← Chapters

အခန်း (၁၀၂၄)

Vol. 70 Ch. 1024

အခန်း (၁၀၂၄)

Vol. 70 Ch. 1024

အနက်ရောင်မြူခိုးများ၏ နက်ရှိုင်းသော နေရာတွင်....

ဖုနန်ထျန်း၏မျက်လုံးများတွင် စိမ်းဖန့်ဖန့် အရောင်များ တောက်ပနေပြီး ကျူးဝူရ၏နောက်သို့ အသည်းအသန် လိုက်ကာ အရေးတကြီး မေးမြန်းနေသည်။

ကျူးဝူရသည် အစွမ်းကုန် ပြေးလွှားနေပြီး သူ၏ရတနာဓားကို ထပ်မံ၍မထုတ်တော့ချေ။ သူ၏ကပ်စေးနည်းမှုသည် သူ၏ဂျူနီယာညီလေး ဝေ့သုန်းဟိုင်ထက်ပင် ပိုဆိုးနေပေ၏။

လူအိုကြီးနှစ်ယောက်သား အစွမ်းကုန် ပြေးလွှားနေကြကာ ပြေးတမ်းလိုက်တမ်းကစားနေသည့်အလားပင်။

"ခွေးသူခိုး" ဟူသော စကားလုံးများကလည်း လေထုထဲတွင် ပျံ့လွင့်နေသည်။

အချိန်မည်မျှ ကြာသွားသည်ကို မသိရသော်လည်း ဒေါသထွက်နေဆဲဖြစ်သော ဖုနန်ထျန်းသည် လေဟာနယ်အက်ကွဲကြောင်းကို စစ်ဆေးရင်း သူ၏မကျေနပ်ချက်များကို ဖိနှိပ်ထားကာ သူ့စိတ်ထဲမှ နာမည်ပျက်စာရင်းတွင် "ခွေးသူခိုး" အသစ်တစ်ယောက်ကို ထပ်ထည့်လိုက်သည်။

အနက်ရောင်မြူခိုးများ၏ အစွန်အဖျားတွင်....

သူတော်စင်ခြောက်ပါးသည် လေဟာနယ်သားရဲများကို အသည်းအသန် သတ်ဖြတ်နေဆဲ ဖြစ်သော်လည်း မြင်ကွင်းသည် စတင်၍ ပြောင်းလဲနေလေပြီ။

ယခင် ခေါင်းဆောင်ဖြစ်သော ရှေးဟောင်းသူတော်စင် လော့ဟုန်ဖေးသည် သူ၏ဂုဏ်ပုဒ်များအားလုံး ဆုံးရှုံးသွားပြီး အငယ်ဆုံးဖြစ်သော ဝေ့သုန်းဟိုင်က ယခုအချိန်၌ အမိန့်များ ပေးနေသည်။ သူသည် ရှေးဟောင်းဓားကို ကိုင်ဆောင်ကာ စစ်နတ်ဘုရားတစ်ပါး ဝင်ပူးနေသည့်အလား ကြီးကျယ်ခမ်းနားသော လှုပ်ရှားမှုကြီးများဖြင့် ဓားကိုဝှေ့ယမ်းနေသည်။

"ညီအစ်ကိုရွှီ... ဒါကို ငါ့နဲ့လွှတ်ထားလိုက်..."

"ညီအစ်ကိုဆု... မင်း နောက်ဆုတ်နေ"

သူ၏ အမိန့်ပေးသော အမူအယာသည် တခြားသူတော်စင်များကို ကြက်သေသေသွားစေသည်။

နောက်ထပ် ရွှေရောင်ဖျော့ဖျော့ လေဟာနယ်သားရဲတစ်ကောင်သည် အနက်ရောင်သဲများထဲမှ ထွက်ပေါ်လာသဖြင့် သူတော်စင်တစ်ပါး၏မျက်လုံးထဲတွင် တည်ကြည်လေးနက်မှုများဖြင့် ပြည့်နှက်သွားသည်။

"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ စွမ်းအားလဲ... ဒီကောင်က ပဉ္စမအဆင့်မှာ ရှိနေနိုင်တယ်... ငါတို့ ယှဉ်နိုင်မှာ မဟုတ်ဘူး... ဖြစ်နိုင်တာတော့ အစ်ကိုလော့ပဲ..."

သူ၏မြှောက်ပင့်စကားများ မဆုံးမီမှာပင်..

