အခန်း (၁၀၂၁)
Vol. 70 Ch. 1021
"ညီအစ်ကိုဝေ့... ဒီတိုက်ပွဲမှာ သူရဲကောင်းလုပ်ဖို့ မကြိုးစားပါနဲ့"
"ဟုတ်တယ် ညီအစ်ကိုဝေ့... မင်းရဲ့ ဖြောင့်မတ်မှန်ကန်မှုကို ငါတို့ လေးစားပါတယ်... ဒါပေမဲ့ ဒီတိုက်ပွဲက အရမ်းအန္တရာယ်များလွန်းတယ်... မင်း သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး"
"ညီအစ်ကိုဝေ့... မင်းရဲ့ ဖြောင့်မတ်မှုက တကယ်ကို လေးစားစရာကောင်းတယ်... ဒါပေမဲ့ ကျေးဇူးပြုပြီးတော့ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့"
"ညီအစ်ကိုဝေ့... လူတိုင်းက မင်းရဲ့ သိက္ခာသမာဓိကို လေးစားပါတယ်... ဒါပေမဲ့ မင်းက ကိုယ့်အင်အားကိုယ် ချင့်ချိန်ပြီး လုပ်မှရမယ်... အစ်ကိုလော့ကလွဲရင် ငါတို့ထဲက ဘယ်သူမှ အဲ့ဒီဧရာမကျားကြီးကို ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး"
ဝေ့သုန်းဟိုင်က ရုတ်တရက် ရှေ့သို့ထွက်လာပြီး အသက်စွန့်၍ တိုက်ခိုက်ရန် တောင်းဆိုလိုက်သည့်အချိန်၌ သူတော်စင်များက သူ့ကို တားဆီးရန် တစ်ယောက်ပြီးတစ်ယောက် အသံပေးပို့လိုက်ကြသည်။
ဝေ့သုန်းဟိုင်သည် သူ့မိတ်ဆွေဟောင်းများ၏ စေတနာကို ကောင်းစွာသိနားလည်ထားသည်။
သူသည် ဤစစ်မှန်သော ခင်မင်ရင်းနှီးမှုကို တန်ဖိုးထားသော်လည်း သူ၏နံဘေးတွင် ရှေးဟောင်းဓား ရှိနေသမျှ သူသည် အားအနည်းဆုံး 'ဂျူနီယာညီလေး' မဟုတ်တော့ချေ။
ရှေးဟောင်းသူတော်စင် လော့ဟုန်ဖေး၏ တားဆီးလိုသော အကြည့်ကို ခံစားလိုက်ရပြီးနောက် ဝေ့သုန်းဟိုင်၏စိတ်ပိုင်းဖြတ်ထားမှုသည် ပို၍ခိုင်မာလာပေ၏။
"အစ်ကိုလော့... ကျွန်တော့်မှာ ယုံကြည်မှုရှိပါတယ်... ဘာမှထပ်ပြောနေဖို့ မလိုတော့ပါဘူး"
သူ၏ ပြတ်သားသောစကားများသည် တဲ့တိုးဆန်လွန်းသဖြင့် သူတော်စင်များကို ကြက်သေသေသွားစေသည်။
ကျင့်ကြံဆင့် အနိမ့်ဆုံးဖြစ်သော ဝေ့သုန်းဟိုင်သည် မည်သည်ကြောင့် ရုတ်တရက်ကြီး ဤမျှ ထိ ယုံကြည်ချက် ရှိလာခဲ့သနည်း။
သူတော်စင်များ မည်သို့မျှ မတုံ့ပြန်နိုင်မီမှာပင်...
