အခန်း (၁၀၂၆)
Vol. 70 Ch. 1026
"ကျွန်မတို့က လနတ်ဘုရားခန်းမဆောင်နဲ့ မဟာမိတ်ပြုထားတဲ့ လန်ရှင်းကြယ်နယ်မြေက လာတာပါ... ယွင်ရှင်းနယ်မြေမှာ လေဟာနယ် အပြောင်းအလဲတွေ ဖြစ်နေတာကို အာရုံခံမိပြီးတော့ လေဟာနယ်သားရဲတွေ အများကြီး ထွက်ပေါ်လာမှာကို စိုးရိမ်တာကြောင့် အခုလို အကူအညီ လာပေးတာပါ"
လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး၏ နူးညံ့သောအသံသည် သူတော်စင်ရှစ်ပါးလုံးကို အံ့အားသင့်တုန်လှုပ်သွားစေပြီး သူတို့၏မျက်လုံးများကို ပြူးကျယ်သွားစေသည်။
လော့ဟုန်ဖေး၏မျက်နှာအမူအယာသည် ပို၍တည်ကြည်လေးနက်လာပြီး လောကကြီးပျက်သုဥ်းတော့မည့်အကြောင်းကို ကြားလိုက်ရသည့်အလားပင်။
သူသည် ဤရုတ်တရက် ကြားလိုက်ရသော အမှန်တရားကို ယုံကြည်ရန် ခက်ခဲနေပေ၏။ သို့ရာတွင် ထိုအမျိုးသမီး၏ တည်ငြိမ်သော အမူအယာနှင့် သတ်ဖြတ်လိုစိတ် အနည်းငယ်မျှ မရှိခြင်းကို မြင်လိုက်ရချိန်၌ သူ တစ်ဝက်ခန့် ယုံကြည်သွားသည်။
တစ်ဖက်လူ ပြောဆိုသည့်အရာသည် လက်တွေ့အခြေအနေနှင့် ကိုက်ညီနေသည်ဟု သူ တွေးလိုက်ပြီး ထူးဆန်းသည့်အရာမရှိနိုင်ဟု ထင်မြင်ယူဆမိသည်။
လော့ဟုန်ဖေးက ယဉ်ကျေးသိမ်မွေ့စွာ ဦးညွှတ်၍ ကျေးဇူးတင်စကား ပြောဆိုလိုက်၏။
"အရှင်တို့သုံးယောက်က ကူညီပေးဖို့အတွက် ဒီလောက်ထိ ဝေးဝေးလံလံ ခရီးနှင်ခဲ့ကြတာကို ကျွန်တော်က တကယ့်ကို ကျေးဇူးတင်ရှိပါတယ်... တကယ်လို့ သာမန်ပြည်သူတွေကို အရှင်တို့က ကယ်တင်ပေးနိုင်မယ်ဆိုရင် ကျေးဇူးဆပ်တဲ့အနေနဲ့ ယွင်ရှင်းနယ်မြေရဲ့ အင်အားရှိသမျှ ပေးဆပ်ဖို့ ဆန္ဒရှိပါတယ်"
သူ ထိုစကားများကို ပြောဆိုလိုက်သည်နှင့် တခြားသူတော်စင်များက တိတ်တဆိတ် စူးစိုက်၍ကြည့်နေကြသည်။
လော့ဟုန်ဖေး၏ စကားများသည် အလွန်သတိကြီးစွာထား၍ ပြောဆိုခြင်းပင်။ ပထမအချက်မှာ တစ်ဖက်လူ၏ ရည်ရွယ်ချက်အမှန်ကို စုံစမ်းရန်ဖြစ်ပြီး ဒုတိယအချက်မှာ ဆုလာဘ်ကမ်းလှမ်းခြင်းဖြင့် ဤလူသုံးဦး၏ စိတ်နေသဘောထားကို စမ်းသပ်ရန် ဖြစ်သည်။
ဤအလွန်အစွမ်းထက်သော ကမ္ဘာခြားဧည့်သည်တော်များနှင့် ရင်ဆိုင်ရချိန်တွင် သူတို့ အလွန်အမင် သတိထားရန် လိုအပ်သည်။
လူများအားလုံး ကြည့်နေစဥ်မှာပင် ခေါင်းဆောင်အမျိုးသမီးက အရေးမစိုက်သောလေသံဖြင့် ပြောဆိုသည်။
