အခန်း (၁၀၂၉)
Vol. 70 Ch. 1029
သူ ပေါ့ပေါ့ပါးပါး ခုတ်ပိုင်းလိုက်သော နတ်ဆိုးများကို ကြည့်ရင်း သူ၏စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ရီဖုန်း သိရှိသွားသည်။
သူသည် သူတော်စင်များကြားတွင် ထိပ်သီးစာရင်းဝင် ဖြစ်လောက်မည်ဟုပင် သူ့ကိုယ်သူ ခန့်မှန်းမိပေ၏။
သို့ရာတွင် သူ မပျော်ရွှင်နိုင်ချေ။
ဤမျှထိ မြင့်မားသော ကျင့်ကြံဆင့်မျိုးဖြင့် သူ မည်သို့ သေရမည်နည်း။ သူ မည်သို့ သေလမ်းရှာရမည်နည်း။
သို့ရာတွင် သူ မသေခဲ့လျှင် စနစ်၏ သတိပေးချက်က သူ၏စိတ်ထဲတွင် သိသာရှင်းလင်းစွာ ရှိနေဆဲပင်။
နှစ်ပေါင်းကိုးဆယ်ကျော်အကြာ၌ လောကကြီးပျက်သုဥ်းမည့် ကပ်ဘေးကြီးတစ်ခု ကျရောက်လာပေလိမ့်မည်။
အကယ်၍ ထိုအချိန်မတိုင်မီ သူ အင်မော်တယ်တစ်ယောက် ဖြစ်မလာပါက စစ်မှန်သော သေဆုံးခြင်းနှင့် ရင်ဆိုင်ရပေလိမ့်မည်။
ထို့ကြောင့် သူ၏ ယခုလက်ရှိ ကြီးမားသော စွမ်းအားသည် ရီဖုန်းကို အလွန်ကိုးရိုးကားရား ဖြစ်စေပြီး သေ၍လည်းမရ မသေဘဲ နေ၍လည်း မရသည့် အခြေအနေ ကြားထဲတွင် လှောင်ပိတ်မိနေစေသည်။
သူသည် လေးလေးနက်နက် စဉ်းစားတွေးတောပြီးနောက် ချဉ်းကပ်နည်းနှစ်မျိုးကို တပြိုင်နက်တည်း လုပ်ဆောင်ခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း သူ နားလည်သဘောပေါက်လိုက်၏။
ထိုနည်းလမ်းမှာ သေလမ်းရှာနေရင်းဖြင့် တစ်ဖက်က ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်ဆောင်ခြင်းပင်။
ဤသည်မှာ ဆန့်ကျင်ဘက် ဖြစ်နေသော်လည်း သူ့ထံ၌ တခြားရွေးချယ်စရာ မရှိချေ။
ကပ်ဘေးရောက်လာချိန်၌ သူသည် သေလမ်းရှာမရသည့်အပြင် သူ၏စွမ်းအားသည်လည်း တိုးတက်မှုမရှိဘဲ ရပ်တန့်နေသည့် အခြေအနေမျိုးကို သူ မလိုလားချေ။
ဤ ပြင်ဆင်မှုနှစ်ရပ်ဖြင့် အကယ်၍ လာမည့်နှစ် ကိုးဆယ်ကျော်အတွင်း သူ မသေခဲ့လျှင်ပင် သူ၏အင်အား တိုးတက်လာပြီး အနာဂတ် ကပ်ဘေးကို ပို၍ကောင်းမွန်စွာ ရင်ဆိုင်နိုင်မည်ဟု အာမခံချက် ရှိလာပေမည်။
အကယ်၍ ဤလုပ်ငန်းစဉ်အတွင်း သူ သေဆုံးသွားခဲ့လျှင် ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။
ယခုချိန်မှစ၍ နတ်ဆိုးများဖြစ်စေ လူများဖြစ်စေ သူ ရှေ့ဆက်တိုး၍ တိုက်ခိုက်ရုံသာ ရှိပေမည်။
သူ နိုင်လျှင် အတွေ့အကြုံရမှတ်များ ရမည်ဖြစ်ပြီး သူ ရှုံးလျှင် သေဆုံးရခြင်းက ပျော်စရာကောင်းသော အတွေ့အကြုံ ဖြစ်ပေလိမ့်မည်။
