← Chapters

သတင်းဆိုး

Vol. 4 Ch. 60

သတင်းဆိုး

Vol. 4 Ch. 60

~ဝူဇီကန်နှင့် အဖွဲ့သားများ သေဆုံးသွားမှုသည် လမ်းကြားထဲရှိ အခြား အိမ်နီးချင်းများအပေါ် မည်သို့မျှ သက်ရောက်မှု မရှိပေ။ သူတို့သည် ထူးခြားသော အပြောင်းအလဲ တစ်စုံတစ်ရာကိုပင် သတိမထားမိကြချေ။

စုယွီ၏ နေ့စဉ်ဘဝသည် ပုံမှန်အတိုင်းပင် လည်ပတ်နေလေ၏။ နေ့စဉ် 'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်'၊ 'မိကျောင်းမိစ္ဆာ (၁၀၈) ကွက် ကိုယ်ခန္ဓာ ကြံ့ခိုင်ရေး ကျင့်စဉ်' နှင့် 'ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်' တို့ကို မပျက်မကွက် ကျင့်ကြံအားထုတ်လေ၏။

ထူးခြားသော 'သွေးဝေလငါး လမင်းမြို သိုင်းကျမ်း' သည် သူ၏ ကိုယ်ခန္ဓာ ကြံ့ခိုင်ရေး (၁၀) ဆင့် အောင်မြင်ပြီး မကြာမီမှာပင် ဒုတိယအဆင့်သို့ တိတ်တဆိတ် ကူးပြောင်း ရောက်ရှိသွားခဲ့လေ၏။

ယခုအခါ စုယွီသည် သားရဲ သွေးအဆီအနှစ်နှင့် သားရဲကင်များကို စားသုံးခြင်း၊ ဝိညာဉ်ဆန် စားသုံးခြင်းတို့ဖြင့် ဒုတိယအဆင့်၏ အဓိက စွမ်းအားများကို နေ့စဉ် စုဆောင်းနေလေ၏။

'သွေးဝေလငါး လမင်းမြို သိုင်းကျမ်း' ၏ ဒုတိယအဆင့်သည် သူ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားကို နှစ်ဆတိုး ပေါက်ကွဲထွက်စေနိုင်စွမ်း ရှိသည်။

ဆိုလိုသည်မှာ... ပထမအဆင့် 'သွေးဝေလငါး လမင်းမြို သိုင်းကျမ်း' ဖြင့် စွမ်းအား ပေါက်ကွဲထွက်ပြီးနောက်၊ ထိုစွမ်းအားကို (၂) ဆ ထပ်မံ မြှင့်တင်ပေးခြင်း ဖြစ်သည်။

စုစုပေါင်းဆိုလျှင် မူလစွမ်းအား၏ (၃) ဆ ပါတည်း။

စုယွီသည် လက်ရှိ သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုဖြင့် (၃) ဆသော စွမ်းအား ပေါက်ကွဲမှုကို အချိန်မည်မျှ ကြာအောင် ခံနိုင်ရည် ရှိမည်ကို အတပ်မပြောရဲပေ။

တစ်နည်းအားဖြင့် ဆိုရလျှင်... (၃) ဆသော စွမ်းအား ပေါက်ကွဲမှု၏ ဒဏ်ကို သူ ခံနိုင်ရည် ရှိ၊ မရှိ မသေချာခြင်း ဖြစ်သည်။

'အခြေခံ တည်ဆောက်ခြင်း အဆင့်' ၏ စွမ်းအားနှင့် ယှဉ်လျှင်၊ အနည်းငယ်သော စွမ်းအား ကွာခြားမှုသည်ပင် ထူးခြားသော ရလဒ်များကို ဖြစ်ပေါ်စေနိုင်ပေ၏။

(၁၀) ရာခိုင်နှုန်းသော စွမ်းအား ကွာခြားမှုသည် ပြိုင်ဘက်ကို လွှမ်းမိုးထားရန် လုံလောက်လေ၏။

(၃) ဆသော စွမ်းအား ပေါက်ကွဲမှု ဆိုသည်မှာကား...

