← Chapters

ထွက်ခွာခြင်း

Vol. 4 Ch. 48

ထွက်ခွာခြင်း

Vol. 4 Ch. 48

~ဒီသတင်းက အင်အားစု အများအပြားရဲ့ လောဘကို ဆွပေးလိုက်သလို ဖြစ်သွားခဲ့လေ၏။ အကြောင်းမှာ သာမန် ဝိညာဉ်အသီး တစ်လုံးတည်း မဟုတ်ဘဲ၊ ဝိညာဉ်သစ်ပင် တစ်ပင်လုံးကို ပိုင်ဆိုင်ရနိုင်မည့် အခွင့်အရေး ဖြစ်နေသောကြောင့်ပင်။

ဒီသစ်ပင်ကိုသာ ပိုင်ဆိုင်ထားလျှင် နောင်အနာဂတ်၌ 'အခြေခံ တည်ဆောက်ခြင်း ဆေးလုံး' ဖော်စပ်ရာတွင် လိုအပ်သော အရေးကြီး ကုန်ကြမ်းပစ္စည်းအတွက် ပူစရာ လိုတော့မည် မဟုတ်ပေ။

အချို့သော အင်အားစုများက ကြားဝင် စွက်ဖက်ရန် ကြိုးစားခဲ့ကြသော်လည်း၊ သူတို့ မလှုပ်ရှားနိုင်မီမှာပင် ယွီမိသားစုနှင့် ဟွမ်မိသားစုတို့၏ တိုက်ပွဲသည် ပြီးဆုံးသွားခဲ့လေ၏။

ယွီမိသားစုသည် ဟွမ်မိသားစုထံမှ ဝိညာဉ်သစ်ပင်ကို လုယူနိုင်ခဲ့ပြီ ဖြစ်သည်။

ဤအောင်မြင်မှုကြောင့် ယွီမိသားစုသည် တစ်ခဏအတွင်း လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့ပြီး၊ မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် မိသားစုများ၏ အားကျမှုကို ခံခဲ့ရလေ၏။

ယွီမိသားစု ဝိညာဉ်သစ်ပင် ရရှိသွားကြောင်း သတင်းကြားရသောအခါ စုယွီ သိပ်ပြီး ထူးထူးခြားခြား ခံစားမိခြင်း မရှိပေ။ သို့သော် ယွီမိသားစု အပေါ် လူအများ အာရုံစိုက်လွန်းနေခြင်းသည် ကောင်းသော လက္ခဏာ မဟုတ်နိုင်ကြောင်း သူ ခံစားမိနေသည်။ အထူးသဖြင့် အနီးဝန်းကျင်တွင် မိစ္ဆာလမ်းစဉ် သမားများနှင့် ဓားပြများ မကြာခဏ ပေါ်ထွက်နေချိန်တွင် ပို၍ပင် အန္တရာယ်များလှသည်။

သို့သော်... ဒါတွေက စုယွီနှင့် မသက်ဆိုင်ပေ။

ဒုတိယအဆင့် အဆင့်နိမ့် 'နဂါးမိကျောင်း ရုပ်သေးသားရဲ' အတွက် ပစ္စည်းများ စုဆောင်းမှုမှာ အနည်းငယ် နှေးကွေးနေသဖြင့်၊ သူသည် မိသားစုထံသို့ မကြာမီ ပြန်သွားပြီး ပိုင်ယွဲ့ အင်မော်တယ် မြို့တော်သို့ သွားရောက်ရန် ပြင်ဆင်တော့မည် ဖြစ်သည်။

သို့သော်၊...

မထွက်ခွာမီတွင် စုယွီသည် ဒုတိယအဆင့် အဆင့်နိမ့် 'လျှပ်စီးမီးတောက် အဆောင်လက်ဖွဲ့' အနည်းငယ် စုဆောင်းထားရန် လိုအပ်ပေ၏။

သို့မှသာ သူ စိတ်လုံခြုံမှု ရရှိနိုင်မည် ဖြစ်သည်။

နောက်ထပ် ခြောက်လ အတွင်း၊ စုယွီသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင်ခန့် အသုံးပြုပြီး 'လျှပ်စီးမီးတောက် အဆောင်လက်ဖွဲ့' ရေးဆွဲရန် သင့်လျော်သော အဆောင်လက်ဖွဲ့ စာရွက်နှင့် သားရဲသွေး အစုံ (၂၀) ခန့် ဝယ်ယူခဲ့လေ၏။

ထို အစုံ (၂၀) ထဲမှ 'လျှပ်စီးမီးတောက် အဆောင်လက်ဖွဲ့' (၈) ခုကို အောင်မြင်စွာ ရေးဆွဲနိုင်ခဲ့လေ၏။

ဆေးလုံးမျှော်စင် အတွင်း၌...