နတ်ဆိုးများ၏ ကြောက်ရွံ့နေသော အကြည့်အောက်တွင် သွေးစက်လက်ကျနေသော ဓားကို သူ ပြန်ရုတ်သိမ်းလိုက်၏။ ထို့နောက် ရီဖုန်း၏ မျက်လုံးများတွင် နားသဘောပေါက်သွားသည့် အရိပ်အယောင်တစ်ရပ် ထွက်ပေါ်လာသည်။ သူ၏မျက်နှာပေါ်တွင်လည်း စိတ်သက်သာရာရသွားသော အပြုံးတစ်ခု ထင်ဟပ်လာသည်။
"ဟဲ ဟဲ... ငါက တကယ့်ကို ဉာဏ်ကြီးရှင်ပဲ"
နတ်ဆိုးများအတွက်မူ ထိုအပြုံးသည် အလွန်အမင်းရက်စက်ကြမ်းကြုတ်ပြီး ကြောက်မက်ဖွယ် ကောင်းပေ၏။
မျက်နှာသေနှင့် လူသားကျင့်ကြံသူ လူငယ်လေး တစ်ယောက်တည်းဖြင့် သောင်းနှင့်ချီသော နတ်ဆိုးများကို လိုက်လံသတ်ဖြတ်ခဲ့သည်။ သူ၏နံဘေးပတ်လည်တွင် သွေးများက မြစ်ပြင်အလား စီးဆင်းနေကာ အလောင်းများ တောင်ပုံရာပုံ ဖြစ်နေသည်။ သူသည် လုံးလုံးလျားလျား ရပ်တန့်ခြင်း မရှိသည့်အပြင် သူ၏မျက်နှာပေါ်တွင် မည်သည့်ခံစားချက် အရိပ်အယောင်မျှ မရှိချေ။
နံဘေးပတ်ဝန်းကျင်ရှိ နတ်ဆိုးများအားလုံး သတ်ဖြတ်ခံလိုက်ရသည်နှင့် တပြိုင်နက် ဤလူငယ်သည် နောက်ဆုံးတွင် ပြုံးလိုက်ပြီး ကျေနပ်အားရစွာဖြင့် သူ့ကိုယ်သူပင် ချီးကျူးလိုက်ပေ၏။
မည်မျှထိ ကြောက်မက်ဖွယ်ကောင်းသော သွေးဆာသည့် စရိုက်သဘာဝ ဖြစ်သနည်း...
ဤလူငယ်ကသာ စစ်မှန်သော နတ်ဆိုးတစ်ကောင်ပင်။
သူ၏ရှေ့မှ လူသားသည် ရှေ့ဆက်တိုးလာသည်ကို ကြည့်ရင်း မျက်နှာပျက်ယွင်းနေသော နတ်ဆိုးတစ်ကောင်သည် ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားသည်ဟု ခံစားလိုက်ရသည်။ သူ၏သွားများ စတင်၍ တဂတ်ဂတ်ရိုက်လာကာ အလွန်ကြောက်လန့်သွားသဖြင့် လူစကားဖြင့်ပင် ပြောဆိုလိုက်သည်။
"ဝူး ဝူး ဝူး... ဒီဘက် မလာနဲ့"
ရှိုက်သံပါသော ငိုညည်းသံကြီးကြောင့် ရီဖုန်းသည် သူ၏အတွေးများထဲမှ လန့်နိုးသွားပေ၏။
သူသည် မည်သည့်နတ်ဆိုးမျိုး ဖြစ်သည်ကို သေချာမမြင်လိုက်ရမီမှာပင် အဝေးမှ ကြီးမားသော ပုံရိပ်ကြီးတစ်ခုသည် ယပ်တောင်ခတ်နေသည့်အလား ခြေထောက်များကို အလျင်အမြန် လှုပ်ရှားကာ အနက်ရောင်မြူခိုးများထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။
တခြားနတ်ဆိုးများသည် ငှက်များနှင့် သားရဲများ ကစဉ့်ကလျား ပြေးသွားသည့်အလား ပို၍လျှင်မြန်စွာ ထွက်ပြေးသွားကြသည်။
"ဝုန်း...ဝုန်း...ဝုန်း...."
