ဆေးပညာရှင် အဆင့် ချိုးဖြတ်ခြင်း
Vol. 4 Ch. 46
အရှေ့ထွက်လာသော သူသည်ကား အခြားသူ မဟုတ်၊ ချန်စီစီပင် ဖြစ်လေ၏။ စုဇီ၏ 'အခြေခံ တည်ဆောက်ခြင်း' အောင်မြင်မှု ဂုဏ်ပြုပွဲ ပြီးကတည်းက စုယွီ သူမကို မတွေ့ရတော့ပေ။
စုချင်းယီသည် စုမိသားစုကို သစ္စာဖောက်ပြီး မိစ္ဆာလမ်းစဉ်သို့ ဝင်ရောက်သွားသောအခါ၊ ချန်စီစီသည် သူနှင့် ပတ်သက်မှု အားလုံးကို ဖြတ်တောက်လိုက်ပြီး၊ သူမ၏ တာအိုလက်တွဲဖော် အဖြစ်မှ ရပ်စဲကြောင်း စုမိသားစုထံ တရားဝင် အကြောင်းကြားစာ ပေးပို့ခဲ့လေ၏။
ချန်စီစီနှင့်အတူ လူနှစ်ဦး လိုက်ပါလာသည်။ တစ်ဦးမှာ ဆံပင်ဖြူဖွေးနေသော ချန်မိသားစု ဒုတိယအကြီးအကဲ ဖြစ်ပြီး...
ကျန်တစ်ဦးမှာမူ သက်လတ်ပိုင်း အရွယ်ခန့် ရှိပြီး ချီစွမ်းအင် စုစည်းခြင်း အဆင့် (၉) သို့ ရောက်ရှိနေသော ဆံပင်နက်နှင့် အမျိုးသား တစ်ဦး ဖြစ်လေ၏။
ချန်စီစီ၏ ကျင့်ကြံခြင်း အဆင့်သည်လည်း ချီစွမ်းအင် စုစည်းခြင်း အဆင့် (၉) သို့ ရောက်ရှိနေပြီ ဖြစ်၏။
စုယွီကို မြင်လိုက်ရသောအခါ ချန်စီစီ ပြုံးလိုက်ပြီး အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
“အစ်ကိုယွီ”
“ဒုတိယအကြီးအကဲကိုတော့ အစ်ကို သိမှာပါ”
ချန်စီစီက ကိုးပေခန့် မြင့်မားပြီး ခပ်ကြမ်းကြမ်း ရုပ်ရည်ရှိသည့် အခြားလူ တစ်ဦးကို ညွှန်ပြလိုက်သည်။
“ဒါက ကျွန်မတို့ ချန်မိသားစုရဲ့ စတုတ္ထအကြီးအကဲ ချန်ခိုင်ယုံ ပါ”
“တွေ့ရတာ ဝမ်းသာပါတယ်ဗျာ”
စုယွီ နှုတ်ဆက်လိုက်သည်။
“ခင်ဗျားတို့ …ဘာကိစ္စများ ရှိလို့ပါလဲ”
ချန်စီစီက ပြောလိုက်သည်။
“အစ်ကိုယွီ... ကျွန်မတို့ မိသားစုက အစ်မ စုဇီ.. လက်ရာမြောက် ဖန်တီးထားတဲ့ ရုပ်သေးသားရဲ နှစ်ကောင်လောက် မှာချင်လို့ပါ”
စုယွီ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ချန်စီစီကို ခေတ္တမျှ ကြည့်နေလိုက်သည်။ ထို့နောက် ပြောလိုက်၏။
“ရပါတယ်... တစ်ကောင်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်ထောင် ကျပါတယ်”
ဤဈေးနှုန်းသည် မသက်သာလှပေ။ ထိပ်တန်းအဆင့် မှော်လက်နက် တစ်ခု၏ ဈေးနှုန်းခန့် ရှိနေသည်။
သို့သော် သက်ကြီးရွယ်အို ဖြစ်သော ချန်မိသားစု ဒုတိယအကြီးအကဲသည် အနည်းငယ် ပြုံးလိုက်ပြီး ပြောလေ၏။