စုယွီသည် ဆံပင်များ အနည်းငယ် ဖြူစပြုနေပြီဖြစ်သော စုကူထုန်းကို ကြည့်ကာ ပြောလိုက်သည်။

“ဦးလေးကူထုန်း... ဆေးလုံးမျှော်စင်ကို ယာယီ တာဝန်ယူပေးပါဦး... ကျွန်တော် မိသားစုဆီ ခဏ ပြန်လိုက်ဦးမယ်”

“နောင်ကျရင် ဘယ်သူ့ကို တာဝန်ပေးမလဲ ဆိုတာကတော့ မိသားစု ဆုံးဖြတ်ချက်အပေါ် မူတည်တာပေါ့”

ထိုစဉ်၊

စုရွီအန်းက မနေနိုင်ဘဲ မေးလိုက်မိသည်။

“အကြီးအကဲ... တကယ်ကြီး ယွင်ရှန်း ဈေးမြို့တော် ကနေ ထွက်သွားတော့မလို့လား”

စုယွီ တုံ့ဆိုင်းမနေဘဲ ခေါင်းအနည်းငယ် ညိတ်ပြလိုက်လေ၏။

“ယွင်ရှန်း ဈေးမြို့တော်က သေးလွန်းတယ်... ပြီးတော့ ဒီမှာက ယွင်ကျန်းဂိုဏ်းရဲ့ ဖိအားအောက်မှာ ရှိနေတာလေကွာ... ယွင်ကျန်းဂိုဏ်း တပည့်တွေကလွဲရင် တခြားသူတွေ အကျိုးအမြတ်ရဖို့ ခက်ခဲတယ်လေ”

“ပိုင်ယွဲ့ အင်မော်တယ် မြို့တော် မှာမှ ငါတို့ လိုအပ်တာတွေ ပိုပြီး ရှိနိုင်မှာ”

စုကူထုန်း၊ စုရွီအန်း နှင့် အခြားသော စုမိသားစုဝင်များသည် ပိုင်ယွဲ့ အင်မော်တယ် မြို့တော် အကြောင်း ပြောနေသော စုယွီကို ကြည့်ရင်း သူတို့၏ မျက်လုံးများထဲတွင် တောင့်တမှုများ ပေါ်လွင်နေလေ၏။

စုကူထုန်း တို့နှင့် သိပ်ကြာကြာ အချိန်မဖြုန်းတော့ဘဲ၊ စုယွီသည် အရာအားလုံး သေချာ စီစဉ်ထားပြီးကြောင်း စစ်ဆေးပြီးနောက် ထွက်ခွာရန် ရွေးချယ်လိုက်လေ၏။

သူက လူငယ်လေး ဘဝနှင့် ဒီနေရာကို ရောက်လာခဲ့သည်။ ယခုအခါ အသက် (၄၀) ပြည့်နေပြီ ဖြစ်သော်လည်း၊ စုယွီသည် စိတ်ထဲတွင် လူငယ်လေး တစ်ယောက်ကဲ့သို့ ခံစားနေရဆဲပင်။ လူငယ်တစ်ယောက်၏ အမူအရာ၊ လူငယ်တစ်ယောက်၏ စိတ်ဓာတ်ဖြင့်ပင်။

ယွင်ရှန်း ဈေးမြို့တော်တွင် အနှစ် (၂၀) ကြာ နေထိုင်ခဲ့ပြီးနောက်၊ စုယွီသည် ဝိညာဉ်မြင်းကို ခေတ္တ ရပ်တန့်လိုက်ပြီး ဈေးမြို့တော်ကို နောက်ဆုံးအကြိမ် လှည့်ကြည့်လိုက်လေ၏။

“သွားကြစို့”

“ဟား.. ဟား… ဟား ….ဟား…..”