မြေပြင်မှနေ၍ တုန်ခါမှုတစ်ခု ထွက်ပေါ်လာပြီး သူ၏ရှေ့တွင် အရိပ်တစ်ခုမျှပင် မကျန်တော့ချေ။
ရီဖုန်း ကြက်သေသေသွားသည်။
သူသည် အသိပြန်ဝင်လာပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သူ အတွေးလွန်နေစဉ်၌ မူလနေရာမှ လမ်းလွဲသွားပြီး အလောင်းပုံများနှင့် စိမ်းသက်သော ပတ်ဝန်းကျင်ကိုသာ မြင်တွေ့ရကြောင်း သဘောပေါက်လိုက်သည်။
ကြည့်ရသည်မှာ သူသည် ပျံသန်းရေးလှေရှိရာ အနက်ရောင်မြူခိုး၏အစွန်းပိုင်းတွင် မဟုတ်တော့ချေ။
သွားပြီ...
ကြည့်ရသည့်မှာ သူသည် ထိုလူသုံးယောက်နဲ့ လူစုကွဲသွားပုံပင်။
ရီဖုန်းသည် ဓားကိုကိုင်ထားကာ လေထုထဲတွင် ဖရိုဖရဲ မတ်တတ်ရပ်နေရင်း သူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။
သူ အနည်းငယ် အာရုံလွင့်သွားရုံသာဖြစ်ပြီး အပေါ့သွားသည့် အချိန်လောက်သာ ကြာမြင့်သော်လည်း သူ သတ်ဖြတ်နေရင်းဖြင့် လမ်းပျောက်သွားပေ၏။
ဤသည်မှာ ယုံနိုင်ဖွယ်ရာပင် မရှိချေ။
လမ်းပြတစ်ယောက်အနေဖြင့် သူသည် တခြားလူများကို လမ်းပြပေးရမည် ဖြစ်သော်လည်း ခရီးသိပ်မရောက်မီမှာပင် ကိုယ့်ကိုယ်ကိုယ် လမ်းမှားအောင် လမ်းပြလိုက်သကဲ့သို့ ဖြစ်သွားလေပြီ။
ဤကိစ္စသာ ပေါက်ကြားသွားလျှင် သူ့အတွက် အလွန်အရှက်ရစရာ ကိစ္စတစ်ရပ် ဖြစ်လာပေလိမ့်မည်။
ရီဖုန်းသည် ကိုးရိုးကားရားဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း ငှက်တစ်ကောင်ကိုပင် မတွေ့ရချေ။
မိုးကောင်းကင်ယံတွင် ကြီးမားကျယ်ပြန့်သော အနက်ရောင်မြူခိုးများသာ ရှိပြီး ပျံသန်းရေးလှေ၏အရိပ်အယောင်ပင် မရှိတော့ချေ။
ယခုအချိန်၌ သူ ဒုက္ခရောက်လေပြီ။
ထိုလူသုံးဦးကို သူ မည်သို့ ရှာဖွေရမည်နည်း။
သို့ရာတွင် သူ မည်မျှထိ စိုးရိမ်ပူပန်နေပါစေ တခြားမည်သူ့ပုံရိပ်ကိုမျှ မမြင်ရချေ။
ရီဖုန်းသည် စိုးရိမ်ပူပန်မှုနှင့်ဆွံ့အနေမှုတို့ကို ခံစားနေရပြီး ဟိုဟိုသည်သည် လှည့်ပတ်ကြည့်ရင်း လမ်းကြောင်းရှာမရ ဖြစ်နေသည်။
ထိုအချိန်မှာပင် သူ၏ဗိုက်က သူ့ကို သစ္စာဖောက်လာခဲ့သည်။ သူ၏ဗိုက်၌ စူးရှသောနာကျင်မှုတစ်ခု မြင့်တက်လာပြီး မကောင်းသော လက္ခဏာကို ပြသနေပေ၏။