“ကောင်းပါပြီ... သခင်လေးစုရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်”
ပထမအဆင့် ထိပ်တန်း ရုပ်သေးသားရဲ ဆိုသည်မှာ အလွယ်တကူ ရနိုင်သော အရာ မဟုတ်ပေ။
အထူးသဖြင့် နှစ်ကောင် မှာယူမည် ဆိုပါက ပို၍ပင် ရှားပါးလှသည်။
အကယ်၍ ဤရုပ်သေးသားရဲများကို ပိုင်ယွဲ့ အင်မော်တယ် မြို့တော် ဈေးကွက်တွင် လေလံတင် ရောင်းချပါက၊ တစ်ကောင်လျှင် အနည်းဆုံး ဝိညာဉ်ကျောက်တုံး သုံးထောင်ခန့် ရရှိနိုင်ပေလိမ့်မည်။
ဤအရာများသည် မျိုးဆက်တစ်ခုမှ တစ်ခုသို့ လက်ဆင့်ကမ်း ပေးနိုင်သော၊ ချီစွမ်းအင် စုစည်းခြင်း အဆင့်တွင် ထိပ်တန်း တိုက်ခိုက်ရေး အင်အားစုများ ဖြစ်ကြသည်။
ဝိညာဉ်ကျောက်တုံး ကုန်ကျစရိတ်သာ ရှိပြီး၊ မျိုးဆက်ပေါင်းများစွာ မိသားစုကို အလုပ်အကျွေး ပြုနိုင်ပေလိမ့်မည်။
ချန်မိသားစု ဒုတိယအကြီးအကဲသည် ဤအချက်ကို နားလည်သဘောပေါက်သောကြောင့် စုယွီ၏ ရက်ရောမှုအတွက် ကျေးဇူးတင်စကား ဆိုလိုက်ခြင်း ဖြစ်သည်။
သူ့စကားများ၏ နောက်ကွယ်တွင် အဓိပ္ပာယ် တစ်ခု ရှိနေသည်။
ချန်မိသားစု အနေဖြင့် စုယွီ၏ ကျေးဇူးကို အမှတ်ရနေမည် ဖြစ်ပြီး၊ ကျေးဇူးကန်းမည့်သူများ မဟုတ်ကြောင်း သွယ်ဝိုက် ပြောဆိုလိုက်ခြင်းပင်။
အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး လေးထောင်တိတိကို ချန်မိသားစုက စုယွီထံ ချက်ချင်း ပေးအပ်လိုက်သည်။ သူတို့၏ ကြွယ်ဝချမ်းသာမှုကို ထုတ်ဖော်ပြသလိုက်ပုံက စုယွီ၏ အာရုံကို ဖမ်းစားသွားစေခဲ့သည်။
ကြည့်ရတာ ချန်မိသားစု အနေဖြင့် ခရမ်းရွှေ သဲ သတ္တုတွင်းကို ပိုင်ဆိုင်ထားခြင်းဖြင့် နှစ်များစွာ အတွင်း စည်းစိမ်ဥစ္စာ အတော်အတန် စုဆောင်းမိခဲ့ပုံ ရလေ၏။
ရုပ်သေးသားရဲများနှင့် ပတ်သက်၍မူ တစ်နှစ်အကြာတွင် လာရောက် ယူဆောင်ရန် သဘောတူညီလိုက်ကြသည်။
ထို့နောက် ချန်စီစီနှင့် အဖွဲ့ ပြန်ရန် ပြင်ဆင်ကြသည်။
သို့သော် စုယွီသည် ချန်စီစီကို တားလိုက်ပြီး ခေတ္တမျှ စကားစမြည် ပြောဆိုလိုက်သည်။
စုယွီက မေးလိုက်၏။
“ချီစွမ်းအင် စုစည်းခြင်း အဆင့် (၉) ရောက်သွားတာ ဂုဏ်ယူပါတယ်... ဘယ်တော့လောက် အခြေခံ တည်ဆောက်ခြင်း အဆင့်ကို တက်လှမ်းဖို့ စိတ်ကူးထားလဲ”