ပေါ့ပါးလွတ်လပ်သော စိတ်အခြေအနေကို ထင်ဟပ်စေသည့် ရယ်သံကြီးများဖြင့်၊ စုယွီသည် ဝိညာဉ်မြင်းကို ဒုန်းစိုင်းနှင်ကာ လျင်မြန်စွာ ထွက်ခွာသွားလေတော့သည်။

ဈေးမြို့တော် အတွင်း၌...

ကောင်းကင်သိုင်းကျမ်း မျှော်စင် အရောင်းခုံ နောက်ကွယ်တွင် ငိုက်မြည်းနေသော လူအိုကြီးသည် ရုတ်တရက် နိုးလာလေ၏။ သူ၏ စိတ်အာရုံဖြင့် စစ်ဆေးလိုက်ရာ ဈေးမြို့တော်မှ ထွက်ခွာသွားသော စုယွီ၏ ပုံရိပ်ကို မြင်တွေ့လိုက်ရသည်။

“ဟေ... ဒီကောင်လေး သွားတော့မလို့လား”

လူအိုကြီး တိုးတိုးလေး ရေရွတ်လိုက်ပြီး အနည်းငယ် တွန့်ဆုတ်နေမိသည်။

“ထားလိုက်ပါတော့လေ... သူ့ကို တစ်ဖက်တစ်လမ်းက ကူညီပေးလိုက်ပါ့မယ်”

နောက်ဆုံးတွင် လူအိုကြီး သက်ပြင်း ဖွဖွလေး ချလိုက်လေ၏။

ဒီနှစ်တွေ တစ်လျှောက်လုံးမှာ စုယွီကို သူ သဘောအကျဆုံးပင် ဖြစ်သည်။

လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းပေလွှာ တစ်ခု အလိုအလျောက် ပေါ်လာသည်။ သို့သော် နောက်တစ်စက္ကန့်တွင် လူအိုကြီး နောက်ထပ် လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ကျောက်စိမ်းပေလွှာမှာ ပျောက်ကွယ်သွားလေတော့သည်။

စုယွီသည် ယွင်ရှန်း ဈေးမြို့တော်မှ ထွက်ခွာလာခဲ့သည်မှာ (၁၀) မိုင်ကျော်ခန့် ရှိနေပြီ ဖြစ်သည်။ သူသည် ဝိညာဉ်မြင်းကို စီးနင်းကာ စုမိသားစုထံသို့ ဦးတည် သွားရောက်နေလေ၏။

ရုတ်တရက်...

ကောင်းကင်ယံမှ အမည်းစက် တစ်ခု ကျဆင်းလာပြီး ဘာမပြော ညာမပြောနှင့် သူ့ခေါင်းကို လာမှန်လေတော့သည်။

“ဒုတ်...”

ထိမှန်မှု အရှိန်ကြောင့် စုယွီ မြင်းပေါ်မှ ပြုတ်ကျမတတ် ဖြစ်သွားရလေ၏။

စုယွီသည် ပြုတ်ကျလာသော ကျောက်စိမ်းပေလွှာကို ဖမ်းယူလိုက်ပြီး မျက်လုံးများ ပြူးကျယ်သွားလေ၏။ ပတ်ဝန်းကျင်ကို စိတ်အာရုံဖြင့် အမြန် စစ်ဆေးကြည့်လိုက်သော်လည်း မည်သူ့ကိုမျှ မတွေ့ရပေ။

ကျောက်စိမ်းပေလွှာ ဘယ်ကနေ ရောက်လာမှန်း သူ နားမလည်နိုင်အောင် ဖြစ်နေရသည်။

'ရှီး...'

'ဆက်သွားမှ ဖြစ်မယ်'

စုယွီ ကြက်သီးမွေးညင်း ထသွားပြီး မြင်းကို အလျင်အမြန် ဒုန်းစိုင်းနှင်လိုက်လေ၏။ မိုင်ပေါင်းရာချီ ခရီးဆက်ပြီး လူသူကင်းမဲ့သော တောအုပ်တစ်ခုထဲတွင် ပုန်းအောင်းလိုက်နိုင်မှသာ ရပ်တန့်လိုက်လေတော့သည်။

“ဒါ ဘာကြီးလဲဟ”

