မေပယ်မြို့တော် ပိုင်မိသားစု၏ ဒုတိယ သခင်မလေး
Vol. 4 Ch. 50
~လေးရက် ကြာသောအခါ...
မြောက်ဘက်သို့ ဦးတည် ခရီးဆက်နေရင်း၊ စုယွီသည် မေပယ်မြို့တော်ရှိ ပိုင်မိသားစု ပိုင်နက်ကို ဖြတ်သန်းလာခဲ့လေ၏။ မေပယ်မြို့တော်သည် ရေစီးကြောင်း မြို့တော်ထက် ပိုမို ကြီးမား၏။ ပိုင်မိသားစု၏ နေအိမ်သည် မြို့ထဲတွင် မဟုတ်ဘဲ၊ မြို့နှင့် မိုင် (၇၀) ခန့် ဝေးကွာသော 'ထန်တောင်' ဟု ခေါ်သည့် နေရာတွင် တည်ရှိလေ၏။
သူသည် မြို့ထဲသို့လည်း မဝင်ခဲ့သလို၊ ထန်တောင်သို့ သွားရောက်ပြီး ပြဿနာ ရှာရန်လည်း စိတ်ကူးမရှိခဲ့ပေ။
မေပယ်မြို့တော်ကို အဝေးမှ တစ်ချက် လှမ်းကြည့်ပြီးနောက်၊ စုယွီသည် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်သို့ ဆက်လက် ခရီးနှင်ခဲ့လေ၏။
သို့သော်... နေ့တစ်ဝက်ခန့် ကြာသောအခါ၊ ရှေ့လမ်းတွင် မြင်းရထားတန်း တစ်ခု ပေါ်လာလေ၏။
စုယွီသည် မြင်းရထားတန်းဆီမှ ကျင့်ကြံသူများ၏ အရှိန်အဝါကို အာရုံခံမိသော်လည်း၊ ဂရုမစိုက်ဘဲ သူ့ဝိညာဉ်မြင်းဖြင့် ဘေးမှ ဖြတ်ကျော်သွားရန် ပြင်လိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင်... အမျိုးသား တစ်ဦး၏ စူးရှသော အော်သံက သူ့နားထဲသို့ ဝင်ရောက်လာလေ၏။
“ရပ်လိုက်စမ်း”
စုယွီက ရပ်တန့်မည့် အရိပ်အယောင် မပြဘဲ ဆက်သွားနေသည်ကို မြင်သောအခါ၊ ထိုလူက နောက်ထပ် အမိန့်တစ်ခု ထပ်ပေးလိုက်ပြန်သည်။
“သူ့ကို တားလိုက်”
“ဝီ... ဝီ... ဝီ...”
မျက်တောင်တစ်ခတ် အတွင်းမှာပင် ချီစွမ်းအင် စုစည်းခြင်း အဆင့် (၇) ကျင့်ကြံသူ တစ်ဦး ဦးဆောင်သော လူငါးဦးသည် ရုတ်တရက် ထွက်ပေါ်လာပြီး စုယွီ၏ လမ်းကို ပိတ်ဆို့လိုက်ကြလေ၏။
လမ်းပိတ်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ယဉ်ကျေးဟန်ဆောင်ကာ အနည်းငယ် ဦးညွှတ်ပြီး ပြောလေ၏။
“မိတ်ဆွေလေး... ကျွန်တော်တို့ ဒုတိယ သခင်မလေးက မိတ်ဆွေလေးနဲ့ တွေ့ချင်လို့ပါတဲ့”
ထိုစကားကို ကြားသောအခါ စုယွီ မျက်မှောင်ကြုတ်လိုက်မိသည်။ ကြီးမားလှသော မြင်းရထားကြီး လှုပ်ခါသွားသည်ကို သူ မြင်လိုက်ရပြီး၊ ထိုအထဲမှ အမျိုးသမီး တစ်ဦး ခုန်ဆင်းလာလေ၏။
သူမသည် (၈) ပေခန့် အရပ်မြင့်ပြီး၊ အကျယ်က စုယွီ (၃) (၄) ယောက်စာလောက် ရှိသည်။ ဝတ်စုံနှင့် တူသော အရာတစ်ခုကို ဝတ်ဆင်ထားလေ၏။
