← Chapters

ကိုယ်ရည်ကိုယ်သွေး

Vol. 4 Ch. 49

ကိုယ်ရည်ကိုယ်သွေး

Vol. 4 Ch. 49

~စုယွီသည် ယွင်ကျန်းဂိုဏ်း ပထမအကြီးအကဲ၏ တိုက်ရိုက်တပည့် လော့ချန်ယွီကို နောက်ထပ် မတွေ့ရတော့သော်လည်း၊ သူမနှင့် ပတ်သက်သော သတင်းများကိုမူ ယွင်ရှန်း ဈေးမြို့တော် အတွင်း၌ မကြာခဏ ကြားနေရပေ၏။

လော့ချန်ယွီ၏ ပါရမီမှာ ထူးကဲလွန်းလှပြီး ယွင်ကျန်းဂိုဏ်း အတွင်းစည်း၌ နံပါတ်တစ် ဖြစ်လာရန် နီးစပ်နေပြီ ဖြစ်သည်။

ထိုကာလအတွင်း ယွင်ကျန်းဂိုဏ်းနှင့် ပတ်သက်သော ကောလာဟလများလည်း များစွာ ထွက်ပေါ်နေခဲ့သည်။

အထူးသဖြင့် ယွင်ကျန်းဂိုဏ်း၏ ရှေးဟောင်း ဘိုးဘေးကြီး ဖြစ်သော ဆရာသခင်နှင့် ပတ်သက်သော သတင်းများမှာ လူအများ စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်နေလေ၏။

အခြေအနေသည် ယခင်ကနှင့် မတူတော့ပေ။ အတိတ်ကာလက ယွင်ကျန်းဂိုဏ်းတွင် ပါရမီရှင် ခေါင်းဆောင် တစ်ဦး ရှိခဲ့စဉ်က ဆိုလျှင်၊ တာ့ယွဲ့ နယ်မြေရှိ တာ့ယွဲ့ နန်းတော် ကိုပင် ယှဉ်ပြိုင်နိုင်ခဲ့သည်။

သို့သော် ထိုပါရမီရှင် ကျဆုံးသွားပြီးနောက် ယွင်ကျန်းဂိုဏ်းသည် တစ်နေ့တခြား ဩဇာအာဏာ ကျဆင်းလာခဲ့ရလေ၏။

မကြာသေးမီက ယွင်ကျန်းဂိုဏ်း၏ ဆရာသခင်ကြီးသည် သက်တမ်း ကုန်ဆုံးတော့မည် ဟူသော ကောလာဟလများပင် ထွက်ပေါ်နေခဲ့သည်။

သူသာ ကျဆုံးသွားခဲ့လျှင် ယွင်ကျန်းဂိုဏ်းသည် ခေါင်းဆောင်မဲ့ ဖြစ်သွားပေလိမ့်မည်။

ဤသည်မှာ မကြာသေးမီက ယွင်ကျန်းဂိုဏ်း နယ်မြေအတွင်းသို့ မိစ္ဆာလမ်းစဉ် သမားများနှင့် ဓားပြများ အစုလိုက်အပြုံလိုက် ဝင်ရောက်လာရခြင်း၏ အဓိက အကြောင်းရင်း အစစ်အမှန်ပင် ဖြစ်လေ၏။

ဤကိစ္စကို သေချာ စိစစ်ကြည့်မည် ဆိုပါက၊ မိစ္ဆာလမ်းစဉ် သမားများနှင့် ဓားပြများ ပြဿနာ သက်သက် မဟုတ်ကြောင်း တွေ့ရှိရပေလိမ့်မည်။

အဘယ်ကြောင့် ဤအချိန်ကျမှ သူတို့သည် ယွင်ကျန်းဂိုဏ်း နယ်မြေထဲသို့ တဖွဲဖွဲ ဝင်ရောက်လာကြသနည်း။

အဘယ်ကြောင့် မကြာသေးမီက ယွင်ကျန်းဂိုဏ်း နယ်မြေအတွင်းရှိ ကျင့်ကြံခြင်း မိသားစုများနှင့် တစ်သီးပုဂ္ဂလ ကျင့်ကြံသူများအကြား တိုက်ပွဲများနှင့် ပဋိပက္ခများ မကြာခဏ ဖြစ်ပွားပြီး ပြင်းထန်လာရသနည်း။