ခဏတာမျှသာ တောင့်ခံထားနိုင်လျှင်ပင်၊ သူသည် ပြိုင်ဘက်များကို ရက်ရက်စက်စက် သတ်ဖြတ်နိုင်စွမ်း ရှိပေလိမ့်မည်။

ထို့ကြောင့် ရှေးဟောင်း သမုဒ္ဒရာများ၏ အုပ်စိုးရှင် တစ်ပါး ဖြစ်ခဲ့သော 'ကောင်းကင်မြို ဝေလငါး မိစ္ဆာ မျိုးနွယ်'၏ သွေးမျိုးဆက် စွမ်းရည်သည် အဓိက အကြောင်းရင်း ဖြစ်သည်မှာ အံ့သြစရာ မဟုတ်ပေ။

သို့သော် ထိုမျိုးနွယ်စု အဘယ်ကြောင့် မျိုးပြုန်း ပျောက်ကွယ်သွားရသနည်း ဆိုသည့် အချက်တွင်လည်း ဤသွေးမျိုးဆက် စွမ်းရည်သည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်မှာ သေချာသလောက် ရှိလေ၏။

'သွေးဝေလငါး လမင်းမြို သိုင်းကျမ်း' သည် မျိုးပြုန်းခြင်းကို တွန်းအားပေးသော ဓာတ်ကူပစ္စည်း တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပေ၏။

ယင်းကို 'အတုအယောင် နတ်ဘုရား စွမ်းရည်'ဟု ခေါ်ဆိုထိုက်ပါပေ၏။

“'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်' (၉) ပတ်လည် ပြည့်ဖို့ (၈) နှစ်လောက် ကြာဦးမယ်... 'မိကျောင်းမိစ္ဆာ (၁၀၈) ကွက် ကိုယ်ခန္ဓာ ကြံ့ခိုင်ရေး ကျင့်စဉ်' (၁၁) ဆင့် ရောက်ဖို့က (၁၀) နှစ်လောက် ကြာနိုင်တယ်”

“'ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်' ရဲ့ တိုးတက်မှုကလည်း တဖြည်းဖြည်း နှေးကွေးလာတယ်... ဒုတိယအဆင့် ရောက်ဖို့ အဝေးကြီး လိုသေးတယ်”

“'သွေးဝေလငါး လမင်းမြို သိုင်းကျမ်း' ဒုတိယအဆင့် ပေါက်ကွဲအားကို ငါ ခံနိုင်ရည် ရှိမလား မသေချာသေးဘူး... လောလောဆယ်တော့ အကန့်အသတ် ရောက်နေပြီ”

“ဒါဆိုရင်...”

စုယွီ စဉ်းစားခန်း ဝင်နေမိသည်။

“ဆေးပညာ၊ အဆောင်လက်ဖွဲ့ ရေးဆွဲခြင်း နဲ့ ရုပ်သေးပညာ အပြင်... တခြား ဘေးထွက် အလုပ် တစ်ခုခု ထပ်လုပ်ရင် ကောင်းမလား”

“ဒါမှမဟုတ်... တခြား ဓာတ်စွမ်းအင် ကျင့်စဉ် တစ်ခုခု ထပ်ကျင့်ကြံရင် ကောင်းမလား”

သူ့ထံတွင် ဓာတ်ကြီးငါးပါး ဝိညာဉ်အမြစ် ရှိနေသည် မဟုတ်ပါလော။ အားလုံးသော ဝိညာဉ်အမြစ်များသည် အဆင့်နိမ့်များသာ ဖြစ်ကြပြီး ညီမျှစွာ တည်ရှိနေကြသော်လည်း... ၎င်းအချက်ကပင် ဓာတ်ငါးပါးအနက် မိမိနှစ်သက်ရာ ကျင့်စဉ်ကို ရွေးချယ် ကျင့်ကြံနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်လေသည်။

လောလောဆယ်တွင်မူ သစ်သားဓာတ် ဖြစ်သော 'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်' တစ်ခုတည်းကိုသာ ကျင့်ကြံအားထုတ်နေရသေး၏။ ကျန်ရှိနေသော ဓာတ်ကြီးလေးပါးမှာမူ အလဟဿ ဖြစ်နေရချေသည်။

