးကွာသောနေရာသို့ ရောက်ရှိနေပြီကို မသိရတော့ချေ။ လောကကြီးတခွင်လုံး အမှောင်ထုကြီးဖြင့် ဖုံးလွှမ်းသွားပြီး နေ့နှင့်ညပင် ခွဲခြား၍မရတော့သည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။
ရီဖုန်းသည် ကြက်ဥပြုတ်တစ်လုံးကို စားပြီးသောအချိန်မှာပင် ခေါင်းဆောင်အမျိုးသမီးက အလေးအနက်ထားသော အသံဖြင့် ပြောဆိုလိုက်သည်ကို သူ ကြားမိပေ၏။
"ဒီကိစ္စတွေရဲ့ မူလဇစ်မြစ်က ရှေ့နားမှာ ရှိပုံရတယ်....အထဲကိုဝင်ကြည့်ရင် အဖြေပေါ်လာလိမ့်မယ်"
"ဟုတ်ကဲ့"
အမျိုးသားနှစ်ယောက်က တည်ကြည်လေးနက်သည့် အမူအယာများဖြင့် ခေါင်းညိတ်ပြကာ တုံ့ပြန်လိုက်ကြသည်။
ရီဖုန်းသည်လည်း အသံကြားရာသို့ မော့ကြည့်လိုက်ပြီး သူတို့သုံးယောက် စိုက်ကြည့်နေသည့် နေရာဆီသို့ သူ၏အကြည့်ကို ပို့လိုက်သည်။
အမြင်အာရုံကို ဝေဝါးစေသည့် အရာတစ်ခုက ပိတ်ဖုံးထားပြီး ထူးဆန်းသော နတ်ဆိုးပုံရိပ်ယောင် အမြောက်အများ ရောယှက်နေသည့် ကျောချမ်းဖွယ် အမှောင်ထုကို သူ မြင်တွေ့လိုက်ရသည်။ တချို့ပုံရိပ်ယောင်များသည် မိုးထိလုမတတ် မြင့်မားနေပြီး တချို့ထံ၌ ရုပ်ပျက်ဆင်းပျက် မျက်နှာများ ရှိနေကြသည်။ တချို့ဆိုလျှင် မျက်လုံးပင် မပါရှိကြချေ။
ကြည့်ရသည်မှာ သူ ယခင်က တွေ့ဖူးသည့် နတ်ဆိုးများထက် အနည်းငယ်ပို၍ထူးခြားပြီး ပို၍သန်မာပုံပင်။
ရီဖုန်းသည် အချိန်တခဏကြာမျှ ဂရုတစိုက်ကြည့်လိုက်သော်လည်း မည်သည့် စွမ်းအားကြီးသော အရှိန်အဝါကိုမျှ အာရုံမခံမိချေ။ ထိုကြောင့် သူ၏စိတ်ထဲမှ စိတ်လှုပ်ရှားမှုများ ငြိမ်သက်သွားပြီး ပျင်းရိငြီးငွေ့မှုသာ ကျန်ရစ်ခဲ့တော့သည်။
သူတို့သည် နတ်ဆိုးများနှင့် တိုက်ခိုက်ရန် ဤမျှဝေးကွာသောနေရာသို့ လာခဲ့ရသည်မှာ အမှန်အားဖြင့် စိတ်ဝင်စားဖွယ် မကောင်းလှချေ။
ပျံသန်းရေးလှေ ဖြတ်သန်းသွားသည့် နေရာများကို သူ ပေါ့ပေါ့ပါးပါးသာ ဝေ့ဝိုက်၍ ကြည့်လိုက်၏။ သာမန်နတ်ဆိုးများသည် မြေပြင်ပေါ်တွင် ဟိန်းဟောက်နေကြပြီး သွားများဖြဲပြခြင်း လက်သည်းများ ဝှေ့ယမ်းပြခြင်းတို့ဖြင့် ကြောက်မက်ဖွယ်ကောင်းပုံ ပေါက်နေကြသည်။
သို့ရာတွင် ရီဖုန်း၏မျက်လုံးထဲတွင်မူ ထိုနတ်ဆိုးများအားလုံးသည် ရောင်စုံမှင်စာများကဲ့သို့ ဖြစ်နေပြီး သူ၏စိတ်ဝင်စားမှုကို တစိုးတစိမျှ မဆွဲဆောင်နိုင်ခဲ့ချေ။ အမှန်အတိုင်းပြောရလျှင် ဤနတ်ဆိုးများသည် ယခင်က လေဟာနယ်သားရဲများလောက်ပင် သူ့အတွက် အကျိုးအမြတ် မရှိချေ။