သူ နေရာမှာပင် ကိစ္စရှင်းလိုက်ချင်သော်လည်း သူ့ထံတွင် စက္ကူတစ်စမျှ ပါမလာခဲ့ချေ။
ဤသည်မှာ အမှန်တကယ်ကို ခြေတစ်ဖက်ကျိုးနေသူတစ်ယောက်သည် ချိုင်းထောက်ဖြင့် ကျောက်မီးသွေးတွင်းထဲသို့ ဆင်းသည့်အလား ခြေလှမ်းတိုင်းတွင် ကံဆိုးနေတော့သည်။
အီးပါလိုခြင်းကို ချုပ်တည်းထား၍မရဟူသော စကားသည် အမှန်တကယ်ကို မှန်ကန်ပေ၏။ ရီဖုန်းသည် မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ချေ။ ထိုလူသုံးဦးကို ရှာဖွေရန်ကိစ္စကိုပင် သူ မေ့သွားပြီး မချိမဆံ့နာကျင်မှုကို ကြိတ်မှိတ်သည်းခံကာ မတ်တတ်ရပ်နေရုံသာ တတ်နိုင်တော့သည်။
သူ့ထံ၌ ထွက်ကျလုဆဲဆဲဖြစ်နေပြီကို သတိပြုလိုက်မိသဖြင့် သူ မန်မန်ကို အလျင်အမြန် ဆင့်ခေါ်လိုက်၏။
"မြန်မြန်... မြန်မြန်... မြန်မြန်လေး...စက္ကူနဲ့ အိမ်သာရှိတဲ့ အနီးဆုံးနေရာကို ငါ့ကို ခေါ်သွားပေးစမ်း"
ခရုကြီးသည် သူ၏ငါးသေမျက်လုံးများကို လှန်ကြည့်လိုက်ပြီး ရီဖုန်း သူ၏ကျောပေါ်သို့ တက်လိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲသွားသည်။ ထိုနောက် ခရုကြီးသည် အနက်ရောင်မြူခိုးများထဲသို့တိုးဝင်ကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
"ဝှစ်..."
မျက်စိတစ်မှိတ်အတွင်း ထိုအလင်းတန်းသည် ယွင်ရှင်းနယ်မြေကို ဖြတ်သန်းသွားသော အရိပ်အယောင်တစ်ခုကို ချန်ထားခဲ့သည်။
ရီဖုန်း ပြန်လည်မြင်တွေ့နိုင်သည့်အချိန်၌ သူသည် တောင်ပေါ်ရွာလေးတစ်ရွာတွင် ရောက်ရှိနေပြီး အိမ်များနှင့်ရှုခင်းများသည် သူ အလွန် ရင်းနှီးကျွမ်းဝင်နေပေ၏။
ဒါက...
ဒါက အဘိုးအိုဖုရဲ့ ရွာဖြစ်မယ့်ပုံပဲ....
ရီဖုန်း မျက်လုံးများ ပြူးကျယ်သွားပြီး အံ့အားတသင့်ဖြင့် မေးမြန်းရန် ဟန်ပြင်လိုက်သော်လည်း အခြေအနေသည် အရေးတကြီး ဖြစ်နေလေပြီ။ ထိုကြောင့် သူ ဆက်လက်၍ ထိန်းမထားနိုင်တော့ဘဲ အိမ်ထဲသို့ ပြေးဝင်ကာ စက္ကူအနည်းငယ်ကို အလျင်အမြန်ရှာဖွေလိုက်သည်။
ကျင်းနက်ကြီးပေါ်တွင် ထိုင်လိုက်ရသည့် အချိန်ကျမှသာ ရီဖုန်း၏မျက်နှာတွင် စိတ်သက်သာရာရသွားသည့် အမူအယာတစ်ရပ် ထင်ဟပ်လာသည်။
နောက်ဆုံးတွင် အကျပ်အတည်း ပြေလည်သွားသဖြင့် ရီဖုန်း၏စိတ်အခြေအနေသည် လှိုင်းလုံးများကဲ့သို့ နိမ့်ချည်မြင့်ချည် ဖြစ်ပေ၏။