အဘယ်ကြောင့် သွေးဓားမိစ္ဆာ လော့ပန်းက ပျက်စီးနေသော ထိပ်တန်း မှော်လက်နက် 'ထျန်းလော့ ထီး'ကို လုယူခဲ့သနည်း။

စုယွင်က တိုးတိုးလေး ပြောပြလေ၏။

“ကောလာဟလတွေအရ ဆိုရင်... ယွင်ကျန်းဂိုဏ်းရဲ့ ဆရာသခင်ကြီး ပျောက်ဆုံးနေတာ ကြာပြီတဲ့... အခု ယွင်ကျန်းဂိုဏ်း ဂိုဏ်းချုပ်နဲ့ ပထမအကြီးအကဲကြား ဆက်ဆံရေးကလည်း ဆိုးရွားလာပြီး၊ သူတို့ရဲ့ အဖွဲ့အစည်းတွေကြားမှာ တင်းမာမှုတွေ မြင့်တက်နေတယ်”

“ဇီလေးက ပထမအကြီးအကဲရဲ့ တိုက်ရိုက်တပည့် လော့ချန်ယွီ နဲ့ ဆက်ဆံရေး ကောင်းမွန်တယ်... ဒါကြောင့်ပဲ ကျန်းမိသားစုက စုမိသားစုဆီ ရောက်လာတာ ဖြစ်မယ်”

စုယွီ ခေတ္တမျှ စဉ်းစားလိုက်ပြီး မေးလိုက်၏။

“ကျန်းမိသားစုရဲ့ သားအကြီးဆုံးက ဘယ်လိုလူမျိုးလဲ... သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်ကရော”

စုယွင်က ဖြေသည်။

“သူ့နာမည်က ကျန်းကျိုး... အခု အသက် (၄၉) နှစ် ရှိပြီ... ဇနီးမယား တစ်ယောက်နဲ့ မယားငယ် ခြောက်ယောက် ရှိတယ်... သားသမီးက (၁၀) ယောက်ကျော်တယ်... လက်ရှိမှာ သူက ချီစွမ်းအင် စုစည်းခြင်း အဆင့် (၉) ကို ရောက်နေပြီ”

ထိုစကားကို ကြားသောအခါ စုယွီ မထီမဲ့မြင် ပြုံးလိုက်မိလေ၏။ သူကိုယ်တိုင် အသက် (၄၀) တွင် ချီစွမ်းအင် စုစည်းခြင်း အဆင့် (၇) သာ ရှိသေးသော်လည်း၊ ကျန်းကျိုးကဲ့သို့ လူစားမျိုးကိုမူ အထင်သေးမိသည်မှာ အမှန်ပင်။

“ဒီလို အမှိုက်ကောင်၊ မျိုးဖောက်တဲ့ ဝက်သိုးလို ကောင်ကများ... အစ်မဇီ နဲ့ ထိုက်တန်တယ်လို့ ထင်နေတာလား”

“ကျွန်တော်တောင် သူ့ကို လက်တစ်ဖက်တည်းနဲ့ သတ်နိုင်တယ်... ကျွန်တော်က သူ့ထက် အဆတစ်ရာ ပိုသာတယ်”

ဤသည်မှာ စုယွီ ပထမဆုံးအကြိမ် 'မောက်မာစွာ' ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။

သို့သော် ယခုအချိန်တွင် စုမိသားစု၌ သူ ဤသို့ ပြောဆိုရန် အရည်အချင်း ပြည့်မီနေပြီ ဖြစ်သည်။

အမြဲတမ်း သူရဲဘောကြောင်နေရမည်၊ သို့မဟုတ် သူရဲဘောကြောင်ချင်ယောင် ဆောင်နေရမည်၊ ၊ ခွေးတစ်ကောင်လို အသက်ရှင်နေရမည်ဟု မဆိုလိုပေ။

ကျင့်ကြံရန် လိုအပ်သည့်အချိန်တွင် ကျင့်ကြံရမည်။

ကိုယ့်ကိုယ်ကို ကာကွယ်ရန် လိုအပ်သည့်အချိန်တွင် မတ်မတ်ရပ်တည် ရင်ဆိုင်ရမည်။

အကယ်၍ မယှဉ်နိုင်သေးလျှင် အနှစ်တစ်ရာ၊ အနှစ်တစ်ထောင် တိုင်အောင် သည်းခံပြီး ကျင့်ကြံရမည်။ ယှဉ်နိုင်သည့် အချိန်ရောက်မှ ပြန်လည် တိုက်ခိုက်ရမည်။