သူ ပျင်းရိငြီးငွေ့နေသည့်အချိန်တွင် သူ၏နံဘေးနားရှိ လူသုံးဦး၏မျက်နှာအမူအယာများကမူ ခက်ထန်တင်းမာနေကြလေပြီ။
ခေါင်းဆောင်အမျိုးသမီးက တည်ကြည်လေးနက်သောလေသံဖြင့် အမျိုးသားနှစ်ဦးကို ပြောဆိုသည်။
"ရှေ့က နတ်ဆိုးအုပ်စုက ပုံမှန်မဟုတ်ဘူး...သူတို့ကို မရှင်းလင်းရင် ကျွန်မတို့ကို တော်တော်လေး ဒုက္ခပေးလိမ့်မယ်"
"ဒါကြောင့် ခရီးမဆက်ခင် သူတို့ကို အရင်ရှင်းထုတ်လိုက်ကြရအောင်"
"နောက်ပိုင်းကျရင် ပိုပြီးနက်ရှိုင်းတဲ့ နေရာကို ဝင်ရမှာဆိုတော့ ရှင်တို့ ပေါ့ဆလို့ မဖြစ်ဘူး... တိုက်ခိုက်မှုတိုင်းမှာ သူတို့ကို တစ်ချက်တည်းနဲ့ အသေသတ်နိုင်ဖို့ ကြိုးစားရမယ်...ကျွန်မတို့သုံးယောက်က တစ်ယောက်ကိုတစ်ယောက် ပံ့ပိုးနိုင်အောင် အပ်ပုံစံဝင်္ကပါဖွဲ့စည်းပြီး ချီတက်ကြမယ်"
ထိုစကားများကိုပြောဆိုရင်း သူမက ရီဖုန်းကို ကြည့်လိုက်၏။
"ခဏနေကျရင် ကျွန်မတို့ အနက်ရောင်မြူခိုးထဲ ဝင်ရောက်တဲ့အချိန်မှာ ရှင်က ပျံသန်းရေးလှေကို စောင့်ပေးပါ...အပြင်ဘက်က နတ်ဆိုးတွေက အများဆုံးမှ တာအိုဉာဏ်အလင်းပွင့်ခြင်း အဆင့်ပဲရှိတာ.... ရှင်က ခြေလှမ်းတစ်ဝက် သူတော်စင် အဆင့်လေ"
"ဒီကိစ္စသေးသေးမွှားမွှားလေးတွေကို ကိုင်တွယ်တာက ရှင့်အတွက် ပြဿနာမရှိလောက်ဘူး မဟုတ်လား..."
ရီဖုန်းက ခံစားချက်မပါသည့် မျက်နှာအမူအယာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"အင်း"
သာမန်နတ်ဆိုးတစ်အုပ်ကို ရှင်းလင်းရသည်မှာ စိတ်လှုပ်ရှားဖွယ် မကောင်းသော်လည်း သူသည် ဤလူသုံးဦးနှင့်အတူ သွားလာရန် သဘောတူထားပြီးဖြစ်သောကြောင့် ဤအကူအညီလေးကိုမူ ပေးရပေမည်။
ရီဖုန်း ခေါင်းညိတ်ပြသည်ကို မြင်တွေ့ချိန်၌ သူတို့သုံးယောက်သား သူ့ကို ဂရုမစိုက်ကြတော့ချေ။
အမျိုးသမီးက သူမ၏ပွယောင်းယောင်းအင်္ကျီလက်ကို ဖြည်းညှင်းစွာ ဝှေ့ယမ်းလိုက်သည်။ ရုတ်ချည်းဆိုသလိုပင် ပျံသန်းရေးလှေသည် လေထုထဲတွင် တည်ငြိမ်သွားပြီး ထူထဲသော မြူခိုးတန်း၏အစပ်နားတွင် ရပ်တန့်လိုက်၏။
