အခန်း (၁၀၃၀)
Vol. 70 Ch. 1030
"မြန်မြန်ဝင်လေကွာ... တံခါးဝမှာ ဘာလုပ်နေတာလဲ ငတုံးရဲ့"
အနောက်မှ မေးခွန်းထုတ်သံတစ်သံ ထွက်ပေါ်လာပြီး ကျူးဝူရက ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာသည်။
ဝေ့သုန်းဟိုင်သည် စကားပြောလိုသော်လည်း မည်သို့ပြောရမှန်းမသိ ဖြစ်နေသည်။
"ကျွန်... ကျွန်တော်..."
သူ့ဂျူနီယာညီလေး၏ တွန့်ဆုတ်နေသော ပုံစံကို မြင်လိုက်ရသဖြင့် ကျူးဝူရသည် စိတ်ပျက်လက်ပျက်ဖြင့် ဆူပူကြိမ်းမောင်းလိုက်၏။
"ကျွန်... ကျွန်တော်... ဆိုတာက ဘာအဓိပ္ပါယ်လဲ"
"မင်းက အဲ့ဒီရတနာတွေကို နှမြောပြီးတော့ မပေးရက်ဘဲ ဖြစ်နေတာလား... ညီလေး... မင်းရဲ့ စီနီယာအစ်ကိုဖြစ်တဲ့ ငါက မင်းကို ဝေဖန်တာ မဟုတ်ပါဘူး... ဒါပေမဲ့ စီနီယာရီက ငါတို့ကို ကြီးမားတဲ့ အခွင့်အရေးကြီး ပေးထားတာလေ... သူက သဘောထားကြီးပြီးတော့ ဘာကိုမှ ပြန်ပြီးမမျှော်လင့်တတ်ဘူး... ဒါကြောင့် ငါတို့ဘက်က သေးသိမ်တဲ့ စိတ်ထားမျိုးတွေ မထားသင့်ဘူး"
"နတ်ဘုရားဓားတွေရဲ့ အကာအကွယ်နဲ့ ငါတို့ရဲ့ စွမ်းအားက အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ပြီ... ငါတို့ရဲ့ အမြင်တွေလည်း တိုးတက်လာရမယ်... တကယ်လို့ ငါတို့က ဒီပစ္စည်းလောက်လေးကိုတောင် စွန့်လွှတ်ဖို့ ဝန်လေးနေမယ်ဆိုရင် စီနီယာရီကို စိတ်ပျက်စေရာ မရောက်ဘူးလား"
သူ အထင်လွဲခံနေရသည်ကို ကြားလိုက်ရသဖြင့် ဝေ့သုန်းဟိုင်က အလျင်အမြန် ခုခံပြောဆိုလိုက်သည်။
"မဟုတ်ပါဘူး... ကျွန်တော်က ဘယ်လိုလုပ်ပြီး အဲ့ဒီလိုလူမျိုး ဖြစ်ရမှာလဲ"
"ခုဏက ကျွန်တော် စီနီယာရီကို တွေ့လိုက်သလိုမျိုး မြင်နေရလို့ပါ... သူက ရှေ့ခြံဝန်းရဲ့ တံခါးပေါက်နားမှာတင် ရှိနေတာ..."
ထိုစကားကို ကြားလိုက်ချိန်တွင် ကျူးဝူရ၏ မျက်လုံးများ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားပြီးနောက် သူ အူလှိုက်သည်းလှိုက် ရယ်မောလိုက်၏။
"စီနီယာရီဖုန်း.... ဟုတ်လား...."