မြေသားနံရံမှတဆင့် ပြင်ပသို့ လှမ်းကြည့်လိုက်ရာ မန်မန်က နေရာတွင် ရှိနေဆဲဖြစ်ပြီး ငါးသေမျက်လုံးများကို လှိမ့်ကာ အာရုံခံတိုင်များနှင့်တူသော ဦးမှင်တံနှစ်ချောင်းဖြင့် ပတ်ဝန်းကျင်ကို ဖြည်းညှင်းစွာ စူးစမ်းစစ်ဆေးနေသည်။ သူသည် အချိန်အတော်ကြာသည့်အထိ တစ်လက်မမျှပင် မရွေ့လျားဘဲ လေးလံထိုင်းမှိုင်းသည့်ပုံ ပေါက်နေသည်။
သို့ရာတွင် ရီဖုန်း၏မျက်လုံးများတွင် နားလည်သဘောပေါက်သွားသည့် အရိပ်အယောင်များ ထင်ဟပ်လာပြီး သူ၏မျက်နှာအမူအယာသည် တည်ကြည်လေးနက်သွားပေ၏။
သူသည် ငတုံးငအတစ်ယောက် မဟုတ်ချေ။
ယခင်က မန်မန်သည် အလွန်လျှင်မြန်ပြီး မိုင်ထောင်နှင့်ချီ၍ ခရီးသွားလာရန် အချိန်များစွာမကြာသည်ကို သူ သိထားသော်လည်း မည်မျှထိ လျှင်မြန်နိုင်သည်ကိုမူ သူ မသိခဲ့ချေ။
ဤတစ်ကြိမ်တွင်မူ မန်မန် မည်မျှထိ သာလွန်ထူးကဲသည်ကို သူ နောက်ဆုံး၌ မြင်တွေ့လိုက်ရလေပြီ။
သူနှင့် ထိပ်သီးကျင့်ကြံသူသုံးဦးသည် ပျံသန်းရေးလှေဖြင့် ထိုအနက်ရောင်မြူခိုးများဆီသို့ ရောက်ရန် ရက်အတော်ကြာ သွားခဲ့ရသည်။
ထို့ပြင် ထိုလူသုံးဦးသည် ဖုနန်ထျန်းထက်ပင် ပို၍စွမ်းအားကြီးမားကြောင်း သိသာထင်ရှားနေပြီး သူတို့၏ပျံသန်းရေးလှေသည်လည်း အဆင့်မြင့်မည်မှာ သေချာပေါက်ပင်။ ထိုကြောင့် ဤခရီးစဉ်သည် စိတ်ကူးမယဉ်နိုင်လောက်အောင် ရှည်လျားပေမည်။
ထိုမျှ ဝေးကွာသောခရီးကို မန်မန်က မျက်စိတစ်မှိတ်အတွင်း ပြန်ရောက်လာခဲ့သည်။
ဒီကောင်က... တချိန်လုံး ဟန်ဆောင်နေခဲ့တာပဲ...
ဒါက ခရုတဲ့... ပြီးတော့ နာမည်က မန်မန် (နှေးကွေးကောင်)တဲ့လား....
ဟင်း...ဟင်း....
ရီဖုန်းက အေးစက်စက်အကြည့်ဖြင့် မန်မန်ကို ကြည့်နေသည်။
သူသည် ဖင်ကိုသုတ်၍ ဘောင်းဘီပြန်ဝတ်ပြီး တိတ်တဆိတ် လျှောက်လှမ်းသွားလိုက်သည်။
ခရုကြီးသည် ယခင်ကအတိုင်း ဟန်ဆောင်ကာ ဖြည်းညှင်းစွာ တွားသွားနေဆဲပင်။
ရီဖုန်းသည် အလိမ်ခံတော့မည် မဟုတ်ချေ။ သူသည် ဦးမှင်တံနှစ်ချောင်းကို ချက်ချင်းဆွဲကိုင်လိုက်ပြီးနောက် ခရုကြီး၏လည်ပင်းကို ညှစ်ကာ ပြင်းထန်သောလေသံဖြင့် မေးခွန်းထုတ်လိုက်သည်။
"ပြောစမ်း...."