သာမန် ကျင့်ကြံသူ တစ်ယောက်သာ ဆိုပါက ဓာတ်ငါးပါးစလုံးကို တပြိုင်နက်တည်း ကျင့်ကြံရန် မည်သည့်အခါမျှ စဉ်းစားရဲမည် မဟုတ်ပေ။ တစ်ခုတည်းကိုသာ အာရုံစိုက်၍ ဇောက်ချ ကျင့်ကြံကြပေလိမ့်မည်။

သို့သော် သူ့ထံတွင်မူ 'ကျွမ်းကျင်မှု မျက်နှာပြင်' ရှိနေသည် ဖြစ်ရာ၊ နေ့စဉ် ကျင့်ကြံမှုများကို လွယ်ကူစွာ စီမံခန့်ခွဲနိုင်ပြီး လမ်းကြောင်းမှန်ပေါ် ရောက်ရှိစေရန် ထိန်းကျောင်းနိုင်စွမ်း ရှိပါ၏။

ယခုအခါတွင် 'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်' ၏ နေ့စဉ် ကန့်သတ်ချက် ပြည့်မီရန်အတွက် နှစ်နာရီ ကျော်ကျော်မျှသာ အချိန်ပေးရန် လိုအပ်တော့သည်။

ကျန်ရှိသော အချိန်များကို ကိုယ်ခန္ဓာ ကြံ့ခိုင်ရေး၊ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်နှင့် အခြား ဘေးထွက်အလုပ် သုံးခုအတွက် ခွဲဝေပေးလိုက်လျှင်ပင် နေ့တစ်ဝက် ကုန်ဆုံးမည် မဟုတ်ပေ။

နောက်ထပ် နေ့တစ်ဝက်ခန့် ပိုလျှံနေသေးပါသည်။

ယခင်ကမူ အချိန်မလောက်ငခြင်း၊ အရင်းအမြစ် ရှားပါးခြင်းတို့ကြောင့် အခြားသော ဝိညာဉ်အမြစ် ကျင့်စဉ်များကို ကျင့်ကြံရန် စုယွီ စိတ်မကူးခဲ့မိပေ။

သို့သော် ယခုအချိန်တွင်မူ 'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်' နှင့် အခြားသော ကျင့်စဉ်များသည် အဆင့်ချိုးဖြတ်ရန် အချိန်ပိုမို ယူရတော့မည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်၏။

မိမိ၏ စွမ်းအားကို ပိုမို တိုးတက်စေလိုလျှင် အခြားသော ဝိညာဉ်အမြစ် ကျင့်စဉ်များ (သို့မဟုတ်) အခြားသော ဘေးထွက် အလုပ်များကို စဉ်းစားသင့်နေပြီ ဖြစ်သည်။

ထို့အပြင်... ဓာတ်စွမ်းအင် နှစ်မျိုးကို တွဲဖက်ကျင့်ကြံခြင်းသည် တစ်မျိုးတည်း ကျင့်ကြံခြင်းထက် ပိုမို စွမ်းအားကြီးမားသည် မဟုတ်ပါလော။

ပဉ္စမအဘိုး စုပင်းကို ကြည့်လျှင်ပင် သိသာနိုင်သည်... ။ အဘိုး စုပင်းက မြေဓာတ်နှင့် သစ်သားဓာတ် နှစ်မျိုးကို တွဲဖက် ကျင့်ကြံထားသူ ဖြစ်ပါ၏။

..စောင့်ကြည့်ရတာပေါ့... ကောင်းမွန်တဲ့ ဘေးထွက် အလုပ်တို့၊ အမွေအနှစ်တွေ၊ ရှေးဟောင်း ကျင့်စဉ်တွေတို့ . တွေ့မလားလို့..

စုယွီ သူ့ခေါင်းထဲက အတွေးပေါင်းစုံကို ခေတ္တ ဘေးဖယ်ထားလိုက်သည်။

..အလောတကြီး လုပ်စရာ မလိုပါဘူးလေ။..

ဝိညာဉ်ခန္ဓာ ရုပ်သေး ယွမ်ယန် တောရိုင်း ကနေ ပြန်ရောက်ပြီး ငါးရက် အကြာမှာ...

