← Chapters

အခန်း (၁၀၂၃)

Vol. 70 Ch. 1023

အခန်း (၁၀၂၃)

Vol. 70 Ch. 1023

"ကောင်းပြီ....ကောင်းပြီ..ကောင်းပြီလေ"

ဝေ့သုန်းဟိုင်သည် နောက်ဆုံးတွင် အလျှော့ပေးလိုက်သည်ကို မြင်တွေ့ချိန်၌ လူအုပ်ကြီးထံမှ စိတ်လှုပ်ရှားဖြင့် အော်ဟစ်သံများ ထွက်ပေါ်လာသည်။ သူတို့သည် သူ့ကို ဝိုင်းရံထားကာ မျှော်လင့်တကြီးဖြင့် သူတို့၏လက်ဝါးများကို ပွတ်သပ်နေကြသည်။

"ငါ ရှင်းရှင်းပြောမယ်နော်... ခဏလေးပဲ"

ဝေ့သုန်းဟိုင်က ထပ်မံ၍ ပြောဆိုလိုက်၏။

"အေးပါ... အေးပါ... ပြဿနာမရှိပါဘူး... တစ်ချက်လောက် ထိရုံပါပဲ..."

လူအများသည် အပြုံးများဖြင့် စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်ကြသည်။ ဤကဲ့သို့ ထိပ်တန်းရတနာဓားမျိုးကို တစ်ချက်လောက် ထိတွေ့ခွင့်ရရန် ဤှလူအိုကြီး သဘောတူသည်ကပင် အလွန်ကောင်းမွန်သော အခြေအနေ ဖြစ်နေလေပြီ။

နောက်ဆုံးတွင် လူအုပ်ကြီး၏ မျှော်လင့်တကြီး စောင့်ကြည့်နေမှုအောက်၌ ဝေ့သုန်းဟိုင်သည် ဓားရှည်ကို နောက်တစ်ကြိမ် သတိထား၍ လက်ကမ်းပေးလိုက်သည်။

သူ လက်ကမ်းပေးလိုက်ရုံမျှဖြင့် အနည်းငယ် လှမ်းသော နေရာမှပင် လူများအားလုံးသည် ထိုရတနာဓားအတွင်းရှိ ထက်ရှသော ဓားစိတ်ဆန္ဒနှင့် တာအိုစည်းချက်များကို ခံစားလိုက်ရသည်။

ဓားကောင်းတစ်လက်...

အမှန်တကယ်ကို ပြိုင်ဘက်ကင်း ဓားကောင်းတစ်လက်ပင်.

စိတ်လှုပ်ရှားမှုများကြောင့် လူများအားလုံးသည် ဓားရှည်ကို ထိကိုင်ရန် တပြိုင်နက်တည်း လက်လှမ်းလိုက်ကြသည်။

သူတို့ ဂရုတစိုက် စမ်းသပ်ကြည့်ရန် ဟန်ပြင်လိုက်စဉ်မှာပင်...

နောက်ထပ်အချိန်တခဏ၌ ဝေ့သုန်းဟိုင်က ဓားရှည်ကို ချက်ချင်းပြန်ဆွဲယူလိုက်သည်။

"တော်ပြီ... မင်းတို့ ကြည့်လို့ ဝလောက်ပြီ"

ဝေ့သုန်းဟိုင်က ဓားရှည်ကို သူ၏သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းလိုက်တော့သည်။

"အမ်... ဒါက..."

အစပထမတွင် စိတ်လှုပ်ရှားနေသော လူအများ၏မျက်နှာအမူအယာများ ချက်ချင်းပျက်ယွင်းသွားသည်။

သူတို့အနက်မှတချို့သည် အနည်းဆုံးအနေဖြင့် အချိန်တခဏခန့် ထိတွေ့လိုက်ရသဖြင့် အဆင်ပြေသည်။ သို့ရာတွင် ဖုနန်ထျန်းနှင့်လူအနည်းငယ်မှာမူ ဝေ့သုန်းဟိုင် ပြန်မသိမ်းမီ ထိပင်မထိလိုက်ရပေ။

သူတို့ တစ်ယောက်ချင်းစီသည် အံကြိတ်လိုက်ကြပြီး သူတို့၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ထင်ဟပ်ထားသော်လည်း သူတို့သည် မည်သည့်အရာကိုမျှ မတတ်နိုင်ကြပေ။

ထိုမျှမက...

