← Chapters

အခန်း (၁၀၂၅)

Vol. 70 Ch. 1025

အခန်း (၁၀၂၅)

Vol. 70 Ch. 1025

"ဒါက တကယ့်ကို စင်္ကြန်လမ်းရဲ့ စွမ်းအားပဲ"

"ဒါက ဟွေ့ကူရှေးဟောင်းစင်္ကြန်လမ်း ပြန်ပွင့်သွားပြီဆိုတဲ့ သဘော မဟုတ်လား...."

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...."

"ဒီကိစ္စက တကယ်ကို ထိတ်လန့်စရာကောင်းလွန်းတယ်... လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းလောက်က ရှေးဟောင်းစစ်ပွဲပြီးတော့ ဟွေကူစင်္ကြန်လမ်းရဲ့ တစ်ဝက်လောက်က ပျက်စီးသွားခဲ့တာလေ... အလင်းလမ်းသွယ်ဆိုတာက အဆုံးစွန်ပဲ... ဘယ်လိုလုပ်ပြီး အခု ပြန်ပွင့်လာနိုင်ရတာလဲ...."

အံ့အားတသင့်ရေရွတ်သံများ ပဲ့တင်ထပ်သွားပြီး သူတော်စင်များ၏ မျက်နှာအမူအယာများ သိသိသာသာ ပြောင်းလဲသွားသည်။

နှစ်ပေါင်းသန်းနှင့်ချီ၍ ကျင့်ကြံခဲ့ကြသူများဖြစ်သဖြင့် သူတို့သည် လောကကြီး၏ လျှို့ဝှက်ချက်အမြောက်အများကို သိရှိထားကြ၏။

ယွင်ရှင်းနယ်မြေတွင် မရေမတွက်နိုင်သော အင်မော်တယ်နယ်မြေများနှင့် တခြားသီးခြားနယ်မြေများ ပါဝင်သည်။ ဤသည်မှာ ကျယ်ပြောပြီး အဆုံးအစမဲ့ပုံရသော်လည်း စကြဝဠာတစ်ခုလုံးတွင်မူ သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာ ဖြစ်သည်။

စကြဝဠာတွင် မြစ်ပြင်ပေါ်မှ ရေညှိဖက်များအလား ကြယ်နယ်မြေများဖြင့် ပြည့်နှက်နေသည်။ ယွင်ရှင်းနယ်မြေသည် ထိုကြယ်နယ်မြေများအနက် တစ်ခုမျှသာဖြစ်ပြီး ဤကဲ့သို့ နယ်မြေပေါင်း သန်းပေါင်းများစွာရှိနေသည်။

ဤကြယ်နယ်မြေအသီးသီးအကြားတွင် ပုံမှန်အားဖြင့် ကြယ်တာရာကောင်းကင်လမ်းကြောင်းဖြင့် ချိတ်ဆက်ထားလေ့ရှိသည်။

ဤသည်ကို လောကကြီးက ဟွေ့ကူရှေးဟောင်းစင်္ကြန်လမ်းဟု သိထားကြသည်။

ကံဆိုးစွာဖြင့် ယွင်ရှင်းနယ်မြေ၏ ဟွေ့ကူရှေးဟောင်းစင်္ကြန်လမ်းသည် စစ်ပွဲကြီးတစ်ခုတွင် ပျက်စီးခဲ့ရသည်မှာ ကြာမြင့်ခဲ့လေပြီ။ လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းမှစ၍ ယွင်ရှင်းနယ်မြေသည် ပြင်ပကြယ်နယ်မြေများနှင့် ချိတ်ဆက်နိုင်သည့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရသည်။ ယွင်ရှင်းနယ်မြေသည် လေဟာနယ်သမုဒ္ဒရာထဲတွင် တဖြည်းဖြည်း ယိုယွင်းလာကာ ပိတ်လှောင်ခံထားရသော ကြယ်နယ်မြေတစ်ခု ဖြစ်လာခဲ့သည်။

ယခုအချိန်၌ စင်္ကြန်လမ်း၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ခံစားလိုက်ရသဖြင့် သူတော်စင်များအားလုံး ကြက်သေသေသွားကြပြီး သူတို့၏မျက်နှာများပေါ်တွင် တည်ကြည်လေးနက်မှုများဖြင့် ပြည့်နှက်နေသည်။