"ဘာမှ မလိုအပ်ပါဘူး"
"ယွင်ရှင်းနဲ့ ကျွန်မတို့ လန်ရှင်းက သိပ်မဝေးဘူး... ယွင်ရှင်းနယ်မြေကို လေဟာနယ်သားရဲတွေ သိမ်းပိုက်သွားမှာကို ကျွန်မတို့က လက်ပိုက်ကြည့်မနေနိုင်ဘူး... မဟုတ်ရင် မဟာမိတ် ပြိုကွဲသွားတဲ့ အကျိုးဆက်ကို ခံစားရလိမ့်မယ်"
"တကယ်လို့ ရှင်တို့ တစ်ယောက်ယောက်ကို ကျေးဇူးတင်ချင်တယ်ဆိုရင် ကျွန်မတို့ လန်ရှင်းနဲ့ ဘေးချင်းကပ်ပြီး တည်ရှိနေတဲ့ ရှင်တို့ ယွင်ရှင်းနယ်မြေရဲ့ ကံကောင်းမှုကိုသာ ကျေးဇူးတင်လိုက်ပါ... အဲ့ဒါကြောင့်သာ မဟုတ်ရင် ရှင်တို့ရဲ့သေရေးရှင်ရေးက ကျွန်မတို့နဲ့ ဘာမှသက်ဆိုင်မှာမဟုတ်ဘူး"
သူမ၏နူးညံ့သောအသံတွင် အေးစက်ပြီး လွှမ်းမိုးချုပ်ကိုင်လိုစိတ်များ ရှိနေကာ မွေးရာပါ မာန်မာနများဖြင့် ပြည့်နှက်နေသည်။
ဤသည်မှာ အင်အားကြီးသူတို့၏ လျစ်လျူရှုတတ်မှုနှင့် စွမ်းအားရှိသူတို့၏ သာလွန်သော ခံစားချက်ပင်။
ဤစကားများသည် အနည်းငယ် နားထောင်ရ ဆိုးသော်လည်း လော့ဟုန်ဖေးနှင့်တခြားလူများအားလုံး သက်ပြင်းချနိုင်လိုက်ကြသည်။ ဤလူသုံးယောက်သည် အစွမ်းထက်ပြီး မောက်မာထောင်လွှားသော်လည်း လိမ်ပြောရန် မလိုအပ်ချေ။
သူတို့က ကူညီရန် ရောက်လာခြင်းဖြစ်သရွေ့ ကြွင်းကျန်သောအရာများသည် အရေးမကြီးတော့ချေ။
အင်မော်တယ်လမ်းစဉ်တွင် စွမ်းအားသည်သာ အထွတ်အထိပ်ပင်။
သူတို့ရှစ်ယောက်သည် မရေမတွက်နိုင်သော အခက်အခဲများနှင့် ဆင်းရဲဒုက္ခများကို ကြုံတွေ့ခဲ့ရပြီးဖြစ်ကာ ထိုကဲ့သို့ လွှမ်းမိုးချုပ်ကိုင်မှုကို သဘာဝကျသည်ဟုသာ ရှုမြင်ကြသည်။
ရောက်လာသော ဧည့်သည်တော်များသည် ပို၍သန်မာအားကောင်းလေလေ ထိုလူများသည် ကောက်ကျစ်စဉ်းလဲသော နည်းလမ်းများကို အသုံးပြုရန် ပို၍ဝန်လေးလေလေ ဖြစ်ပေမည်။
ဤလူများသည် ကူညီရန် ရောက်လာခြင်းဖြစ်သဖြင့် အရာအားလုံး အဆင်ပြေသွားလေပြီ။ သူတို့သည် တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲပြီးခါစဖြစ်ကာ သူတို့၏ တာအိုစွမ်းအားထက်ဝက်ကျော် ကုန်ခမ်းနေလေပြီ။ အကယ်၍ သူတို့သာ ဤလူသုံးဦးနှင့် အမှန်တကယ် ရင်ဆိုင်ခဲ့ရလျှင် ယနေ့၌ သူတို့အတွက် အန္တရာယ်ကျရောက်လာနိုင်သည်။
သူတော်စင်ရှစ်ပါးသည် တိတ်တဆိတ် သက်ပြင်းချလိုက်ကြ၏။
"ဟူး..."