စုယွီ မျက်မှောင်ကြုတ်လျက် ကျောက်စိမ်းပေလွှာကို ထုတ်ကြည့်လိုက်သည်။

ဒီအရာက သူ့နဖူးတည့်တည့်ကို လာမှန်သွားသည်။ ခန္ဓာကိုယ် ကြံ့ခိုင်ရေး (၉) လွှာ အဆင့် ကျင့်စဉ်ကြောင့် သံမဏိလို မာကျောနေသည့် သူ့ခန္ဓာကိုယ်မှာတောင် အဖုကြီး တစ်ခု ထွက်လာရသည်။

တကယ်ကို ထူးဆန်းလွန်းတယ်။

အတော်ကြာအောင် တုံ့ဆိုင်းနေပြီးမှ...၊

စုယွီသည် ကျောက်စိမ်းပေလွှာကို သူ၏ စိတ်အာရုံဖြင့် သတိထား စစ်ဆေးကြည့်လိုက်လေ၏။ နောက်တစ်စက္ကန့်တွင် ဒုတိယအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့ ပညာရှင် တစ်ဦး၏ ပြီးပြည့်စုံသော အမွေအနှစ် ဗဟုသုတများ သူ့ခေါင်းထဲသို့ စီးဝင်လာတော့သည်။

တစ်နာရီကျော် ကြာမှသာ စုယွီသည် များပြားလှသော သတင်းအချက်အလက်များ၏ လွှမ်းမိုးမှုမှ ပြန်လည် သတိဝင်လာပြီး ကြောင်တောင်တောင် ဖြစ်နေလေ၏။

‘ဒါက...

ဒုတိယအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့ ပညာရှင် အမွေအနှစ်က ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာတာလား။

ဒါတင် မကသေးဘူး...

ဒီအမွေအနှစ်က သာမန် မဟုတ်ဘူး။ 'ရွှေကျောက်စိမ်း နတ်မိမယ် ဂိုဏ်း' ဆိုတဲ့ ရှေးဟောင်း ကျင့်ကြံသူ ဂိုဏ်းတစ်ခုဆီက လာတာ။

အဲ့ဒီအထဲမှာ ငါ . ကောင်းကင်သိုင်းကျမ်း မျှော်စင်ကနေ အရင်က ရရှိခဲ့တဲ့ မပြည့်စုံတဲ့ ရှေးဟောင်း အဆောင်လက်ဖွဲ့ (၃) ခုရဲ့ ပြည့်စုံတဲ့ မှတ်တမ်းတွေ ပါဝင်နေတယ်။’

ကောင်းကင်သိုင်းကျမ်း မျှော်စင်...

ရုတ်တရက် စုယွီ အတွေးတစ်ခု ဝင်လာသည်။ ကောင်းကင်သိုင်းကျမ်း မျှော်စင်မှ လူအိုကြီးကို ဖျတ်ခနဲ သတိရလိုက်မိသည်။

“ဒါကများ...”

စုယွီသည် ယွင်ရှန်း ဈေးမြို့တော် ဘက်သို့ လှမ်းမျှော်ကြည့်လိုက်မိသည်။ သူ့မျက်နှာပေါ်တွင် ရှုပ်ထွေးသော ခံစားမှုများ ပေါ်လွင်နေလေ၏။

အရင်တုန်းက ကောင်းကင်သိုင်းကျမ်း မျှော်စင် ပိုင်ရှင် လူအိုကြီးက အဆောင်လက်ဖွဲ့ အမွေအနှစ်ကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ဖူးသည်။ အခုကျမှ သူ ဈေးမြို့တော်က ထွက်ခွာခါနီးအချိန်မှာ ဒုတိယအဆင့် ထိပ်တန်း ရှေးဟောင်း အဆောင်လက်ဖွဲ့ ပညာရှင် အမွေအနှစ်က သူ့နဖူးပေါ် လာကျတယ် ဆိုတာ...