သူတို့သည် တခြားအရာအားလုံးကို ဘေးဖယ်ထားလိုက်ကြ၏။

ရှေးဟောင်းသူတော်စင် လော့ဟုန်ဖေးသည် သူ၏ပွယောင်းယောင်းဝတ်ရုံလက်ကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်ကာ သူတော်စင်ရှစ်ပါးလုံး လေဟာနယ်ဝဲဂယက်များကြားထဲသို့ စိတ်အားထက်သန်စွာ ဝင်ရောက်သွားကြသည်။

သူတို့ ပြန်လည်ထွက်ပေါ်လာသောအချိန်၌ ဟွေ့ကူရှေးဟောင်းစင်္ကြန်လမ်း၏ ဝင်ပေါက်သို့ ရောက်ရှိနေလေပြီ။

သို့သော် ယခုအချိန်၌ မြင်တွေ့လိုက်ရသော ဟွေ့ကူစင်္ကြန်လမ်း၏မြင်ကွင်းသည် သူတို့၏နှစ်ပေါင်းသန်းနှင့်ချီ မှတ်သားထားသော အတွေးအမြင်များကို လုံးလုံးလျားလျား ပြောင်းလဲသွားစေသည်။ ရုတ်ချည်းဆိုသလိုပင် သူတော်စင်ရှစ်ပါးလုံး၏မျက်လုံးများတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားပေ၏။

ဟွေ့ကူစင်္ကြန်လမ်း၏ဝင်ပေါက်သည် ယခင်က အတော်အသင့် မှိန်ဖျော့သော နေရာတစ်နေရာဖြစ်ပြီး ရေစီးကြောင်းကဲ့သို့ လှိုင်းထနေသော မဟာတာအိုစွမ်းအားများဖြင့် ခြားနားထားသဖြင့် ကြယ်ပင်လယ်နှင့် နီးကပ်နိုင်ခြင်း မရှိချေ။

ယခုအချိန်၌ ဝင်ပေါက်သည် အဆက်မပြတ် လင်းလက်နေပြီး နေ့အချိန်အလား လင်းထိန်လာကာ အနက်ရှိုင်းဆုံးအပိုင်းဖြစ်သော အလင်းလမ်းသွယ်ကဲ့သို့ ဖြစ်လာသည်။

ဤမြင်ကွင်းကို ငေးကြည့်ရင်း သူတော်စင်တချို့သည် လုံးလုံးလျားလျား ထိတ်လန့်တုန်လှုပ်သွားကြသည်။

သူတို့ ငယ်ရွယ်စဉ်အချိန်က သူတို့၏ ကျင့်ကြံဆင့်များ နိမ့်ပါးသဖြင့် ဟွေ့ကူစင်္ကြန်လမ်းသို့ ဝင်ရောက်ရန် အရည်အချင်း မပြည့်မီခဲ့ကြဘဲ ဗဟုသုတ နည်းပါးခဲ့ကြသည်။ သူတို့သည် ဤဖြစ်ရပ်ဆန်းကို လုံးလုံးလျားလျား နားမလည်ကြပေ။

သူတို့သည် ကြောင်တောင်တောင်အကြည့်များကို ဖလှယ်လိုက်ကြပြီး လော့ဟုန်ဖေးကို ကြည့်လိုက်ကြတော့သည်။

"အစ်ကိုလော့... ဘာလို့ ဒီလို ဖြစ်နေတာလဲ"

"အစ်ကိုလော့... ကျွန်တော် ဒီလိုမြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးဘူး"

"ဟွေ့ကူစင်္ကြန်လမ်းက တကယ်ကြီး ပွင့်လာတော့မှာလား"

သူတော်စင်များသည် မည်မျှပင် စိတ်အားထက်သန်စွာ မေးမြန်းနေပါစေ လော့ဟုန်ဖေး၏ အကြည့်သည် ဝင်ပေါက်မှ ခွာမသွားချေ။ သူ၏ မှုန်ဝါးနေသော မျက်လုံးများဖြင့် ထိုနေရာကိုသာ စူးစိုက်၍ကြည့်နေပြီး သူ၏မျက်နှာအမူအယာသည် အလွန်အမင်း တည်ကြည်လေးနက်နေလေပြီ။

သူ၏အသံသည်လည်း စတင်၍တုန်ရီလာပြီး ဖြစ်ခဲလှသော သူ၏ထိတ်လန့်တုန်လှုပ်မှုကို ဖုံးကွယ်မထားနိုင်တော့ချေ။

"ဟုတ်တယ်...ဒါက အမှန်ပဲ..."