လော့ဟုန်ဖေးသည် လေဟာနယ်ထဲတွင် လက်ဝှေ့ယမ်းလိုက်ပြီး ကြိုဆိုရန်အတွက် သူ၏ခန္ဓာကိုယ်ကို တိမ်းစောင်းကာ ဦးညွှတ်အရိုအသေပြုလိုက်သည်။
"အရှင်တို့ သုံးယောက်က မြင့်မြတ်တဲ့ စိတ်ထားရှိကြတာပဲ... ကျွန်တော်က အရမ်းလေးစားမိပါတယ်... ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ နိမ့်ကျတဲ့ နေအိမ်ကို လိုက်ခဲ့ပေးပါလား... ဒါမှ ကျွန်တော်တို့က ကိစ္စတွေကို အကျယ်တဝင့် ဆွေးနွေးနိုင်မှာပါ"
ထိုလူသုံးယောက်သည် စကားများစွာမပြောဘဲ အမျိုးသမီး၏ ဦးဆောင်မှုအောက်တွင် ရှေ့သို့ ခြေလှမ်းလှမ်းလိုက်ကြ၏။
လေဟာနယ်ထဲတွင် လှိုင်းဂယက်များ ထသွားပြီး သူတို့၏ပုံရိပ်များ တပြိုင်နက်တည်း ပျောက်ကွယ်သွားသည်။
အချိန်တခဏအတွင်းမှာပင်...
သူတော်စင်ရှစ်ပါးသည် ကမ္ဘာခြားဧည့်သည်တော်သုံးဦးကို ခြံရံပြီး ရွာသို့ ပြန်ရောက်လာကြသည်။
ယဉ်ကျေးမှုအရ အပြန်အလှန် စကားအနည်းငယ် ပြောဆိုပြီးနောက် သူတော်စင်အများစုသည် မည်သည့်အခြေအနေမျိုးအတွက်မဆို အဆင်သင့်ဖြစ်နေစေရန်အတွက် သူတို့၏တာအိုစွမ်းအားများကို ပြန်လည်ဖြည့်တင်းရန် ထွက်ခွာသွားကြသည်။ ဝါအကြီးဆုံးဖြစ်သော လော့ဟုန်ဖေးနှင့် ဖုနန်ထျန်းတို့သာ ရွာနောက်ဘက်ရှိ အိမ်တစ်လုံးတွင် ဆက်လက်၍ ကျန်နေခဲ့ကြသည်။
လော့ဟုန်ဖေးက လက်ဖက်ရည်ပူပူသုံးခွက်ကို သူကိုယ်တိုင် ငှဲ့ပေးရင်း ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုလိုက်၏။
"အရှင်တို့ သုံးယောက် ပြောခဲ့သလိုပဲ... ယွင်ရှင်းနယ်မြေမှာ မကြာသေးခင်က လေဟာနယ်အက်ကွဲကြောင်းတွေ အများကြီး ထွက်ပေါ်လာပြီးတော့....ဒီနေ့ လေဟာနယ်သားရဲတွေအများကြီး လွတ်ထွက်လာခဲ့တယ်... တဆိတ်လောက် မေးပါရစေ.... ကျွန်တော် မေးချင်တာက အရှင်တို့သုံးယောက်မှာ ဒါကို ဖြေရှင်းဖို့ အစီအစဉ် ရှိပါသလား"
ခေါင်းဆောင်အမျိုးသမီးသည် နှစ်ပေါင်းတစ်သောင်းသက်တမ်းရှိသော ယွင်ရွှယ်လက်ဖက်ရည်ဖြင့် တည့်ခင်းထားသည့်တိုင် လက်ဖက်ရည်ခွက်ကို တစ်ချက်မျှ မကြည့်ချေ။ တခြားနှစ်ယောက်သည် ဘေးခုံများတွင် ထိုင်နေကြပြီး တစ်ချက်သာ လှမ်းကြည့်ကာ ခွက်များကို ကောက်မယူကြပေ။
လော့ဟုန်ဖေးက စကားပြောဆိုမှသာ အမျိုးသမီးက သူ့ကို ကြည်လင်သော မျက်လုံးများဖြင့် ကြည့်လိုက်၏။