ဒါ ရိုးရိုးတန်းတန်း ကံကောင်းတာဟု စုယွီ မယုံကြည်ပါ။

သူသည် ယွင်ရှန်း ဈေးမြို့တော် ဘက်သို့ လှည့်ပြီး ဦးညွှတ် အရိုအသေ ပြုလိုက်လေ၏။

“ဒီနေ့ ရရှိခဲ့တဲ့ ကံကောင်းခြင်းကို ကျွန်တော် အမြဲ သတိရနေပါ့မယ်”

ထို့နောက် စုယွီ မြင်းပေါ်ပြန်တက်ပြီး ရေစီးကြောင်း မြို့တော်၏ ချန်တောင်တန်းဆီသို့ ခရီးဆက်ခဲ့လေ၏။

—-------

သုံးရက် ကြာသောအခါ...၊

ရေစီးကြောင်း မြို့တော်၊ ချန်တောင်တန်းရှိ ကောင်းချီးမင်္ဂလာ မြေနေရာ...

အချိန်ကြာမြင့်ပြီးမှ ပြန်ရောက်လာသော စုယွီသည် ချန်တောင်တန်း အတွင်း၌ စည်ကားတိုးတက်နေသော မြင်ကွင်းကို တွေ့မြင်လိုက်ရလေ၏။ ကောင်းချီးမင်္ဂလာ မြေနေရာ အနီးတစ်ဝိုက်တွင် စုမိသားစုသည် ဝိညာဉ်ဆန် စိုက်ပျိုးရန် လယ်ကွက် အများအပြား ဖော်ထုတ်ထားကြသည်။

မူလ လယ်မြေများကိုလည်း ထပ်မံ တိုးချဲ့ထားကြသည်။ ပထမအဆင့် ဝိညာဉ်သွေးကြောမှ ဝိညာဉ်စွမ်းအင်များ၏ အထောက်အပံ့ကြောင့် အနည်းငယ် ဝေးကွာသော နေရာများတွင်ပင် ဆေးဖက်ဝင် အပင်များ စိုက်ပျိုးရန် ကောင်းမွန်နေလေ၏။

ကောင်းချီးမင်္ဂလာ မြေပေါ်ရှိ စုမိသားစု အိမ်တော်ဝင်းသည်လည်း သိသိသာသာ ကျယ်ဝန်းလာခဲ့ပြီး၊ လယ်ကွင်းများထဲတွင် လူများဖြင့် စည်ကားနေလေ၏။

လွန်ခဲ့သော (၂၀) နှစ်ကျော်က စုမိသားစုတွင် ကျင့်ကြံသူ အယောက် (၁၀၀) ကျော်သာ ရှိခဲ့သည်။

ယခုအခါမူ စုမိသားစု၏ ကျင့်ကြံသူ အရေအတွက်သည် အယောက် (၁၅၀) နီးပါး ရှိလာခဲ့လေပြီ။

မိသားစုမှ တိုးပွားလာသော ကျင့်ကြံသူ အသစ် (၂၀) ခန့်အပြင်၊ စုမိသားစုသို့ လာရောက် ပူးပေါင်းကြသော အခြား မျိုးရိုးအမည်ခံ ကျင့်ကြံသူ (၃၀) ကျော်လည်း ရှိနေသည်။

သို့သော်... အိမ်တော်ဝင်းထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် လေးလံထိုင်းမှိုင်းသော လေထုကို စုယွီ ခံစားလိုက်ရလေ၏။

ခဏအကြာတွင် စုမိသားစု ခန်းမဆောင် အတွင်း၌...

မိသားစု ခေါင်းဆောင် စုဖုန်း၊ ပထမအကြီးအကဲ စုယွင်၊ ဒုတိယအကြီးအကဲ စုချန်၊ တတိယအကြီးအကဲ စုရို့ဆု နှင့် စတုတ္ထအကြီးအကဲ စုကျင်းပန်း တို့အားလုံး စုံညီစွာ ရှိနေကြလေ၏။

“မင်း ပြန်ရောက်လာပြီလား”

စုဖုန်းသည် အိုမင်းခြင်း အရိပ်အယောင်များ စတင် ပြသနေပြီ ဖြစ်သည်။

သူသည် အသက် (၇၀) ကျော်နေပြီ ဖြစ်သည်။ မိသားစုခေါင်းဆောင်၏ 'ဝူထုံ သစ်သားစိမ်း ကျင့်စဉ်' ကို ကျင့်ကြံထားသဖြင့် သာမန် ချီစွမ်းအင် စုစည်းခြင်း အဆင့် (၉) ကျင့်ကြံသူများထက် အသက်ရှည်ရှည် နေနိုင်သော်လည်း၊ ယခု အသက်အရွယ်သည် သူ၏ အထွတ်အထိပ် ကာလ ဖြစ်နေလေပြီ။