ဝေ့သုန်းဟိုင်သည် ဓားတစ်လက်ကို ထုတ်ယုပြီး လေဟာနယ်ထဲသို့ ခြေလှမ်းလှမ်းကာ ဧရာမကျားကြီးထံသို့ တိုးဝင်သွားလေပြီ။
ထိုသေးငယ်သော ပုံရိပ်လေးသည် အထီးကျန်ဆန်ကာ ရဲစွမ်းသတ္တိများဖြင့် ပြည့်နှက်နေပေ၏။
လူသားမျိုးနွယ်အတွက် ဝေ့သုန်းဟိုင်သည် ဤကဲ့သို့ အသက်ဖြင့်ရင်းပြီး စွန့်စားရဲသည်ကို မြင်လိုက်ရချိန်၌ တခြားသူတော်စင်များအားလုံး ရှက်ရွံ့သွားကြသည်။ သေရေးရှင်ရေးအခြေအနေကို ရင်ဆိုင်နေသည့် ဝေ့သုန်းဟိုင်ကိုကြည့်ပြီး သူတို့အားလုံးသည် အစွမ်းကုန် ကူညီရန် အဆင်သင့်ပြင်ဆင်လိုက်ကြ၏။ သူတို့၏ တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများ အပြည့်အဝပွင့်အံ့ထွက်လာသည်။
ဓားစုတ်တစ်လက်ကို ကိုင်ဆောင်၍ ပြေးဝင်လာသော လူအိုကြီးတစ်ယောက်ကို ကြည့်ရင်း ဧရာမကျားကြီးသည် ယင်ကောင်တစ်ကောင်ကို မြင်တွေ့ရသည့်အလား စိတ်အနှောင့်အယှက် ဖြစ်နေသည်။
ဧရာမကျားကြီးသည် လှောင်ပြောင်ရယ်မောပြီး အထင်အမြင်သေးစွာဖြင့် ပြောဆိုလိုက်၏။
"ဟမ့်..."
"လူသားတွေက ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ် သတိမမူမိကြဘူး... ဖြောင့်မတ်မှန်ကန်မှုအကြောင်း အမြဲပြောပြီးတော့ သေလမ်းရှာနေကြတာပဲ... တကယ့်ကို တုံးအမိုက်မဲတဲ့ ပုရွက်ဆိတ်လေးတွေပါလား"
သဲပင်လယ်ထဲတွင်ရှိနေသည့် ရာနှင့်ချီသော လေဟာနယ်သားရဲများသည်လည်း သရော်တော်တော် ရယ်မောလိုက်ကြသည်။
"သေဖို့ အလျင်လိုနေတာဆိုလို့ ဒီလူသားတွေပဲ ရှိမယ်"
"ဒီလူတွေက အရမ်းကို တုံးအတာပဲ... ကြည့်ရတာတော့ သူတို့က မျိုးသုဉ်းပျောက်ကွယ်သွားတာနဲ့ တန်တဲ့ပုံပဲ"
"ဒီနေ့ကစပြီး ဒီယွင်ရှင်းနယ်မြေက ငါတို့ လေဟာနယ်မျိုးနွယ်ရဲ့ ပိုင်နက်ဖြစ်သွားပြီ"
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ရယ်မောသံများသည် ကောင်းကင်နှင့်မြေပြင်အနှံ့ ပဲ့တင်ထပ်သွားပြီး မည်သူမျှ ထိုသေးငယ်သော ပုံရိပ်လေးကို ဂရုမစိုက်ကြတော့ချေ။
ထိုသားရဲများသည် တခြားသူတော်စင်ခြောက်ယောက်လည်း တစ်ယောက်ပြီးတစ်ယောက် လှုပ်ရှားလာသည်ကို မြင်လိုက်ရသည့် အချိန်မှသာ လှောင်ပြောင်သရော်ခြင်းကို ရပ်တန့်လိုက်ကြ၏။
ထို့နောက် ရွှေရောင်ဧရာမကျားကြီးသည် သူ၏ ကြီးမားသော လက်သည်းကြီးကို ဆန့်ထုတ်ပြီး ဝေ့သုန်းဟိုင်အား ပေါ့ပေါ့ပါးပါး ရိုက်ပုတ်လိုက်သည်။
ထိုလှုပ်ရှားမှုသည် ခြင်တစ်ကောင်ကို ရိုက်ပုတ်လိုက်သကဲ့သို့ ဖြစ်သော်လည်း ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ပေါ့ပါးသော ရိုက်ချက်တစ်ခုကြောင့် ထွက်ပေါ်လာသော စွမ်းအားလှိုင်းဂယက်များသည် လေဟာနယ်အတွင်း၌ ပျံ့နှံ့သွားပေ၏။
စွမ်းအားလှိုင်းများသည် မိုင်ပေါင်းထောင်နှင့်ချီအကွာထိ လှိုင်းထန်သွားပြီး စွမ်းအားအလွှာများက ဒီရေအလား တလိမ့်လိမ့်ထလာသည်။
ထိုရိုက်ချက်အောက်တွင် လော့ဟုန်ဖေးနှင့် အခြားငါးယောက်တို့သည် လေးနက်သော အမူအယာဖြင့် သူတို့၏ တာအိုစွမ်းအားများကို အဆက်မပြတ် လှည့်ပတ်လိုက်ကြပြီး ဝေ့သုန်းဟိုင်ကို ကာကွယ်ရန် သူတို့၏ မှော်ရတနာများကို ထုတ်လိုက်ကြသည်။
သို့သော် ထိပ်တန်းရတနာများမှ တာအိုစွမ်းအားများ ထွက်ပေါ်မလာမီမှာပင်...
ထိုကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအင်လှိုင်းသည် တစ်စုံတစ်ခုဖြင့် ဖြတ်တောက်ခံလိုက်ရသကဲ့သို့ နှစ်ခြမ်းကွဲသွားခဲ့လေပြီ။
ချီစွမ်းအင်လှိုင်း၏ ကွာဟချက်ကြားတွင်...
အိုဟောင်းစုတ်ပြတ်နေသော ဓားရှည်တစ်လက်ကို ဝှေ့ယမ်းနေသည့် ဝေ့သုန်းဟိုင်သာ ရှိနေသည်။
ကြည့်ရသည်မှာ မည်သူမျှ သူ့ကို ကူညီပေးနေပုံမရပေ။
ဝေ့သုန်းဟိုင်၏စွမ်းအားတစ်ခုတည်းဖြင့် ဧရာမကျားကြီး၏ လက်သည်းစွမ်းအားကို နှစ်ခြမ်းခွဲနိုင်ခဲ့သလော...
ဓားချက်တစ်ချက်သည် ဤမျှထိ စွမ်းအားကြီးမားသလော...
ဝေ့သုန်းဟိုင်သည် မည်သည့်အချိန်ကစ၍ ဤမျှထိ သန်မာသွားသနည်း...
လော့ဟုန်ဖေးပင်လျှင် ကြက်သေသေသွားသည်။
တခြားသူတော်စင်များသည်လည်း အံ့အားသင့်သွားကြပြီး သူတို့၏မျက်လုံးများတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေပေ၏။
သူတို့ မည်သည့်အရာကိုမျှ မတုံ့ပြန်နိုင်မီမှာပင်...
မမြင်နိုင်သော ဓားချီအလင်းတန်းတစ်တန်း ဂယက်ထသွားသကဲ့သို့ ဖြစ်သွားသည်။ ဧရာမကျားကြီး၏လက်သည်းမှ ထွက်ပေါ်လာသော ချီစွမ်းအင်လှိုင်းသည် ပြတ်တောက်သွားရုံသာမက ပေပေါင်းများစွာ ကြီးမားကျယ်ပြန့်သည့် လက်သည်းကြီးသည်လည်း နေရာမှာပင် ထက်ခြမ်းကွဲထွက်သွားခဲ့လေပြီ။
ကွဲထွက်သွားသော ဧရာမလက်သည်းကြီးကြားမှနေ၍ အလင်းရောင်များ ဖြာကျလာပြီး မြေပြင်တပြင်လုံးကို လင်းထိန်သွားစေသည်။
ရုတ်ချည်းဆိုသလိုပင်...