အညစ်အကြေး ကင်းစင်ပြီး ကြည်လင်နေသော စုယွီ၏ မျက်ဝန်းများကို ကြည့်ရင်း ချန်စီစီ သက်ပြင်းချလိုက်မိသည်။
“အရာရာ အဆင်ပြေရင်တော့... နောက်တစ်နှစ်၊ နှစ်နှစ်လောက် နေရင်ပေါ့”
ထိုစကားကို ကြားသောအခါ စုယွီ ရယ်မောလိုက်သည်။
“အကူအညီ လိုအပ်ရင် အားမနာနဲ့နော်... ပြောသာ ပြောပါ”
“အကူအညီ ဆိုတာက... ဆေးလုံးတွေ၊ အဆောင်လက်ဖွဲ့တွေ လိုမျိုး ပြောတာပါ”
အကယ်၍ သူသည် ဆေးလုံးများနှင့် အဆောင်လက်ဖွဲ့ အချို့ကို ရင်းနှီးမြှုပ်နှံမှု အဖြစ် အသုံးပြုပြီး ချန်စီစီ 'အခြေခံ တည်ဆောက်ခြင်း အဆင့်' သို့ အောင်မြင်စွာ ရောက်ရှိသွားပါက၊ နောက်ဆုံးတွင် အကျိုးရှိမည့်သူမှာ သူပင် ဖြစ်လေ၏။
ယခု လက်ရှိ အခြေအနေကို ကြည့်လျှင်ပင်၊ သူသည် ဆေးဖော်ခြင်း၊ အဆောင်လက်ဖွဲ့ ရေးဆွဲခြင်း၊ ရုပ်သေးသားရဲ ဖန်တီးခြင်း သို့မဟုတ် ခန္ဓာကိုယ် ကြံ့ခိုင်ရေး ကျင့်ကြံခြင်းတို့အတွက် ဒုတိယအဆင့် ကုန်ကြမ်းပစ္စည်း အချို့ လိုအပ်ပါက စုဇီကို အကူအညီ တောင်းခံရလေ့ ရှိသည်။
ဆွေမျိုးတော်စပ်မှု အပြင်၊ ယခင်က စုယွီ ကူညီခဲ့ဖူးသော ကျေးဇူးတရားများကြောင့် စုဇီသည် သူ့ကို ကူညီရန် လိုလိုလားလား ရှိနေခြင်း ဖြစ်သည်။
စုဇီ၏ အကူအညီသာ မပါလျှင်၊ ဤပစ္စည်းများကို ကိုယ်တိုင် စုဆောင်းရန်မှာ သူ့အတွက် အတော်ပင် ခက်ခဲပါမည်။
ယွင်ရှန်း ဈေးမြို့တော်သည် သေးငယ်လွန်းလှသည်။
လွန်ခဲ့သော (၁၀) နှစ်ကျော်က စရောက်ခါစတွင် အတော်ကြီးသည်ဟု ထင်ခဲ့မိသော်လည်း...
ဤနေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်ပြီး အနီးဝန်းကျင် ကျင့်ကြံခြင်း လောက အခြေအနေကို ပြည့်စုံစွာ နားလည်လာပြီးနောက်၊ ယွင်ရှန်း ဈေးမြို့တော်သည် တကယ်တမ်းတွင် အလွန် သေးငယ်ကြောင်း စုယွီ သဘောပေါက်လာခဲ့သည်။
ယွင်ကျန်းဂိုဏ်းနှင့် အနီးဆုံး အကြီးမားဆုံး ဈေးမြို့တော်မှာ 'ပိုင်ယွဲ့ အင်မော်တယ် မြို့တော်' ဖြစ်သည်။
ပိုင်ယွဲ့ အင်မော်တယ် မြို့တော်၏ အတိုင်းအတာသည် ယွင်ရှန်း ဈေးမြို့တော်ထက် အဆပေါင်းများစွာ၊ (၁၀) ဆ မကပင် ကြီးမားလေ၏။
ပိုင်ယွဲ့ အင်မော်တယ် မြို့တော် အောက်ခြေတွင် တတိယအဆင့် ဝိညာဉ်သွေးကြော တစ်ခု ရှိသည်ဟု ဆိုကြသည်။