"မင်းတို့ သိကြမှာမဟုတ်ဘူး... ဒါပေမဲ့ ဟွေ့ကူစင်္ကြန်လမ်းဆိုတာ အစကတည်းက ဒီလိုမျိုး ဖြစ်နေသင့်တာ... ကြယ်တာရာကောင်းကင်ရဲ့ စွမ်းအားတွေနဲ့ ပြည့်နှက်နေပြီးတော့ မျက်စိကျိန်းလောက်အောင် တောက်ပနေတဲ့ ကြယ်ပင်လယ်ကြီးလိုမျိုး နေရာတိုင်းက နေ့အချိန်လို လင်းထိန်နေရမှာ... ဒါက ဒီစင်္ကြန်လမ်းရဲ့ ပုံစံအမှန်ပဲ"

"အဲ့ဒီတုန်းက စစ်ပွဲမှာ ဟွေ့ကူစင်္ကြန်လမ်း ကပျက်စီးသွားပြီး အစိတ်အပိုင်း အနည်းစုလောက်ပဲ ကျန်ရစ်ခဲ့တာ... ဒါကြောင့် တာအိုစွမ်းအားတွေနဲ့ ကြယ်ပင်လယ်တွေ ပိတ်ဆို့ခံရပြီးတော့ အဆုံးစွန်ဆုံးနေရာမှာ ရပ်တန့်သွားကြတာ... အဲဒါကြောင့် အလင်းလမ်းသွယ်ဆိုတာ ဖြစ်လာခဲ့တာပေါ့"

"အခု ဟွေ့ကူစင်္ကြန်လမ်းက ကြယ်ပင်လယ်ရဲ့ နေ့အချိန် အလင်းရောင်တွေကို ပြန်ပြီးထုတ်လွှတ်နေပြီ... ဒါက တစ်ယောက်ယောက်က ဖွင့်လိုက်တာပဲ ဖြစ်ရမယ်"

ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အမှန်တရား ထွက်ပေါ်လာချိန်၌ သူတော်စင်များသည် အလွန်အမင်း ကြောက်ရွံ့သွားကြ၏။

မည်သူမျှ မမေးမြန်းနိုင်ခင်မှာပင် ဟွေ့ကူစင်္ကြန်လမ်း အဆက်မပြတ် လင်းလက်လာသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။ မျက်စိကျိန်းလောက်အောင် တောက်ပသော အလင်းတန်းများသည် အဝေးရှိ ကြယ်ပင်လယ်အလင်းလမ်းသွယ်ထံမှ အဆက်မပြတ် စီးဆင်းလာပြီး အသက်ဝင်လာသည့်အလားပင်။

ဤသည်မှာ ဒီရေတက်လာသည်နှင့်တူညီကာ နံနက်ခင်းနေမင်းကြီး ထွက်လာသကဲ့သို့ ပျံ့နှံ့လာသည်။

ထိုတောက်ပသော အလင်းရောင်သည် မူလက ဗလာဟင်းလင်းဖြစ်နေသော ကြယ်ပင်လယ် လေဟာနယ်ကို လင်းထိန်သွားစေပြီး တစ်သက်တာ မေ့မရနိုင်မည့် လှပသည့် မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်သည်။ သူတော်စင်ရှစ်ပါးပင်လျှင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။

"ဒါက အစစ်အမှန် ဟွေ့ကူစင်္ကြန်လမ်းပဲ...."

ရှေးဟောင်းဂုဏ်အရှိန်အဝါကို မြင်တွေ့ရသည့်အလား ခမ်းနားထည်ဝါသော ကြယ်ပင်လယ်အလင်းတန်းများ ဖြာထွက်နေသည့် ရှည်လျားသောလမ်းကို သူတို့အားလုံး မြင်တွေ့လိုက်ရသည်။ ထိုကြောင့် သူတို့၏စိတ်နှလုံးသားများအတွင်းတွင် လေးစားကြည်ညိုမှုများဖြင့် ပြည့်နှက်သွားပေ၏။ တစ်ချိန်တည်းမှာပင် ဤသည်မှာ သူတို့ကို ပို၍စိုးရိမ်ပူပန်စေပြီး ထွက်ပေါက်ရှိရာ လမ်းကြောင်းကို စူးစိုက်ကြည့်နေကြကာ မည်သူမျှ ခြေလှမ်းတစ်လှမ်း မလှမ်းရဲကြချေ။