ဝေ့သုန်းဟိုင်သည် ရှေးဟောင်းဓားကိုကိုင်၍ ရှေ့သို့ ထွက်လာပြီးဖြစ်ကာ သူ၏မျက်လုံးများတွင် ထူးကဲသော လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းများ ပေါ်လွင်နေသည်။

"မကြောက်နဲ့... ငါ မင်းတို့ကို ကူညီမယ်"

သူ၏အသံ ဆုံးသွားသည်နှင့် သူသည် လက်ထဲရှိ ရှေးဟောင်းဓားကို ဝှေ့ယမ်းလိုက်ရာ မိုးကောင်းကင်ကို တုန်ခါစေသော ဓားချီအလင်းတန်းသည် မိုင်ပေါင်းတစ်ထောင်ခန့်အထိ ဖြတ်သန်းသွားပေ၏။

ထိုဓားချီအလင်းတန်း ဖြတ်သန်းသွားရာ နေရာတိုင်းတွင် သဲပင်လယ်ကြီး တုန်ခါသွားသည်။

ပဉ္စမအဆင့်ရှိသော ရေဘဝဲကဲ့သို့ လေဟာနယ်သားရဲသည် သေကြေပျက်စီးသွားရုံသာမက နံဘေးပတ်ဝန်းကျင်ရှိ တခြားလေဟာနယ်သားရဲများလည်း လုံးလုံးလျားလျား ရှင်းလင်းသွားစေသည်။

ဝေ့သုန်းဟိုင်သည် လက်နောက်ပစ်ကာ လေထဲတွင် မတ်တတ်ရပ်နေပြီး ဤခေတ်ကာလ၏ ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးအလား စိတ်ကျေနပ်အားရစွာဖြင့် ပြုံးနေသည်။

သောက်ကျိုးနည်း...

သူ ပို၍ဟန်ရေးပြလေလေ ဤခံစားချက်ကို ပို၍သဘောကျနှစ်ခြိုက်လာလေလေပင်။

သူတော်စင်များသည် ထိုမြင်ကွင်းကိုကြည့်ရင်း သူတို့၏ပါးစပ်များ တရွရွဖြစ်သွားကြပြီး သူတို့၏မျက်လုံးထဲရှိ မနာလိုအားကျမှုများ ပို၍ပြင်းထန်လာသည်။

သူတို့သည် စကားတစ်ခွန်းမျှ မပြောသော်လည်း သူတို့၏အကြည့်များသည် ရှေးဟောင်းဓားဆီသို့ အလိုအလျောက် ရောက်သွားကြပြီး သူတို့တစ်ယောက်ချင်းစီသည် သွားရည်များကျလုမတတ်ပင်။

သို့ရာတွင် သူတို့သည် အားကျရုံသာ တတ်နိုင်ပြီး လုံးလုံးလျားလျား ကူကယ်ရာမဲ့ဖြစ်နေကြသည်။

သူတို့သည် အလွန်အမင်း မနာလိုဖြစ်နေသော်လည်း ဤကဲ့သို့ နတ်ဘုရားလက်နက်တစ်ခု ရှိနေခြင်းသည် ကြီးမားသော အထောက်အကူဖြစ်ကြောင်း သိရှိထားကြသည်။ ထိုကြောင့် သူတော်စင်များသည် များစွာဂရုမစိုက်ကြတော့ဘဲ လေဟာနယ်သားရဲများကို သတ်ဖြတ်ရမည့် အရေးကြီးသော တာဝန်ကိုသာ အာရုံစိုက်လိုက်ကြသည်။

သူတော်စင် ခြောက်ပါး၏ ပူးပေါင်းအားထုတ်မှုနှင့် ရှေးဟောင်းဓား၏စွမ်းအားတို့ကြောင့် ကြွင်းကျန်သော လေဟာနယ်သားရဲများ လုံးလုံးလျားလျား သေကြေပျက်စီးသွားရန် အချိန်မကြာလိုက်ချေ။

ကျူးဝူရနှင့်ဖုနန်ထျန်းတို့ ပြန်မလာသေးသော်လည်း တိုက်ပွဲမှရရှိသော ပစ္စည်းများသည် သိသိသာသာကို များပြားနေလေပြီ။

အဖိုးတန်ရှားပါးသော ရတနာမျိုးစုံပါဝင်သည့် ရတနာပုံကြီးတစ်ပုံက သူတို့၏ရှေ့တွင် ရှိနေပေ၏။ သူတော်စင်များအားလုံး၏အကြည့်များသည် ရှေးဟောင်းသူတော်စင် လော့ဟုန်ဖေးထံသို့ ရောက်ရှိသွားသည်။

"အစ်ကိုလော့... ဆုံးဖြတ်ပေးပါအုံး"