"မင်းက တကယ်တော့ ဘာကောင်လဲ... ပြီးတော့ မင်း ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ မြန်နိုင်ရတာလဲ"
"ပြီးတော့ ဘာလို့ ငါ့ကို တချိန်လုံး မပြောခဲ့တာလဲ"
ခရုသည် သေလုမျောပါး ပုံစံပေါက်နေပြီး သူ့ငါးသေမျက်လုံးများက အိပ်ချင်မူးတူးနှင့် ကြောင်တောင်တောင် ဖြစ်နေကာ မျက်ခွံပင် လှန်မကြည့်ချေ။ ခရုကြီးထံတွင် သူ လုပ်ချင်တာလုပ်ပါစေဟူသော ပုံစံမျိုး ရှိနေမည်ဟု မည်သူက တွေးထင်ထားမိမည်နည်း။
ရီဖုန်းမှ လည်ပင်းညှစ်ထားသည့်တိုင် မန်မန်သည် ပျင်းရိသော အမူအယာကိုသာ ထိန်းသိမ်းထားပေ၏။
ရီဖုန်းသည် ဂရုကြီးကို ပို၍ကြည့်မိလေလေ ပို၍ဆွံ့အလေလေပင်။ သူသည် ရက်စက်ကြမ်းကြုတ်သော စကားလုံးများဖြင့် အကြိမ်ကြိမ် မေးမြန်းပြီး ဦးမှင်တံများကို အကြိမ်ကြိမ် လိမ်ချိုးသော်လည်း မည်သို့မျှ မတတ်နိုင်ချေ။
ဤသောက်ကျိုးနည်း ခရုကောင်သည် အမှန်တကယ်ကို သူ့အား မကြောက်ချေ။
သူ ဒေါသတကြီးဖြင့် သူ၏လက်ကို လွှတ်ပေးလိုက်ရသည်။
သူသည် မေးထောက်ကာ နံဘေးတွင် ထိုင်ချလိုက်ပြီး စတင်၍ ညည်းညူလိုက်တော့သည်။
"ခွေးကောင်... မင်းက ငါ့ကို တချိန်လုံး လိမ်နေခဲ့တာပဲ"
မန်မန်ကမူ တိတ်ဆိတ်နေပြီး ဝန်ခံခြင်း ငြင်းဆန်ခြင်းမရှိဘဲ သူ၏ပါးစပ်မှ ပူဖောင်းများ မှုတ်ထုတ်နေသည်။
ထိုငါးသေမျက်လုံးများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရီဖုန်းသည် စိတ်အနှောင့်အယှက်ဖြစ်ကာ အကြည့်လွှဲလိုက်၏။
ဤခရုကောင်သည် ရိုးသားပြီး ရိုးရှင်းသည်ဟု သူ တွေးထင်ခဲ့သော်လည်း ဤမျှထိ သရုပ်ဆောင်ကောင်းပြီး သူ့ကို အချိန်ကြာမြင့်စွာ လှည့်စားထားလိမ့်မည်ဟု သူ လုံးဝတွေးထင်မထားမိချေ။
ရီဖုန်းသည် ပို၍တွေးတောမိလေ ပို၍စိတ်ဓာတ်ကျလာလေလေဖြစ်ပြီး သူ၏အတိတ်မှ အတွေ့အကြုံများအားလုံးကို သံသယဝင်လာတော့သည်။
"ငါက ဒီခရုကြီးကို အမြဲတမ်း လျှော့တွက်ခဲ့တယ်... ကိုယ့်ကိုယ်ကိုယ်တောင် လျှော့တွက်ခဲ့မိတယ်... စနစ်က ပေးတဲ့ တခြားအရာတွေကိုလည်း လျှော့တွက်မိနေမလား မသိဘူး..."
ရီဖုန်းသည် ထိုသို့ ရေရွတ်နေရင်း ရုတ်တရက် ခါးမတ်မတ်ထထိုင်လိုက်၏။
'မန်မန်က ဒီလောက်ထိ အံ့အားသင့်ဖို့ကောင်းပြီးတော့ ကြောက်စရာကောင်းတဲ့ အမြန်နှုန်း ရှိမှတော့...'
'ဒါဆို လုပမ်ဝေကရော...'