ကောင်းကင်ယံ၌ ပြည့်နှက်နေသော လေဟာနယ်သားရဲများ၏ လှောင်ပြောင်ရယ်မောသံများ ရပ်တန့်သွားသည်။
သူတော်စင်များနှင့် လေဟာနယ်သားရဲများအားလုံး ကြက်သေသေသွားကြပြီး သဲပင်လယ်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပေ၏။
ဧရာမကျားကြီးထံတွင် ရယ်မောနေသည့် အရိပ်အယောင် တစိုးတစိမျှ မကျန်တော့ဘဲ သူ၏မျက်လုံးများတွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားသည်။
ဧရာမကျားကြီး၏ ထိတ်လန့်မှုနှင့်နာကျင်မှုကြောင့် အော်ဟစ်လိုက်သော အသံကြီး ထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေပြင်အကြား၌ ပဲ့တင်ထပ်သွားသည်။
"ဒါ... ဒါက မဖြစ်နိုင်ဘူး"
ဧရာမလက်သည်းကြီးသည် မျက်စိတစ်မှိတ်အတွင်း နှစ်ခြမ်းကွဲသွားပြီး ကြောက်မက်ဖွယ် အက်ကွဲကြောင်းကြီးက ဆက်လက်၍ ကျယ်ပြန့်သွားသည်။ ထိုအရာသည် အသိစိတ်ရှိသော ဒဏ်ရာတစ်ခုအလား ကျားကြီး၏ပေတစ်ရာကျော်ရှည်သော လက်ပေါ်သို့ တွားသွားတက်ရောက်ကာ အဆက်မပြတ် ပျံ့နှံ့သွားသည်။
လက်မောင်း...ခန္ဓာကိုယ်....ခေါင်း...
အသက်တစ်ရှိုက်စာအချိန်အတွင်း အက်ကွဲကြောင်းသည် ဧရာမကျားကြီး၏ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့လေပြီ။
"ဝှစ်..."
ကြည်လင်ပြတ်သားသော အသံနှင့်အတူ ထိုကြီးမားလှသော ဧရာမပုံရိပ်ကြီးသည် ဓားချက်တစ်ချက်တည်းဖြင့် ထက်ခြမ်းကွဲထွက်သွားခဲ့သည်။
"အား..."
အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့မှုကြောင့် အော်ဟစ်သံကြီး ပဲ့တင်ထပ်သွားပြီး ဧရာမကျားကြီး၏ ခန္ဓာကိုယ်သည် အရှိန်ပြင်းပြင်းဖြင့် ပြုတ်ကျသွားပေ၏။
"ဝုန်း..."
ကျယ်လောင်သော ပေါက်ကွဲသံကြီး ပျံ့နှံ့သွားပြီး သဲပင်လယ်ထဲတွင် ပေတစ်ထောင်နက်သော တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်သွားသည်။ တုန်ခါမှုများ ဆက်လက်၍ပျံ့နှံ့သွားပြီး အသံများအားလုံး ထိုလွန်ကဲသော တုန်ခါမှုအောက်တွင် ပျောက်ကွယ်သွားသည်။
ဓားချက်တစ်ချက်တည်းဖြင့် အရာအားလုံး တိတ်ဆိတ်သွားပေ၏။
သဲပင်လယ်ထဲရှိ မိုးကောင်းကင်ကို ဖုံးလွှမ်းလုမတတ် ကြီးမားသော ခန္ဓာကိုယ်ကြီးကို ကြည့်လိုက်ရာ အနည်းငယ်မျှ လှုပ်ရှားခြင်း မရှိတော့ချေ။
သူတော်စင်များအားလုံး ထိတ်လန့်မှုကြောင့် ဆွံ့အသွားကြသည်။
မည်မျှထိ ကြောက်မက်ဖွယ်ကောင်းသော ဓားအရှိန်အဝါဖြစ်သနည်း... မည်မျှထိ ထိတ်လန့်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒဖြစ်သနည်း...