"ဟုတ်တယ်... ကျေးဇူးပြုပြီးတော့ အစ်ကိုလော့က ဘယ်လိုခွဲဝေမလဲဆိုတာ ဆုံးဖြတ်ပေးပါ"

"ဒီရတနာတွေကိုသာ သန့်စင်လိုက်ရင် ငါတို့ရဲ့ ကျင့်ကြံဆင့်တွေက အများကြီး တိုးတက်လာမှာ သေချာတယ်... နောင်တစ်ချိန် လေဟာနယ်သားရဲအုပ်နဲ့ ထပ်ပြီးရင်ဆိုင်ရရင် ငါတို့မှာ ယုံကြည်မှုတွေ ပိုရှိလာမှာပါ... ကျေးဇူးပြုပြီးတော့ အစ်ကိုလော့က ဆုံးဖြတ်ပေးပါ"

သူတော်စင်များသည် သူတို့၏စီနီယာအစ်ကိုဖြစ်သော ရှေးဟောင်းသူတော်စင် လော့ဟုန်ဖေး၏ စကားကို နားထောင်ကြပြီး သူ၏စကားတိုင်းကို လိုက်နာကြသည်။

သို့ရာတွင် လော့ဟုန်ဖေးသည် တရားမျှတသောလူတစ်ယောက်ပင်။ သူသည် သူ၏မုတ်ဆိတ်မွှေးကိုသပ်ကာ အနည်းငယ် ပြုံးလိုက်ပြီး ဝေ့သုန်းဟိုင်ကို ကြည့်လိုက်သည်။

"အားလုံးပဲ... ဒီတိုက်ပွဲက ရတဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့ ငါ့ရဲ့အမြင်အရဆိုရင် ညီအစ်ကိုဝေ့ကပဲ ဆုံးဖြတ်သင့်တယ်"

သူ၏စကား အဆုံးသတ်သည်နှင့် သူတော်စင်များ၏မျက်လုံးများတွင် လေးစားမှုများဖြင့် ပြည့်နှက်သွားသည်။

အမှန်တကယ်ကို ကြီးမြတ်တဲ့ စိတ်နေသဘောထားဖြစ်ကာ ရှေးဟောင်းသူတော်စင် လော့ဟုန်ဖေးဟု ခေါ်ဆိုရန် ထိုက်တန်ပေ၏။

ဝေ့သုန်းဟိုင်သည်လည်း ကြက်သေသေသွားပြီး ဤကဲ့သို့သော ဂုဏ်ပြုမှုကို ခံရသဖြင့် အံ့အားသင့်သွားကာ အချိန်တခဏကြာသည်အထိ မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။ တခြားသူတော်စင်များ၏ ဇဝေဇဝါဖြစ်နေသော အကြည့်များ သူ့အပေါ်သို့ ကျရောက်လာသောအခါမှ သူ ယုံတဝက်မယုံတဝက် ဖြစ်သွားသည်။

ဤကဲ့သို့ အရေးကြီးကိစ္စများကို ဆုံးဖြတ်ချက်ချနိုင်မည့်နေ့မျိုး သူ့ထံသို့ ရောက်လာလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ စိတ်ကူးပင် ယဉ်မကြည့်ခဲ့ဖူးချေ။

ဤဂုဏ်ပြုမှုနှင့်အသိအမှတ်ပြုမှုသည် ရုတ်တရက် ရောက်ရှိလာသဖြင့် ဝေ့သုန်းဟိုင်သည် ပျော်ရွှင်မှုကြောင့် သတိလစ်မေ့မြောသွားလုနီးပါးပင်။

ကံကောင်းထောက်မစွာဖြင့် လော့ဟုန်ဖေးသည် ညင်သာစွာ ပြုံးလိုက်ပြီး သူ့ကို သတိပေးလိုက်၏။

"ညီအစ်ကိုဝေ့... ငါတို့အားလုံးက မင်းရဲ့ ဆုံးဖြတ်ချက်ကို နားထောင်မှာပါ...ဘာမှငြင်းဆန်မှာ မဟုတ်ဘူး"

ဝေ့သုန်းဟိုင်သည် ယုံကြည်မှုအနည်းငယ် ရရှိလာပြီး သူ၏ရှေ့ရှိ ရတနာများကို စတင်၍ စစ်ဆေးလိုက်တော့သည်။

နဂါးနှုတ်ခမ်းမွှေးများ....ရွှေရောင်လက်မကြီးများ....ငွေရောင်အမြီးများ....