ဤအတွေးသည် သူ၏စိတ်ထဲတွင် ဖြတ်ခနဲ ထွက်ပေါ်လာပြီး ရီဖုန်း ထိတ်လန့်သွားကာ ရုတ်တရက် မိုးကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။
သို့ရာတွင် သူ အနည်းငယ် ပြန်စဉ်းစားမိချိန်တွင် သူ၏မျက်လုံးထဲမှ အလင်းရောင် အနည်းငယ် မှိန်ဖျော့သွားပေ၏။ သူသည် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ကာ သူ၏မျက်နှာအမူအယာ တည်ငြိမ်သွားသည်။
သူ ယခင်ကလည်း ဤကိစ္စကို သံသယဝင်ခဲ့ဖူးပြီး အကြိမ်ကြိမ် စမ်းသပ်ခဲ့ဖူးသည်။
သို့ရာတွင် ထိုကောင်စုတ်သည် လောကကြီး၏ နံပါတ်တစ် တိုက်ခိုက်ရေးသမားနှင့် အမှန်တကယ်ကို မတူညီချေ။ ထို့ပြင် လုပမ်ဝေသည် အလွန်ကျိုးပဲ့လွယ်ကာ လက်သီးချက် အနည်းငယ်ဖြင့်ပင် တစစီဖြစ်သွားပြီး သူ့ခေါင်းတောင် လိမ့်ထွက်သွားနိုင်သည်။
ထိုကြောင့် လုပမ်ဝေသည် တိုက်ခိုက်ရန် မဆိုထားနှင့် အရိုက်မခံရလျှင်ပင် အဆင်ပြေနေလေပြီ။
ဤှကဲ့သို့ ယိုင်နဲ့နေသော အရိုးစုသည် မည်သည့်နည်းဖြင့် လောကကြီး၏ နံပါတ်တစ်တိုက်ခိုက်ရေးသမား ဖြစ်နိုင်မည်နည်း...
ရီဖုန်းသည် စိုးရိမ်မှုတချို့ကို ဖယ်ရှားလိုက်ပြီးနောက် သူ၏စိတ်အခြေအနေ တည်ငြိမ်သွားသည်။ သို့ရာတွင် မန်မန်၏ ဟန်ဆောင်နေသော ပုံစံကို ကြည့်ရင်း သူ မတရားခံရသကဲ့သို့ ခံစားနေရဆဲဖြစ်ပြီး လုပမ်ဝေကို စမ်းသပ်လိုစိတ်များ တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။
"အင်း... နောက်တစ်ခါ အဲ့ဒီခွေးကောင်ကို တွေ့ရင် ငါ သေချာပေါက် ထပ်ပြီးစမ်းသပ်ကြည့်ရမယ်"
အကယ်၍....
အကယ်၍ လုပမ်ဝေကလည်း သရုပ်ဆောင်တစ်ယောက် ဖြစ်နေလျှင် ဤသည်က နောက်ထပ် အထင်လွဲမှားမှုတစ်ခု ဖြစ်မနေနိုင်သလော...
သခင်တစ်ယောက်အနေဖြင့် ဤကဲ့သို့ကိစ္စမျိုး ဖြစ်ပျက်နေသည်ကို သူ လုံးဝသည်းမခံနိုင်ချေ။
သူ၏ရင်ထဲက အဖုအထစ် တဖြည်းဖြည်း ပြေလျော့သွားပြီး အိမ်သာတက်ချင်သည့် အရေးပေါ် အကျပ်အတည်းသည်လည်း ပြေလည်သွားလေပြီ။
ရီဖုန်းက အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။ မန်မန်၏ လှည့်စားခြင်းကို ခံရသဖြင့် သူ အနည်းငယ် ဒေါသထွက်မိသော်လည်း ဤခရုကြီးသည် အလွန်မြန်ဆန်သည်ဆိုသည့် အချက်ကမူ ကောင်းမွန်သော ကိစ္စတစ်ရပ်ပင်။
နောက်ပိုင်းကျလျှင် သူ သွားချင်သောနေရာကို သွားနိုင်ရန်အတွက် စကားတစ်ခွန်း ပြောလိုက်ရုံပင်။
ထိုအကြောင်းကို တွေးမိလိုက်သည်နှင့် ရီဖုန်း၏ စိတ် အနည်းငယ် တည်ငြိမ်သွားပြီး ကံဆိုးမိုးမှောင်ကျရာမှ ကောင်းကျိုးတစ်ခု ရလိုက်သကဲ့သို့ ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။ သူသည် အနက်ရောင်မြူခိုးနယ်မြေဆီသို့ ပြန်သွားရန်ပင် အလျင်မလိုတော့ချေ။