ထိုအမျိုးသမီးသည် ချောမောခန့်ညားပြီး ဆွဲဆောင်မှု ရှိသော 'လူချောလေး' စုယွီကို မြင်လိုက်ရသောအခါ အလွန်အမင်း ဝမ်းသာအားရ ဖြစ်သွားရှာသည်။
“နင့်နာမည် ဘယ်သူလဲ... နင် ဘယ်သူလဲ”
“ထားလိုက်ပါတော့... ဒါတွေ ငါ သိစရာ မလိုပါဘူး... ဦးလေး ဟွေ့... ကျွန်မ ဒီကောင်လေးကို သဘောကျသွားပြီ... မေပယ်မြို့တော်ကို ခေါ်သွားလိုက်... ကျွန်မ.. သူ့ကို မေပယ်မြို့တော်မှာ ကျွန်မ ကလေးရဲ့ အဖေ ဖြစ်စေချင်တယ်”
စုယွီ အံ့သြမှင်သက် သွားရလေ၏။ အသားတောင်ကြီးနှင့် တူသော အမျိုးသမီးကို ကြည့်ပြီး မေးလိုက်မိ၏။
“ခင်ဗျားက... မေပယ်မြို့တော် ပိုင်မိသားစုရဲ့ ဒုတိယ သခင်မလေးလား”
ထိုအမျိုးသမီးကြီးသည် ပြင်းထန်သော ဖိအားကို ထုတ်လွှတ်နေပြီး၊ ပို၍ အံ့သြစရာ ကောင်းသည်မှာ သူမသည် ချီစွမ်းအင် စုစည်းခြင်း အဆင့် (၉) သို့ ရောက်ရှိနေသော ကျင့်ကြံသူ တစ်ဦး ဖြစ်နေခြင်းပင်။
အမျိုးသမီးကြီးက ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်... ငါ ဘယ်သူလဲ ဆိုတာ သိပြီဆိုရင်တော့ မေပယ်မြို့တော်ကို လိမ္မာပါးနပ်စွာ လိုက်ခဲ့တာ ပိုကောင်းမယ်နော်”
စုယွီက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ကျွန်တော်က ယွင်ကျန်းဂိုဏ်းရဲ့ အတွင်းစည်း တပည့်၊ ဒါမှမဟုတ် တခြား အင်အားကြီး မိသားစု တစ်ခုခုက ဖြစ်နေမှာကို မကြောက်ဘူးလား”
အမျိုးသမီးကြီး ပြုံးလိုက်သည်။ သူမ၏ မျက်လုံးများက စုယွီ၏ ချောမောသော မျက်နှာပေါ်တွင်သာ ရောက်နေပြီး၊ တခြား ဘာကိုမှ ဂရုစိုက်ပုံ မရပေ။ စုယွီ၏ ဆွဲဆောင်မှုအောက်တွင် သူမ လုံးဝ ကျဆုံးနေလေပြီ။
“ဖြစ်နေတော့ရော ဘာလုပ်ရမှာလဲ... နင် ထွက်ပြေးနိုင်လို့လား... နင်က ချီစွမ်းအင် စုစည်းခြင်း အဆင့် (၇) ပဲ ရှိသေးတာ... ကြည်ကြည်ဖြူဖြူ လိုက်ခဲ့ရင် နင် သက်သာမှာပါ... ပြီးတော့ ငါက နင့်ကို ဒုက္ခပေးမှာမှ မဟုတ်တာ... ငါ့ကလေးရဲ့ အဖေ ဖြစ်စေချင်ရုံ သက်သက်ပါ”
“ဒီလောက် သေးငယ်တဲ့ ကိစ္စလေးကို ယွင်ကျန်းဂိုဏ်းကတောင် ဝင်ပါမှာ မဟုတ်ဘူး”
“ပြီးတော့... ငါ ယွင်ကျန်းဂိုဏ်း တပည့်တွေကို မဖမ်းဖူးတာမှ မဟုတ်တာ... ကံဆိုးတာ တစ်ခုကတော့...”