ရာနှင့်ချီသော အလွန်ရှားပါးသည့် ရတနာများ....

ယခင်ကဆိုလျှင် ဤအရာများသည် စိတ်ကူးမယဉ်နိုင်လောက်အောင် များပြားသော ရိတ်သိမ်းမှုဖြစ်ပြီး ဝေ့သုန်းဟိုင် မျှော်လင့်ရဲမည် မဟုတ်ပေ။ သို့ရာတွင် ဤအရာများအနက် အများစုကို သူ၏လက်ဖြင့် ရယူခဲ့ခြင်းဖြစ်သောကြောင့် သူ အနည်းငယ်ပို၍ ယုံကြည်မှုရှိလာသည်။

ထို့နောက် စီနီယာရီဖုန်းကို ကျေးဇူးဆပ်ရန် တွေးလိုက်မိပြီး...

ဝေ့သုန်းဟိုင်က သတ္တိမွေးကာ ပြတ်ပြတ်သားသား တုံ့ပြန်ပြောဆိုလိုက်သည်။

"ကောင်းပြီလေ... ဒီလိုဆိုမှတော့ ကျွန်တော်က အားနာမနေတော့ဘူး"

စကားဆုံးသည်နှင့် သူသည် ရတနာမျိုးစုံနှစ်ရာနီးပါးကို သူ၏သူတော်စင်လက်စွပ်ထဲသို့ လျှင်မြန်စွာ ထည့်လိုက်ပြီး သူ၏ လှုပ်ရှားမှုများသည် အလွန်မြန်ဆန်ပေ၏။

လော့ဟုန်ဖေး၏မျက်နှာအမူအယာသည် ပုံမှန်အတိုင်းသာ ရှိနေပြီး အနည်းငယ်မျှသာ တည်ကြည်လေးနက်သွားသည်။

သို့ရာတွင် တခြားသူတော်စင်များကမူ သူတို့၏မျက်လုံးများ မျက်လုံးအိမ်များမှ ထွက်လုကျလုမတတ် ဖြစ်သွားကြသည်။

သူ့ကို အရင်ဆုံး အနည်းငယ်ရွေးချယ်ယူစေပြီးမှ ခွဲဝေခိုင်းခြင်းသည် သူ့အား လုံလောက်အောင် မျက်နှာသာ ပေးထားပြီးလေပြီ။ သို့ရာတွင် ဤကောင်စုတ်လေးသည် အမှန်တကယ်ကို တစိုးတစိမျှ တုံ့ဆိုင်းမနေဘဲ လက်တွေ့ဆန်လွန်းသည်။

ယခင်နှင့်ယခုလက်ရှိကို နှိုင်းယှဉ်ကြည့်လိုက်လျှင် ဝေ့သုန်းဟိုင်၏ လောဘကြီးပြီး ကပ်စေးနည်းသော စရိုက်သည် လုံးလုံးလျားလျား ပေါ်လွင်သွားလေပြီ။

ဤကောင်စုတ်သည် ဤမျှထိ အရှက်မရှိ ဖြစ်လာလိမ့်မည်ဟု မည်သူက တွေးထင်မိမည်နည်း။

ယခင်က ဒေါသနှင့် ယခု မကျေနပ်ချက်များ ရောထွေးသွားပြီး လော့ဟုန်ဖေးမှလွဲ၍ ကျန်သူတော်စင်လေးပါးသည် စကားပင် မပြောနိုင်တော့ချေ။ သူတို့သည် ဒေါသူပုန်ထနေခြင်းကြောင့် ပန်းပဲဖိုမှ လေမှုတ်စက်များအလား ဒေါသကြောင့် တရှူးရှူးတရှဲရှဲ ဖြစ်နေကြသည်။

ရတနာအချို့ ကျန်နေသေးသည်ကို မြင်လိုက်ရသဖြင့် သူတော်စင်များသည် ဝေ့သုန်းဟိုင်ကို ထပ်မံ၍ အာရုံမစိုက်တော့ချေ။

ရတနာများကို ခွဲဝေမှု ပြီးဆုံးခါနီးအချိန်တွင် အဝေးမှနေ၍ အလင်းတန်းနှစ်တန်း ထွက်ပေါ်လာသည်။

ဤသည်မှာ ကျူးဝူရနှင့် ဖုနန်ထျန်းတို့ပင်။

ထိုနှစ်ယောက်တွင် ဆန့်ကျင်ဘက် အမူအယာများ ရှိနေကြသည်။ တစ်ယောက်သည် မျက်နှာနီမြန်းကာ ဒေါသထွက်နေပြီး နောက်တစ်ယောက်ကမူ ရှေးဟောင်းထင်းရှူးပင်ကဲ့သို့ တည်ငြိမ်နေသည်။

သူတော်စင်များသည် သံသယများဖြင့် ထိုလူနှစ်ယောက်ကို ကြည့်လိုက်ကြ၏။

သူတို့နှစ်ယောက်သည် လေဟာနယ်အက်ကွဲကြောင်းကို သွားရောက်၍ စစ်ဆေးခဲ့ကြသည် မဟုတ်လော....