သူတို့သုံးယောက်သည် အလင်းတန်းများအဖြစ် ပြောင်းလဲပြီး အကန့်အသတ်မဲ့ ထူထပ်သိပ်သည်းသည့် အနက်ရောင်မြူခိုးထဲ တိုးဝင်ပျောက်ကွယ်သွားကြကာ ညအမှောင်ထဲတွင် ထွန်းလင်းနေသည့် သက်တံဖြူများအလားပင်။ အားကောင်းသော အဖြူရောင်အလင်းတန်းသုံးတန်းသည် သူတို့ဖြတ်သန်းသွားရာ နေရာတိုင်း၌ အနက်ရောင်မြူခိုးများကို ဖယ်ရှားပစ်ပြီး မရေမတွက်နိုင်သော နတ်ဆိုးများကို အမှုန်အမွှားများအဖြစ် ပြောင်းလဲလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် နတ်ဆိုးသားရဲများ၏ဟိန်းဟောက်သံများ ပဲ့တင်ထပ်လာပြီး အနက်ရောင်မြူခိုးများထဲတွင် တောက်ပသော အလင်းရောင်များ ပွင့်အံ့ထွက်လာတော့သည်။
အဝေးမှ ကြည့်လိုက်လျှင် ညကောင်းကင်ယံ၌ မီးရှူးမီးပန်းများ ပေါက်ကွဲနေသကဲ့သို့ တောက်ပပြီး ကြည်နူးဖွယ်ကောင်းပေ၏။
ပြောရမည်ဆိုလျှင် ထိုလူသုံးယောက်၌ စွမ်းရည်အတော်အသင့် ရှိထားကြသည်။
အဝေးမှနေ၍ ဤလှပသောမြင်ကွင်းကို ကြည့်ရင်း ရီဖုန်း၏စိတ်အခြေအနေ သိသိသာသာ ကောင်းမွန်လာသည်။ ပျံသန်းရေးလှေ၏အောက်ဘက် အနက်ရောင်မြူခိုးထဲမှ ဆက်တိုက်ထွက်ပေါ်နေသော ဟိန်းဟောက်သံများနှင့် သူ့ထံသို့ တရစပ် စုဝေးရောက်ရှိလာသည့် နတ်ဆိုးများကို သူ မြင်တွေ့မိသည်။ ဤသည်မှာ သူ အလုပ်လုပ်ရမည့်အချိန်သို့ ရောက်ရှိပြီဟု သူ့ကို သတိပေးနေသည့်အလားပင်။
ရီဖုန်းသည်လည်း ဓားတစ်လက်ကို ဆွဲထုတ်ပြီး မြေပြင်ပေါ်သို့ဆင်းသက်ကာ စတင်ခုတ်ပိုင်းရုံသာ တတ်နိုင်တော့သည်။
သူ ဓားကို ဝှေ့ယမ်းလိုက်တိုင်း သူ၏ခေါင်းထဲတွင် မကြားရသည်မှာကြာပြီဖြစ်သည့် အသိပေးသံများ မြည်ဟီးလာသည်။
အတွေ့အကြုံရမှတ်များသည် သူ ရေသောက်သည်ထက် ပို၍လွယ်ကူလျှင်မြန်စွာ မြင့်တက်လာပေ၏။
ဤအလုပ်သည် ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော်လည်း သူ့အတွက် အကျိုးအမြတ်တချို့ ရရှိခဲ့သည်။ ရီဖုန်းသည် အတိတ်ကာလဆီသို့ ပြန်ရောက်သွားသည့်အလား ခံစားလိုက်ရပြီး သူ အဆင့်တက်ရန် နတ်ဆိုးများကို လိုက်လံသတ်ဖြတ်နေရသည့် ခံစားချက်ကို ပြန်လည်၍ရရှိလိုက်သည်။
သူသည် မည်းမည်းမြင်ရာ ခုတ်ပိုင်းလိုက်ပြီးနောက် သူ၏နံဘေးပတ်လည်တွင် နတ်ဆိုးအလောင်းများ စက်ဝိုင်းပုံစံ စုပုံစပြုလာသည်။
ရီဖုန်းသည် အနည်းငယ်ထုံထိုင်းနေပြီဖြစ်ပြီး နတ်ဆိုးသတ်စက်ကြီးတစ်လုံးကဲ့သို့ ဖြစ်နေလေပြီ။ သူသည် ဓားကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်နှင့် နောက်ထပ်အတွေ့အကြုံရမှတ် လှိုင်းတစ်ခုကို ရိတ်သိမ်းရရှိလိုက်၏။
သူ မည်မျှထိကြာအောင် ခုတ်ပိုင်းနေမိကြောင်း မသိတော့သော်လည်း ခံစားချက်ကင်းမဲ့နေလေပြီ။
သူသည် စက်ရုပ်တစ်ရုပ်အလား ဓားကိုဝှေ့ယမ်းရင်း သူ၏အတွေးများက အဝေးသို့ လွင့်မျောသွားတော့သည်...