သူမ စကားကို ရပ်လိုက်ပြီး စုယွီကို တပ်မက်စွာ စိုက်ကြည့်နေလေ၏။
“သူတို့က နင်နဲ့ ယှဉ်ရင် ဘာမှ မဟုတ်ဘူး... နင့်ခြေဖျားတောင် မမီဘူး”
စုယွီ ကျောချမ်းသွားပြီး ကြက်သီးမွေးညင်းများ ထသွားလေ၏။
သူ အနည်းငယ် တုန်လှုပ်သွားမိသည်။
လင်းသန်းလန် တစ်ယောက် ဒီလို အဖြစ်မျိုး ကြုံခဲ့ရတာလား။ သူမရဲ့ အောက်မှာ...။
တကယ်ကြီး လင်းသန်းလန် အဲ့လို ဖြစ်ခဲ့တာလား။ တွေးကြည့်ရုံနဲ့တင် စုယွီ ရိုးတွင်းခြင်ဆီအထိ အေးစက်သွားသလို ခံစားလိုက်ရသည်။
“ငါ... လုံးဝ (လုံးဝ) မလိုက်နိုင်ဘူး”
သူ အော်ဟစ်လိုက်မိသည်။
“သေစမ်းကွာ...”
စုယွီ ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ရုတ်တရက် လှုပ်ရှားလိုက်လေ၏။ မေပယ်မြို့တော် ပိုင်မိသားစု၏ အဆင့် (၇) အစောင့်အရှောက် အမျိုးသား မျက်နှာပျက်သွားသည်။
သူ ပြန်လည် တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင်... ကောင်းကင်နှင့် မြေကြီးကြားမှ သစ်သားနွယ်ပင်များ ထွက်ပေါ်လာပြီး သူ့ကို နေရာမှာတင် ချက်ချင်း ရစ်ပတ် ချည်နှောင်လိုက်လေ၏။
“ဝုန်း...”
သူ့ ချီစွမ်းအင် အားလုံးကို ထုတ်သုံးလိုက်သော်လည်း၊ နွယ်ပင်များကို ဖောက်ထွက်နိုင်ခြင်း မရှိပေ။
သက်လတ်ပိုင်း အမျိုးသား မျက်လုံးပြူးသွားသည်။
သူတို့ နှစ်ယောက်လုံး အဆင့် (၇) အတူတူပဲလေ။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
နောက်တစ်စက္ကန့်တွင်...
“ဘုန်း...”
နွယ်ပင်များ ပေါက်ကွဲထွက်သွားပြီး စုယွီ၏ ခန္ဓာကိုယ် ကြံ့ခိုင်ရေး စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ် ကြီးထွားလာပြီး ကြွက်သားများ ဖောင်းကြွလာကာ နဂါးတစ်ကောင်ကဲ့သို့ သန်မာထွားကျိုင်းလာသည်။ ခန္ဓာကိုယ်ပေါ်တွင် မိကျောင်းအကြေးခွံ ပုံစံများ ပေါ်လာပြီး၊ မိစ္ဆာသားရဲတစ်ကောင်၏ ကြမ်းတမ်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာလေ၏။
လက်သီးတစ်ချက်တည်းနှင့်ပင်... စုယွီသည် အဆင့် (၇) ကျင့်ကြံသူကို ချည်နှောင်ထားသော နွယ်ပင်လှောင်အိမ်ကို ရိုက်ခွဲပစ်လိုက်တော့သည်။
ကောင်းကင်တွင် နွယ်ပင် အပိုင်းအစများ လွင့်စင်သွားပြီး၊ အဆင့် (၇) ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် စုယွီ၏ ကြောက်မက်ဖွယ် လက်သီးချက်အောက်တွင် လုံးဝ ကြေမွပျက်စီးသွားလေတော့သည်။
တစ်ချိန်တည်းမှာပင်...