မည်သည်ကြောင့် သူတို့၏မျက်နှာအမူအယာများ ဤမျှထိ ကွာခြားနေရသနည်း...

ပစ္စည်းခွဲဝေမှုအပေါ် မကျေနပ်၍များ ဖြစ်နေသလော...

လော့ဟုန်ဖေးပင်လျှင် အနည်းငယ်သိချင်လာကာ တည်ကြည်လေးနက်သော မျက်နှာအမူအယာဖြင့် ကြည့်လိုက်သည်။

"ညီအစ်ကိုဖု... အက်ကွဲကြောင်း စုံစမ်းစစ်ဆေးမှု အခြေအနေက ဘယ်လိုလဲ"

ဤမေးခွန်းကို မမေးမြန်းလျှင် ပို၍ကောင်းမွန်မည်ကို မည်သူက သိနိုင်မည်နည်း....

ဤမေးခွန်းကြောင့် ဖုနန်ထျန်း၏မျက်လုံးများတွင် မျက်ရည်များ ဝဲလာသည်။

"အက်ကွဲကြောင်းက အဆင်ပြေပါတယ်... လေဟာနယ်သားရဲတွေ အစုခွဲသွားလို့ အဲ့ဒီအရာရဲ့ ပြန့်ကားမှုက ယာယီတည်ငြိမ်သွားပါပြီ... ငါတို့က အဲ့ဒီအက်ကွဲကြောင်းကို ပိတ်ဖို့ မှော်မန္တန်ဝင်္ကပါကိုလည်း ခင်းကျင်းထားပြီးပါပြီ"

"ဒါပေမဲ့..."

"အစ်ကိုလော့... အစ်ကိုလော့ရေ... ငါတို့ အပေါင်းအသင်းမှားသွားပြီ"

သူ၏ တုန်ရီနေသော နှုတ်ခမ်းများနှင့် ပြည့်လျှံနေသော မျက်ရည်များကြောင့် သူသည် ကြီးမားသော မတရားမှုကို ခံစားခဲ့ရပုံပေါက်ပြီး အလွန်ကြေကွဲဝမ်းနည်းဖွယ် ကောင်းနေသည်။

သူတော်စင်များအားလုံး ကြက်သေသေသွားကြပြီး လော့ဟုန်ဖေးသည်လည်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

"ညီအစ်ကိုဖု... ဘာလို့ ဒီလို ပြောရတာလဲ"

လူများအားလုံး၏အကြည့်များအောက်တွင် ဖုနန်ထျန်းက ကျူးဝူရကို ရုတ်တရက် မော့ကြည့်လိုက်သည်။

"ဒီကောင်စုတ်...."

"ဒီကောင်စုတ်က တကယ့်ကို မုန်းစရာကောင်းတယ်...."

"ငါက သူ့ကို ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်လို့ သတ်မှတ်ခဲ့တာ... ဒါပေမဲ့ ဒီကောင်က သူ့ရဲ့ အစစ်အမှန်စွမ်းအားကို တချိန်လုံး ဖုံးကွယ်ထားလိမ့်မယ်လို့ ငါ လုံးဝထင်မထားခဲ့ဘူး... သူ့မှာ အာရုဏ်ဦး ရှေးဟောင်းဓားတောင် ရှိသေးတယ်... ခုဏက သူ ငါ့ရှေ့မှာ ထုတ်ကြွားပြပြီးတော့... ငါ ဘယ်လောက်ပဲ မြှောက်ပင့်ပြောပြော သူက ထပ်ပြီးထုတ်မပြတော့ဘူး"

"ငါတို့တွေက ဒီနေရာကို ကာကွယ်လာတာ နှစ်တွေ အများကြီး ကြာနေပြီ... ပြောရရင် သေအတူရှင်မကွဲ ရဲဘော်ရဲဘက်တွေပဲ... သူ အရမ်းကပ်စေးနည်းတာက ထားလိုက်ပါတော့... ဒါပေမဲ့ သူက ရှေးဟောင်းဓားနဲ့ ငါ့ကို အကြိမ်ကြိမ် စနောက်ပြီးတော့ သူရထားတဲ့ ရတနာတွေကို မျှဝေပေးဖို့ ငြင်းဆန်တာကတော့ တကယ်ကို ယုတ်မာတဲ့ ခွေးသူခိုးပဲ..."