သူတို့သည် ပြုံးထားသော မျက်နှာထားကို ဆက်လက်၍ ထိန်းသိမ်းထားရပေမည်။

ဤကောင်စုတ်သည် ဤမျှထိ စွမ်းအားကြီးသော ဓားကို ရရှိထားမည်ဟု မည်သူက တွေးထင်မိမည်နည်း.....

နောင်တစ်ချိန်၌ အကယ်၍ အကူအညီ လိုအပ်လာခဲ့လျှင် သူတို့သည် ဤကောင်စုတ်ကိုသာ အားကိုးရပေမည်။

အပြင်ပန်းတွင် သူတို့သည် ဤသို့ ဖြစ်နေသော်လည်း ဝေ့သုန်းဟိုင်၏ ဘဝင်ခိုက်နေသော မျက်နှာအမူအယာကို မြင်လိုက်ရချိန်၌ သူတို့အားလုံး အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်နေဆဲပင်။

အချိန်တခဏကြာ ကြားဖြတ်ဖြစ်ရပ် ပြီးဆုံးသွားချိန်တွင် လေးနက်သော ကိစ္စရပ်များ ရှိနေသေးကြောင်း လူများအားလုံး အသိဝင်သွားကြသည်။ လေဟာနယ်သားရဲများ တကွဲတပြားစီ ထွက်ပြေးသွားသဖြင့် အခြေအနေသည် ယာယီငြိမ်းချမ်းသွားသော်လည်း...

မိုးကောင်းကင်ယံရှိ လေဟာနယ်အက်ကွဲကြောင်းကြီးသည် ကျန်ရှိနေဆဲဖြစ်ပြီး အန္တရာယ်သည် ပျောက်ကွယ်မသွားသေးချေ။

ရှေးဟောင်းသူတော်စင် လော့ဟုန်ဖေးသည် သူ၏ သိလိုစိတ်ပြင်းပြကို ဖိနှိပ်လိုက်ပြီး တည်ကြည်လေးနက်သော မျက်လုံးများဖြင့် သူတော်စင်များအားလုံးကို ကြည့်လိုက်၏။

"ငါတို့ရဲ့အကျပ်အတည်းက ယာယီပြေလည်သွားပြီ... ဒါပေမဲ့ အရင်းအမြစ်ကို ဖြေရှင်းဖို့အတွက် ညီအစ်ကိုကျူးကို အားကိုးရဦးမယ်... ဒါကြောင့် အခု ငါတို့ လူခွဲလိုက်ကြစို့... တစ်ဖွဲ့က ပတ်ဝန်းကျင်ကို ဆက်ပြီးစူးစမ်းရှာဖွေမယ်..ကျန်တစ်ဖွဲ့ကိုတော့ ညီအစ်ကိုကျူးနဲ့ သွားတွေ့ဖို့ စေလွှတ်ရမယ်"

သူတော်စင်များက တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"ညီအစ်ကိုကျူးကို ကူညီဖို့ ကျွန်တော် သွားလိုက်မယ်"

ဖုနန်ထျန်းက စေတနာ့ဝန်ထမ်းအဖြစ် ရှေ့ထွက်လာသည်။

ဤသည်မှာ ဝေ့သုန်းဟိုင်၏လက်ထဲမှ ဓားကို သူ အမှန်တကယ်ကို အားကျနေမိသောကြောင့်ပင်။ သူ အလွန့်အလွန်အားကျနေမိသည်။