မြို့တော်၏ အတွင်းပိုင်း အနက်ရှိုင်းဆုံး နေရာတွင် တတိယအဆင့် ဝိညာဉ်သွေးကြော ကောင်းချီးမင်္ဂလာ မြေပေါ်၌ တည်ဆောက်ထားသော ငှားရမ်းနိုင်သည့် ကျင့်ကြံခြင်း ဂူများပင် ရှိလေ၏။
ထို့ကြောင့် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်တွင် 'အခြေခံ တည်ဆောက်ခြင်း အဆင့်' ကျင့်ကြံသူများ၊ ဒုတိယအဆင့် ဆေးဆရာများ၊ အဆောင်လက်ဖွဲ့ ပညာရှင်များ အများအပြား ရှိကြသည်။
'အမြုတေအတု နယ်ပယ်' သို့ ရောက်ရှိနေသော ကျင့်ကြံသူများ၊ တတိယအဆင့် ဆေးဆရာများပင်လျှင် မြို့ထဲတွင် ရှိနေနိုင်သည်။
ယွင်ရှန်း ဈေးမြို့တော်နှင့် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်တို့၏ ကွာခြားချက်မှာ မိုးနှင့် မြေ ပမာပင်။
အကယ်၍ ချန်စီစီသာ 'အခြေခံ တည်ဆောက်ခြင်း' အောင်မြင်သွားပါက၊ နောက်ထပ် 'အခြေခံ တည်ဆောက်ခြင်း အဆင့်' အဆက်အသွယ် တစ်ခု ရရှိခြင်းသည် စုယွီအတွက် အကျိုးကျေးဇူးများစွာ ရရှိစေနိုင်ပေ၏။
ကျေးဇူးတင်စကား ပြောဆိုပြီးနောက် ချန်စီစီသည် သူမ၏ မိသားစုဝင်များနှင့်အတူ ထွက်ခွာသွားလေ၏။
ထို့နောက် စုယွီသည် ယခင်က ပြုလုပ်ဖူးသော ပထမအဆင့် ထိပ်တန်း ရုပ်သေးသားရဲ နှစ်ကောင် ဖန်တီးရန်အတွက် ပစ္စည်းများကို စတင် စုဆောင်းလေတော့သည်။
တစ်ကောင်အတွက် ကုန်ကြမ်းပစ္စည်း တန်ဖိုးသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ကိုးရာခန့် ရှိသည်။
သူသည် တစ်ကောင်ကို နှစ်လ၊ သုံးလခန့်ဖြင့် ပြီးစီးအောင် ဖန်တီးနိုင်သည်။
ရုပ်သေးသားရဲ နှစ်ကောင်သည် သူ့အား အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်ထောင်ကျော် အသားတင် အမြတ်အစွန်း ရရှိစေနိုင်ပေ၏။
ထိုအချိန်တွင်...
စုယွီသည် 'အခြေခံ တည်ဆောက်ခြင်း အဆင့်' ကျင့်ကြံသူများ အတွက် အသုံးပြုသော ဒုတိယ အဆင့် အဆင့်နိမ့် 'ခိုင်ယွမ် ဆေးလုံး' (ချီစွမ်းအင် စုစည်းခြင်း အဆင့် ကျင့်ကြံသူများအတွက် 'ချီစွမ်းအင် စုစည်းခြင်း ဆေးလုံး' နှင့် တူညီပါတယ်) အတွက် ပစ္စည်းများကိုလည်း စုဆောင်းနေလေ၏။
ဒါက အလွန် အသုံးများသော ဒုတိယအဆင့် ဆေးလုံး တစ်မျိုး ဖြစ်ပြီး ပစ္စည်း ရှာဖွေရတာလည်း နှိုင်းယှဉ်ချက်အရ လွယ်ကူသည်။