ဒါက စုယွီ၏ စိတ်ဓာတ်ပင်။

ဒီစကား ထွက်လာတော့..၊

ရှိနေသမျှ လူတိုင်း သူ့ကို တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။

အထူးသဖြင့် စုဇီ၏ ဖခင် စုဖုန်းက ပို၍ အံ့သြနေလေ၏။

ဒီစကားတွေက… တစ်မျိုးကြီး ဖြစ်နေသလိုပဲ။

စုယွင် အစပိုင်းတွင် အံ့သြသွားသော်လည်း၊ စုယွီသည် ပထမအဆင့် ထိပ်တန်း ဆေးဆရာ၊ အဆောင်လက်ဖွဲ့ ပညာရှင် နှင့် ရုပ်သေးပညာရှင် တစ်ဦး ဖြစ်ကြောင်း ပြန်လည် သတိရလိုက်သောအခါ ကျေနပ်စွာ ခေါင်းညိတ်လိုက်လေ၏။

စုယွင်က ထောက်ခံ ပြောဆိုလိုက်သည်။

“'လက်တစ်ဖက်တည်းနဲ့ သတ်နိုင်တယ်' ဆိုတာ တကယ်ပဲ ပြဿနာ မရှိပါဘူး”

“ဒါပေမဲ့ သူက ကျန်းမိသားစုရဲ့ သားအကြီးဆုံးလေ... ဒီကိစ္စကို အပြင်မှာ လျှောက်မပြောနဲ့ဦး”

စုမိသားစုသည် ကျန်းမိသားစုကို ရန်စရန် အင်အား နည်းပါးလွန်းနေသေးသည်။

“ဒါပေါ့... ကျွန်တော်က ငတုံးမှ မဟုတ်တာဗျ”

စုယွီက မျက်နှာပြောင်တိုက်ပြီး ပြန်ပြောလိုက်သည်။

“ဟားဟားဟား”

လူတိုင်းနီးပါး ရယ်မောလိုက်ကြသဖြင့် စောစောက တင်းမာမှုများ လျော့ကျသွားလေ၏။

စုဖုန်းက စုယွီကို ကြည့်ပြီး မေးလိုက်သည်။

“ဒီကိစ္စကို ဘယ်လို ဖြေရှင်းသင့်တယ်လို့ ထင်လဲ”

စုယွီ ပခုံးတွန့်လိုက်သည်။

“ငြင်းလိုက်ရုံပဲ ရှိတာပေါ့... အစ်မဇီ က ယွင်ကျန်းဂိုဏ်းက 'အခြေခံ တည်ဆောက်ခြင်း အဆင့်' ကျင့်ကြံသူ တစ်ယောက်လေ... ကျန်းမိသားစုက သားတို့ကနေ တစ်ဆင့် သူမကို ဆွဲချချင်နေတာ... ဒါပေမဲ့ သူတို့ မလုပ်နိုင်ပါဘူး”

“သားတို့က ယွင်ကျန်းဂိုဏ်း ဘက်ကို လွှဲချလိုက်ပြီး အစ်မဇီ ကိုယ်တိုင် ဆုံးဖြတ်ပါစေလို့ ပြောလိုက်ရုံနဲ့တင် ကျန်းမိသားစု ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး”

“အစ်မဇီ ဘက်က ကြည့်ရင်လည်း... ကျန်းမိသားစု အနေနဲ့ ယွင်ကျန်းဂိုဏ်းက 'အခြေခံ တည်ဆောက်ခြင်း အဆင့်' ကျင့်ကြံသူ တစ်ယောက်ကို ပြဿနာရှာရဲမယ်လို့ ကျွန်တော် မထင်ဘူး”

“သူတို့ ဘယ်လောက်ပဲ မျက်နှာပြောင်တိုက်ပါစေ... ယွင်ကျန်းဂိုဏ်းကိုတော့ အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး”