ယွီခယ်အာ ရောက်လာခဲ့သည်။ သူမ၏ ပထမအဆင့် ထိပ်တန်း ယဉ်ပါးသားရဲ 'ကောင်းကင်ပြာ စပါးအုံးမြွေ' ကို ခေါ်ဆောင်လာခဲ့လေ၏။

“ကောင်းကင်ပြာ လေးကို ဒုတိယအဆင့် တက်ခိုင်းသင့် မသင့် ငါ တွန့်ဆုတ်နေခဲ့တာ... ဘာလို့လဲဆိုတော့ ငါ့မှာ ဒုတိယအဆင့် အစောပိုင်း ခေါင်းနှစ်လုံး သွေးလင်းယုန် ရှိပြီးသားလေ”

“ကောင်းကင်ပြာ လေးကို ထပ်ပြီး အဆင့် ချိုးဖြတ်ခိုင်းရင် ကျရှုံးနိုင်ချေ များတယ်... ဆိုလိုတာက... အဆင့် ချိုးဖြတ်နေတုန်း သူ ထိန်းချုပ်မှု လွတ်သွားနိုင်တယ်”

“ဒါပေမဲ့ နင် ရှိနေရင်တော့ ပိုပြီး စိတ်ချရတာပေါ့ဟယ်”

ယွီခယ်အာသည် အပြာရောင် အကြေးခွံများ ဖုံးလွှမ်းထားသော မြွေကြီး၏ ခေါင်းကို ပွတ်သပ်ပေးရင်း မျှော်လင့်တကြီး ပြောလေ၏။

'ကောင်းကင်ပြာ စပါးအုံးမြွေ' သည် ဒုတိယအဆင့် သားရဲများအနက် ထိပ်တန်း သွေးမျိုးဆက် ရှိသော ရှားပါး သားရဲ တစ်ကောင် ဖြစ်သည်။

'ခေါင်းနှစ်လုံး သွေးလင်းယုန်' သည်လည်း ထိုနည်းလည်းကောင်းပင်။

ယွီမိသားစု၏ မျိုးဆက်သစ် တစ်ဦး အနေဖြင့် သူမတွင် ဤကဲ့သို့ ထူးခြားသော သွေးမျိုးဆက် ရှိသည့် ယဉ်ပါးသားရဲ နှစ်ကောင် ပိုင်ဆိုင်ထားခြင်းက၊ သားရဲထိန်းသိမ်းခြင်းကို အထူးပြုသော သူမ၏ မိသားစု အင်အားကြီးမားပုံကို သက်သေပြနေလေ၏။

သစ်သားဓာတ် မိစ္ဆာ အမြုတေ ဆေးလုံးကို မျိုချပြီးနောက်၊ စပါးအုံးမြွေကြီးသည် လျှို့ဝှက်ခန်း အတွင်း၌ အဆင့် ချိုးဖြတ်ရန် ကြိုးစားလေတော့သည်။

အစပိုင်းတွင် အရာအားလုံး အဆင်ပြေနေသည်။ မြွေကြီးသည် ကြမ်းပြင်ပေါ်တွင် ငြိမ်သက်စွာ ဝပ်နေပြီး ဆေးစွမ်းအင်များကို စုပ်ယူ သန့်စင်နေသည်။ သို့သော် အဆင့် ချိုးဖြတ်ရန် စတင် ကြိုးစားလိုက်သည်နှင့် တစ်ပြိုင်နက် ယွီခယ်အာ၏ မျက်နှာထား ပြောင်းလဲသွားလေ၏။

တစ်ချိန်တည်းမှာပင် မြွေကြီး၏ တည်ငြိမ်မှု ပျက်ပြားသွားပြီး၊ ခန္ဓာကိုယ်မှ ကြမ်းတမ်းသော မိစ္ဆာ အရှိန်အဝါများ ပေါက်ကွဲထွက်လာကာ ထိန်းချုပ်မှုမှ လွတ်မြောက်ရန် ရုန်းကန်လာလေတော့သည်။

သို့သော် နောက်တစ်စက္ကန့်တွင်...