"ဟားဟား... စီနီယာရီနဲ့ ကမ္ဘာခြားဧည့်သည်တော်တွေ ထွက်သွားတာ ရက်အတော်ကြာနေပြီလေ... သူတို့ရဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင် ဘယ်လောက်တောင် ဝေးတဲ့နေရာကို ရောက်နေပြီလဲဆိုတာ ဘယ်သူက သိမှာလဲ... မင်းက ဘယ်လိုလုပ်ပြီး သူ့ကို မြင်နိုင်မှာလဲ"
"မင်း ကယောင်ကတမ်းနဲ့ စကားပြောနေတာများလား"
ကျူးဝူရ၏လှောင်ပြောင်ရယ်မောသံကြောင့် ဝေ့သုန်းဟိုင်၏မျက်နှာအိုကြီး နီမြန်းသွားသော်လည်း သူသည် ဆက်လက်၍ရေရွတ်နေဆဲပင်။
"ဒါပေမဲ့... ဒါပေမဲ့ ကျွန်တော် တကယ်ပဲ စီနီယာရီကို တွေ့လိုက်သလို ထင်မိလို့ပါ"
ကျူးဝူရ၏မျက်လုံးများတွင် သံသယများ ထင်ဟပ်လာပြီး အိမ်မကြီး၏တံခါးကို တွန်းဖွင့်လိုက်သည်။
ခြံဝန်းငယ်လေးသည် တိတ်ဆိတ်ငြိမ်သက်နေပြီး ကျောက်စားပွဲပေါ်တွင် ဖုန်များ တက်နေကာ ရက်အတော်ကြာ အသုံးပြုထားခြင်း မရှိကြောင်း သိသာထင်ရှားသည်။ ဖုနန်ထျန်းသည်လည်း ဟွေ့ကူစင်္ကြန်လမ်းထဲတွင် ရှိနေဆဲပင်။ ဤမြင်ကွင်းသည် ရီဖုန်း ထွက်ခွာသွားပြီဟူသော အချက်ကို အတည်ပြုရန် လုံလောက်နေသည်။
ကျူးဝူရသည် ဘေးဘီဝဲယာသို့ တစ်ချက်ဝေ့ကြည့်လိုက်ပြီး အပြုံးနှင့် ပြောဆိုသည်။
"တွေ့လား... ဒီနေရာမှာ တစ်ယောက်ယောက် ရှိတဲ့ပုံ ပေါက်နေလို့လား"
"စီနီယာရီဖုန်းက ဟိုလူသုံးယောက်နဲ့ အပြင်ထွက်သွားတာ ရက်အတော်ကြာနေပြီ... သူ အဝေးကြီးကို ရောက်နေလောက်ပြီ... ရွာထဲမှာ ရှိနေဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး"
လက်တွေ့ သက်သေအထောက်အထားများနှင့် သူ့စီနီယာအစ်ကို၏ ထပ်ခါတလဲလဲ အလေးပေး ပြောဆိုမှုများကြောင့် ဝေ့သုန်းဟိုင်သည် သံသယ မဝင်တော့ပေ။ သူသည် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်လိုက်၏။
"အစ်ကိုကြီး ပြောတာ ဟုတ်ပါလိမ့်မယ်... ကြည့်ရတာတော့ ကျွန်တော် မျက်စိမှားသွားတာ နေမှာပါ..."
"ကျွန်တော်တို့က ပစ္စည်းတွေကို ထားခဲ့ပြီးတော့ ကျင့်ကြံဆင့်စွမ်းအားတွေကို ဖြည့်တင်းဖို့ မြန်မြန်ပြန်ကြရအောင်... ဒီတစ်ခေါက်မှာ ကျွန်တော်တို့က မဟာတာအိုစွမ်းအားတွေ အများကြီးကို စုပ်ယူထားတော့ သေချာသန့်စင်ပြီး ပေါင်းစပ်ဖို့ လိုအပ်တယ်"
"ဒါ့ပြင် ကျွန်တော်တို့ရဲ့လက်ထဲမှာ နတ်ဘုရားဓားတွေ ရှိနေမှတော့ ကျွန်တော်တို့ရဲ့တိုက်ခိုက်ရေးစွမ်းရည်က အနာဂတ်မှာ သေချာပေါက် အများကြီး တိုးတက်လာမှာပဲ"
နောက်ဆုံးတွင် သူတို့သည် မူလခေါင်းစဉ်သို့ ပြန်ရောက်သွားကြပြီး ကျူးဝူရသည်လည်း တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
"အမှန်ပဲ.. ငါတို့နှစ်ယောက်က ကျင့်ကြံဆင့် အနိမ့်ဆုံးဖြစ်နေပြီးတော့ တိုးတက်ဖို့ အခွင့်အလမ်းတွေ အများကြီးရှိနေတယ်... တာအိုစွမ်းအားတွေကို တိတ်တဆိတ် ပေါင်းစပ်ဖို့အတွက် ဒီအခွင့်အရေးကို အမြန်ဆုံး အရယူကြစို့... နောင်တစ်ချိန်ကျရင် ငါတို့က တခြားလူတွေအားလုံးကို သေချာပေါက် အံ့အားသင့်သွားစေရမယ်"
ထို့နောက်တွင် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်ကိုယ်စီရှိကြသည့် ညီအစ်ကိုနှစ်ယောက်သည် ရီဖုန်း၏ အခန်းထဲသို့ ဝင်ရောက်သွားကြ၏။
"ညီလေး... မင်း ဘာမှ ချန်မထားနဲ့နော်..."