"ယွင်ရှင်းရဲ့ လေဟာနယ်အက်ကွဲကြောင်းတွေက တိုးလာတုန်းအဆင့်မှာပဲ ရှိသေးတယ်... ပြီးတော့ ရှင်တို့ရဲ့ကျင့်ကြံဆင့်တွေက အဲ့ဒါတွေကို ဖြေရှင်းဖို့အတွက် လုံလောက်မှု မရှိဘူး"
သူမ ပြောဆိုလိုက်သော စကားများသည် ရိုးရှင်းသော အမှန်တရားများပင်။
လော့ဟုန်ဖေးနှင့် ဖုနန်ထျန်းတို့၏ မျက်နှာများ နီမြန်းသွားသော်လည်း သူတို့သည် တုံ့ပြန်ပြောဆိုဝံ့ကြချေ။
ယွင်ရှင်းနယ်မြေပေါ်ရှိ အရာအားလုံးသည် သူမ အာရုံစိုက်ရန် မထိုက်တန်သည့်အလား အမျိုးသမီးသည် သူတို့၏မျက်နှာအမူအယာများကို လုံးလုံးလျားလျား ဂရုမစိုက်ဘဲ ဆက်လက်၍ ပြောဆိုသည်။
"အခုချိန်မှာ ယွင်ရှင်းရဲ့ ဟွေ့ကူရှေးဟောင်းစင်္ကြန်လမ်း ပွင့်သွားပြီ... ပြီးတော့ အဲ့ဒီနေရာမှာ အရမ်းနက်ရှိုင်းတဲ့ တာအိုစွမ်းအားတွေ စုဆောင်းမိနေတယ်... ရှင်တို့က အဲ့ဒီထဲကို ဝင်ပြီးတော့ စွမ်းအားတွေကို စုပ်ယူနိုင်တယ်... သူတော်စင်အဆင့်နဲ့ အထက်မှာ ရှိတဲ့သူတွေက ကျင့်ကြံဆင့်ကို မြှင့်တင်ဖို့ ဒီအခွင့်အရေးကို အသုံးချနိုင်တယ်... ဒါက လေဟာနယ်သားရဲဒီရေလှိုင်းကို ရင်ဆိုင်တဲ့နေရာမှာ အထောက်အကူ ပြုလိမ့်မယ်"
လော့ဟုန်ဖေးနှင့်ဖုနန်ထျန်းတို့သည် သူမထံသို့ မော့ကြည့်လိုက်ကြပြီး သူတို့၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ထင်ဟပ်လာသည်။
အစောပိုင်းက စင်္ကြန်လမ်း၏ဝင်ပေါက်တွင် မတ်တတ်ရပ်နေစဉ်၌ သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော တာအိုစွမ်းအားကို ခံစားခဲ့ရပြီးဖြစ်သည်။
ထိုအရာကို အသုံးပြုနိုင်လိမ့်မည်ဟု သူတို့ မျှော်လင့်မထားမိချေ။ အကယ်၍သာ ဤသတင်းကို ဖြန့်လိုက်ပြီး ယွင်ရှင်းမှ သူတော်စင်များအားလုံး ကျင့်ကြံဆင့်ကို မြှင့်တင်နိုင်ခဲ့လျှင် သူတို့ အောင်မြင်နိုင်သော အခွင့်အလမ်းများ တိုးတက်လာပေလိမ့်မည်။
သို့ရာတွင် အိမ်နီးချင်းကြယ်နယ်မြေကိုပင် သတိပေးလိုက်ရသည်ဟု တွေးတောမိလျှင် ဤလေဟာနယ်သားရဲဒီရေလှိုင်းသည် အလွန် ကြောက်မက်ဖွယ် ကောင်းနေနိုင်သည်။
လော့ဟုန်ဖေးသည် မောက်မာရဲခြင်း မရှိဘဲ လမ်းညွှန်မှုကိုသာ ထပ်မံ၍ တောင်းခံလိုက်သည်။
"လမ်းညွှန်ပေးတဲ့အတွက် စီနီယာသုံးယောက်ကို ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ကျင့်ကြံဆင့်တွေက နိမ့်ပါးပြီးတော့ အခြေအနေက အရေးတကြီး ဖြစ်နေတော့ ကျွန်တော် စိုးရိမ်မိတာက..."