ယခုလက်ရှိတွင် စင်္ကြန်လမ်းတစ်ခုလုံးကို လုံးလုံးလျားလျား ထွင်းဖောက်မြင်နိုင်သည့် အခြေအနေသို့ ရောက်ရှိသွားပြီး ကြယ်ပင်လယ်ထဲမှ ငွေရောင်နဂါးတစ်ကောင်ကဲ့သို့ ဖြစ်သွားသည့် အချိန်အထိပင်။

ထို့နောက် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော လေဟာနယ်စွမ်းအားတစ်ရပ် ရုတ်တရက် ပွင့်အံ့ထွက်လာပြီး ကြယ်တာရာကောင်းကင်ကို လေပြင်းမုန်တိုင်းကဲ့သို့ ဖြတ်သန်းတိုက်ခတ်သွားသည်။ လော့ဟုန်ဖေး အပါအဝင် သူတော်စင်ရှစ်ပါးလုံးသည် စွမ်းအားအရှိန်အဝါ၏ ရိုက်ခတ်မှုကြောင့် မတ်တတ်ရပ်ရန်ပင် အတင်းအကြပ် ကြိုးစားနေရသည်။

ထိုမဟာတာအိုစွမ်းအားသည် အလွန်သန့်စင်ပေ၏။ သူတို့၏ အာရုံခံနိုင်စွမ်းနှင့် အတွေ့အကြုံများသည် ထိုစွမ်းအားနှင့် နှိုင်းယှဉ်လိုက်လျှင် ခြင်ကောင်လေးများ တောင်ပံခတ်သလောက်သာ ရှိပေမည်။

ဤကွာခြားချက်သည် မိုးနှင့်မြေအလားပင်။

ဝေ့သုန်းဟိုင်၏မုတ်ဆိတ်မွှေးများသည် လူးလွန့်သွားပြီး သူ၏မျက်နှာ အလွန်အမင်း တင်းမာခက်ထန်နေသည်။

"ဒါ... ဒါက ဒဏ္ဍာရီထဲက လေဟာနယ်စွမ်းအားလား..."

ရှေ့ဆုံးတွင် ရပ်နေသော လော့ဟုန်ဖေးသည် အစွမ်းကုန် ခုခံနေပြီး တခြားလူများကို ကာကွယ်ပေးထားရာ သူ၏မျက်နှာသည်လည်း တည်ကြည်လေးနက်နေသည်။

"ဟွေ့ကူစင်္ကြန်လမ်းက တကယ်ကြီး ပွင့်သွားပြီပဲ"

ဤစကားတစ်ခွန်းတည်းကပင် တင်းမာနေပြီးသားဖြစ်သော သူတော်စင်များ၏စိတ်ကို ပို၍မွန်းကြပ်သွားစေသည်။

နှစ်ပေါင်း တစ်သောင်း.....

နှစ်ပေါင်းတစ်သောင်းအတွင်းတွင် ဒဏ္ဍာရီလာ ဟွေ့ကူစင်္ကြန်လမ်းသည် လျှို့ဝှက်နယ်မြေတစ်ခုသာ ဖြစ်ခဲ့သည်။ မည်သူမျှ ထိုစင်္ကြန်လမ်း၏ စစ်မှန်သော ထွက်ပေါက်သို့ မရောက်ဖူးသလို မည်သူမျှ ပုံသဏ္ဍာန်အပြည့်အစုံကို မမြင်ဖူးခဲ့ကြချေ။

ဤတစ်ကြိမ်တွင်မူ ရှင်းပြ၍မရသော ပြင်ပစွမ်းအားတစ်ရပ်ကြောင့် စင်္ကြန်လမ်း ပွင့်သွားခဲ့လေပြီ။

ဤကြောက်မက်ဖွယ်ကောင်းသော စင်္ကြန်လမ်းမှစွမ်းအားကို ကြည့်ရုံဖြင့် တစ်ဖက်လူ၏ ကြောက်ခမန်းလိလိ ကျင့်ကြံဆင့်ကို ထင်ရှားစွာ မြင်နိုင်ပေ၏။ ဤသည်မှာ ယွင်ရှင်းနယ်မြေတွင်ရှိနေသည့် သူတို့ သိရှိထားသော မည်သည့်စီနီယာထက်မဆို သာလွန်နေသည်။

အကယ်၍ တစ်ဖက်လူများသည် တခြားကြယ်နယ်မြေများမှ ဧည့်သည်တော်များ အမှန်တကယ် ဖြစ်နေပါက နှစ်ပေါင်းတစ်သောင်းကြာ ပိတ်လှောင်ခံထားရသော ယွင်ရှင်းနယ်မြေအနေဖြင့် မည်သို့ တုံ့ပြန်သင့်သနည်း....