ကျူးဝူရသည် သဘောထားကြီးသော ညွှန်ကြားချက်များကို ပြောကြားလိုက်သော်လည်း သူ၏စိတ်ထဲတွင်မူ အသာစီးရထားသော အောင်နိုင်သူအဖြစ် ခံစားနေရသည်။ မည်သို့ပင်ဆိုစေကာမူ ဆယ်နှင့်ချီသော နဂါးနှုတ်ခမ်းမွှေးများကို ပေးအပ်ခြင်းဖြင့် စီနီယာရီကို ပို၍စိတ်ကျေနပ်စေနိုင်မည်ဟု သူ သေချာသိနေသည်။
"စီနီယာအစ်ကို... ခင်ဗျား ဘာတွေ ပြောနေတာလဲ... ကျွန်တော်က ခင်ဗျားကို မယှဉ်နိုင်ရင်တောင် ကပ်စေးနည်းတဲ့သူတော့ မဟုတ်ပါဘူး"
ဝေ့သုန်းဟိုင်၏စကားများသည် နှိမ့်ချနေသော်လည်း သူ၏ဖုံးကွယ်ထားသော ရည်ရွယ်ချက်များသည် ပို၍ရက်စက်ပေ၏။ သူသည် ရတနာမျိုးစုံတစ်ရာကျော်ကို ထုတ်ယူလိုက်ပြီး သူ၏သူတော်စင်လက်စွပ်ထဲမှ ဝိုင်အရက်အိုးတစ်လုံးကိုပင် ထားခဲ့လိုက်သည်။ သူ၏ပါးစပ်မှ နှိမ့်ချသော စကားများ ပြောနေသော်လည်း 'အပြိုင်အဆိုင် ကြိုးပမ်းသူတို့၏ ဘုရင်'ကဲ့သို့သော အမူအယာကို ပြသနေလေပြီ။
ညီအစ်ကိုနှစ်ယောက်သည် ပစ္စည်းများအားလုံးကို ထားခဲ့ပြီးနောက် အကြည့်ချင်းဖလှယ်ကာ ပြုံးလိုက်ကြပြီး အတူတကွ ထွက်ခွာသွားကြသည်။
…
အကန့်အသတ်မဲ့ကျယ်ဝန်းသော အနက်ရောင်နယ်မြေ၌...
"ဝှစ်" ခနဲ အသံနှင့်အတူ မန်မန်ကို စီးနင်းထားသော ရီဖုန်း ထွက်ပေါ်လာသည်။
အနည်းငယ် ရင်းနှီးသော မြင်ကွင်းနှင့် သူ၏ခေါင်းပေါ်ရှိ ပျံသန်းရေးလှေကို မြင်လိုက်ရသဖြင့် ရီဖုန်း သက်ပြင်းချနိုင်ခဲ့သည်။ သူသည် လမ်းပြတစ်ယောက်အနေဖြင့် သူ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ခဲ့ပြီဟု တွေးတောလိုက်၏။
ပတ်ဝန်းကျင်တွင် နတ်ဆိုးသားရဲအလောင်းများဖြင့် ပြည့်နှက်နေပြီး တခြားမည်သည့်လှုပ်ရှားမှုမျှ မရှိသည်ကို မြင်လိုက်ရသဖြင့် ရီဖုန်းက မန်မန်ကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူသည် တခြားလူများကို စောင့်ဆိုင်းရင်း တစ်ရေးအိပ်ရန် ဟန်ပြင်လိုက်တော့သည်။
ရုတ်တရက် မတူကွဲပြားသောနေရာများမှ အလင်းတန်းသုံးတန်း ပွင့်အံ့ထွက်ပေါ်လာပြီး သူ၏ရှေ့တွင် ပြိုင်တူ ပေါ်လာသည်။ ဤသည်မှာ လန်ရှင်းကြယ်နယ်မြေမှ ထိပ်သီးကျင့်ကြံသူသုံးဦးပင်။