သူ၏စကားမဆုံးမီမှာပင် အမျိုးသမီးက အေးစက်စက်လေသံဖြင့် ကြားဖြတ်ပြောဆိုလိုက်၏။
"ဒါပေါ့... ရှင်တို့ချည်းပဲ ဖြေရှင်းလို့ မရဘူး"
"ကျွန်မတို့ သုံးယောက်က သင့်တော်တဲ့အချိန်မှာ ဝင်ပါပြီးတော့ အဆင့်မြင့် လေဟာနယ်သားရဲတွေကို သတ်ဖြတ်ဖို့နဲ့ ကိုင်တွယ်ရခက်ခဲတဲ့ အက်ကွဲကြောင်းတချို့ကို ပိတ်ဖို့အတွက် ကူညီပေးမှာပါ"
"ဒီလေဟာနယ်သားရဲဒီရေလှိုင်းက တစ်ရက်တည်းနဲ့ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး... ရှင်တို့က စွမ်းအားတွေတိုးတက်လာဖို့အတွက် ဟွေ့ကူရှေးဟောင်းစင်္ကြန်လမ်းထဲကို ဝင်ဖို့ သူတော်စင်တွေကို ရွေးချယ်ရုံတင်မကဘူး...ကျွန်မကို ယွင်ရှင်းကြယ်နယ်မြေရဲ့မြေပုံလည်း ပေးရမယ်... ပြီးတော့ နောက်ဆုံးအနေနဲ့ ကျွန်မတို့ လန်ရှင်းမှာ သွားရောက်ကျင့်ကြံဖို့အတွက် အလားအလာရှိတဲ့ လူငယ်တချို့ကို ရွေးချယ်ပေးရမယ်"
"ဒီအစီအစဉ်သုံးရပ်နဲ့ဆိုရင် ရှင်တို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က မျိုးဆက်သစ် အရည်အချင်းတွေ ကင်းမဲ့တဲ့ဒဏ်ကို ခံစားရမှာ မဟုတ်ဘူး... ပြီးတော့ ယွင်ရှင်းကြယ်နယ်မြေလည်း ဘေးကင်းသွားမှာပါ"
သူမ၏ အေးစက်စက် စကားများသည် လွှမ်းမိုးချုပ်ကိုင်လိုစိတ်ပြင်းထန်ပြီး ပြတ်သားသည်မှာ သိသာထင်ရှားပေ၏။
သို့ရာတွင် လော့ဟုန်ဖေး၏မျက်လုံးများသည် တောက်ပလာပြီး သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
သူမ၏စကားများသည် အပြည့်အဝ ရှင်းလင်းခြင်း မရှိချေ။ သို့ရာတွင် လေဟာနယ်သားရဲဒီရေလှိုင်းနှင့် ရင်ဆိုင်ရမည့် ဤထိပ်တိုက်တွေ့ဆုံမှုသည် အလွန်ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲတစ်ပွဲ ဖြစ်လာပေမည်။ ထိုကြောင့် ယွင်ရှင်းနယ်မြေမှ ပါရမီရှင်အမြောက်အများ သေဆုံးကြရမည်ကို သူ မှန်းဆနိုင်သည်။
တစ်ချိန်တည်းတွင် ဤသည်မှာ မကြုံစဖူး ကြီးမားသော အခွင့်အရေးကြီးတစ်ခုပင်။
ပထမဦးစွာ ဤကျင့်ကြံဆင့်မြင့်မားသော ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်သုံးဦး၏ အကူအညီရှိနေသည်။ ထို့နောက် ကျင့်ကြံဆင့် မြှင့်တင်ရန် ဟွေကူရှေးဟောင်းစင်္ကြန်လမ်းမှ တာအိုစွမ်းအားများ ရှိနေသည့်အပြင် လူငယ်ပါရမီရှင်များအတွက် စွမ်းအားတိုးတက်စေမည့် အခွင့်အရေးကောင်းလည်း ရှိသည်။
မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ဤသည်က ကြီးမားသော အကူအညီပင်။