အထူးသဖြင့် သူ ထိပင်မထိလိုက်ရသည်ကို ပြန်သတိရတိုင်း သူ့ထံ၌ ဒေါသလှိုင်းများ မြင့်တက်လာသည်။

သူ၏မျက်စိအောက်က ပျောက်ကွယ်သွားလျှင် သူ၏စိတ်ထဲတွင်လည်း ရှင်းလင်းသွားပေမည်။

'မင်းရဲ့ ဘဝင်ခိုက်နေတဲ့ ရုပ်ကို ငါ မမြင်ချင်တော့ဘူး'

ဖုနန်ထျန်းက ကျူးဝူရကို သွားရောက်ကူညီမည့်အပေါ် တခြားလူများအားလုံး ကန့်ကွက်ခြင်း မရှိကြချေ။

မကြာမီမှာပင်....

အလင်းတန်းအမြောက်အများ ဖြတ်သန်းသွားပြီး သူတော်စင်ခုနစ်ပါးသည် သူတို့၏ သက်ဆိုင်ရာ တာဝန်များကို ထမ်းဆောင်ရန် ထွက်ခွာသွားကြသည်။

မိုးကုပ်စက်ဝိုင်းရှိ အနက်ရောင်မြူခိုးများကြား၌ ပျံသန်းပြီး ဖုနန်ထျန်းသည် ကျူးဝူရ ရှိရာအရပ်သို့ လိုက်သွားလေ၏။

သူ မည်မျှထိထိကြာကြာ ပျံသန်းခဲ့သည်ကို မသိရသော်လည်း နောက်ဆုံးတွင် ကျူးဝူရထံမှ သတင်းစကားကို ရရှိခဲ့သည်။

နောက်ထပ် မိုင်တစ်ထောင်ခန့် အလျင်အမြန် ခရီးနှင်ပြီးနောက် သူ၏ တသီးတခြားနေတတ်သော မိတ်ဆွေဟောင်းကို နောက်ဆုံးတွင် တွေ့ရှိလိုက်ရသည်။

"ညီအစ်ကိုဖု... မင်း ဘာလို့ ဒီကို ရောက်လာတာလဲ"

ဖုနန်ထျန်း ရောက်လာသည်ကို မြင်တွေ့ချိန်၌ ကျူးဝူရက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ဒီနေရာက မင်းရဲ့တာဝန်က အရေးကြီးတယ်လေ... ဒါကြောင့် မင်းကို ကူညီဖို့ ငါ ရောက်လာတာပါ"

ဖုနန်ထျန်း ပြောဆိုသည်။

"ကျေးဇူးပါ ညီအစ်ကိုဖု... တကယ့်ကို ဒီခရီးက ခက်ခဲကြမ်းတမ်းတယ်... မင်း ရှိနေတော့ ခွန်အားနှစ်ဆ ဖြစ်တာပေါ့"

ကျူးဝူရက ကျေးဇူးတင်စွာဖြင့် ပြောဆိုလိုက်သည်။

သူတို့နှစ်ယောက်သား အက်ကွဲကြောင်းတစ်လျှောက် အတူတကွ ပျံသန်းသွားကြသည်။

ကျူးဝူရသည် လမ်းတလျှောက်၌ စုံစမ်းစစ်ဆေးရန် သူ၏လေဟာနယ်စွမ်းရည်များကို အသုံးပြုနေပြီး ဖုနန်ထျန်းက သူ၏နံဘေးမှ တစ်ချိန်လုံး လိုက်ပါနေသည်။

သို့ရာတွင် ကျူးဝူရ၏နံဘေးမှ လိုက်ပါနေချိန်၌ပင်...

သူသည် ထိုဓားအကြောင်းကိုသာ စဉ်းစားနေမိသည်။

တကယ်ကို လိုချင်မက်မောစရာပါလား...

တကယ်ကို အားကျစရာပါလား..