သူတို့သည် စကားတစ်ခွန်းမျှ မပြောနိုင်မီမှာပင် ယခင်က မောက်မာခဲ့သော လေဟာနယ်သားရဲများသည် ငှက်များနှင့်သတ္တဝါများ ထွက်ပြေးသကဲ့သို့ ထိတ်လန့်တကြားဖြင့် ကစဉ့်ကလျား ဖြစ်ကုန်ကြသည်။ ထိုလေဟာနယ်သားရဲများအားလုံး သဲပင်လယ်၏ အနက်ရှိုင်းဆုံးနေရာသို့ ထိတ်လန့်တကြားဖြင့် ထွက်ပြေးသွားကြတော့သည်။
မိုးကောင်းကင်ယံတွင် ဓားရှည်ကို ကိုင်ဆောင်ထားသည့် ပုံရိပ်တစ်ခုတည်းသာ မတ်တတ်ရပ်ပြီး ကျန်ရစ်ခဲ့သည်။
ဤသည်မှာ နတ်ဘုရားတစ်ပါးအလားပင်။
ဝေ့သုန်းဟိုင်၏ပုံရိပ်ကို ကြည့်ရင်း သူတော်စင်များသည် မယုံကြည်နိုင်လောက်အောင် ထိတ်လန့်နေကြသည်။ ထိုလူကို သူတို့ ရင်းနှီးနေသော်လည်း အလွန်စိမ်းသက်နေပုံရသည်။
ကပ်ဘေးကြီးသည် မျက်စိတစ်မှိတ်အတွင်း ပြေလည်သွားခဲ့လေပြီ။
ကြီးမားသော ပျော်ရွှင်မှုများသည် သူတို့၏ မျက်နှာများပေါ်တွင် ပြည့်နှက်လာပြီး သူတော်စင်များအားလုံး အလွန်အမင်း စိတ်လှုပ်ရှားသွားကြသည်။
သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ပျံသန်းကာ ရှေ့သို့ရောက်လာကြ၏။
"ငါတို့ထဲမှာ အားအနည်းဆုံးလို့ ထင်ထားတဲ့ ညီအစ်ကိုဝေ့က အသန်မာဆုံး ဖြစ်နေလိမ့်မယ်လို့ ငါ လုံးဝထင်မထားမိဘူး"
"အမှန်ပဲ... ခုဏက ကြောက်စရာကောင်းတဲ့ ဓားချက်က တကယ်ကို မမေ့နိုင်စရာပဲ"
"ငါ မပြောတတ်တော့ဘူး... ညီအစ်ကိုဝေ့မှာ ဒီလို ဓားတာအို ကျင့်ကြံမှုမျိုး ရှိနေတာပဲ... သူက တချိန်လုံး သူ့ရဲ့အရည်အချင်းကို ဖုံးကွယ်ထားတာပါလား"
"မင်းမှာ ဒီလိုဓားစိတ်ဆန္ဒမျိုး ရှိတယ်ဆိုတာ အစကတည်းက ကြိုပြောခဲ့ရင် ငါက ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေရမှာလဲ"
"သောက်ကျိုးနည်း... မင်းက တကယ့်ကို လက်စွမ်းပြလိုက်တာပဲ"
"ဟား ဟား ဟား..."
သူတော်စင်များသည် ဝမ်းသာအားရ ရယ်မောရင်း သူတို့ထံတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေကြသည်။
ရှေးဟောင်းသူတော်စင် လော့ဟုန်ဖေး တစ်ယောက်သာ တဖြည်းဖြည်း တည်ငြိမ်လာပြီး သူ၏ မျက်လုံးများတွင် အံ့သြမှု ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်နေပေ၏။
"ညီအစ်ကိုဝေ့... မင်း ဘယ်တုန်းက ဒီလောက်ထိ အစွမ်းထက်တဲ့ ဓားတာအိုကျင့်ကြံမှုကို ရရှိသွားတာလဲ"