နှစ်ပေါင်းတစ်သောင်းကြာ အထီးကျန်ဖြစ်ခဲ့ပြီးနောက် ယွင်ရှင်း၏စုစုပေါင်းအင်အားသည် ရှေးခေတ်ကာလကထက် များစွာနိမ့်ကျနေသည်။ အကယ်၍ သူတို့သည် ဤသွေးထွက်သံယိုတိုက်ပွဲကို နှစ်ခြင်းမင်္ဂလာတစ်ခုအဖြစ် အသုံးပြုပြီး သူတို့၏ အင်အားကို သိသိသာသာ မြှင့်တင်နိုင်ခဲ့လျှင် သူတို့၏ယခင်ဂုဏ်ကျက်သရေကို ပြန်လည်ရယူနိုင်ကောင်း ရယူနိုင်ပေလိမ့်မည်။
အင်မော်တယ်လမ်းစဉ်သည် အမြဲတစေ အသန်မာဆုံးသူသာ ရှင်သန်၍ကျန်ရစ်ခဲ့ခြင်းပင်။ အကယ်၍ သူတို့သည် ဤအခွင့်အရေးကို ဆုပ်ကိုင်နိုင်ခြင်းမရှိပါက နောင်တစ်ချိန်တွင် တခြားကမ္ဘာခြားဧည့်သည်တော်များ ရောက်လာခဲ့လျှင် ယွင်ရှင်းသည် သူတို့၏ ကရုဏာထားမှုအောက်တွင်သာ မူတည်နေပေလိမ့်မည်။
အကယ်၍ သူတို့သည် ဤကပ်ဘေးကို ကျော်လွှားနိုင်ခဲ့လျှင် ယွင်ရှင်း၏ အင်အားသည်လည်း များစွာတိုးတက်လာပေလိမ့်မည်။
ဤစေ့စပ်သေချာသော မဟာဗျူဟာကို ကြားလိုက်ရပြီးနောက် လော့ဟုန်ဖေး၏မျက်နှာ ရွှင်လန်းလာပြီး သူ့ထံတွင် ကြီးမားသော ယုံကြည်ချက်များဖြင့် ပြည့်နှက်သွားသည်။
သူ၏နံဘေးရှိ ဖုနန်ထျန်းထံတွင်လည်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပေ၏။
သူတို့သည် ဘဝတစ်လျှောက်လုံးနီးပါး ကျင့်ကြံခဲ့ကြပြီး ဤကဲ့သို့ တိုက်ပွဲကြီးမျိုးကို တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသည့်အပြင် ဤကဲ့သို့ အံ့မခန်းအခွင့်အရေးမျိုးလည်း မကြုံဖူးချေ။ ဟွေ့ကူရှေးဟောင်းစင်္ကြန်လမ်းသို့ ဝင်ရောက်လိုက်သည်နှင့် သူတို့၏ကျင့်ကြံဆင့်များသည် အရှိန်အဟုန်ဖြင့် တိုးတက်လာပေလိမ့်မည်။
ဤသည်မှာ နှစ်ပေါင်းတစ်သောင်းကြာ စုဆောင်းထားသော တာအိုစွမ်းအားများဖြစ်ပြီး ရှေးဟောင်းပါရမီရှင်များ ချန်ထားခဲ့သော စိတ်ဆန္ဒများလည်း ပါဝင်နေသည်။
သူတို့သည် ပို၍တွေးတောမိလေလေ ပို၍စိတ်လှုပ်ရှားလေလေဖြစ်ပြီး ကပ်ဘေးကြီးဆိုသည့်အရာနှင့် ပတ်သက်၍ ယုံကြည်ချက်များဖြင့် ပြည့်နှက်လာသည်။
သူတို့၏မျက်လုံးများသည် အရွယ်ကောင်းကို ပြန်ရောက်သွားသည့်အလား တောက်ပနေပေ၏။
သူတို့၏ စိတ်လှုပ်ရှားနေသော မျက်နှာအမူအယာများကို မြင်လိုက်ရသော်လည်း လန်ရှင်းမှ လူသုံးယောက်သည် ဂရုမစိုက်ဘဲ နေမြဲအတိုင်းသာ နေကြသည်။
ခေါင်းဆောင်အမျိုးသမီးသည် သူတို့အား ကြည့်လိုပုံမရသည့်အပြင် စကားပြောဆိုရန် ရည်ရွယ်ချက်လည်း မပြသဘဲ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေသည်။ သူမ၏မျက်နှာအမူအယာသည် ဝမ်းသာခြင်း ဒေါသထွက်ခြင်းစသည့် မည်သည့်ခံစားချက်အရိပ်အယောင်မျှ မရှိချေ။ ဤသည်မှာ လူများကို အကွာအဝေးတစ်ခုတွင် ထားရှိသော မွေးရာပါ တသီးတခြားနေတတ်သည့် ပုံစံမျိုး ရှိနေကာ အလွန်မောက်မာသော်လည်း စိတ်အနှောင့်အယှက်ဖြစ်ဖွယ် မကောင်းချေ။