သူသည် ဓားတာအို လမ်းစဉ်ကို လိုက်စားသူ မဟုတ်သော်လည်း ထိုကဲ့သို့ ပြိုင်ဘက်ကင်း နတ်ဘုရားဓားမျိုးကို မလိုချင်မမက်မောသောလူဟူ၍ သူတို့ထဲတွင် တစ်ယောက်မျှ ရှိမည်မဟုတ်ပေ။

ဝေ့သုန်းဟိုင်သည် မည်ကဲ့သို့ ကံတရားမျိုးကို ပိုင်ဆိုင်ထားသဖြင့် ဤကဲ့သို့ ပြိုင်ဘက်ကင်း ရတနာဓားမျိုးကို ရရှိခဲ့သနည်း...

အကယ်၍သာ သူ့ထံ၌လည်း ထိုကဲ့သို့ဓားမျိုး တစ်လက် ရှိနေခဲ့ပါက...

ဤကဲ့သို့ ပြိုင်ဘက်ကင်း နတ်ဘုရားဓားမျိုးသာ ရှိနေလျှင် နောင်တစ်ချိန်၌ သူ၏ အနာဂတ်တပည့်လေးရှေ့တွင် ထုတ်ကြွားလိုက်သည်နှင့် တပည့်လေးသည် ချက်ချင်း ဒူးထောက်ပြီး သူ့ကို ဆရာအဖြစ် အသိအမှတ်ပြုမည် မဟုတ်လော....

ပတ်ဝန်းကျင်ကို စုံစမ်းစစ်ဆေးပြီး ပြန်လာသော ကျူးဝူရသည် ဖုနန်ထျန်း ငေးငိုင်နေသည်ကို မြင်လိုက်ရသည်။ သူသည် မနေနိုင်တော့ဘဲ အပြုံးနှင့် မေးမြန်းလိုက်၏။

"ညီအစ်ကိုဖု... ဘာတွေများ ဒီလောက်တောင် တွေးနေရတာလဲ"

ဖုနန်ထျန်း သတိပြန်ဝင်လာပြီး ကျူးဝူရကို ကြည့်လိုက်သည်။

'အော်... ဟုတ်သားပဲ'

'ကျူးဝူရက ဒီကိစ္စကို မသိလောက်သေးဘူး'

'တကယ်လို့သာ ငါ ပြောပြလိုက်ရင် သူလည်း အရမ်းအားကျသွားမှာ သေချာတယ်'

"မင်း မသိသေးဘူးလား... မင်းရဲ့ဂျူနီယာညီလေး ဝေ့သုန်းဟိုင်က ဘယ်လို ကံကောင်းသွားလဲ မသိဘူး... ပြိုင်ဘက်ကင်း နတ်ဘုရားဓားတစ်လက်ကို ရထားတယ်... သူက သူတော်စင် သတ္တမအဆင့်ရှိတဲ့ လေဟာနယ်သားရဲကို ဓားတစ်ချက်တည်းနဲ့ ခုတ်ပိုင်းလိုက်တယ်..."

ထိုစကားကိုကြားသွားလျှင် ကျူးဝူရတစ်ယောက် ထိတ်လန့်ပြီး မနာလိုအားကျဖြစ်သွားမည့် မျက်နှာအမူအယာကို မျှော်လင့်ရင်း ဖုနန်ထျန်းက ပြောဆိုလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ကျမ်းသစ္စာကျိန်ဆိုထားသော သွေးသောက်ညီအစ်ကိုနှစ်ယောက်သည် ဆက်ဆံရေး ကောင်းမွန်သော်လည်း ငယ်စဉ်ကတည်းက တိတ်တဆိတ် ပြိုင်ဆိုင်ခဲ့ကြပြီး တစ်ယောက်က တစ်ယောက်ထက် သာနေလျှင် သည်းမခံနိုင်ကြကြောင်း သူ သိရှိထားသည်။

ကျူးဝူရ၏ ဖြစ်ပေါ်လာမည့် ဒေါသတကြီး တုံ့ပြန်မှုကို တွေးလိုက်မိချိန်တွင် ...