လော့ဟုန်ဖေးသည် ဓားတာအိုမှတဆင့် သူတော်စင်အဆင့်သို့ ရောက်ရှိခဲ့သူဖြစ်ပြီး နှစ်ပေါင်းသောင်းနှင့်ချီ၍ နာမည်ကျော်ကြားခဲ့သော သူတော်စင်တစ်ပါးပင်။ ဓားတာအိုအပေါ် သူ၏နားလည်သဘောပေါက်မှုသည် အလွန်နက်ရှိုင်းသော်လည်း အစောပိုင်းက ဓားချက်ကို မြင်လိုက်ရပြီးနောက် သူပင်လျှင် နိမ့်ကျသည်ဟု ခံစားလိုက်ရသည်။
ထိုဖြစ်ရပ်၍ ပြန်စဉ်းစားကြည့်ရင်း သူ ပို၍ စူးစမ်းချင်မိသည်။
ဤမေးခွန်းက တခြားသူတော်စင်များကိုလည်း အသိပြန်ဝင်လာစေသည်။
"ဟုတ်သားပဲ... ညီအစ်ကိုဝေ့က ဘယ်တုန်းကမှ ဓားတာအိုကျင့်ကြံမှုကို ထုတ်မပြခဲ့ဖူးဘူး... ဒါပေမဲ့ ဧရာမကျားကြီးကို ဓားချက်တစ်ချက်တည်းနဲ့ သတ်ဖြတ်နိုင်ခဲ့တယ်... ဒါက တကယ်ကို ယုတ္တိမရှိဘူး"
"မင်း ဉာဏ်အလင်းပွင့်သွားတာများလား"
"ဒါက မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး"
"ဟုတ်တယ်... မဟာတာအိုမှာ လမ်းကြောင်းတွေ မတူဘူး... သူက အရင်တုန်းက ဓားတာအိုကို နားမလည်ခဲ့ဘူး... အဲဒီတော့ ဘယ်လိုလုပ် ရုတ်တရက်ကြီး ဉာဏ်အလင်း ပွင့်နိုင်မှာလဲ"
သူတော်စင်များ၏ စူးစမ်းလိုစိတ်နှင့် ထိတ်လန့်မှုများကြားတွင်...
ဝေ့သုန်းဟိုင်သည် နောက်ဆုံးတွင် အသိပြန်ဝင်လာပေ၏။
တခြားလူများ ထိတ်လန့်သွားသည်ကို မဆိုထားနှင့် သူကိုယ်တိုင်ပင်လျှင် အစောပိုင်းက ဓားချက်ကြောင့် ထိတ်လန့်သွားခဲ့သည် မဟုတ်လော....
ဤရှေးဟောင်းဓားမှ အကာအကွယ်အဖြစ် ရှိနေပါက ဧရာမကျားကြီးကို အချိန်တခဏကြာမျှ တိုက်ခိုက်နိုင်ပြီး အစ်ကိုလော့အတွက် ထိုသားရဲ၏တာအိုစွမ်းအားကို ကုန်ခမ်းအောင်ကူညီပေးနိုင်လိမ့်မည်ဟု သူ တွေးတောခဲ့သည်။ အနည်းဆုံးအနေဖြင့် သူ၏လုပ်ဆောင်မှုသည် အစ်ကိုလော့အတွက် အထောက်အကူ ဖြစ်စေပေလိမ့်မည်။
ဤအတွေးဖြင့် ဝေ့သုန်းဟိုင်သည် စမ်းကြည့်ရန် ပြတ်ပြတ်သားသား ထွက်လာခဲ့ခြင်းပင်။
ယခုကဲ့သို့ ဖြစ်သွားမည်ဟု သူ လုံးလုံးလျားလျား တွေးထင်မထားမိချေ။
သူ စမ်းကြည့်ချိန်တွင် အမှန်တကယ် ဖြစ်သွားသည်မှာ....
သူသည် ကာကွယ်ရန်အတွက် ဓားကို ဝှေ့ယမ်းလိုက်ရုံဖြင့် ဧရာမကျားကြီးကို သတ်ဖြတ်နိုင်ခဲ့သည်။
အိုး....ဘုရားရေ...
ဒီဓားက အရမ်းစွမ်းအားကြီးမယ်လို့ ငါတောင် သတိမထားမိခဲ့ဘူး....