ခေါင်းဆောင်အမျိုးသမီး၏မျက်လုံးသည် အေးစက်နေပြီး ဂရုမစိုက်သောလေသံဖြင့် မေးမြန်းသည်။
"ခုဏက မင်း ဘယ်သွားနေတာလဲ"
"ဒီနေရာက အန္တရာယ်တွေနဲ့ ပြည့်နှက်နေပြီးတော့ ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးသားရဲတွေ ရှိတယ်... ရှင့်ရဲ့ ခြေလှမ်းတစ်ဝက် သူတော်စင် ကျင့်ကြံဆင့်နဲ့ဆိုရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း သိပ်မရှိဘူး... မဆင်မခြင်နဲ့ အတွင်းပိုင်းကို ဝင်သွားရင် ရှင်ရဲ့အသက်ကို ပေးလိုက်ရနိုင်တယ်... ကျွန်မတို့ သုံးယောက်တောင် ရှင့်ကို အချိန်မီ ကယ်နိုင်ချင်မှ ကယ်နိုင်မှာ"
ရီဖုန်းသည် ကံကောင်းပြီး ထိခိုက်ဒဏ်ရာရပုံ မရသည်ကို မြင်လိုက်ရသဖြင့် အမျိုးသမီးသည် ဆက်လက်၍ မမေးမြန်းတော့ပေ။ သူမသည် လှည့်ထွက်သွားပြီး ရှေ့သို့လျှောက်လှမ်းသွားကာ အမိန့်ပေးလိုက်၏။
"ကောင်းပြီလေ... ငါတို့ ခရီးဆက်ကြမယ်"
ထိုစကားဆုံးသည်နှင့် အမျိုးသမီးသည် သူမ၏ နူးညံချောမွတ်သော ခြေထောက်များဖြင့် ပျံသန်းရေးလှေပေါ်သို့ တက်လိုက်ပြီး ကျန်နှစ်ယောက်ကလည်း ထပ်ချပ်မကွာ လိုက်ပါသွားကြသည်။
အမျိုးသမီး၏အပြောအဆိုသည် သိပ်မကောင်းသော်လည်း သူမသည် ကြင်နာတတ်ပေ၏။ ရီဖုန်းသည် မည်သည့်စကားမျှ မပြောဘဲ ထိုလူသုံးဦးနောက်မှ ပျံသန်းရေးလှေပေါ်သို့ လိုက်ပါသွားခဲ့သည်။ ပျံသန်းရေးလှေသည် အနက်ရောင်မြူခိုးများကို ဖြတ်သန်းကာ နောက်တစ်ကြိမ် ပျံသန်းသွားပေ၏။
ရက်အနည်းငယ်ကြာသည်အထိ ပျံသန်းရေးလှေသည် အလင်းတန်းတစ်ခုအလား လျှင်မြန်သောအရှိန်ဖြင့် ရှေ့ဆက်သွားနေသည်။
ထိုအရာပေါ်တွင် ရှိနေသော ရီဖုန်းကမူ ယခင်ကကဲ့သို့ အံ့အားသင့်နေခြင်းမျိုး မရှိတော့ချေ။
မန်မန်၏ စွမ်းရည်များကို မြင်တွေ့ပြီးနောက် ဤပျံသန်းရေးလှေသည် အလွန်သာမန်ဆန်သည်ဟု သူ ခံစားမိသည်။ ယခင်က သူ အံ့အားသင့်ဖွယ်ကောင်းသည်ဟု ထင်ခဲ့သော အမြန်နှုန်းသည် ယခုအချိန်၌ မယုံကြည်နိုင်လောက်အောင် နှေးကွေးနေသကဲ့သို့ တွေးထင်မိလေ၏။
ဤပျံသန်းရေးလှေပေါ်မှနေ၍ အောက်ဘက်ရှိ မြေပြင်ကို ရှင်းလင်းစွာ မြင်နိုင်ပြီး ပတ်ဝန်းကျင်ရှိ မြူခိုးပင်လယ်ကြီးကိုလည်း ထင်ရှားစွာ မြင်နေရသည်။