သူ သေလမ်းရှာရန် ထွက်လာစဥ်ကတည်းက ဗဟုသုတများစွာ ရရှိခဲ့သည်။
အစပထမတွင် သူသည် သူ့ကိုယ်သူ တာအိုဉာဏ်အလင်းပွင့်ခြင်းအဆင့်တွင်သာ ရှိသည်ဟု တွေးထင်ခဲ့ပေ၏။ သို့ရာတွင် သူ အဆိပ်များကို စမ်းသပ်ကြည့်ချိန်မှသာ သူသည် ခြေလှမ်းတစ်ဝက်သူတော်စင် ဖြစ်နေကြောင်း သိလိုက်ရသည်။ နောက်ပိုင်းတွင် ပိုင်ဖျောင်ဖျောင်နှင့် တွေ့ဆုံပြီးနောက် သူသည် သူတော်စင်တစ်ပါးဖြစ်ကြောင်း နားလည်သဘောပေါက်သွားခဲ့သည်။
သူတော်စင်အဆင့်သို့ သူ ရောက်ပြီးသော်လည်း အစပိုင်းတွင် သူ့ကိုယ်သူ သာမန်သူတော်စင်ဟုသာ တွေးထင်ခဲ့သည်။ သို့ရာတွင် မကြာသေးမီက တခြားသူတော်စင်များအားလုံးသည် ရယ်ချင်ဖွယ်ကောင်းလောက်အောင် အားနည်းကြောင်း သူ တွေ့ရှိလိုက်ရသည်။
ဤမျှထိ သူ ဒုက္ခခံပြီးနောက် အဆုံးသတ်၌ သူ မည်မျှထိ သန်မာအားကောင်းသည်ကို နားလည်သဘောပေါက်ခဲ့ရသည်။
ဤအတိုင်းသာ ဆက်သွားပါက...
သူ့ကို သတ်နိုင်မည့် ထိပ်သီးကျင့်ကြံသူတစ်ယောက်နှင့် တွေ့ဆုံရန် မျှော်လင့်ချက်သည် ပို၍မှေးမှိန်လာလေပြီ။
အခံရခက်ဆုံးမှာ ဤချီးထုတ်စနစ်ကြီးက သူ မည်မျှထိ သန်မာအားကောင်းသည်ကို တစ်ကြိမ်တစ်ခါမျှ ထုတ်မပြောခဲ့ခြင်းပင်။
စနစ်သည် သူ့ကို အရူးတစ်ယောက်ကဲ့သို့ လျှောက်သွားခိုင်းနေခဲ့သည်။
ရီဖုန်းသည် သူ၏စိတ်နှလုံးသားကို ကုလားအုတ်ကောင်ရေတစ်ထောင်ခန့်ဖြင့် နင်းခြေခံနေရသည့်အလား အကြီးအကျယ် အရူးလုပ်ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။
"တောက်.... စနစ်စုတ်"
"မင်းက ဘာလို့ ငါ့ကို ဒီလောက်ထိ လမ်းမှားတွေ ပြနေရတာလဲ"
ရီဖုန်းသည် ညည်းညူနေရင်းဖြင့် မန်ဒိုသားရဲ တစ်ကောင်ကို ပေါ့ပေါ့ပါးပါး ခုတ်ပိုင်းလိုက်၏။ သူ တွေးလေလေ ဒေါသထွက်လေလေ ဖြစ်လာပြီး သူ၏ဓားချက်များသည် မီးပွင့်ထွက်လာသည့်အလား နတ်ဆိုးများကို အညှာအတာကင်းမဲ့စွာ သတ်ဖြတ်နေတော့သည်။
သို့ရာတွင် သောက်သုံးမကျသည့် ချီးထုတ်စနစ်ကြီးကတော့ မည်သည့်အသံမျှမထွက်ဘဲ အသေကောင်ကဲ့သို့ ငြိမ်သက်နေဆဲပင်။
ရီဖုန်းတစ်သည် အမှန်တကယ်ကို မျက်ရည်ကျလုမတတ် ဖြစ်နေပြီး သူ၏ စုပြုံနေသော ဒေါသများကို သနားဖွယ်ကောင်းသည့် နတ်ဆိုးများအပေါ်၌သာ ပုံချလိုက်နိုင်တော့သည်။ အချိန်တခဏကြာပြီးနောက် နတ်ဆိုးအလောင်းများသည် ဂျုံများရိတ်သိမ်းထားသည့်အလား တောင်တစ်လုံးစာပမာဏမျှ စုပုံလာသည်။