အသင့် စောင့်ဆိုင်းနေသော မြေကမ္ဘာမီးလျှံ မျောက်ဝံကြီးသည် ချက်ချင်း ပြေးဝင်သွားလေ၏။

သူ့၏ လက်မောင်းကြီး နှစ်ဖက်ဖြင့် စပါးအုံးမြွေကြီးကို မြဲမြံစွာ ဖမ်းချုပ်လိုက်သည်။

မြေတီကောင်လေး တစ်ကောင်ကို ဖမ်းလိုက်သကဲ့သို့ လွယ်ကူလွန်းလှသည်။

အကြေးခွံနက် လင်းယုန် နှင့် ယွီခယ်အာ၏ ဒုတိယအဆင့် အစောပိုင်း ခေါင်းနှစ်လုံး သွေးလင်းယုန် တို့သည်လည်း အစောင့်အရှောက် အဖြစ် ဘေးတွင် ရှိနေကြသည်။ လင်းယုန်မျက်လုံး (၄) လုံးသည် တုန်ရီနေသော စပါးအုံးမြွေကြီးကို စူးစိုက် ကြည့်ရှုနေကြလေ၏။

ထိုအခါမှသာ စုယွီသည် ဂရုတစိုက် ရှေ့တိုးသွားပြီး၊ 'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်' ၏ စွမ်းအားကို အသုံးပြုကာ မြွေကြီး၏ သွေးမျိုးဆက် အတွင်းမှ ကြမ်းတမ်းသော အရှိန်အဝါများကို ဖိနှိပ်ပေးလိုက်လေ၏။

တစ်နာရီခန့် ကြာမြင့်ပြီးနောက်...

“ဝုန်း...”

ကောင်းကင်ပြာ စပါးအုံးမြွေကြီးသည် အောင်မြင်စွာ အဆင့် ချိုးဖြတ်နိုင်ခဲ့ပြီး၊ ဒုတိယအဆင့် အစောပိုင်း သားရဲ တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

မပြန်မီ ယွီခယ်အာသည် ကျေးဇူးတုံ့ပြန်သော အနေဖြင့် သတင်းစကား တစ်ခု ပါးလိုက်လေ၏။

“စုယွီ… နောက်နှစ်ဝက် နေရင် ပိုင်ယွဲ့ အင်မော်တယ် မြို့တော် ဝိညာဉ်ခန်းမ လေလံပွဲမှာ ငါတို့မိသားစုက 'ခုန်းလင် ဝိညာဉ်သစ်သီး'နှစ်လုံး လေလံတင် ရောင်းချလိမ့်မယ်‌နော်”

ယွီမိသားစုနှင့် ဟွမ်မိသားစုတို့ မိစ္ဆာတောင်ထွတ်ရှစ်ခု တွင် တိုက်ခိုက်ခဲ့ကြခြင်းသည် အတော်လေး ဂယက်ရိုက်သွားခဲ့သည်။

ရလဒ် အနေဖြင့် ယွီမိသားစုက ဝိညာဉ်သစ်ပင်ကို ပိုင်ဆိုင်သွားခဲ့သည်။

ယခု ယွီမိသားစုက ဝိညာဉ်သစ်သီး နှစ်လုံးကို ထုတ်ရောင်းခြင်းသည် ထိုအဖြစ်အပျက်၏ နောက်ဆက်တွဲ ဂယက်များကို လျှော့ချလိုသော ရည်ရွယ်ချက် ဖြစ်ကောင်း ဖြစ်နိုင်ပေ၏။

တစ်ယောက်တည်း ကောင်းစားနေခြင်းသည် အမုန်းတရားများကို မွေးဖွားစေပြီး၊ လူအများ၏ ဒေါသကို ဆွပေးသလို ဖြစ်စေတတ်သည် မဟုတ်ပါလော။

“ခုန်းလင် ဝိညာဉ်သစ်သီး...”

ထိုအမည်ကို ကြားလိုက်ရသောအခါ စုယွီ၏ နှလုံးသား အနည်းငယ် တုန်ခါသွားလေ၏။ ခေတ္တမျှ စဉ်းစားပြီးနောက်၊ သူသည် ယွင်ကျန်းဂိုဏ်း လမ်းကြောင်းမှတစ်ဆင့် စုမိသားစုထံသို့ ဤသတင်းကို ပေးပို့လိုက်လေ၏။

တကယ်လို့ ဝိညာဉ်သစ်သီး ပါလာမယ် ဆိုရင်၊ စုမိသားစု အနေနဲ့ လေလံပွဲကို လူလွှတ်ပြီး အစွမ်းကုန် ကြိုးစား ဝယ်ယူသင့်တယ်။