ခံစားချက်ချင်းတူမည့်သူ ရှိလာခြင်းက...

သူ့ကို ပို၍စိတ်သက်သာရာရစေပေမည်။

သို့ရာတွင် ကျူးဝူရက တည်ငြိမ်စွာဖြင့်သာ တုံ့ပြန်လိုက်သည်။

"အော်... ဟုတ်လား"

ထိုသို့ပြောဆိုပြီးနောက် ကျူးဝူရသည် ပုံမှန်ကိစ္စတစ်ခုကို ကြားလိုက်ရသည့်အလား ရှေ့သို့ ဆက်လက်၍ လျှောက်လှမ်းသွားပေ၏။ သူသည် ပတ်ဝန်းကျင်ရှိ လေဟာနယ်အက်ကွဲကြောင်းကို ဝီရိယရှိရှိဖြင့် ဆက်လက်၍ စုံစမ်းစစ်ဆေးနေသည်။

ဖုနန်ထျန်း၏ခန္ဓာကိုယ် နေရာမှာပင် တောင့်တင်းသွားသည်။

သူသည် ကျူးဝူရကို ကြက်သေသေသောအကြည့်ဖြင့် စူးစိုက်၍ ကြည့်နေမိသည်။

'ဒီကောင်က ဘာဖြစ်နေတာလဲ....'

'မအံ့သြဘူးလား...'

'အားမကျဘူးလား'

ဖုနန်ထျန်းက ခြေလှမ်းအနည်းငယ်လှမ်းကာ ကျူးဝူရ၏နောက်သို့ အမီလိုက်သွားပြီး အံ့အားတသင့် မေးမြန်းလိုက်သည်။

"ညီအစ်ကိုကျူး... မင်း မသိချင်ချင်ဘူးလား... မင်း အားမကျဘူးလား"

"သူက သတ္တမအဆင့် လေဟာနယ်သားရဲကို ဓားတစ်ချက်တည်းနဲ့ ခုတ်ပိုင်းလိုက်တာနော်"

ဤသို့ပြောဆိုရင်း ဖုနန်ထျန်းက အရေးကြီးသော အချက်အလက်ကို အလေးပေး၍ ထပ်မံပြောဆိုလိုက်သည်။

"အဲ့ဒါက ဘာဓားလဲဆိုတာ မင်း သိလား... ရှေးဟောင်းစင်္ကြန်လမ်းမှာ စိုက်နေတဲ့ အာရုဏ်ဦးရှေးဟောင်းဓားတစ်စုံထဲက တစ်လက်ပဲ"

"အတိတ်မှာတုန်းက မရေမတွက်နိုင်တဲ့ ထိပ်သီးကျင့်ကြံသူတွေ ဆွဲထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ အာရုဏ်ဦးရှေးဟောင်းဓားလေ"

"အဲဒီလို ရတနာက မင်းရဲ့ ဂျူနီယာညီလေးလက်ထဲကို ရောက်သွားတယ်ဆိုတော့ သူ့ရဲ့ကံတရားက တကယ်ကြီး မိုးကောင်းကင်ယံကို အန်တုနိုင်တာပဲ"

"ဒေါသထွက်စရာ အကောင်းဆုံးက သူက အဲ့ဒီရတနာဓားကို ရထားတာကြောင့် လေကြီးလေကျယ်တွေ ပြောတော့တာပဲ... ငါတို့ မိတ်ဆွေဟောင်းတွေက ကြည့်ချင်လို့ပါဆိုတာကို သူက ထိခွင့်တောင် မပေးဘူး"

စိတ်လှုပ်ရှားစွာ ပြောဆိုနေသော စကားများသည် ကျူးဝူရကို လွှမ်းမိုးသွားပုံရပြီး သူသည် နောက်ဆုံးတွင် ရပ်တန့်သွားပေ၏။

သူသည် ဖုနန်ထျန်းဘက်သို့ ဖြည်းညှင်းစွာ လှည့်လာပြီး သူ၏မျက်နှာပေါ်တွင် တည်ငြိမ်သော အပြုံးတစ်ခုသာ ထင်ဟပ်နေသည်။

"သူက ရတနာဓားရသွားတော့ ဘာဖြစ်လဲ... အဲ့ဒါက သူ့ရဲ့ကံပဲလေ... ဘာများ အားကျစရာ ရှိလို့လဲ"

'ဒါက...'