နွယ်ပင်များသည် ကျန်ရှိသော အဆင့် (၄) နှင့် (၅) ကျင့်ကြံသူ လေးဦးကို ရစ်ပတ်လိုက်ကြသည်။
စုယွီ လက်တစ်ဖက်ပင် မလှုပ်လိုက်ရပေ။
လေထဲမှ သစ်သားနွယ်ပင်များသည် သစ်သား လှံတံများ၊ ဆူးချွန်များ အဖြစ် ပြောင်းလဲသွားပြီး၊ ထိုကျင့်ကြံသူ လေးဦးကို ဖြူကောင်များသဖွယ် ဆူးများဖြင့် ထိုးစိုက်လိုက်ကြလေ၏။
“အား...”
“အွတ်...”
ကြောက်မက်ဖွယ်ရာ အော်ဟစ်သံများ တောရိုင်းတစ်ခွင် ပဲ့တင်ထပ်သွားပြီးနောက်... မျက်တောင်တစ်ခတ် အတွင်းမှာပင်...
စုယွီကို လမ်းပိတ်ခဲ့သော ပိုင်မိသားစု ကျင့်ကြံသူ ငါးဦးစလုံး အသက်ပျောက်သွားကြလေပြီ။
ဟို အသားတောင်ကြီး... အဲ... မေပယ်မြို့တော် ပိုင်မိသားစု၏ ဒုတိယ သခင်မလေး မျက်နှာ ပျက်သွားလေ၏။ သူမ၏ မျက်လုံးများထဲတွင် လူသတ်လိုသော အရှိန်အဝါများ ပြည့်နှက်လာပြီး ဒေါသများ မိုးထိအောင် မြင့်တက်လာလေ၏။ မျက်လုံးများကို အတင်း ပြူးကျယ်အောင် ဖွင့်လျက် စုယွီကို စိမ်းစိမ်းကြည့်ကာ ဟိန်းဟောက်လိုက်သည်။
“နင် တော်တော် သတ္တိရှိပါလား... ငါ့ရှေ့မှာတင် ငါ့လူတွေကို သတ်ရဲတယ်ပေါ့”
“နင့်ကို သက်သောင့်သက်သာ ထားပေးမလို့ စဉ်းစားထားတာ... အခုတော့ နင်က ခွေးတစ်ကောင် ဖြစ်ဖို့ပဲ တန်တော့တယ်”
“ဘုန်း... ဘုန်း... ဘုန်း...”
ပိုင်မိသားစု ဒုတိယ သခင်မလေးသည် ဒေါသတကြီးဖြင့် ရုတ်တရက် ပြေးဝင်လာလေ၏။ သူမ၏ ခြေလှမ်းတိုင်းသည် မြေကြီးကို တုန်ခါသွားစေပြီး၊ သားရဲကောင်ကြီး တစ်အုပ် ဖြတ်ပြေးသွားသကဲ့သို့ ခံစားရစေသည်။
“ဝီ…”
သူမ၏ ကိုယ်ပေါ်တွင် အဝါရောင် အလင်းကွင်းများ ဝေဝါးသွားပြီး၊ မြေဓာတ် ချီစွမ်းအင်များ ပေါက်ကွဲထွက်လာရာ သူမကို တောင်ကြီးတစ်လုံးသဖွယ် ပိုမို ကြီးမားသွားစေသယောင် ရှိလေ၏။
ရုတ်တရက် ဝင်ရောက်လာသော သူမ၏ ဖိအားပေးမှု အရှိန်အဝါက စုယွီကို အနည်းငယ် စိတ်လှုပ်ရှားသွားစေသည်။
မြန်မြန် တိုက်... မြန်မြန် ဆုံးဖြတ်။
အချိန်ဆွဲနေလို့ မဖြစ်ဘူး။
စုယွီ လက်ကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင် အလင်းတန်းတစ်ခု သူ့ရှေ့တွင် ကျရောက်လာပြီး၊ (၂) မီတာခန့် ရှည်လျားသော လင်းယုန်ကြီး တစ်ကောင်အသွင် ပြောင်းလဲသွားသည်။ ထူးဆန်းသည်မှာ နဂါးအမြီး ပါရှိနေခြင်းပင်။
“ဂါး...”