သို့သော် ဒုတိယအဆင့် အဆင့်နိမ့် ခိုင်ယွမ် ဆေးလုံး တစ်သုတ် အောင်မြင်စွာ ဖော်စပ်နိုင်ရန်အတွက် စုယွီသည် အချိန် (၆) လနှင့် ပစ္စည်း (၁၀) စုံ အသုံးပြုခဲ့ရလေ၏။ ချီစွမ်းအင် စုစည်းခြင်း အဆင့် (၇) ဖြင့် ဒုတိယအဆင့် ဆေးလုံး တစ်လုံး ဖော်စပ်ရခြင်းမှာ လွယ်ကူသော ကိစ္စ မဟုတ်ချေ။
နောက်ထပ် နှစ်ဝက် ကုန်လွန်သွားပြန်သည်။
ရုပ်သေးသားရဲ နှစ်ကောင်ကို စုယွီ ဖန်တီးပြီးစီးခဲ့ပြီ ဖြစ်သည်။
ထို့အပြင် ဒုတိယအဆင့် အဆင့်နိမ့် ခိုင်ယွမ် ဆေးလုံး ဖော်စပ်မှု အောင်မြင်နှုန်းသည် (၃၀) မှ (၄၀) ရာခိုင်နှုန်းသို့ တိုးတက်လာပြီး၊ ကျွမ်းကျင်မှု အဆင့် (၃၂%) သို့ ရောက်ရှိခဲ့လေ၏။
သူသည် ဒုတိယအဆင့် အဆင့်နိမ့် ဆေးဆရာ တစ်ဦး အဖြစ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
ဒီအတွက် ရုပ်သေးသားရဲ နှစ်ကောင်မှ ရသော အမြတ်ငွေ တစ်ဝက်လောက်ကို သုံးစွဲလိုက်ရသည်။
တစ်နှစ် ကြာသောအခါ...
ချန်စီစီသည် ဈေးမြို့တော်ရှိ ဆေးလုံးမျှော်စင်သို့ ရောက်ရှိလာပြီး ရုပ်သေးသားရဲ နှစ်ကောင်ကို လာရောက် ယူဆောင်သွားလေ၏။
နောက်ထပ် တစ်လအကြာတွင် ဆေးဖက်ဝင် အပင်များ သယ်ယူပို့ဆောင်ရေး တာဝန်ခံ စုတာကျွင်း ရောက်ရှိလာမှသာ မိသားစုနှင့် ချန်မိသားစုတို့၏ အခြေအနေကို စုယွီ သိရှိလိုက်ရ၏။
စုတာကျွင်းက ဤသို့ ပြောပြလာပါသည်။
“မျိုးနွယ်စုမှာ အကြီးအကဲစု အရင်က ဖန်တီးပေးခဲ့တဲ့ ပထမ အဆင့် ထိပ်တန်း ရုပ်သေးသားရဲ တစ်ကောင် ရှိတယ်... အခု ချန်မိသားစုက နောက်ထပ် နှစ်ကောင် ထပ်ဝယ်သွားတယ်... စုစုပေါင်းဆိုရင် ပထမအဆင့် ထိပ်တန်း ရုပ်သေးသားရဲ သုံးကောင် ရှိသွားပြီကွ... သူတို့က ဘယ်လောက် စွမ်းအားကြီးလဲဆိုရင် 'အခြေခံ တည်ဆောက်ခြင်း အဆင့်' မဟုတ်တဲ့ ဘယ်သူမဆို သူတို့ကို ထိခိုက်အောင် လုပ်ဖို့ ခက်ခဲတယ်”
“အားပြင်းတဲ့ ဒီ ရုပ်သေးသားရဲ သုံးကောင်နဲ့ ဆိုတော့ ..ငါတို့ မိသားစုက ချန်မိသားစုနဲ့ မဟာမိတ်ဖွဲ့ပြီး မေပယ်မြို့တော် ပိုင်မိသားစု ပိုင်ဆိုင်တဲ့ အရင်းအမြစ် နယ်မြေတစ်ခုကို ဝင်တိုက်ခဲ့ကြတာပေါ့”