'ဘာများ အားကျစရာ ရှိလို့လဲ..ဟုတ်လား'

'....'

ဖုနန်ထျန်း ကြက်သေသေသွားပြီး သူ၏မျက်နှာတစ်ပြလုံး မေးခွန်းထုတ်လိုသော အရိပ်အယောင်များဖြင့် ပြည့်နှက်သွားကာ သူ၏လည်ချောင်းထဲမှ စကားလုံးများ ထွက်မလာတော့ချေ။

ကျူးဝူရ၏ ပွင့်လင်းရိုးသားသော အပြုံးကို ကြည့်ရသည်မှာ သူသည် အမှန်တကယ်ကို လုံးလုံးလျားလျား ဂရုမစိုက်သည့်အလားပင်။ သူ၏သဘောထားကြီးသော စကားများသည် ဖုနန်ထျန်းကို စကားမပြောနိုင်အောင် ဖြစ်စေပြီး ကျူးဝူရ၏ သဘောထားကြီးသော စိတ်သဘောထားကို သူ ရိုသေလေးစားကာ အားကျမိသွားသည်။

'ဒါက... ဒါက သူတို့ ကျမ်းသစ္စာကျိန်ဆိုထားတဲ့ သွေးသောက်ညီအစ်ကိုတွေကြားက စစ်မှန်တဲ့ သံယောဇဉ်များလား...'

'အရင်တုန်းက ငါ အထင်လွဲခဲ့တာလား..'

ဖုနန်ထျန်းသည် သူ၏နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး အချိန်တခဏကြာမျှ စကားစရှာမရ ဖြစ်သွားသည်။

"ဒါ့ပြင်... အာရုဏ်ဦး ရှေးဟောင်းဓားတစ်လက်ပဲကို ဘာဂရုစိုက်စရာရှိလို့လဲ..."

ဖုနန်ထျန်း အံ့အားသင့်နေစဉ်မှာပင် ကျူးဝူရသည် တည်ငြိမ်စွာဖြင့် အကြည့်ကို ပြန်လွှဲလိုက်သည်။ ထို့နောက် သူသည် ဂရုမစိုက်သော မှတ်ချက်တစ်ခုဖြင့် နတ်ဘုရားလက်နက်တစ်ခုကို သာမန်ဂေါ်ဖီထုပ်တစ်ထုပ်အလား ပြောဆိုလိုက်၏။

ဖုနန်ထျန်း၏နှုတ်ခမ်း မဲ့ရွဲ့သွားသည်။ ဤသည်မှာ မည်မျှထိ ရဲတင်းသော စကားမျိုး ဖြစ်သနည်း။

သူ တုံ့ပြန်မပြောဆိုနိုင်မီမှာပင် ကျူးဝူရ၏ လက်မှ အလင်းတန်းတစ်တန်း ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအလင်းတန်းများကြားတွင် ရှေးဟောင်းအနက်ရောင်ဓားတစ်လက်၏ ပုံသဏ္ဍာန် ရှိနေပြီး သူ အလွန်အမင်း ရင်းနှီးနေပုံရသည်။

သူ ထိုဓားကို ပို၍ကြည့်မိလေလေ ပို၍ရင်းနှီးလာလေလေဖြစ်ပြီး သူ၏စိတ်ထဲတွင် ပို၍လှိုင်းထန်လာလေလေပင်။

ဖုနန်ထျန်း၏မျက်လုံးများ ပြူးကျယ်သွားပြီး ထိုဓားကို တုန်ရီနေသောလက်ဖြင့် ညွှန်ပြကာ အလွန်အံ့အားသင့်သွားသည်။

"ဒါ... ဒါက...."