သူတော်စင်များ ဝိုင်းဝန်းချီးကျူးခြင်းကို ခံရသဖြင့် ဝေ့သုန်းဟိုင်သည် ဂုဏ်ယူဝင့်ကြွားနေပြီး ဘဝ၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော်လည်း ဤသည်မှာ သူ၏ကိုယ်ပိုင်ကျင့်ကြံဆင့်စွမ်းအားကြောင့် မဟုတ်ကြောင်း သူ သိရှိထားသည်။
အကြောင်းအရင်းမှာ သူ၏လက်ထဲရှိ ရှေးဟောင်းဓားကြောင့်ပင်။
ဤဓားသည် မျှော်လင့်ထားသည်ထက် များစွာ ပိုမိုစွမ်းအားကြီးမားကာ အဆပေါင်း ဆယ်သန်းမက ပို၍အစွမ်းထက်သည်။
ဤ အခွင့်အလမ်းသည် သူ စိတ်ကူးထားသည်ထက် များစွာပို၍ သာလွန်နေပေ၏။
ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အခွင့်အလမ်းကို စီနီယာရီဖုန်းက သူ့ကို အလွန်ပေါ့ပေါ့ပါးပါး ပေးလိုက်ခြင်းပင်။ ဤကဲ့သို့ သဘောထားကြီးမှုနှင့် မျိုးဆက်သစ်လူငယ်များကို လမ်းပြပေးလိုသော စိတ်ထားသည် အမှန်တကယ်ကို ပြိုင်ဘက်ကင်း ထိပ်သီးပညာရှင်တစ်ယောက်၏အမှတ်အသားပင်။
သူ ပို၍တွေးတောမိလေလေ ပို၍စိတ်လှုပ်ရှားလေလေဖြစ်ပြီး သူ၏စိတ်နှလုံးသားတွင် လေးစားကြည်ညိုမှုများဖြင့် ပြည့်နှက်နေသည်။
ဝေ့သုန်းဟိုင်သည် ရှေးဟောင်းဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူ၏ ကံကောင်းမှုကို မယုံကြည်နိုင်တော့ဘဲ သူ၏လက်များ အနည်းငယ် တုန်ယင်နေသည်။
ဤပုံမှန်မဟုတ်သော အခြေအနေကို လော့ဟုန်ဖေးက သတိထားမိသွားသည်။
ထိုဓားကို သတိထားမိလိုက်ချိန်၌ လော့ဟုန်ဖေး၏ မှုန်ဝါးနေသော မျက်လုံးများ ပြူးကျယ်သွားပေ၏။
"ဒီဓားက..."
"ဓားလက်ကိုင်ရိုးက မည်းနက်နေပြီးတော့ ပုံစံက ထူးဆန်းဖို့ကောင်းအောင် ရိုးရှင်းနေတယ်... ငါ ဘယ်သူမှ ဒီလိုဓားမျိုး သုံးတာကို မမြင်ဖူးဘူး... ကြည့်ရတာတော့..."
ရှေးဟောင်းသူတော်စင်၏ သံသယဖြစ်ဖွယ် စကားများသည် တခြားသူတော်စင်တစ်ဦး၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။
ထိုသူတော်စင်က ရုတ်တရက် ကြားဖြတ်ပြောဆိုလိုက်သည်။
"အဲဒါက ရှေးဟောင်းစင်္ကြန်လမ်းရဲ့ အနက်ရှိုင်းဆုံးနေရာက အလင်းလမ်းသွယ်မှာ ရှိနေတဲ့ ဓားနှစ်လက်ထဲက တစ်လက်နဲ့ တူမနေဘူးလား"
အံ့အားတသင့်ရေရွတ်သံတစ်သံ ထွက်ပေါ်လာပြီး သူတော်စင်များအားလုံး ရုတ်တရက် အာရုံစိုက်လိုက်ကြသည်။
သူတို့ ထိုဓားကို ကြည့်လိုက်ချိန်၌ အမှန်တကယ်ကို ရင်းနှီးမှုမျိုး ခံစားရသည်။
သူတို့သည် ချက်ချင်းဆိုသလိုပင် သံသယအကြည့်များကို ဖလှယ်လိုက်ကြပြီး မေးခွန်းများ တရစပ် ထွက်ပေါ်လာတော့သည်။
"တကယ့်ကို အဲ့ဒီဓားနဲ့ တူတာပဲ"
"ဟုတ်တယ်... ပိုကြည့်လေ ပိုတူလေပဲ... အရင်တုန်းက ငါက အလင်းလမ်းသွယ်မှာ ငါ့ရဲ့စွမ်းအားကုန်သုံးပြီးတော့တောင် ဒီဓားကို ဆွဲထုတ်လို့ မရခဲ့ဘူး"
"သနားစရာကောင်းလိုက်တာ... ကျင့်ကြံဆင့်မြင့်မားတဲ့ စီနီယာတချို့တောင် အဲ့ဒီဓားကို ယူဖို့ကြိုးစားရင်းနဲ့ အချည်းနှီး ပြန်လာကြရတယ်.... တချို့ဆိုရင် အဲ့ဒီကိစ္စအတွက်နဲ့ စိတ်ဓာတ်ကျပြီး သေတောင်သေကုန်ကြတယ်"
"ဟူး..."