မန်မန်ကို စီးရသကဲ့သို့ စိတ်လှုပ်ရှားဖွယ် မကောင်းသည့်အပြင် ချက်ချင်းရောက်ရှိသွားသည့် ပျော်ရွှင်မှုမျိုးလည်း မရှိချေ။ သူသည် နွားလှည်းအိုကြီးတစ်စီးကို စီးနေရသကဲ့သို့ ခံစားရပြီး အလွန်နှေးကွေးသဖြင့် အိပ်ချင်လာသည်။
ရီဖုန်းသည် ပျင်းရိလာသဖြင့် ထိုလူသုံးဦးကို တိတ်တဆိတ် အကဲခတ်နေလိုက်၏။
ခေါင်းဆောင်အမျိုးသမီးသည် ယခင်ကအတိုင်း လျစ်လျူရှုတတ်ပြီး ကျန်နှစ်ယောက်သည်လည်း ထပ်တူထပ်မျှပင်။ ခရီးစဉ်တစ်လျှောက်လုံး၌ သူတို့သည် ကျင့်ကြံနေကြပြီး တခြားအရာများကို ဂရုမစိုက်သည့်အလား မောက်မာအေးစက်သော အမူအယာကို ထိန်းသိမ်းထားကြသည်။
သို့ရာတွင် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း၌ သူသည် ထိုလူသုံးဦး ကျင့်ကြံနေသည်ကိုသာ ကြည့်နေခဲ့ရသည်။ သူတို့သည် သူ နတ်ဆိုးသားရဲများကို သတ်ဖြတ်နိုင်ရန် ရပ်တန့်ပေးသည့် အခွင့်အရေးဟူ၍ တစ်ကြိမ်မျှပင် မရှိခဲ့ပေ။ ရီဖုန်းသည် အလွန်ပျင်းရိနေပြီး ကြက်ဥပြုတ်တွေကိုသာ စားနေရသည်အား သူ အမှန်တကယ် သည်းမခံနိုင်တော့ချေ။
သူတို့သည် လောကီရေးရာကို စိတ်မဝင်စားသည့်အလား ကျင့်ကြံနေကြဆဲဖြစ်သည်ကို မြင်လိုက်ရသဖြင့် ရီဖုန်းထံ၌ တိတ်တဆိတ် အကြံတစ်ခု ရသွားသည်။
'ဒီအခွင့်အရေးကို ငါ အသုံးချပြီးတော့ ပြန်သွားပြီး စားကောင်းသောက်ဖွယ်တစ်ခုခု သွားယူတာက ပိုမကောင်းဘူးလား'
ဤအတွေး ထွက်ပေါ်လာသည်နှင့် ရီဖုန်းက စိတ်ချရသော အကြံတစ်ခုဟု ယူဆလိုက်သည်။
သူသည် ပျံသန်းရေးလှေ၏အစွန်းတွင် မန်မန်ကို တိတ်တဆိတ် ဆင့်ခေါ်လိုက်ပြီး အထက်သို့ ခုန်တက်ကာ "ဝှစ်" ခနဲ ပျောက်ကွယ်သွားတော့သည်။
ဤလှုပ်ရှားမှုသည် အလွန်ညင်သာပြီး အရှိန်ပြင်းစွာ သွားနေသော ပျံသန်းရေးလှေ၏ လေတိုးသံအောက်တွင် လွှမ်းမိုးပျောက်ကွယ်သွားရာ ယင်ကောင်တစ်ကောင်၏အသံထက် မကျယ်လောင်သဖြင့် သတိမပြုမိရန် မဖြစ်နိုင်သလောက်နီးပါးပင်။
မျက်စိတစ်မှိတ်အတွင်း ရီဖုန်းက ရွာသို့ ပြန်ရောက်လာသည်။
ရင်းနှီးနေသော မီးဖိုချောင်...အေးချမ်းသော ခြံဝန်းလေး....