မည်သို့ပင်ဆိုစေကာမူ မျက်စိတစ်မှိတ်အတွင်း သူ ပြန်ရောက်သွားနိုင်သည် မဟုတ်လော။
အနာဂတ်တွင် သူ၏လမ်းပြတာဝန်ကို အခွင့်ကောင်းယူပြီး အပါးခိုကာ မန်မန်ကိုစီး၍ ညစာပြန်စားခြင်း အနားယူခြင်းများ ပြုလုပ်နိုင်ပေမည်။ ဤအကြံအစည်သည် အလွန်ကောင်းမွန်သည် မဟုတ်လော။
ဤရက်ပိုင်းတွင် ခရီးလမ်းတလျှောက် ရိက္ခာခြောက်များကိုသာ မှီဝဲခဲ့ရသဖြင့် ငှက်တစ်ကောင်ကဲ့သို့ ခံတွင်းပျက်နေသော သူ၏အဖြစ်နှင့်လည်း အံ့ဝင်ခွင်ကျ ဖြစ်သွားလေပြီ။
သူ ပို၍တွေးတောမိလေလေ ပို၍စိတ်လှုပ်ရှားလေလေဖြစ်ကာ ဘဝအတွက် မျှော်လင့်ချက်ရောင်ခြည် တွေ့ရှိသွားသော အလုပ်သမားတစ်ယောက်အလားပင်။ ထို့နောက် သူသည် ဖုနန်ထျန်း၏ခြံဝန်းထဲရှိ မီးဖိုချောင်ထံသို့သွားပြီး ဟင်းပွဲနှစ်ပွဲကို သူကိုယ်တိုင် ချက်ပြုတ်လိုက်သည်။
သူသည် ဗိုက်ပြည့်အောင် စားသောက်ပြီးနောက်မန်မန်ကို စီးကာ တည်ငြိမ်စွာဖြင့် ပြန်လာခဲ့တော့သည်။
"ဝှစ်...."
အလင်းတန်းတစ်တန်းသည် ရွာထဲမှ ဖျတ်ခနဲ ထွက်ပေါ်လာရာ သာမန်လူများ သတိမပြုမိရန် မဖြစ်နိုင်သလောက်နီးပါးပင်။
ဤနေရာနှင့် မလှမ်းမကမ်းတွင် ဝေ့သုန်းဟိုင်ညီအစ်ကိုနှစ်ယောက် ရှိနေသည်။ သူတို့သည် သူတို့၏ကျင့်ကြံဆင့် အားနည်းမှုကြောင့် စင်္ကြန်လမ်းရှိ ကြောက်မက်ဖွယ် တာအိုစွမ်းအားများကို ဆက်လက်၍ တောင့်မခံနိုင်တော့သဖြင့် အရင်ဆုံး ပြန်လာခဲ့ကြခြင်း ဖြစ်သည်။
ရှေးဟောင်းစင်္ကြန်လမ်းမှ ထွက်လာသည်နှင့် သူတို့သည် ရီဖုန်း၏ခြံဝင်းဆီသို့ အပြေးအလွှား ဦးတည်သွားကြသည်။ အကြောင်းအရင်းမှာ သူတို့သည် အလျင်စလို ထွက်ခွာခဲ့ရသဖြင့် လက်ဆောင်ပဏ္ဏာများ ဆက်သကာ ဂါရဝပြုရန် အချိန်မရခဲ့ကြသောကြောင့်ပင်။
ထို့ကြောင့် သူတို့ ပြန်ရောက်သည်နှင့် တပြိုင်နက် စီနီယာရီဖုန်း နေအိမ်၌ မရှိကြောင်း သိထားသော်လည်း အနားယူခြင်းမပြုဘဲ လက်ဆောင်ပစ္စည်းများကို ရီဖုန်း၏ခြံဝန်းထံသို့ အမြန်ဆုံး သွားရောက်ပို့ဆောင်လိုကြ၏။
သို့ရာတွင် သူတို့ နီးကပ်လာသည်နှင့် ရင်းနှီးသော ပုံရိပ်တစ်ခုသည် သူတို့၏မျက်စိရှေ့တွင် သရဲတစ္ဆေကဲ့သို့ ချက်ချင်း ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရသည်။ လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး ဝေ့သုန်းဟိုင်၏မျက်နှာပေါ်တွင် ဇဝေဇဝါအရိပ်အယောင်များ ထင်ဟပ်နေတော့သည်။