ဖုနန်ထျန်း၏စကားသံတွင် နာကြည်းချက်များဖြင့် ပြည့်နှက်နေပြီး သူတော်စင်များကို ချက်ချင်း ထိတ်လန့်တုန်လှုပ်သွားစေကာ သူတို့၏မျက်လုံးများကို ပြူးကျယ်သွားစေသည်။

"ဘာ..."

"ကျူးဝူရမှာလည်း တစ်လက် ရှိတယ်... ဟုတ်လား"

"ဒါ... ဒါက တကယ်ကို လွန်လွန်းတယ်"

"ရှေးဟောင်းဓားရဲ့ စွမ်းအားကို သုံးပြီး ရတနာတွေကို အရင်ယူတယ်ဆိုတာ... ဘာလို့ ဒီစကားက ရင်းနှီးနေပါလိမ့်..."

"ဆရာတူတပည့်တွေ ပီသပါပေတယ်... နှစ်ကောင်လုံးက သောက်ကျိုးနည်း ခွေးသူခိုးတွေပဲ"

အမှန်တရားကို ကြားလိုက်ရချိန်၌ သူတော်စင်များသည် ဆဲရေးတိုင်းထွာခြင်းမပြုဘဲ မနေနိုင်ကြတော့ချေ။

ဝေ့သုန်းဟိုင်၏ ရှေးဟောင်းဓားကို သူတို့ မြင်တွေ့ခဲ့ရပြီး ထိုအရာ၏ကြောက်မက်ဖွယ် စွမ်းအားကို သိရှိထားကြသည်။ ကျူးဝူရထံတွင်လည်း ထိုကဲ့သို့ ရှေးဟောင်းတစ်လက်ရှိပြီး ရတနာများကို စုဆောင်းရန် အသုံးပြုခဲ့ကြောင်း ကြားလိုက်ရချိန်၌ သူတို့၏ ဒေါသနှင့်စိတ်ပျက်မှုများသည် နှစ်ဆမက တိုးလာပေ၏။

ရုတ်ချည်းဆိုသလိုပင် ရှေးဟောင်းသူတော်စင် လော့ဟုန်ဖေး၏ပါးစပ်ပင် အနည်းငယ် တယွယွဖြစ်သွားသည်။

တခြားသူတော်စင်ခြောက်ပါးလုံး အံ့တင်းတင်းကြိတ်လိုက်ကြသည်။

နှစ်ပေါင်းများစွာ ကြာမြင့်သည်အထိ....

ဤညီအစ်ကိုနှစ်ယောက်သည် ကျင့်ကြံဆင့် အားနည်းသည်ဟု လူများအားလုံး တွေးထင်ခဲ့ကြပြီး အကြိမ်ကြိမ်ဦးစားပေးခဲ့ကြကာ အန္တရာယ်ကြုံလာတိုင်း အမြဲတစေ ပို၍ဂရုစိုက်ပေးခဲ့ကြသည်။

သူတို့ထံ၌ အာရုဏ်ဦးရှေးဟောင်းဓားများ ရှိနေမည်ဟု မည်သူက တွေးထင်မိမည်နည်း။

ထို့ပြင် သူတို့ တစ်ယောက်စီထံတွင် ဓားတစ်လက်စီ ရှိနေသည်။

ဤကဲ့သို့ နတ်ဘုရားလက်နက်များ သူတို့၏လက်ထဲတွင် ရှိနေသဖြင့် မည်သည့်အရာကို ဂရုစိုက်ရန် လိုအပ်မည်နည်း....

မည်သူက မည်သူ့ကို ဂရုစိုက်ပေးနေသည်ကိုပင် မသေချာတော့ချေ။

သူတို့၏ရှေ့တွင် မရေမတွက်နိုင်သော ရတနာများသာ ရှိမနေလျှင် ဤကောင်စုတ်နှစ်ကောင်သည် သူတို့၏ဟန်ဆောင်မှုကို မည်မျှထိကြာကြာ ဆက်လုပ်နေမည်အား မသိနိုင်ချေ။

'ငါတို့က မင်းတို့ကို ညီအစ်ကိုရင်းတွေလို ဆက်ဆံခဲ့တာ... မင်းတို့နှစ်ကောင်က ဝါရင့် သရုပ်ဆောင်တွေ ဖြစ်နေတာပါလား....'