သူတို့သည် မိတ်ဆွေများ ဖြစ်နေသလော သို့မဟုတ် ရန်သူများ ဖြစ်နေသလော....

ရောက်လာမည့်သူများကို မမြင်ရခင်မှာပင် ထိုကြောက်မက်ဖွယ် အရှိန်အဝါသည် သူတော်စင်ရှစ်ပါးအပေါ်သို့ တောင်တစ်လုံးအလား ကျရောက်လာသည်။ မည်သူမျှ စကားမပြောကြသော်လည်း သူတို့အားလုံးသည် ထွက်ပေါက်ကို တိတ်တဆိတ် စိုက်ကြည့်နေကြပြီး လေဟာနယ်မုန်တိုင်းကို အစွမ်းကုန် ခုခံနေကြသည်။

ယခုအချိန်၌ ဖိအားအရှိန်အဝါသည် သဲပင်လယ်တွင် သူတို့ ကြုံတွေ့ခဲ့ရသည်ထက် အဆပေါင်းရာနှင့်ချီပြီး ပို၍ကြောက်မက်ဖွယ်ကောင်းသည်။

အကယ်၍ ရောက်လာသူများထံတွင် မကောင်းသောရည်ရွယ်ချက် မရှိလျှင် ဤသည်မှာ ကောင်းမွန်သော ကိစ္စတစ်ရပ် ဖြစ်နိုင်သည်။ ယွင်ရှင်းနယ်မြေ၏ ဟွေ့ကူစင်္ကြန်လမ်း ပွင့်သွားခြင်းဖြင့် ပြင်ပလောကနှင့် ဆက်သွယ်ရန် အခွင့်အရေးကို အနည်းဆုံးအနေဖြင့် ရရှိပေလိမ့်မည်။

နှစ်ပေါင်းတစ်သောင်းကြာ အထီးကျန်ဖြစ်နေပြီးနောက် သူတို့သည် လေကောင်းလေသန့် ရှူရှိုက်ရန် အချိန်တန်လေပြီ။

ထိုကဲ့သို့ အခွင့်အရေးသည် ခေတ်နောက်ကျကျန်ရစ်ခဲ့ခြင်း၏ နာကျင်ဖွယ် အကျိုးဆက်များနှင့်အတူ ကပ်ပါလာမည်မှာ သေချာပေ၏။ သို့ရာတွင် ဤသည်မှာ ယွင်ရှင်းနယ်မြေအတွက် ယခင်ဂုဏ်ကျက်သရေကို ပြန်လည်ရယူရန်နှင့် တခြားကြယ်နယ်မြေများကို အမီလိုက်နိုင်ရန် အခွင့်အရေးတစ်ခုလည်း ဖြစ်သည်။

သို့ရာတွင် ယခုရောက်လာသူများသည် သဘောထား မမှန်ကန်လျှင်...

ဤအတွေးသည် သူတို့၏စိတ်ထဲတွင် ထွက်ပေါ်လာရုံမျှဖြင့် သူတော်စင်ရှစ်ပါးလုံးတွင် ပြတ်သားသော တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများ ရှိနေကြလေပြီ။

ဝေ့သုန်းဟိုင်နှင့် ကျူးဝူရတို့သည် တိတ်တဆိတ် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နှစ်ဦးလုံးသည် သူတို့၏သိုလှောင်လက်စွပ်များကို ဆုပ်ကိုင်ထားကာ ယွင်ရှင်းနယ်မြေကို ကာကွယ်ရန် အချိန်မရွေး အဆင်သင့် ဖြစ်နေကြသည်။ သူတို့ထံ၌ ယခင်ကသို့ အရေးမစိုက်သော ပုံစံများ လုံးလုံးလျားလျား ရှိမနေတော့ချေ။

သူတို့သည် အသက်ရှူချိန် အနည်းငယ်ကြာသည်အထိ စင်္ကြန်လမ်းကို စူးစိုက်၍ ကြည့်နေကြသည်။

တာအိုစွမ်းအားမုန်တိုင်းသည် နောက်ဆုံးတွင် တဖြည်းဖြည်း ငြိမ်သက်သွားသော်လည်း သူတော်စင်ရှစ်ပါး၏ နှလုံးသားများသည် အလွန်အမင်း တင်းမာနေဆဲပင်။