“ဒါပေမဲ့... မိသားစုရဲ့ ကာကွယ်ရေး အခင်းအကျင်းတွေကိုတော့ ပိုပြီး ခိုင်မာအောင် လုပ်ထားရမယ်... ကျန်းမိသားစုက ပြဿနာရှာလာရင် ခုခံနိုင်အောင် ပြင်ဆင်ထားဖို့ လိုတယ်... ကာကွယ်ရေး အခင်းအကျင်းတွေ ကောင်းမွန်ရင် ယွင်ကျန်းဂိုဏ်း ပထမအကြီးအကဲဆီက အကူအညီ ရတဲ့အထိ တောင့်ခံထားနိုင်မှာပါ”

စုဖုန်း သက်ပြင်း ဖွဖွလေး ချလိုက်ပြီး ပြောသည်။

“ဘိုးဘေးကြီးလည်း မင်း ပြောသလိုပဲ ပြောခဲ့တယ်ကွာ... ဒါပေမဲ့ ဒီကိစ္စက ဇီလေးအပေါ် ဖိအားတွေ အများကြီး ရောက်စေလိမ့်မယ်”

လူအုပ်ကြီး ခေတ္တမျှ တိတ်ဆိတ်သွားကြသည်။

လက်ရှိအချိန်တွင် စုမိသားစု၌ စုဇီမှ လွဲလျှင် 'အခြေခံ တည်ဆောက်ခြင်း အဆင့်' သို့ ရောက်ရှိသူမှာ စုပင်း တစ်ဦးတည်းသာ ရှိသေးသည်။

စုမိသားစု တစ်ခုလုံး၏ ပံ့ပိုးမှုဖြင့် စုပင်းသည် 'အခြေခံ တည်ဆောက်ခြင်း အဆင့်' (၂) သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သို့သော် စုမိသားစုနှင့် ကျန်းမိသားစုကဲ့သို့သော အင်အားကြီး ကျင့်ကြံခြင်း မိသားစုများအကြား ကွာဟချက်သည် ကြီးမားသော ချောက်ကမ်းပါးကြီး တစ်ခုသဖွယ် ရှိနေဆဲပင်။

အင်အားနှင့် ဩဇာအာဏာ ကွာခြားရုံသာမက၊ အခြေခံအုတ်မြစ်တွင်လည်း ကွာခြားလှပေ၏။

ကျန်းမိသားစုသည် ကိုယ်ပိုင် စုဆောင်းထားသော ကုန်ကြမ်းပစ္စည်းများဖြင့် အခါအားလျော်စွာ 'အခြေခံ တည်ဆောက်ခြင်း ဆေးလုံး' များကို ဖော်စပ်နိုင်သည်။ သူတို့၏ နှစ်ပေါင်းများစွာ စုဆောင်းထားသော အခြေခံအုတ်မြစ်သည် ယွင်ကျန်းဂိုဏ်းနှင့် အခြား ဂိုဏ်းများ၏ ပိတ်ဆို့မှုများကို ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။

စုမိသားစုကတော့ မတူပေ။ ပိတ်ဆို့မှု စည်းအောက်တွင် ရုန်းကန်နေရဆဲ ဖြစ်သည်။

'အခြေခံ တည်ဆောက်ခြင်း ဆေးလုံး' နှင့် ပတ်သက်လျှင်၊ လွန်ခဲ့သော နှစ်ပေါင်းများစွာက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးထောင်ကျော်ဖြင့် ဝယ်ယူခဲ့သော အပြစ်အနာအဆာပါသည့် ဆေးလုံး တစ်လုံးမှလွဲ၍၊ လွန်ခဲ့သော (၁၀) နှစ်ကျော် ကာလအတွင်း နောက်ထပ် တစ်လုံးမျှ မရရှိခဲ့ပေ။ အပြစ်အနာအဆာ ပါသည့် ဆေးလုံးမျိုးပင် မရရှိခဲ့ချေ။

'အခြေခံ တည်ဆောက်ခြင်း ဆေးလုံး' ဖော်စပ်ရန် လိုအပ်သော အဓိက ကုန်ကြမ်းပစ္စည်း (၃) မျိုးကိုသာ စုဆောင်းထားနိုင်သေးသည်။

ခဏကြာသောအခါ...