အရာအားလုံးက သူ့ကို ပျော်ရွှင်ပြီး အသက်ဝင်စေသည်။
အကြိမ်များစွာ ပြုပြင်မွမ်းမံပြီးနောက် အဘိုးအို၏ ချက်ပြုတ်ရေးပစ္စည်းများကို သူ ပို၍ကျွမ်းကျင်စွာ အသုံးပြုလာနိုင်သည်။ ရီဖုန်းသည် ရေနွေးဖျောထားသော ကြက်ဥနှစ်လုံး ပါဝင်သည့် နဂါးနှုတ်ခမ်းမွှေး ခေါက်ဆွဲတစ်ပန်းကန်ကိုကိုင်၍ အလျင်အမြန် ထွက်လာသည်။
အရသာရှိသော အစားအစာတစ်ပန်းကန်က သူ့ကို အားအင်များ ပြည့်ဝသွားစေသည်။
ရီဖုန်းသည် များစွာစဉ်းစားနေရန်မလိုဘဲ နဂါးနှုတ်ခမ်းမွှေးများကို ဝေ့သုန်းဟိုင်က ထားခဲ့ခြင်းဖြစ်ကြောင်း သိရှိသွားသည်။ ထိုလူအိုကြီးတစ်ယောက်သာ သူနှင့်အတူ အမဲလိုက်ခဲ့ဖူးခြင်း ဖြစ်သည်။ ဤရွာလေး၏ လူမှုဆက်ဆံရေး သံယောဇဉ်သည် အမှန်တကယ်ကို ခိုင်မာပေ၏။
သူ ထမင်းစားပြီးနောက် လက်ဖက်ရည်တစ်ခွက်ကို သောက်လိုက်ရသဖြင့် သက်တောင့်သက်သာခံစားရပြီး သူ၏စိတ်ကို လန်းဆန်းသွားစေသည်။
ရီဖုန်းသည် ဗိုက်ပြည့်ပြီး စိတ်ကျေနပ်သွားသဖြင့် တံခါးရှေ့တွင် နေစာလှုံရင်း ပျင်းရိစွာ အကြောဆန့်လိုက်သည်။ သူ နောက်တစ်ကြိမ် အောင်မြင်စွာ အပါးခိုနိုင်ခဲ့ပြီး ပြန်သွားရန် မန်မန်ကို ဆင့်ခေါ်တော့မည့်ဆဲဆဲအချိန်တွင်...
ထိုအချိန်မှာပင် ဝေ့သုန်းဟိုင်သည်လည်း ကျင့်ကြံရာမှ ထွက်လာခဲ့သည်။
သူသည် တာအိုစွမ်းအားများကို နှစ်ရက် သုံးရက်ခန့် သန့်စင်ပြီးနောက် ဟွေ့ကူစင်္ကြန်လမ်းမှ ရရှိသော မဟာတာအိုစွမ်းအားများကို သူ အပြည့်အဝနီးပါး စုပ်ယူပေါင်းစပ်နိုင်ခဲ့ပြီဖြစ်ကာ သူ၏စွမ်းအားများ တိုးတက်လာခဲ့သည်။ သူ့ထံ၌ စိတ်ကျေနပ်မှုများဖြင့် ပြည့်နှက်နေပေ၏။
စီနီယာရီဖုန်း ပြန်ရောက်လာသည့်အချိန်၌ စိတ်ချလက်ချ အနားယူနိုင်စေရန် သူသည် ဖုနန်ထျန်း၏ခြံဝင်းကို သွားရောက်၍ သန့်ရှင်းရေး လုပ်ပေးရန် ဟန်ပြင်လိုက်သည်။
ထိုနေရာသို့ မရောက်မီမှာပင် အဝေးမှနေ၍ ရင်းနှီးသော ပုံရိပ်တစ်ခုကို သူ လှမ်းမြင်လိုက်ရသည်။
ထိုပုံရိပ်၏ အကြောဆန့်နေသော ပုံစံသည် လွတ်လပ်မှုအပြည့်ရှိပြီး တောက်ပသော အပြုံးသည် နွေဦးရာသီမှ နေမင်းကြီးအလားပင်။ သူ၏ ပုံရိပ်နှင့်အမူအယာ နှစ်ခုလုံးသည် ဖော်ပြ၍မရနိုင်သော လွတ်လပ်ပြီး ထူးကဲသည့် အရှိန်အဝါမျိုးကို ထုတ်လွှတ်ထားသည်။
အဲ့ဒီလူက...
စီနီယာရီဖုန်းပဲ...