သို့ရာတွင် လန်ရှင်းမှလူငယ်တစ်ဦးကမူ စိတ်မရှည်စပြုလာသည်။
"အဲ့ဒါတွေက နောက်မှ လုပ်ရမယ့် ကိစ္စတွေပါ... စင်္ကြန်လမ်းထဲကို မဝင်ခင် အရင်ဆုံး ကျွန်တော်တို့ကို ယွင်ရှင်းရဲ့မြေပုံ ပေးပါ... ပြီးတော့ ယွင်ရှင်းနယ်မြေမှာ လမ်းပြလုပ်ပေးဖို့အတွက် တစ်ယောက်ယောက်ကို ရှာပေးပါ"
လော့ဟုန်ဖေးနှင့် ဖုနန်ထျန်းတို့သည် သတိပြန်ဝင်လာပြီး ခေါင်းညိတ်လိုက်ကြသည်။
"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ"
သို့ရာတွင် လမ်းပြအကြောင်း ကြားလိုက်ရချိန်၌ သူတို့နှစ်ယောက်လုံး အခက်တွေ့သွားကြသည်။
ဗဟုသုတကြွယ်ဝသော လမ်းပြတစ်ယောက်ကို ရှာဖွေရန်မှာ လွယ်ကူသော ကိစ္စတစ်ရပ် မဟုတ်ချေ။ အထူးသဖြင့် ဤလူသုံးဦးသည် သာလွန်ထူးကဲသော အဆင့်အတန်း ရှိကြပြီး သာမန်လူများ လွယ်လင့်တကူ လက်လှမ်းမီနိုင်သူများ မဟုတ်ပေ။
အကောင်းဆုံးနည်းလမ်းကမူ ရွာထဲမှ သင့်တော်သူ တစ်ယောက်ယောက်ကို ရွေးချယ်ခြင်းပင်။
အရေးကြီးသောအချက်သည် ဤနေရာတွင် ရှိနေပေ၏။
အကယ်၍ တစ်စုံတစ်ယောက်သည် လမ်းပြအဖြစ် လိုက်ပါဆောင်ရွက်ရမည်ဆိုလျှင် သူသည် ဤလူသုံးဦးနှင့် အချိန်ကြာမြင့်စွာ အတူနေထိုင်ရပေမည်။ ထို့ကြောင့် ထိုလူသည် ဟွေ့ကူရှေးဟောင်းစင်္ကြန်လမ်း၏ ကြီးမားသော အခွင့်အရေးကြီးကို မလွဲမသွေ လက်လွတ်ဆုံးရှုံးရပေလိမ့်မည်။
အကယ်၍ မိတ်ဆွေဟောင်းအချို့သာ ဤကဲ့သို့သော အခွင့်အရေးကို လက်လွတ်လိုက်ရလျှင် သူတို့သည် ဤဘဝတွင် မည်သို့မျှ ထပ်မံ၍ တိုးတက်လာနိုင်တော့မည် မဟုတ်ချေ။
လူတစ်ဦးချင်းအတွက် ဖြစ်စေ ယွင်ရှင်း၏ တိုက်ခိုက်ရေးစွမ်းရည်အတွက် ဖြစ်စေ ဤသည်မှာ ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်ပေလိမ့်မည်။
ဖုနန်ထျန်းသည် သက်တောင့်သက်သာနေတတ်သူတစ်ဦး ဖြစ်သော်လည်း ဤအရေးကြီးသော ကိစ္စမျိုးတွင်မူ တွေဝေတုံ့ဆိုင်းခြင်းမရှိချေ။
သူသည် ချက်ချင်းဦးညွှတ်အရိုအသေပြုလိုက်ပြီး သူ၏မျက်နှာအမူအယာသည် မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင် ခိုင်မာပြတ်သားသွားပေ၏။
"အစ်ကိုလော့...."
သို့ရာတွင် သူ စကားမပြောနိုင်မီမှာပင် လော့ဟုန်ဖေးက တည်ကြည်လေးနက်စွာဖြင့် လက်ကာပြလိုက်သည်။
"မဖြစ်ဘူး"
"မင်းက အရွယ်ကောင်းတုန်းပဲ ရှိသေးတယ်... ဒီအခွင့်အရေးကို လက်လွတ်မခံသင့်ဘူး... ငါက အသက်ကြီးပြီ... ပြီးတော့ ငါ့ရဲ့ ပါရမီကလည်း နိမ့်ပါးတယ်... စီနီယာသုံးယောက်ကို ငါကိုယ်တိုင် လမ်းပြပေးလိုက်မယ်..."