သူ၏ အံ့အားသင့်တုန်လှုပ်နေသော အကြည့်အောက်တွင် ကျူးဝူရသည် အနက်ရောင်ဓားကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး မိုးကောင်းကင်ယံသို့ဦးတည်၍ ဓားချက်အနည်းငယ်ကို ဆက်တိုက် ထုတ်လွှတ်လိုက်သည်။ ရိုးရှင်းပုံရသော ဓားသိုင်းကွက်များသည် အမှန်အားဖြင့် ကြောက်မက်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒကို ထုတ်လွှတ်နိုင်ပေ၏။

တိမ်တိုက်များကို ထွင်းဖောက်သွားသော သက်တံ့ဖြူများကဲ့သို့ ဓားအလင်းတန်းများသည် အနက်ရောင်မြူခိုးများကို ချက်ချင်း လှုပ်ခတ်သွားစေပြီး မိုးကောင်းကင်ကြီး ကြည်လင်သွားသည်။

"ရွှပ်... ရွှပ်... ရွှပ်..."

ဆန်းပြားသော ဓားကွက်အနည်းငယ်ကို ပြုလုပ်ပြီးနောက် ကျူးဝူရသည် သူ၏ရတနာဓားကို တည်ငြိမ်စွာ ပြန်ရုတ်သိမ်းလိုက်ပြီး ရှေ့သို့ ဆက်သွားလေသည်။

"ဟဲ ဟဲ... ငါ့မှာလည်း ဒီဓားတစ်လက် ရှိတယ်လေ... ငါ့ဂျူနီယာညီလေးရဲ့ဓားကို ငါက ဘာကိစ္စ အားကျနေရမှာလဲ"

ငါ့မှာလည်း ရှိတယ်... လည်း... လည်း...

ထိုစကားလုံးများသည် နတ်ဆိုးအသံအလား ဖုနန်ထျန်း၏နားထဲသို့ ဝင်ရောက်လာသည်။

ဤသည်မှာ အချက်ပေါင်းတစ်သောင်းစာမက ပြင်းထန်သော ထိုးနှက်ချက်ပင်။

ဖုနန်ထျန်းသည် လေထဲတွင် ဖရိုဖရဲဖြစ်နေကာ သူတစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး သူ၏ခန္ဓာကိုယ် ကျောက်ရုပ်ကဲ့သို့ လုံးလုံးလျားလျား တောင့်တင်းသွားသည်။

မကြာသေးမီက တည်ငြိမ်သွားသော သူ၏စိတ်အခြေအနေသည် ယခုအချိန်၌ တဖန်ပြန်၍ လှိုင်းထန်နေလေပြီ။

ဤှကဲ့သို့ ရတနာဓားမျိုးကို....

ဝေ့သုန်းဟိုင်တစ်ယောက် ရရှိသွားသည်ကပင် ကြီးမားသော ကံကောင်းမှုကြီးတစ်ခု ဖြစ်နေလေပြီ။

နောက်ထပ်ဓားတစ်လက်သည် ကျူးဝူရ၏လက်ထဲတွင် ရှိနေလိမ့်မည်ဟု သူ တစိုးတစိမျှ ထင်မှတ်မထားမိချေ။

'ဒါဆိုရင်... အမှန်တရားက ဒါပေါ့'

'သွေးသောက်ညီအစ်ကို သံယောဇဉ်တွေ သဘောထားကြီးတဲ့ပုံစံဖမ်းတာတွေ အကုန်လုံးက ဂျင်းတွေပဲ...သူ့မှာ မနာလိုဝန်တိုမှု လုံးဝမရှိတာက သူတို့နှစ်ယောက်လုံးမှာ ရတနာဓားတွေ ရှိနေကြလို့ကိုး....'