သူတို့၏နတ်ဘုရားစိတ်အာရုံ ခံစားမှုသည်လည်း အလွန်ရှင်းလင်းနေပေ၏။

အလွန်ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသုံးခုသည် ဟွေ့ကူစင်္ကြန်လမ်းကို ဖြတ်သန်းကာ တဟုန်ထိုး ဝင်ရောက်လာသည်။

ယခင်က မပြည့်စုံသော ဟွေ့ကူစင်္ကြန်လမ်းတွင် သူတို့ပင်လျှင် သတိထား၍ သွားလာခဲ့ရပြီး လေဟာနယ်ကို ခွဲ၍ပင် မသွားနိုင်ဘဲ ခြေလှမ်းတစ်လှမ်းချင်း သို့မဟုတ် အရှိန်မြှင့်၍သာ သွားနိုင်ခဲ့ကြသည်။

သို့ရာတွင် တစ်ဖက်ရှိ ထိုအရှိန်အဝါသုံးခုသည် လေဟာနယ်ကို အဆက်မပြတ် ဖြတ်ကျော်နိုင်ပေ၏။ သူတို့သည် ကြယ်ပင်လယ်အတွင်းရှိ ပြီးပြည့်စုံသော ဟွေ့ကူစင်္ကြန်လမ်းကို ဝန်ထုပ်ဝန်ပိုး အနည်းငယ်မျှမရှိဘဲ ကြယ်နယ်မြေတွင် ရှိနေသည့်အလား ဖြတ်သန်းလာနိုင်သည်။

ဤသည်မှာ မည်မျှထိ ကြောက်မက်ဖွယ်ကောင်းသောကိစ္စ ဖြစ်သနည်း....

ထိုအရှိန်အဝါသုံးခု နီးကပ်လာသည်နှင့်အမျှ သူတော်စင်ရှစ်ပါး၏ လက်ဝါးများတွင် ချွေးစေးများ ထွက်လာပြီး သူတို့၏အကြည့်များ အလွန်အမင်း တင်းမာခက်ထန်နေသည်။

အသက်ဆယ်ရှိုက်စာမျှ မကြာလိုက်မီမှာပင်.

အရှိန်အဝါသုံးခုသည် ဟွေကူစင်္ကြန်လမ်းကို ဖြတ်ကျော်ပြီး ဝင်ပေါက်သို့ ရောက်ရှိလာလေပြီ။

ရောက်လာသူများကို မမြင်ရသေးမီမှာပင် သူတော်စင်ရှစ်ပါးသည် ကြောက်ရွံ့မှုကြောင့် ထိတ်လန့်တုန်လှုပ်နေကြ၏။

သူတို့အားလုံး တိတ်ဆိတ်ငြိမ်သက်သွားကာ အံ့တင်းတင်းကြိတ်ထားကြသည်။

ရှေးဟောင်းသူတော်စင် လော့ဟုန်ဖေးက သူ၏ အသက်သွေးကြော သူတော်စင်ဓားကို ကိုင်ဆောင်ထားသည်။ နှစ်ပေါင်းများစွာအတွင်းတွင် သူသည် ဤမျှထိ စွမ်းအားကြီးသော ရန်သူမျိုးနှင့် တစ်ကြိမ်တစ်ခါမှ ရင်ဆိုင်ခဲ့ဖူးချေ။ သူ၏မျက်နှာသည် ယခင်တိုက်ပွဲများထက် ပို၍တည်ကြည်လေးနက်နေပြီး သူ၏တွန့်လိမ်နေသော အရေးအကြောင်းများသည် အလွန်ကြည့်ရဆိုးနေပေ၏။

ဝှစ်....

တာအိုစွမ်းအားလှိုင်းတစ်ရပ် ပွင့်အံ့ထွက်လာပြီး ကြယ်တာရာကောင်းကင်ကို ဂယက်ထသွားစေသည်။

သူတော်စင်ရှစ်ပါးသည် ကျယ်ပြန့်သော သမုဒ္ဒရာထဲမှ အရုပ်များကဲ့သို့ ဖြစ်နေပြီး သူတို့၏ခန္ဓာကိုယ်များ ယိမ်းယိုင်သွားသည်။