အကယ်၍ ရှေးဟောင်းသူတော်စင် လော့ဟုန်ဖေးသာ ပါရမီနိမ့်ပါးသည်ဆိုလျှင် ယွင်ရှင်းနယ်မြေတစ်ခုလုံးတွင် အရူးများဖြင့်သာ ပြည့်နှက်နေပေလိမ့်မည်။
ဖုနန်ထျန်းသည် ဤစကားများကြောင့် အရူးလုပ်မခံဘဲ အနည်းငယ်မျှ နောက်မဆုတ်ချေ။
"မဖြစ်ဘူး..."
"အစ်ကိုလော့... ခင်ဗျားရဲ့ဓားတာအိုအပေါ် နားလည်သဘောပေါက်နိုင်စွမ်းက အရမ်းမြင့်မားတယ်... ပြီးတော့ ခင်ဗျားက ငါတို့ရှစ်ယောက်ထဲမှာ အသန်မာဆုံးပဲ... ဒီအခွင့်အရေးကို လက်လွတ်ခံလို့ မဖြစ်ဘူး... ယွင်ရှင်းနယ်မြေအတွက် ခင်ဗျား သွားရမယ်"
ဒါက...
လော့ဟုန်ဖေးသည် ဤမှန်ကန်သော စကားများကြောင့် နှုတ်ဆိတ်သွားပြီး သူ၏မျက်နှာတွင် တွေဝေမှုများ ထင်ဟပ်လာသည်။
"ငါတို့ရှစ်ယောက်လုံးက သူတော်စင်အဆင့်ကို ရောက်နေတာ ကြာပြီ... ပြီးတော့ ငါတို့ရဲ့ ကျင့်ကြံဆင့်တွေ တိုးတက်ဖို့ ခက်ခဲနေတာက နှစ်တွေ အများကြီး ကြာနေပြီ... ဘယ်သူပဲ ဒီအခွင့်အရေးကို လက်လွတ်လိုက်ရပါစေ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်လာမှာပဲ"
ဖုနန်ထျန်းသည်လည်း ဤစကားများကြောင့် စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး မျက်မှောင်ကြုတ်လိုက်၏။
သူတို့ရှစ်ယောက်လုံးသည် ယွင်ရှင်း၏ ထိပ်သီးတိုက်ခိုက်ရေးအင်အားစုအဆင့်သို့ ရောက်ရှိလုနီးပါးပင်။ အကယ်၍ သူတို့သာ နေရာဖယ်ပေးလိုက်လျှင် ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်လာပေမည်။
သို့ရာတွင် သူတို့ရှစ်ယောက်ကလွဲလျှင် ယခုအချိန်၌ မည်သူက လမ်းပြပေးနိုင်မည်နည်း....
အခွင့်အရေးကို လက်လွတ်မဆုံးရှုံးစေရန် သူတော်စင်မဟုတ်သူ တစ်ယောက်ယောက် ဖြစ်ရပေမည်။
ထို့ပြင် ကမ္ဘာခြားဧည့်သည်တော်သုံးဦးနောက်သို့ လိုက်နိုင်ရန်အတွက် ကျင့်ကြံဆင့် အလွန်နိမ့်ပါးခြင်းမရှိသူ ဖြစ်ရပေမည်။
ထိုလူသည် လမ်းပြတာဝန်ကို ကျေပွန်ရန် ဗဟုသုတ အတော်အသင့်ရှိသူ ဖြစ်ရပေမည်။
ထို့ပြင် ဤစီနီယာသုံးယောက်ကို စော်ကားမိသည်မျိုး မဖြစ်စေရန်အတွက် လမ်းပြ၏အပြုအမူသည် တည်ငြိမ်ရပေမည်။
ဤလိုအပ်ချက်များအားလုံးကို ပေါင်းစပ်လိုက်ပါက တွေးကြည့်ရုံဖြင့်ပင် ခေါင်းကိုက်ဖွယ်ကောင်းနေသည်။
မိတ်ဆွေဟောင်းတချို့မှလွဲ၍...
ရွာထဲတွင်ရှိနေသော မည်သူတစ်ဦးတစ်ယောက်သည် ဤလိုအပ်ချက်များနှင့် ကိုက်ညီနိုင်မည်နည်း..
ဖုနန်ထျန်းသည် စိုးရိမ်တကြီးဖြင့် သူ၏လက်များကို ပွတ်သပ်နေရင်း ရုတ်တရက် အကြံရသွားပေ၏။
"ဒီလိုဆိုရင်ရော...."
"ရီဖုန်းကို လွှတ်ပြီး လမ်းပြခိုင်းလိုက်မယ်ဆိုရင် ဘယ်လိုသဘောရလဲ...."