သူတို့ နှစ်ပေါင်းများစွာ တွေ့ကြုံခဲ့ရသည်များကို ပြန်စဉ်းစားကြည့်ရင်း သူတော်စင်များ၏ မျက်နှာများ ဒေါသကြောင့် နီမြန်းလာသည်။

သူတို့၏ ခက်ထန်တင်းမာသော အမူအယာများသည် ထိုညီအစ်ကိုနှစ်ယောက်ကို တံတွေးနှင့် နှစ်သတ်ရန် လုံလောက်လုနီးပါးပင်။

"မြန်မြန်ပြောစမ်း... မင်းတို့နှစ်ယောက်က ဒီ အာရုဏ်ဦး ရှေးဟောင်းဓားတွေကို ဘယ်လို ရခဲ့တာလဲ"

ထိုအချိန်မှာပင် ဖုနန်ထျန်းက အရေးကြီးသော မေးခွန်းကို မေးမြန်းလိုက်သည်။

"မပြောနိုင်ဘူး..."

"ငါ မသိဘူး...."

သူတို့နှစ်ယောက်သား တပြိုင်နက်တည်း ငြင်းဆန်လိုက်ကြပြီးနောက် မည်သည့်စကားမျှ ထပ်မပြောကြချေ။

ဤသည်မှာ လူများအားလုံးကို အလွန် ဒေါသထွက်စေပြီး မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ထိုလူနှစ်ယောက်ကို စိုက်ကြည့်လိုက်ကြသည်။

ကျူးဝူရ၏မျက်နှာအမူအယာသည် တည်ငြိမ်အေးဆေးနေပြီး သူတို့ကို ကြည့်ခွင့်ပေးထားကာ ခွေးအိုကြီးတစ်ကောင်ကဲ့သို့ တည်ငြိမ်နေသည်။

ဝေ့သုန်းဟိုင်ကသာ မနေနိုင်တော့ဘဲ တိတ်တဆိတ် အသံပေးပို့လေ၏။

"စီနီယာအစ်ကို... ကျွန်တော်တို့ နည်းနည်း လွန်သွားပြီလို့ မထင်ဘူးလား"

ကျူးဝူရက ပြုံးလိုက်ပြီး သူ့ကို ကြည့်ရသည်မှာ အခြေအနေအားလုံးကို ထိန်းချုပ်ထားနိုင်ပုံပင်။

"ဂျူနီယာညီလေး... မင်းက နုပါသေးတယ်"

"စဉ်းစားကြည့်စမ်း... တကယ်လို့ ငါတို့ကသဟ အမှန်အတိုင်း ပြောလိုက်ရင် စီနီယာရီဖုန်းရဲ့ သိုသိုသိပ်သိပ် နေတတ်တဲ့ ပုံစံကို ဖျက်ဆီးလိုက်သလို ဖြစ်မသွားဘူးလား... စီနီယာကို စော်ကားမလား... ဒါမှမဟုတ် မိတ်ဆွေ တာအိုကျင့်ကြံသူတွေကို စော်ကားမလား... ဘယ်ဟာကို ရွေးရမလဲဆိုတာ မင်း စဉ်းစားနေဖို့ လိုသေးလို့လား"

"ဒီလူအိုကြီးတွေက ခဏလောက် မနာလိုဖြစ်နေရုံပဲ... ရက်နည်းနည်းကြာရင် အဆင်ပြေသွားမှာပါ... မင်း စိတ်ထဲ ထားနေစရာ မလိုပါဘူး... ငါတို့က စီနီယာပေးတဲ့ အခွင့်အလမ်းကို ရရှိထားတာဆိုတော့ ဝေဖန်မှုတွေကို ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားရမယ်... သူတို့ကို မနာလို ဖြစ်ခိုင်းထားလိုက်ပါ"

"စီနီယာနဲ့ မိတ်ဆွေဖွဲ့ထားမှတော့ ငါတို့မှာ ပိုပြီး တော့ ကျယ်ပြန့်တဲ့ အမြင်ရှိရမယ်လေ... မင်း နားလည်လား"

ဝေ့သုန်းဟိုင် ရုတ်တရက် နားလည်သဘောပေါက်သွားပြီး အပြုံးနှင့် ဦးညွှတ်လိုက်သည်။

"အော်... အဲ့ဒီလိုကိုး... စီနီယာအစ်ကိုရဲ့ အတွေးတွေက ငါ့ထက် ပိုပြီးစေ့စပ်သေချာတာပဲ"