တစ်လုံးလောက် ရလိုက်ရင်ကိုပဲ... သူ 'အခြေခံ တည်ဆောက်ခြင်း ဆေးလုံး' စတင် ဖော်စပ်လို့ ရပြီ။

သူ့ရဲ့ လက်ရှိ ဆေးပညာ အရည်အချင်းနဲ့ ဆိုရင်၊ ပထမဆုံး အကြိမ် စမ်းသပ် ဖော်စပ်ရင်တောင်မှ အောင်မြင်နိုင်ချေ (၅၀) (၆၀) ရာခိုင်နှုန်းလောက် ရှိသည်။

စမ်းကြည့်ဖို့ တန်ပါတယ်။

တစ်ဖက်တွင်မူ ယွီခယ်အာသည် ဒုတိယအဆင့် အစောပိုင်းသို့ ရောက်ရှိသွားသော ကောင်းကင်ပြာ စပါးအုံးမြွေနှင့် ရင်းနှီးကျွမ်းဝင်အောင် ကြိုးစားနေလေ၏။

သူမသည် နေ့စဉ် ဂရုတစိုက် ပြုစုပျိုးထောင်ပေးပြီး၊ သားရဲထိန်းသိမ်းခြင်း နည်းစနစ်များကို အသုံးပြုကာ ၎င်းနှင့် ဆက်နွှယ်မှု၊ ထိန်းချုပ်မှုများကို ပိုမို နက်ရှိုင်းအောင် ပြုလုပ်လေ၏။

တစ်လကျော် ကြာသောအခါ...

ကောင်းကင်ပြာ စပါးအုံးမြွေကြီး အရေခွံလဲလိုက်ပြီး၊ ၎င်း၏ ဗိုက်အောက်တွင် ခြေသည်းလေး နှစ်ချောင်း ထွက်ပေါ်လာလေ၏။

ယွီခယ်အာနှင့် အမယ်အိုကြီး ဟွမ်ဟိုင်မုန့် တို့သည် ပြောင်းလဲသွားသော မြွေကြီးကို ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြလေ၏။

“တတိယအဆင့် သွေးမျိုးဆက် ပါလား...”

လမ်းကြားလေးထဲရှိ ခြံဝင်း တစ်ခု အတွင်း၌...

ဝူဇီကန် 'ပျောက်ဆုံး' သွားသည်မှာ (၂) လနီးပါး ကြာမြင့်ပြီးနောက်၊ အမှန်တရားခန်းမ မှ ကျင့်ကြံသူများ ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးနေကြလေ၏။ လမ်းကြားထဲရှိ လူတိုင်းကို မေးမြန်းကြသည်။

လူတိုင်းက တစ်ညီတစ်ညွတ်တည်း ထွက်ဆိုကြသည်မှာ... ဝူဇီကန်သည် ထိုနေ့က ထွက်သွားပြီးကတည်းက ပြန်မလာတော့ပါ ဟူ၍ပင်။

အမှန်တရားခန်းမ အနေဖြင့် မည်သည့် သဲလွန်စမျှ မတွေ့ရှိသဖြင့် လက်လျှော့လိုက်ရလေ၏။

မည်သို့ပင် ဆိုစေကာမူ ဝူဇီကန်သည် အမှန်တရားခန်းမ သို့ ဝင်ရောက်ထားသော်လည်း၊ ပထမအဆင့် အဆောင်လက်ဖွဲ့ ပညာရှင် တစ်ဦးသာ ဖြစ်သည်။ သူ ပျောက်ဆုံးသွားခြင်းသည် အရေးပါသာ ကိစ္စရပ် မဟုတ်ပေ။

(၅) လကျော် ကြာသောအခါ...

စုဇီသည် ပိုင်ယွဲ့ အင်မော်တယ် မြို့တော် လမ်းကြားလေးထဲသို့ ရောက်ရှိလာခဲ့လေ၏။

သူမသည် ဝိညာဉ်သစ်သီး လေလံဆွဲရန် မိသားစုက ပေးလိုက်သော ဝိညာဉ်ကျောက်တုံးများကို ယူဆောင်လာခြင်း ဖြစ်သော်လည်း...၊ သတင်းဆိုး တစ်ခုပါ သယ်ဆောင်လာခဲ့လေ၏။

All Chapters