စုဖုန်းသည် စုယွီကို ကြည့်ပြီး မေးလိုက်သည်။

“မင်း အရင်တုန်းက ယွင်ရှန်း ဈေးမြို့တော် ကနေ ထွက်ပြီး ပိုင်ယွဲ့ အင်မော်တယ် မြို့တော် ကို သွားချင်တယ်လို့ ပြောဖူးတယ်မလား... ဒီတစ်ခေါက် တကယ် သွားတော့မလို့လား”

စုယွီ ခေါင်းညိတ်လိုက်သည်။

“ယွင်ရှန်း ဈေးမြို့တော်က သားအတွက် သိပ်ပြီး အထောက်အကူ မပေးနိုင်တော့ဘူး... ပိုင်ယွဲ့ အင်မော်တယ် မြို့တော်က ပိုကောင်းပါတယ်”

စုဖုန်း တစ်စုံတစ်ခု ပြောချင်သယောင် ရှိသော်လည်း၊ နောက်ဆုံးတွင် ခေါင်းကိုသာ ခါရမ်းလိုက်ပြီး ပြောလေ၏။

“ပိုင်ယွဲ့ အင်မော်တယ် မြို့တော်က ငါတို့ မိသားစုနဲ့ တော်တော် ဝေးတယ်... မင်း အဲ့ဒီမှာ အခြေချမယ် ဆိုရင်... အရာအားလုံး ကိုယ့်အားကိုယ်ကိုးပြီး ရပ်တည်ရလိမ့်မယ်နော် ”

မူလက သူသည် မိသားစုကို စုယွီနှင့်အတူ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်သို့ လိုက်ပါစေပြီး နောက်ထပ် ဆေးလုံးမျှော်စင် တစ်ခု တည်ထောင်ရန် စဉ်းစားခဲ့ဖူးသည်။

သို့သော် သေချာ စဉ်းစားပြီးနောက် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်သည် ဝေးကွာလွန်းပြီး၊ မိသားစု အနေဖြင့် ထိုနေရာအထိ လက်လှမ်းမီအောင် စီမံခန့်ခွဲနိုင်စွမ်း မရှိသေးကြောင်း သဘောပေါက်လိုက်သည်။

ထို့ကြောင့် စုယွီ့သဘောအတိုင်းသာ ဆုံးဖြတ်စေလိုက်ခြင်း ဖြစ်သည်။

ထို့နောက် စုဖုန်းသည် စုယွီကို ကြည့်ကာ ဆက်ပြောလာသည်။

“ဒါပေမဲ့... မင်းတစ်ယောက်တည်း သွားမယ်ဆိုရင် အခက်အခဲတွေ ရှိနိုင်တယ်... မင်းနဲ့အတူ လိုက်ဖို့ လူနည်းနည်းလောက် ရွေးမလား”

စုယွီ စဉ်းစားပြီးနောက် ငြင်းပယ်လိုက်သည်။ သူက အရင်ဆုံး ကိုယ်တိုင် သွားရောက် လေ့လာကြည့်ချင်ပါသေးသည်။

စုဖုန်းက စုယွီအား မိသားစုနှင့်အတူ ခေတ္တ နေထိုင်ရန် အကြံပြုလိုက်သည်။

ညရောက်သောအခါ...

စုယွီသည် ခြံဝင်းထဲတွင် ထိုင်လျက် ကြယ်ရောင်စုံသော ကောင်းကင်ကြီးကို မော့ကြည့်နေမိသည်။ ရုတ်တရက် သူ့အခိုင်းအစေဟောင်း လင်းတုန်ကို သတိရသွားမိလေ၏။

စုံစမ်းမေးမြန်းကြည့်လိုက်သောအခါ လင်းတုန်သည် အိမ်ထောင်ကျသည်မှာ (၁၀) နှစ်ကျော် ရှိပြီဖြစ်ကြောင်း၊ သားသမီး (၃) ယောက် ရှိပြီး အကြီးဆုံးမှာ (၁၂) နှစ်၊ အငယ်ဆုံး သမီးလေးမှာ (၃) နှစ် ရှိပြီဖြစ်ကြောင်း၊ ထိုသမီးငယ်လေးတွင် အဆင့်နိမ့် ရေဓာတ် ဝိညာဉ်အမြစ် ပါရှိကြောင်း သိလိုက်ရလေ၏။

“ရေဓာတ် ဝိညာဉ်အမြစ် လား”

လွန်ခဲ့သော နှစ်ပေါင်းများစွာက လင်းမိသားစုဝင် တစ်ဦးထံမှ ရရှိခဲ့သော ရေဓာတ် ကျင့်စဉ်နှင့် မန္တန်များကို စုယွီ ပြန်သတိရလိုက်မိသည်။

ညအမှောင်ထုကို အကာအကွယ်ယူ၍...