သူသည် ထိုသို့ပြောဆိုလိုက်သော်လည်း စီနီယာရီဖုန်းကို ကျေးဇူးဆပ်မှုအဖြစ် ပေးအပ်ရန် ရတနာအမြောက်များကို စုဆောင်းထားပြီးဖြစ်ကာ သူ့စီနီယာအစ်ကိုထက်သာလွန်နေသဖြင့် တိတ်တဆိတ် ပျော်ရွှင်နေမိသည်။

ကျူးဝူရလည်း နောက်ကောက်ကျမခံချေ။ အက်ကွဲကြောင်းကို စုံစမ်းစစ်ဆေးနေစဉ် လမ်းတလျှောက်တွင် သူသည်လည်း ရတနာများစွာ စုဆောင်းခဲ့ပြီး နဂါးနှုတ်ခမ်းမွှေး သုံးလေးဆယ်ခန့် ပါဝင်ပေ၏။

စီနီယာရီဖုန်းပင်လျှင် ဤကဲ့သို့ အဖိုးတန်ရှားပါးသော ပစ္စည်းများကိုမြင်တွေ့လျှင် အလွန်ပျော် ရွှင်သွားမည် မဟုတ်လော....

ညီအစ်ကိုနှစ်ယောက်သည် မသိမသာ ပြုံးလိုက်ကြပြီး ပူးပေါင်းကြံစည်နေသော လူယုတ်မာနှစ်ယောက်အလားပင်။

သူတို့သည် စကားတစ်ခွန်းမျှ မပြောသော်လည်း တခြားသူတော်စင်များသည် ဤလူနှစ်ယောက် အသံပေးပို့ခြင်းဖြင့် ပြောဆိုဆက်သွယ်နေကြပြီး သူတို့၏မာန်မာနများဖြင့် ဘဝင်ခိုက်နေကြကြောင်း သိရှိထားကြသည်။

ရှေးဟောင်းဓားများရှိနေခြင်းသည် တစ်ကဏ္ဍဖြစ်ပြီး ရတနာများ ရရှိထားခြင်းသည် နောက်ထပ်ကဏ္ဍတစ်ခုပင်။

'ဒါပေမဲ့ ဒီလောက်ထိ သိသာအောင် ဟန်လုပ်မနေလို့ မရဘူးလား'

သူတော်စင် ခြောက်ယောက်၏မျက်နှာများ မည်းမှောင်သွားပြီး အသံထွက်၍ ဆဲဆိုမိလုနီးပါးပင်။

"တော်ကြတော့...အက်ကွဲကြောင်းလည်း ပိတ်ပြီးပြီ... ပြန့်ကျဲနေတဲ့ လေဟာနယ်သားရဲတွေကိုလည်း ရှင်းပြီးပြီဆိုတော့ ငါတို့ အိမ်ပြန်ကြစို့"

ညီအစ်ကိုနှစ်ယောက်သည် စကားထပ်မပြောချင်ကြောင်း မြင်တွေ့မိသဖြင့် လော့ဟုန်ဖေးက ဆက်လက်၍ ဖိအားမပေးတော့ချေ။ ထိုအစား သူသည် ညီအစ်ကိုနှစ်ယောက်ကို အကျပ်အတည်းမှ ကူညီပေးလိုက်ပြီး ခေါင်းဆောင်တစ်ဦး၏ ကြီးမြတ်သော သဘောထားကို ပြသလိုက်သည်။

လော့ဟုန်ဖေးက ဤသို့ ပြောလိုက်သဖြင့် လူများအားလုံးသည် အခံရခက်နေသော်လည်း ပါးစပ်ပိတ်ထားလိုက်ကြ၏။

လူတိုင်း လေဟာနယ်ကိုခွဲကာ ပြန်ရန် ဟန်ပြင်နေကြစဉ်မှာပင်.....

ရုတ်တရက် သူတို့သည် အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ရပ်ကို ခံစားလိုက်ရသည်။

လော့ဟုန်ဖေးသည် ရုတ်တရက် မိုးကောင်းကင်ကို မော့ကြည့်လိုက်ပြီး သူ၏ မှုန်ဝါးနေသော မျက်လုံးများတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။

"စင်္ကြန်လမ်းရဲ့ စွမ်းအားပဲ...ဟွေ့ကူရှေးဟောင်းစင်္ကြန်လမ်း ပွင့်လာတော့မယ်...."

ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး သူတော်စင်များ၏ မျက်နှာအမူအယာများ ပြောင်းလဲသွားတော့သည်။

All Chapters