နောက်ထပ် နှစ်အနည်းငယ် ကြာလျှင် စုဖုန်း အနေဖြင့် 'အခြေခံ တည်ဆောက်ခြင်း အဆင့်' သို့ ရောက်ရှိရန် မျှော်လင့်ချက်သည် အလွန် နည်းပါးသွားပေလိမ့်မည်။

“မိသားစုခေါင်းဆောင်... ဆရာ... ဒုတိယအကြီးအကဲ... တတိယအကြီးအကဲ... စတုတ္ထအကြီးအကဲ...မဂ်လာပါ”

စုယွီ တစ်ယောက်ချင်းစီကို နှုတ်ဆက်လိုက်လေ၏။

ထို့နောက် မျက်မှောင်ကြုတ်လျက် မေးလိုက်၏။

“မိသားစုမှာ ဘာပြဿနာ ဖြစ်နေပြန်ပြီလဲခင်ဗျ”

“ဟူး...”

စုဖုန်း သက်ပြင်းချလိုက်ပြီး ပြောလေ၏။

“ကျန်းမိသားစုဆီက စာတစ်စောင် ရောက်လာတယ်... သူတို့ရဲ့ သားအကြီးဆုံးက ဇီလေးကို တရားဝင် ဇနီးမယား အဖြစ် လက်ထပ်ချင်တယ်တဲ့... ဇီလေး လက်ခံအောင် ငါတို့ကို ဖျောင်းဖျပေးပါလို့ ပြောလာတယ်”

စုယွီ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားလေ၏။ ကျန်းမိသားစု ဟုတ်လား။

တစ်ခဏမျှ သူ နားမလည်နိုင် ဖြစ်သွားမိသည်။ ကျန်းမိသားစုက ဘာကိစ္စ စုမိသားစုဆီ ရောက်လာရတာလဲ။ ပြီးတော့ ယွင်ကျန်းဂိုဏ်းထဲမှာ ရှိနေတဲ့ စုဇီကို ဘာလို့ စိတ်ဝင်စားနေရတာလဲ။

စုယွီ မျက်မှောင်ကြုတ်လိုက်သည်။

“ဒါက ကျန်းမိသားစုက ကျွန်တော်တို့ကို ဖိအားပေးနေတာ ဆိုတဲ့ သဘောလား... အစ်မဇီ လက်ထပ်တာကို လက်ခံလာအောင် ကျွန်တော်တို့ကို အတင်းအဓမ္မ လုပ်ခိုင်းနေတာလား”

ထိုစဉ်၊ ပထမအကြီးအကဲ ဖြစ်လာသော စုယွင်က တိုးတိုးလေး ပြောလိုက်လေ၏။

“ကျန်းမိသားစုရဲ့ သားအကြီးဆုံးက ယွင်ကျန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့ အတော်လေး ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်”

“ပြီးတော့ ဇီလေးက ယွင်ကျန်းဂိုဏ်း ပထမအကြီးအကဲ ဘက်တော်သား အဖြစ် သတ်မှတ်ခံထားရတာလေကွာ”

ဂိုဏ်းတွင်း အာဏာလုပွဲပဲ...။

စုယွီ၏ မျက်လုံးအိမ် အနည်းငယ် ကျဉ်းမြောင်းသွားပြီး ဒေါသများ ထွက်ပေါ်လာလေ၏။

ဒါက နတ်ဘုရားတွေ တိုက်ခိုက်ကြလို့ သာမန်လူတွေ မြေစာပင် ဖြစ်ရတဲ့ ကိစ္စမျိုးပင်။

ကျန်းမိသားစုက စုမိသားစုကို တကယ်ပဲ အနိုင်ကျင့်လို့ လွယ်တယ် ထင်နေတာလား။

သို့ရာတွင်၊ သေချာ စဉ်းစားပြီး ကျန်းမိသားစု၏ အင်အားနှင့် နှိုင်းယှဉ်ကြည့်လိုက်တော့... စုမိသားစုက တကယ်ပဲ အနိုင်ကျင့်၍ လွယ်နေတာကို တွေ့လိုက်ရလေ၏။

All Chapters