စုယွီသည် ထိုကျင့်စဉ်နှင့် မန္တန်များ အပြင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀) တုံးကိုပါ လင်းတုန်းထံသို့ ပေးပို့လိုက်လေ၏။

ရေတွက်ကြည့်လိုက်သောအခါ လင်းတုန်သည် အသက် (၄၀) နီးပါး ရှိနေပြီ ဖြစ်သည်။

သူမကို ပြန်တွေ့လိုက်ရသောအခါ၊ ယခင်က ချစ်စရာကောင်းပြီး ဆွဲဆောင်မှု ရှိသော မိန်းကလေး မဟုတ်တော့ဘဲ၊ သက်လတ်ပိုင်း အမျိုးသမီးကြီး တစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရလေ၏။

“မသေမျိုးတွေနဲ့ သေမျိုးတွေကြားမှာ ခြားနားချက်က ကြီးမားလွန်းတာကိုး”

စုယွီ တွေးတောနေမိသည်။

“ဝိညာဉ်အမြစ် ရှိပြီး ကျင့်ကြံခြင်း ပါရမီ ကောင်းတဲ့ အခိုင်းအစေ တစ်ယောက်လောက် ရှာရင် ကောင်းမလား...”

အခိုင်းအစေက ကျင့်ကြံသူ ဖြစ်ပြီး ပါရမီလည်း ကောင်းမယ် ဆိုရင်၊ အနည်းဆုံးတော့ ဆယ်စုနှစ်တွေ၊ ရာစုနှစ်တွေ အထိ ငါ့အနားမှာ အဖော်ပြုပေးနိုင်မှာပဲ။

သို့သော်... ဤအကြံအစည်သည် လောလောဆယ်တွင် အတွေးသက်သက်သာ ဖြစ်နေသေးသည်။

ပါရမီရှိသော အမျိုးသမီး ကျင့်ကြံသူ တစ်ဦးက ဘာကိစ္စ သူ့အခိုင်းအစေ လာလုပ်ချင်ပါမည်နည်း။

သာမန် အမျိုးသမီး ကျင့်ကြံသူများကိုလည်း စုယွီ သိပ်ပြီး သဘောမကျလှပေ။

စုယွီသည် မိသားစုတွင် တစ်လခန့် နေထိုင်ခဲ့ပါသည်။

အားလပ်ချိန်များတွင် ရေစီးကြောင်း မြို့တော်၏ ချန်တောင်တန်း တစ်ဝိုက် လမ်းလျှောက်ထွက်လေ့ ရှိပြီး၊ ဝိညာဉ်လမင်း ရေကန် သို့လည်း သွားရောက် လည်ပတ်ခဲ့သည်။

ဝိညာဉ်လမင်း ရေကန်သည်လည်း ဝိညာဉ်စွမ်းအင် ရှိသော နေရာတစ်ခု ဖြစ်ပြီး၊ လရောင်ငါး ကဲ့သို့သော ဝိညာဉ်ပစ္စည်းများ ထွက်ရှိရာ ဒေသ ဖြစ်လေသည်။

သို့သော် ရေကန်ကို လှည့်လည်ကြည့်ရှုပြီးနောက်၊ စုယွီ အနေဖြင့် သာမန် ရေကန်များနှင့် မည်သို့ ကွာခြားသည်ကို မမြင်တွေ့နိုင်ခဲ့ပေ။

မြေဆရာ တစ်ယောက်မှသာ မြင်တွေ့နိုင်လိမ့်မည် ထင်သည်။

တစ်လ ကြာသောအခါ... စုယွီသည် ဆရာ၊ မိသားစုခေါင်းဆောင် နှင့် အကြီးအကဲများကို နှုတ်ဆက်ပြီး ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ဆီသို့ ခရီးဆက်ခဲ့လေတော့သည်။

All Chapters