“ပိုင်မိသားစုရဲ့ နောက်ဆုံး ကျန်ရစ်တဲ့ 'အခြေခံ တည်ဆောက်ခြင်း အဆင့်' (၃) ဘိုးဘေးကို ငါတို့ မဟာမိတ် တပ်ပေါင်းစုက ထိန်းထားလိုက်နိုင်တယ်... ရုပ်သေးသားရဲ သုံးကောင်နဲ့ မိသားစု နှစ်ခုက အကြီးအကဲတွေ ပေါင်းပြီး တိုက်ခိုက်လိုက်တာ ပိုင်မိသားစု ကျင့်ကြံသူတွေ အရေးနိမ့်ပြီး ထွက်ပြေးကုန်ကြရော”
“တိုက်ပွဲမှာ ပိုင်မိသားစု အကြီးအကျယ် အထိနာသွားတယ်... ချီစွမ်းအင် စုစည်းခြင်း အဆင့် (၉) အကြီးအကဲ နှစ်ယောက်နဲ့ ကျင့်ကြံသူ အယောက် (၃၀) နီးပါး သေဆုံးသွားခဲ့တယ်”
“အခု ငါတို့ အဲ့ဒီ အရင်းအမြစ် နယ်မြေကို သိမ်းပိုက်လိုက်နိုင်ပြီ... မေပယ်မြို့တော် ပိုင်မိသားစုကတော့ အထိနာပြီး ပြန်ဆုတ်သွားကြပြီ”
ဤအကြောင်းအရာများကို ပြန်ပြောပြနေစဉ် စုတာကျွင်း၏ အသံထဲတွင် စိတ်လှုပ်ရှားမှုနှင့် မောက်မာမှုတို့ ပြည့်နှက်နေလေ၏။
မေပယ်မြို့တော် ပိုင်မိသားစုသည် စုမိသားစုနှင့် နှစ်ပေါင်းများစွာ ရန်ငြိုးဖွဲ့ခဲ့ကြသည်။
လင်းမိသားစုက စုမိသားစု၏ ဝိညာဉ်သွေးကြော မြေနေရာကို သိမ်းပိုက်ရန် ကြိုးစားစဉ်က ပိုင်မိသားစုသည် လင်းမိသားစုဘက်မှ ကူညီခဲ့သည်။
နောက်ပိုင်းတွင်လည်း ချန်မိသားစု ကိစ္စများနှင့် ပတ်သက်၍ ပိုင်မိသားစုကြောင့် စုမိသားစုဝင် အများအပြား သေဆုံးခဲ့ရသည်။
စုချင်းယီ လက်တစ်ဖက် ဆုံးရှုံးရသည်မှာလည်း ပိုင်မိသားစုကြောင့်ပင် ဖြစ်သည်။ ထိုမှတစ်ဆင့် သူ့စိတ်နေသဘောထား ပြောင်းလဲသွားပြီး မိသားစုကို သစ္စာဖောက်ကာ မိစ္ဆာလမ်းစဉ်သို့ ရောက်ရှိသွားခဲ့ရသည်။
ဤ သွေးကြွေးများသည် တစ်ခုပြီး တစ်ခု ဆင့်ကဲ ဖြစ်ပေါ်လာခဲ့ရာ၊ ယခုအချိန်သည် စုမိသားစုနှင့် ချန်မိသားစုတို့ ပူးပေါင်းပြီး ပိုင်မိသားစုနှင့် စာရင်းရှင်းရန် အချိန်တန်ပြီ ဖြစ်လေ၏။
သတင်းကြားရသောအခါ စုယွီလည်း ဝမ်းသာသွားမိသည်။ မေပယ်မြို့တော် ပိုင်မိသားစုကို အနိုင်ယူပြီး အရင်းအမြစ် နယ်မြေတစ်ခု ရရှိလိုက်ခြင်းသည် သတင်းကောင်း တစ်ခုပင်။
ဝဋ်ဆိုတာ လည်တတ်သည်လေ။
တစ်ချိန်တုန်းက ပိုင်မိသားစုသည် မောက်မာခဲ့ပြီး စုမိသားစုနှင့် ချန်မိသားစုကို ဖိနှိပ်ခဲ့သည်။
အခုတော့... ပြန်ပေးဆပ်ရမယ့် အချိန် ရောက်ပြီပေါ့။
သို့သော် ဝမ်းသာပြီးနောက် စုယွီ အတွေးတစ်ခု ဝင်လာကာ မျက်နှာထား စိုးရိမ်ပူပန်မှု ဖြစ်သွားရလေ၏။
“ကွမ်လန်တောင်က ဟွမ်မိသားစု ရော... ဘယ်လိုလဲဗျ”