ပုံရိပ်သုံးခုသည် စင်္ကြန်လမ်းဝင်ပေါက်မှ တည်ငြိမ်စွာ လျှောက်လှမ်းထွက်လာကြသည်။ သူတို့၏ပုံပန်းသွင်ပြင်များသည် လုံးလုံးလျားလျား ထူးခြားနေပေ၏။ သူတို့၏ ခန္ဓာကိုယ်များသည် ကြယ်တာရာမြစ်ပြင်ပေါ်တွင် လမ်းလျှောက်နေသည့်အလား ကြယ်ပင်လယ်၏ အလင်းရောင်များဖြင့် လင်းလက်နေသည်။ သူတို့သည် လောကီနှင့်ကင်းကွာသော ထူးခြားသည့် အရှိန်အဝါကို ထုတ်လွှတ်နေကာ မြင့်မြတ်ပြီး ထိပါး၍မရနိုင်သောပုံစံ ရှိသည်။

သူတို့သည် အမှန်တကယ်ကို ကမ္ဘာခြားဧည့်သည်တော်များ ဖြစ်ကြသည်။

သူတော်စင်ရှစ်ပါးသည် ထိုဧည့်သည်တော်များကို ကြည့်လိုက်ပြီးနောက် သူတို့၏စိတ်နှလုံးသားများ လေးလံသွားကြသည်။ သူတို့သည် ထိုဧည့်သည်တော်များကို စူးစိုက်ကြည့်နေကာ သူတို့၏နတ်ဘုရားစိတ်အာရုံကို သတိထား၍ ဖြန့်ကျက်လိုက်ကြပြီး အလွန်သိသာအောင် မလုပ်ရဲကြချေ။

ရှေ့ဆုံးမှ ဦးဆောင်လာသော အမျိုးသမီးသည် ရေတံခွန်ကဲ့သို့ ဖြာကျနေသော ဆံနွယ်ရှည်များ ရှိပြီး သူမ၏လှပသော မျက်နှာကောက်ကြောင်းကို ဝိုးတဝါး မြင်နေရသည်။

အမျိုးသားနှစ်ဦးသည် တိကျသော အကွာအဝေးတစ်ခုကို ထိန်းသိမ်းပြီး သူမ၏ နောက်မှ ထပ်ချပ်မကွာ လိုက်ပါလာကြ၏။

ထိုလူသုံးဦးသည် သာမန်ဟု ထင်ရသော်လည်း သူတော်စင်ရှစ်ပါးကို ကြီးမားသော ကြောက်ရွံ့မှုဖြင့် ပြည့်နှက်စေပြီး သူတို့၏နားထင်များမှ ချွေးစေးများ ယိုစီးကျလာစေသည်။

သူတို့ရှစ်ဦးသည် ယွင်ရှင်းနယ်မြေ၏ အထွတ်အထိပ်ဟု သတ်မှတ်ခံထားရသော သူတော်စင်များ ဖြစ်လာသည်မှာ ကြာမြင့်ခဲ့လေပြီ။

သို့ရာတွင် သူတို့၏ရှေ့ရှိ လူသုံးဦး၏ကျင့်ကြံဆင့်မှာမူ သူတို့ထက် များစွာပို၍ သာလွန်နေသည်။

ဤသည်မှာ အမှန်တကယ်ကို ထိတ်လန့်တုန်လှုပ်ဖွယ်ရာပင်။

ထို့ထက်ပို၍ထူးဆန်းသည်မှာ ဤကွာဟချက်သည် စိတ်ကူးမယဉ်နိုင်လောက်အောင် ကြီးမားနေခြင်းပင်။ သူတို့ မည်မျှထိ စူးစမ်းစစ်ဆေးပါစေ ထိုလူများ၏စွမ်းအားအရှိန်အဝါကို အရိပ်အယောင်မျှပင် မသိခဲ့ရချေ။

အထူးသဖြင့် ရှေ့ဆုံးမှ အမျိုးသမီးသည် အလွန်အမင်း အစွမ်းထက်ပေ၏။

သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာသည် ငယ်ရွယ်ပုံရသော်လည်း လော့ဟုန်ဖေးပင်လျှင် သူမ၏မျက်နှာသွင်ပြင်ကို သဲကွဲအောင် မကြည့်နိုင်ချေ။ ဆန်းကြယ်သော တာအိုစွမ်းအားတစ်ရပ်က သူမကို လွှမ်းခြုံထားသကဲ့သို့ ဖြစ်ပြီး ကျင့်ကြံဆင့် နိမ့်ပါးသူများအတွက် သူမ၏ ပုံစံအမှန်ကို မမြင်နိုင်အောင် ဖုံးကွယ်ထားသည်။