'နဂါးလင်းယုန် ရုပ်သေးသားရဲ' ပေါ်လာသည်နှင့် တပြိုင်နက် ဟိန်းဟောက်လိုက်ပြီး ပိုင်မိသားစု ဒုတိယ သခင်မလေးဆီသို့ ရဲရဲဝံ့ဝံ့ ပြေးဝင်သွားလေ၏။
“ဝုန်း...”
နဂါးလင်းယုန်၏ ခြေသည်းနှင့် ပိုင်မိသားစု ဒုတိယ သခင်မလေး၏ မန္တန်တံဆိပ်တို့ ထိပ်တိုက် တွေ့ဆုံကြသည်။
သူမ၏ မန္တန်သည် ခြေသည်းချက်အောက်တွင် ချက်ချင်း ကြေမွသွားလေ၏။
ဒုတိယ သခင်မလေး၏ မျက်နှာ အနည်းငယ် ပျက်သွားသည်။ နောက်တစ်စက္ကန့်တွင် နဂါးလင်းယုန်၏ ခြေသည်းသည် သူမ၏ ခန္ဓာကိုယ်ကို ရိုက်ခတ်မိသွားလေ၏။
“ဒိုင်း...”
အဝါရောင် အလင်းတန်းများ ပိုမို တောက်ပလာသော်လည်း၊ တောင်ကြီးတစ်လုံးပမာ ရှိသော သူမသည် နဂါးလင်းယုန်၏ ရိုက်ချက်တစ်ချက်တည်းဖြင့် နောက်သို့ လွင့်စင်သွားရလေ၏။
“ပထမအဆင့် ထိပ်တန်း ရုပ်သေးသားရဲလား... မဟုတ်ဘူး... ဒီစွမ်းအားက... အခြေခံ တည်ဆောက်ခြင်း အဆင့် နီးပါး ရှိနေတာ... မဖြစ်နိုင်ဘူး... နင့်မှာ ဘယ်လိုလုပ် ဒီလောက် စွမ်းအားကြီးတဲ့ ရုပ်သေးသားရဲ ရှိနေရတာလဲ”
ပိုင်မိသားစု ဒုတိယ သခင်မလေး မယုံကြည်နိုင်စွာ အော်ဟစ်လိုက်မိသည်။
သူမသည် ခန္ဓာကိုယ် ကြံ့ခိုင်ရေးနှင့် ကာကွယ်ရေးကို အဓိကထား ကျင့်ကြံသူ ဖြစ်သော်လည်း၊ ယခုအချိန်တွင် နဂါးလင်းယုန် ရုပ်သေးသားရဲ၏ ရိုက်ချက်ကြောင့် အတွင်းကလီစာများ တုန်ခါသွားပြီး၊ ပါးစပ်ထောင့်မှ သွေးများ စီးကျလာလေ၏။ ခေါင်းများ မူးဝေပြီး အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားရ၏။
ဒါကို ကြည့်ခြင်းအားဖြင့် နဂါးလင်းယုန် ရုပ်သေးသားရဲ မည်မျှ စွမ်းအားကြီးမားကြောင်း သိနိုင်ပေ၏။
“ဘုန်း...”
စုယွီ စကားတစ်ခွန်းမှ မပြောဘဲ၊ လက်ထဲတွင် အဆောင်လက်ဖွဲ့ တစ်ခု ပေါ်လာစေလိုက်သည်။
ချီစွမ်းအင် ထည့်သွင်းလိုက်ပြီးနောက် 'လျှပ်စီးမီးတောက် အဆောင်လက်ဖွဲ့' တစ်ခုကို ပစ်လွှတ်လိုက်လေ၏။
လေထဲတွင် ရှိနေစဉ်မှာပင် ထိုအဆောင်လက်ဖွဲ့သည် တောက်ပသော လျှပ်စီးမီးတောက်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
“ခွမ်း...”