သို့ရာတွင် သူ၏ဒေါသများ မပြေပျောက်မီမှာပင် သူ့ထံ တိုးဝင်လာသည့် နတ်ဆိုးများက နည်းသထက် နည်းလာတော့သည်။
ထို့ထက်ပိုပြီး ရယ်ရွှင်ဖွယ်ကောင်းသည်မှာ အစပထမတွင် သွားများဖြဲကာ လက်သည်းများဝှေ့ယမ်းပြီး ပြေးဝင်လာသည့် နတ်ဆိုးတချို့သည် လမ်းတစ်ဝက်တွင် ဦးတည်ချက်ပြောင်းပြီး ယခင်ကထက် ပို၍လျှင်မြန်သည့်အရှိန်ဖြင့် ပြေးထွက်သွားကြခြင်းပင်။
ထိုနတ်ဆိုးတစ်ကောင်ချင်းစီ၏မျက်နှာတွင် ကြောက်ရွံ့သည့် အမူအယာများဖြင့် ပြည့်နှက်နေပြီး ကြည့်ရသည်မှာ သူကသာ နတ်ဆိုးဖြစ်နေသည့်အလားပင်။
အမှန်အားဖြင့် နတ်ဆိုးများသည် သန်မာအားကောင်းပြီး ရက်စက်ကြမ်းကြုတ်ရမည် မဟုတ်လော။
ရီဖုန်းသည် ကြည့်နေရင်းဖြင့် ပို၍ဒေါသထွက်လာပြီး သူ၏ဓားကိုမြှောက်ကာ အော်ဟစ်လိုက်၏။
"ဟေ့ ရပ်စမ်း...ရပ်ကြစမ်း...."
သူ၏အော်သံကြောင့် ပတ်ဝန်းကျင်ရှိ နတ်ဆိုးများသည် ခြေထောက်တွင် မီးဘီးတပ်ထားသည့်အလား ပို၍လျှင်မြန်စွာပြေးသွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြမည်ဟု မည်သူက တွေးထင်မိမည်နည်း။
"ဝှီး..."
လေပြေတစ်ချက်သည် သူ၏မျက်နှာကို တိုးဝှေ့တိုက်ခတ်သွားပြီး အထီးကျန်ဆန်သောဖုန်မှုန့်များသာ သူ၏မျက်လုံးရှေ့၌ ဖြတ်သန်းသွားတော့သည်။
ရီဖုန်းသည် ကြောင်တောင်တောင်ဖြင့် မတ်တတ်ရပ်၍ ကျန်ရစ်ခဲ့ပြီး နတ်ဆိုးများ၏ အားနည်းခြင်းကြောင့် သူ၏မျက်လုံးထဲတွင် စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေတော့သည်။ သူသည် သူ၏စိတ်ထဲမှ မကျေနပ်ချက်များကို ဖြေဖျောက်ရန် ဓားဆွဲပြီး နတ်ဆိုးများကို လိုက်လံသတ်ဖြတ်ရုံသာ တတ်နိုင်တော့သည်။
သူသည် သိုးအုပ်ထဲသို့ ဝင်သွားသည့် ကျားတစ်ကောင်အလား ဖြစ်နေပြီး သူ ဓားဖြင့်တစ်ချက်ခုတ်ပိုင်းလိုက်တိုင်း ပို၍ထုံထိုင်းလာသည်။
ကြည့်ရသည်မှာ နတ်ဆိုးများနှင့် တိုက်ခိုက်နေပုံ ပေါက်သော်လည်း အမှန်အားဖြင့် သူသည် အချိန်ဖြုန်းနေရုံသက်သက်ပင်။ သူ မည်သည့်အရာအား ခုတ်ပိုင်းနေသည်ကိုပင် သေချာ မကြည့်တော့ချေ။ မည်သည့်နတ်ဆိုးဖြစ်နေစေကာမူ သူ ဓားတစ်ချက်ခုတ်ပိုင်းလိုက်လျှင် အဆုံးသတ်သွားသည် မဟုတ်လော။
သူ၏ လှုပ်ရှားမှုများသည် ဟင်းချက်ရန် ပြင်ဆင်နေသည့်အလား သို့မဟုတ် ဟင်းသီးဟင်းရွက်များ ရွေးနေသည့်အလား ပို၍ကျွမ်းကျင်ပိုင်နိုင်လာသည်။
"ရွှပ်..."
နောက်ထပ် ဓားတစ်ချက်အဝှေ့တွင် ကြီးမားသော နတ်ဆိုးတစ်ကောင်သည် ဝုန်းခနဲ အသံကြီးနှင့်အတူ လဲကျသွားတော့သည်။