နှစ်ပေါင်းသန်းနှင့်ချီ၍ ကျင့်ကြံခဲ့သော လော့ဟုန်ဖေးသည် ယွင်ရှင်းနယ်မြေ၏ ရှေးဟောင်းသူတော်စင်အဖြစ် နာမည်ကျော်ကြားသည်။ သို့ရာတွင် ယခုအချိန်၌ သူသည် တွင်းအောင်းဖားတစ်ကောင်ကဲ့သို့ ခံစားနေရပြီး သူ၏မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။

သူတော်စင်ရှစ်ပါးသည် လေဟာနယ်ထဲတွင် တောင့်တင်းစွာ မတ်တတ်ရပ်နေကြပြီး မလှုပ်ရဲကြချေ။

ဤကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်များ၏ရှေ့တွင် ရန်လိုမှု အနည်းငယ် ပြမိရုံဖြင့် ကပ်ဘေးသင့်စေနိုင်ကြောင်း သူတို့အားလုံး သိရှိထားကြ၏။

သူတော်စင်ရှစ်ပါးသည် စိုးရိမ်တကြီးဖြင့် မလှုပ်မယှက် ဖြစ်နေစဉ်မှာပင်....

ခေါင်းဆောင်အမျိုးသမီးက အောက်သို့ငုံ့ကြည့်ပြီး ဂရုမစိုက်သော လေသံဖြင့် ပြောဆိုသည်။

"ရှင်တို့က ယွင်ရှင်းနယ်မြေက လူတွေလား"

သူမ၏ လေသံသည် ပေါ့ပေါ့ပါးပါးနှင့် အလွန်သာမန်ဆန်ပြီး သူတော်စင်များကို မြင်နေရခြင်းမဟုတ်ဘဲ သာမန်လူအိုကြီးတချို့ကို မြင်တွေ့လိုက်ရသည့်အလားပင်။

သို့ရာတွင် သူမ၏ ကြည်လင်သော မျက်လုံးများဖြင့် သူတို့ကို ကြည့်လိုက်ချိန်၌ သူတော်စင်ရှစ်ပါးသည် ချုပ်နှောင်ခြင်းခံရသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့၏ စိတ်ထဲတွင် ဖိအားများ ပြည့်နှက်သွားကာ ဤလေဟာနယ်တစ်ခုလုံးကို ထိုအမျိုးသမီးက ထိန်းချုပ်ထားသည့်အလား ခံစားမိပေ၏။

ဤကူကယ်ရာမဲ့သော ခံစားချက်က သူတော်စင်ရှစ်ပါး၏လည်ချောင်းများကို ဆို့နင့်သွားစေသည်။

လော့ဟုန်ဖေးတစ်ယောက်သာ ဦးညွှတ်အရိုအသေပြုပြီး တုံ့ပြန်အဖြေပေးလိုက်သည်။

"ကျွန်တော်တို့က ယွင်ရှင်းနယ်မြေက လူတွေပါ... အရှင်တို့က ဘယ်က လာပြီးတော့ ဘာကိစ္စအတွက် ရောက်လာတာလဲဆိုတာ မေးခွင့်ပြုပါ"

သူ၏စကားများသည် နှိမ့်ချလွန်းခြင်း မရှိသည့်အပြင် မောက်မာခြင်းလည်း မရှိပေ။ သူ၏ ဦးညွှတ်အရိုအသေပြုမှုသည် တစ်ဖက်လူ၏ ကျင့်ကြံဆင့်နယ်ပယ်ကို လေးစားသောကြောင့်ပင်။

လော့ဟုန်ဖေးသည် မရေမတွက်နိုင်သော အပြောင်းအလဲများကို မြင်တွေ့ခဲ့ဖူးပြီး အလွန် အတွေ့အကြုံရင့်ကျက်ကာ တည်ငြိမ်သူဖြစ်သည်။ မသိနားမလည်သော ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် သူသည် မည်သည့်ဟာကွက်ကိုမျှ မပြသချေ။

အမျိုးသမီးသည် ဤအရိုအသေပြုမှုကို ဂရုစိုက်ပုံမရဘဲ ပေါ့ပါးသော ခြေလှမ်းတစ်လှမ်းကို လှမ်းလိုက်သည်။

သူမ၏လှုပ်ရှားမှုသည် အလွန်ညင်သာသော်လည်း သူတော်စင်ရှစ်ပါးသည် ထိုအရာကို ရှင်းလင်းစွာ မမြင်တွေ့လိုက်ရချေ။

ခြေလှမ်းတစ်လှမ်း....

ပုံရိပ်သုံးခုသည် သူတို့၏ရှေ့တည့်တည့်သို့ ရောက်ရှိနေလေပြီ။

All Chapters