ကောင်းကင်ကြီး ရုတ်တရက် မည်းမှောင်သွားပြီး၊ ပိုင်မိသားစု ဒုတိယ သခင်မလေးထက်ပင် ကြီးမားသော အနီရောင် လျှပ်စီးကြီး တစ်ခု ကောင်းကင်မှ ကျဆင်းလာလေ၏။
လေထဲတွင် လွင့်စင်နေသော ဒုတိယ သခင်မလေးသည် လျှပ်စီးကြီး သူမခန္ဓာကိုယ်ပေါ် ကျရောက်လာသည်ကို မျက်လုံးပြူးကြီးများဖြင့် ကြည့်နေရုံမှတစ်ပါး ဘာမှ မတတ်နိုင်တော့ချေ။
“ဝုန်း...”
သူမ၏ ဝတ်စုံသည် အဝါရောင် ကာကွယ်ရေး အလင်းဒိုင်း တစ်ခုအဖြစ် ပြောင်းလဲသွားသော်လည်း၊ ချက်ချင်းပင် ကွဲကြေသွားတော့သည်။
နောက်တစ်စက္ကန့်တွင်... လျှပ်စီးဒဏ်ကြောင့် သူမ၏ ခန္ဓာကိုယ်ကြီး ပေါက်ကွဲထွက်သွားလေတော့သည်။
မီးကျွမ်းနေသော အသားစများ နေရာအနှံ့ လွင့်စင်သွားကြသည်။
“အား...”
ယာဉ်တန်းထဲမှ သာမန်လူများသည် ကြောက်လန့်တကြား အော်ဟစ်ပြီး ထွက်ပြေးရန် ကြိုးစားကြသည်။ သို့သော် နောက်တစ်စက္ကန့်တွင် နွယ်ပင်များ ပေါ်လာပြီး သူတို့ကို ချည်နှောင်လိုက်ကာ၊ သစ်သားဆူးချွန်များဖြင့် ထိုးစိုက် သတ်ဖြတ်လိုက်လေ၏။
ယာဉ်တန်းထဲမှ မေပယ်မြို့တော် ပိုင်မိသားစု၏ သာမန် မျိုးနွယ်ဝင်များသည် ကြောက်ရွံ့ခြင်း၊ မကျေနပ်ခြင်းများဖြင့် အသက်ပျောက်သွားကြရလေသည်။
စုယွီ လက်လှမ်းလိုက်ပြီး ပိုင်မိသားစု ဒုတိယ သခင်မလေးနှင့် အခြား ကျင့်ကြံသူ ငါးဦး၏ ချန်ခွန်းအိတ်များနှင့် မှော်လက်နက်များကို သိမ်းဆည်းလိုက်သည်။
ထိုအမျိုးသမီး ဝတ်ဆင်ထားသော အရုပ်ဆိုးသည့် ဝတ်စုံသည် အလယ်အလတ်အဆင့် ကာကွယ်ရေး မှော်လက်နက် ဖြစ်သော်လည်း၊ ဒုတိယအဆင့် အဆင့်နိမ့် 'လျှပ်စီးမီးတောက် အဆောင်လက်ဖွဲ့' အောက်တွင် လုံးဝ ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။
ချက်ချင်းပင်၊ စုယွီက လက်ဝှေ့ယမ်းကာ 'နဂါးလင်းယုန် ရုပ်သေးသားရဲ' ကို ပြန်လည် သိမ်းဆည်းလိုက်သည်။
ထို့နောက် ပျံသန်းသည့် ဓား မှော်လက်နက်ကို အလျင်အမြန် ဆင့်ခေါ်လိုက်ပြီး၊ ဝိညာဉ်မြင်းကို စွန့်ပစ်ကာ ထိုနေရာမှ လေနိမ့်ပျံသန်းမှုဖြင့် အမြန်ဆုံး ထွက်ခွာသွားလေတော့သည်။