"ဒီဓားကို တကယ်ကြီး ဆွဲထုတ်နိုင်ခဲ့တာလား"
"ညီအစ်ကိုဝေ့... မင်း ဘယ်လိုလုပ်လိုက်တာလဲ"
ဘေးပတ်ဝန်းကျင်ရှိ မိတ်ဆွေဟောင်းများထံတွင် အားကျမှုများ ချီးကျူးမှုများဖြင့် ပြည့်နှက်နေပြီး သူတို့၏မျက်လုံးများသည် မနာလိုဝန်တိုမှုကြောင့် စိမ်းဖန့်ဖန့် အရောင်များပင် တောက်ပနေကာ ဝေ့သုန်းဟိုင်ကို စူးစိုက်၍ ကြည့်နေကြသည်။
သူရဲကောင်းကြီး ဝေ့သုန်းဟိုင်သည် ယခုအချိန်၌ လူအများ၏အာရုံစိုက်ခံရဆုံး ဗဟိုချက်ဖြစ်နေပြီး မျက်နှာအကြီးအကျယ် ရနေလေပြီ။
တစ်ချိန်တည်းမှာပင် သူသည် ဤဂုဏ်ကျက်သရေ၏ အရင်းအမြစ်ကို မမေ့လျော့ပေ။ စီနီယာရီဖုန်းအပေါ် သူ၏လေးစားကြည်ညိုမှုသည် ပို၍နက်ရှိုင်းလာပြီး ပြန်ရောက်သည်နှင့် သူ၏မီးလျှံနီအရက်များအားလုံးကို ပေးအပ်ရန် တိတ်တဆိတ် ဆုံးဖြတ်လိုက်၏။
စီနီယာရီဖုန်းသည် ဤကဲ့သို့လက်ဆောင်ငယ်လေးကို ဂရုစိုက်မည် မဟုတ်သော်လည်း ဤသည်မှာ သူ၏ကျေးဇူးတင်ရှိမှုကို ပြသရန်အတွက် သူ အကောင်းဆုံး လုပ်ဆောင်နိုင်သည့်အရာပင်။ သူသည် ထိုဝိုင်အရက်ကိုတိတ်တဆိတ် ပို့ပေးပြီး သူ၏စီနီယာအစ်ကိုထက် ပို၍ပေးနိုင်လျှင် စီနီယာရီဖုန်းသည် သူ၏စိတ်ရင်းမှန်ကို သေချာပေါက် ခံစားမိပေမည်။
သူ ဤကိစ္စကို ပို၍တွေးတောမိလေ ပို၍စိတ်လှုပ်ရှားလေလေပင်။ ဝေ့သုန်းဟိုင်သည် ဤကဲ့သို့သော ဂုဏ်ကျက်သရေမျိုး တစ်ကြိမ်တစ်ခါမျှ မကြုံဖူးချေ။
တခြားလူများသည် သူ့ကို မနာလိုအားကျဖြစ်နေရုံသာမက ရှေးဟောင်းသူတော်စင် လော့ဟုန်ဖေး ကိုယ်တိုင်ပင် ရှေ့သို့တိုးလာပြီး သူ့အား နှုတ်ဆက်စကား ပြောဆိုလေ၏။
"အဟမ်း..."
"ညီအစ်ကိုဝေ့... ဒီဓားကို ငါ ကြည့်ချင်လို့ ခဏလောက် ငှားလို့ရမလား... "