'ဘာလို့များ...'

'ဒီကောင်စုတ်နှစ်ကောင်ရဲ့ ကံတရားက ဒီလောက်တောင် မိုးကောင်းကင်ယံကို အန်တုနိုင်ရတာလဲ... ဒါက တကယ့်ကို ဒေါသထွက်စရာပဲ'

အစောပိုင်းက သူသည် ကျူးဝူရကို အထင်ကြီးပြီး လေးစားနေခဲ့မိသည်။ ဤကောင်စုတ်သည်လည်း သူ၏ကပ်စေးနည်းပြီး ရတနာမက်မောသည့် ဂျူနီယာညီလေးအတိုင်း ရှေးဟောင်းဓားကို ဝှက်ထားကြောင်း မည်သူက သိနိုင်မည်နည်း။ ဤကောင်စုတ်နှစ်ယောက်လုံးသည် လူလည်များပင်။

ဖုနန်ထျန်းသည် သူ့ဘဝ၏ရပ်တည်မှုကိုပင် သံသယဝင်လာပြီး သူ၏မျက်နှာတပြင်လုံး၌ နာကြည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။

သူ၏ မနာလိုဝန်တိုမှုသည် လျော့ကျမသွားသည့်အပြင် အဆများစွာတိုးလာပြီး သူ၏မျက်လုံးများ စိမ်းဖန့်ဖန့်တောက်ပလာကာ သူ၏လက်သီးများကို ဆုပ်ထားလိုက်၏။

သူသည် မကျေနပ်ချက်များကိုပြောရန် ဟန်ပြင်လိုက်စဥ်မှာပင် နောက်တစ်ယောက်က သူ့ကို ထပ်မံပြီး ကြွားဝါပြလိမ့်မည်ဟု မည်သူက တွေးထင်မိမည်နည်း။

ဖုနန်ထျန်း၏စိတ်ဓာတ်များ ပြိုလဲသွားပြီး သူ၏မျက်လုံးများသည် သံသယများနှင့် မနာလိုမှုများကြောင့် အစိမ်းရောင်အလင်းတန်းများဖြင့် ပြည့်နှက်နေသည်။

သူ သိရှိထားသည့် ဝေ့သုန်းဟိုင်နှင့်ကျူးဝူရတို့၏ စွမ်းအားဖြင့်ဆိုလျှင် ထိုဓားနှစ်လက်ကို ဆွဲထုတ်နိုင်ရန်မှာ မဖြစ်နိုင်ချေ။

သူတို့နှစ်ယောက်ထံတွင် ပုံမှန်မဟုတ်သော ထူးခြားသည့် ကြုံတွေ့မှုမျိုး ရှိခဲ့မည်မှာ သေချာပေါက်ပင်။

ရုတ်တရက် ဖုနန်ထျန်း ဉာဏ်အလင်းပွင့်သွားသည်။ ဤလူအိုကြီးနှစ်ယောက်ထံတွင် အလွန်ကြီးမားသော လျှို့ဝှက်ချက်တစ်ခု ရှိနေပေမည်။

သူ အသိပြန်ဝင်လာပြီး မေးခွန်းထုတ်ရန် မော့ကြည့်လိုက်သည်။

သို့ရာတွင် ကျူးဝူရသည် ကြွားဝါပြီးသည်နှင့် ထွက်ပြေးသွားမည်ကို မည်သူက သိနိုင်မည်နည်း.....

ဖုနန်ထျန်းက နောက်မှထပ်ချပ်မကွာ ပြေးလိုက်သွားတော့သည်။

"ကောင်စုတ်... ရပ်စမ်း"

"အမှန်အတိုင်း မြန်မြန်ပြောစမ်း... ဘာလို့ မင်းမှာလည်း ဒီရှေးဟောင်းဓား ရှိနေတာလဲ"

All Chapters